Switch Mode

Chapter – 137

အမှတ် ထိန်းချုပ်ဖို့လား။ အေးဆေးပဲ။

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၃၇ အမှတ် ထိန်းချုပ်ဖို့လား။ အေးဆေးပဲ။

” ဟုတ်ပြီ။ အကဲဖြတ်ဖို့အတွက် တိကျတဲ့ စည်းမျဥ်းစည်းကမ်းတွေကို ခနနေရင် ပို့ပေးမယ်။ မနက်ဖြန်ကျ အကဲဖြတ်မှု စတင်မယ်။ ပြဿနာမရှိရင် အစည်းအဝေး ရုတ်သိမ်းပြီး အားလုံးပဲ ဒီနေ့ ပြန်သွားကြပြီး ကောင်းကောင်းပြင်ဆင်ထားကြမယ်လို့ မျှော်လင့်ပါတယ် ”

အိုးရန်ယွင်ကျုံးက အစည်းအဝေးရပ်နားကြောင်း ပြောလိုက်သည်နှင့် လူတိုင်းက သူတို့အလုပ်နေရာအသီးသီးသို့ ပြန်သွားကြသည်။

ယဲ့ရှောင်က အိုးရန်ယွင်ကျုံးကို လက်ဆောင်များပေးပြီး သူတို့အလုပ်များ ထိန်းထားမည့်အကြောင်းကို သူ့လက်အောက်ငယ်သားများ တိတ်တဆိတ် ဆွေးနွေးနေတာ ကြားခဲ့၏။

” ငါ့အဖေရဲ့ ဒုတိယဦးလေးရဲ့ တတိယဒေါ်လေးရဲ့ အကြီးဆုံးမြေးရဲ့ အရင်ရည်းစားရဲ့ ဦးလေးက ဒါရိုက်တာအိုးရန်ရဲ့ သွေးဝေးဝမ်းကွဲပဲ။ ငါ သွားကြည့်ပြီး သဲလွန်စတချို့ ရှာနိုင်မလားဆိုတာ ကြည့်ဦးမယ်။ ငါ့အတွက် သူ့ကို ကူပြောခိုင်းမယ်လေ ”

” သွေးဝေးတဲ့ဝမ်းကွဲဆိုတာ ဘာမှမဟုတ်ဘူးလေ။ မင်းကို ပြောပြလိုက်ဦးမယ်။ ခင်မင်ရင်းနှီးမှုနဲ့ ဝါကြီးမှုအရာမှာဆိုရင် ငါက ဒါရိုက်တာကို ဖွားဖွားကြီးလို့ ခေါ်ရမှာ ”

” လခွမ်း …။ မင်းက ဒါရိုက်တာ အိုးရန်နဲ့ ဒီလောက်ရင်းနှီးတယ်လား ”

” ဒါပေါ့။ ဒါရိုက်တာ အိုးရန်နဲ့ ငါ့ရဲ့ ဖွားဖွားကြီးက ရွာတူတူပဲလေ ”

” သေစမ်း။ သူက မင်းရဲ့ ဖွားဖွားကြီးလို့ ငါထင်ခဲ့တာ။ ရွာတစ်ရွာထဲက အကြီးအကဲတစ်ယောက်ဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ မင်း ဘာအကြောင်းတွေ ပြောနေတာတုန်း ”

ယဲ့ရှောင်ကလည်း သူတို့ ပြောနေတာ နားထောင်ပြီး ဆွံ့အသွား၏။ ထိုကောင်လေးများက ရိုးရှင်းစွာ တွေးလွန်းသည်။

သူတို့က ယခုအခေါက်၌ အလွန်ကြီးမားသည့် စာကြည့်တိုက်တစ်ခု တည်ဆောက်ချင်နေတာ ဖြစ်ရမည်။

ဒါရိုက်တာ အိုးရန်၏ ခွန်အားက ရှန်းထျန်းပထမအဆင့်တွင်သာ ရှိ၏။ ချဲ့ထွင်ပြီးနောက် သူမဒါရိုက်တာဖြစ်နိုင်သေးလားဟူသည်က မေးခွန်းတစ်ခု ဖြစ်နေသည်။

ထို့အပြင် ဒါရိုက်တာ အိုးရန်၏ အသက်အရွယ်သည်လည်း အငြိမ်းစားယူရမည့် အရွယ်ရောက်နေပြီး မဟုတ်ပါလော။ သူမက ယခုအချိန်တွင် အသက် ၉၀ကျော်နေပြီဖြစ်သည်။ သိုင်းပညာလေ့ကျင့်သောကြောင့် သူမ ငယ်ရွယ်ပုံပေါ်နေခြင်းသာ ဖြစ်၏။ သို့သော်ငြား အတိတ်တုန်းက စာကြည့်တိုက်သည် ကျန်းဟိုင်မြို့လယ်၏ သိုင်းပညာရပ်များကိုသာ စီမံခန့်ခွဲတာ ဖြစ်သည်။ နောင်ကြ ကျန်းဟိုင်မြို့လေး မဟုတ်တော့ပေ။

သို့သော် ယဲ့ရှောင်က မစိုးရိမ်ပေ။

စစ်သားများ ရောက်လာလျှင် စစ်သူကြီးက သူတို့ကို ပိတ်ဆို့လိမ့်မည်။ ရေကျလာချိန် ကမ္ဘာမြေကြီးက ၄င်းကို လွှမ်းမိုးပေးလိမ့်မည်။

ဖုန်းထဲရှိ ဝင်ခွင့်လိုအပ်ချက်များအရ အနိမ့်ဆုံးက ဟို့ထျန်းတတိယအဆင့် သိုင်းပညာရပ် ခွန်အားဖြစ်သည်။ သို့သော် ယဲ့ရှောင် အကဲဖြတ်မှုအရ ယင်းက အမှန်တကယ် စွန့်စားရာရောက်သည်။

လူအများစုက သူတို့၏ အဆက်အသွယ်ကို အားမထားခဲ့လျှင်တောင် အနည်းဆုံးတော့ နေရာတချို့ ရရန်အတွက် သူတို့၏ အဆက်အသွယ်များကို အားကိုးနိုင်မည့် လူတချို့ ရှိနေသောကြောင့် ဖြစ်သည်။ နေရာပိုနည်းနေလေရာ ဝင်ခွင့်ရမည့် လူအရေအတွက်ကလည်း အနည်းငယ် နည်းသွားမည်။

သို့သော် ယဲ့ရှောင်က သူတို့ကိုယ်ပိုင် စီးပွားရေး ပြုလုပ်ရန်အတွက် အိမ်ပြန်ကာ အလွန်အခွင့်အရေးကောင်းရှိသည့် လုပ်ဖော်ကိုင်ဖက်နှစ်ဦးရှိကြောင်း သူတို့သိသည်။ ထို့ကြောင့် သူတို့က သူတို့၏ ဟို့ထျန်းတတိယအဆင့် ခွန်အားကို ထုတ်ဖော်ပြသသရွေ့ ဝင်ခွင့်ရလိမ့်မည်။ သီအိုရီစာမေးပွဲအတွက်မူ သူက စံသတ်မှတ်ချက်ကို မကြည့်လျှင်တောင် သူ စိတ်မပူပေ။

စာကြည့်တိုက်ထဲရှိ သူ၏ လုပ်ဆောင်ချက်ဖြင့် ယင်းကို အလွယ်တကူ ဖြေရှင်းနိုင်၏။

သူက အမှန်တကယ် စာကြည့်တိုက်မှူးတစ်ဦး ဖြစ်မလာလျှင်တောင် ထိခိုက်စရာအကြောင်း မရှိပေ။

သူက စာအုပ်များ လာရောက်ဖတ်ရှုပြီး လက်နက်များ သန့်စင်ခြင်းဖြင့် နေထိုင်စရိတ်တချို့ ရှာနိုင်သည်။ သို့သော်ငြား မကောင်းသည့်ကိစ္စနှစ်ရပ် ရှိ၏။

ပထမအချက်က စာကြည့်တိုက်မှူးသည် စာအုပ်ဖတ်ရန် ပိုက်ဆံ မလိုအပ်ခြင်း ဖြစ်သည်။ လတိုင်း လစာလည်း ရပြီး ဝန်ထမ်းတစ်ယောက်ဖြစ်ခြင်းအတွက် အကျိုးခံစားခွင့်မျိုးစုံလည်း ရှိသည်။

စာအုပ်ဖတ်ခြင်းကလည်း ပိုက်ဆံလိုအပ်၏။ ကတ်တစ်ကတ်ရရန် လိုအပ်ပြီး စာအုပ် ငှားခြင်းကလည်း ပိုက်ဆံလိုသည်။ သူ စာအုပ်ဖတ်တိုင်း စာအုပ် ငှားရမ်းတိုင်း စည်းမျဥ်းမျိုးစုံ၊ စည်းကမ်းမျိုးစုံများ ဖြတ်သန်းရမည်။ ယင်းက အလွန်ဒုက္ခများ၏။

ယဲ့ရှောင်က ပိုက်ဆံကို ဂရုမစိုက်ပေ။ သို့သော်ငြား သူက ဒုက္ခများမှာကို မုန်းတီးသည်။ မန်နေဂျာတစ်ယောက်ဖြစ်ခြင်းက သူ့ကို ဒုက္ခသက်သာစေ၏။

ကျန်သည့်အချက်က အရေးအကြီးဆုံးအချက်လည်း ဖြစ်သည်။

မန်နေဂျာတစ်ယောက်သည် စာအုပ်များ ဖတ်ခြင်းဖြင့် အချိန်ကုန်ကာ အလုပ်တွေ ပျင်းရိရန် ဆင်ခြေဆင်လက် ပေးနိုင်၏။

သူက မန်နေဂျာ မဟုတ်တော့လျှင် အလုပ်ရှာမှာ မဟုတ်ပေ။ နေ့တိုင်း စာကြည့်တိုက်ထဲတွင် စာဖတ်နေပါက ပြဿနာတစ်ရပ် ဖြစ်ပေလိမ့်မည်။

သူ၏ ကျင့်ကြံဆင့်က သူ့ကို စိတ်ကျေနပ်စေသည့် အဆင့်မရောက်ခင် သူက အာရုံစိတ်မှုများစွာကို မလိုချင်။ တစ်ပါးသူတို့အား သူ၏ ခွန်အားအကြောင်း မသိစေချင်ပေ။

ဒင်း။

မနက်ခင်း၌ နေ့ဝက်လျင်မြန်စွာ ကုန်ဆုံးသွား၏။ မျက်တောင်တစ်ခတ်အတွင်း အလုပ်ဆင်းရန် အချိန်ရောက်သွားပြီဖြစ်သည်။

ယဲ့ရှောင်က စားသောက်ဆိုင်သို့ သွားပြီးနောက် အမဲသားနပ်နှင့် အာလူးတစ်ပွဲကို မှာလိုက်သည်။ ပြီးနောက် သူက ပြတင်းပေါက်ဘေးထောင့်ကို ရှာတွေ့ပြီး သွားထိုင်စားလိုက်၏။

မကြာမီ၌ သင်းပျံ့သည့် မွှေးရနံ့က သူ့နှာခေါင်းဝကို ကျီစယ်လာ၏။ ထိုလူက သူ့မျက်နှာချင်းဆိုင်တွင် လာထိုင်သည်။

မော့ကြည့်စရာ မလိုပဲ စားပွဲအောက်ရှိ ခြေထောက်က ပိုးသားအသားကပ်ကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ်စီးထားတာကို ကြည့်ခြင်းအားဖြင့် မည်သူမှန်း သူ ခန့်မှန်းနိုင်သည်။

မစ္စဝမ်။

” ယဲ့ရှောင်လေး ငါ ဒီမှာထိုင်လို့ အဆင်ပြေလား ”

ယဲ့ရှောင်က ခေါင်းအနည်းငယ် ညိတ်လိုက်၏။

ပြန်လည်ထူထောင်လာသော မစ္စဝမ်က အလွန်ပုံမှန်ဆန်နေသည်။

သူမသည် ယခင်ကထက် အဝတ်အစားသည် ပိုမို ကျနစွာ ဝတ်လာပြီး မိတ်ကပ်ကလည်း ယခင်ကကဲ့သို့ ညို့ငင်နိုင်စွမ်း မရှိတော့ပေ။ ခန္ဓာကိုယ်ပေါ်ရှိ မွှေးရနံ့ကတောင် လှုပ်ဆော်စေသည့် သင်းရနံ့အစား ရနံ့​ဖျော့ဖျော့အဖြစ် ပြောင်းလဲသွားသည်။

” ဒါဆို ငါ တခမ်းတနားကြီး ရပ်မနေတော့ဘူး ”

သူမက စားပွဲခုံချကာ တူထုတ်ပြီး စတင်စားတော့၏။ စားနေစဥ် သူမက ပြောလိုက်၏။

” ဒီအကဲဖြတ်မှုအတွက် ဘယ်လိုထင်လဲ ”

” ကျွန်တော့်မှာ တခြားဘာအတွေးများ ရှိနိုင်ဦးမှာလဲ။ ဒါပဲပေါ့။ ကျွန်တော် ဖြတ်ကျော်နိုင်ရင် ဖြတ်ကျော်မှာပေါ့ ”

” မင်းကို ကူညီပေးဖို့ ငါ့အဆက်အသွယ်တွေ သုံးစေချင်လား ”
ယဲ့ရှောင်က အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။

” ခင်ဗျား ကောင်လေးတစ်ယောက် ရှာပြီးပြီ မဟုတ်ဘူးလား။ ဘာကြောင့်များ ခင်ဗျားကို ထောက်ပံ့ပေးနေတဲ့ သူတွေ အများကြီး ရှိနေသေးတာလဲ ”

မစ္စဝမ်က ယဲ့ရှောင်ကို မျက်စောင်းထိုးလိုက်၏။

” အမျိုးသားတိုင်းက အမျိုးသမီးတွေကို ရူးသွပ်ကြတယ်ဆိုတာ နင်မသိဘူးလား။ ငါ့မှာ ကောင်လေးမရှိရင် သူတို့က ငါ့ကို ငြီးငွေ့လောက်တယ်။ အဆုံးမှာတော့ အခု ငါ့မှာ ကောင်လေးရှိသွားပြီ။ တစ်ယောက်ချင်းစီက ငါ့ကို ပျားရည်ကို တွေ့သွားတဲ့ ယင်ကောင်လိုမျိုး မြင်နေကြတာ။ သူတို့ မျက်လုံးတွေက တောက်ပနေပြီလေ ”

” ဒါဆိုရင် ခင်ဗျားရဲ့ ချစ်သူက ဦးထုပ်ဘယ်နှစ်လုံးများ ဆောင်းရတာလဲ။ သူ့အတွက် ပြဿနာမရှာတာ ပိုကောင်းလိမ့်မယ် ”

” လခွမ်း ”

မစ္စဝမ်က နှုတ်ခမ်းဆူလိုက်သော်ငြား ဒေါသမထွက်ပေ။

” နင့်ရဲ့ အစ်မဝမ်က အခုဆို ရည်မွန်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်နေပြီ။ ငါ့ချစ်သူကောင်လေးအပြင် ဘယ်သူ့မှ မထိနိုင်ဘူး။ ငါတကယ် ပြောနေတာ။ လူတိုင်းက ငါ့ကို လက်ဆောင်ပေးနေတယ်။ လက်ဆောင်လိုအပ်တယ်ဆိုရင် ငါ့ကို ပြောလို့ ရတယ်။ ဒီနေရာမှာ အနှစ် ၂၀လောက် အလုပ်လုပ်လာတာ။ အဆက်အသွယ် ရှာနိုင်သေးတုန်းပဲ ”

” မလိုပါဘူး ”

” တကယ်လား။ မင်းရဲ့ ကျင့်ကြံဆင့်က ဟို့ထျန်းဒုတိယအဆင့်ပဲ ရှိသေးတာမလား။ ဒီကျင့်ကြံဆင့်နဲ့ ဆက်နေဖို့ဆိုတာ အလွန်ခက်ခဲမှာပဲ ”

ယဲ့ရှောင်က ပခုံးတွန့်လိုက်၏။

” ကိစ္စမရှိဘူးလေ။ စာကြည့်တိုက်က ထွက်သွားပြီးရင် ဆာပြီး သေမှာမှ မဟုတ်တာ ”

မစ္စဝမ်က ယဲ့ရှောင်ကို တွေဝေစွာ ကြည့်လိုက်၏။

” ယဲ့ရှောင် နင် သိပြီလား။ နင့်ရဲ့ တည်ငြိမ်မှုနှင့် ရင့်ကျက်မှု၊ နင့်ရဲ့ မျက်နှာနဲ့ပါ ပေါင်းလိုက်ရင် တကယ် အမျိုးသမီးတွေကို သေလောက်အောင်စွမ်းဆောင်နိုင်တာပဲ။ နင်က ဆန်ကုန်မြေလေးမဟုတ်တာ ကံကောင်းတယ်နော်။ နင်သာ ဆန်ကုန်မြေလေးတစ်ယောက်ဆိုရင် ကျန်းဟိုင်မြို့က အမျိုးသမီးတွေအားလုံး နှစ်တစ်ရာကျော် အဖွားကစလို့ မမွေးရသေးတဲ့ ကလေးအထိ ဘယ်သူမှ မင်းရဲ့ စက်ကွင်းကနေ လွတ်မြောက်မှာ မဟုတ်ဘူး ”

ယဲ့ရှောင်က ဘာမှမပြောတော့ပေ။ သူက ခေါင်းငုံ့ပြီး စားနေလိုက်၏။

မစ္စဝမ်က သူ စကားထပ်မပြောတော့တာကို မြင်သောကြောင့် သူမလည်း မပြောတော့ပေ။ ယဲ့ရှောင်ကို ကူညီချင်ရသည့် အကြောင်းအရင်းမှာ ယဲ့ရှောင်က လူကောင်းတစ်ယောက်ဖြစ်ပြီး သူမကို ထောက်ပြပေးခဲ့သောကြောင့်ဖြစ်သည်။

လှည့်ပတ်သွားလာနေပြီးနောက် သူမသည် နောက်ဆုံး၌ အသိတရား ပြန်ဝင်လာပြီး ကိုယ်ပိုင် ပျော်ရွှင်မှုကို ထွက်ရှာတော့သည်။ သို့သော် ယဲ့ရှောင်က သူမ၏ အကူအညီကို မလိုအပ်သောကြောင့် သူမ မေ့ထားလိုက်တော့မည်။

စားသောက်ပြီးနောက် ယဲ့ရှောင်က အလုပ်သွားကာ နေ့လယ်ခင်း၌ စာဖတ်နေ၏။

နေ့လယ်ခင်းတွင် ကုဟိုင်ကလည်း ဖုန်းခေါ်လာသည်။

သူသည် ယခင်က စာကြည့်တိုက်ထဲတွင် အလုပ်လုပ်ခဲ့သောကြောင့် လုပ်ဖော်ကိုင်ဖက်အဖွဲ့ကနေ တစ်ခါမှ မထွက်ခဲ့ဖူးပေ။ သူက လုပ်ဖော်ကိုင်ဖက်များဆီ မိတ်ဆွေအသိုင်းအဝိုင်းဆီမှ သတင်းအချက်အလက်ကိုလည်း သင်ယူရရှိနိုင်၏။

ဖုန်းခေါ်မှုအကြောင်းအရာက အဆက်အသွယ်ရှာပြီး သူ့အလုပ်ကို ထိန်းထားနိုင်လားဆိုတာ မေးကြည့်ရန်သာ ဖြစ်သည်။

စာကြည့်တိုက်ရှိ အလုပ်က ကျန်းဟိုင်မြို့ထဲ၌ အလွန်လူကြိုက်များသည်။

ပြင်းပြင်းထန်ထန် အလုပ်များ လုပ်ရန် မလိုအပ်ပေ။ လစာက တည်ငြိမ်ပြီး အကျိုးခံစားခွင့်မျိုးစုံ ရှိ၏။

ယဲ့ရှောင်က ငြင်းဆန်လိုက်သေး၏။

နှစ်ယောက်သားက ခဏတာ စကားပြောဆိုပြီးနောက် ဖုန်းချလိုက်ကြ၏။

ယဲ့ရှောင်သည် ညနေစောင်း၌ အလုပ်မှ အိမ်ပြန်သည့်အချိန်တွင် အိုးရန်ယွင်ကျုံးက ကားတစ်စီးထဲ ဝင်သွားတာကို တွေ့လိုက်ရသည်။

ယင်းက မြို့တော်ဝန်၏ သီးသန့်ကားမှန်း သိ၏။ စာကြည့်တိုက်ရှိ ပြောင်းလဲမှုများက အလွန်ထူးခြားပုံပေါ်သည်။ သူတို့က စာအုပ်ကောင်းများစွာ သယ်လာတာ ဖြစ်နိုင်၏။

သူသည် ကျင့်ကြံဆင့်နည်းစနစ်မျိုးစုံကို ပိုသင်ယူခွင့်ရပြီး နောင်ကြ ပိုအစွမ်းထက်သည့် တော်ဝင်နည်းစနစ်များ ပေါင်းစည်းနိုင်ခွင့် ရမည့်ပုံ ပေါ်သည်။

အိုးရန်ယွင်ကျုံးက မြို့တော်ဝန်၏ ကိုယ်ပိုင်ကားထဲသို့ ဝင်သွားပြီးနောက် တုချန်ဖုန်း၊ တုထျန်းယွီ ကျန်သည့်သူများနှင့် ဆွေးနွေးရန်အတွက် မြို့တော်ဝန်၏ အိမ်ဆီသို့ သွားလိုက်သည်။

တစ်ချိန်တည်းတွင် ချင်ရှန်းလုံနှင့် နန်ကုန်းလင်ကလည်း ရှိနေသည်။

သူမ ရောက်လာသည့်အချိန်၌ လူတိုင်းက သူမကို နှုတ်ဆက်ကာ သူ၏ အစည်းအဝေး တရားဝင် စတင်တော့၏။

” အခု ကြေးနဲ့ ကျုံးစီရင်စုနဲ့ သက်ဆိုင်တဲ့ အမိန့်တွေ ထွက်လာပြီ။ သူတို့အကြောင်း အားလုံးကိုပြောပြမယ် ”

မြို့တော်ဝန် တုထျန်းယွီက လက်ထဲ၌ စာရွက်စာတမ်းတစ်ခု ကိုင်ဆောင်ထားကာ လူတိုင်းကို အလုပ် ပြောပြလိုက်သည်။

” ဒီတစ်ခေါက် ကြယ်၇လုံးတန်းတဲ့အချိန် တစ်ကမ္ဘာလုံးက ဆုံးရှုံးမှုကို ခံစားခဲ့ရတယ်။ ကြယ်တာရာသားရဲတွေက ပိုသန်မာလာတယ်လို့ မှန်းဆရတာပဲ။ လေထိန်းချုပ်မှုကို လျှော့ချဖို့ ကြယ်တာရာသားရဲတွေကို ကောင်းကောင်းဖြေရှင်းနိုင်ပြီး လူသားမျိုးနွယ်စုကို ကာကွယ်ပေးဖို့အတွက် သူတို့တွေက မနားမနေ အပတ်တကုတ် ကြိုးစားနေကြတယ်။ ဒါကြောင့် မြို့စုစည်းဖို့အတွက် လိုအပ်ချက်တွေကို လုပ်ပြီးပြီ။ လက်ရှိ ပိုကောင်းတဲ့ အခြေအနေတွေအရ ဦးစားပေးဖို့ ရွေးချယ်မယ်။ ရင်းနှီးမြုပ်နှံဖို့ အရင်းအမြစ်တွေ မြို့ကြီးတစ်မြို့ ဖွဲ့စည်းဖို့အတွက် ပါရမီရှိတဲ့သူတွေကို ခေါ်ယူပြီး သိုင်းပညာရှင်တွေကို စုဆောင်းမယ်။ ဒီနည်းနဲ့ ကြယ်တာရာသားရဲတွေရဲ့ ကျူးကျော်မှုကို ရင်ဆိုင်ရတဲ့အချိန် လူသားသိုင်းပညာရှင်တွေက သူတို့ရဲ့ ခွန်အားတွေကို ပိုကောင်းကောင်း ပြနိုင်ပြီး ကောင်းကောင်း ခုခံနိုင်မှာ ”

လူအုပ်ကြီးကို တစ်ချက်ကြည့်ပြီးနောက် တုထျန်းယွီက ဆက်ဖတ်သည်။

” အရင်ဆုံး မြို့တော်ဝန်ရာထူးက ကျုပ်ယူထားတုန်းပဲ ”

” ဒုတိယအချက်က ကျန်းဟိုင်သိုင်းကျောင်းတော်ရဲ့ ကျောင်းအုပ် ချင်ရှန်းလုံက ကျောင်းအုပ်ရာထူးကနေ တစ်ဆင့်ဆင်းရပြီး ကျုပ်ရဲ့ ဦးလေး တုချန်ဖုန်းက ကျောင်းအုပ်ရာထူးကို ယူမယ် !

ချင်ရှန်းလုံက ထိုဆုံးဖြတ်ချက်ကို လက်ခံ၏။ ဆိုရလျှင် တုချန်ဖုန်းက မဟာချီရှန်းတစ်ဦး ဖြစ်ပြီး သူ့ထက် ပိုသန်မာသည်။ ထို့အပြင် တုချန်ဖုန်းက ကျင်းတူ သိုင်းကျောင်းတော်၏ ကျော်ကြားသော ပါမောက္ခတစ်ဦးဖြစ်ပြီး သင်ကြားပြသရာတွင် သူ့ထက် ပိုထူးချွန်၏။

” လောင်ချင်။ တခြားအတွေး ရှိသေးလား ”

တုချန်ဖုန်းက သူ့သူငယ်ချင်းကောင်း၏ အတွေးများကို အလွန်ပူပန်နေ၏။ သို့သော် ချင်ရှန်းလုံက ခေါင်းခါလိုက်သည်။

” ငါ ငြင်းစရာ မရှိဘူး။ အဲ့ဒီတုန်းက မင်း မထွက်သွားရင် ကျောင်းအုပ်ရာထူးက အစတည်းက မင်းဟာဖြစ်နေမှာပဲ။ အခုက ပိုင်ရှင်မှန်ဆီကို ပြန်ရောက်ရုံပဲ ”

” ဒါ့အပြင် ကြယ်တာရာသားရဲ စစ်မြေပြင်က အခုအချိန်မှာ အလွန်တင်းမာနေတယ်လို့ ကြားထားတယ်။ ငါ့ရဲ့ အရိုးအိုကြီးတွေကလည်း သူတို့ရဲ့ အကန့်အသတ် ရောက်နေပြီ။ ကြယ်တာရာသားရဲ စစ်မြေပြင်ကို သွားပြီး ငါ့ရဲ့ ကံကို စမ်းကြည့်ဖို့ တွေးနေတာ။ ငါအဆင့် ချိုးဖျက်တက်နိုင်မလား ကြည့်ရင်းပေါ့ ”

ချင်ရှန်းလုံ မငြင်းဆန်တာကို တွေ့သောအခါ တုထျန်းယွီက ထပ်ပြောလိုက်၏။

” မြို့စောင့်တပ်ဖွဲ့ရဲ့ အရင်ခေါင်းဆောင် နန်ကုန်းလင်က အခုကစပြီး မြို့စောင့်တပ်ဖွဲ့ရဲ့ ဒုခေါင်းဆောင်ဖြစ်လာမယ်။ ကျုံးစီရင်က မဟာချီရှန်းတစ်ယောက် ပို့ပေးလိမ့်မယ်။ နန်ကုန်းလင်က သူ့ကို ပံ့ပိုးပေရမယ် ”

နန်ကုန်းလင်က ခေါင်းညိတ်လိုက်သည်။ ကျန်းဟိုင်မြို့ချဲ့ထွင်ချင်လျှင် သူက မြို့စောင့်တပ်ဖွဲ့ကို ထိန်းချုပ်နိုင်မှာ မဟုတ်ပေ။

” ကျန်းဟိုင်မြို့ရဲ့ စာကြည့်တိုက်ခေါင်းဆောင်၊ စာကြည့်တိုက်မှူး၊ စာကြည့်တိုက်ခေါင်းဆောင် အိုးရန်ယွင်ကျုံးက ရာထူးကနေ တစ်ဆင့်ဆင်းရမယ်။ ကျုံးစီရင်စုက မဟာချီရှန်းတစ်ယောက် ပို့ပေးလိမ့်မယ်။ ခေါင်းဆောင်အိုးရန် ငြင်းဆန်စရာ ရှိလား ”

အိုးရန်ယွင်ကျုံးက ခေါင်းခါလိုက်သည်။

” ငါ အသက်ကြီးနေပြီ။ ငါ့ရဲ့မြေးကို ဂရုစိုက်ဖို့အချိန်ရောက်ပြီပဲ။ ရာထူးချတာက သင့်တော်ပါတယ် ”

” ဟုတ်ပြီ။ အားလုံးငြင်းစရာမရှိဘူးဆိုတော့ ဆုံးဖြတ်လိုက်ပြီ။ လူတိုင်းနားလည်မယ်လို့ မျှော်လင့်ပါတယ်။ အဓိကအကြောင်းအရင်းက ကျုပ်တို့ ကျန်းဟိုင်မြို့ကို ပိုကောင်းအောင် လုပ်ဖို့ပဲ။ ကျန်းဟိုင်မြို့ချဲ့ထွင်ပြီးတာနဲ့ ပတ်ဝန်းကျင်မြို့တွေကိုပါခေါ်။ အဆင့်မြင့် ချဲ့ထွင်ပြီးရင် ခွန်အားကို မြင့်တင်မယ်။ ဒါမှ နောက်လေးနှစ်ကြာပြီးတဲ့ ကြယ်တာရာသားရဲကပ်ဘေးကို ဖြေရှင်းနိုင်မှာ ”

အပိုင်း ၁၃၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset