Switch Mode

Chapter – 14

မိုက်မဲသော ကောင်မလေး

အပိုင်း(၁၄) မိုက်မဲသော ကောင်မလေး

စကားဆုံးသည်နှင့် ဓားကိုရှေ့တည့်တည့်ထားကာ တိရှင်းအယ် တဟုန်ထိုး တိုး၀င်လိုက်သည်။

“နေဦး”

စုရှောင်ရှန် လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး တားလိုက်သည်။ “လူကြီးလူကောင်းတစ်ယောက်က လက်နဲ့ မဖြေရှင်းဘဲ စကားနဲ့ပဲ ဖြေရှင်းတယ်ဆိုတဲ့ ဆိုရိုးစကားအတိုင်း ကျင့်ကြံသူတစ်ယောက်က ဓားနဲ့ ဖြေရှင်းရမယ့်အစား လက်နဲ့ပဲ ဖြေရှင်းသင့်တယ်”

“ဒီလိုလုပ်လေ။ ငါလည်း ငါ့ဓားမသုံးဘူ။ နင် လည်း နင့်ဓားကို ချလိုက်သည်။ လက်သီးနဲ့ပဲ နပန်းလုံးကြမယ်လေ ဘယ်လိုလဲ” သူ့နောက်ကျောမှ သစ်သားဓားကို စုရှောင်ရှင်ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

နပန်းလုံးမယ်ဟုတ်လား …

တိရှင်းအယ် မျက်မှောင်ကုတ်လိုက်သည်။ စုရှောင်ရှန် ဟိုလိုအဓိပ္ပာယ်ကို ဆိုလိုခြင်းမဟုတ်ပဲ ရိုးရိုးသားသားပြောသည်ကို သူမသိသည်။ “ရှင့်မှာ တိတ်တိခိုးနာကျင်ခြင်းဆိုတဲ့ အဆင့်(၉) ဓားတစ်ချောင်းရှိသေးတယ်မလား”

စုရှောင်ရှန်ရယ်လိုက်ရင်း သိုလှောင်လက်စွပ်ထဲမှ တိတ်တိခိုးနာကျင်ခြင်းကို ကြမ်းပြင်ပေါ်သို့ ထပ်ပစ်ချလိုက်သည်။

သူ ဤပြိုင်ပွဲတွင် ညစ်ပတ်ရန် ကြံစည်နေခြင်းမဟုတ်ပါ။ ယခင်နေ့က သူ့ဓားနည်းစနစ်ကို လေ့ကျင့်ခဲ့သည်။ သို့မှ ဓား၏အဖျက်စွမ်းအားကို သတိထားမိ သော် ထိခိုက်မှုများဖြစ်မည်စိုး၍ ဓားအစစ်အစား သစ်သားဓား သုံးမှ သင့်လျော်မည်ဟုတွေးမိခဲ့ကာ တစ်ချိန်လုံး သစ်သားဓားကို သယ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

“ရှင့်မှာ ပြိုင်ဘက်ကင်းတဲ့ ခန္ဓာကိုယ်ရှိတာ ကျွန်မ သိတယ် ဂိုဏ်းတူအကိုစု။ ဒါပေမယ့် ကျွန်မက ဓားနည်းစနစ်ပဲ သုံးတတ်တာ။ ဒီတိုင်းပဲချမယ်” ဟုပြောလိုက်ပြီးနောက် တစ်ခွန်းမှ ပြန်မပြောတော့ဘဲ စုရှောင်ရှန်ကို ဓားဖြင့်၀င်ခုတ်လိုက်သည်။

စုရှောင်ရှန် အော်ဆဲမိလုနီးပါးဖြစ်သွားသည်။ ဤကောင်မလေးက သူ့ဓားများအား ပစ်ချစေပြီးမှ ရုတ်တရက် အလစ်တိုက်ခိုက်သည်လော။

‘ထင်တဲ့အတိုင်းပဲ မ ဆိုရင် ပါးစပ်က ထွက်လာသမျှ ဘာမှကိုမယုံရဘူး’ သူတွေးလိုက်သည်။ ‘လူလိမ်တွေချည်းပဲ’

ထိုဓားချက်ကို ရှောင်ဖို့ သူလုပ်လိုက်၏။ မည်သည့်အကြောင်းကြောင့်မှန်းမသိ တိရှင်းအယ် ဓားကို အလွန် နှေးကွေးစွာဖြင့် ခုတ်နေသည်ဟု သူထင်နေမိသည်။ ထို့ပြင် အားနည်းချက်များစွာလည်း မြင်နေရသည်။ အခွင့်ကောင်းယူပြီး တုန့်ပြန်တိုက်ခိုက်လိုက်လျှင် တစ်ချက်တည်းနှင့် ပွဲသိမ်းသွားနိုင်၏။

‘သူ့ဓားချက်တွေက လှလှပပ လည်းမရှိဘူး အကြမ်းပတမ်းကြီးတွေ’ စု‌ရှောင်ရှန် စိတ်ထဲမှ‌မှတ်ချက်ချလိုက်သည်။ ‘ဒီလိုနဲ့ ဘယ်လို ကျင့်ကြံခြင်း အဆင့်(၈) ကိုရောက်လာလဲမသိဘူး’

ထိုအခိုက်အတန့်အတွင်း ခန္ဓာကိုယ်ကို တစ်ချက်စောင်းပြီး တိရှင်းအယ်၏ ဓားချက်ကို သူရှောင်လိုက် တော့သည်။ ထို့နောက် လက်ဖြင့် တိရှင်းအယ်၏ လက်ကောက်၀တ်ကို ရိုက်ချဖို့ပြင်လိုက်သည်။ သို့သော် ယခင် (၂) ရက်လောက်က ကြမ်းပြင်၌ အပေါက်များပေါက်ဖြစ်သွားသည်ကို သတိရသွားပြီး ချက်ခြင်းလက်သီးဆုပ်လိုက်၏။

တိရှင်းအယ်အလျှင်အမြန် ဓားကို ပြန်ဆုတ်ယူ လိုက်ပြီး စုရှောင်ရှန်၏ ဝင်လာ‌ နေသော လက်သီးကို ဓားသွားဖြင့်ခုတ်ရန် တုန့်ပြန်လိုက်သည်။

သူ၏ လက်သီး သူမ၏ ဓားဖြင့်ထိပါက နှစ်ပိုင်းဖြစ်သွား ပေလိမ့်မည်။

“အား”

သို့သော် တိရှင်းအယ် ခလုတ်တိုက်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားသည်။

ဖြစ်ပျက်နေသည်များအား မယုံကြည်နိုင်သည့်မျက်လုံးများဖြင့် ကြည့်နေရင်းမှ သူ့ဘယ်ခြေကို စုရှောင်ရှန် ပြန်ဆုတ်လိုက်၏။

‘ဒီတိရှင်းရဲ့ ဓားကွက်တွေက ခန့်မှန်းလို့ လွယ်နေတာ သူတကယ်ကော အဆင့်(၈) စိတ်ဝိညာဉ်ကျင့်ကြံသူဟုတ်ရဲ့လားဟ’

စုရှောင်ရှန် သူ့ဓားကို ကောက်ယူပြီး သူမအား ရွယ်လိုက်လျှင် ဤတိုက်ပွဲ ပြီးဆုံးသွားပေလိမ့်မည်။ သို့သော် စုရှောင်ရှန်တွင် အခြား ရည်ရွယ်ချက်ရှိနေ၏။ အတတ်ဆုံး ပင်ကိုယ်မှတ်များအား သူရိပ်သိမ်းရပေမည်။

ဤအချိန်အတွင်း တိရှင်းအယ် အခွင့်ကောင်း ယူလိုက်သည်။ သူမ၏ ပုံရိပ်ကိုပင် ဂရုမစိုက်တော့ဘဲ စုရှောင်ရှန် မတိုက်ခိုက်နိုင်သည့် အကွာအဝေးတစ်ခုထိ ကြမ်းပြင်၌ လှိမ့်သွားလိုက်သည်။ ထို့နောက် ဓားကို လက်ထဲ၌ ကိုင်ထားရင်းမှ ထရပ်လိုက်၏။

“ဒီစုရှောင်ရှန်က တကယ်သန်မာတာပဲ” စုရှောင်ရှန်၏ ခြေထိုးချက်က သူမ၏အမြင်တွင်တော့ အကွက်ချစီမံထားခြင်းပင်ဖြစ်သည်။ “ငါ သတိထားရမယ်”

တိရှင်းအယ်သူမ၏ စိတ်အခြေအနေကို ပြင်ဆင်ပြီးနောက် စုရှောင်ရှန် ပြောတာကို ကြားလိုက်ရသည်။ “လုပ်ပါ ငါပြောတဲ့ဟာ သေခြာ စဉ်းစားကြည့်စမ်းပါ။ ငါတကယ်ပြောတာ မညာဘူး”

“ငါတို့နှစ်ယောက်စလုံး ဘာလက်သီး နည်းစနစ်မှ တတ်‌နေတာမဟုတ်တော့ နပန်းလုံးမယ်ဆိုရင် ပ်ြိုင်ပွဲက ဘက်မျှသွားမှာ”

စုရှောင်ရှန်၏ ခြေထိုးချက်ကြောင့် ပုရိသတ်များ နှစ်ကိုယ်ကြား သူ့ကို ဝေဖန်နေပြီးဖြစ်ရာ ယခု စုရှောင်ရှန်၏ စကားကိုကြားလိုက်သော် သူတို့ မနေနိုင်တော့ဘဲ ဒေါသတကြီး ထအော်လိုက်ကြ၏။

“အရှက်မရှိတဲ့ ကောင်”

“ဒီစုရှောင်ရှန် တကယ် အရှက်မရှိဘူးပဲ။ တိရှင်းအယ်လို မိန်းကလေးတစ်‌ ယောက်ကို အလစ်တိုက်တာ ပြိုင်ပွဲမို့ အသာထားဦး။ ခုလို ဆက်ပြီး နပန်းလုံးဖို့‌ပြောနေတာတော့ များသွားပြီ”

“ဟုတ်တယ် သူ့ ခန္ဓာကိုယ်ကြီးကို ဂိုဏ်းတူအမ တိဘယ်လို ကိုင်တွယ်နိုင်မှာလဲ”

“ငါသာ ဂိုဏ်းတူအမ နေရာမှာဆို ဒီ နပန်းလုံးတဲ့ ကိစ္စကို လုံး၀ သဘောတူမှာမဟုတ်ဘူး”

ဂိုဏ်သူ အချို့ သူတို့၏ စကားများအားကြားသော် ရှက်သွားများဖြာသွားကြ၏။ မည်သို့သော လူများပေနည်း။ ထိုသို့သော ကိစ္စအား ကျယ်ကျယ်လောင်လောင် ပြောနေကြ၏။ အဓိပ္ပာယ် လွဲမှားစေမည့် စကားမျိုး မသုံးလို့မရဘူးလော။

စုရှောင်ရှန်လည်း သူ့ခန္ဓာကိုယ် မည်မျှ သန်မာပုံကို သတိရသွားပြီး ချက်ခြင်း ထပ်လောင်းပြောလိုက်သည်။ “ဒီလိုလုပ်လေ ငါ့ခန္ဓာကိုယ်က နင့်ထက် အများကြီး သန်မာတယ်ဆိုတော့ ငါနင့်ကို လက်တစ်ဖက်တည်းနဲ့ပဲ ချမယ် ဘယ်လိုလဲ”

တိရှင်းအယ်၏ သူ့အား ဓားဖြင့် ထုတ်ခုတ်ရန် ပြင်လိုက်သည်ကိုမြင်သော် သူအလျှင်အမြန် အော်လိုက်သည်။ “လက်မသုံးဘူး။ လက်မသုံးဘူး”

“ငါနင့်ကို ခြေထောက်တစ်ဖက်တည်းပဲသုံးပြီး နပန်းလုံးမယ်လေ ဘယ်လိုလဲ”

“ပါးစပ်ပိတ်ထား”

စုရှောင်ရှန်သူမအား ရည်ရွယ်ချက်ရှိရှိ ရန်စနေသည်ဟု သူမ ထင်မြင်လိုက်သည်။ သို့သော် သူ၏ စကားများကို သူမပင် သည်းမခံနိုင်ပေ။ ဤသို့ ရိုင်းဆိုင်း၊ အရှက်မရှိသော စုရှောင်ရှန်လိုလူမျိုး အချက်(၁၀၀) လောက် ဓားဖြင့် ထိုးခံသင့်ပေသည်။

စုရှောင်ရှန် ဤကောင်မလေး အဘယ်ကြောင့် ရုတ်တရက် ဒေါသထွက်သွားသည်ကို မခန့်မှန်းနိုင်ဖြစ်နေ၏။ ‘ငါ့ကို ဒေါသထွက်ရင်လည်း ထွက်ပါ။ ဒါပေမယ့် ဓားကို ကောင်းကောင်းသုံးပါဟ။ ဘာလို့ လျှောက်ခုတ်နေတာလဲ’

သူ့တွင်ရှိသော [ဓားထိပ်သီး] ကြောင့် စုရှောင်ရှန်၏ မျက်လုံးထဲတွင် တိရှင်းအယ်၏ ဓားကွက်များမှာ ကလေးတစ်ယောက်ပမာ ယခုမှ ဓားစကိုင်ဖူးသည့်အလား ဖြစ်နေ၏။

သူမ အားနည်းချက်အများကြီးကို ဖော်ပြနေသောကြောင့် ဘယ်တစ်ခုကို စုရှောင်ရှန် အခွင့်ကောင်းယူရမလဲပင် တွေဝေသွားသည်။

စုရှောင်ရှန် နောက်ဓားတစ်ကွက်ကို အေးဆေးရှောင်လိုက်သည်။ ဤတစ်ကြိမ်တော့ ပြန်လည်တိုက်ခိုက်ခြင်းမပြုဘဲ ရိုးရိုးသားသား ပြောလိုက်၏။ “လုပ်ပါ။ နပန်းလုံးရအောင်”

တိရှင်းအယ် ဓားနည်းစနစ်လော ဘာလော ဂရုမစိုက်တော့ဘဲ စုရှောင်ရှန်အားရူးရူးမူးမူး လိုက်ခုတ်လိုက်သည်။ သူမ၏ မျက်နှာမှာ ဒေါသများဖြင့် နီရဲနေပြီးဖြစ်သည်။ စုရှောင်ရှန် ဤသို့သော သူမျိုး ဖြစ်မည်မထင်၍ ယခင်က သူ့အား အားပေးခဲ့သည်ကိုပင် နောင်တရသွားသည်။

“သတိထား ဂိုဏ်းတူအကိုစု… ကျွန်မ တကယ် ချပြီ”

ဘာမျှမခုတ်မိဘဲ လေကိုသာ ခုတ်နေမိသည့်အတွက် စုရှောင်ရှန် ဓားနည်းစနစ် အချို့ကို သိလိမ့်မည်ဟု တိရှင်းအယ်ယူဆလိုက်သည်။ ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ်နည်းစနစ်ကို အသုံးပြုလိုက်၏။

စိတ်ဝိညာဥ် စွမ်းအင်လှိုင်းတစ်ခုက စုရှောင်ရှန်အား တွန်းထုတ်လိုက်သည်။ တိရှင်းအယ် စိတ်ကိုလျော့လိုက်ရာ သူမ၏ ဓားချက်များယခင်ကကဲ့သို့ တစ်ဇွတ်ထိုးမဆန်တော့ဘဲ နှေးကွေးသွားခဲ့၏။

‘ဒါ အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်မဟုတ်လား’ စုရှောင် မှင်သက်သွားသည်။

ဤကောင်မလေးသူ့အား အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို အသုံးပြု၍ တိုက်ခိုက်ချင်နေသည်လော။

ရယ်စရာပင်။

စုရှောင်ရှန် ရှေ့ကျွမ်းထိုးရင်း တိတ်တခိုးနာကျင်ခြင်းကို ကောက်လိုက်သည်။

‘ဒါနဲ့ဆို ဒဏ်ရာတွေရကုန်မှာ’

ထိုသို့တွေးမိပြီး သစ်သားဓားကို ကောက်ကိုင်လိုက်သည်။ ထို့နောက် တိုး၀င်လာ‌ သော တိရှင်းအယ်၏ လေလွင့် တိမ်တိုက် ဓားကွက်ကို ခုန်‌ကျော် လိုက်သည်။

လေထဲ၌ပဲ ဓားစွမ်းအင် ပိုးအိမ်ကို အကွက်လှလှသုံးပြီး ရှောင်လိုက်သည်။

ပုရိသတ်များ ပွဲကျသွားကြသည်။

“ဒီစုရှောင်ရှန်က တစ်ခုခုပဲ။ သူ အရင်လိုပဲပေါ့။ ဒီဓားကွက်ကို ထိပ်တိုက်ရင်ဆိုင်မယ်ပေါ့ဆိုပြီးတွက်ထားတာ။ ဒီလို ဓားကွက်မျိုးကို ရှောင်နိုင်လိမ့်မယ်လို့ငါ မထင်ထားဘူး”

“ငါထင်တာတော့ စုရှောင်ရှန်လည်း အဖြူရောင်တိမ်တိုက်နည်းစနစ်ကို သိတယ်ထင်တယ်။ ပြီးတော့ ဒီနည်းစနစ်ကို (၃) နှစ်လောက်ကျင့်လာတာလို့ ကြားတယ်။ ဒီတော့ ဓားနည်းစနစ်ရဲ့ လှည့်ကွက်တွေနဲ့ ရင်းရင်းနှီးနှီးရှိမှာပေါ့”

“(၃) နှစ် လေ့ကျင့်လာ‌တာတော့မှန်တယ်။ ဒါပေမယ့် အဲ့(၃) နှစ်အတွင်း သူ ဒီဓားနည်းစနစ်က ဓားကွက် တစ်ကွက်ပဲ တတ်တာ။ တစ်ကွက်တည်းနော်”

“ဒါနဲ့ စကားမစပ် သူဘာလို့ သစ်သားဓားကိုပဲ သုံးနေတာလဲ။ သူ့မှာ အဆင့်(၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းရှိတယ် မဟုတ်ဘူးလား”

စုရှောင်ရှန် ပိုးအိမ်ကဲ့သို့ ဓားစွမ်းအင်များအား ထိခိုက်ဒဏ်ရာ တစ်ချက်မှ မရဘဲ ရှောင်လိုက်သည်ကို အံ့အားသင့်မှုများ အထင်အရှားဖြင့် ကြည့်နေကြသည်။ ဘယ်ညာ ရှောင်တိမ်းရင်း တိရှင်းအယ် ရှေ့သို့ရောက်သွား၏။

စုရှောင်ရှန် တဒင်္ဂ တုန့်ဆိုင်းသွားပြီးနောက် တိရှင်းအယ်၏ ဦးခေါင်းအား သစ်သားထားဖြင့် အသာအယာ ပုတ်လိုက်သည်။ သူမ ရှုံးသွားပြီဖြစ်ကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။

အကယ်၍ ဤဓားက သစ်သားဓားမဟုတ်ဘဲ စိတ်ဝိညာဉ်စွမ်းအင်များထည့်သွင်းထားသော စိတ်ဝိညာဉ်ဓားတစ်ချောင်းဆိုလျှင် ဤ ပုတ်ခတ်လိုက်မှုက သူမအား သတ်ပစ်လိုက်နိုင်သည်။ သို့သော် ပုရိသတ်များကတော့ ထိုကဲ့သို့ မမြင်ပေ။

“ရိုင်းလိုက်တာ”

“စုရှောင်ရှန် ရပ်လိုက်စမ်း”

“အား တိရှင်းအယ်က ငါ့အပိုင်ကွ”

“‌ချီးပဲ စုရှောင်ရှန် လေးလေးနက်နက်ချပါဟ ဘာလို့ သစ်သားဓားကိုပဲ အသုံးပြုနေတာလဲ”

တိရှင်းအယ်အား အခွင့်အရေးထပ်ပေးရန် ဆုံးဖြတ်လိုက်သည်။ နပန်းလုံးရန် သူမ၏ စိတ်ကိုစွ ပေးပြီး သူ့အား ကဲ့ရဲ့လာ အောင်လုပ်ပြီး ပင်ကိုယ်မှတ်များ ရှာနိုင်သေး၏။

“နင်ဓားကို သုံးကော သုံးတတ်ရဲ့လား”

“ဓား စွမ်းအင်ပိုးအိမ် တွေကို အလွှာတစ်လွှာတည်းလုပ်မှတော့ နင့် ပြိုင်ဘက် ပထမ အလွှာကို ရှောင်ပြီး ပြန်တိုက်ခိုက်လာရင် နင်ဘယ်လိုကာကွယ်နိုင်တော့မှာလဲ”

အထင်သေးသည့်အကြည့်ဖြင့် ဆက်၍ “နင့်လေလွင့်တိမ်တိုက် ဓားကွက်ဆက်က ဆက်တိုးတက်အောင်လုပ်လို့ရသေးတယ် သိလား။ ကြိုးစားထား”

သူမ အကျွမ်းကျင်ဆုံးအပိုင်းကို စုရှောင်ရှန် သူတတ် သလို ဝေဖန်လိုက်သည်။

အထင်သေး‌သောအကြည့်နှင့် မာန်တက်နေသည့် လေသံတို့က သူ့အား သခင်လေး တစ်ယောက် သဖွယ် ရုပ်ပေါက်သွားစေ၏။

မည်သူက ဤသို့ ပြိုင်ဘက်မှ အထင်သေးခံလာရသည့်အခါ ဒေါသမထွက်ပဲနေနိုင်ပါမည်နည်း။

သူ့အပြုအမူကို မည်သူမျှ သည်းခံနိုင်လိမ့်မည်မဟုတ်ဟု စုရှောင်ရှန် ခံစားလိုက်ရသည်။ သူပြောလိုက်သည့် သခင်လေးလိုလေသံကို ပြန်မြင်ယောင်မိသော် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူမိသွား၏။

သို့သော် တိရှင်းအယ် သူမ၏ ခေါင်းပေါ်မှ ဓားကိုပင်မေ့ပြီး သူပြောလိုက်သည့်စကားများကို တီးတိုးရေရွတ်နေလိမ့်မည်ဟု သူမထင်ထားပါချေ။

“စုရှောင်ရှန်ပြောတာ သဘာ၀ကျတယ်”

“မဟုတ်မှလွဲရော သူအဓိကျွမ်းကျင်တာ နပန်းလုံးတဲ့ အပိုင်းမှာ မဟုတ်ဘဲ ဓားနည်းစနစ်တွေမှာများလား”

“ပြောကာမှ သူလည်း အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို တစ်ခါက လေ့ကျင့်ဖူးတယ်လို့ ကြားဖူးသလိုပဲ”

စုရှောင်ရှန် ရုတ်တရက် အနေခက်သွားသည်။ သူ့ပြိုင်ဘက်ဤသို့ လောကကြီးနှင့်အဆက်ပြတ် နေသည်ကို မြင်သော် ကြံရာမရဖြစ်သွားသည်။ ‌သူမ၏ ခေါင်းပေါ်မှ ဓားကို ပြန်ရုတ်သိမ်း၍ မဖြစ်ချေကာ ထိုတိုင်းဆက်ထား၍လည်း မသင့်ပေ။

“အာ… အမိ အခုက တိုက်ပွဲအတွင်းမှာနော်။ ဘာလို့ အူကြောင်ကြောင်ကြီး ရပ်နေတာလဲ”

တိရှင်းအယ်သတိပြန်၀င်လာသည်။ သူမမော့ကြည့်လိုက်ရာ စုရှောင်ရှန်သူမခေါင်းပေါ်တင်ထားသော သစ်သားဓားကိုတွေ့လိုက်ရ၏။ ချက်ခြင်းသူမ၏ အကျင့်ဆိုး ပေါ်လာသည်ကို သိသွားသည်။ နည်းစနစ်များနှင့်ပတ်သက်လာလျှင် သူမကိုယ်သူမ မထိန်းနိုင်ပါချေ။

ဤသည်မှာ အစစ်အမှန်တိုက်ပွဲဖြစ်သည်။ ဤသို့ စိတ်မလွတ်သွားသင့်ပေ။

ရှက်သွေးဖြန်းသွားပြီး စုရှောင်ရှန်နှင့် အကွာအဝေးတစ်ခုကို ဆုတ်သွားလိုက်သည်။ ထို့နောက် စုရှောင်ရှန်အား ထူးထူးဆန်းဆန်းကြည့်၍ တစ်စုံတစ်ခုပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် ရပ်လိုက်၏။

[ကျေးဇူးအတင်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

‘ဘာလဲဟ။ ငါသူ့ကို အမှားထောက်ပြနေတယ်လို့ ထင်နေတာလားဟ’ စုရှောင်ရှန် စွံ့အသွား၏။

“သတိထား” တိရှင်းအယ် မည်သို့ ကျေးဇူးတင်ရမှန်းမသိဖြစ်နေသည်။ သို့သော် တိုက်ပွဲက တိုက်ပွဲဖြစ်သည်။ သို့ကြောင့် စုရှောင်ရှန်ထံ တစ်ဟုန်ထိုး ပြေး၀င်လိုက်သည်။ သူမ၏ လက်ထဲမှဓားကို စက်ဝိုင်းပုံစံလှည့်ရမ်းလိုက်ရာ သူမ၏ လက်ကို ဓားစွမ်းအင်များ လေပွေတစ်ခုနှယ်ရစ်ပတ်သွားသည်။ နောက် စုရှောင်ရှန်ထံ ပြေး၀င်လိုက်၏။

“အဖြူရောင်တိမ်တိုက်နည်းစနစ် ဒုတိယ ဓားကွက် – တိမ်တိုက်လေပြင်းမုန်တိုင်း”

(၃) နှစ်တာ အဖြူရောင်တိမ်တိုက်နည်းစနစ်ကို လေ့ကျင့်ခဲ့သော်လည်း သူ မတတ်မြောက်နိုင်ခဲ့သည့် ဤဓားကွက်ကို တောက်ပနေသော မျက်လုံးများဖြင့် စုရှောင်ရှန်ကြည့်လိုက်သည်။ သူ့အတွက်တော့ ဤအရာက အခွင့်အရေးတစ်ခုပင်ဖြစ်သည်။

ထို့နောက် တိရှင်းအယ် ဖန်တီးလိုက်သော လေပွေကို ဦးတည်ပြီး ဓားဖြင့် ထိုးလိုက်သည်။ ထိုလေပွေထဲရောက်ပြီးသော် သူ့ဓားကို စက်ဝိုင်းသဏ္ဌာန် လှည့်ရမ်းလိုက်သည်။ ထိုဓားရမ်းရင်းထွက်လာသော ဆန့်ကျင်ဘက်အားက တိရှင်းအယ်၏ ဓားကွက်ကို ပျက်ပြယ်သွားစေ၏။

တိရှင်းအယ် မှင်သက်သွားသည်။ သူမ၏ ဓားအား ‌ရစ်ပတ်ရင်း တိုး၀င်လာစုရှောင်ရှန်၏ ဓား သူမ၏ ပုခုံးထက်ရောက်သွားသည်ကို တွေ့လိုက်ရသည်။ စုရှောင်ရှန် တဒင်္ဂခန့် ရပ်တန့်သွားပြီးနောက် သူမ၏ ပါးဖောင်းဖောင်းလေးကို ဓားပြားဖြင့် ညှင်ညှင်သာသာ ထိတယ်ဆိုရုံ‌လေး ရိုက်လိုက်၏။

ဖက်

ထိုအသံက မကျယ်လောက်လှပါ။ သို့သော် ပွဲကြည့်စင်မှ လူတိုင်းကြားလိုက်ရသည်။ ချက်ချင်းဘဲ ယောက်ျားလေး ပွဲကြည့်သူများ ဒေါသ တကြီးထရပ်လိုက်ကြသည်။

“ဒီကောင်ဘာလုပ်နေတာလဲ”

“စုရှောင်ရှန် မင်းငါ့ ဂိုဏ်းတူအမ တိကို လုရဲလုကြည့် မင်းကို ငါ ဆိုးဆိုးရွားရွား သေသွားအောင်လုပ်ပစ်မယ်လို့ ကတိပေးတယ်”

“မင့်ဓားကို အခု ချလိုက်နော်။ မဟုတ်ရင် မင်း ထွက်‌ပြေးခဲ့ရင်တောင် ကမ္ဘာမြေအဆုံးထိ မင်းကို ငါလိုက်သတ်ရလိမ့်မယ်”

အချို့ အဖြူရောင်ချပ်ကာ၀တ် သူရဲကောင်းများ တိရှင်းအယ်ဘက်မှ ရပ်တည်လိုက်ကြသည်။ သို့သော် စုရှောင်ရှန်၏ တိုက်ကွက်များအောက် နစ်မျောနေကြသည့် ကောင်မလေးများလည်းရှိကြ၏။

“အား… ငါ့နှလုံးသားလေး အရည်ပျော်သွားပြီ။ စုရှောင်ရှန် လုပ်ပါ ကျွန်မကိုလည်း ဓားနဲ့ ပုတ်ပေးဦး”

“စုရှောင်ရှန်။ သေသေချာချာတိုက်ခိုက်စမ်း။ ရှင့်ကို ဒီလို နူးညံ့ဖို့ ကျွန်မ ခွင့်မပြုဘူး”

“စုရှောင် ရှင်ရူးနေတာလား။ ဘာလို့ ကျွန်မရှေ့မှာ တခြားကောင်မ‌တစ်ယောက်နဲ့ လာ ပလူးပြနေတာလဲ”

စုရှောင်ရှန် အနေခက်သွားသည်။ သူလည်း အကြမ်းပတမ်းတိုက်ခိုက်ချင်ပေသည်။ သို့သော် သစ်သားဓားကြောင့် ထိုသို့ မလုပ်နိုင်ပေ။ ၎င်းမှာ သူအကောင်းဆုံး လုပ်နိုင်ခြင်းဖြစ်သည်။

သူမအား တို့ထိရုံ၊ ဓားဖြင့်ပုတ်ရုံ မှတပါး သစ်သားဓား အမှန်တကယ် ဘာ ထိခိုက်မှုမှ မလုပ်နိုင်ပေ။

စိတ်ဝိညာဉ်ဓားဖြင့်ဆိုလည်း တိရှင်းအယ် သေသွားနိုင်၏။

အကယ်၍ သူ့ ဓားဆန္ဒအား အသုံးပြုမည်ဆိုလျှင်လည်း ဤကောင်မလေး တစ်စစီဖြစ်သွားနိုင်သည်။

တိရှင်းအယ်၏ မျက်နှာ ရဲရဲနီသွားသည်။ သို့သော် ဤတစ်ခါ အကြည့်မလွှဲဘဲ စုရှောင်ရှန်ကို စိတ်အားထက်သန်စွာကြည့်လိုက်သည်။

‘ဘာလို့ ဒီလိုကြီးကြည့်နေတာလဲ။ ငါ့စီက ရှင်းပြချလိုချင်လို့လား’ စုရှောင်ရှန် မှင်သက်သွားသည်။

သူစမ်းကြည့်လိုက်သည်။ “ဒီဓားကွက်က အရင် ပိုးအိမ်လိုဓားကွက်သုံးပြီး တစ်ဆက်တည်းအသုံးပြုသင့်တာ။ ဓားစွမ်းအင်ပိုးအိမ်တွေနဲ့ နင့်ပြိုင်ဘက်ကို ကန့်သတ်လိုက်ပြီး ဒီဓားကွက်နဲ့ နောက်ကနေ ဖိနှိပ်လိုက်။ အဲ့နောက် အရှိန်လေးအတိုင်းလိုက်သွားပြီး အခွင့်ကောင်းကို စောင့်ပြီး တစ်ချက်တည်း အနိုင်ပိုင်းလိုက်လို့ရတယ်”

“ဒါပေမယ့် နင့်ပြိုင်ဘက်က ဓားစွမ်းအင် ပိုးအိမ်ကို ငါ့လုပ်ခဲ့သလို ရှောင်နိုင်ရင်တော့ စောနက ငါရှင်းပြတဲ့ အကွက်ကို မသုံးဘဲ နောက်ပြန်ဆုတ်လိုက်။ ပြီးမှ မိုးတိမ်လေပြင်းမုန်တိုင်းကို အသုံးပြုပြီး ပြိုင်ဘက်ကို ပြန် ထိန်းချုပ်ထားလိုက်။ အဲ့နောက်ဆက်ပြီး အခွင့်ကောင်းစောင့်ပြီး တိုက်ခိုက်ဖို့ ပြင်လိုက်တော့”

မည်သို့ကြောင့်မှန်းမသိ သူတွေ့ကရာ လျှောက်ပြောနေခြင်းဖြစ်သော်လည်း တခြားသူက အလင်းပေါက်သွားသည့်အလား အကြည့်မျိုး မျက်နှာထက်၌ ‌ပေါ်လာ၏။

[ကျေးဇူးအတင်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

စုရှောင်ရှန် ပြောစရာစကားများပျောက်ရှသွားသည်။ ဤကောင်မလေးထံမှ ဆက်၍ ပင်ကိုယ်မှတ်များ ရိပ်သိမ်းသင့် မသင့်ကို တွေဝေသွားသည်။ အမှန်တိုင်းဆိုရသော် သူလည်း ဤ အူကြောင်ကြောင်နိုင်သည့် တိုက်ပွဲကို အမြန်ရပ်လိုက်ချင်နေပေသည်။

တိရှင်းအယ်သူတို့အကြားရှိ အကွာအဝေးကို နောက်တစ်ကြိမ် ပြန်ခွာလိုက်ပြီး ညှင်ညှင်သာသာ အော်လိုက်သည်။ “တတိယဓားကွက် – တိမ်တိုက်နဲ့မြူခိုး”

ဤသည်ကို မြင်သော် စုရှောင်ရှန် ဓားကို ရှေ့သို့ ထိုးလိုက်သည်။ ဤတစ်ကြိမ်တော့ အားအနည်းငယ်ထည့်ကာ သူ့ထံ လာနေသော တိရှင်းအယ်၏ လက်ကောက်၀တ်ကို ရိုက်လိုက်ရာ သူမလက်ထဲမှ ဓား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

တိရှင်းအယ် စုရှောင်ရှန်အား မှင်သက်စွာကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်၌ နာကျင်သည့် အကြည့်မျိုးပေါ်လာတော့သည်။

“အဟွတ် အဟွတ်”

စုရှောင်ရှန် ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်သည်။ သူ ဤ တိုက်ပွဲအား ဆက်၍ မတိုက်ချင်တော့ပေ။ တိရှင်းအယ်၏ မျက်၀န်းများ သူ့အား ထူးထူးခြားခြား ကြည့်နေသည်ဟု ခံစား‌ နေရသည်။ ဤတိုက်ပွဲအားဆက် နေလျှင် သူမ၏ မျက်၀န်းများ အသည်းပုံပင်ဖြစ်သွား ပေလိမ့်မည်။

မဖြစ်သင့်သည်မဖြစ်အောင် ခံစားချက်များ နိုးကြားမလာခင် အဆုံးသတ်ရန် ကြံလိုက်သည်။ တိရှင်အယ်၏ လည်ချောင်း‌ပေါ် ဓားတင်လိုက်ပြီး “နင်ရှုံးသွားပြီ”

သူ့လေသံက သခင်လေးများကဲ့သို့ မာန်တက်နေသည့် အသံပေါက်နေသည်။ တိရှင်းအယ်ထံမှ အနှုတ်လက္ခဏာဆောင်သော တုန့်ပြန်မှုမျိုးရရန် မျှော်လင့်ရ၏။

သို့သော် တိရှင်းအယ်တော့ ဘာကိုမှ သတိမထားမိသည့်အလား သူ့အား ကျေးဇူးတင်‌သော မျက်၀န်များဖြင့် ကြည့်လိုက်သည်။ ပြီးနောက် အလွန် ပျော်ရွှင်နေသည့် မျက်နှာထားဖြင့် အလှဆုံးပြုံးလိုက်ပြီး “‌ဂိုဏ်းအတူအကိုရဲ့ အမှားထောက်ပြတာတွေအတွက် ကျေးဇူးပါ။ ဒီအလှည့်ကျ ထုတ်ပယ်ပွဲက အချိန်အကန့်အသတ်နဲ့ ဖြစ်တာဆိုးတာပဲ မဟုတ်ရင် ကျွန်မရဲ့ ဓားနည်းစနစ်ကို ပိုပြီး တိုးတက်အောင်လုပ်နိုင်မှာ။ ဒါပေမယ့် အနာဂါတ်မှာ အခွင့်အရေး ပေးရင် ဂိုဏ်းတူ အကိုစုစီက သင်ယူရဖို့ မျှော်လင့်ပါ‌တယ်”

[ကျေးဇူးအတင်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁]

စုရှောင်ရှန် ပြောစရာ ပျောက်ရှသွားသည်။

ဤကောင်မလေး အား မည်သူမှ မကယ်နိုင်တော့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset