အပိုင်း (၁၂) ဓားသမား ဘယ်ရောက်သွားလဲ
ချပ်…။
စုရှောင်ရှန် ခေါင်းပေါ်ရှိ ခေါင်မိုးတစ်ခုလုံး ပျောက်ကွယ်သွားတော့သည်။
ပြေမြင်၌ စုရှောင်ရှန် ကိုယ်တီးလုံးကြီး လဲနေ၏။ နောက် ပြိုလဲသွားသော သူ့ အိမ်မှ ဖြစ်ပျက်နေသည်များအား အံ့အားသင့်စွာ ကြည့်ရင်း ထလိုက်သည်။
“ဒါ အဖြူရောင်တိမ်တိုက် ဓားနည်းစနစ် ပထမ ဓားချက် လေလွင့် တိမ်တိုက်ဟုတ်ပါတယ်နော်”
“ဘာလို့ ဒီလောက် ကြမ်းတာလဲဟ”
ဓားချက်တစ်ချက်တည်းဖြင့် အိမ်တစ်အိမ်လုံးကို အပိုင်းပိုင်း အစစ ဖြစ်အောင် ခုတ်လိုက်နိုင်သည်လော။ “ဒါ ငါ (၃) နှစ်လုံးကျင့်ခဲ့တဲ့ ဓားနည်းစနစ်ဟုတ်ပါတယ်နော်”
စုရှောင်ရှန် မယုံကြည်ရဲပေ။
ဓားခုတ်ချက်၊ ရွေ့လျားမှု၊ ဓားသွားလမ်းတို့မှာ လေလွင့်တိမ်တိုက်ဓားချက်ဖြစ်သော်လည်း ၎င်း၏ အနှစ်သာရ လုံး၀ ပြောင်းလဲသွား၏။
[ဓားထိပ်သီး] သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။
၎င်းသည်သူ့အား ဓားလမ်းစဉ်၌ မရေမတွက်နိုင်သော အတွေ့အကြုံတို့အား ရစေ၏။ စုရှောင်ရှန်ထံတွင် ရှိသော(၃) နှစ်တာ ဓားလေ့ကျင့်ခြင်း အခြေခံအုတ်မြစ်နှင့် ပေါင်းသောအခါ ဤဓားချက်ကို အတားအဆီးမရှိ သူထုတ်နိုင်လိုက်၏။
သိုလှောင်လက်စွပ်ထဲမှ အ၀တ်အစားများအား ထုတ်ယူ၍ ၀တ်လိုက်ပြီး အပျက်အဆီးထဲမှ ပြောစရာစကားပျောက်ရှနေသည့် ဟန်ဖြင့်ထွက်လိုက်တော့သည်။
သူ့အိမ်ကို ဖျက်ဆီးဖို့ ရွည်ရွယ်ချက်မရှိပါချေ။ သူ့ဓားနည်းစနစ်ကို စမ်းသတ်ကြည့်ခြင်းသာဖြစ်သည်။
သို့သော် သူ့အိမ် အလကားပြိုသွားခြင်းမဟုတ်ပေ။ ထိုဓားချက်၏ အဖျက်စွမ်းအားကိုလည်း မြင်လိုက်ရ၏။
ထိုသို့ တွေးမိပြီး စိတ်လျော့လိုက်ရာ ခန္ဓာကိုယ်အတွင်း စိတ်ဝိညာဉ်စွမ်းအင်များ ကုန်ခန်းသွားမှုကြောင့် စတင် နွမ်းနယ်လာသည်။
စိတ်ဝိညာဉ်သလင်းကျောက် တစ်တုံးကို ထုတ်ယူပြီး ရှိုက်လိုက်သည်။ ကြည့်ရသည်မှာ ယခင် တစ်ခေါက် စိတ်ဝိညာဉ်စွမ်းအင်ဆေးလုံး၏ အကျိုးကျေးဇူးကြောင့် ဤမျှလောက်ကို မမှုတော့ဟန်ရသည်။
ထို့ပြင် ဖျော့တော့တော့ရှိုက်လိုက်ခြင်းသာဖြစ်သောကြောင့် ဘာပြဿနာမှ မဖြစ်လောက်ပါချေ။
စုရှောင်ရှန်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ခါသွားပြီး သူ့စွမ်းအင်ပယ်လယ် သိသာစွာ ကြီးမားလာသည်ကို သတိထားမိလိုက်သည်။
“ငါ အဆင့်တက်သွားတာလား”
သူ့ကိုယ်ကိုယ် ပြန်ဆန်းသစ်ကြည့်ရာ အမှန်တကယ် အဆင့်(၆) သို့တက်ရောက်သွားကြောင်းသိလိုက်ရသည်။ ထို့ပြင် အဆင့်(၆) အစပိုင်းတွင်မဟုတ်ဘဲ အထွတ်အထိပ်အဆင့်၌ ဖြစ်၏။ အဆင့်(၇) သို့ရောက်ရန် ခြေတစ်လှမ်းသာလိုတော့သည်။
“ဘယ်တုန်းက ငါမသိလိုက်ဘဲ အဆင့်တက်သွားပါလိမ့်”
ထို့နောက် ထိုပုံရိပ်ယောင်အား သတိရသွားသည်။ ထိုစဉ်က အလင်းပေါက်သွားခဲ့သည့်အချိန် အဆင့်တက်သွားခြင်း ဖြစ်ရပေမည်။
“စွမ်းအင်ပင်လယ်က သိသိသာသာကြီး ပိုကြီးလာတာပဲ”
၎င်းသည်သူ့အား အဆင့်(၅) သို့ရောက်ရန် (၃) ရက်သာအချိန်လိုလိုက်သည်။ ထို့နောက် အဖွဲ့လိုက်ပြိုင်ပွဲပြီးနောက် အခြေခံအုတ်မြစ်ကောင်းတည်ဆောက်ချင်သောကြောင့် ကျင့်ကြံခြင်းအဆင့် တည်ငြိမ်သွားအောင်သာ အာရုံပြုထားခဲ့သည်။
သို့သော် ယခု အဆင့်ထပ်တက်သွားသည်လော။
အချို့ကျင့်ကြံသူများသည် သူတို့၏ တိုးတက်မှု နှေးကွေးသည်ကို မကျေမနပ်ဖြစ်နေကြသော်လည်း စုရှောင်ရှန်ကတော့ အဆင့်တက်မြန်လွန်း၍ သူ့အခြေခံအုတ်မြစ်ကို သေချာ ခိုင်မာအောင် မဆောက်နိုင်မည်စိုးနေသည်။
ထိုရာများသည် သူ အတွေးလွန်နေခြင်းသာ။ အလင်းပေါက်၍ အဆင့်တက်သွားခြင်းကိုက သူ့ ကျင့်ကြံခြင်းလမ်းစဉ်နှင့် ဓာတ်တည့်၍ ဖြစ်၏။ အဘယ်မှာ အခြေခံအုတ်မြစ် ယို့ယွင်းပါမည်နည်း။
ဤသို့သော အခြေအနေမျိုး၌ အဆင့်တစ်ခုတက်ခြင်းဟူသည် ဘာမျှ မပြောပလောက်သော အရာဖြစ်သည်။ အချို့ဆိုလျှင် သုံး လေးဆင့် တစ်ခါတည်း တက်ကုန်ကြ၏။
တကယ့် ပါရမီရှင်များဆိုလျှင် အလင်းပေါက်သော် စတင်ခြင်းအဆင့်မှ စစ်မှန်ခြင်းအဆင့်သို့တိုင် တန်းရောက်သွားတတ် ကြလေသည်။
…
မိုးကုတ်စက်ဝိုင်းတစ်ဖက်မှ ပုံရိပ်နှစ်ခု ပျံသန်းလာခဲ့သည်။ ဤ ‘ကောင်းကင်၌ လမ်းလျှောက်ခြင်း’ နည်းစနစ်မှာ စစ်မှန်ခြင်းနယ်ပယ် ကျွမ်းကျင်သူများသာ လေ့ကျင့် နိုင်သည့်အရာဖြစ်သည်။
“အကြီးအကဲချိစွေနဲ့ အကြီးအကဲကျောက်ပါလား။ ဘာလာလုပ်ကြတာလဲမသိဘူး”
“စောနက ဓားချက်ကြောင့် ဖြစ်သွားတာကို လာဆုံစမ်းတာတော့ မဟုတ်လောက်ပါဘူးနော်”
စုရှောင်ရှန် ကြောင်သွားသည်။ ဆိုရလျှင် သူ့ခြံ၌ အသံလုံသည့် အစီအရင်ရှိ၏။ သို့ကြောင့် သူ၏ ဓားချက် အသိပ်မထွက်သင့်ပေ။ သူ့အိမ်ပြိုလဲသွားသည့်အချိန် အသံ အချို့ ထွက်ကောင်းထွက်နိုင်သော်ငြား အကြီးအကဲ (၂) ယောက် သတိထားရလောက်အောင် အရေးကြီးလိမ့်မည်ဟု သူမထင်ချေ။
“စုရှောင်ရှန် မင်းဘာလုပ်နေတာလဲ” မြေပြင်သို့ဆင်းသက်လာ သောအခါ စုရှောင်ရှန်အား တွေ့လိုက်ရ၍ အကြီးအကဲကျောက် တအံ့တအော မေးလိုက်သည်။
“ဒါမင်းရဲ့ ခြံလား” ဤလူငယ်အား မြင်သော် ရှောင်ချိစွေ အနည်းငယ် သံသာဖြစ်သွားသည်။ ဤ လူငယ်သည် အဖွဲ့လိုက် ပြိုင်ပွဲ၌ စစ်မှန်ခြင်းနယ်ပယ်ခန္ဓာကိုယ်ရှိသည့်တိုင် ထူးထူးဆန်းဆန်း သဲအိတ် တမင်တကာ အဖြစ်ခံခဲ့သည့် တစ်ယောက်မဟုတ်ပါလား။
“မင်္ဂလာပါ အကြီးအကဲတို့”
လက်နှစ်ဖက်ကို ဆုပ်ရင်း ပြောလိုက်သည်။ အခြားသူများရှိသည့်အခါတွင်တော့ အကြီးအကဲကျောက်အား သူလေးစားမှုပြရပေမည်။ “ဟုတ်ပါတယ်။ ဒါ ကျုပ်ရဲ့ ခြံပါ”
ရှောင်ချိစွေ အနီးအနားရှိ ဓားဆန္ဒအား အသေအချာ အာရုံခံကြည့်လိုက်သော် သူတို့ ခံစားလိုက်ရသည့် ဓားဆန္ဒ ဤနေရာမှ လာသည် ဖြစ်မှန်း ကောက်ချက်ချလိုက်သည်။
အမှန်တကယ်က ပြိုလဲသွားသော အိမ်၏ အခြေအနေကို ကြည့်၍ ပြောနိုင်သည်။ ၎င်းမှာ လုံး၀ အပျက်အဆီးဖြစ်သွားသည်မဟုတ်ပါလား။ အဘယ်ကြောင့် ဓားဆန္ဒ ဤနေရာမှ မလာရမည်နည်း။
ပြိုလဲကျသွားသော အိမ်ရှိသို့ ညွှန်ပြရင်း “ဒီမှာ ဘာဖြစ်သွားတာလဲ” ဟုမေးလိုက်သည်။
“ဒါက…”
သူ၏ နည်းစနစ်ကို ဝှက်ဖဲအဖြစ် ထားလိုသည့် စုရှောင်ရှန် တုန့်ဆိုင်းသွားသည်။ သို့သော် အခြေအနေမဟန်သည့်အတွက် ရိုးရိုးသားသား၀န်ခံလိုက်၏။ “ကျုပ်ဓား နည်းစနစ်တစ်ခု လေ့ကျင့်နေရင်း မတော်တဆ အိမ်ကို ခုတ်မိပြီး ပြိုသွားတာ”
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၂]
စုရှောင်၏ မျက်နှာ အမူအရာ ကင်းမဲ့သွားသည်။
‘ငါသိသားပဲ’
‘ငါအမှန်တရားကို ပြောလိုက်တိုင်း ဒီလိုဖြစ်မယ်ဆိုတာ’
‘ခင်ဗျားတို့တွေ ကျုပ်စုရှောင်ရှန်ကို အထင်သေးတယ်မလား။ ဘာလို့ ကျုပ်မျက်နှာကို တည့်တည့်ကြည့်ပြီး မပြောတာလဲ’
ရှောင်ချိစွေ မျက်မှောင်ကုတ်လိုက်သည်။ အကယ်၍ ဤလူငယ်၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ကို အဖွဲ့လိုက်ပြိုင်ပွဲ၌ မတွေ့လိုက်ရပါက သူပြောတာ ယုံကြည်မိပေလိမ့်မည်။
ခန္ဓာကိုယ်အား စစ်မှန်ခြင်းနယ်ပယ် အထိ ကျင့်ကြံရန် မည်မျှ ခက်ခဲကြောင်းသူသိသည်။ စတင်ခြင်းအဆင့် ဓားဆန္ဒအား လေ့ကျင့်ရန် မည်မျှ ခက်ခဲကြောင်းလည်းသူသိသည်။
အဘယ်သို့ ဤ နှစ်ခုစလုံးစိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၆) ရှိ လူတစ်ယောက်ထံတွင် တစ်ပြိုင်တည်း ပေါ်လာလိမ့်မည်နည်း။
ဤသို့ ပါရမီရှိပါက သူ အပြင်စည်း၌ (၃) နှစ်တာ ရှိနေလိမ့်မည်မဟုတ်ပေ။ စစ်မှန်ခြင်းအဆင့်သို့ ရောက်ပြီး အတွင်းစည်းထဲ ဝင်သွားလောက်ပြီးပေလိမ့်မည်။
အကြီးအကဲကျောက်ကတော့ ဟန်ပန် အမူအရာ တွေမကြိုက်ဘဲ ချက်ချင်းရှေ့လှမ်းပြီး စုရှောင်ရှန်၏ ခေါင်းကို ထုလိုက်သည်။
“ဟုတ်လား။ မင်းက အဲ့လောက်တောင် တော်တာပါ့လေ”
“ဟမ့်… လိမ်တော့မယ်ဆိုလည်း ယုတ်တိ ရှိတာလေး ပြောပြီး လိမ်ပေါ့”
“အရင်တစ်ခေါက်က မင်းမှာ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ရှိတယ်ဆိုတာ ငါမယုံခဲ့ဘူးဆိုတာမှန်တယ်။ ဒါငါမှားတာ။ အခု ဒီစတင်ခြင်းနယ်ပယ် ဓားဆန္ဒကို ထုတ်ဖော်လိုက်တဲ့သူက မင်းဆိုရင်တော့…”
“ဟီးဟီး”
အကြီးအကဲကျောက်၏ နှုတ်ခမ်းများ အထက်သို့ ကွေးတက်သွားသည်။
အခြား အခြေအနေတစ်ခု ၌ဆိုပါက စုရှောင်ရှန် အကြီးအကဲကျောက်နှင့် ငြင်းခုံကောင်း ငြင်းခုံပေလိမ့်မည်။ သို့သော် ယခု သူကြားလိုက်သော စတင်ခြင်းနယ်ပယ် ဓားဆန္ဒဟူသော စကားကြောင့် မှင်သက်နေရာ ငြင်းခုံဖို့ကို သတိမေ့သွားချေသည်။
[ဓားထိပ်သီး] ပေးတဲ့ သက်ရောက်မှုက ဒါလား။ ဘာလို့ ငါ သတိမထားမိတာလဲ။
ဟမျ…။
ပင်ကိုယ်စွမ်းရည်…။
ဟုတ်သား ငါသတိထားမိမှ ပိုထူးဆန်းနေမှာ။
သူ့ဓားချက်တွင် စတင်ခြင်းနယ်ပယ် ဓားဆန္ဒပါလိမ့်မည်သူ စုရှောင်ရှန် မထင်ထားချေ။ သူ့အိမ်ပျက်ဆီးသွားသည်ကို အကြီးအကဲ(၂) ယောက် လာစုံစမ်းသည်မှာ မထူးဆန်း တော့ပါပေ။
စိတ်ဝိညာဉ်ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန်ခက်ခဲသော်လည်း ဓားသမားတစ်ယောက် ဖြစ်လာဖို့က ပို၍ ခက်ခဲလေသည်။ စတင်ခြင်းနယ်ပယ် ဓားဆန္ဒဟူသည် မြောက်မြားစွာသော ပါရမီရှင်များပင် မရောက်ရှိနိုင်သော နယ်ပယ်တစ်ခုဖြစ်သည်။
သို့ရာတွင် စုရှောင်ရှန် အတွက်တော့ မဟုတ်ချေ။
အကြီးအကဲကျောက်သူ့အား သံသယဖြစ်နေသည်ကို ကြည့်ရင်း ကြည့်ရင်း စုရှောင်ရှန် ပြုံးစိစိဖြစ်သွားသည်။
စိတ်၀ိညာဥ် အထွေထွေရေးရာ ဌာန၌ အကြီးအကဲကျောက်အား စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ရှိသည်ဟု ပြောတုန်းကလည်း ဤကဲ့သို့ ပင်မဟုတ်ပါလား။ ထို့နောက် အဖွဲ့လိုက် ပြိုင်ပွဲပြီးနောက် သူမှားကြောင်း လိမ်လိမ်မာမာ လာရောက်၀န်ခံရသည်မဟုတ်ပါလား။
‘ဒီအဖိုးကြီးကို ဘယ်သူက ငါ့ကို သံသယ ခဏခဏ ၀င်ခိုင်းနေတာလဲမသိဘူး’
သို့သော် ဤအရာများအား ထုတ်ပြောမရသည့်အတွက် ပြိုလဲကျသွားသော သူ့အိမ်ကိုသာ လက်ညှိုးထိုးပြပြီး လေးနက်စွာပြောလိုက်သည်။
“ဒါကျုပ်အိမ်လေ။ ကျုပ်မလုပ်လို့ ဘယ်သူ လာလုပ်နိုင်မှာ မို့လို့လဲ”
ဟူးးးးး…။
အကြီးအကဲကျောက် သက်ပြင်းချလိုက်ပြီး ၀မ်းနည်းသော လေသံဖြင့် “မင်းတံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာကတည်းက ယုံကြည်မှုလွန်ကဲနေတာငါသိပါတယ်။ လူငယ်ဆိုတာ ဒီလိုဖြစ်နေရမှာ။ ဒါပေမယ့်ကွာ ကြွားဝါတယ်ဆ်ိုအကန့်အသတ် တော့ရှိရမယ်လေ”
စုရှောင်ရှန် နှုတ်ခမ်းဆူလိုက်ပြီး ‘ကျုပ်ကြွားနေတာမဟုတ်ပါဘူးဆို… ဟူး ငါတကယ် သနားစရာကောင်းတာပဲ ကိုယ်မဟုတ်ပဲ ဟုတ်တယ် စွပ်ဆွဲခံနေရတယ်’
အကြီးအကဲကျောက်ဆက်လက်၍ “ငါသိပါတယ်ကွာ။ မင်းကို မကျေမနပ်တဲ့ မင်းရဲ့ ရန်သူ တစ်ယောက်ယောက်က လက်စားလာချေတာမလား။ ဒါပေမယ့် သူမင်းကို မသတ်ပဲ မင်းအိမ်ကိုပဲဖျက်ဆီးပြီး ချမ်းသာပေးလိုက်တာ။ ဟုတ်တယ် မဟုတ်ဘူးပဲပြော”
‘ဘယ်လို တွေးလိုက်တာလဲဟ’ စုရှောင်ရှန် စွံ့အသွား၏။
‘ခင်ဗျား ဦးနှောက်မှာ အပေါက်ကြီး တစ်ပေါက်ရှိနေတာ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် ဦးနှောက်တစ်ခုလုံးပဲ အပေါက်တွေနဲ့ ပြည့်နေတာလား’
‘ငါ့မှာ မရှိ ရှိတဲ့ ရန်သူကိုတောင် ထည့် ပေးလိုက်သေးတယ်…’
‘ငါ စုရှောင်ရှန်က မျက်နှာမြင်ချစ်ခင်ပါစေ အသံကြားသနားပါစေဆိုတဲ့ လာဘ်ကို ပိုင်ဆိုင်ထားတဲ့သူမျိုး။ ကျုပ်မှာ ဘယ်လို ရန်သူရှိမှာလဲ’
စုရှောင်ရှန်၏ မှင်သက်နေသော မျက်နှာကို အကြီးအကဲကျောက်မြင်ရာ သူခန့်မှန်းထားသည့်အတိုင်း အကုန် တစ်ထစ်ချ မှန်သည်ဟု ထင်သွားပြီး ဂုဏ်ယူနေသော အမူအရာ သူ့မျက်နှာထက်၌ ပေါ်လာသည်။
“အမှန်တိုင်းပြော… ဘယ်သူလုပ်သွားတာလဲ”
“မင်းအိမ် ပျက်ဆီးသွားလို့ မင်းရှက် နေရင်မပြောလဲရတယ်”
“နာမည်ကိုထားပြီး သူဘယ်ဘက်ကို ထွက်သွားတယ်ဆိုတာပဲပြော။ ငါနဲ့ အကြီးအကဲကျောက်နဲ့ လိုက်သွားလိုက်မယ်”
သူ့ကို ရှင်းပြခွင့်တောင် မပေးတော့ဘဲ ထင်ရာဆိုင်းပြောနေသည့် အကြီးအကဲကျောက်၏ တွေးခေါ်ပုံကြောင့် တဖန် စွံ့အသွားပြန်၏။
သူ အကြီးအကဲရှောင်ကိုကြည့်လိုက်သည်။ အကြီးအကဲရှောင်သည် ဓားသမားတစ်ယောက်ဖြစ်သောကြောင့် ပို၍ အားကိုးရလောက်သည်။ ထို့ကြောင့် အကြီးအကဲရှောင်ကို မေးခွန်းထုတ်သော အကြည့်ဖြင့်ကြည့်လိုက်သည်။
အကြီးအကဲကျောက်ပြောသည်ကို သဘောတူသည့်အလား ရှောင်ချိစွေ ခေါင်းငြိမ့်ပြလိုက်သည်။
“မင်းရဲ့ ပျက်ဆီးသွားတဲ့ အိမ်အတွက် ငါတို့ နစ်နာကြေးပေးမှာပါ”
“အဲ့ ဓားသမား ဘယ်ထွက်သွားလဲပဲပြောပြ”
စုရှောင်ရှန် အံ့အားသင့်သွားသည်။
ဤလူနှစ်ယောက် သူ စတင်ခြင်းနယ်ပယ် ဓားဆန္ဒကို ကျွမ်းကျင်သွားခြင်းထက် သူတို့ကိုယ် သူတို့ ဖန်းတီးထားသော သူ၏ ရန်သူအပေါ် ပို၍ ယုံကြည်သလော။
သူ့အိမ်ကို ဖျက်ဆီးလိုက်သည့်သူမှာ သူဖြစ်ကြောင်း အရိပ်အခြေပြရန် သူ့နောက်ကျောမှ တိတ်တခိုး နာကျင်ခြင်းကို သိသိသာသာ ဆုပ်ကိုင်လိုက်သည်။
“ရှက်မနေပါနဲ့ ပြောပါ” အကြီးအကဲနှစ်ဦး သူ့ကို လောလိုက်သည်။
စုရှောင်ရှန် နောက်ဆုံးလက်မြှောက်အရှုံးပေးလိုက်သည်။ ကြုံရာကျပန်း ဦးတည်ရာတစ်ခုကို သူလက်ညှိုးထိုးပြလိုက်၏။
“ကြိုးစားထား” အကြီးအကဲကျောက်၏ မျက်၀န်းများက စုရှောင်ရှန်အား အားပေးသည့်အလား ပြောနေသည်။
“ကြိုးစား” ရှောင်ချိစွေလည်း ၀င်ပါလိုက်သည်။
[အားပေးခြင်းခံရပါသည်။ ပင်ကိုယ်မှတ် +၂ ]
စုရှောင်ရှန် လေလျော့သွားသော ပူပေါင်းနှယ် ဖင်ထိုင်ချပြီး ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။
သူအမှန်တရားအား ပြောသည့်အခါတိုင်း အဘယ်ကြောင့် မည်သူမှ သူ့အား မယုံကြသနည်း။
ကောင်းကင်ယံမှ မိုးတိမ်တိုက်များ တိတ်ဆိတ်နေသည်။ သူ့ခြံထဲရှိ စွမ်းအင်လှိုင်းကြောင့် နှစ်ခြမ်းပြတ်ထွက်သွားသည့် စိတ်ဝိညာဉ် သစ်ပင်များ၏ အရွက်များကသာ သူ့ နာကျင်မှုကို နားလည်နိုင်သလိုလို အဆက်မပြတ်ကြွေကျနေကြ၏။
…
စုရှောင်ရှန် ဧည့်ခန်း၌ အိပ်လိုက်ရသည်။ နံနက်ဖြန်မှ စိတ်ဝိညာဉ် အထွေထွေရေးရာဌာနသို့ သွားပြီး အပျက်အဆီးများအား ရှင်းပေးရန် တာ၀န်သွားကပ်ရန် ကြံထား၏။ စိတ်ဝိညာဉ်သလင်းကျောက်တုံးများဖြင့် မဖြေရှင်းနိုင်သည့် အရာမရှိပါပေ။
အဖွဲ့လိုက် ပြိုင်ပွဲပြီးနောက် သူတို့အားလုံး နားရက် တစ်ရက်ရကြ၏။ ထိုအချိန်ကို အကောင်းဆုံးအသုံးချကာ အကောင်းဆုံးအခြေအနေသို့ ရောက်အောင်လုပ်ရပေမည်။
သူ့စိတ်ထဲရှိ အနီရောင်ဖန်သားပြင်အား ကြည့်လိုက်သော် ပင်ကိုယ်မှတ် (၇၀၀၀) ကျော်ကျန်သေးကြောင်းတွေ့လိုက်ရသည်။
စုရှောင်ရှန် တစ်ချက် စဉ်းစားလိုက်ပြီးမှ ပင်ကိုယ်မှတ်အကုန်သုံး၍ စွမ်းရည်အမှတ်များအားဝယ်ယူကာ [ချွန်ထက်ခြင်း] ထဲ အကုန်ထည့်လိုက်သည်။
[ဓားထိပ်သီး] သည်သူ့အား လှည့်ကွက်အများကြီး ပေးထားရာ ၎င်းတို့ကို နားလည်အောင်လုပ်ပြီးမှ အဆင့်မြှင့်သင့်ကြောင်း သူယူဆလိုက်သည်။
သူထင်တာမမှားပါက [ဓားထိပ်သီး] ကဲ့သို့ ပင်ကိုယ်စွမ်းရည်များမှာ အဆင့်တက်သည်နှင့်အမျှ သူ့အား အသိပညာ အများကြီး ပေး ပေလိမ့်မည်။
[ဓားထိပ်သီး] အား လေလွင့်တိမ်တိုက် ဓားချက်ကို လုံးလုံး ဖမ်းဆုတ်နိုင်ပြီးမှ အဆင့်မြှင့်ရန် ကြံလိုက်၏။
အသက်ရှူခြင်းနည်းစနစ်အား အဆင့်မြှင့်ရန်တော့…
မနောက်သင့်ပေ။ နတ်ပြည်ရောက်ရင်းသေသည့်အဖြစ်မျိုးသူမလိုချင်ပါ။
စိတ်ဝိညာဉ်ကျင့်ကြံခြင်း စစ်မှန်ခြင်းနယ်ပယ်ရောက်မှသာ အသက်ရှူခြင်းနည်းစနစ်ကို အဆင့်မြှင့်ရန် သူစဉ်းစားထား၏။
အသိပေးချက် ဖန်သားပြင်အတွင်း၌…။
“…”
[ချွန်ထက်ခြင်း- အဆင့်(၈)]
သူ့ညာလက်ကိုမြှောက်ကြည့်လိုက်သည်။ သူ့လက်သည်းများ ထင်ထားသာလို ရှည်မလာပေ။ သို့သော် သူ့လက်ချောင်းများတော့ ပို၍ ပိန်ပါးသွား၏။ အနည်းပင်ကြည့်လို့လှ၏။
ကြမ်းပြင်ကို နောက်တစ်ချိန် လက်ချောင်းများဖြင့် ထိုးလိုက်သည်။
ဖက်…။
ယခင်တစ်ခေါက်ကကဲ့သို့ နာကျင်မှုကို မခံစားရပေ။
တိုဖူးကို ဓားဖြင့် ထိုးလိုက်ရသလိုသာ ခံစားလိုက်ရသည်။ စုရှောင်ရှန် ကြမ်းပြင်အတွင်းသို့ လက်ကောက်၀တ်မြုပ်သည်အထိ ထိုးထည့်လိုက်သည်။ သူ၏လက်ချောင်းများမှာ ချွန်ထက်သော ဓားများ ကဲ့သို့ ဖြစ်လာခဲ့၏။
“ဝိုး”
သူထင်ထားသည့်အတိုင်း အဆင့်မြင့်သွားသောအခါ သက်ရောက်မှုများ အကြီးအကျယ် ပြောင်းလဲသွား၏။
သူ့လက်နှစ်ဖက်မှာ သျှိုဝှက်ထားသော ဓားမြှောင်များကဲ့သို့ ခံစားလိုက်ရသည်။
သို့မဟုတ် သျှိုဝှက်ထားခြင်းမပြုသော ဓားမြှောင်များဆိုပိုမှန်၏။
မည်သည့် ရန်သူမှ ဤ ဓားမြှောင်များကို ခုခံကာကွယ်နိုင်လိမ့်မည်မဟုတ်ပေ။
စုရှောင်ရှန် ပြန်မတ်လိုက်သောအခါ ကြမ်းပြင်၌ နက်ရှိုင်းသော လက်ချောင်းအရွယ် အပေါက်များဖြစ်သွားသည်။ ၎င်းက သူ့အား အကြံ တစ်ခုရသွားစေသည်။
ရုတ်တရက် တိုက်ပွဲအတွင်း သူ့လက်သီးမှ ချွန်ထက်သော လှံအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေးမိသော်…။
ကတောက်* တောက် ခေါက်သံ