အပိုင်း (၁၇) ထူးဆန်းသည့် ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ၀မ်ချောင်
မိုးချိန်းသံကဲ့သို့ ကျယ်လောင်သော လက်ခုပ်သံများ ပွဲကြည့်စင်ဘက်မှ ထွက်လာခဲ့သည်။ ပြောစရာပင်လိုချေ၊ ဤတိုက်ပွဲက အလွန်စိတ်လှုပ်ရှားဖွယ်ရာကောင်းပြီး အကွေ့အကောက်တွေနှင့် ပြည့်နေ၏။
စုရှောင်ရှန်တစ်ယောက် လျှိုကျန်း၏ အမှောင်ကပ်ပျက်လက်သီးကြောင့်ရှုံးတော့မည်ဟု သူတို့ထင်ထားသည့်အချိန် တကောင့်သားက လက်ညိုးတစ်ချောင်းဖြင့် တိုက်ပွဲ ရေချိန်ကို ပြောင်းပြန်လှန်လိုက်သည်။
နောက် အမှောင်ကပ်ပျက်လက်သီး၏ အမှောင်စွမ်းအင်များ ပေါက်ကွဲမှုကြောင့် စုရှောင်ရှန် ရှုံးတော့မည်ဟု သူတို့ထင်ထားချိန် ရုတ်တရက် ဒဏ်ရာကြောင့် ပျို့တက်လာသည့် သွေးများကို ငုံထားကာ လျှိုကျန်းသတိမထားမိသည့်အချိန် အခွင့်ကောင်းယူပြီး ထွေးထုတ်လိုက်ရာ လျှိုကျန်းအား အမြင်ကွယ်သွားစေခဲ့သည်။
ပို၍ စိတ်လှုပ်ရှားဖွယ်ကောင်းသည်မှာ သူတို့နှစ်ဦး လေထဲ၌ အရှိန်အဟုန်ပြင်းပြင်းဖြင့် လည်ပတ်သွားသည့်အချိန်ဖြစ်သည်။ ထိုအချိန်က စုရှောင်ရှန်၏ လှည့်ကွက်ကြောင့် လျှိုကျန်း မှင်သက်သွားရသည်သာမက ကြမ်းပြင်ပေါ်ကျခါနီး လျှိုကျန်းအား ခြေထောက်မှ ကိုင်ကာ ပြင်းပြင်းထန်ထန် ကြမ်းပြင်နှင့် ရိုက်လိုက်ခြင်းကို ကြည့်ခြင်းအားဖြင့် သူ၏ နပန်းစွမ်းရည်မည်မျှ ကျွမ်းကျင်ကြောင်းကို သိနိုင်သည်။
ဤကဲ့သို့သော ကြမ်းတမ်းသည့် တိုက်ပွဲကို ရင်ဆိုင်ခဲ့ရသည် စုရှောင်ရှန်လည်း သူ့တွင် [ခွန်အား] သာမရှိပါက သေသွားနိုင်လောက်သည်ဟု မှတ်ချက်ချလိုက်သည်။
အမှောင်ကပ်ပျက်လက်သီး၏ အမှောင်စွမ်းအင်များမှာ အလွန်ပင် ကြောက်မက်ဖွယ်ရာကောင်းလေသည်။ အရှုံးကို အနိုင်သို့ သူပြောင်းနိုင်ခဲ့သော်လည်း သူလည်း တိုက်နိုင်စွမ်းရည်အားလုံး ဆုံးရှူံးသွားခဲ့၏။
ကြီးကြပ်သူ ပြေးလာပြီး “မင်းအနားယူဖို့ လိုသေးလား” ဟုမေးလိုက်သည်။
“အင်း” စုရှောင်ရှန်လည်း ခေါင်းငြိမ့်ရင်း တုန့်ပြန်လိုက်သည်။
ကြီးကြပ်သူ အသက်ပြင်းပြင်းရှိုက်လိုက်ပြီး စုရှောင်ရှန် အောက်၌ ရှိနေသော လျှိုကျန်းကို လက်ညှိုးထိုးပြလိုက်သည်။ “သူလည်း အနားယူဖို့လိုတယ်”
လျှိုကျန်း သတိမေ့သွားခဲ့တာ အချိန်အနည်းငယ်ရှိခဲ့ပြီးဖြစ်သည်။ လျှိုကျန်း သတိမေ့သွားရခြင်း အကြောင်းအရင်းမှာ အမြင့်မှ ကြမ်းပြင်နှင့် အရိုက်ခံရ၍လော ဒေါသထွက်လွန်း၍လော မသိရပေ။
စုရှောင်ရှန် ရှက်ကိုးရှက်ကန်း ထရပ်လိုက်၏။ သူ့အောက်မှ လျှိုကျန်းလွတ်သောအခါ ချက်ချင်း ဆေးအကူများ အလျှင်အမြန်ပြေးလာပြီး လျှိုကျန်းကို သယ်သွားကြသည်။
“မင်း အစီအရင်ထဲသွားပြီးတော့ အနားမယူဘူးလား”
သူ့အား အကြီးအကျယ် လက်ခုပ်တီး၍ အားပေးနေသော လူအုပ်ကြီးကို စုရှောင်ရှန်ကြည့်လိုက်သည်။ ‘ဟာသပဲ’ စိတ်ထဲ၌ တွေးလိုက်သည်။ ‘ဘာလို့ အစီအရင်ထဲ ပြန်သွားနေတော့မှာ’
ထို့နောက် ကြီးကြပ်သူအား ခေါင်းရမ်းပြပြီး သူ့စိတ်ထဲမှ အသီပေးချက် ဖန်သားပြင်အား ကြည့်၏။
[အားပေးခံရပါသည်။ ပင်ကိုယ်မှတ် + ၂၄၂ ]
[ချီးမွန်းခံရပါသည်။။ ပင်ကိုယ်မှတ် + ၃၆၆ ]
သူ၏ အသိပေးချက် ဖန်သားပြင်က အဆက်မပြတ် အသစ်ဖြစ်ပေါ်လာနေခဲ့၏။ နာရီ၀က်အတွင်း ယခင် တိုက်ပွဲနှစ်ခုမှ အနာခံ ရခဲ့သော ပင်ကိုယ်မှတ်များကို ကျော်တက်သွားခဲ့သည်။
နောက် စုရှောင်ရှန် မထိန်းနိုင်ဘဲ ဖန်သားပြင်၏ အခြေကို ကြည့်လိုက်သည်။
[ပင်ကိုယ်မှတ် :၇၇၂၂]
တိရှင်းအယ်သူ့အား ပေးသည့် ပင်ကိုယ်မှတ်များအား ထည့်မတွက်လျှင်ပင် လျှိုကျန်းတစ်ယောက်တည်းဖြင့် (၂၀၀၀) ကျော်၏။
ထို့နောက် ကျန်အမှတ်များအား သူ့တိုက်ပွဲများပြီးနောက် သူ၏ ပုရိတ်သတ်များထံမှ ရခြင်းဖြစ်သည်။
ထို့ပြင် ထို ဂဏာန်းများက ဆက်တိုက် မြင့်လာနေ၏။
သူ၏ ပင်ကိုယ်မှတ်များအား ခဏထားလိုက်ပြီး စုရှောင်ရှန် သူ၏ ခန္ဓာကိုယ်ကို ဆန်းစစ်လိုက်သည်။
အနက်ရောင်စွမ်းအင်မျယး ပေါက်ကွဲခြင်းမှ ဒဏ်ရာ အပြင်းအထန် သူရလိုက်၏။ အနက်ရောင်စွမ်းအင်များပေါက်ကွဲပြီးနောက် အရာအားလုံးကို သူ့ စိတ်ဆန္ဒ တစ်ခုတည်းဖြင့် လုပ်ခဲ့သည် ဆို လျှင်လည်း မမှားချေ။
သူ့ခန္ဓာကိုယ်မှ တင်အားပျောက်ကွယ်သွားပြီး ပြန်လှုပ်လို့ရသွားသည်။ သို့သော် လက်တစ်ချောင်းမြှောက်ရာတွင်ပင် အလွန်နာကျင်ရ၏။
သို့သော် အလှည့်ကျ ထုတ်ပယ်ပွဲ၌ နောက်(၁) ကြိမ်ချရန် လိုသေးသည်။
စုရှောင်ရှန် အံကြိတ်လိုက်ပြီး ပုရိတ်သတ်ကို ကျောပေးကာ ချု့ယွင် ကွင်းပြင်၌ ထိုင်ချလိုက်သည်။
နောက် ဆေးပုလင်းတစ်လုံးအား ထုတ်ယူလိုက်၏။ ထိုဆေးပုလင်းမှာ အဖွဲ့လိုက်ပြိုင်ပွဲပြီးနောက် အကြီးအကဲကျောက်သူ့အား ပေးခဲ့သည့် ဆေးပုလင်းဖြစ်သည်။ ထိုအထဲတွင် အဆင့်(၁၀) ပြန်လည်ကောင်းမွန်ခြင်း စိတ်ဝိညာဉ်ဆေးလုံးဖြစ်သည့် ရွှေနီ ဆေးလုံးများပါရှိသည်။
“မဖြစ်မနေ မို့လို့ လုပ်သာရလုပ်ရတယ်”
စုရှောင်ရှောင်ကိုကြည့်ရသည်မှာ သေကြောင်းကြံစည်တော့မည့်သူနှင့် ဆင်တူသည်။ ရွှေနီဆေးလုံးတစ်လုံးကို သူထုတ်ယူပြီးညှင်ညှင်သာသာလေး ရှူသွင်းလိုက်သည်။ ယခင်တစ်ခေါက်ကဲ့သို့ အားဖြင့်မရှိုက်ရဲပါချေ။
ထိုအခိုက်အတန့်အတွင်း စုရှောင်ရှန် မိုးကြိုးအပစ်ခံရသည်ဟု ခံစားလိုက်ရသည်။ မျက်ဖြူလံသွားပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီ ဖြစ်လာခဲ့၏။
“အာာာာ… အ… ဝါး…” သူ့ပါးစပ်မှလည်း လူနားမလည်နိုင်သည့် အသံများထွက်လာခဲ့သည်။
ဤအချိန်၏၌ လူတိုင်း၏ အာရုံမှာ စုရှောင်ရှန်ထံတွင်ရှိနေခြင်းဖြစ်သည်။ ထို့ကြောင့် စုရှောင်ရှန် ရုတ်တရက် သူတို့ကို ကျောပေးနေရင်းမှ တုန်ရီလာသည်ကိုမြင်သော် စူးစမ်းလိုစိတ်ဖြင့် လည်ဆန့်ပြီးကြည့်လိုက်သည်။
“အဲ့တာ ဘာဖြစ်နေတာ”
“ကြည့်ရတာတော့ သူဆေးတစ်ခုခု စားလိုက်တာဖြစ်မယ်။ ဒါပေမယ့် လာဆေးမို့လို့ သူဒီလောက်ကြီးဖြစ်နေတာ”
“သူ့ အပြုအမူ ကိုကြည့်ရသလောက်တော့ တားမြစ်ဆေးတစ်ခုခုဖြစ်ရမယ်”
ထို့နောက် စုရှောင်ရှန် ပလက်လှန်လဲကျသွားသည်ကို မြင်လိုက်ရ၏။ ချု့ယွင်ကွင်းပြင်၌ သူ၏ ခန္ဓာကိုယ်က ကြယ်ပုံသဏ္ဌာန်ဖြစ်နေပြီး တစ်ချက်တစ်ချက် တွန့်၍ တွန့်၍ သွား၏။
“ဘုရား ဘုရား။ ဘာများစားလိုက်လို့ ဒီလောက် ဖြစ်နေတာတုန်း”
“ဒီကောင် အဲ့လို တွန့် တွန့် သွားတတ်တဲ့လူမျိုး ဖြစ်ပုံရတယ်”
သို့ဖြင့် ဆွေးနွေးသံများ ပွဲ့ကြည့်စင်တစ်လျှောက်ညံသွား၏။ ကမ္ဘာကြီးနှင့် အဆက်ပြတ်သွားသော စုရှောင်ရှန် ပင်ကိုယ်အများကြီး နောက်တစ်ကြိမ်ထပ်ရသွားပြန်၏။
စုရှောင်ရှန်၏ အဖြစ်ကြောင့် အနီးမှကြီးကြပ်သူတောင် လိပ်ပြာလွင့်မတတ် ထိတ်လန့်သွားခဲ့သည်။ “ဘာလဲဟ”
“ခုမှ လျှိုကျန်းကို သူတို့သယ်သွားတာ အခုမင်းကပါ ရုတ်တရက်ကြီး သတိမေ့သွားတယ်လား”
“ငါအသက်ကြီးပါပြီ။ ငါ့လို ကြီးကြပ်သူတစ်ယောက်ကို ခဏခဏ စိုးရိမ်ရအောင်မလုပ်ပါနဲ့တော့။ နှလုံးရောဂါရတော့မယ်”
ဆေးအကူအသင်း ချက်ခြင်းပြေးလာခဲ့၏။ ရင်ဘက်၌ ဖိအားပေးလိုက်ရင်း စုရှောင်ရှန်၏ လက်ကောက်၀တ်ကိုစမ်းကြည့်လိုက်သည်။
“ငါ… ငါ… ဘာမှ မဖြစ်ဘူး… အု” စုရှောင်ရှန်၏ ပါးစပ်၌ အမြှပ်များထွက် ပေါ်လာသည်။
“မင့်ပုံက အဆင်ပြေနေတဲ့ပုံပေါက်လို့လား” အနီးအနားမှ ကြီးကြပ်သူ ကျိန်ဆဲလုမတတ်ဖြစ်သွားသည်။
“မင်းနေလို့်မကောင်းရင်လည်း ငါ့ကိုပြော။ မဟုတ်ရင် မင့်ဒဏ်ရာတွေကို ပြိုင်ပွဲအတွင်းမှာ ငါလည်း ကုပေးလို့မရဘူး” စုရှောင်ရှန်တုန်ရီနေသည်ကို ရပ်သွားစေရန် သူ၏ ရင်ဘက်ကို ကြီးကြပ်သူ ဖိထားပေးလိုက်သည်။
စုရှောင်ရှန် တုန်တုန်ရီရီဖြင့် ထရပ်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်တွင် အားတစ်စက်မှ မရှိသည့်အတွက် မျက်ဖြူလှံပြီး ပြန်လဲကျသွား၏။
“မထိ… ကျုပ်ကို မထိနဲ့”
“ကျုပ်… ကျုပ် …မှာ ခံစားလို့အရမ်းလွယ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိတယ် … အူး…”
စုရှောင်ရှန် ဖျော့တော့တော့ ပြောလိုက်သည်။
ကြီးကြပ်သူ စွံ့အသွား၏။
တိတ်တဆိတ်သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး မသိသလို အဝေးသို့ ထွက်သွားလိုက်သည်။ ‘သူတကယ်ငါ့ကို မလိုတဲ့ပုံရတယ်…’
ပွဲကြည့်စင်မှ လူအုပ်ကြီး ဘာဖြစ်နေသနည်းကို ဆက်လက်၍ ဆွေးနွေးနေကြစဲဖြစ်သည်။ စုရှောင်ရှန်မှာ ပလက်လှန်လဲကျနေသည်ဖြစ်ရာ နှုတ်ခမ်းဖတ်တတ်သောသူအချို့ သူပြောနေသည်ကို အဓိပ္ပာယ်ပြန်ပြလိုက်၏။
အချင်းအရာကို သိသော် ပုရိသတ်များ ပွဲကျသွားသည်။
“သူ ကာမအားတိုးဆေး စားလိုက်တာပဲဖြစ်ရမယ်”
“ပြိုင်ပွဲအတွင်းမှာ အဲ့လိုဆေးတွေစားရဲတယ်တဲ့… စုရှောင်ရှန်လို့်ပြောရဘူး”
“တစ်ယောက်ယောက် သူ့ကို တစ်နေရာရာ ခေါ်သွားပြီး ဖြေပေးလိုက်ကြပါဟ”
“ငါတော့ သူသောက်လိုက်တဲ့ဆေးလုံးကို သေချာ ဆန်းစစ်ကြည့်ဖို့ ပြောချင်တယ်။ သူစားလိုက်တာ တားမြစ်ဆေးတစ်မျိုးမျိုး မဟုတ်ဘူးလို့ မပြောနိုင်ဘူး”
ဤသို့သော အဓိပ္ပာယ်ပြန်ပြမှုများက စုရှောင်ရှန်အား ပင်ကိုယ်မှတ် များစွာ ရသွားစေခဲ့၏။ ထိုထဲတွင် သံသယဖြစ်ခြင်း၊ လေးစားခြင်း၊ ကဲ့ရဲ့ခြင်းများ ရောပါနေကြသည်။
စုရှောင်ရှန်၏ သွေးကြောကို စမ်းနေသော ဆေးအကူ စုရှောင်ရှန်၏ လက်ကို လွှတ်လိုက်ပြီး တအံ့တအော မှတ်ချက်ပြုလိုက်သည်။ “သူတကယ် ဘာမှ မဖြစ်ဘူးဟ”
“ဘာကြီး” ယခုမှ ပြန်ရောက်လာသော ကြီးကြပ်သူ ၎င်းကို ကြားပြီး မှင်သက်သွားသည်။
“ကျွန်တော်… ကျွန်တော်လည်း မသိဘူး။ ကြည့်ရတာ သူစားလိုက်တဲ့ ဆေးလုံးက တကယ် စွမ်းပုံရတယ်။ သူ့ခန္ဓာကိုယ်တစ်ခုလုံး အလျှင်အမြန်ပြန်ကောင်းလာနေတာ အခုဆို ဒဏ်ရာတွေ လုံးလုံး ပျောက်တော့မယ်”
“ဟီးဟီး”
“ပြန်ကောင်းလုနီးပါးလို့ မင်းပြောလိုက်တာလား”
တဆတ်ဆတ် တွန့်နေသော စုရှောင်ရှန်ကို ကြီးကြပ်သူ လက်ညှိုးထိုပြလိုက်သည်။ “အဲ့တာလား ပြန်ကောင်း လာတဲ့ ပုံစံက။ ဘာကြောင့်လဲ”
ဆေးအကူလည်း တွေဝေသွားပြီး မသေချာသည့်ဟန်ဖြင့် ပြောလိုက်သည်။ “ရမက် ထင်တယ်”
ကြီးကြပ်သူ ၏ မျက်နှာမဲမှောင်သွား၏။
‘လခွီးကို ရမက်ပါလား’
‘မင်းတို့ကောင်တွေ တစ်ကောင်မှ သုံးစားမရဘူး’
စုရှောင်ရှန်၏ ဆုပ်ထား သော လက်ကို ဖွင့်လိုက်ရာ ရွှေနီဆေးလုံးတစ်လုံးကို တွေ့လိုက်ရသည်။
“ဒါကြောင့် ဒီလို ဖြစ်သွားတာလား”
ကြီးကြပ်သူ မျက်ခုံးပင့်သွားပြီး အနည်းငယ် တွေဝေနေပြီးနောက် ဆေးလုံးကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ဆေးအကူမှာ ဤအချင်းအရာကို မြင်သော် ငယ်သံ ပါမတတ် အော်ဟစ်လုနီးပါး ထိတ်လန့်သွားသည်။ “အဲ့တာ ဘာပါမှန်းမသိဘဲ စားလို့မရဘူးလေ”
“အေးဆေးပါ။ တစ်ခုခု မှားနေရင် စုရှောင်ရှန်လည်း စားရဲမှာမဟုတ်ဘူး။ ပြိုင်ပွဲမစခင် တားမြစ်ဆေးလို တစ်ခုခု ရှိလားဆိုတာ ဆန်းစစ်ကြည့်ဖို့ ကြီးကြပ်သူတစ်ယောက်အနေနဲ့ ငါ့မှာတာ၀န်ရှိတယ်”
ထို့နောက် ချက်ခြင်း တင်ပြင်ခွေထိုင်ချလိုက်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ဆေးအာနိသင်များကို ခန္ဓာကိုယ် စနစ် တစ်ခုလုံးရောက်အောင် တွန်းပို့လိုက်၏။
ပြီးနောက် သူ့မျက်လုံးများကို ပြန်ဖွင့်လိုက်သည်။
‘ဘာမှ ထူးဆန်းတဲ့ ပုံစံလည်းမရဘူး’
‘ဒါ တကယ်ပဲ သာမန် ရွှေနီဆေးလုံးပံလား’
လှုပ်နေတာမရပ်တော့သည့် စုရှောင်ရှန်ကြည့်လိုက်သော် ‘ငါတို့ စားလိုက်တာ တစ်ခုတည်းရော ဟုတ်ရဲ့လား’ ဟုအတွေး၀င်လာခဲ့၏။
‘ဒါမှ မဟုတ် တကယ်ပဲ သူပြောသလို သူ့မှာ ခံစားလွယ်တဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံရှိနေတာလား’
ရုတ်တရက် ဤသို့ တွေးမိပြီး သူ၏ တစ်ကိုယ်လုံး တုန်လှုပ်သွားသည်။ ဤအချင်းအရာကြောင့် သူ့အနားရှိ ဆေးအကူကို ပါ လန့်ဖျပ်သွားစေ၏။
သူတို့တစ်ဘက်ရှိ ကြမ်းပြင်ပေါ်၌ စုရှောင်ရှန် ဆက်၍ တုန်ရီနေပြီး ခဏကြာသော် တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာခဲ့သည်။ ယခင်တစ်ခေါက်က စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံး ကြောင့် ယခုတစ်ခါတော့ ပထမ တစ်ခါလောက် အဖြစ်မဆိုးတော့ချေ။
ထပ်လောင်းပြောရလျှင် ရွှေနီဆေးမှာ ဒဏ်ရာကုသေဆေး သက်သက်ချည်းဖြစ်သည်။ ထို့ကြောင့် နတ်ပြည်သို့တစ်ခေါက်သာ သူရောက်သွားပြီး အလျှင်အမြန် ပြန်ပြုတ်ကျလာခဲ့၏။
အသက်ရှူခြင်းနည်းစနစ်၏ ဘေးထွက်ဆိုးကျိုးမှာ အလွန်ပြင်းသည်မှန်သော်လည်း အကျိုး သက်ရောက်မှုက ထိုထက် ပြင်း၏။
‘ငါ နည်းနည်း နာနေတာကလွဲရင် လုံး၀ ပြန်ကောင်းလုနီးပါး ရှိသွားပြီပဲ’
အမှောင်ကပ်ပျက် လက်သီးမှ ချန်ခဲ့သော အမှောင်စွမ်းအင်များ ပေါက်ကွဲခြင်းသည် ပေါ့ပေါ့ တွက်လို့ရသည့် အရာမဟုတ် ချေ။ ထိုပေါက်ကွဲသွားသည့် အချိန်ကို ပြန်မြင်ယောင်မိသော် ကြက်သီးဖျင်းဖျင်းထသွားသည်။ ထိုတိုက်ပွဲ၌ စိတ်ဆန္ဒ တစ်ခုတည်းဖြင့် မည်သို့ တောင့်ခံနိုင်ခဲ့သည်ကို တွေးမရဖြစ်နေသည်။
‘ဟုတ်သား။ အဲ့ပွဲတုန်းက တောင့်ခံရုံက လွဲပြီး ငါလည်း ဘာမှ မှမလုပ်နိုင်လိုက်တာ…’
စုရှောင်ရှန် အားပြန်ဖြည့်ရှန် လှုပ်လှုပ်ရှားရှားပြုလိုက်သည်။ သူ့တွင် တိုက်ပွဲ (၁) ပွဲ ကျန်ရှိသေးသည်။ ယခု အနားယူ၍ မဖြစ်သေးချေ။
ရုတ်တရက် ကိုယ်လက်လေ့ကျင့်ခန်း ထလုပ်ရင်း တစ်ချက်ချက် တွန့် တွန့်သွားသည့် စုရှောင်ရှန်အား သံသယမျက်လုံးများဖြင့် ဒိုင်လူကြီးကြည့်လိုက်သည်။
‘ဒီတော့ ဒီကိစ္စက ဒီမှာတင် ပြီးပြီပေါ့’
စုရှောင်ရှန် အနည်းငယ် လှုပ်လှုပ်ရှားရှား ရှိပြီးနောက် သူ့ကို ချစ်သော ပုရိသတ်များဘက်သို့လှည့်ကာ လက်ပြလိုက်သည်။ သူ့အား စိုးရိမ်ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းပြသလိုက်ပြီး အသိပေးချက် ဖန်သားပြင်ကို ကြည့်လိုက်၏။
[ပင်ကိုယ်မှတ် : ၁၀၂၂၀]
ကတောက်* ပင်ကိုယ်မှတ် (၃၀၀၀) တောင်မှ တက်သွားတယ်။
“ဒါအချစ်စစ်ပဲ” စုရှောင်ရှန် ညာသံပေးလိုက်သည်။ ထို့နောက် တုန်တုန်ရီရီဖြင့် အစီအရင်အတွင်းသို့ ၀င်သွားလိုက်သည်။
ယနေ့အတွက် သူ့ခွဲတမ်းကို ရောက်ရှိပြီးဖြစ်သည်။ ကျော်တောင် ကျော်သွားနိုင်၏။
ကြီးကြပ်သူက သက်တော်စောင့်သဖွယ် သူ့နောက်မှ ကပ်လိုက်သွားပြီး “နောက် ပြိုင်ပွဲအတွက် အဆင်သင့်ဖြစ်ပြီလား” ဟု မေးလိုက်သည်။
“အလျင်းသင့်စရာမလိုပါဘူး။ ကျုပ် ခဏနားပြီး ခွန်အားပြန်စုလိုက်ဦးမယ်။ ဟုတ်ပြီလား”
စိတ်ဝီညာဉ်သလင်းကျောက်တစ်တုံး ထုတ်ယူပြီး စုရှောင်ရှန် ရှိုက်လိုက်သည်။ သူ့အကောင်းဆုံးအခြေသို့ အမြန်ဆုံးရောက်ရန် လိုအပ်သည်။
သူ့ကြည့်ရသည်မှာ အလွန်ကြမ်းတမ်းသော တိုက်ပွဲတစ်ခုကို ဖြတ်သန်း၍ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရသွားသည့်ပုံပေါက်သော်လည်း တကယ်က သူ့ ခွန်အား အပြည့်၏ ခြောက်ဆယ်၊ ခုနှစ်ဆယ် ရာခိုင်နှုန်းခန့်လောက် အသုံးပြုနိုင်သေးရာ အဆင်ပြေသည်ဟုပြောနိုင်သည်။
“ကောင်းပြီလေ” ကြီးကြပ်သူ နတ်ဆိုးသဖွယ်ရယ််လိုက်ရင်း “ပွဲစကြမယ် အနားယူချိန်စေ့ပြီ”
စုရှောင်ရှန် ကြီးကြပ်သူအား မယုံကြည်နိုင်စွာကြည့်လိုက်သည်။
‘ခင်းဗျား… ခွေးကြီး။ အချိန်စေ့လို့ ပွဲစတော့မယ်ဆိုလည်း ဘာလို့ လာပြီး လေပေါနေတာလဲ။ လူတွေကို မျှော်လင့်ချက်တွေပေးပြီး ရိုက်ချိုးပြတာ။ ခင်ဗျား ဘာကောင်ကြီးလဲ’
ကြီးကြပ်သူ ရွှင်ပြနေသည့်ဟန်ဖြင့် အစီအရင်ကျောက်စိမ်းများကို ထုတ်ယူကာ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းလိုက်သည်။ သူ၏ မျက်နှာထက်၌ အောင်နိုင်သော အပြုံးမျိုးရှိနေ၏။
ဖန်သားပြင်တောက်ပသွားပြီး နာမည်တစ်ခု ပေါ်လာ လေသည်။
“၀မ်ချောင်”
စုရှောင်ရှန် ကြီးကြပ်သူအား မှင်သက်စွာ ကြည့်လိုက်သည်။ ‘၀မ်ချောင်မှလာကျတယ်’
‘ခင်ဗျား လက်သည် တရားခံမလား’
သူ့လက်နှစ်ဖက်ကို သူလုပ်သည်မဟုတ်ကြောင်း ပြောလိုက်သည့်အလား ဒိုင်လူကြီး မြှောက်လိုက်သည်။ သူ့မျက်နှာထက်၌လည်း အပြစ်ကင်းဟန်ရသော အကြည့်မျိုး ရှိနေ၏။
ချက်ခြင်းပဲ ပွဲကြည့်စင်၌ ပွဲဆူသွားသည်။ ရုတ်တရက် မထင်မှတ်ထားစွာ ပေါ်လာသော ထိုနာမည်ကြောင့် သူတို့ ရုတ်ရုတ်သဲသဲဖြစ်သွား၏။
“ဘုရားရေ ၀မ်ချောင်မှ တည့်တည့်ကြီးကျရော”
“အဲ့ဒီစုရှောင်ရှန် အတော် သနားစရာကောင်းတာပဲ။ ဒီနောက်ကွယ်မှာ ကြိုးကိုင်တဲ့ တစ်စုံ တစ်ယောက် ရှိကို ရှိနေရမယ်”
“ဟုတ်တယ်။ ကြည့်လေ သူအခုပဲ သေရေးရှင်ရေး တိုက်ပွဲတစ်ခုကို ဖြတ်သန်းထားရတာ။ အနားယူချိန်တောင် ကောင်းကောင်းမရသေးဘူး အခြား ပြိုင်ကွင်းဘုရင်တစ်ယောက် ဖြစ်လာနိုင်တဲ့ ဆရာကြီးနဲ့ တည့်တိုးတာပဲ”
“ခု ပြိုင်မဲ့တစ်ယောက်က အဲ့လောက်ကြမ်းတယ်ဟုတ်လား” အချို့လူများ စိတ်လှုပ်ရှားသွားကြသည်။ သို့သော် အဘယ်ကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ရသည်ကို မသိသည့် သူများလည်း ရှိနေသေး၏။
“ဘာလဲ ဘာဖြစ်နေကြတာလဲ ပြောပြကြပါဟ”
“မင်း ပြိုင်ကွင်း(၂) က အဖွဲ့လိုက်ပြိုင်ပွဲကို မကြည့်လိုက်ဘူးလား။ ထားပါ။ ပြောရရင် သခင်လေး ၀မ်လည်း ကံဆိုးပြီး ကျောက်ချင်းထန်နဲ့ အဖွဲ့လိုက်ပြိုင်ပွဲမှာ တစ်ဖွဲ့တည်းသွားကျတယ်လေ။ အဲ့တာနဲ့ သူလည်း ကျောက်ချင်းထန် အနိုင်ယူတာခံလိုက်ရပြီး ဒုတိယ နေရာ ရသွားရော”
“အဲ့တော ဘာဖြစ်လဲ။ စုရှောင်ရှန်က ပြိုင်ကွင်းဘုရင်တစ်ယောက်ပဲလေ”
“ပြိုင်ကွင်းဘုရင် ဖြစ်လာတဲ့ ကျောက်ချင်းထန်က စစ်မှန်ခြင်းနယ်နယ် အဆင့် ကျင့်ကြံသူတစ်ယောက်”
“သူ့နောက်က ဒုတိယ ရသွားတဲ့ သခင်လေး ၀မ်က စစ်မှန်ခြင်းနယ်ပယ်ကို ခြေတစ်၀က် လှမ်းထားတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုပါတော့”
“ဝိုး… အဲ့လောက်ကြမ်းတယ်ပေါ့”
“ဟီးဟီး အဲ့လောက်ပဲထင်လား။ မဟုတ်ဘူးနော်။ ရှိသေးတယ်။ ပြောရရင် သခင်လေးက ၀မ်ရဲ့ အဓိက ရန်သူက ဘယ်သူလို့ထင်လဲ”
“ချီး ပြောပါဟ”
“စုရှောင်ရှန်ပဲ”
ထို ရှင်းပြနေသောသူက ဝေ့လည်ကြောင်ပတ်ဖြင့် နားထောင်နေသည့်သူများ၏ အာရုံကို မရ မက ဖမ်းစားထား၏။
“ချီး။ ဒဲ့ပြောစမ်းပါဟ ဘာလို့ စုရှောင်ရှန်က သူ့ ပင်မ ရန်သူ ဖြစ်သွားတာလဲ။ လုပ်ပါဟ” သူ့စကားကို နားထောင်နေသည့်သူများ စိတ်မရှည်ဖြစ်လာကြသည်။
“မင်းတို့ လျှိုကျန်းကို မှတ်မိမယ်ထင်တယ်။ စုရှောင်ရှန်ကို ပေါက်ကွဲလုနီးပါး လုပ်လိုက်တဲ့ တစ်ယောက်လေ”
“သိတယ်လေ ဘာဖြစ်လို့လဲ”
“သူက ၀မ်ချောင်ရဲ့ လက်ပါးစေပဲ”
“ဝိုး…” လူအုပ်ကြီး အသက်ပြင်းပြင်းရှိုက်လိုက်ကြသည်။
“အဲ့တာပဲမဟုတ်သေးဘူး” ထိုရှင်းပြနေသည့်လူ၏ မျက်နှာထက်တွင် ဂုဏ်ယူနေသော ဟန်ပန်ဖြင့် ဆက်၍ “မင်းတို့ တိရှင်းအယ်ကိုရော မှတ်မိတယ်မလား။ စုရှောင်ရှန် ဓားနဲ့ ပုတ်လိုက် ထိလိုက် လုပ်ခဲ့တဲ့ တစ်ယောက်လေ”
“အေး အေး”
လူတိုင်းအား အံ့ဩဘနန်း ဖြစ်သွားစေမည့် သတင်းကို ထိုသူ ထုတ်ဖော်ပြောကြားလိုက်သည်။
“အေး အဲ့ဒီ တိရှင်းအယ်က ၀မ်ချောင် မရမက လိုက်နေတဲ့ သူရဲ့ နတ်ဘုရားမလေးပဲကွ”
“လခွမ်း”
“နက်ရှိုင်းလိုက်တာ”
“စုရှောင်ရှန်တော့ သွားပြီ။ ငါပြောရဲတယ်”