Switch Mode

Chapter – 19

ငန်းကန်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ

အပိုင်း (၁၉) ငန်းကန်မှ သတ်ဖြတ်ခြင်း စိတ်ဆန္ဒ

စုရှောင်ရှန် ထိတ်လန့်သွားသည်။

ကြီးကြပ်သူလည်း ပြေးလာရာမှ ရပ်တန့်သွားသည်။

အော်ချင်ရာအော်နေကြသော လူအုပ်ကြီးလည်း တိတ်ဆိတ်သွားသည်။

လေထဲ၌ ရပ်နေသော ရှောင်ချိစွေလည်း မှင်သက်သွားသည်။ စုရှောင်ရှန် ၀မ်ချောင်၏လည်ပင်းပေါ်၌ ဓားတင်လိုက်သည်နှင့် ပြိုင်ပွဲပြီးဆုံးသွားပြီဖြစ်ကြောင်းသူသိသည့်အတွက် အခြား ပြိုင်ကွင်းများကို သူကြည့်လိုက်၏။ ယခု ပြန်လှည့်လိုက်သောအခါ ဤသို့ သော အဖြစ်အပျက်မျိုးကို တွေ့လိမ့်မည်ဟု သူမထင်ထားချေ။

ထို့နောက် ပြိုင်ပွဲမစခင်က သူပြောခဲ့သော “ကြီးကြပ်သူတွေတောင် သတိမမူမိတဲ့အခါရှိတယ်” ဟူသော စကားကို ပြန်အမှတ်ရသွားသည်။ သူပြောထားသည့်အတိုင်း ဖြစ်လာချေပြီ။

လူတိုင်း အံ့အားသင့် သွားကြသည်။

၀မ်ချောင်၏ နှုတ်ခမ်းများ တွန့်သွား၏။ သူတစ်စုံတစ်ခုကိုပြောချင်သော်လည်း သွေးများသာသူ၏ ပါးစပ်ထောင်မှ စီးကျလာ၏။ သူ့မျက်လုံး၌ အကြောနီနီတို့ ပေါ်လာသည်။ အချိန်ကြာသည်အထိ သူ့ပါးစပ်မှ မည်သည့် စကားသံမှ ထွက်မလာပါချေ။

သူ့မျက်လုံးထဲမှ ရက်စက်မှုများ‌လည်းပျောက်ကွယ်သွားခဲ့ပြီး မယုံကြည်နိုင်မှုတို့ အစားထိုး၀င်ရောက်လာခဲ့သည်။

သူ့ရင်ဘက်ကို ထုတ်ချင်းဖောက်သွားသော ‌စုရှောင်ရှန်၏ လက်ကို ငုံ့ကြည့်လိုက်၏။ သို့သော် သူ၏ သွေးများဖြင့် ရဲရဲနီနေသော လက်ဖျံ ကိုသာမြင်လိုက်ရလေသည်။

‘သူ့လက်’

‘ငါ့ရင်ဘက်ကို ဖောက်သွားပါလား’

‘ဘယ်လိုဖြစ်နိုင်မှာလဲ…’

၀မ်ချောင်၏ မျက်လုံးရှိ ရဲရဲနီနေသော သွေးကြောများပေါက်ထွက်သွားပြီး ပြင်းထန်သော နာကျင်မှုကို သူခံစားလိုက်ရသည်။

စုရှောင်ရှန်၏ မျက်လုံးများအား မေးခွန်းထုတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သူ့ထံမှ အဖြေကို ကြားချင်ပါ၏။

စုရှောင်ရှန်သူ၏ လက်ဖျံနား၌ လှုပ်သော တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

ဒု ဒု ဒု…။

“သူ့ကိုကယ်ကြပါဟ” စုရှောင်ရှန် အော်ဟစ်လိုက်သည်။ ထိုအခိုက်အတန့်၌ သူ့လက်အား ထုတ်ရမည်လော ဤအတိုင်းဆက်ထား ထားရမည်လော သူဝေခွဲမရဖြစ်နေသည်။

ဘာလို့ ဒီလို ဖြစ်သွားတာလဲ…။

စုရှောင်ရှန်၏ အတွေးများ ရှုပ်ထွေးသွားသည်။ သူယခင်က လူတစ်ယောက်မှ မသတ်ဖူးချေ။

သူလည်း ၀မ်ချောင် အလစ်တိုက်ရန် ရှေ့သို့ ပြေးလာမည်ဟုမထင်ထားချေ။

ပင်ကိုယ်စနစ်၏ အသိပေးချက်ကို ယုံကြည်ပြီး နောက်သို့ ချက်ခြင်းလှည့်ပြီး လက်ချောင်းများဖြင့် ထိုးလိုက်၏။ သို့သော် ပြေးလာသည့်၀မ်ချောင်၏ ရင်ဘက်သို့ ထိုးမိသွားမည်ဟု သူမထင်ထားချေ။

“မင်းဘာလို့ ဒီလိုလုပ် တာလဲ” စုရှောင်ရှန် ဒေါသတကြီးအော်လိုက်သည်။ ထို့နောက် ရွှေနီဆေးလုံးတစ်လုံးကို ထုတ်ယူပြီး ၀မ်ချောင်၏ ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သို့သော် ၀မ်ချောင်မှာ သူ၏ ဦးခေါင်းကို ခါးယမ်းလိုက်သည့်အလား ရွေ့သွားသည်။ သို့သော် ၎င်းမှာ အလွန် သေးငယ်သည့် ရွေ့လျားမှုဖြစ်သောကြောင့် မသိသာပါပေ။

သူ့နှုတ်ခမ်းများ အနည်းငယ်ဟသွားသည်။ သို့သော် ၎င်းတို့ ပြန်မပိတ်ကြတော့ချေ။

“ဒါကို ဝါးပါဟ”

၀မ်ချောင်၏ ပါးစပ်ကို သူ့လက်ဖြင့် စုရှောင်ရှန်ပိတ်လိုက်သည်။ ဆေးအာနိသင်များ သက်ရောက်မှုရှိစေရန် ကြိုးပမ်းလိုက်ခြင်းဖြစ်သည်။ အဆုံးတွင် သူ့လက်ကို ပြန်လွှတ်လိုက်ရာ ၀မ်းချောင်၏ ပါးစပ်ထဲမှ ထိုဆေးလုံး ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

ဒှီ…။

ရွှေနီရောင်ဆေးလုံး ကြမ်းပြင်၌ တိတ်တဆိတ် လှိမ့်သွားသည်ကို ကြည့်ရင်း တစ်စုံတစ်ခုကိုပါ ဆုံးရှုံးသွားသည်ကို သူသတိထားမိလိုက်၏။

ကြီးကြပ်သူလည်း စုရှောင်ရှန်ထံရောက်လာပြီး ၀မ်ချောင်၏ ရင်ဘက်အတွင်းမှ သူ့လက်ကို ထုတ်လိုက်သည်။ “အလကားပဲ” တည်တည်ငြိမ်ငြိမ်ဖြင့်ဆက်၍ “သူ သေသွားပြီ”

စုရှောင်ရှန် တုန်လှုပ်သွားသည်။ သေသွားပြီလော။

စိတ်ဝိညာဉ်ကျင့်ကြံသူ တစ်ဦး၏ အသက်မှာ ဤမျှ နုနယ်သည်လော။ သူတို့ပင် တစ်ချက်တည်းဖြင့် သေနိုင်ကြသည်လော။

စုရှောင်ရှန်၏ ဖြစ်သွားသော အခြေအနေကို မြင်ရာ ကြီးကြပ်သူ သက်ပြင်းချလိုက်သည်။ သူ့နောက်ကျောပုတ်၍ နှစ်သိမ့်ရုံမှတစ်ပါး သူလည်း မည်သည်မျှ မတတ်နိုင်ပေ။

“ဒါ မင်းအတွက် တစ်စုံတစ်ယောက်ကို ပထမဆုံးအကြိမ်သတ်ဖူးတာလား”

“နောက်လည်း ကြုံလာရမှာ မင်းအတွက် အတွေ့အကြုံရှိသွားတာပေါ့”

စုရှောင်ရှန်၏ ပုခုံးအတွင်း ၀မ်ချောင် ထိုးထည့်လိုက်သော ဓားမြှောင်ကို သူဆွဲထုတ်လိုက်သည်။ ထို့နောက် သူယခင် စုရှောင်ရှန်ထံမှ စားခဲ့သော ဆေးလုံးအတွက် ဆေးတစ်ပုလင်းထုတ်ပေးလိုက်၏။

“စိတ်မပူပါနဲ့။ ဒီကိစ္စက မင့်အမှား မဟုတ်ဘူး။ ၀မ်ချောင်က အရင်ဆုံး အလစ်တိုက်ခဲ့တာ။ တစ်ယောက်ယောက်ကို အပြစ်တင်ပါဆိုရင် အသုံးမကျတဲ့ ငါ့ကိုပဲ အပြစ်တင်ရမှာ”

“အဆင်ပြေသွားမှာပါ။ သွားနားလိုက်။ ကျန်တာအကုန် ငါနဲ့ထားခဲ့လိုက်”

စုရှောင်ရှန် ကြက်သေ သေနေခဲ့သည်။ ကြီးကြပ်သူ၏ လက်ထဲမှ ၀မ်ချောင်ကို ကြည့်လိုက်ပြီး တိတ်တိတ်ဆိတ်ဆိတ် ပုခုံးကို ကိုင်ကာပြိုင်ကွင်းအတွင်းမှ ထွက်ခွာသွားလိုက်၏။

လူတိုင်းသူ၏ မျက်နှာပေါ်မှ ထိတ်လန့်မှု၊ ဆုံးရှုံးမှု စသည်တို့ဖြင့် ပြည့်နေသော အမူအရာကို မြင်လိုက်ကြရသော် တစ်ယောက်မှ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် ထွက်ခွာသွားသော စုရှောင်ရှန်ကို လိုက်ကြည့်လိုက်ကြ‌၏။

“ဝမ်ချောင် တကယ် သေသွားတာ”

“ငါထင်တာတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အပြင်စည်းမှာ တစ်ယောက်ယောက် သေတာ ဒါပထမဆုံးဘဲ”

“ဟုတ်တယ်။ ဒိုင်တွေရော ပြိုင်ပွဲဝင်တွေပါ အရင်တုန်းက ဘယ်အချိန် ပြိုင်ပွဲရပ်ကြရမယ်ဆိုတာသိကြတယ်။ ၀မ်သခင်လေး ဒီလို မိုက်ရူးရဲဆန်လိမ့်မယ်လို့ မထင်ထားဘူး

“စုရှောင်ရှန်… ဘုရားရေ ငါ သူ့အတွက် စိတ်မကောင်းဖြစ်လိုက်တာ…”

အချို့က စုရှောင်ရှန်ကို ထောက်ခံကြသည်။ သို့သော် ထိုသို့သောသူများမှာ အနည်းစုသာဖြစ်၏။ အများစုသော လူများမှာ သူ့လုပ်ရပ်ကို အပြစ်တင်ဝေဖန်လိုက်ကြသည်။

“ငါ သည်းမခံနိုင်တော့ဘူး။ တစ်ယောက်ယောက်ကို သတ်ပြီးသွားတာတောင် သူ့မျက်နှာမှာ ဒီလို အမှားလုပ်လိုက်တဲ့သူက သူမဟုတ်သလို အကြည့်မျိုးရှိနေသေးတယ်”

“၀မ်သခင်လေး မတရားသဖြင့် သေသွားတာ။ ဒိုင်လူကြီးမှ ပွဲဆုံးကြောင်းမကြေငြာသေးတာ ၀မ်သခင်လေး တိုက်ခိုက်ဖို့ ကြံလိုက်တာက စည်းကမ်းဘောင်အတွင်းမှာပဲရှိသေးတယ်။ စုရှောင်ရှန်ဘယ်လိုများ ဒီလို ပြင်းပြင်းထန်ထန် ချရဲတဲ့ သတ္တိရှိလည်းမသိဘူး”

“စုရှောင်ရှန်ကို ပြိုင်ပွဲကနေ ထုတ်ပယ်ဖို့ ငါ အလေးအနက် အကြံပြုတယ်။ ဒီကောင်က အရမ်း ရွံစရာကောင်းတဲ့ကောင်”

“ဟုတ်တယ်။ ဂိုဏ်းတစ်ဂိုဏ်းထဲက ဂိုဏ်းသားအချင်းချင်း တိုက်ပွဲထဲမှာ ဒီလို သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုမျိုး ပြုလုပ်တာ သူ့ကို ထုတ်ပယ်သင့်တယ်”

စုရှောင်ရှန်အား အခြားတစ်ဘက်မှ ထောက်ခံသည့်လူများ ချက်ခြင်း ထရပ်လိုက်ပြီး ပြန်ခံပြောလိုက်ကြသည်။

“အဓိပ္ပာယ်မရှိတာ”

“၀မ်ချောင်အစကတည်းက ရှုံးနေပြီးသား။ တကယ်လို့ စုရှောင်ရှန်သာ သစ်သားဓား မဟုတ်ဘဲ စိတ်ဝိညာဉ်ဓားကို အစကတည်းက သုံးခဲ့ရင် ၀မ်ချောင် ‌အစအနတောင် ပျောက်နေလောက်ပြီ။ ‌ဒါကို ကြည့်ပြီး သူဘယ်လောက် ချုပ်တည်းထားတယ်ဆိုတာ မျက်စိပါတဲ့လူတိုင်း တွေ့နိုင်တယ်။

“၀မ်ချောင်အလစ်တိုက်တာ ပေါ်သွားတော့မှ စုရှောင်ရှန်လည်း လုပ်မိလုပ်ရာ ပြန်လုပ်လိုက်တာလေ။ ၀မ်ချောင်ကိုတောင် သူ ဆေးလုံး အသဲအသန် ကျွေးဖို့ လုပ်လိုက်သေးတယ်။ စုရှောင်ရှန်မှာ ဒီလို ရှားပါးတဲ့ စရိုက်မျိုးရှိတယ်ဆိုတာ နင်တို့ မတွေ့ကြဘူးလား”

၀မ်ချောင်အားထောက်ခံသည့်သူများကလည်း အရှုံးမပေး။ အေးစက်စက်ရယ်မောလိုက်ကြပြီး “ကြီးကြပ်သူမှ ပြိုင်ပွဲပြီးဆုံးကြောင်းမကြေငြာသေးတာ ၀မ်ချောင် အလစ်တိုက်ခိုက်တာက စည်းကမ်းဘောင်အတွင်းမှာပဲ။ အဲ့လိုမဟုတ်ဘဲ စုရှောင်ရှန်ရဲ့လုပ်ရပ်ကသာ တရားလွန်နေတာ”

“ချီးကို တရားလွန်။ ငီးမ အစေအပါးကောင်တွေ ချမလားကွာ”

“ဘာဖြစ်လဲ ကိုက်နိုင်ရင် လာကိုက်လေ”

“ရော့ကွာ”

“ဟ… ချီးပဲ… မကိုက်နဲ့တော့… မကိုက်နဲ့တော့ဟ”

ငန်းရေကန်တွင်ဖြစ်သည်။

ကန်ရေ၏ မျက်နှာပြင်က ကြည်လင်လှသဖြင့် ကောင်းကင်ကို အလင်းပြန်နေသည်။ ထို့ပြင် ရေမျက်နှာပြင်ထက်၌ စူးဖြိုးဖြိုး ငန်းများ ရေကစားနေကြ၏။

ဤနေရာသည် ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၏ အပြင်စည်းရှိ ရှူခင်းလှပသော နေရာတစ်ခုဖြစ်သည်။ ဤနေရာပတ်ပတ်လည်ကို တွဲလောင်းကျနေသော မိုးမခပင်တို့က ၀န်းရံထားပြီး ကန်ပတ်ပတ်လည်ကိုလည်း အသဲပုံ ပြုလုပ်ထားသော လက်ရန်းများဖြင့် တန်ဆာဆင်ထားသည်။ ကန်ရေမှာလည်း အံ့မခန်းကြည်လင် နေပြီး ပိုးဆုန်းကြူလေးတို့က လေထုအတွင်း တစ်လက်လက် တောက်ပနေသည်။

ဤကန်အတွင်း ရေကစားနေကြသော ငန်းများမှာ အကြီးအကဲကျောက် မွေးထား ခြင်းဖြစ်သည်။ သူတို့၏ အသားများမှာ ကျွတ်ဆတ်ပြီး အရသာရှိလှ၏။ ယခင်က ကံကောင်းထောက်မစွာဖြင့် သူ အနည်းငယ် စားကြည့်ဖူးသည်။

သာမန်နေ့များ၌ဆို လူအတော်များများ ‌ငန်းရေကန်သို့လာပြီး လေ့ကျင့်ကြသည်။ သို့သော် လတ်‌တလော မိုးတိမ်လေ ပြိုင်ပွဲကြပစဲကာလဖြစ်သောကြောင့် ဤနေရာတွင် တစ်စုံတစ်ယောက်မှ ရှိမနေကာ အလွန်အမင်း တိတ်ဆိတ်ငြိမ်သက်လို့နေ၏။

ကန်နံဘောင်ဘေးတွင် ရပ်နေသောစုရှောင်ရှန်၏ မျက်လုံးများအတွင်း၌ စိတ်ပျက်မှုများကို တွေ့နိုင်သည်။

သူ၏ ခြံသို့ ပြန်သွားရမည့်အစား သူမကြာခဏ ဓားလေ့ကျင့်ဖြစ်သည့် ဤနေရာကို ရောက်လာခဲ့သည်။

ဤတစ်ကြိမ်တော့ အနိုင်ရလိုက်သည့်အတွက် မည်သည့်စိတ်လှုပ်ရှားမှုကိုမှ သူမခံစားရပါချေ။ သူ့ပင်ကိုယ်မှတ်များကိုပင် လစ်လျူရှူထား၏။

ချု့ယွင်ကွင်းပြင်မှ မှင်သက်စွာ သူထွက်လာရင်း ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။

နေ၀င်ချိန်ဖြစ်သည်။ ဤနေရာတွင် စုရှောင်ရှန် ရပ်နေခဲ့သည်မှာ အလွန်ကြာမြင့်သွားခဲ့ပြီ ဖြစ်သည်။

ငန်းရေကန်အတွင်းသို့ ကျောက်ခဲ တစ်လုံးပစ်ချလိုက်သည်။ ရေကန်၏မျက်နှာပြင် ဂယက်ထသွားပြီး တဖန် ပြန်ငြိမ်ကျသွားသည်။

“ကြည့်ရတာ ဒီကမ္ဘာလည်း ငါ့အရင်ကမ္ဘာနဲ့ အတူတူပဲထင်ပါတယ်။ လူ့အသက်တွေက ကျောက်ခဲတုံးတွေလိုပဲ။ ဘယ်လောက်ကြီးတဲ့ကျောက်တုံးဖြစ်ပါစေ ငန်းရေကန်ထဲကိုကျသွားရင် ဂယက် ခဏထပြီးတော့ ပြန်ငြိမ်ကျသွားတာပဲ”

စုရှောင်ရှန် အသက်ပြင်းပြင်း ရှိုက်ထုတ်လိုက်သည်။ ထို့နောက် သူ၏ ညာလက်ဖျံကို ထိလိုက်ရာ ၀မ်ချောင်၏ နောက်ဆုံး နှလုံးခုန်သံကို ပြန်ကြားလိုက်ရသည်။

သူနောင်တရ‌နေသည်လော။

မဟုတ်ပေ။

၀မ်ချောင်အား သူ မတော်မဆ သတ်မိလိုက်သော်လည်း နောင်တ တစ်စက်မှ မရပါချေ။ ဆိုရသော် လူသတ်ရန်အတွက် သူပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။

ရက်စက်သော အခြားကမ္ဘာသို့ ရောက်လာပြီးနောက် လူသတ်ခြင်းက သူ့အတွက် ထမင်းစားရေသောက်ဖြစ်လာမည်ကို သူသိသည်။

ထျန်းစန် စိတ်ဝိညာဥ် နန်းတော်အတွင်း၌ အေးချမ်းသော်လည်း စုရှောင်ရှန် မတုံးအပေ။ ၎င်းမှာ အစသာဖြစ်ကြောင်းသူသိသည်။

သူယခု စိတ်ဓာတ်ကျနေသည့်အကြောင်းအရင်မှာ တစ်သက် တစ်ချောင်း မည်မျှ နုနယ်သည်ကို တွေးမိသောကြောင့်ပင်။

ကြည့်ရသည်မှာ အသက်တစ်ချောင်းဟူသည် ဤကုန်းမြေကြီးရှိ လူများအတွက် တန်ဖိုးမရှိသည့် အရာဖြစ်ဟန်တူသည်။ ယနေ့မှစ၍ သူလည်း ထိုသူများကဲ့သို့ စတင် တွေးမြင်လာနိုင်လောက်သည်။

သို့သော် အချိန်အလွန်ကြာပြီးသည်တောင် စုရှောင်ရှန် ယခုထိ စိတ်မလျော့နိုင်သေးချေ။

ယခင်ဘ၀က အဖြူရောင် ဆေးရုံကြီးတွင် မပြီးဆုံးနိုင်သည့် ညှင်းပန်းနှိပ်စက်မှုတို့ကို သူ ခံစားခဲ့ရသည်။ ထို့ကြောင့် သူ၏ အသက်ဆက်ရှင်နိုင်ရန် စိတ်ဆန္ဒမှာ အလွန်ပြင်းထန်လေသည်။ ထို့ကြောင့် လူ့အသက်တစ်ချောင်းကို ဤကမ္ဘာမှ လူများထက် သူပို၍ တန်ဖိုးထားခြင်းဖြစ်သည်။

ယခုတော့ ထို တန်ဖိုးရှိသည့် အသက်တစ်ချောင်းအား သူကိုယ်တိုင် ဖျက်ဆီးမိလိုက်၏။

သူ့စိတ်ကိုကြိုတင်ပြင်ဆင်ထားသည်မှန်သော်လည်း တကယ်ကြုံတွေ့လာရသည့်အခါ မည်သူက မတုန်လှုပ်ဘဲ နေနိုင်မည်နည်း။

စုရှောင်ရှန်၏ မျက်လုံးထဲ၌ ၀မ်ချောင်မှာ ပါရမီအနည်းငယ်ပါ၍ မာန အနည်းငယ်ကြီးသည့် လူငယ်တစ်ယောက်ထက် မပိုသော်လည်း ထိုတန်ဖိုးရှိသည့် အသက်က ၀မ်သခင်လေး၏ အပိုင်ဖြစ်သည်။

၀မ်ချောင်သူ့အား အလစ်တိုက်ခဲ့သော်လည်း သတ်ဖြတ်ချင်သည့် စိတ်ဆန္ဒမပါရှိခဲ့ချေ။

“နောက်‌ဆုံးတော့လည်း သူ ငါ့ပုခုံးကိုပဲ ဓားမြှောင်နဲ့ ထိုးခဲ့တာမလား”

“တကယ်တော့…”

“ငါသူ့ကို မသတ်လိုက်သင့်ဘူး ထင်တယ်”

စုရှောင်ရှန် ခေါင်းခါပြီး ထိုသို့ ရူးကြောင်ကြောင်အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်သည်။

၀မ်ချောင် လုပ်ရဲမှတော့ အကျိုးဆက်အတွက်ကိုလည်း ပြင်ထားရပေမည်။ ဤအကျိုးဆက်များမှာ အလွန့် အလွန် ဆိုးရွားသည် ဆိုချေဦးတော့။

ဤ စကားလုံးများမှာ သေသွားသော ၀မ်ချောင်အား ရည်ရွယ်သလို အနာဂါတ်မှ သူ့အား သတိပေးချက်လည်းဖြစ်သည်။

‌အဝေး မိုးကုတ်စက်ဝိုင်း‌တစ်နေရာ၌ ‌တောင်‌တန်းများအကြားသို့ သူရိန်နေမင်းကြီးလည်း ပျောက်ကွယ်သွားပြီဖြစ်ရာ ‌တစ်လောကလုံးလည်း အမှောင် အတိကျသွားခဲ့၏။ အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

ငန်းရေကန်ရှိ စိတ်ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ဂယက်ထသွား၏။ ၎င်းက ၀၀ဖြိုးဖြိုး ငန်းများအား ထိတ်လန့်သွားစေပြီး တွဲလောင်းကျနေသာ မိုးမခပင်တို့ကိုလည်း အနည်းငယ် ရွေ့သွားစေသည်။

စုရှောင်ရှန် အသက်ကို ခပ်ပြင်းပြင်းရှူလိုက်သည်။ သူမသိဘဲနှင့် စိတ်ဝိညာဉ်ကျင့်ကြံခြင်း၌ အဆင့် (၇) သို့ရောက်သွားခဲ့၏။

ဟူးးးး…။

ရုတ်တရက် ကျောက်ခဲ တစ်လုံးကိုကောက်ယူပြီး သတ်ဖြတ်ချင်စိတ်များဖြင့် ခပ်၀၀ငန်းများရှိရာသို့ အားဖြင့် ပစ်လိုက်သည်။ သူ့ကိုကြည့်ရသည်မှာ မကျေနပ်ချက်များအား ထုတ်ဖော်နေသည့်အလားပင်။

ထိုကျောက်ခဲ ရေမျက်နှာပြင်ကို ထိရာ လေးဘက်လေးရံလုံး ဂယက်ထသွားခဲ့သည်။ သို့သော် ၎င်းက ငန်းတစ်ကောင်ကိုမှ မထိချေ။

စုရှောင်ရှန် ၀မ်းနည်းစွာ သက်ပြင်းချလိုက်သည်။

ဘာပဲပြောပြော သူ လူတစ်ယောက်အား သတ်မိလိုက်ချေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset