စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၄၀ သားကောင်သစ်။
” အဲ့ဒီအကြောင်း ခင်ဗျား မပြောရင် ကျုပ်တို့ မိတ်ဆွေကောင်းတွေ ဖြစ်နိုင်သေးတယ် ”
” ဟား ဟား ဟား ဟား ”
ရဟန်းအို ဖာ့ကျန်းက ကျယ်လောင်စွာ ရယ်မောလိုက်၏။ သူ့၌ အလွန်ဖြေရှင်းရလွယ်ကူသည့် စိတ်နေသဘောထားရသည်။ သူက အသက်ပိုကြီးလာပြီဖြစ်သော်ငြား ယဲ့ရှောင်နှင့်ဆို ပျော်ရွှင်ရသည်။
ရှောင်လင်သိုင်းကျောင်းတော်မှ ကျန်သည့် သိုင်းပညာရှင်များကလည်း သူတို့နှစ်ယောက်ကို သတိပြုမိ၏။ အထူးသဖြင့် အံဖွယ်အဆင့်အောက် ချီရှန်းဖြစ်ပေသည်။ သူက ယဲ့ရှောင်ကို တစ်ချက်ကြည့်ပြီး သူ၏ အကြည့်၌ အံ့သြရိပ်တချို့ ပေါ်လာတော့၏။
ထူးဆန်းလိုက်တာ။ ဘာကြောင့်များ ဒီကလေးက သူ့ကို ဖောက်မမြင်နိုင်တဲ့ ခံစားချက်မျိုး ပေးနေရတာလဲ။ တစ်ချက်ကြည့်ရုံနဲ့ တစ်ခုခု ထူးဆန်းနေတာပဲ။
သို့သော် ဒုတိယအချိန် ထပ်ကြည့်သည့်အခါ ဘာမှ ထူးဆန်းပုံ မပေါ်ပေ။ သူက သာမန်လူတစ်ယောက်မျှသာ ဖြစ်နေ၏။ ထိုအကြောင်းကို ဂရုတစိုက် စဥ်းစားကြည့်ပြီး ပြဿနာ မရှိလောက်ပေ။
သူက နှစ်ပေါင်းတစ်ရာကျော် ကျင့်ကြံလာခဲ့ပြီး အံ့ဖွယ်အဆင့်အောက် ချီရှန်းတစ်ဦးဖြစ်နေပြီ ဖြစ်သည်။ တစ်လောကလုံး၌ လူအနည်းစုသာလျှင် သူတို့တစ်ဘဝလုံး ရှင်သန်နေထိုင်ခဲ့လျှင်တောင် ကျင့်ကြံဆင့်ကို ရနိုင်တာ ဖြစ်သည်။ သူက ငယ်သေး၏။ မည်သည်ကများ ထူးခြားနေမည်နည်း။ သူက အံ့ဖွယ်ဂိုဏ်း၏ သိုင်းပညာရှင်တစ်ယောက် မဖြစ်နိုင်ပေ။ ယင်းက ရယ်စရာကောင်းလွန်းပေ၏။
ဒီလောကထဲမှာ နှစ်တစ်ရာအတွင်း အံ့ဖွယ်ဂိုဏ်းကို ရောက်နိုင်တဲ့ သိုင်းပညာရှင်တွေ ရှိစရာအကြောင်း မရှိဘူး။ ဟုတ်တယ်ဟုတ်။ သူက ခေါင်းခါပြီးနောက် ရှေ့ဆက်လျှောက်သွားလိုက်သည်။
” ဖာ့ကျန်း ဒါက မင်းပြောတဲ့ စိတ်နေသဘောထားကောင်းမွန်တဲ့ လူငယ်လား ”
ဖာ့ကျန်းက ခေါင်းညိတ်ပြီးနောက် သူတို့ကို အပြုံးဖြင့် မိတ်ဆက်ပေးလိုက်သည်။
” ကွမ်လျန် ဒါက အရင်တစ်ခါက ကျုပ်ပြောဖူးတဲ့ ယဲ့ရှောင်ပဲ။ ဒီကလေးရဲ့ စိတ်နေသဘောထားက ကောင်းပြီး ဂိုဏ်းထဲကို ဝင်ဖို့ သင့်တော်တာ။ နည်းနည်းလေး အစားကြိုက်တာအပြင် တခြားလောဘတက်တာ မရှိဘူး ”
ကွမ်လျန်က ခေါင်းညိတ်လိုက်၏။
” ယနေ့ခေတ်မှာ ဗုဒ္ဓဘာသာဝင်တွေက စားချင်စိတ်ကို မကြောက်တော့ဘူး။ ဒါက ပြစ်ချက်တစ်ခုအဖြစ် သတ်မှတ်ထားတာ မရှိဘူးလေ။ ဗုဒ္ဓလမ်းစဥ်မှာ အရေးကြီးဆုံးအရာက ရေစက်ဆိုတဲ့ စကားလုံးပဲ။ ဖာ့ကျန်းက မင်းကို တော်တော်သဘောကျတယ်ဆိုမှတော့ မင်းတို့ နှစ်ယောက်က ရေစက်ပါတယ်လို့ ဆိုလိုတာပဲ။ ငါတို့ရှောင်လင်ကို ဝင်ဖို့ တွေးသေးလား ”
ယဲ့ရှောင်က ကြောင်အသွားလေ၏။
ဗုဒ္ဓဘာသာဝင်တွေအားလုံးက လူခေါ်ဖို့ ဒီလောက်တောင် ဇွဲရှိတဲ့လား။
သူက ခေါင်းခါလိုက်၏။
” ဆရာရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဒီလိုလုပ်ဖို့ အစီအစဥ်မရှိလို့ပါ ”
ကွမ်လျန်က ခေါင်းညိတ်လိုက်၏။
” မင်းကို ဖိအားမပေးဘူး။ ဒါပေမဲ့ တစ်နေ့ မင်း စိတ်ပြောင်းတဲ့အချိန် ငါတို့ ဗုဒ္ဓဘာသာဝင်က မင်းကို ကြိုဆိုဖို့ တံခါးအမြဲတမ်း ဖွင့်ထားမယ် ”
” ကျေးဇူးပါပဲ ”
အိုးရန်ယွင်ကျုံးက လျှောက်လာပြီး ယဲ့ရှောင်ကို နောင်တတချို့ဖြင့် ကြည့်လိုက်၏။ ပြီးနောက် သူမက ပြောလိုက်တော့သည်။
” ဆရာတော် ကွမ်လျန် စားသောက်ပွဲတစ်ခု ပြင်ဆင်ပြီးပါပြီ။ ကျေးဇူးပြုပြီး ကြွပါ ”
ကွမ်လျန်က ခေါင်းညိတ်ပြီးနောက် လူတိုင်းသည် ဟိုတယ်ထဲသို့ သွက်သွက်လေး ဝင်သွားတော့၏။
ယဲ့ရှောင်က လူတိုင်းနှင့် မပတ်သက်ချင်သောကြောင့် ပြန်လျှောက်လာလိုက်သည်။ သို့သော် ထိုစဥ် သူ့နောက်က တစ်စုံတစ်ခု ထူးဆန်းနေတာကိုရုတ်တရက် ခံစားမိလိုက်၏။
သူက တစ်ချက်လှည့်ကြည့်လိုက်၏။ လေထဲ၌ သတ်ဖြတ်လိုသည့် ဆန္ဒခပ်ဖျော့ဖျော့ ရှိနေသည်။ ချိတ်ပိတ်မှုအတွင်းရှိ သတ်ဖြတ်လိုခြင်း ဆန္ဒက ပြန့်သွား၏။
သို့သော် ချိတ်ပိတ်မှုကို ဖျက်ဆီးနိုင်ရန် ဝေးကွာလွန်းနေသေးသည်။ ယဲ့ရှောင်က ၄င်းကို စစ်ဆေးလိုက်ရာ တစ်ဖက်သူ၏ ကျင့်ကြံဆင့်က ရှန်းထျန်းသတ္တမအဆင့် အံ့ဖွယ်ချီရှန်းတစ်ဦး၏ ကျင့်ကြံဆင့် ရှိလောက်ကြောင်း သိလိုက်ရသည်။ တစ်ချက်ကြည့်ရုံဖြင့် ထိုကျင့်ကြံဆင့်က အလွန်သန်မာပုံ မပေါ်ပေ။ သို့သော် အမှန်တွင် ယဲ့ရှောင်က အရှိန်အဝါက ပြီးပြည့်စုံမှု မရှိတာကို အာရုံခံမိသည်။ တစ်နည်းဆိုရလျှင် ဘုရင်အေးအ်ကဲ့သို့သာ ဖြစ်သည်။ ခွဲခြမ်းထားသည့် ကြယ်တာရာသားရဲတစ်ကောင် ဖြစ်နေ၏။
ဘုရင်အေးအ်ကို ခွဲထုတ်ပြီးနောက် သူ့ရုပ်ပုံ၏ ကျင့်ကြံဆင့်က မဟာချီရှန်းအဆင့်သာ ရှိတော့သည်။ ဤကိုယ်ခွဲကိုယ်တိုင်ကမူ အံ့ဖွယ်ချီရှန်းရှိ၏။ အစစ်အမှန် ကျင့်ကြံဆင့်က မည်မျှ သန်မာမည်နည်း။
နောက်ထပ် ကြမ်းတမ်းသည့် တစ်စုံတစ်ယောက် ဖြစ်နေပုံ ပေါ်၏။
ထင်တဲ့အတိုင်းပင် လောကကြီးက အန္တရာယ်များလွန်းနေသေးတယ်။ သူ့ကိုသူ တိုးတက်အောင် ပိုကြိုးစားသင့်ပြီ။
သူသည် နောင်ကြ နေ့စဥ်နေ့တိုင်း စာအုပ်ပေါင်းများစွာ နောက်ထပ်တစ်နာရီ ဖတ်မည်ဟု ဆုံးဖြတ်လိုက်သည်။
မဟုတ်။ နှစ်နာရီ။
ပြီးနောက် ယဲ့ရှောင်သည် အားလုံးနောက်ကနေ လိုက်ပြီး ဟိုတယ်ထဲသို့ လျှောက်သွားလိုက်၏။
အပြင်ဘက်တွင် မဟာဂိုဏ်းသိုင်းပညာရှင်နှစ်ဦးသာကျန်ပြီး ကားအချို့ကို စောင့်ကြပ်နေ၏။
အရာအားလုံးက တိတ်ဆိတ်နေစဥ် ချိတ်ပိတ်ထားသော သတ္တုသေတ္တာထဲမှ အားနည်းပြီး မိစ္ဆာအတွေးက ဖြည်းဖြည်းချင်း ပေါ်ထွက်လာ၏။
ရူးမိုက်တဲ့ လူသား။ မင်းက ငါ့ရဲ့ တစ်စိတ်တစ်ပိုင်းကို တကယ်ကြီး ဖျက်ပြီး ရှောင်လင်ကနေ ခွဲထုတ်လာတယ်ပေါ့။ မင်းက ငါ့ကို ဒီမြို့ရဲ့ အမြုတေ ဖြစ်စေချင်ပြီး ဝိညာဥ်စွမ်းအင်တွေ စုပ်ယူစေချင်တယ်ပေါ့။ ရယ်စရာကောင်းလိုက်လေခြင်း။ သေးနုံတဲ့ မြို့လေးက ငါ့အမြုတေ ဖြစ်ဖို့ ထိုက်တန်မှာတဲ့လား။
ဒီနေရာမှာ အံ့ဖွယ်ချီရှန်းလည်း မရှိဘူး။ အံ့ဖွယ်ဂိုဏ်း သိုင်းပညာရှင် ရှိနေတယ်ဆိုရင်တောင် ငါဘာများ ကြောက်စရာ ရှိလို့လဲ။
ဒါပေမဲ့ ဒါက ငါ့အဖို့ လူသားချိတ်ပိတ်မှုကနေ ချိုးဖျက်ထွက်ဖို့ အခွင့်အရေးကောင်းတစ်ခုလည်း ဟုတ်တယ်။
ဝေဒနာကို ခံစားလိုက်ကြ နိမ့်ပါးတဲ့ လူသားတွေ။
ခဏအကြာတွင် အတွေးက မဟာချီရှန်း ရဟန်းတစ်ပါး၏ ကိုယ်ထဲသို့ ရုတ်တရက် ဝင်သွားသည်။
မဟာချီရှန်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားပြီး သူ၏ မျက်နှာက စတင် ရှုတ်မဲ့လာ၏။
သို့သော် သူက အမြန်ပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ မည်သို့ပင် ဆိုစေကာမူ သူ၏ နှုတ်ခမ်းနား၌ မိစ္ဆာအပြုံး ရှိနေပြီး သူ၏ သူငယ်အိမ်ထဲရှိ သွေးဆာလောင်သော မိစ္ဆာအငွေ့အသက်က သူက ရှောင်လင်သိုင်းပညာရှင် မဟုတ်တော့ကြောင်း ညွှန်ပြနေသည်။
မျက်လုံးထောင့်ကနေ သူက တစ်ဖက်သူရှိ ရှောင်လင်ချီရှန်းကို တစ်ချက်ကြည့်လိုက်သည်။ အရှိန်အဝါတစ်ခုက သူ၏ လက်ဖဝါးထဲ စတင်စုဝေးလာ၏။
သို့သော် သူ့ပြိုင်ဘက်ရန်သူ၏ သိမြင်နားလည်မှု အလွန်စူးရှနေမည်ဆိုတာ မထင်ထားပေ။ သူ တိုက်ခိုက်သည်နှင့် တစ်ဖက်သူက တစ်စုံတစ်ခုက အာရုံခံမိပြီး ချက်ချင်း ကြည့်လာ၏။
” ဖာ့နန် မင်း အဆင်ပြေရဲ့လား။ ဘာကြောင့် မင်းရဲ့ ဝိညာဥ်စွမ်းအားတွေက ထိန်းချုပ်မှု ကင်းမဲ့လာရတာလဲ ”
ဖာ့နန်၏ အမူအယာက အနည်းငယ် ပြောင်းလဲသွားပြီး ချက်ချင်းပင် သူ၏ လက်ဖဝါးထဲရှိ ဝိညာဥ်စွမ်းအင်များကို ရုတ်သိမ်းလိုက်သည်။
” ငါ အဆင်ပြေတယ်။ မကြာခင် အဆက့်တက်တော့မှာကြောင့် ဖြစ်နိုင်တယ်။ ခန္ဓာကိုယ်ထဲက ဝိညာဥ်စွမ်းအင်က ထိန်းချုပ်ရတာ နည်းနည်းခက်သွားတာ ”
နောက်ထပ် အံ့ဖွယ်ချီရှန်းတစ်ဦးက အားကျသည့် အမူအယာ ဖြစ်လာသည်။
” မင်းကတော့ ထင်တဲ့အတိုင်းပဲ။ အဲ့ဒီတုန်းက ငါ ရှန်းထျန်းပဥ္စမအဆင့်ကိုရောက်ဖို့ အချိန်အတော်ကြာခဲ့တာ။ မင်းက ရှန်းထျန်းစတုတ္ထအဆင့်ကို ဝင်ပြီးခါစ။ သိပ်မကြာခင်မှာပဲ အဆင့်တက်လိမ့်မယ်လို့ ငါ မထင်ထားဘူး ”
” စီနီယာ ကျုပ်ကို ချီးကျူးလွန်းနေပါပြီ။ အားလုံးက ဆရာတော်တွေရဲ့ ကောင်းမွန်စွာ သင်ကြားပြသပေးမှုကြောင့်ပါပဲ။ အော် ဟုတ်သား။ စီနီယာ။ ဘာကြောင့် အရင်မဝင်နှင့်တာလဲ။ ဒီမှာ အားလုံးဖြေရှင်းလိုက်ဦးမယ် ”
” မလိုဘူး။ စားသောက်တာက လောကဝတ်တစ်ခုလောက်ပဲ။ ငါတို့ ချီရှန်းအဆင့်မှာ နှစ်ဝက်လောက် မစားရင်တောင် ကိစ္စမရှိဘူး ”
” မင်း စားချင်တယ်ဆို အထဲဝင်သွားလိုက်လေ။ မင်း ဒီမှာ ငါ ဂရုစိုက်ထားလိုက်မယ် ”
” ဒါဆို ဟုတ်ပြီလေ။ ကြယ်တာရာသားရဲတွေ၊ သားရဲလူသားတွေ ပြဿနာ ထွက်လာရှာမှာကို ကာကွယ်ဖို့ လှည့်ပတ်ကြည့်လိုက်ဦးမယ် ”
” ဒါလည်း ကောင်းတာပဲ။ မင်းကိုမင်း ဂရုစိုက် ”
” ဟုတ်ကဲ့ ”
ဖာ့နန်က ပြန်ပြောပြီးနောက် နေရာကနေ လျင်မြန်စွာ ပျောက်ကွယ်သွား၏။
” ဒီလူရဲ့ ကျင့်ကြံဆင့်က နည်းနည်းမြင့်သား။ ငါ ကျူးကျော်ခဲ့တဲ့ မဟာချီရှန်းက ရှန်းထျန်းစတုတ္ထအဆင့်ပဲရှိပြီး သူ့ထက် တစ်ဆင့်နိမ့်တယ် ”
ဒါပေမဲ့ ငါ သူ့ဝိညာဥ်ထဲ ကျူးကျော်ခါစပဲ ဒါကြောင့် အပြည့်အဝ မထိန်းချုပ်ရသေးဘူး။ ပြင်ပဖိအား နှောက်ယှက်ခံရမယ်ဆိုရင် သူ့အဖို့ ငါ့ရဲ့ စိတ်စွမ်းအင် ဖိနှိပ်မှုကနေ အလွယ်တကူ လွတ်မြောက်သွားနိုင်တယ်။ ဒါဆို ငါ့အစီစဥ် ကျရှုံးသွာမှာပဲ။ သူ့ရဲ့ ဝိညာဥ်ကို မြန်မြန်ဝါးမြိုပြီး ထိန်းချုပ်တာက ပိုကောင်းမယ်။ ဒီလိုဆိုရင် သူတို့ ငါ့ကို ချိတ်ဖွင့်ပြီး ကျန်းဟိုင်မြို့ရဲ့ မြေအောက်ထဲကို ပို့ပေးတဲ့အချိန် တိုက်ခိုက်ဖို့ အခွင့်အရေးတစ်ခု ယူနိုင်ပြီး မထင်မှတ်ထားတဲ့ အာနိသင်တစ်ခု ငါ ဖန်တီးနိုင်မှာ သေချာတယ်။
တစ်ဖက်တွင်မူ စာကြည့်တိုက် ကိုယ်စားလှယ်များနှင့် ရှောင်လင်အဖွဲ့က ညစာစားပြီးနောက် အံ့ဖွယ်အဆင့်အောက် ချီရှန်း ကွမ်လျန်နှင့် ဒါရိုက်တာ အိုးရန်တို့က သီးခြားအခန်းတစ်ခုကို ဖွင့်လိုက်သည်။
သူတို့က အရေးကြီးသည့် ကိစ္စရပ်တချို့ကို ဆွေးနွေးနေတာ ဖြစ်နိုင်၏။
ကျန်သည့် စာကြည့်တိုက် ဝန်ထမ်းများက ကျန်သော ရှောင်လင်သိုင်းပညာရှင်များကို ဧည့်ခံကြိုဆိုရန် တာဝန်ယူထားသည်။
ယဲ့ရှောင်ကမူ သူ၏ အသိအကျွမ်းဟောင်း ဖာ့ကျန်းကို တာဝန်ယူထား၏။
နှစ်ယောက်သားက ပြတင်းပေါက်ကိုမှီလျက် ဟိုတယ်အပြင်ဘက်ရှိ ရှုခင်းကို ကြည့်နေသည်။
ဖာ့ကျန်းက ပြုံးပြီး ပြောလိုက်၏။
” မစ္စတာ ယဲ့။ မင်း ဒီနေ့ ပျော်ပျော်ရွှင်ရွှင် မစားမှာကို စိုးရိမ်မိတယ် ”
ယဲ့ရှောင်က ပြုံးကာ ပြုံးသော်ငြား သူ့ရင်ထဲ၌ အလွန်ဆွံ့အနေသည်။
အမှန်တကယ်တွင် သူက ဟိုတယ်၏ ဝင်ပေါက်တွင်ရှိစဥ် အံ့ဖွယ်အဆင့်အောက် ချီရှန်း ကွမ်လျန်က ဗုဒ္ဓဂိုဏ်းက သူတို့ စားချင်စိတ်ကို မထိန်းထားတော့ဟု ပြောတာကို ကြားမိပြီး သူက တစ်စုံတစ်ခုကို ဝေဝါးဝါး ခန့်မှန်းမိပြီဖြစ်သည်။
သို့သော် သူတို့က ထိုမျှကြမ်းတမ်းလိမ့်မည်ဟု မထင်ထားပေ။
ယနေ့ခေတ်တွင် ဘုန်းကြီးရဟန်းများက အသားစားရုံသာမက ဂုံးများ၊ ပုစွန်ထုပ်များနှင့် နေရောင်အောက်ရှိ အရာအားလုံးကို စားသောက်လာကြသည်။ စည်းမျဥ်းစည်းကမ်းများ မည်သို့ ဖြစ်သွားသနည်း။
သို့သော် ဂရုတစိုက် စဥ်းစားကြည့်ပြီးနောက် ဗုဒ္ဓဂိုဏ်းများသည် အတိတ်တုန်းက ဖွံ့ဖြိုးတိုးတက်ခြင်း မရှိရသည့် အကြောင်းအရင်းမှာ စည်းမျဥ်းများက ရှုပ်ထွေးလွန်းသောကြောင့် ဖြစ်သည်။
ကြည်လင်သော စိတ်ထားနှင့် ကျင့်ကြံနိုင်ပြီး လူအများကို အသားစားခွင့်မပေးဟုဆိုလျှင် လူများစွာက ၄င်းကို သည်းခံနိုင်ကြမှာ မဟုတ်ပေ။ သူတို့ခန္ဓာကိုယ်က ပရိုတင်း လိုအပ်ပေ၏။ လူတိုင်းက ဗုဒ္ဓဓမ္မကို နှစ်ခြိုက်ပြီး ချိုးခြံသော ရဟန်းတစ်ပါးဖြစ်လာမှာ မဟုတ်ပေ။
ယခု သူတို့ အစားစားခွင့်ရှိလာ၏။ သူတို့က အိမ်ထောင်ပြုကာ လက်တွဲဖော်တစ်ယောက် ရှာခွင့်လည်း ရှိလာမည်ဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် လူများစွာက ရဟန်းတစ်ပါးဖြစ်ကြချင်လိမ့်မည်။
စီရင်စု၉ခု၏ စည်းမျဥ်းများအတွက်ကြောင့် ရဟန်းတစ်ပါးဖြစ်ရန်အတွက် မြင့်မားသော အဆင့်မြင့်သည့် ဒီပလိုမာနှင့် စာမေးပွဲဖြေဆိုရန် မလိုအပ်ခြင်းကြောင့် လိုအပ်သည့် စီရင်စု၉ခု၏ စည်းမျဥ်းကြောင့်သာမဟုတ်လျှင် ရှောင်လင်၏ တပည့်အရေအတွက်က လောကကြီး၏ သိုင်းပညာရှင်တစ်ဝက်ကျော်ထက် ပိုမည်ဟု တွက်ချက်ရသည်။
အကျိုးခံစားခွင့်က ကောင်းပြီး ဆက်ဆံရေးက မြင့်မားသည်။ သူတို့က သာမန်လူများ လုပ်နိုင်သညိ့အရာအားလုံးကို အခြေခံအားဖြင့် လုပ်နိုင်၏။ သူတို့အဖို့ မတိုးတက်ဖို့က မဖြစ်နိုင်ပေ။
ယဲ့ရှောင်က အောက်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
” အား ဟုတ်သား။ ခင်ဗျားရဲ့ ရှောင်လင်ကျောင်းက လူတွေက ဒီတစ်ခေါက် စာအုပ်တွေ လာပို့တာလား ”
ဖာ့ကျန်းက ခေါင်းညိတ်လိုက်၏။
” ဟုတ်တယ်။ သူတို့ စာအုပ်တချို့ ပို့လိုက်တယ်။ အားလုံးကို ကျုပ်ရဲ့ ရှောင်လင်တပည့်တွေက ကူးရေးပေးထားတာ။ အဲ့ဒါတွေက အတော်လေးကောင်းတဲ့ ကျင့်ကြံခြင်း နည်းစနစ်တွေပဲ ”
” ဒါ့အပြင် ငါက ကျန်းဟိုင်သိုင်းကျောင်းတော်မှာလည်း ခဏတဖြုတ်တော့ အလုပ်လုပ်ဦးမှာ။ ကျန်းဟိုင်သိုင်းကျောင်းတော်က သီးခြားဌာနတစ်ခု ဖွင့်လှစ်ပြီး ရှောင်လင်ကျောင်းခွဲစီ ပေးမှာ။ ရှောင်လင်ကျောင်းတော်က သိုင်းပညာရပ်တွေ သင်ကြားပေးဖို့ တာဝန်ယူလိမ့်မယ် ”
ရှောင်လင်အဖို့ သိုင်းပညာများ သင်ပြပေးတာက အလွန်ပုံမှန်ပဲ ဖြစ်သည်။ ယဲ့ရှောင်သည် မအံ့သြသွားပေ။ အကြောင်းမှာ သိုင်းပညာသင်ပေးခြင်းသည် လူတစ်ယောက်က ရှောင်လင်တပည့် ဖြစ်လာမည်ဟု မဆိုလိုသောကြောင့် ဖြစ်သည်။ ရှောင်လင်တပည့်ဖြစ်ချင်လျှင် ရှောင်လင် ဘုန်းကြီးတစ်ပါး၏ ထောက်ခံချက် သို့မဟုတ် စီရင်စု၉ခု၏ စာမေးပွဲကို ဖြေဆိုရန် လိုအပ်သည်။
သိုင်းပညာရပ်များ သင်ကြားပေးခြင်းက ရှောင်လင်၏ ရိုးရာဖြစ်သည်။ အချို့သော ပါရမီရှိသည့် တပည့်များကို သွယ်ဝိုက် ရှာဖွေခြင်းဟုလည်း ဆိုနိုင်ပေ၏။
အရည်အချင်းကောင်းဖြင့် လူအချို့ဆိုလျှင် သူတို့က ထိုလူများကို ထောက်ခံချက်ပေးပြီး ထိုလူများသည် ရှောင်လင်သို့ ဝင်ရန် အရည်အချင်းရှိလာလိမ့်မည်။ ထိုသို့ဆိုလျှင် စီရင်စု၉ခုက မည်သည့် အလျှော့အတင်းမရှိသည့် လိုအပ်ချက်များ ရှိတော့မှာ မဟုတ်ပေ။
ဆိုရလျှင် ရှောင်လင်က စီရင်စု၉ခုတစ်ခုလုံးအတွက် ကောင်းကျိုးဖြစ်ထွန်းစေရန် လူများစွာကို သိုင်းပညာများ ဖြန့်ဖြူးပေးနေတာ ဖြစ်သည်။ လူအနည်းစုကိုသာ တပည့်အနေဖြင့် ခေါ်နိုင်၏။ သူတို့ ဖိအားမပေးသရွေ့ နှစ်ဖက်လုံးကလည်း သူတို့ အလိုရှိသည့်အရာကို ယူနိုင်ပေသည်။
ရှောင်လင်သည် စီရင်စု၉ခု၏ ထောက်ပံ့မှုကို ရယူထားနိုင်ခြင်းမှာ သူတို့၏ စွန့်လွှတ်လှူဒါန်းခြင်းကြောင့်လည်း ဖြစ်သည်။
” ဒါအတော်ကောင်းတာပဲ။ လူသားမျိုးနွယ်စုရဲ့ သိုင်းပညာအမွေအနှစ်တွေကို ဖြန့်ဖြူးပေးပြီး တခြားသူတွေရဲ့ တပည့်တွေကို ပျိုးထောင်ပေးတာက ကောင်းမွန်တဲ့ ကိစ္စရပ်ပဲလေ ”
” ဒီလိုပဲ ပြောရမှာပဲ။ ဒီ နုံချာတဲ့ ဘုန်းကြီးက ဒီအရေးကိစ္စကြောင့် နေရရုံတင်မကဘူး တခြားကိစ္စလည်း ရှိသေးတယ်။ ကျုပ်တို့ ရှောင်လင်ကျောင်းက ကျန်းဟိုင်မြို့မှာ အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတစ်ကောင်ရဲ့ ကိုယ်ခွဲကို ဖိနှိပ့်ထားပြီး မြို့ထဲမှာ ဝိညာဥ်စွမ်းအင်တိုးစေဖို့အတွက် ဝိညာဥ်စုစည်းခြင်း အစီအရင်တစ်ခု တည်ဆောက်ချင်နေတာကြောင့်ပဲလေ ”
” ဒီလိုလျှို့ဝှက်ချက်ကို ပြောပြတာက မဆိုးရွားဘူးလား ”
” ဘာမှမဟုတ်ပါဘူး။ စီရင်စု၉ခုထဲမှာ ဒီလို ကိစ္စရပ်တွေ အများကြီး ရှိတာပဲ။ အပြင်ထွက်ပြီး အများရှေ့ မကြေညာသရွေ့ အဆင်ပြေတာပဲ ”
” ဒါ့အပြင် မင်းရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း ယုံကြည်တယ်။ မင်းက ဆူဆူညံညံတွေ လုပ်မဲ့သူမှ မဟုတ်တာ ”
ယဲ့ရှောင်က ပြုံးလိုက်ရာ ဖာ့ကျန်းက ထပ်ပြောလာ၏။
” ဒီတစ်ခေါက် ချိတ်ပိတ်ထားတဲ့ ကြယ်တာရာသားရဲက အလွန်သန်မာတယ်။ အထွတ်အထိပ်အမြင့်ဆုံးအဆင့် အံ့ဖွယ်ဂိုဏ်း ကြယ်တာရာသားရဲရဲ့ ကိုယ်ခွဲပဲ။ ကိုယ်ခွဲတစ်ခုဆိုပေမဲ့ သူ့ရဲ့ကျင့်ကြံဆင့်က အံ့ဖွယ်ဂိုဏ်းအဆင့်မှာလည်း ရှိနေပြီး ရှန်းထျန်းသတ္တမအဆင့် သိုင်းပညာရှင်တစ်ယောက်ရဲ့ ခွန်အားရှိတယ်။ ဒါကြောင့် လျှော့တွက်လို့ မရသေးဘူး ”
” ကျုပ်တို့ ရှောင်လင်မှာ အစီအရင်အထူးတလည် ကျွမ်းကျင်တဲ့ ကွမ်လျန်အပြင် ကျုပ်အပါအဝင် မဟာချီရှန်း၁၈ယောက်လည်း ပို့ထားပြီး အစီအရင်တစ်ခုကို အတူတကွ တည်ဆောက်မှာ ”
” ဒါအရမ်းအရေးကြီးတာပဲ။ အဲ့ဒီကြယ်တာရာသားရဲက အရမ်းအစွမ်းထက်တာလား ”
အပိုင်း ၁၄၀ ပြီး၏။