Switch Mode

Chapter – 147

စီရင်စုကိုးစု၊ အမှန်တကယ်အစွမ်းထက်သည့် ပုဂ္ဂိုလ်

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၁၄၇) စီရင်စုကိုးစု၊ အမှန်တကယ်အစွမ်းထက်သည့် ပုဂ္ဂိုလ်

ယဲ့ရှောင်သည် သူ၏ ကျင့်ကြံဆင့်လျင်မြန်စွာ တိုးတက်လာမှုကို ခံစားမိပြီးနောက် စွမ်းအင်များ ပြည့်ဝသွားလေ၏။ သူက စာအုပ်များဖတ်ရှု့ပြီး အသစ်အဆန်းများဖတ်ရှု့နေလေ၏။ အိပ်ယာထပြီးနောက် ယဲ့ရှောင်သည် ဆန်မှုန့်ရောထားသောပန်းကိတ်တစ်ခုနှင့် ဒိန်ချဥ်တစ်ခွက်ကို ဝယ်လိုက်သည်။ ဒိန်ချဥ်သောက်နေစဥ် သူက စာကြည့်တိုက်သို့ ကမန်းကတမ်းသွားလိုက်သည်။ လူကူးမျဥ်းကြားကို ဖြတ်ကူးနေစဥ် သူက တာဝန်ထမ်းဆောင်နေသော ကုဟိုင်နှင့် တွေ့လေ၏။

သူ့ခန္ဓာကိုယ်ထဲရှိ မှန်ကန်ဖြောင့်မတ်မှုက ပိုပိုပြီးထက်သန်လာသည်ဟု ယဲ့ရှောင်ခံစားမိသည်။ သူက လူအများကိုကာကွယ်ပေးနေခြင်းကြောင့် မှန်ကန်ဖြောင့်မတ်မှုတဖြေးဖြေးဖွဲ့တည်လာတာ ဖြစ်ဟန်တူသည်။ ယခု ကုဟိုင်၌လည်း ကိုယ်ကျင့်တရားကောင်းမွန်မှု ရှိလာသောကြောင့် ယဲ့ရှောင်က အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်နေလေ၏။
လွန်ခဲ့သည့် တစ်နှစ်တုန်းက ကုဟိုင်သည် ကလေကချေတစ်ယောက်ဖြစ်နေသေးတာကို သိထားရပေမည်။ သူပြုလုပ်သမျှက လူစည်းကားသည့် ဧရိယာသို့သွားပြီး နေရာအနှံ့ နာမည်ကြီးအောင် လုပ်ခဲ့သည်။ ယခုမူ သူက လူအများ၏ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရေးပေးနေသည်။ လူတစ်ယောက်အတွက် ဝမ်းသာစရာအကောင်းဆုံးကိစ္စက သူကိုယ်တိုင်အတွက် အမည်တစ်ခုတည်ဆောက်တာပဲ ဖြစ်သည်။ ယဲ့ရှောင်သည် သူ့ကို ခေါ်ထုတ်ပေးရန် လောင်လုဆီသို့ သွားခဲ့သည့်အချိန်က အချည်းနှီးမဟုတ်ခဲ့ပေ။ ထို့အပြင် သူ၏ လက်ရှိကျင့်ကြံဆင့်က ဟို့ထျန်း ပဥ္စမအဆင့်သို့ ရောက်နေပြီဖြစ်သည်။ အထူးလေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ပြီးနောက် သူ၏ ခွန်အားက အတော်လေးတိုးတက်လာတာ ဖြစ်ပုံပေါ်၏။

” အား လောင်ယဲ့ … မင်းအလုပ်သွားနေတာလား … ”

ကုဟိုင်က သူ့ကို ဦးစွာနှုတ်ဆက်၏။

ယဲ့ရှောင်က တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်လိုက်တော့သည်။

” မင်း မနက်စာစားချင်သေးလား … ”

” မစားဘူး … ငါ စားချင်စိတ်မရှိဘူး … ”

” အဆင်ပြေပါတယ် … ဒါပေမယ့် မင်း ဘာကြောင့် ဒီမှာတာဝန်ကျတာလဲ … ”

” မပြောပါနဲ့တော့ကွာ … လက်တလော ကျန်းဟိုင်မြို့က မငြိမ်သေးဘူးလေ … လှိုင်းတွေ တစ်လှိုင်းပြီးတစ်လှိုင်း ဒုက္ခတွေတစ်ခုပြီးတစ်ခုက ဖြစ်လာနေတာ … ရလဒ်ကတော့ဖြင့် ညတုန်းက တစ်စုံတစ်ခုဖြစ်သွားတယ် … စုစုပေါင်းလူခြောက် ပြဿနာတက်သွားတာ … အစောပိုင်းအကဲဖြတ်မှုအရတော့ ကြယ်တာရာသားရဲတစ်ကောင် လုပ်သွားတာပဲ … ဒါပေမယ့် သဲလွန်စမရှိဘူး … ငါတို့လုပ်နိုင်တာလည်း မရှိဘူးလေ … ကြယ်ခုနှစ်လုံးတန်းပြီးတဲ့နောက် ငါးတစ်ချို့က ပိုက်ကွန်ထဲကနေ ရုန်းထွက်လာမှာသေချာပေါက်ပဲ … ငါအလုပ်အရင်သွားလိုက်မယ် … မင်းသွားတော့လေ … ”

” ခဏနေအုံး လောင်ယဲ့ … ”

” ဘာလဲ … ”

” နောက်နှစ်ရက်အတွင်း မင်းရဲ့ဘေးကင်းရေးကို အာရုံစိုက်တာ ပိုကောင်းလိမ့်မယ် … ကြယ်တာရာသားရဲက မင်းကို လာရှာလောက်တယ် … ”

ယဲ့ရှောင်က ဇဝေဇဝါအမူအရာမျိုး ဖြစ်သွားသည်။

” မင်း ဘာကြောင့် ဒီလိုပြောတာလဲ … ”

ကုဟိုင်၏ အမူအရာက တည်ကြည်နေပြီး သူက အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်၏။

” သေသွားတဲ့သူ ခြောက်ယောက်လုံးက ရုပ်ချောတဲ့သူတွေကြီးပဲ … ”

ယဲ့ရှောင်က အံ့အားသင့်သွား၏။ သို့သော် ချက်ချင်းပင် ခေါင်းညိတ်ပြီး စာကြည့်တိုက်သို့ ဆက်လျှောက်သွားလိုက်သည်။

သေသွားတဲ့သူတွေက ချောမောတဲ့အမျိုးသားတွေတဲ့လား။ ကြယ်တာရာသားရဲမှာ ပြောလို့မရတဲ့ စွဲလမ်းမှုတစ်ခု ရှိနေတာလား။ ဒါက ယုတ္တိမရှိသလိုပဲ။

ဆိုရလျှင် ထူးဆန်းသည့် ကြယ်တာရာသားရဲမျိုးစုံရှိသည်။ လူသားများနှင့် ချစ်ကျွမ်းဝင်ပြီး ကလေးမွေးခဲ့သည့် လူအချို့တောင်ရှိပေ၏။ ထို့ကြောင့် ဤကဲ့သို့ ကိစ္စရပ်ဖြစ်လာတာ အံ့သြစရာမရှိပေ။ ယဲ့ရှောင်သည် ကျန်းဟိုင်တစ်မြို့လုံးကို စစ်ဆေးရန် ခုနှစ်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို အသုံးပြုခဲ့၏။ သို့သော်ငြား မည်သည့်ကြယ်တာရာသားရဲကိုမှ မတွေ့ခဲ့ပေ။

” တစ်ဖက်လူက ပုန်းနေတာများလား … ”

ထားလိုက်တော့။ တစ်ဖက်လူက မြို့ထဲမှာရှိလားဆိုတာ သူ မသေချာသေးဘူးလေ။

ယဲ့ရှောင်က ခေါင်းခါပြီး ထက်မတွေးတော့ချေ။

သူက အလုပ်အရင်သွားရန် ဆုံးဖြတ်လိုက်၏။ တစ်ဖက်လူထွက်သွားတာ ဖြစ်ကောင်းဖြစ်နိုင်သည်။

စာကြည့်တိုက်သို့ရောက်ပြီးနောက် ယန်ရှီက သူရှေ့တွင် ရောက်နေပြီဖြစ်သည်။ မနေ့ကပင် ဧရိယာတစ်ခုလုံး ရှင်းလင်းထားသည်ကပင် ယဲ့ရှောင်ကို စိတ်ကျေနပ်စေ၏။ ယန်ရှီက ကောင်းမွန်သည့်လက်အောက်ငယ်သားတစ်ဦးဖြစ်ပုံပေါ်သည်။ ထိုစဥ် သူမက ပြတင်းပေါက်နား၌ လက်ဝှေ့သိုင်းကို လေ့ကျင့်နေလေ၏။

ယဲ့ရှောင် ရောက်လာတာကိုမြင်သောအခါ သူက လုပ်လက်စကို ချက်ချင်းရပ်ပြီး သူ့ကို နှုတ်ဆက်လိုက်သည်။

” မင်္ဂလာပါ .. ကြီးကြပ်သူ … ”

ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် သူမ၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်၏။ ယန်ရှီရောက်နေတာ အလွန်စောပုံပေါ်၏။ သူမ၏ သိုင်းကို လေ့ကျင့်ပြီးတာ အတော်ကြာပြီဖြစ်ပုံပေါ်သည်။ သူမ အရေပြားပေါ်၌ အလင်းသဲ့သဲ့ရှိနေပြီး ချွေးစိုနေပြီ ဖြစ်သည်။

” စာကြည့်တိုက်က လက်ဝှေ့ကွင်းမဟုတ်ဘူး … ဒါပေမယ့် မင်းရဲ့သွင်ပြင်ကို အာရုံစိုက်ရအုံးမယ်လေ … မင်းလက်ဝှေ့လေ့ကျင့်တာတော့ ကောင်းတယ် … ဒါပေမယ့် ချွေးထွက်ပြီး အဝတ်အစားတွေ စိုကုန်လို့တော့မရဘူး … ”

ယန်ရှီက လေးနက်တည်ကြည်သည့်အမူအရာဖြင့် ပြောလိုက်၏။

” ချွေးထွက်တာက စစ်သည်တော်တစ်ယောက်ရဲ့ ဂုဏ်သရေပဲ … လေ့ကျင့်နေတဲ့အတောအတွင်း ချွေးမထွက်ရင် တိုက်ပွဲမှာ သွေးထွက်လိမ့်မယ် … ”

” ဒါပေမယ့် မင်းက အခု စစ်သည်တော်တစ်ယောက်မဟုတ်တော့ဘူး … မင်းက စာကြည့်တိုက်မှူးတစ်ယောက်ပဲ … ”

ယဲ့ရှောင်၏ စကားများက ယန်ရှီကို တိတ်ဆိတ်ပြီး ခေါင်းငုံ့သွားစေ၏။ သူမက လက်သီးကျစ်ကျစ်ဆုပ်ထားသောအခါ လက်သည်းများက လက်ဖဝါးထဲသို့ စိုက်ဝင်သွား၏။

ယဲ့ရှောင်က ဘာမှ ထပ်မပြောတော့ပေ။ လူတိုင်း၌ ကိုယ်ပိုင်ဇာတ်ကြောင်း ကိုယ်ဆီရှိနေကြ၏။ ထို့ကြောင့် သူက မေးရမှာ ပျင်းလွန်းနေသည်။

စာအုပ်များဖတ်ရှု့ပြီး နည်းစနစ်များစုဆောင်းခြင်းက လူတစ်ယောက်၏ ကျင့်ကြံဆင့်တိုးတက်ဖို့အတွက် အလွန်အရေးပါသည်။

မျက်တောင်တခက်အတွင်း တစ်နေ့တာ တိတ်တဆိတ်ကုန်ဆုံးသွားသည်။ ယဲ့ရှောင်သည် ရှောင်လင်က ပို့ပေးခဲ့သည့် ကျင့်စဥ်များထဲမှ နောက်ထပ်အခြေခံထိုးနှက်ချက်ကျင့်စဥ်ကို ရှာတွေ့ခဲ့သည်။

သို့သော် ယဲ့ရှောင်သည် ယခင်က စကယ်သိုစာအုပ်များကို ဖတ်နေတာမဟုတ်။ သူက ကျင့်ကြံခြင်းနည်းစနစ်တစ်မျိုးကို လေ့ကျင့်နေသည့်အချိန်၌ ကျင့်စဥ်ကို ဂရုတစိုက်ကြည့်တက်သည်။ သူ ယခုဖတ်နေသည့်စာအုပ်က ပိုတောင်ရှုပ်ထွေးလေ၏။

သူက စာအုပ်များကိုဖတ်ရှု့ပြီး အစောပိုင်းအဆင့်၌ ကျင့်ကြံခြင်စနည်းစနစ်များကို စုဆောင်းနေစဥ် ယဲ့ရှောင်၏ အတွေးများက အလွန်ရိုးရှင်း၏။ သူက ရှေးဦးစွာ တော်ဝင်နည်းစနစ်အချို့ကို ပေါင်းစည်းချင်နေတာပဲ ဖြစ်သည်။ သို့မှသာ အသုံးပြုရန်အတွက် လုံလောက်အောင်အစွမ်းထက်သည့် ကျင့်စဥ်တစ်မျိုး ဦးစွာရလာနိုင်မည်။ ယခုအချိန်တွင် မည်သည့် တိုက်ခိုက်ရေးသိုင်းဖြစ်စေကာမူ၊ ခုခံရေးသိုင်းဖြစ်စေကာမူ၊ အသက်ကယ်သိုင်းဖြစ်စေကာမူ သူက အားလုံးရှိပြီးသားဖြစ်၏။ ကျန်သည့်အရာများအတွက် သူ စိုးရိမ်ပူပန်နေတော့မှာ မဟုတ်ချေ။

ယင်းက အလွန်အရေးပါသည့် အကြောင်းအရင်းတစ်ရပ်လည်းဖြစ်သည်။ ထို့အပြင် ယဲ့ရှောင်က ယခင်က နားလည်မှုလွဲမှားခဲ့သည်။ သူသည် ကျင့်ကြံချင်သည့် ကျင့်စဥ်ကိုသာ လေ့ကျင့်ခဲ့တာဖြစ်သည်။ အမှန်တကယ်တွင် သူထင်သလောက်မဆိုးသည့် ကျင့်စဥ်များစွာလည်း ရှိ၏။

သူ ထိုစဥ်က ပေါင်းစည်းခဲ့သည့် လက်ဝါးသိုင်း တထာဂတာနတ်လက်ဝါးကို ဥပမာယူနိုင်ပေသည်။

ယဲ့ရှောင်သည် အစက ထိုလက်ဝါးသိုင်းသည် ဓားမော့သိုင်းနှင့် ဓားသိုင်းတို့ထက် သေချာပေါက်နိမ့်လိမ့်မည်ဟု တွေးခဲ့သည်။ အကြောင်းမှာ ဓားမော့သိုင်းနှင့် ဓားသိုင်းတို့က အဓိလက်နက်များဖြစ်ပြီး လက်ဝါးသိုင်းက အဓိကရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသာ ဖြစ်သောကြောင့်ဖြစ်သည်။

အသွေးအသားတစ်ခုဖြင့် ခန္ဓာကိုယ်တစ်ခုက လက်နက်ကို မည်ကဲ့သို့ ထိုးနှက်နိုင်မည်နည်း။

သို့သော်ငြား သင်ယူပြီးနောက် ယဲ့ရှောင်သည် တထာဂတာနတ်လက်ဝါး၏ စွမ်းအင်သည် လွန်ကဲခြင်းစွမ်းအားဓားမော့နှင့် ကောင်းကင်ဓားတို့ထက် မနိမ့်ကြောင်း သိလိုက်ရသည်။

ယင်းက လက်ဝါးသိုင်းတစ်မျိုးသာ ဖြစ်၏။ ထိုးနှက်ချက်သိုင်းဆိုလျှင် မည်သို့ဖြစ်မည်နည်း။ လက်သည်းသိုင်းဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ခြေသိုင်းဆိုလျှင် မည်သို့ဖြစ်မည်နည်း။

ရှောင်လင်၌ ချီရှန်းအဆင့်သိုင်း နဂါးလက်သည်းရှိသည်ဟု ဆိုကြသည်။ ယင်းက အင်မတန်ကြမ်းတမ်းကာ ယန်ဓာတ်ပြည့်၏။ သတ္ထုနှင့် သံမဏိကိုတောင် စုပ်ဖြဲနိုင်သည်။ အိတ်ထဲက တစ်စုံတစ်ယောက်ကို ထုတ်ယူရသည့်ပမာ လွယ်ကူလှ၏။

ကျန်သည့် လက်သည်းသိုင်းများကိုပေါင်းပြီး တော်ဝင်နည်းစနစ်တစ်ခုအဖြစ် ပေါင်းစီးခဲ့လျှင် ၎င်းက မည်မျှအစွမ်းထက်သွားမည်နည်း။ လက်ချောင်းသိုင်းလည်း ရှိသေး၏။ လက်ချောင်းက စကြာဝဋ္ဌာကို ဖြိုခွဲနိုင်သည်။ ၎င်းကို မည်သူက ပိတ်ဆို့နိုင်မည်နည်း။

သိုင်းပညာရပ်များတွင် ကွဲပြားသည့် ရှားရှားပါးပါးကွာဟချက်များရှိသော်ငြား တစ်ခုကိုတစ်ခု တန်ပြန်နိုင်သည့် နည်းလမ်းတစ်ခုဆိုတာ မလွဲမသွေပဲ ဖြစ်သည်။

သူ၏ ကျင့်စဥ်က အလွန်သန်မာနေလျှင်တောင် သူတို့က တစ်ခုနှင့်တစ်ခု တန်ပြန်တိုက်ခိုက်နိုင်သည့် နည်းစနစ်တစ်ခုနှင့် ကြုံတွေ့လျှင်တောင် သူက ၎င်းကိုအသုံးမပြုမှာ သေချာ၏။ ထို့ကြောင့် ပိုသင်ယူပြီး ပိုလေ့ကျင့်တာက ပိုကောင်း၏။

လောကကြီးထဲရှိ သိုင်းပညာရပ်အားလုံးကို သင်ယူခြင်းက အကောင်းဆုံးဖြစ်သည်။ အချိန်ကျလာသည့်အခါ အံ့ဖွယ်အဆင့်၏ ရွှေရောင်စာအုပ်က မည်သည့်အဆင့်သို့ရောက်မည်ဆိုတာ မည်သူက သိမည်နည်း။

သူက အတွေးတစ်ချက်ဖြင့် သေခြင်း၊ ရှင်းခြင်းကို ထိန်းချုပ်နိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းလာမည်လော။

မကြာမီ၌ ညနေစောင်းသွားတော့သည်။ ယဲ့ရှောင်က ကန်တင်း၌ ညစာစားပြီးနောက် အိမ်ပြန်သွားသည်။

ထိုစဥ် ချင်စီရင်စု၏ ရှင်းလင်းသော လမ်းမကြီးပေါ်၌ လူရိပ်တစ်ရိပ်က ရုတ်တရက်ပျောက်ကွယ်သွားသည်။ သူက လက်သီးကိုဆုပ်ထားလျက် ကြမ်းတမ်းပြီး အန္တရာယ်များသည့်တောင်ကြားလမ်းကို အရိုအသေပေးနေသည်။

” ကြယ်ခုနှစ်လုံးတန်းတဲ့နေ့မှာ အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲတော်တော်များများ စီရင်စုကိုးစုကနေ လွတ်သွားတယ် … စီရင်စုကိုးစုမဟာမိတ်က ဓားသူတော်စင်ကို တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီး ကြယ်တာရာသားရဲတွေကိုဖမ်းဖို့ တောင်းဆိုနေပါပြီ … ”

အသံက ရှင်းလင်းနေသည့် ရှေးဟောင်းလမ်းကြားထဲ ပြန့်နှံ့လာတော့သည်။ တောင်လေက တဟူးဟူးတိုက်ခတ်နေပြီး တောင်တက်လမ်းက ကောင်းကင်တိုက်တစ်ခုနှင့် တူနေပေ၏။ ယင်းက ရှည်လျားကျဥ်းမြောင်းပြီး မက်စောက်သည့် တောင်ပေါ်ကလူ ကြားနိုင်မကြားနိုင်ဆိုတာ ပြောရန်ခက်ခဲ၏။

တောင်ပေါ်ကလူ တုံ့ပြန်မှုမရှိတာကို မြင်သောအခါ သူက ရှေ့သို့ခြေလှမ်းတစ်ဝက်တိုးသွားသည်။ သူ၏ ခြေထောက်က မြေပြင်ပေါ်မရောက်ခင် ဘုံကိုးဘုံမှငွေရောင်အလင်းက ရုတ်တရက်ဆင်းသက်လာ၏။

ထန် …

ဓားအလင်းသည် သူ့ရှေ့ရှိမြေပြင်ကို အညှာအတာမဲ့ ထိုးစိုက်သွား၏။ လှိုင်းက မကြီးမားသော်ငြား ရှန့်ထျန်း ဒုတိယအဆင့် ချီရှန်းကိုမူ လွင့်ထွက်သွားစေ၏။ သူက အကြိမ်ရေအနည်းငယ် လိမ့်သွားပြီးနောက် ပေတစ်ရာအကွာသို့ရောက်ပြီး ရပ်တန့်သွားတော့သည်။

” ဓားလမ်းကြောင်းမှာ ဘယ်သူကိုမှ ဝင်ခွင့်မပြုထားဘူး … စီရင်စုကိုးစုမဟာမိတ်က မင်းကို ဒီပို့လိုက်တယ် … ဒါပေမယ့် မင်းက ဒီအကြောင်းကိုတောင် မသိဘူးလား … ”

မြေပြင်ပေါ်ကနေ သံတမန်က အလူးအလဲထလိုက်ပြီး ဝတ်ရုံဖြူဖြင့် ဖြည်းဖြည်းချင်းလျှောက်လာနေသော အမျိုးသမီးလေးကို သူက တွေ့လိုက်ရ၏။ သူက ထိတ်လန့်သွားမိ၏။ တစ်ဖက်လူ၏ လှပသောသွင်ပြင်ကြောင့်မဟုတ်ပေ။ ပိုအရေးကြီးသည်က တစ်ဖက်သူ၏ ကျင့်ကြံဆင့်ကြောင့် ဖြစ်၏။

လူတစ်ယောက်၏ အရိုးသက်တန်းကနေ သူတို့၏ ရုပ်ရည်သွင်ပြင်အကြောင်း ကျင့်ကြံသူများက ပြောနိုင်ပေသည်။

သာမန်လူတစ်ယောက်သည် မိတ်ကပ်ထူထူလူးပြီးနောက် သူတို့၏ အလှတရားကို မြင်တွေ့နိုင်သည့်ပုံစံနှင့် ဆင်တူသည်။ သို့သော် ကျင့်ကြံသူတစ်ယောက်သည်မှု အကြည့်တစ်ချက်ဖြင့် အားလုံးကိုမြင်နိုင်၏။

အမျိုးသမီးလေးက အသက်နှစ်ဆယ်ကျော်အစွန်းပိုင်းသာ ရှိသေး၏။ သို့သော် သူမက ရှန့်ထျန်း တတိယအဆင့်သို့ရောက်နေပြီဖြစ်ကာ သူထက်တစ်ဆင့်ပိုမြင့်သည်။ ယင်းက အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလှ၏။

” ကျေးဇူးပြုပြီး ခွင့်လွတ်ပေးပါ မမလေး … ကျွန်တော်အလျင်လိုနေတာကြောင့် မဟာမိတ်က ပေးအပ်တဲ့တာဝန်ကိုပြီးမြောက်စေဖို့ တားမြစ်ချက်ကို ချိုးဖောက်မိတာပါ … ”

” ဒါက မင်းရဲ့ ပထမဆုံးစည်းဖောက်မိတာဆိုတော့ မင်းအသက်ကို ချမ်းသာပေးမယ် … ထွက်သွား … ”

” ဒါပေမယ့် မမလေး … မဟာမိတ်ရဲ့တာဝန် … ”

သူပြောပြီးသည်အထိမစောင့်ပဲ အမျိုးသမီးက ပြန်ပြောလိုက်၏။

” အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲနည်းနည်းလေးက ငါ့ဆရာ လှုပ်ရှားတာ တန်လို့လား … ရယ်စရာပဲ … ငါ့ဆရာက တံခါးပိတ်ကျင့်ကြံနေတာ ထွက်လာမှာမဟုတ်ဘူး … နင်ထွက်သွားလိုက် … ”

သူပြောပြီးသည်နှင့် တောင်ထိပ်ပေါ်ကနေ လေးနက်သည့်အသံတစ်သံက ထွက်လာလေ၏။

” ရွှန်းအာ … မရိုင်းနဲ့ … ”

အသံက အထွတ်အထိပ်ဓားဆန္ဒတစ်ခုကို သယ်ဆောင်ထားသည့်ပမာ ထင်မှတ်ရ၏။ ကောင်းကင်ထဲရှိတိမ်များက ကွဲထွက်သွားပြီး ဆေးချယ်ထားသည့်ပမာ လှပလွန်းသည့် ကြည်လင်သော ညကောင်းကင်ကို ထုတ်ပြလိုက်၏။ ခဏအကြာတွင် လေပြေတစ်ချက်အဝှေ့ဖြင့် လူရိပ်တစ်ရိပ်က သူတို့နှစ်ယောက်ရှေ့၌ တိတ်တဆိတ်ပေါ်လာလေ၏။ သူပေါ်ပေါက်လာမှုက ရုတ်တရက်ဆန်ပြီး သဘာဝကျ၏။ သူက အစောထဲက ဤနေရာသို့ရောက်နေပြီသည့်ပမာ အချိန်လုံးရပ်နေသည့်ပုံပေါ်၏။

အထူးသံတမန်က တစ်ဖက်သူကို တစ်ချက်ကြည့်လိုက်၏။ မုတ်ဆိတ်နှင့် ဆံပင်များအားလုံး ဖြူနေသော်ငြား မျက်ဝန်းကမူ သက်ဝင်လှုပ်ရှားမှုပြည့်နေလျက် အသားအရောင်က နီမြန်း၏။ သူ၏ ပြောင်ဝတ်ရုံကလည်း လေအဝှေ့၌ လွင့်လူးနေပြီး ဓားဆန္ဒကို ပြသနေ၏။

သံတမန်၏ မျက်နှာ၌ အင်မတန်လေးစားသည့်အမူအရာ ပေါ်လာတော့သည်။

စီရင်စုကိုးစု ဓားသူတော်စင် လုချင်းရှန်။

လူတစ်ယောက်၏ ခေါင်းမွှေးကို ထောင်ထသွားစေနိုင်သော အစွမ်းသည့်ပုဂ္ဂိုလ်။ ဤလောကကြီး၏ နဂါးစာရင်း၌ အဆင့် (၁၀) ဝင်ထားပြီး လောကကြီးထဲရှိ နဂါးစာရင်းထဲ၌ နဝမအဆင့်ရှိ လီလျိုဆွေ့က ဓားမော့သခင်အဖြစ် လူသိများပြီး စီရင်စုကိုးစုက လမ်းညွှန်ပေးခဲ့သူ ဖြစ်သည်။ သူက စစ်မှန်သည့်သိုင်းပညာရှင် ဖြစ်သည်။

သူ၏ ကျင့်ကြံဆင့်က ဤလောကကြီးထဲရှိ ဘီလီယံကျော်သောလူများ မှန်းဆနိုင်သည်ထက် ကျော်လွန်သည်။ ဓားသိုင်းအရာတွင် တစ်လောကလုံး၌ စီရင်စုကိုးစု၏ နံပါတ်တစ်နှင့် နဂါးစာရင်း၏ နံပါတ်တစ် ဓားဧကရာဇ် အသူရာနဂါးတို့အပြင် သူ့ကို မည်သူမှမခုခံနိုင်ပေ။

အင်္ဂလန်၏ ဓားဘုရင် အင်တလန်တစ်နှင့် ဟန်နိုင်ငံ၏ ဓားသူတော်စင်လျိုချန်းရွှန် သူတို့အားလုံးကို သူ အနိုင်ယူခဲ့၏။

ဓားသိုင်းအရာတွင် ဓားဧကရာဇ်ပေါ်မလာခဲ့လျှင် သူ့ကို မည်သူက ယှဥ်ပြိုင်နိုင်မည်နည်း။

” ဆရာ … အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲအချို့အတွက် ကိုယ်တိုင်ထွက်လာဖို့ လိုလို့လား … ”

” ရွှန်းအာ မရှုပ်စမ်းနဲ့ … အံ့ဖွယ်ဂိုဏ်းကြယ်တာရာသားရဲတွေက အသေးအမွှားမဟုတ်ဘူး … နောက်လေးနှစ်နေရင် သားရဲကပ်ဘေးက စလာလိမ့်မယ် … ဒီကာလအတွင်း စီရင်စုကိုးစုက ဖရိုဖရဲဖြစ်မှာကို ရှောင်ရှားဖို့လိုတယ် … ”

” ဒါပေမယ့် ဆရာ နားလည်သဘောပေါက်ဖို့အတွက် ဆရာ တံခါးပိတ်ကျင့်ကြံနေတာလေ … အခုထွက်လာမယ်ဆိုရင် အရေးကြီးကိစ္စကို နှောက်နှေးစေမှာ မဟုတ်ဘူးလား … ”

” အဆင်ပြေတယ် … ခန္ဓာတစ်ခုသွန်းလုပ်ဖို့ ဓားဆန္ဒကို အသုံးပြုလိုက်မယ် … တံခါးပိတ်ကျင့်ကြံတာ မနှောက်နှေးတော့ဘူး … ”

သူပြောပြီးသည်နှင့် သူနှင့် တစ်ထပ်ထဲတူသည့် ခန္ဓာတစ်ခုက သူ့ဘေး၌ ရုတ်တရက်ပေါ်လာ၏။ သို့သော် သူနှင့်ယှဥ်လျှင် စွဲဆောင်နိုင်စွမ်းတစ်ချို့ ချို့တဲ့နေကာ မူလခန္ဓာလောက်အစွမ်းမထက်ပေ။

” ငါ့ရဲ့ ဓားဆန္ဒနဲ့ ဖွဲ့တည်ထားတဲ့ ဒီကိုယ်ခွဲက ရှန့်ထျန်းသတ္တမအဆင့်ပဲ ရှိတယ်ဆိုပေမယ့် ဓားဆန္ဒနဲ့ သိပ်သည်းထားတာ … အဆင့်တူကြားမှာ ပြိုင်ဘက်ကင်းတယ်လို့ ပြောလို့ရတယ် … သူ့အဖို့ ရှန့်ထျန်းနယ်ပယ်သတ္တမအဆင့်မှာရှိတဲ့ ကြယ်တာရာသားရဲတစ်ချို့ကိုသတ်ဖို့က ပြဿနာရှိမှာမဟုတ်ဘူး … သူ့ကို မင်းနဲ့အတူခေါ်သွားလိုက် … ”

သံတမန်၏ ရင်ထဲ၌ ကြမ်းတမ်းသော မုန်တိုင်းတစ်ခု ဝင်လာ၏။ ဓားဆန္ဒတစ်ခုသည် ရှန့်ထျန်းနယ်ပယ်သတ္တမအဆင့်၏ ပုံတူကို သိပ်သည်းနိုင်၏။ ယင်းသည် စီရင်စုကိုးစု၏ စစ်မှန်သောသိုင်းပညာရှင်များ၏ အုတ်မြစ်ပေလော။

အပိုင်း (၁၄၇) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset