Switch Mode

Chapter – 16

အမှောင်ကပ်ပျက်ခြင်း လက်သီး၊ စုရှောင်ရှန် vs လျှိုကျန်း

အပိုင်း (၁၆) အမှောင်ကပ်ပျက်ခြင်း လက်သီး၊ စုရှောင်ရှန် vs လျှိုကျန်း

သူ့ခြေထောက်အား ဖက်တွယ်ထားသော ပြိုင်ပွဲ၀င်အား ဘာမှမလုပ်နိုင်သဖြင့် ကြီးကြပ်သူ မျက်နှာသေကြီးဖြင့်ကြည့်နေ၏။ ထို့နောက် စိတ်လျော့လိုက်ပြီး လက်‌ ဝှေ့ယမ်းကာ “အသင့်ပြင်… စ” ဟု အချက်ပေးလိုက်သည်။

စုရှောင်ရှန်၏ ပါးစပ် အဟောင်းသားဖြင့် လက်‌သီးချီမြှောက်ပြီး ကြီးကြပ်သူစီသို့ ပြေးလာသော လျှိုကျန်းကိုကြည့်လိုက်သည်။

ပွဲစပြီးဖြစ်တာကြောင့် ကြီးကြပ်သူကို ဆက်လက်ဖက်တွယ်ထားပါက တရားမ၀င် ဖြစ်တော့မည် ဖြစ်သောကြောင့် ချက်ချင်း စုရှောင်ရှန် ကြီးကြပ်သူ၏ ခြေထောက်ကို လွှတ်လိုက်၏။

ထို့နောက် စိတ်ကိုစုစည်းလိုက်သည်။ အဆင့်(၁၀) ကျင့်ကြံသူဖြင့် တိုက်ခိုက်ရာတွင် သတိကြီးကြီးထားရပေမည်။

လျှိုကျန်းမှာ အဖွဲ့လိုက်ပြိုင်ပွဲမှ အခြား ပြိုင်ပွဲ၀င်များကဲ့သို့ အားမနည်းပါချေ။ အဆင့်(၁၀) ဟူသည် စစ်မှန်ခြင်းအဆင့်သို့ ခြေတစ်၀က်လှမ်းနေပြီးဖြစ်သည်။ ဤအချက်ကြောင့် ဤ တိုက်ပွဲအား ပေါ့ပျက်ပျက် မှတ်ယူလို့မရပေ။

စုရှောင်ရှန်အလျင်အမြန် ပြန်ချရန် ပြင်လိုက်သောအချိန်တွင် အနက်ရောင် တောက်ပနေသော လက်သီးများ သူ့ထံသို့ မိုးရေစက်များအလား ကျလာပြီဖြစ်သည်။ ထို့နောက် လက်သီးတစ်ချက်မှကို မကာကွယ်နိုင်လိုက်ပဲ သူ့ခန္ဓာကိုယ် နှင့် အဆက်မပြတ် မိတ်ဆက်သွားခြင်းကို ကြည့် နေလိုက်ရ၏။ သို့ဖြင့် စုရှောင်ရှန် မှ သဲအိတ် အဖြစ်သို့ ပြောင်းသွားလေသည်။

ဘုန်း ဘုန်း

ထိုရင်းနှီးသော အသံကိုကြားလိုက်ရသောအခါ ပွဲကြည့်စင်မှ ပုရိသတ်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“သူပေါ်လာပြီ။ သဲအိတ် စု ပေါ်လာပြီ”

“ငါထင်‌တာတော့ သူကျပ်မပြည့်ဘူးထင်တယ်။ စဉ်းစားကြည့်လေ။ အမြဲပဲ သူနပန်းလုံးချင်နေတာ။ နပန်းလုံးပြန်တော့လည်း သူကိုထိုးရတယ်မရှိဘူး။ သူ့မျက်နှာနဲ့ ပြိုင်ဘက်ရဲ့ လက်သီးတွေပဲ အဆက်မပြတ် မိတ်ဆက်သွားရော”

“အေး ဟုတ်တယ်။ ပြီးတော့ စုရှောင်ရှန်ကိုကြည့်ရတာ ဘာ လက်သီး နည်းစနစ်မှ တကယ် သိတဲ့ပုံမပေါ်ဘူး။ ဒီအခြေအနေမှာဆို လျှိုကျန်းက သူ့ထက် ကြမ်းနေပြီ”

စုရှောင်ရှန်လည်း အခြေအနေမဟန်တာကို သတိထားမိသွားသည်။ လျှိုကျန်း ဤတစ်ကြိမ် အတည်ပေါက် ချနေခြင်းဖြစ်သည်။ သို့ဖြင့် သူ့အပေါ်ထိုးချက်များဆက်တိုက်ကျလာခဲ့သည်။ သူ့ခန္ဓာကိုယ်ပင် အက်ကွဲမတတ်ခံစားနေရ၏။

‘ဒါဘယ်လို လက်သီး နည်းစနစ်ကြီးလဲဟ’ တွေးလိုက်သည်။

‘စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်နဲ့တောင် နာတာ စိမ့် နေတာပဲ ‘

စုရှောင်ရှန်သူ၏ အဓိက နေရာများကိုသာ ကာကွယ်နိုင်လိုက်ပြီး ကျန်လက်သီးချက်များ သူ့ကိုယ်ပေါ်သို့ အဆက်မပြတ်ကျ သွားစေခဲ့သည်။ တစ်ချိန်တည်းမှာပဲ လျှိုကျန်းက တစ်လှမ်းခြင်း ရှေ့တက်ရင်း သူက တစ်လှမ်းခြင်း နောက်ဆုတ်သွားခဲ့၏။

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂]

[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂]

‘ဘာကြီးလဲဟ’ စုရှောင်ရှန် ထိတ်လန့်သွားသည်။

‘လက်သီးချက်တိုင်းအတွက် ပင်ကိုယ်မှတ် (၂) မှတ်ရနေပါလား။ အဓိပ္ပာယ်မရှိလိုက်တာ’

သူ အထိုးခံရလေလေ စုရှောင်ရှန် ပို၍ လန့်ဖျပ်လာလေလေဖြစ်သည်။ အသိပေးချက် ဖန်သားပြင် ဘယ်သောအခါမှ အမှားမလုပ်ဖူးချေ။ ယခု လျှိုကျန်း၏ လက်သီးနည်းစနစ်က ဘယ်သောမှ မဆုံးတော့သည့်အလား ဆက်တိုက်ကျလာနေရုံမက အချက်တိုင်းက (၂)ဆ အထိနာ‌နေ၏။

သူ့ခန္ဓာကိုယ်အား ဆန်းစစ်ကြည့်သောအခါ လျှိုကျန်းထိုး‌လိုက်သည့်နေရာတိုင်းတွင် အနက်ရောင်လိုလို စွမ်းအင် အပိုင်းအစများ ကျန်နေခဲ့သည်ကို တွေ့လိုက်ရသည်။

အလွန် ထူးဆန်းသည့် နည်းစနစ်ပင်။

ဤစွမ်းအင်များဘာလုပ်နိုင်သည် သူမသိသော်လည်း လျှိုကျန်း ရည်ရွယ်ချက်ရှိရှိ ထားခဲ့ခြင်းကိုကြည့်လျှင် သူ့အတွက် ကောင်းတာ တစ်ခုခုတော့ မဖြစ်နိုင်ချေ။

ပြိုင်ကွင်းအစွန်းသို့ သူတဖြည်းဖြည်း ရောက်လာသည်ကိုသတိထားမိ‌သော် စုရှောင်ရှန် စတင်၍ စိုးရိမ်စပြုလာခဲ့သည်။

ဤတစ်ခေါက်တော့ သတိမမူမိသည့်အတွက် သူခံလိုက်ရ၏။

ယခု ဓားထုတ်ပြီး ပြန်ချကာမှ သူ့အတွက် အသက်ရှူချောင်ပေလိမ့်မည်။ သို့သော် ဤ အဆက်မပြတ် ကျလာသော လက်သီးချက်များကြောင့် သူ့ဓားကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူ၍ မရဖြစ်နေသည်။

“လျှိုကျန်း ငါ့ကိုလည်း ပြန်ချခွင့်ပေးဦးဟ” စုရှောင်ရှန် ရိုးရိုးသားသား ပြောလိုက်သည်။

သို့သော် လျှိုကျန်း ဘာမှ ပြန်မပြောဘဲ စုရှောင်ရှန်ကိုသာ ပို၍ ပြင်းပြင်းထန်ထန် ထိုးလိုက်၏။ အဖွဲ့လိုက်ပြိုင်ပွဲ၌ စုရှောင်ရှန်အား တစ်ချိန်လုံး ဘေးမှ ထိုင်ကြည့်နေခဲ့သည်ဖြစ်ရာ သူထံတွင် ထူးထူးဆန်းဆန်း နည်းစနစ်များစွာရှိကြောင်းကို သူသိသည်။ သို့ဖြစ်ပါ၍ စုရှောင်ရှန်အား အဘယ်ကြောင့် အခွင့်အရေးပေးရမည်နည်း။

“ငါ စိတ်တိုလာအောင် မလုပ်နဲ့နော်” စုရှောင်ရှန် ခက်ထန်စွာ ပြောလိုက်သည်။

ပြိုင်ကွင်းပေါ်မှ ပြုတ်ကျရန် ခြေလှမ်းအနည်းငယ်သာ လိုတော့၏။

လျှိုကျန်း သူ၏ စကားများကို လစ်လျူရှူထားသည်။ သူ၏ လက်သီးချက်များမှာ လေကိုဖြတ်သန်း၍ ၎င်းကိုပင် တုန်ခါ‌သွားစေပြီး စုရှောင်ရှန်၏ ကိုယ်ပေါ်သို့ ဆက်တိုက်ကျနေခဲ့၏။

စုရှောင်ရှန် မခံနိုင်တော့ပေ။ ထို ဒေါသတပြင်းကျလာနေသည့် လက်သီးချက်များအကြားမှ လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် စိတ်ဝိညာဉ်စွမ်းအင်များအား စုစည်းပြီး အရှေ့တည့်တည့်ကို ထိုးလိုက်သည်။

[ချွန်ထက်ခြင်း] သူ့စိတ်ထဲမှ တွေးလိုက်သည်။

‘ငါမင်းကို သေသွားအောင်ထိုးပစ်မယ်ကွ’

‘ရတယ်လေ။ မင်းငါ့ကို ထိုးနေတဲ့အချိန် ငါမင်းကို ပြန်ထိုးလို့မရလည်း ကိစ္စမရှိဘူး။ ငါ့ကိုထိုးတဲ့ မင်းလက်တွေ သွေးထွက်သွားအောင်လုပ်ပစ်မယ်။ ထိုးရဲရင် ထိုးကြည့်လိုက်စမ်း’

အားးးးးးးး

အမှန်ပင်။ နောက်တစ်စက္ကန့်အတွင်း စုရှောင်ရှန်အား ထိုးနေသည့် လျှိုကျန်း ရုတ်ရက် ထအော်လိုက်ပြီး အကွာအဝေး တစ်ခုအထိ ချက်ချင်း ဆုတ်သွားလိုက်သည်။

စုရှောင်ရှန်အား စက်သေနတ်ပစ်သလို လက်သီးထိုးနေမှတော့ တစ်ချက်ချက်က စုရှောင်ရှန်၏ ဓားမြှောင်လို လက်ချောင်းများအပေါ် ကျမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ဤသို့သော အခြေအနေကို မမျှော်လင့်ထားခဲ့သည့် လျှိုကျန်း စုရှောင်ရှန်၏ ထောင်ချောက်ထဲကျသွားသည်။ သူ၏ လက်သီးများ ပေါက်ကွဲထွက်မတတ် နာကျင်သွား၏။

ကံကောင်းစွာဖြင့် ယခင်က သူ၏ ခန္ဓာကိုယ်ကို လေ့ကျင့်ထားခဲ့ခြင်းပေ။ သူ့ခန္ဓာကိုယ်ကို စုရှောင်ရှန်ကဲ့သို့ စစ်မှန်ခြင်းအဆင့်ထိ မလေ့ကျင့်ခဲ့သော်လည်း သာမန်လူများထက်တော့ အဆပေါင်းများစွာ ပို၍ သန်မာလေသည်။ သို့မဟုတ်ပါက စုရှောင်ရှန်၏ လက်ချောင်းများကြောင့် သူ့လက်သုံးမရဖြစ်သွားနိုင်သည်။

“ဘယ်လို ဖြစ်နိုင်မှာလဲဟ”

လျှိုကျန်း အံ့သားသင့်နေသော မျက်လုံးများဖြင့် စုရှောင်ရှန်ကို ကြည့်လိုက်သည်။ စုရှောင်ရှန်မည်သည့် နည်းစနစ်မှ အသုံးပြုခြင်းအား သူမတွေ့လိုက်ချေ။ သို့မဟုတ်ပါက ထိုလက်သီးချက်များအကြား စုရှောင်ရှန် ဓားမြှောင်တစ်ချောင်းထုတ်၍ သူ့ကို ထိုးလိုက်သည်လော။

နောက် စုရှောင်ရှန်၏ ကောက်ကွေးသွားသော လက်ချောင်းအချို့၌ သွေးများဖြင့် ပေနေကြောင်းတွေ့လိုက်ရသည်။

သူ၏ အမှောင်ကပ်ပျက်လက်သီးမှာ အနက်ရောင်စွမ်းအင်ဖြင့် (၂) ဆပြင်းအောင်ထိုးနေခြင်းဖြစ်သည်။ သို့‌ရာ စုရှောင်ရှန်၏ ခန္ဓာကိုယ်အား ဤ သာမန်လက်သီးချက်များဖြင့် သွေးထွက်‌ အောင်လုပ်နိုင်ခြင်းမှာ အိပ်မက်သာဖြစ်သည်။ သို့ဆိုလျှင် စုရှောင်ရှန်လက်မှ သွေးများသည့် သူ့သွေးများပေလော။

‘ဒါဆိုရင် ဒီကောင် ငါ့အမှောင်ကပ်ပျက်လက်သီးကို လက်ချောင်းတွေနဲ့ ပြန် ခံချလိုက်တာပေါ့’ ထိုသို့တွေးမိရာ ကြက်သီးများ ဖျင်းဖျင်းထသွားသည်။

‘ဘယ်လို ဖြစ်နိုင်မှာလဲဟ သူနည်းစနစ် တစ်ခုခုသုံးနေတာဖြစ်ရမယ်’

“အဲ့တာ ဘာ နည်းစနစ်လဲ” လျှိုကျန်း မေးလိုက်သည်။ သူ၏ လက်သီးချက်များကို ဤကဲ့သို့ ပြန်တိုက်နိုင်သည့် တိုက်ခိုက်မှုမျိုးကို သိချင်စိတ်က သူ၏ လက်စားချေစိတ်ကို ဖုံးလွှမ်းသွားခဲ့၏။

လျှိုကျန်း၏ လက်သီးချက်များကြောင့် စုရှောင်ရှန်တစ်ယောက် ကွင်းအစွန်းနားထိရောက်နေခဲ့ပြီးဖြစ်သည်။ ထို့ပြင် သူ့လက်ချောင်းများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့ရာ လက်ချောင်းအချို့ပင် သုံးမရ ဖြစ်သည့် အခြေအနေသို့ ရောက်လုနီးပါးဖြစ်သွားသည်။ ‌ကံကောင်းထောက်မစွာဖြင့် ဤသို့သော ကပ်ကို သူကျော်နိုင်လိုက်သည်။

ကောက်သွားသောသူ၏ လက်ချောင်းများကို ပြန်တည့်လိုက်ရင်း လျှိုကျန်းကို မကြည့်ပဲ ပြောလိုက်သည် “ချွန်ထက်ခြင်း”

[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁ ]

စုရှောင်ရှန်စွံ့အသွားသည်။

‘မင်းမယုံဘူးဆိုရင်လည်း ဘာလို့ ငါ့ကိုမေးနေသေးတာလဲ’

‘မမေးဘဲ နေလိုက်ရင် အကောင်းသား’

ပွဲကြည့်စင်မှ လူအတော်များများ မတ်တပ်ထရပ်ကုန်ကြ၏။ ဖြစ်ပျက်သွားသော ဤအချင်းအရာကို သူတို့ မယုံကြည်နိုင်စွာ ကြည့်လိုက်ကြသည်။

“အဲ့ဒီ အခြေအနေထဲကနေ စုရှောင်ရှန် ဘယ်လို ထွက်သွားတာလဲဟ။ ပြီးတော့ ဘာလို့ လျှိုကျန်း ရုတ်တရက် ရပ်လိုက်တာလဲ။ ငါနားမလည်နိုင်တော့ဘူး”

“စုရှောင်ရှန်ရဲ့ လက်ကိုကြည့်လိုက်။ သွေးတွေ ပေနေတယ်။ မဟုတ်မှလွဲရော အဲ့တာ လျှိုကျန်းရဲ့‌ သွေးတွေလားမသိဘူး”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်း လျှိုကျန်းရဲ့ နည်းစနစ်ကို မတွေ့ဘူးလား။ အဲ့တာ စစ်မှန်ခြင်းနယ်ပယ် အမှောင်ကပ်ပျက်လက်သီးပဲကွ။ အဲ့လို နည်းစနစ်တစ်ခုကို လက်ချောင်းလေးတွေနဲ့ စုရှောင်ရှန်ဘယ်လို တန်ပြန်တိုက်ခိုက်နိုင်မှာ။ ယုတ်တိမှ မရှိတာ”

“ဘာ စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ် နည်းစနစ် ဟုတ်လား”

တစ်စုံတစ်ယောက် လျှိုကျန်း၏ နည်းစနစ်ကို အမျိုးအမည် ခွဲခြားနိုင်လိုက်သည်။ ထိုသူ၏ စကားကိုကြားသော လူတိုင်း အံ့ဩဘနန်း ဖြစ်သွားကြ၏။

စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ် နည်းစနစ်ဟူသည် အလွန်တရာ ကံကောင်းသောသူမှသာ ရရှိနိုင်သော သာမန်လူတို့နှင့် မသက်ဆိုင်သည့်အရာဖြစ်သည်။ အဘယ်ကြောင့် အပြင်စည်းဂိုဏ်းသားတစ်ယောက်ထံတွင် စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ်နည်းစနစ် ရှိနေရပါသနည်း။

ကံကောင်းပြီး အဆိုပါ နည်းစနစ်ကို ရခဲ့သည်ထား လျှိုကျန်း ၎င်းကို မည်သို့ တတ်မြောက်အောင် လေ့ကျင့်နိုင်ခဲပါသနည်း။

စုရှောင်ရှန်လည်း လျှိုကျန်း၏ နည်းစနစ်သည် အဆင့်မြင့် နည်းစနစ်တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း သိသည်။ သို့မဟုတ်ပါက သူ့ခန္ဓာကိုယ်အား အဘယ်သို့ ဤမျှ နာကျင်အောင် ထိုးနိုင်မည်နည်း။

လျှိုကျန်း၏ လက်သီးချက်တိုင်းက အဖွဲ့လိုက်ပြိုင်ပွဲ၌ သူခံစားခဲ့ရသည့် လက်သီးချက်များထက် အဆပေါင်းများစွာ ပို၍ ပြင်း၏။

၎င်းက သူ့‌ကိုယ်ပေါ်တွင်ရှိသော အနက်ရောင် စွမ်းအင်များအား ထည့်မတွက်သေးပါချေ။

ဤစွမ်းအင်အား ဖယ်ရှား၍ မရသည့်အတွက် စုရှောင်ရှန် ထိတ်ထိတ်ပျာပျာဖြစ်သွားသည်။ ဤစွမ်းအင်များက အဓိက ‌အခြေအနေ၌ သူ့အား နောက်ကျောမှ ဓားဖြင့်ထိုးလိမ့်မည်ဖြစ်ကြောင်း သူသိသည်။ သို့သော် ကံကောင်းစွာဖြင့် သူ့တွင် အသိပေးချက် ဖန်သားပြင်ရှိနေ၏။ သို့မဟုတ်ပါက သူမည်သို့ ရှုံးနိမ့်သွားကြောင်းကိုပင် သိလိုက်မည်မဟုတ်ချေ။

လျှိုကျန်းနောက်တစ်ကြိမ် သူ့ထံ ပြေး၀င်လာသည်ကို တွေ့သောအခါ စုရှောင်ရှန် အလျှင်အမြန် တိုက်ခိုက်သည့် ပုံစံပြောင်းလိုက်သည်။ သစ်သားဓားအားထုတ်ယူလိုက်ပြီး “ကျင့်ကြံသူတစ်ယောက်ဆိုတာ လက်မပါဘူး။ စကားနဲ့ပဲ ဖြေရှင်းတာ။ ငါတို့ လက်သီးတွေနဲ့ မချတော့ဘဲ သစ်သား ဓားတွေနဲ့ ချရအောင်လေ။ ဘယ်လိုလဲ”

လျှိုကျန်း၏ လက်သီးချက်များကြောင့် ပင်ကိုယ်မှတ်များ အများကြီး ရသည်မှန်သော်လည်း ဤသို့ဆက်သွားလျှင် သူ့ခန္ဓာကိုယ်လည်း တောင့်ခံနိုင်တော့မည်မဟုတ်ချေ။ ထို့ကြောင့် ဤအပိုင်းတွင် သူ ပိုအားနည်းကြောင်း ၀န်ခံလိုက်သည်။

ဒိုင်လူကြီး မှင်သက်သွားသည်။ မင်းအရင်ပွဲက ပြောခဲ့တာ ဒီလိုမဟုတ်ပါဘူး။ ခုတော့ ဘယ်ရောက်သွားတာလဲ။ စားလိုက်တာလား။

ဤအချင်းအရာကြောင့် ပုရိသတ်များပွဲကျသွားပြီး ကိုယ့်ပေါင်ကိုယ် ရိုက်လိုက်ကြ၏။

“ငါ မခံနိုင်တော့ဘူး။ အဲ့ဒီ စုရှောင်ရှန် က တကယ် ရယ်ရတယ်”

“အခု လက်သီးခြင်း ယှဉ်ထိုးလို့ မနိုင်တော့မှ အရင်ပွဲက ‘ကျင့်ကြံသူဆိုတာ ဓားနဲ့ မဖြေရှင်းဘူး လက်သီးနဲ့ပဲ ဖြေရှင်းတယ်’ ဆိုတဲ့ သူ့စကားကို သူမေ့သွားတာလား”

“ဟားဟားဟား… စုရှောင်ရှန် ဟာသအရမ်းလုပ်တယ်ကွာ။ ငါမရယ်ဘဲ မနေနိုင်တော့ဘူး”

‘ဘုန်း’ ဟူသည့်မြည်သံဖြင့် စိတ်ဝိညာဉ်စွမ်းအင်များ ကြမ်းပြင်ပေါ်မှ ပေါက်ကွဲထွက်သွားပြီး လျှိုကျန်းကို အရှေ့သို့ တစ်ဟုန်ထိုး တွန်းပို့လိုက်သည်။ ချက်ခြင်းဘဲ လက်သီးချက်များစွာ စုရှောင်ရှန်ထံ ဦးတည်၍ ကျလာခဲ့၏။

“ချီး။ မင်း ငါပြောတာမကြားဘူးလားဟ”

စုရှောင်ရှန်ချက်ခြင်း သစ်သားဓားကို လွှင့်ပစ်လိုက်ပြီး တိတ်တခိုး နာကျင်ခြင်းကို ထုတ်ယူလိုက်သည်။ သူဆက်၍ မဖုံးကွယ်နိုင်တော့ချေ။ မဟုတ်လျှင် လျှိုကျန်းကြောင့် ပြိုင်ကွင်းပေါ်မှ တကယ် ပြုတ်ကျသွားပေလိမ့်မည်။

“မင်းကံဆိုးတာက ငါ့မှာ ဝှက်ဖဲရှိ‌ နေတာပဲကွ”

“လေလွင့်တိမ်တိုက်”

လေထုအတွင်း ဓားကို အလျားလိုက် ခုတ်ကျလိုက်သည်။ ဓားစွမ်းအင်တစ်ခု ပေါ်လာပြီး အရှိန်အဟုန်ပြင်းပြင်းဖြင့် တိုး၀င်သွားရာ ပတ်၀န်းကျင်ရှိ ဖုန်များကိုပါ သယ်ဆောင်သွားခဲ့၏။ ပွဲကြည့်စင်မှ ပုရိတ်သတ် အချို့ပင် ဤ မြင်ကွင်းအားမြင်သော် ဒူးထောက်ကျသွားကြသည်။ သူတို့အားလုံး မျက်တောင်မခတ်ဘဲ ကြည့်နေကြ၏။

“အမှောင်ကပ်ဘေး အသက်၀င်စမ်း”

တွေးစရာပင်မလိုချေ။ စုရှောင်ရှန်သူ၏ ဝှက်ဖဲကို ထုတ်သုံးလိုက်ကြောင်း လျှိုကျန်း သိလိုက်သည်။ ‌ထိုဓားချက်၏ အရှိန်အဟုန်ကြောင့် လေထဲလွင့်သွားသော လျှိုကျန်း ခက်ခက်ခဲခဲ ထူးဆန်းသော လက်ကွက်များ လုပ်လိုက်သည်။ စုရှောင်ရှန်၏ ကိုယ်ပေါ် ရှိ အနက်ရောင်စွမ်းအင်များ ချက်ခြင်း ထောင်နှင့်ချီ‌အောင်ပေါက်ကွဲသွားသည်။

ဘုန်း

စုရှောင်ရှန် သွေးပွက်ပွက်အန်သွားသည်။ မျက်လုံးအိမ်များမှ မျက်လုံးများ ပြုတ်ထွက်မတတ် ပြူးကျယ်သွား၏။ သူ့ကိုယ်ပေါ်ရှိ သွေးကြောများအားလုံးလည်း ထောင်ထလာသည်။ စုရှောင်ရှန် မည်သို့သော နာကျင်မှုအား ခံစားနေရသည်ကို သိနိုင်၏။

သူ၏ ပြိုင်ဘက်တွင်လည်း ဝှက်ဖဲရှိကြောင်းကို စုရှောင်ရှန်သိသည်။ သို့သော် ထိုဝှက်ဖဲ ဤမျှ စွမ်းအားကြီးမည်ဟု သူမထင်ထား‌ပါချေ။

စုရှောင်ရှန်အံကြိတ်လိုက်သည်။ လည်ချောင်း‌ထဲမှ ထွက်လာသော သွေးများအား မအန်ထုတ်လိုက်ပဲ ပါးစပ်အားပိတ်ထားရာ ဖားပြုပ်တစ်ကောင်ကဲ့သို့ ပါးဖောင်းဖောင်းကြီး ဖြစ်သွားသည်။

ပွဲကြည့်စင်မှ ပုရိတ်သတ်များအားလုံး ကြက်သေ သေသွားကြသည်။ အဖြစ်အပျက်များ ဤမျှ မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားမည်ဟု မထင်ထားပါချေ။ ထို့ပြင် ဤတိုက်ပွဲက အလွန် ကြမ်းတမ်းလှသည်။ အလွန်လည်း ရက်စက်လှသည်။

“စု‌ရှောင်ရှန်… တောင့်ထား”

သူတို့အားလုံး စုရှောင်ရှန်အား နှလုံးသား၏ အနက်ရှိုင်းဆုံးထဲမှ အော်ဟစ် အားပေးလိုက်ကြသည်။ စုရှောင်ရှန် လူမုန်းအောင် တအားလုပ်သော် ယခုလိုရုပ်ပျက်ဆင်းပျက် အရိုက်နှက်နေရသည့်အခါတွင်တော့ ထို အရာများကို သူတို့ မေ့သွားကြသည်။

အဆင့်(၁၀) ထံမှ အဆက်မပြတ် အဆော်ခံနေရသော အဆင့်(၆) ကျင့်ကြံသူတစ်ယောက်ကို လူတိုင်း အဘယ်သို့ မသနားဘဲ နေမည်နည်း။

ကြီးကြပ်သူလည်း လေးကြိုးမှ ပစ်လွှတ်လိုက်သည့် အလား တစ်ဟုန်ထိုး ပြေး၀င်သွားလိုက်သည်။ စုရှောင်ရှန်အား ထပ်ထိုးခံရမည့် အဖြစ်ကို သူမကြည့်နိုင်တော့ချေ။ မဟုတ်ပါက စုရှောင်ရှန် သေသွားနိုင်သည်။

အသိဉာဏ်ကြွယ်၀သူပီပီ အမှောင်ကပ်ပျက်လက်သီးမည်မျှ စွမ်းအားကြီးကြောင်းကို သူသိသည်။ ထိုးချက်ကြောင့် ဖြစ်ပေါ်လာသော အနက်ရောင် စွမ်းအင်များ အထိုးခံရလေလေ ပို၍ ကြောက်မက်ဖွယ်ရာကောင်းအောင် အဖျက်စွမ်းအားကြီးလာလေလေကို သူသိသည်။ စုရှောင်ရှန် အနည်းဆုံး ထိုလက်သီးချက်မျိုး တစ်ထောင်ကျော်လောက် ခံထားရသည်။ သူ့ကိုယ်‌ ပေါ်ရှိ အနက်ရောင်စွမ်းအင်များမှာ စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဉ် ကျင့်ကြံသူများကိုပင် ပေါက်ကွဲထွက်သွား စေနိုင်လောက်၏။

သို့သော် ကံကောင်းထောက်မစွာဖြင့် စုရှောင်ရှန်မှာ ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်သောကြောင့် သူ၏ ခန္ဓာကိုယ်က စစ်မှန်ခြင်းနယ်ပယ် စိတ်ဝိညာဥ်ကျင့်ကြံသူများထက် များစွာ သန်မာလေသည်။

သွေးများကို အတတ်နိုင်ဆုံး ငုံထားရန် ကြိုးစားနေသော စုရှောင်ရှန်အနီးသို့ ကြီးကြပ်သူရောက်သွားခဲ့သည်။ သို့သော် စုရှောင်ရှန်၏ လက်ဖြင့် အချက်ပြမှုကြောင့် သူရပ်တန့်သွား၏။

သူငါ့ကိုမလိုဘူးလား။

ကြီးကြပ်သူ၏ နှလုံး ပြင်းထန်စွာ ခုန်သွားခဲ့သည်။ သူ၏ ဆင်ခြင်နိုင်စွမ်းက သူ့ကို ဤတိုက်ပွဲအား ချက်ချင်း တားရန် ပြောနေသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် စုရှောင်ရှန်အား ယုံကြည်ရန် ဆုံးဖြတ်လိုက်သည်။

လူတိုင်း နှလုံးများ ပါးစပ်မှ ခုန်ထွက်မတတ် စိတ်လှုပ်ရှားနေကြသည်။ လျှိုကျန်န်း လက်သီး ချီမြှောက်ကာ စုရှောင်ရှန်၏ မေးစေ့ကိုထိုးရန် ပြေး၀င်လာခဲ့၏။

ဖွီးးး

အလွန် အရေးကြီးသည့် အခိုက်အတန့်၌ စုရှောင်ရှန် ပါးစပ်ထဲ၌ ငုံထားသော သွေးများကို အနီးသို့ ရောက်လာသော လျှိုကျန်း၏ မျက်နှာပေါ်သို့ အကုန် ထွေးချလိုက်သည်။ လျှိုကျန်း၏ အမြင်ကွယ်သွား၏။

သို့သော် ၎င်းက မည်သည်ကို ရရှိနိုင်ပါမည်နည်း။

ဤအခြေအနေအား ပွဲကြည့်စင်မှ ပုရိတ်သတ်များ ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။ စုရှောင်ရှန် လျှိုကျန်း၏ထို ထိုးချက်ကို မရှောင်နိုင်တော့ပေ။ အနက်ရောင်စွမ်းအင်က သူ့အား လှုပ်မရအောင် လုပ်လိုက်၏။

“ထွက်သွားစမ်းကွာ” လျှိုကျန်း ‌ဟိန်းသံကြီးဖြင့် အော်လိုက်သည်။ သူ၏ အမူအရာက ရူးသွပ်သွားသည့်ပုံပေါက်နေသည်။

‘ဖက်’ ဟူသော မြည်သံဖြင့် သူ၏ ထိုးချက်က သွေးအန်ထုတ်ရာတွင် ခေါင်းငုံ့‌သွားခဲ့‌‌သော စုရှောင်ရှန်၏ နဖူးနှင့် မိတ်ဆက်သွားသည်။ စုရှောင်ရှန် လွင့်ထွက်သွား၏။

သို့သော် သူပါ လေထံ ပျံသွားသည်ဟု လျှိုကျန်း ခံစားလိုက်ရသည်။ ဘာဖြစ်နေတာလဲဟ။

သူ့မျက်နှာမှ သွေးကို သုတ်လိုက်ရာ စုရှောင်ရှန်တစ်ယောက် သူ၏ခါးကို ခြေထောက်ဖြင့် ရစ်ပတ်ထားသည်ကို တွေ့လိုက်ရသည်။ ဤနည်းဖြင့် တကောင့်သားက သူအား လေထဲသို့ ခေါ်သွားခြင်းဖြစ်သည်။

စုရှောင်ရှန် ထိုထိုးချက်ကြောင့် နဖူးပေါက်သွားသည်။ ၎င်းမှ သွေးများစီးကျနေ၏။ သို့‌သော် ကပ်ပါး တစ်ကောင်ကဲ့သို့ လျှိုကျန်း၏ ခါးကို တင်းတင်းကြပ်ကြပ် ရစ်ပတ်ထား၏။ ပြိုင်ကွင်းပေါ်မှ သူတို့ နှစ်ဦးစလုံး ပြုတ်ကျနေခြင်းဖြစ်သည်။

လေပေါ်၌ ပြိုင်ပွဲ၀င်နှစ်ဦး ထူးဆန်းစွာ ရစ်ပတ် နေကြ၏။ အချိန်ပင် ရပ်တန့်သွားသည့် ဟန်ရသည်။

သူ လျှိုကျန်းကိုပါ အပါခေါ်သွားတာလား။

ပွဲကြည့်စင်မှ လူတိုင်း အံ့ဩဘနန်း ဖြစ်သွားခဲ့သည်။ လျှိုကျန်း အမြင်ကွယ်နေသည့်အချိန်ကို အခွင့်ကောင်းယူပြီး နဖူးထိုးခံလိုက်ရ၍ လွင့်ထွက်သွားသည်နှင့်တစ်ပြိုင်နက် လျှိုကျန်းကို မည်သို့ ခြေထောက်ဖြင့် စုရှောင်ရှန် ချိတ်လိုက်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ပထမဦးစွာ လျှိုကျန်းအား သူ၏ သွေးဖြင့် ထွေး၍ အမြင်ကွယ်အောင်လုပ်လိုက်၏။ နောက် လျှိုကျန်း၏ ခါးတွင် ခြေထောက်နှစ်ဖက်ကို ချိတ်လိုက်သည်။ ဤ နည်းဗျူဟာအား အထိုးခံရ၍ လွင့်ထွက်သွားသည့်အချိန်အတွင်း‌ တွေးမိလိုက်သည်လော။

မယုံနိုင်စရာကောင်းလှသည်။ အလွန်အမင်းလည်း အံ့အားသင့်စရာကောင်း၏။

“ငါ့ကိုလွှတ်”

သူတို့နှစ်ဦး အောက်သို့ ဇောက်ထိုး ကျသွားခဲ့၏။ ထိုအချိန်အတွင်း လျှိုကျန်း စုရှောင်ရှန်အား ထိုးရန် ကြိုးစားလိုက်သည်။ အကယ်၍ ဤအချိန်အတွင်း၌ သူ ကြောင်ကြောင်ကြီးရပ်နေပါက မကြာခင် ကြမ်းပြင်နှင့် သူ့ခေါင်းနှင့် မိတ်ဆက်ရပေမည်။ ဆိုရသော် ကြမ်းပြင်ပေါ်၌ အရင်ကျမည့်သူမှာ သူဖြစ်သည်။

သူ့ထံ၌ စုရှောင်ရှန်ကဲ့သို့ ခန္ဓာကိုယ်မျိုးမရှိပေ။

စုရှောင်ရှန် ခပ်သဲ့သဲ့ရယ်မောလိုက်သည်။ လေထဲ၌ အားယူပြီး စောင့်ဆွဲလိုက်ရာ လျှိူကျန်း၏ လက်သီးချက် ဘေးချော်ထွက်သွားသည်။ သူတို့နှစ်ဦး အရှိန်ဟုန်ပြင်းပြင်းဖြင့် လည်ပတ်သွား၏။

ထိုလည်ပတ်နေချိန်အတွင် စုရှောင်ရှန် ရုတ်တရက် လျှိုကျန်း၏ ခြေထောက်များကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် ခါး၌ ချိတ်ထားသော ခြေထောက်များကို လွှတ်လိုက်၏။ ‌ကြမ်းပြင်နှင့် ထိတော့မည့်အချိန် အမြင့်မှကျလာသော အရှိန်ကိုယူပြီး လျှိုကျန်းအား အားပြင်းပြင်း ကြမ်းပြင်သို့ ရိုက်ချလိုက်သည်။

ဘုန်း

ဖုန်မှုန့်များ အရပ်လေးမျက်နှာ ပြန့်သွားခဲ့သည်။ လျှိုကျန်းမှာ ‌ကြမ်းပြင်နှင့် ပထမဆုံး ထိသည့်သူဖြစ်သည်။ စုရှောင်ရှန်၏ ထို ကိုင်ပေါက်ချက်နှင့် ပေါင်း‌သော် မယုံကြည်နိုင်လောက်သော သက်ရောက်မှုတို့ကြောင့် သူ့မျက်လုံးထဲ တစ်ဘ၀စာအဖြစ်အပျက်များကို ပြန်မြင်ယောင်လိုက်ရ၏။

ဘုန်း

ဖုန်မှုန့်များနောက်တစ်ကြိမ် လွင့်ပြန့်သွားပြန်၏။ ကြမ်းပြင်ပေါ်၌လဲ နေသော လျှိုကျန်းပေါ်သို့ စုရှောင်ရှန် လှလှပပလေး ပြုတ်ကျလာခဲ့ခြင်းဖြစ်သည်။

သူ့ပါးစပ်ထဲ၌ ထပ်စုလာသော သွေးများအား ‌မှုတ်ထုတ်လိုက်ပြီး အံ့အားသင့်ကာ ကြက်သေသေနေသော လက်အုပ်ကြီးကို စုရှောင်ရှန် လက်ပြ လိုက်သည်။

“လျှိုကျန်း … အိုး လျှိုကျန်း။ မင်း ဒီလောက်သန်မာမယ်လို့ ငါမထင်ထားဘူး”

“လျှိုကျန်း ဒါနဲ့ မင်းသုံးလိုက်တဲ့ နည်းစနစ် နာမည်က ဘာတဲ့လဲ”

“ပြီးတော့ ငါတို့ တိုက်ပွဲကနေ တစ်စုံတစ်ခုကို ငါ သင်ယူလိုက်ရတယ်သိလား။ ဘယ်တော့မှ သတိကင်းကင်း မနေနဲ့တဲ့လေ”

စုရှောင်ရှန် လျှိုကျန်းအား နှစ်ကိုယ်ကြား အသံလောက်ဖြင့် တီးတိုးပြောလိုက်သည်။

စုရှောင်ရှန်၏ ထေ့ငေါ့သော စကားများကြားပြီးနောက် လျှိုကျန်း အသိစိတ်ပြန်၀င်လာခဲ့သည်။ ထို့နောက် သူ၏ “တိတ်တဆိတ်နေခြင်းက အောင်နိုင်ခြင်း” ဟူသော ခံယူချက်ကို ဖောက်ဖျက်ပြီး မရွှင်မပြ ပြောလိုက်၏။

“ချီးပဲ။ ငါ့ပေါ်က ဆင်းဟ”

Comment

Leave a Reply

Options

not work with dark mode
Reset