Chapter – 13
“ဒါက…”
သူတို့အားလုံးက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီးသည့်တိုင် စိတ်ပျက်သွားကြပြန်သည်။ လူအများ၏ လွှမ်းမိုးမှုကြောင့် အခြားသူများကလည်း ကောင်းကင်သို့ မော့ကြည့်လိုက်ပြီး ချက်ချင်းလိုလို ကောင်းကင်တွင် လမင်းနှစ်စင်း ရှိနေသည့်အချက်ကို ရှာတွေ့လိုက်ကြသည်။
” ဘယ်လိုဖြစ်နိုင်မှာလဲ။”
လူတိုင်းက မနေနိုင်ဘဲ အော်မိကြသည်။ မွေးရပ်မြေသို့ ပြန်မည်ဆိုသော နောက်ဆုံးသော မျှော်လင့်ချက်က ထိုသို့ဖြင့် အက်ကွဲသွားရသည်။ သူတို့ချစ်ရသောသူများကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်တော့မည် မထင်ချေ။ ကျောင်းသူအများစုကမူ အော်ငိုနေကြပြီး ထိုတခဏတွင် သူတို့က ကမ္ဘာမြေနှင့် အလွန်ဝေးကွာသော နေရာတွင်ရောက်နေသောကြောင့် အိမ်မပြန်နိုင်တော့ကြောင်း သိလိုက်သည်။
” မားစ် မားစ်မှာ လနှစ်စင်းရှိတယ်။ ဒါက ငါတို့ကမ္ဘာမြေပေါ်က မြင်ရတဲ့လနဲ့ အတူတူဘဲ…။”
ခါသဲ့ကလည်း မပီသသော တရုတ်စကားဖြင့်ပြောသော်လည်း အင်္ဂလိပ်အသံ အများစု ပါဝင်သည်။ လီရှောင်းမန်ကလည်း စကား ဆက်ပြောနေသည်။
လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း အချို့သော အာကာသ စူးစမ်းလေးလာရေးအဖွဲ့များက အဖိုးတန်သည့် သတင်းအချက်အလက်များကို မားစ်မှ တစ်ဆင့် မြေပြင်ပေါ်သို့ ပြန်ပို့ပေးနိုင်ခဲ့သည်။ လမင်းနှစ်စင်းက မားစ်ဂြိုလ်ပတ်လမ်းကြောင်းပေါ်တွင် လှည့်ပတ်နေပြီး အလွန်ပင် သေးငယ်သော သဏ္ဌာန်ဖြင့် မြင်ရကြောင်း ဆိုသည်။ ၄င်း လနှစ်စင်းကို ဖော်ပို ၀မ်းနှင့် တူး ဟု ခေါ်၏။
ထို့အပြင် အချို့သော အချက်များ၏ လွှမ်းမိုးမှုများကြောင့် မြေပြင်မှ အမြင်ဖြင့်သာ တွက်ချက်ခြင်း ဖြစ်သည်။ သို့သော် မားစ်ကနေ ကြည့်လျှင်မူ ဖော်ပို ၀မ်းက မြေကမ္ဘာမှ မြင်ရသော လမင်း၏ အရွယ်အစား တစ်ဝက်ခန့်သော ပုံသဏ္ဌာန်မျိုးဖြင့်သာ မြင်ရမည်ဖြစ်သည်။ ဖော်ပိုတူးက ပို၍ သေးပြီး အခြားသော ကြယ်များထက် ပို၍တောက်ပသည်။
သို့သော် လမင်းထက်မူ သေးငယ်သည်။ ထို့ကြောင့် လမင်းအသေးစားဟုသာ ခေါ်ရပေမည်။
ထို မားစ်နှင့် ပတ်သက်သော ကြားဖူးသည့် အချက်အလက်များအကြောင်း တွေးပြီးနောက် လူတိုင်းက အလွန်စိတ်ပျက်သွားရသည်။ သူတို့ အိမ်ပြန်နိုင်တော့မည် မဟုတ်ကြောင်း ပို၍ သေချာသွားစေခဲ့သည်။ ယခုမူ အိမ်ပြန်လမ်းရှာရန် အချက်က အရေးကြီးဆုံးတာဝန်ဖြစ်လာသည်။
ငါးရောင်ခြယ် ယဇ်ပုလ္လင်နှင့် မီတာခြောက်ရာ အကွာအဝေးတွင် သူတို့ကရောက်နှင့်နေကြပြီဖြစ်ပြီး အလင်းအရင်းအမြစ်နှင့်လည်း နီးကပ်လာပြီဖြစ်သည်။ မီတာငါးရာလောက်သာလျှင် ဝေးကွာလောက်တော့သည်။ ထိုအခါ လူများက မနှောက်နှေးနေကြတော့ဘဲ ချက်ချင်းလိုလို ရှေ့ဆက်သွားသည်။
ညကောင်းကင်အောက်တွင် ညင်သာသောလေပြည်က တိုက်ခိုက်နေပြီး အအေးဓာတ်ကို သယ်ဆောင်လာသည်။
နောက်ထပ် မီတာတစ်ရာခန့် လမ်းလျှောက်ပြီးနောက် အလင်းအရင်းအမြစ်သို့ နီးကပ်သည်ထက် နီးကပ်လာသည်။ ထိုအချိန်တွင် လူတစ်ယောက်က အလန့်တကြား အော်သည်။ ထိုအခါ ပြိုကျနေသော ဆောက်အဦးတစ်ခုကိုလည်း သူတို့က ရှာတွေ့လိုက်ကြသည်။
ထိုအဆောက်အဦးက အချိန်၏ တိုက်စားမှုအောက်၌ ကျရောက်နေသော ရှေးဟောင်းကျောင်းဆောင်ကြီး တစ်ခုဖြစ်သည်။
” ဒါက လူလုပ် ကျောင်းဆောင်ဘဲ။ ဒီလို လွင်ထီးခေါင်ဂြိုလ်တစ်ခုမှာ လူသားတွေရှိတာ ဖြစ်နိုင်တယ်။ ငါတို့ အိမ်ပြန်လမ်းကို ရှာနိုင်မှာပါ။”
” ဒါက တကယ်ဘဲ မားစ်လား။ မားစ်ပေါ်မှာ ဘာလို့ လူတွေရဲ့ အဆောက်အဦးတွေ ရှိနေတာလဲ။ နောက်ပြီး လေထု၊ အပူချိန်၊ မြေဆွဲအား ဒါတွေအားလုံးက မြေကမ္ဘာနဲ့ အရမ်းကွာခြားနေသင့်တာ မဟုတ်ဘူးလား။ ဒါပေမဲ့ ဒါက မြေကမ္ဘာရဲ့ ကန္တာရလို ဖြစ်နေတယ်။ ”
မရေမတွက်နိုင်သော စိတ်ပျက်လက်ပျက် အခြေအနေများ ရှိနေသော်လည်း လူတိုင်းက စိတ်ဓာတ်မကျချေ။ သူတို့တွင် သံသယများစွာ ရှိနေသည်။
” ငါတို့တွေ နဂါးအလောင်းတွေကိုတောင် တွေ့ခဲ့ရသေးတာဘဲ။ ဒါက ဘာမှ မဟုတ်ပါဘူး။ မားစ်ပေါ်က ထူးခြားတဲ့နေရာ ဖြစ်မှာပေါ့။ ”
” ဟုတ်လောက်တယ်။ ဒီနေရာမှာ ငါးရောင်ခြယ် ယဇ်ပုလ္လင်ကိုတောင် တည်ဆောက်ထားသေးတာဘဲ။ ဒီတော့ နဂါးအလောင်းကိုးလောင်းနဲ့ ကြေးနီရောင်အခေါင်းကို လက်ခံဖို့လည်း ဖြစ်လိမ့်မယ်။ ဒီတော့ ဒါက နတ်ဘုရားရဲ့ ချိတ်ပိတ်နေရာတစ်ခုလို့တောင် ပြောလို့ရသေးတယ်။”
” ငါတို့ရဲ့ အထင်သာ မှန်ရင် ဒီနေရာက မားစ်ပေါ်က အထူးနေရာ ဖြစ်လောက်တယ်။ ငါတို့ နေနိုင်တဲ့ အာကာပြင်က သိပ်မကြီးလောက်ဘူး။”
ထိုစကားထွက်လာသည်နှင့် လူတိုင်းက တိတ်ဆိတ်သွားပြန်သည်။
” ဒါက မားစ်ပေါ်က သန့်စင်တဲ့ နယ်မြေ တစ်ခုသာဆိုရင် ငါတို့လွတ်လမ်း ဘာရှိတော့မှာလဲ။”
လူတိုင်း၏ ခံစားချက်များက မုန်တိုင်းထန်သွားပြန်သည်။ သူတို့က သူတို့၏ အသက် သူတို့၏ အနာဂတ်ကို စိုးရိမ်နေမိသည်။ ထို့ကြောင့် မည်သူကမှ မတည်ငြိမ်နိုင်ကြချေ။
” အား …။ ”
