အပိုင်း (၂၀) အစေ့စားခြင်း
စုရှောင်ရှန် ငန်းရေကန်၌ တစ်ညလုံး ရပ်နေခဲ့သည်။
နွေရာသီဖြစ်သောကြောင့် ရေကန်လိုနေရာမျိုးတွင် ပိုးကောင်ပေါင်းစုံရှိနေတတ်သည်။ ယခုလည်း ပိုးကောင်အချို့ သူတို့သူနေရာ သူတို့မသိဘဲ သူတို့၏ မဖြစ်စလောက် ခွန်အားလေးနှင့် စုရှောင်ရှန်အား ပင်ကိုယ်မှတ်များ လာပေး၏။
သို့သော် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ကျင့်ကြံသူ တစ်ယောက်ဖြစ်လာသည့်အတွက် သူတို့၏ အားနည်းသော ကိုက်ချက်များမှာ ယခင်ကကဲ့သို့ စုရှောင်ရှန်၏ အသားထဲ ဖောက်မ၀င်တော့ချေ။
တစ်ညတာကုန်ဆုံးခဲ့ပြီး မနက်ရောင်ခြည်သန်းလာခဲ့သည်။ စုရှောင်ရှန် သူ၏ တွန့်ကြေနေသော အ၀တ်အစားများကို ပြန်ပြင်လိုက်သည်။ ဤနေရာမှ သူထွက်ခွာတော့မည်ဖြစ်သည်။
သူလှည့်လိုက်ရာ အရေတွန့်နေသော မျက်နှာတစ်ခုက သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသည်။
စုရှောင်ရှန် လိပ်ပြာလွင့်မတတ် ဖြစ်သွားသည်။
ဤအဖိုးကြီးမှာ သူ့မျက်လုံးအောက်၌ ရှိနေသည့် ကြောက်စရာကောင်းသော အနက်ရောင်စက်ကွင်းများမှအပ ကျန်သည်များအားလုံး သာမန် အဖိုးကြီးနှင့် တစ်ယောက်နှင့် ဆင်တူ၏။
“မင်းက အပြင်စည်းကမဟုတ်လား”
အဖိုးကြီး၏ မျက်နှာထက်တွင် အပြုံးတစ်ခုပေါ်လာပြီး “ကောင်လေး မင်း မိုးတိမ်လေ ပြိုင်ပွဲကိုသွားမကြည့်ဘူးလား”
စုရှောင်ရှန် နောက်သို့ ခြေ(၂) လှမ်းဆုတ်ပြီး သူတို့ကြားရှိ အကွာအဝေးကို ဟလိုက်သည်။ ဤအဖိုးကြီး၏ အသံအား သိသလိုလိုရှိသည်ဟု ခံစားလိုက်ရသည်။
“ခင်ဗျားက…”
စုရှောင်ရှန်အဖိုးကြီး၏အသံ မည်တွင်ကြားဖူးကြောင်း သေခြာပြန်စဉ်းစားလိုက်သော် အဖွဲ့လိုက်ယှဉ်ပြိုင်ပွဲနေ့က သူ ကွတ ကွတနှင့် ချု့ယွင် ကွင်းပြင် သို့သွားနေစဉ်တွေ့ခဲ့သည့် အဖိုးကြီး၏အသံနှင့်တူကြောင်း ခံစားလိုက်ရ၏။
ကံကြမ္မာ၏ လှည့်ကွက်ပေလော။ ဤအဖိုကြီးနှင့် နောက်တစ်ကြိမ်လာဆုံရသည်။
အဖိုးကြီး ရယ်လိုက်သည်။ ထို့နောက် သူ့ခေါင်းပေါ်မှ ကောက်ရိုးခမောက်ကို ချွတ်လိုက်ရာ စုရှောင်ရှန်၏ ခန့်မှန်းချက်မှတ်မိသွားသည်။
“အဖိုးကြီး ခင်ဗျားက ဘယ်ကရောက်လာတာလဲ…”
စုရှောင်ရှန် အနည်းငယ် သင်္ကာမကင်းဖြစ်သွားသည်။ ပထမ တစ်ခေါက်တွေ့ဆုံခြင်းကို သူလက်ခံနိုင်သော်လည်း ဒုတိယတစ်ခေါက် တွေ့ဆုံခြင်းကိုတော့ တိုက်ဆိုင်ခြင်းဟု သူမထင်ပေ။
ဤအဖိုးကြီး ရည်ရွယ်ချက်ရှိရှိ သူ့အား လာရှာခြင်းပေလော။
ကောက်ရိုးခမောက်ပြန်ဆောင်းလိုက်သော အဖိုးကြီးက လက်ကိုနောက်ပစ်လိုက်ရင်း “မင်းအခု မိုးတိမ်လေပြိုင်ပွဲကို သွားမကြည့်ရင် အများကြီး လွတ်သွားလိမ့်မယ်နော်။ ငါကြားတာတော့ ဒီနှစ် အသုတ်မှာ ပါရမီရှင်တွေ အများကြီး ပါတယ်ဆိုပဲ” ဟုဆိုလိုက်သည်။
“ရှောင်ရှန်လို့ ခေါ်တဲ့ ကောင်လေးလားမသိဘူး မနေ့က ပွဲရှာသွားတယ်လို့ ငါကြားလိုက်ရတယ်”
“တစ်ယောက်ယောက်ကိုတောင် သူသတ်သွားတယ်တဲ့လေ။ ကျစ် ကျစ်။ ဒီနေ့ခေတ် လူငယ်တွေ လက်ရဲဇက်ရဲ တစ်အားရှိတာပဲ”
စုရှောင်ရှန်၏ မျက်နှာ မဲမှောင်သွားသည်။ ‘ခင်ဗျား အဲ့သလောက် အတင်းတုပ်ချင်ရင်လည်း အခြေအနေလေး အရင်ကြည့်ပါဦး။ ခင်ဗျားပြောနေတဲ့လူက ခင်ဗျားအရှေ့ တည့်တည့်မှာဗျ’
သို့သော် အဖိုးကြီးက သူ့ကို မသိသည့်အလား “ဒါတွေ ထားပါ ငါ့ကိစ္စလည်း မဟုတ်ပါဘူး” အဖိုးကြီး ဆက်လိုက်သည်။ “ဒီကို လာတာ သူ့ကိုရှာဖို့ မဟုတ်ဘူး။ မင်းစီကိုလာတာကွ”
“ကျုပ်ကို…” စုရှောင်ရှန် စကားပြောရန် ပြင်လိုက်သည်။ သို့သော် အဖိုးကြီး လက်ဆန့် ထုတ်ပြီး သူ့ပါးစပ်ကို ပိတ်လိုက်၏။
“ငါမင်းကိုသိတယ်”
“ရှောင်ချိစွေနဲ့ ကျောက်ကျန်းရှီ ပြောလို့ အရင် (၂) ရက်က အပြင်စည်းမှာ စတင်ခြင်းအဆင့် ဓားဆန္ဒပေါ်လာတာ ငါသိပြီးပြီ”
“ဒါပေမယ့် အဲ့ဒီလူထက် မင်းကို ငါပို သဘောကျတယ်”
စုရှောင်ရှန် သည်းမခံနိုင်တော့ပေ။ ‘ခင်ဗျား အရည်မရ အဖက်တွေ ဘာလို့ လာပြောနေတာလဲ’ တွေးလိုက်သည်။ ‘ခင်ဗျား ပြောတဲ့ လူ (၄) ယောက်ထဲမှာ (၂) ယောက်က ကျုပ်ဗျ’
“ကျုပ်က…”
အဖိုးကြီးက သူ့လိုလူငယ်တစ်ယောက် စိတ်ရှည်ရှည်နှင့် သူ့လို အဖိုးကြီးတစ်ယောက်၏ စကားကို နားထောင်သင့်ကြောင်းကို အကြည့်ဖြင့် ပြောလိုက်သည်။
“ဟားဟား… မင်းမှာ ငါထင်တာ မမှားရင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ရှိတယ်မလား။ ငါမမှားဘူး ဟုတ်တယ်မလား”
“ငါမင်းကို အပြင်စည်း အနှံ့ရှာနေတာ အတော်ကြာပြီ။ ဒါပေမယ့် မတွေ့ဘူး။ အခုမှ ငန်းတွေကို လာငေးကြည့်နေမယ်လို့ ငါမထင်ထားဘူး။ ငါမင်းကို အထင်ကြီးတာ မမှားဘူး…”
“ဘယ်လို ပျော်ပျော်ရွှင်ရွှင်နေရမလဲ မင်းသိသားပဲ”
စုရှောင်ရှန် တိတ်တဆိတ် မျက်စောင်းထိုးလိုက်သည်။ ‘ငန်းကြည့်တာက ဘာပျော်စရာကောင်းလို့လဲ။ ပြီးတော့ ကျုပ်က ဘ၀အကြောင်း လာတွေးနေတာဗျ။ ငန်းလာကြည့်နေတာမဟုတ်ဘူး’
‘ပြီးတော့ ငန်းတွေကို လာကြည့်တော့ ဘာရမှာမို့လို့လဲ။ ကင်စားတဲ့အချိန် ပြန်မြင်ယောင်အောင်လို့လား’
“ငါမနေ့ညကတည်းက မင်းကို စောင့်ကြည့်နေတာ”
အဖိုးကြီး၏ စကားကြောင့် စုရှောင်ရှန် လန့်ဖြန့်သွားသည်။ ‘မနေ့ညကတည်းက ဟုတ်လား’ တွေးလိုက်သည်။ ‘ငါဘာလို့ သတိမထားမိတာလဲ’
ဤအချင်းအရာကြောင့် အဖိုးကြီးအား တိတ်တခိုး ဆန်းစစ်ကြည့်လိုက်သည်။ အမှန်ပင်။ သာမန်အဖိုးကြီးတစ်ယောက် သူ့အရှေ့တွင် ရပ်နေသည့်အလား မည်သည့် အရှိန်အဝါကိုမှ မခံစားရချေ။
သို့သော် ၎င်းက မည်သို့ ဖြစ်နိုင်မည်နည်း။
ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၌ သာမန်အဖိုးကြီး ရှိပါမည်လော။
ဤလူက တကယ့် ဆရာကြီး တစ်ပါး ဖြစ်ရမည်။
အခြေအနေအား တိတ်တဆိတ် စဉ်းစားကြည့်သော် အဘယ်ကြောင့် ဤကဲ့သို့ အရေးကြီးသည့် ပုဂ္ဂိုလ်တစ်ဦး သူ့အားလာရှာရပါသနည်း။ စစ်မှန်ခြင်းနယ်ပယ်သို့ သူ့ခန္ဓာကိုယ်ကို ကျင့်ကြံခဲ့သည့် အတွက်လော။
ပျော်ရွှင်တယ်၊ ခန္ဓာကိုယ်၊ တိတ်တိတ်လေး စောင့်ကြည့်…
စုရှောင်ရှန်အဖိုးကြီးပြောသည့်စကားများကို စုပေါင်းကြည့်လိုက်သော် ကြက်သီးဖျင်းဖျင်း ထသွားသည်။ ဘာလို့ တစ်ခုခု မှားနေတယ်လို့ ခံစားနေရတာလဲ။
စုရှောင်ရှန်၏ ထူးဆန်းသည့် အမူအရာကို သတိမထားမိသည့်အလား လက်နောက်ပစ်၍ အဖိုးကြီး ဆက်လိုက်၏။ “ဟုတ်တယ်။ ငါမင်းကို တစ်ညလုံးစောင့်ကြည့်နေတာ။ ပြောရဦးမယ်။ ကောင်လေး မင်းတကယ် အထင်ကြီးစရာကောင်းတယ်။ မင်းမှာ ပြတ်သားတဲ့ အရည်အသွေးရှိတာပဲကွ”
“ပိုးကောင်တွေ တစ်ညလုံး ကိုက်တာ ခံနေရတာရယ်၊ ကြောက်စရာကောင်းတဲ့ ရယ်သံတွေ၊ ကြက်သီးထစရာကောင်းတဲ့ အူသံတွေ ကြားတာတောင်မှ တစ်လက်မမှ မရွေ့သွားဘူး။ ပြောရရင် နောက်တောင်လှည့်မကြည့်ဘူးကွာ”
“ငါ၀န်မခံချင်ပေမယ့်လည်း ၀န်ခံရမှာပဲ။ ငါငယ်ငယ်ကနဲ့ တစ်ပုံစံတည်းပဲ”
စုရှောင်ရှန် လဲကျလုမတတ်ဖြစ်သွားသည်။ ယခင်ညက သူ့ဂုတ်၌ မကြာခဏဆိုသလို တစ်ချက်တစ်ချက် တစ်စုံတစ်ယောက်က အသက်ရှူထုတ်လိုက်သလို အေးစိမ့်သွားတာကို သတိရလိုက်၏။
ဤအဖိုးကြီး တကယ်ပဲ သူ့နောက်၌ နီးနီးကပ်ကပ် လာ၍ အသက်ရှူသလော။
စုရှောင်ရှန်၏ ခြေဖျားလက်ဖျားများအေးသွား၏။ ထိုအရေးကြီးသည့် အခိုက်အတန့်၌ ဘ၀အကြောင်းကို တစ်၀ကြီးတွေးပြီးနောက် သူအလွန်ပင်ပန်းသွားခဲ့သည်။ ထို့ကြောင့် ထိုနေရာ၌ပင် မတ်တပ်ရပ်နေရင်း အိပ်ငိုက်သွားခဲ့၏။ ထို့ကြောင့် သတိမထားမိလိုက်သည်လော။
ယခုမှ သေချာပြန်စဉ်းစားကြည့်ရာ အသိပေးချက်ဖန်သားပြင်ကလည်း အလစ်တိုက်ခိုက်ခံရခြင်းကဲ့သို့ အန္တရာယ် တစ်စုံတစ်ရာကို အသိမပေးခဲ့ချေ။ စနစ်၏ ချို့ယွင်းချက်ပင်။
‘မဖြစ်ဘူး။ နောက်ဆို ငါ့ခြံကို ပြန်ပြီး အိပ်မှပဲ’
‘မဟုတ်ရင် ညဘက် လျှောက်သွားရင်း ငါဘယ်လိုသေသွားမှန်းတောင် သိလိုက်မှာ မဟုတ်ဘူး’
စုရှောင်ရှန်အား ခေါင်းအစ ခြေအဆုံး ဆန်းစစ်လိုက်ပြီး အဖိုးကြီး ကျေနပ်နေသော အမူအရာဖြင့် ခေါင်းငြိမ့်လိုက်သည်။ ပြီးနောက် ရုတ်တရက် ထမေးလိုက်၏။ “ငါမင်းကို စကားပြောနေတာကြာပြီ ဘာလို့ မင်းငါ့ကို ဘာမှ ပြန်မပြောတာလဲ”
စုရှောင်ရှန်လည်း စွံ့အ သွားသည်။
အစိမ်းရောင်သန်းလာသော အမူအရာဖြင့် “ခင်ဗျားပဲ ကျုပ်ကို စကားမပြောခိုင်းတာ မဟုတ်ဘူးလား”
“ငါ ပြောလို့လား”
“ပြောတယ်လေ”
“သေခြာပြန်စဉ်းစားကြည့်စမ်းပါ။ ငါပြောလို့လားလို့”
စုရှောင်ရှန်ငြင်းခုန်ရန် ပြင်လိုက်သည်။ သို့သော် သူတို့၏ စကားဝိုင်းကို ပြန်စဉ်းစားကြည့်သော် အဖိုးကြီးသူ့အား အကြည့်ဖြင့်သော်လည်းကောင်း၊ လက်ဖြင့်သော်လည်းကောင်း သာစကားပြောခြင်းကို တားခြင်းဖြစ်ပါသည်။ စကားမပြောရဟု မပြောထားပေ။
စုရှောင်ရှန် ရှက်ကိုးရှက်ကန်းဖြင့် “အဖိုးကြီး။ ခင်ဗျား ကျုပ်စီကိုလာတာဆိုရင်တော့ စိတ်ပျက်သွားရလိမ့်မယ်”
“ခင်ဗျားပြောတဲ့ လက်ရဲဇက်ရဲရှိတဲ့ လူသတ်သမား ဆိုတာကျုပ်ပဲ။ စတင်ခြင်းအဆင့် ဓားဆန္ဒကို ကျွမ်းကျင်သွားတာလည်း ကျုပ်ပဲ။ စစ်မှန်ခြင်းနယ်ပယ်အထိ ခန္ဓာကိုယ်ကို ကျင့်ကြံတာလည်း… အာ… ကျုပ်ပဲ”
“ဟုတ်တယ်။ ကျုပ် ခင်ဗျားပြောတဲ့ စုရှောင်ရှန်ပဲ”
တစ်ခဏ ရပ်တန့်ပြီးနောက် သူဆက်လိုက်သည်။ “ကျုပ်အခု မိုးတိမ်လေပြိုင်ပွဲကို သွား တက်ရောက် ရဦးမယ်။ ပုရိသတ်အနေနဲ့တော့ မဟုတ်ဘူး။ ပြိုင်ပွဲ၀င်သူတစ်ယောက်အနေနဲ့ပဲ။ နှုတ်ဆက်ပါတယ်”
အဖိုကြီး အဘယ်ကြောင့် သူ့အားလာရှာသည်ကို မသိသော်လည်း တစ်ပါးသူအား သူမသိရာ ရိုင်းရိုင်းဆိုင်းဆိုင်းဆက်ဆံ၍လည်း မသင့်ချေ။ သူ့အတွက် အကောင်းဆုံးမှာ ထွက်ပြေးခြင်းပင်။
“နပေါဦး”
အဖိုးကြီး စုရှောင်ရှန်၏ လက်ကောက်၀တ်ကို လှမ်းဆွဲလိုက်သည်။ သူ၏ နက်ရှိူင်းသော ခွန်အားကြောင့် စုရှောင်ရှန်၏ လက်ကောက်၀တ် နာကျင်သွား၏။
“အဖိုးကြီး ကျုပ်ကိုလွှတ်နော်။ မနေ့ညက ရေမချိုးထားလို့ ကျုပ်အသားက ခါးတယ် စားလို့မကောင်းဘူး”
အဖိုးကြီး၏ မျက်ခုံးများ လှုပ်သွားသည်။ “ဘာလို့ ငါက မင်းကို ဝါးစားရမှာလဲ။ ဆေးလုံးတွေလောက်မင်းက အရသာရှိလို့လား”
“တော်သေးတယ်”
အဖိုးကြီး နောက် တစ်ကြိမ် စုရှောင်ရှန်အား တစ်ကိုယ်လုံးခြုံကြည့်လိုက်သည်။ “မင်းတကယ်ရော ပြောသလို ပါရမီရှင်ဟုတ်ရဲ့လား”
စုရှောင်ရှန် အသိပေးချက် ဖန်သားပြင်ကို ကြည့်လိုက်သည်။ သို့သော်ထင်ထားသလို အသိပေးချက်က ကျမလာပေ။ ထို့ကြောင့် နှာခေါင်းရှုံ့ပြီးပြောလိုက်သည်။ “ခင်ဗျား ကျုပ်ပြောတာ ယုံ နေမှတော့ ဘာလို့ အပင်ပန်းခံပြီး လာမေးနေသေးလဲ”
“လူတော်လေးပဲ”
အဖိုးကြီး၏ မျက်နှာထက်၌ အပြုံးတစ်ခုပေါ်လာခဲ့သည်။ “မဆိုးဘူး။ မင့်လေသံက ငါ့အတိုင်းပဲ။ ယုံကြည်ချက် ပြင်းပြနေတာ။ မိုးတိမ်လေ ပြိုင်ပွဲမှာ ဗိုလ်ဆွဲဖို့ မင်းကို ငါရွေးခဲ့တာ တကယ် မမှားဘူး”
ထို့နောက် သူ၏ အိပ်ကပ်ထဲမှာ အစေ့လို အရာတစ်ခုကို ထုတ်ပြီး စုရှောင်ရှန်ထံ ကမ်းပေးလိုက်သည်။ “စားလိုက်”
စုရှောင်ရှန်သေးထွက်လုနီးနီးဖြစ်သွားသည်။ ဘာစားခိုင်းတာလဲဟ။
‘ဒီအဖိုးကြီး ကျပ်မပြည့်ဘူးထင်တယ်’ တွေးလိုက်သည်။ ‘ဒီလို ရုတ်တရက်ပေါ်လာပြီး ထူးထူးဆန်းဆန်းတွေပြောပြီးတော့မှ ဒီ အစေ့လိုအရာကြီး စားခိုင်းနေတာ။ ဒါမရိုးသားဘူး”
‘ငါ၊ စုရှောင်ရှန် အနာဂါတ်မှာ ဘယ်တော့မှ ညဘက် အပြင်မထွက်တော့ပါဘူးလို့ ကျိန်ဆိုပါတယ်’
ငါဘ၀ပျက်တော့မှာလား။ ငါ့ ဖြူစင်မှုလေး သေသွားတဲ့ ၀မ်ချောင်ကြောင့် အမဲစက်စွန်းထင်းရတော့မှာလား။
“စားလို့” စုရှောင်ရှန်၏ အနားခံနေသည့်အကြည့်များအောက်မှ အဖိုးကြီး ဩဇာရှိရှိ ပြောလိုက်သည်။ “မင်းအဆင်ပြေသွားမှာပါ။ စိတ်မပူနဲ့။ အစပိုင်းမှာ နည်းနည်းတော့နာမယ် ဒါပေမယ့် မင်းရဲ့ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်နဲ့ဆို ခဏအတွင်း ပုံမှန် ပြန်ဖြစ်သွားမှာပါ”
‘တော်ပါတော့ တောင်းပန်ပါတယ်’ စုရှောင်ရှန် ဒူးထောက်လုနီးပါးဖြစ်သွားသည်။ ‘ခင်ဗျားဘာမှမပြောတုန်းက ဘာမှ မဖြစ်သေးဘူး။ အခုခင်ဗျားပြောလိုက်တော့ ကျုပ်က ဘယ်လိုစားရဲတော့မှာ။ ကျုပ်စီမှာ နောက်ဆုံးကျန်ခဲ့တဲ့ မျှော်လင့်ချက် မီးစလေးတောင် ငြိမ်းသွားပြီ’
စုရှောင်ရှန် လက်သည်းခွန်လောက်ရှိသည့် အနီရောင်အစေ့ကို စားဖို့ ဖိအားပေးခံနေရ၏။ သူ့လက်ထဲရောက်လာသောအခါ အနည်းငယ် ပူနေသည်ဟု ခံစားလိုက်ရသည်။
စုရှောင်ရှန် တွေဝေသွားသည်။ သာမန်လူတစ်ယောက်ပင် အစေ့တစ်စေ့စားလိုက်လျှင် အလျှင်အမြန် အစာကြေမည်မဟုတ်ပါလား။ သူ့တွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိ၏။
ထို့နောက် သူ့အား မျှော်လင့်ချက်များဖြင့် ကြည့်နေသည့် ကောက်ရိုးခမောက်စောင်းထားသော အဖိုးကြီးအား သတိထားမိသွားသည်။ “စားကြည့်ပါ။ တကယ်ကောင်းတယ်”
ဤလူကြီးမှာ အရေးကြီးသည့် ပုဂ္ဂိုလ် တစ်ဦးဖြစ်ချေသည်။ ထို့ကြောင့်သူ့အား အဆိပ်ကျွေးလိမ့်မည်ဟုမထင်ချေ။ ကာမအားတိုးဆေးကျွေး၍ သူ့ကို ကစားချင်သည်လည်း…
နေဦး… ဖြစ်နိုင်တယ်ဟ။
စုရှောင်ရှန် ခါးခါးသီးသီး ခံစားလိုက်ရသည်။ သူသည် ကြည့်ကောင်း သည်မှန်သော်လည်း သူ့ကို ရဖို့ အရာအားလုံး လုပ်ရလောက်အောင်ထိတော့ မခန့်ညားပါပေ။ သူအတွေးလွန်နေခြင်းသာ ဖြစ်မည်ဟု ကောက်ချက်ချလိုက်သည်။
‘ဘာဖြစ်ဖြစ်ကွာ’
ဂလု
စုရှောင်ရှန် အဆိပ်စားလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူ့မျက်နှာထက်တွင် စိတ်ဓာတ်ကျနေဟန်ဖြင့် အဖိုးကြီးအား ကြည့်လိုက်၏။ “ဘာဆက်လုပ်ရမှာ”
“နောက်ဆက်ပြီးတော့လား” သူ့အား ပြန်မေးလိုက်သည်။
“နောက်ဆက်ပြီးတော့ ဆိုတာ မရှိဘူး”
အဖိုးကြီးက လူယုတ်မာ အသံဖြင့်ရယ်မောလိုက်သည်။ ထို့နောက် ပျောက်ချင်းမလှ စုရှောင်ရှန်၏ မျက်စိရှေ့၌ ပျောက်သွား၏။
ချီးးးး
စုရှောင်ရှန် သူ့ခေါင်း ပေါက်ကွဲထွက်တော့မည့်အလား ဒေါသထွက်သွားသည်။
“ဒါဘာသဘောလဲဟ”
“ခင်းဗျားကျုပ်ကို ဘာမှန်းမသိတဲ့ ပစ္စည်းပေးတယ်။ စားခိုင်းတယ်။ ကျုပ်အခုလည်း စားပြီးကော ခင်ဗျားက ရုတ်တရက် ကျုပ်ကို ဒီလိုထားသွားတယ်”
“ တကယ် ထားသွားတာ”
“ငါ့ကို တကယ်ကြီး ဒီတိုင်း ထားသွားတာ”
စုရှောင်ရှန် အလွန်ဒေါသထွက်နေ၏။ အဖိုးကြီး သူ့ရှေ့၌ နောက်တစ်ကြိမ်ပေါ်လာပါက သူ့ကို လေလွင့်ဓားကွက်ဖြင့် ခုတ်ရန် သူ၀န်လေးနေတော့မည် မဟုတ်ချေ။ နောက် ‘နောက်ဆက်ပြီး ဘာမရှိသည်’ မည်သည်ကို ဆိုလိုကြောင်းသူ့ကို သင်ခန်းပေးပစ်ချေမည်။
နောက်တစ်စက္ကန့်ကြာသော် စုရှောင်ရှန်၏ မျက်နှာ အနီရောင်ပြောင်းသွားသည်။ သူ့တစ်ကိုယ်လုံးလည်း ကျစ်ကျစ်တောက် ပူလာခဲ့၏။
သူ့မျက်နှာမှ အငွေ့များပင် ထွက်လာခဲ့သည်။
“ငါတော့ သွားပြီ”
“ငါ့ခန္ဓာကိုယ် ထူး … ထူးထူးဆန်းဆန်းကြီး ခံစားနေရတယ်”
“ဒါဘယ်လို ခံစားချက်ကြီးလဲဟ”
“ဒီအဖိုးကြီး ငါ့ကို ကာမအားတိုးဆေးပေးပြီး သူ့အပေါင်းအပါတွေ ခေါ်ဖို့ ထွက်သွားတာလားမသိဘူး” ထိုအတွေးကြောင့် စုရှောင်ရှန် ကြက်သီး ဖျင်းဖျင်းထသွား၏။
“ကယ်ကြပါ”
“ငါအဲ့လောက် တန်ဖိုးမရှိပါဘူး။ ကယ်ကြပါ”