ရုတ်တရက် ကျောင်းသူတစ်ယောက်က စူးစူးဝါးဝါး ထအော်သည်။ အထူးသဖြင့် ထိုအသံက ကောင်းကင်တစ်ခုလုံးကိုပင် ပဲ့တင်ထွက်သွားစေသည်။
” ဘာဖြစ်တာလဲ။”
လူတိုင်း၏ မျက်နှာထားများက ပြောင်းလဲသွားပြီး အလျင်စလို မေးလိုက်ကြသည်။
” ဦးခေါင်းခွံ ဒါက လူရဲ့ ဦးခေါင်းခွံကြီးဘဲ။ ”
ထိုကျောင်းသူ၏ လှပသောမျက်နှာက ဖြူဖျော့နေသည်။ သူမ၏ ခန္ဓာကိုယ်ကပင် တသိပ်သိပ်တုန်၍ နောက်သို့ ဆုတ်လာသည်။
ပြိုကျနေသော ကျောင်းဆောင်၏ သိပ်မဝေးသည့်နေရာတွင် သဲထဲမှ ထွက်နေသော နှင်းဖြူရောင် ဦးခေါင်းခွံကြီးတစ်ခုကို မြင်နိုင်သည်။ ထိုဦးခေါင်းခွံကို ယခု ကျောင်းသူက မတော်တဆ နင်းမိခြင်းဖြစ်သည်။ ထို့ကြောင့် သူမက အလွန်ကြောက်လန့်သွားခြင်း ဖြစ်သည်။
ကျောင်းသားများက အနောက်သို့ စုဝေးရောက်ရှိလာကြသည်။ ဖန်းပေါ်က သူ၏ ခြေထောက်ကိုသုံးပြီး ခေါင်းခွံကို သဲထဲမှ ကန်ထုတ်လိုက်သည်။
၄င်းက အရွယ်ရောက် လူတစ်ယောက်ရဲ့ ဦးခေါင်းခွံဖြစ်နေသည်။ မည်မျှပင် ရှိခဲ့ပြီဖြစ်ကြောင်း မသိနိုင်ချေ။ သို့သော် အရိုးများပင် မချောမွေ့တော့ဘဲ အကြမ်းထည်အရာများလည်း ရှိနေသေးသည်။
ပို၍ အံ့ဩစေသောအချက်က နှဖူးတွင် လုံးဝိုင်းသော အပေါက်တစ်ပေါက် ရှိနေခြင်း ဖြစ်သည်။ လက်ညှိုးတစ်ချောင်းစာ ထူသည်။ ထက်ရှသော လက်ညှိုးဖြင့် ထိုးထားသည်ဟုပင် ထင်ရသည်။ ထိုအပေါက်၏ ပတ်ဝန်းကျင် နေရာများကမူ ပြားကပ်နေသည်။
” ကြည့်ရတာ ဒီနေရာမှာ အမည်မသိရတဲ့ အမျိုးမျိုးသော အန္တရယ်တွေ ရှိလောက်တယ်။ ဒါက အရိုးခြောက် ဆိုပေမဲ့လည်း ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာလောက်ပြီး။ ဒီတော့ ငါတို့တွေ ဂရုစိုက်ဖို့ လိုတယ်။”
မရင်းနှီးသော ပတ်ဝန်းကျင်တွင် မသေချာသော ကိစ္စပေါင်းများစွာက ရှိနေနိုင်သည်။ လူတိုင်းက ကျောစိမ့်သွားကြသည်။
” အရှေ့က ဘာတွေလဲ။”
ဝေဝါးသော ညကောင်းကင်အောက်တွင် ကြယ်စင်နှင့် လမင်းများက အလွန်တောက်ပနေခြင်း မရှိပေ။ သို့သော် သူတို့၏အရှေ့မှ အရိပ်များစွာကို မြင်နိုင်နေသေးသည်။ ထိုအရာက အချင်းချင်း စပ်နေသော ကျောက်သားပုံလိုမျိုး မညီမညာ ဖြစ်နေကြသည်။
အမြင့်ကလည်း မတူညီကြချေ။
သူတို့က အနီးကပ်လျှောက်သွားသောအခါ လူတိုင်းကကြောင်သွားကြသည်။ ထိုနေရာက အပျက်အစီးနယ်မြေ ဖြစ်နိုင်သည်။
သို့သော် အနည်းငယ်လောက်သာ ပေါ်နေခြင်းဖြစ်သည်။ နောက်ပိုင်း အပျက်အစီးနယ်မြေကြီးက အဝေးသို့ ပြန့်သွားစေသည်။
ကျိုးပဲ့နေသောနံရံများ အပျက်အစီးပုံများကမူ အတိတ်မှ အမည်မသိရသော ပုံပြင်တစ်ခုကို ပြောပြနေသလို ထင်ရသည်။ ည၏ လမင်းရောင်အောက်တွင် ထိုနေရာက အလွန်အမင်း တိတ်ဆိတ်နေသည်။ အတိတ်တွင် အလွန်ခမ်းနားသော နန်းတော်ကြီးများ ဖြစ်ခဲ့ပေမည်။ ယခုမူ လွင်ထီးခေါင်နယ်မြေကြီးတစ်ခု ဖြစ်နေသည်။
ထိုနေရာက အလွန်ကြီးမားသော အပျက်အစီးပုံ နယ်မြေကြီးဖြစ်ပြီး ထိုနေရာကျယ်ကြီးကို ဖုံးလွှမ်းထားသည်။ ကြီးမားသော ကျောက်တုံးကြီးများဖြင့် လုပ်ထားသောကြောင့် အုပ်မြစ်က ခိုင်မာသည်။ စိတ်ကူးယဥ် ကြည့်ယုံဖြင့်ပင် အတိတ်က ထိုနေနန်းတော်က မည်မျှခမ်းနားပြီး ကျယ်ပြောကြောင်း သိနိုင်သည်။ အလင်းတန်းက ထိုပျက်စီးနေရာ၏ အဆုံးနေရာပင်ဖြစ်သည်။ ထိုနေရာတွင် ကျိုးပဲ့နေသောနံရံတစ်ခု ရှိသည်။
” ငါတို့ ငါတို့ တကယ်ဘဲ မားစ်ပေါ်မှာလား။ ဘာလို့ ဒီလောက် ခမ်းနားတဲ့ နန်းတော်တွေက ရှိနေတာလဲ။”
” နောက်ပြီး ဒီလောက် ကြီးမားတဲ့ ပါရောဂျက်ကြီး ပြီးဆုံးအောင် လူအင်အား ဘယ်လောက်တောင် လိုလိမ့်မလဲ။”
” ဒီနေရာကို ပျက်စီးအောင် ဘာကများ ဖြစ်စေခဲ့တာလဲ။ ဒီလောက် မြင့်မားပြီး ခမ်းနားတဲ့ အဆောက်အဦးတွေက ပြိုကျသွားရတာလား။”
လူတိုင်းက ကြောက်လန့်လွန်းသဖြင့် တုန်ရီလာကြသည်။ သူတို့၏ရှေ့တွင် ကြီးမားသော အပျက်အစီးနယ်မြေကြီးက လူတိုင်းကို တအံ့တဩ ရေရွတ်မိစေသည်။ သူတို့ကသာ မားစ်ပေါ်တွင် ရှိနေသည်မှာ မှန်ကန်လျှင် ဤမြင်ကွင်းက မယုံနိုင်စရာ ကောင်းလွန်နေသည်။
ယဲ့ဖန်းက အလွန်တည်ငြိမ်နေသည်။ သူက ပြောသည်။
” တကယ်တော့ ဒါက ဘာရယ် မဟုတ်သေးပါဘူး။ ငါတို့ ဒီနေ့အများကြီး တွေ့ကြုံခဲ့ရပြီးပြီဘဲ။ ဒီတော့ သာမန်စဥ်းစားစဥ်ခြင်နိုင်စွမ်းအရဆိုရင် ဒါတွေက မဖြစ်သင့်တဲ့ အရာတွေမှ မဟုတ်တာ။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်ယောက်က လာပြီး အရှေ့က အပျက်အစီးပုံက တချိန်က ခမ်းနားခဲ့တဲ့ ကောင်းကင်နန်းတော်ရာလို့ ပြောရင်တောင်မှ ငါ မအံ့ဩလောက်ဘူး။ ”
ဖန်းပေါ်ကလည်း သက်ပြင်းချသည်။
” ပျက်စီးနေတဲ့ ကောင်းကင်နန်းတော်ရာ တကယ်ကို ဖြစ်နိုင်ချေရှိတာဘဲ။ ဘာဘဲဖြစ်ဖြစ် နဂါးအလောင်းတောင် ငါ မြင်ခဲ့ရတာဘဲ။”
ထိုစကားများကို ကြားသောအခါ လူတိုင်းက ကြောင်သွားကြပြန်သည်။ ပျက်စီးနေတဲ့ ကောင်းကင်နန်းတော်ရာ နေရာက ဟာသမဟုတ်ချေ။ အရှေ့တွင် အလင်းရောင် ရှိသည်။ ထို့ပြင် အပျက်အစီးနံရံ အနောက်တွင်လည်း ညင်သာသော အလင်းလှိုင်းများက ထွက်လာနေပြီး ဖျော့တော့သော ရောင်ဝါတစ်ခုလိုမျိုး ပေါ်ထွက်နေရာ ခမ်းနားကာ မြင့်မြတ်သည်ဟု ခံစားရစေသည်။
ရှေ့ဟောင်း အပျက်အစီးအဆောင်တော်ကြီး၏ အဆုံးနေရာမှ အလင်းက ဆက်လက်စီးဆင်းလာပြီး ကျိုးပျက်နေသော ထိုနံရံကို ပို၍ သီးသန့်ဆန်သလို ခံစားရစေသည်။ သဘာဝအလျှောက်ပင် လူတိုင်းကလည်း အလွန်လျှို့ဝှက်ဆန်းကျယ်သော ခံစားချက်မျိုးကို ရလိုက်ကြသည်။
လူတိုင်းက ကျောက်စရစ်ခဲပေါ် တက်နင်းမိသောအခါ ဆူညံသံက ထွက်ပေါ်လာသည်။ ညကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ သူတို့က ပြိုကျနေသော နန်းဆောင်များကို ကျော်ဖြတ်ပြီးနောက် ကြီးမားသော အပျက်အစီးပုံကြီး၏ နောက်ဆုံးအပိုင်းသို့ ရောက်သွားသည်။
ထိုနေရာ၏ အရှေ့တွင် ပျက်စီးနေသောနံရံကြီးတစ်ခု ရှိနေသော်လည်း ထိုနံရံကြီးက လေးမီတာမှ ငါးမီတာအထိ မြင့်မားနေသေးသည်။ ထို့ကြောင့် အတိတ်က မည်မျှခမ်းနားကြောင်း စိတ်ကူးယဥ်ကြည့်ရန်ပင် ခက်ခဲသည်။
” အလင်းရောင်က ဘာလဲကြည့်ရအောင်။”
အဖွဲ့က ဂရုတစိုက်ဖြင့် ထိုနံရံအကျိုးကို ကျော်ဖြတ်ပြီး အပျက်အစီးပုံ၏ တစ်ခြားဘက်သို့ ရောက်သွားသည်။ ရုတ်တရက် သူတို့အားလုံးက အသက်ရှူရန်ကိုပင် အောင့်ထားလိုက်မိသည်။ သူတို့ အလွန်အမင်း သက်တောင့်သက်သာရှိသော ခံစားချက်မျိုးကို ရလိုက်သည်။ လေဟာနယ်ပြင်ကို နတ်အလင်းက ကျော်ဖြတ်ကာ စီးဆင်းလာပြီး လူတိုင်း၏ မျက်လုံးထဲတွင် ရောင်ပြန်ဟပ်သလို ဖြစ်လာသည်။
လူတိုင်းက အပျက်အစီးပုံထဲမှ လမ်းလျှောက်လိုက်ပြီး အပျက်အစီးနံရံ၏ အနောက်ဘက်တွင် ပေါ်လာသည်။ သူတို့က အရှေ့မှ အလင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ကြလေသည်။
သူတို့နှင့် မီတာငါးဆယ်ခန့်အကွာတွင် ရှေးဟောင်းဂူဘုရားကျောင်းလေး တစ်ခုက တိတ်တဆိတ် တည်ရှိနေပြီး အစိမ်းရောင် မီးအိမ်ကြီးနှင့် ရှေးဟောင်း ဗုဒ္ဓရုပ်ပွားတော်များ ရှိနေသည်။ အလင်းကမူ ပဲစေ့ခန့်သေးငယ်သည်။
ရှေးဟောင်းဂူ ဘုရားကျောင်းကြီး၏ အရှေ့တွင် ရစ်ခွေနေသည့် နဂါးတစ်ကောင်ကဲ့သို့ သန်မာလှသော ရှေးဟောင်း ဗောဓိပင်ကြီး ရှိနေသည်။ ကိုယ်ထည်တစ်ခုလုံးက ခြောက်သွေ့နေပြီဖြစ်ပြီး အရွက်ကလည်း ငါးရွက် ခြောက်ရွက်ခန့်သာ ရှိကာ နှစ်မီတာခန့်အကွာတွင် ပြန့်ကျဲကျနေသည်။
တစ်ရွက်ချင်းစီတိုင်းက သလင်းသားကဲ့သို့ ကြည်လင်နေပြီး အစိမ်းရောင်အလင်းကို လွှင့်ထုတ်နေသည်မှာ နတ်ကျောက်စိမ်းတုံးအလား ထင်ရသည်။
အပိုင်း ၁၃ ပြီး၏။