အပိုင်း( ၁၁ ) လေလွင့်တိမ်တိုက်
ဒဏ္ဌာရီများအရ ကောင်းကင်ကိုဖြတ်၍ ပျံသန်းသွားနိုင်သော ဓားနည်းစနစ်တစ်ခု ရှိခဲ့၏။ ၎င်းကို ရွေ့လျားကောင်းကင်ဓား(၇)လက်ဟုခေါ်သည်။ ဤဓားနည်းစနစ်မည်သို့ ဒဏ္ဌာရီတွင်လာရသနည်းဆိုရင် အသန်မာဆုံး ဓားနတ်ဘုရား အဖိုးကြီးယိုတုက ဓား(၇) ချက်ဖြင့် မြင့်မြတ်နတ်ဘုရားနန်းတော်၏ နန်းတော်သခင်ကို သတ်၍ ဘယ်သူမျှ မရှာနိုင်အောင် ကမ္ဘာမြေကြီးမှ အစအန မရှိပျောက်ကွယ်သွားသည့် နေ့ကိုသွားရပေမည်။
နောင်လာနောင်သားများက ထို ရွေ့လျားကောင်းကင်ဓား(၇) ချက်ကို သွားရောက် လေ့လာပြီးမှ အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်ကို တီထွင်ခဲ့သည်ဟု အဆိုရှိ၏။
သို့ပေမယ့် ဤ အဖြူရောင်တိမ်တိုက်ဓားနည်းစနစ်က မူလ နည်းစနစ်ထက် အဆင့် ဒါဇင်နှင့်ချီအောင် နှိမ့်သည်။
၎င်းသည် သာမန် စတင်ခြင်းအဆင့် စိတ်ဝိညာဉ်နည်းစနစ်တစ်ခုသာ။
အဖြူရောင်တိမ်တိုက် ဓားနည်းစနစ်အား ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၏ စိတ်ဝိညာ်စာကြည့်တိုက်ဌာနတွင် သိမ်းထားပြီး ၎င်း နည်းစနစ်တွင် စုစုပေါင်း ဓားချက် (၁၃) ချက်ရှိလေသည်။
သာမန်ပါရမီသာရှိသော စုရှောင်ရှန်သည် အတိတ်က ဤနည်းစနစ်အား အားကြိုးမာန်တက် လေ့လာခဲ့၏။ သို့သော် ပထမ ဓားချက်ကို တတ်ဖို့ပင် သူ (၃) နှစ်လောက် အချိန်ယူလိုက်ရ၏။
၎င်းသည် သူစကျင့်ဖူးသော နည်းစနစ်လည်းဖြစ်သည်။ ထိုနည်းစနစ်မှ ဓား တစ်ချက်သာ သူတတ်၏။
အတိအကျပြောရမည်ဆိုလျှင် (၁၃) ချက်ထဲမှ (၁) ချက်ဟုပြောနိုင်သည်။
စုရှောင်ရှန်အား အမှောင်ထုဝါးမျိုသွားသည်။ ရုတ်တရက် အရာအားလုံး လှုပ်ခတ်သွားပြီး တိတ်တခိုး နာကျင်ခြင်းအား တိုက်တိမ်များအကြားပျံသန်းနေသည်ကို တွေ့လိုက်ရသည်။ မျက်စိတမှတ်အတွင်း ထိုဓားပေါ်၌ သူရောက်သွား၏။
သူပျံသန်းရာလမ်းတစ်လျှောက်ရှိ ပြတ်ထွက်သွားသော တိမ်တိုက်များ ဖြည်းညှင်းစွာ ပြန်လည် အသစ်ဖြစ်ပေါ်ကြကုန်၏။
အစမရှိသလို အဆုံးလည်းမရှိပေ။ ၎င်းသည် ထာ၀ရ ရှင်သန်ခြင်းဖြစ်သည်။
ထိုအခိုက်အတန့် စုရှောင်ရှန် မရေမတွက်သော အတွေးများဖြင့် ပြည့်သွားပြီး မရေမတွက်နိုင်အောင် အလင်းပေါက်သွားကာ သူ့ခေါင်းထဲ၌ သူကိုယ်တိုင် တိတ်ဆိတ်သော ညများတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်ထားသကဲ့သို့ ဓားချက်များ မရေမတွက်နိုင်အောင် ပေါ်လာခဲ့၏။
ဓားထိုး၊ ဓားခုတ်၊ ဓားတွန်း၊ ဓားဖောက်…
၎င်းတို့သည် အခြေခံအချက်များဖြစ်ကြ၏။ ဤဓားချက်များက သူသွေး၊ ချွေးနှင့် ရင်း၍ လေ့ကျင့်ထားသကဲ့သို့ သူ့အာရုံနှင့်တသားတည်း ဖြစ်သွားသည်။ ထိုအခိုက်အတန့်၌ ဤဓားချက်များကို သဘာ၀ အလား လိုက် လုပ်နိုင်နေ၏။
သူ့အရှေ့မှ အဖြူရောင်တိမ်တိုက်များအား ဆက်ထိုး မဖောက် တော့ဘဲ ရပ်ကြည့်လိုက်သည်။
ချက်ချင်းဆိုသလို မိုးကုတ်စက်ဝိုင်းအလွန်ကနေ နှေးကွေးစွာ ရွေလျားလာသည့် ဓားချက်တစ်ချက်က ရေပြင်ညီ အတိုင်း အလျားလိုက် ထွက်လာ၏။ ၎င်းသည် အနှောင်အဖွဲ့ကင်းကင်းဖြင့် နှေးနှေးလေးသွားနေသော်လည်း ချက်ချင်းဘဲ စုရှောင်ရှန်၏ မျက်စိရှေ့ရောက်လာ၏။
တိမ်တိုက်များ တစ်စစီ ပျောက်ကွယ်သွားသည်။ ရုတ်တရက် မိုးကောင်ကင် ပြိုကျလာ၏။
“အား”
စုရှောင်ရှန် ဆတ်ကတည်း နိုးကြားသွားသည်။ တာဝေးအပြေးသမားအလား အသက်ကို ပြင်းပြင်းရှိုက်နေရ၏။ သူထရန် ရွေ့လိုက်သောအခါ အိပ်မက်ထဲမှ တိမ်များကဲ့သို့ သူ၀တ်ထားသော အင်္ကျီတစ်စစီဖြစ်သွားကာ သူ့ပေါင်ပေါ်သို့ ကျသွားတော့သည်။
ဤအချင်းအရာ ကြောင့် ငုံ့ကြည့်လိုက်ရာ သူ့လက်ထဲတွင် ပျော်ရွှင်နေသည့်အလား တကျွီကျွီ မြည်နေသည့် တိတ်တခိုး နာကျင်ခြင်းကို တွေ့လိုက်ရ၏။
ဒီတော့…။
“လခွမ်း… ဘာတွေဖြစ်နေတာလဲဟ”
စုရှောင်ရှန် ဘာပြောရမည်မှန်းမသိဖြစ်သွားသည်။ သူမှတ်မိသည်မှာ ပင်ကိုယ်သော့ဖြင့် ဘီးကို လှည့်လိုက်သည်။ ထို့နောက် ရုတ်တရက် အရာအားလုံးပျောက်ကွယ်သွားပြီး အနှောင်အဖွဲ့ကင်းသည့် ဓားဆန္ဒနှင့် တိမ်တိုက်များ ကိုမြင်လိုက်ရသည်။ ပုံရိပ်ယောင်များဖြစ်မည်ထင်။ ထို့ပြင် သူ့နှလုံးသား အနက်ရှိုင်းဆုံးထဲ၌ သိမ်းထားသည့် နာကျဉ်းဖွယ် မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။
၎င်းမှာ သူ (၃) နှစ်တာ မဆုတ်မနစ် ကျင့်ကြံခြင်းရာမှ တတ်မြောက်ထားသော ဓားချက် (၁၃) ချက်ထဲမှာ (၁) ချက်ဖြစ်၏။
၎င်းသည် စတင်ခြင်းအဆင့်နည်းစနစ်တစ်ခုသာဖြစ်သည်။
(၃) နှစ်တာ လေ့ကျင့်ပြီးနောက် ဤမျှသာ အောင်မြင်မှုရ သောလူတစ်ယောက် ပါရမီ မည်မျှ ကင်းမဲ့သည်ကို သိနိုင်သည်။ စုရှောင်ရှန်မည်မျှ နာကျဉ်းလိုက်မည်နည်း။
စုရှောင်ရှန် အသက်ကို ပုံမှန် ရှူကာ စိတ်လျော့လိုက်သည်။ ဤမှတ်ဉာဏ်များကို ပြန်မြှုပ်နှံလိုက်ရင်း အသိပေးချက် ဖန်သားပြင်ကို သူကြည့်လိုက်၏။ ဤကိစ္စနှင့် ပင်ကိုယ်သော့နှင့် တစ်ခုခု ပတ်သက်ရမည်။
အမှန်ပင်။ အသိပေး ဖန်သားပြင်၌ စာကြောင်းအသစ်တစ်ခု ပေါ်လာ၏။
[ကျွမ်းကျင်ပင်ကိုယ်စွမ်းရည် : ဓားထိပ်သီး ကိုရလိုက်ပါသည်]
ကျွမ်းကျင်ပင်ကိုယ် စွမ်းရည် ဆိုပါလား။
ဓားထိပ်သီး တဲ့။
စုရှောင်ရှန် ကြက်သေသေ သွားသည်။ ဤအရာက ထို သော့အပိုမှ ရရှိလိုက်သည့်အရာလော။
“ငါတကယ်ပဲ ပင်ကိုယ်စွမ်းရည်တွေထဲက အကြမ်းဆုံး ပင်ကိုယ်စွမ်းရည်ကို ရသွားတာ တော့မဟုတ်ပါဘူးနော်။ ပြီးတော့ အဲ့ဒါက ကိုယ်ပိုင် အထူးအကျိုးသက်ရောက်မှုရှိတဲ့ ပင်ကိုယ်စွမ်းရည် မဟုတ်ပါဘူးနော်။ ငါ အိပ်မက်မက်နေတာဖြစ်မယ်”
“…”
“ချီး”
စုရှောင်ရှန် စိတ်၏ စေရာအတိုင်း အကျယ်ကြီး ထဆဲပစ်လိုက်သည်။ အာအန်ဂျီးဆက်သူ့အား မစလိုက်ခြင်းပေလော။
“ဓားထိပ်သီး…”
ဤစွမ်းရည်၏ နာမည်ကိုက အလွန် ကြမ်းနေပေပြီ။ ပုံမှန် [ခွန်အား] နှင့် [ချွန်ထက်ခြင်း] တို့ထက် နာမည်က သာလွန်နေပြီ။
ပင်ကိုယ်စနစ်သည် အမြဲတမ်း ရိုးရှင်းသည့် နာမည်များသာ သုံးသည်ကြည့်သော် [ဓားထိပ်သီး] ကဲ့သို့ ပုံမှန် မဟုတ်သည့် နာမည်နှင့် လာခြင်းသည် အတော်ကြမ်းနေ ပေပြီဖြစ်ကြောင်း ထင်ရှားသည်။
ထို့ပြင်…
တိမ်တိုက်များအကြားမှ အဖြစ်ကို ပြန်မြင်ယောင်မိသော် စိတ်လှုပ်ရှားမှုဖြင့် စုရှာင်ရှန် တုန်ရင်သွားသည်။
မဟုတ်မှလွဲရော အဲ့ဒီ ပုံရိပ်ယောင်ထဲက နည်းစနစ်ရဲ့ ဓားချက်တွေနဲ့ လှည့်ကွက်တွေအားလုံးကို ငါ ကျွမ်းကျင်သွားတာလား။
သူ့တွင် ပင်ကိုယ် စွမ်းရည်များသာရှိသည့်ပြီး ၎င်းတို့၏ အကျိုးကျေးဇူးများက ထင်မထားသည့် နည်းလမ်းများဖြင့် တိုးတိုးတိတ်တိတ်လာတတ်သည်။ အကယ်၍ အပြောင်းအလဲများအား သူသေချာ မဆန်းစစ်ကြည့်ပါက သူ့ခန္ဓာကိုယ်အတွင်း ပြောင်းလဲမှုများကို သတိပင် ထားမိမည်မဟုတ်ပေ။
သူ၏လက်ထဲမှ တိတ်တခိုး နာကျင်ခြင်း အနည်းငယ် အသံပေးပြီး တုန်ခါသွားသည်။
၎င်းမှာ စိတ်လှုပ်ရှားနေခြင်းဖြစ်၏။
စုရှောင်ရှန် ယခု သက်ရှိ ပစ္စည်းမဟုတ်သည့် တိတ်တခိုး နာကျင်ခြင်းက အလွန်အမင်း စိတ်လှုပ်ရှားနေသည်ကို သူ ကောင်းကောင်းကြီး အာရုံခံနိုင်နေသည်။ သက်ရှိ စကားလုံးဖြင့် ဖော်ပြရသော် ၎င်းသည် အလွန် ၀မ်းသာနေ၏။
အတွေးတစ်ခု စုရှောင်ရှန်၏ ခေါင်းထဲဖြတ်ပြေးသွားသည်။
“ငါစမ်းကြည့်လိုက်ရမလား”
ထို့နောက် မျက်လုံးများကို မှိတ်ပြီး ဓားတစ်ချက်တည်းဖြင့် မိုးတိမ်များအား တစ်စစီ ဖြစ်သွားစေသည့် ဓား နည်းစနစ်ကို ပြန် စဉ်းစားလိုက်သည်။
သူ၏ အသက်ရှူသံများ တဖြည်းဖြည်း ဖျော့တော့သွားပြီး သူကိုယ်တိုင် အလင်းစက်များအဖြစ်သို့ ပြောင်းလဲသွားကာ လေပေါ်၌ ပေါလော မျောနေသည်ဟု ခံစားလိုက်ရသည်။
ပေါ့ပါးခြင်း၊ ဖောက်ထွင်းမြင်နိုင်ခြင်း၊ တည်ငြိမ်အေးချမ်းခြင်း…
အလွန် အံ့ဩဘနန်းဖြစ်ဖွယ်ရာ ခံစားချက် ဖြစ်သည်။
နောက် တစ်စက္ကန့်၌ စုရှောင်ရှန် သူကိုယ်တိုင် ပန်းချီကားတစ်ခုထဲမှ လေလွင့် တိမ်တိုက်တစ်ခုအဖြစ် ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။
နွေရာသီလေပြေလေးတိုက်လာသည့်အခါ မိုးတိမ်တိုက်ကလေးများ လေလာရာ မျောပါသွားကုန်၏။
စုရှောင်ရှန် ယခု အချိန်၌ ဓားချက်ကို ထုတ်ဖော်ရမည်ဟု သိနေသည်။
သို့ဖြင့် သူ့ဓားကို လက်က အလိုလို ဆွဲထုတ်လိုက်ရင်း လေကို ခုတ်ချလိုက်သည်။ ခုခံမှုတစ်ချို့အား ခံစားရသော်လည်း သူ၏ ဓားချက်က သူလိုရာအတိုင်း ရွေ့လျားသွားပြီး ချက်ချင်း ခုတ်ဖြတ်လိုက်၏။
၎င်းသည် အနှောင်အဖွဲ့ကင်းသော ဓားချက် တစ်ချက်ဖြစ်သည်။ ညနေခင်း လေပြညှင်းလေးက သစ်ရွက်များအား သူနှင့်အတူ ခေါ်ဆောင်သွား၏။
ကျွီ ကျွီ ကျွီ
ပုံရိပ်ယောင်မှ အဖြစ်အပျက်မျိုး နောာက်တစ်ကြိမ် ပြန်ပေါ်လာခဲ့သည်။ ဓားမှအလင်းရောင်များက နှေးကွေးစွာ ထွက်လာဟန်ရသော်လည်း ချက်ချင်း အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
စုရှောင်ရှန်၏ ဓားချက် အလွန်ဖြည်းညှင်းစွာ ရွေ့လျားနေဟန်ရသော်လည်း ၎င်းက မိုးကုတ်စက်ဝိုင်းအလွန်သို့ ချက်ချင်း ပျောက်ကွယ်သွားနိုင်ဟန်ရှိသည်။
စုရှောင်ရှန် မျက်လုံးများပြန်ဖွင့်လိုက်ရာ…။
ဘုန်း…။
သစ်နီဖြင့် ဆောက်လုပ်ထားသော အိမ်လေး ချက်ချင်းပဲ တစ်စစီဖြစ်ကာ ပြိုကျသွား၏။
ဖက် ဖက် ဖက်…။
စုရှောင်ရှန် သစ်နီတုံး များဖြင့် ပြည့်နေသည့် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ထို သစ်နီတုံးများချက်ခြင်း အမှုန်များဖြစ်သွားပြီး လေပြေလေးနှင့် အတူ ပါသွား၏။
“ချီး”
“ငါ့အိမ်လေး”
…
ကျဉ်းမြောင်းသော အခန်းငယ်လေးတစ်ခုတွင် သစ်သားစားပဲဝိုင်တစ်ခု ရှိပြီး ပတ်ပတ်လည်လည်၌ လူကြီး (၃) ယောက် ထိုင်နေသည်။
ရှောင်ချိစွေက မတ်မတ် ထိုင်နေခြင်းဖြစ်သည်။ သူ၏ ကျော၌ လွယ်ထားသော ဓားကို ယခု သူ့ဒူးနားတွင် ချထားသည်။ သူ့ခေါင်းကိုယမ်း၍ လေးနက်စွာ ပြောလိုက်သည်။ “ကျုပ် သေရည် မသောက်တတ်ဘူး”
“တကယ့်ဓားသမားတစ်ယောက်က ဘယ်တော့ သေရည်မသောက်တာ ခင်ဗျားတို့ သိပါတယ်။ ကျုပ်တို့က ဓားလမ်းစဉ်မှာပဲ ယစ်မူးတာ။ သေရည်ကကျုပ်တို့ကို ဓားကျင့်ကြံခြင်းမှာ နှောင့်နှေးစေပြီး စိတ်နဲ့ နှလုံးသားကိုပဲ အနှောက်အယှက်ဖြစ်စေတယ်။ တော်ပါပြီ”
ကျောက်ကျန်းရှီခေါ် အကြီးအကဲ ကျောက် အလွန်ရယ်ရသော ဟာသကိုကြားလိုက်ရသည့်အလား ဝါးလုံးကွဲထရယ်ရာ သူ့ပါးစပ်ထဲရှိ သေရည်များ မျက်နှာချင်းဆိုင်ရှိ လူကြီး၏ မျက်နှာကို သွား၍စင်သည်။ ချက်ချင်း ရှက်ကိုးရှက်ကန်း ဖြင့် “ကျုပ် ရည်ရွယ်ပြီး လုပ်တာမဟုတ်ပါဘူး”
ထို့နောက် ရှောင်ချိစွေဘက်သို့ ဗိုက်ကို ဖိနှိပ်ကာရယ်ချင်မှုကိုချုပ်တည်းပြီး
“မင်း ပြောတဲ့ ပုံက မသိရင် အရက်မသောက်လို့ ဓားလမ်းစဉ်မှာ အဆင့်တက်သွားတဲ့ ပုံစံကြနေတာပဲ”
ရှောင်ချိစွေ အသာယာပြုံးလိုက်ပြီး “ကျုပ် တကယ် တိုးတက်လာတယ်…”
ထို့နောက် မျက်နှာကို လက်ကိုင်ပဝါဖြင့် သုတ်နေသော အဖိုးကြီးအား လှည့်ကြည့်လိုက်ပြီး “ခင်ဗျား ဒီတစ်ခေါက်ပြန်လာတာ ဒီမှာ ကြာကြာ နေမှာလား”
ထိုအဖိုးကြီး၏ ဆံပင်များကြား၌ မြက်ခြောက်အည်းငယ်ပင်ရှိနေသေး၏။ ထိုသူက အကြီးအကဲ ကျောက်ကို တစ်ချက်ကြည့်လိုက်ပြီး သေရည်ကို မော့ချလိုက်သည်။
“ဒီတစ်ခေါက်ကြာကြာနေဖို့ စဉ်းစားထားတယ်”
ထို့နောက် သေရည်ကုန်သွားသော ခွက်ကို ကြည့်ရင်းမှ မှတ်ချက်ပေးလိုက်သည်။
“တကယ်က သေရည်သောက်ရင်းလည်း ဓားလမ်းစဉ် ကျင့်လို့ရပါတယ်”
ရှောင်ချိစွေ တစ်စုံတစ်ခုကို ပြန်ပြောချင်၍ ပါးစပ်ဟလိုက်သော် အဖိုးကြီးက ဦးစွာ ဆက်၍ “ကံဆိုးတာက မင်းအဲ့ဒီလမ်းစဉ်ကို မသိတာပဲ။ မဟုတ်ရင် ဓားနတ်ဘုရားဆိုတဲ့ နာမည်က မင်းစီရောက်နေတာကြာလောက်ပြီ…”
အကြီးအကဲကျောက် ဆက်လက်၍ မထိန်းနိုင်တော့ပဲ အသံပြဲကြီးဖြင့် ထရယ်တော့၏။ “ဟားဟားဟားဟား…”
ရှောင်ချိစွေ စွံ့အသွားသည်။
ထိုအခိုက်အတန့်၌ သူ့ဒူးနားတွင် ရှိသော ဓား ရုတ်တရက် အလွန်အမင်း တုန်ခါလာ၏။
ရုတ်တရက် လူ(၃) ဦး တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြသော် မျက်လုံးများထဲ၌ အံ့အားသင့်နေမှုများကို မြင်လိုက်ရသည်။
ရှောင်ချိစွေ သူ့ဓားကို ကောက်ယူကာ နားအနီးကပ်၍ သေချာနားထောင်လိုက်သည်။ ချက်ချင်း မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူသိရလိုက်၏။
ထျန်းစန်စိတ်ဝိညာဉ်နန်းတော်၏ အပြင်စည်း၌ ဖြစ်သည်။
ညနေလေညှင်းလေးက တဖြေးဖြေး တိုက်ခတ်နေသည်။ ထိုစဉ် ဂိုဏ်းသားတစ်ယောက် ဓားကို လက်မှ ကိုင်ကာ လျှောက်ရင်း သူ၏ဘ၀ကို ပြန်ဆင်ခြင်နေ၏။
ရုတ်တရက် သူ၏ လက်ထဲမှ ဓား စတင် တောက်ပလာပြီး လက်ထဲမှ လွတ်ထွက်လိုသည့်အလား တုန်ခါလာသည်။။
သူထိတ်လန့်သွားပြီး သူ့ဓားအား အလျှင်အမြန် လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူဘေးသို့ လှည့်ကြည့်ရာ ဓားလမ်းစဉ်ကျင့်ကြံသည့် ဓားသမား အားလုံး သူ့ကဲ့သို့ အချင်းအရာနှင့် ရင်ဆိုင်နေရကြောင်းတွေ့လိုက်သည်။
ရွှင်းးးး…။
စူးရှသော ဓားသံများ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေသည့်အလား အပြင်စည်းတစ်ခုလုံး ညံသွား၏။
“ဘာဖြစ်နေတာလဲ”
ဂိုဏ်းသားများအားလုံး တုန်လှုပ်သွားကြသည်။
“(၁) မိုင်အတွင်း ဓားဟိန်း သံ ညံတယ်ဆိုတာ… စတင်ခြင်းအဆင့်ဓားဆန္ဒမဟုတ်လား” အဖိုးကြီးက တည်တည်ငြိမ်ငြိမ် မှတ်ချက်ပေးလိုက်သည်။
“ဟုတ်တယ်”
ရှောင်ချိစွေ အလျှင်အမြန် ထရပ်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် အံ့အားသင့်သွားဟန်ဖြင့် ထပ်ပြောလိုက်သည်။
“အပြင်စည်းမှာ စတင်ခြင်းအဆင့် ဓားဆန္ဒကို ကျွမ်းကျင်နိုင်တဲ့သူ ရှိမယ်လို့ မထင်ထားဘူး။ စိတ်ဝိညာဉ်ကျင့်ကြံခြင်းမှာ စစ်မှန်ခြင်းအဆင့်ရောက်နေတဲ့ ဂိုဏ်းသား(၂) ယောက်နဲ့ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ကျင့်ကြံသူ ဂိုဏ်းသားနဲ့ဆိုရင် ဒီ တစ်ခေါက် ဂိုဏ်းသားတွေ တကယ် ထူးချွန်တာပဲ”
“စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ကျင့်ကြံသူဟုတ်လား” အဖိုးကြီး မှင်သက်သွားသည်။ တစ်စုံတစ်ခုအား တွေးမိသည့်အလား သူ့လက်ထဲမှ သေရည်ခွက်ကို အောက်ချလိုက်သည်။
ရုတ်တရက် သူစကားလမ်းကြောင်းလွှဲလိုက်သည်။ “ဒါနဲ့ အရင်တစ်ခေါက်ဒီလို ဓားဆန္ဒ ပေါ်လာတာက ငါမှတ်မိပါသေးတယ်။ စုရှင်းရှင်းဆိုတဲ့ ကလေးမလေး မလား”
“ပြီးတော့ အဲ့ဒီကလေးမဟာက စစ်မှန်ခြင်းနယ်ပယ် ဓားဆန္ဒမလား” သူထပ်လောင်းဖြည့်ပြောလိုက်သည်။
ရှောင်ချိစွေ၏ ပုံစံကို ကြည့်ရသည်မှာ ပြေးထွက်သွားဖို့ စိတ်မရှည်တော့သည့် ဟန်ရသော်လည်း အဖိုးကြီး၏ အမေးအား ဖြေလိုက်သည်။
“ဟုတ်ပေမယ့် ဒီတစ်ခေါက် ကိစ္စနဲ့ စုရှင်းရှင်းနဲ့ နှိုင်းလို့မရဘူးလေ။ အဲ့ဒီကလေးမလေးက ဓားသမားဖြစ်ဖို့ကို မွေးလာတာ။ ပြီးတော့ ဒီကုန်းမြေရဲ့ နာမည်ကြီး ဓား(၂၁) ထဲက တစ်ချောင်ကိုလည်း ကိုင်ဆောင်ထားတဲ့သူ။ ပြောရရင် ကျုပ်တောင် မနာလိုဖြစ်တယ်”
“ဟန်ဆောင်မနေပါနဲ့တော့ ဘယ်သူလည်း သွားကြည့်ချင်နေပြီ မဟုတ်လား” ဘေးဘက်မှ အကြီးအကဲကျောက် လည်း ထရပ်လိုက်သည်။ “မျက်နှာမှာ ဒီလောက် မဖုံးနိုင် မကွယ်နိုင် အထင်းသားပေါ်နေတာကို ဒီနေ မှာနေနေသေးတယ်”
ရှောင်ချိစွေ ရှက်ပြုံး ပြုံးလိုက်သည်။
ဤအချင်းအရာကိုမြင်သော် ထိုင်နေသော အဖိုးကြီး၏ မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာပြီး “သွားကြည့် သွား”
သူတို့ နှစ်ယောက် ချက်ချင်း အပြင်ဘက်သို့ ပြေးထွက်သွား၏။
“ကျစ် ကျစ်” အဖိုးကြီး ကျွတ်သပ်လိုက်သည်။
အဖိုးကြီး ၏ အမူအရာမှာ တည်ငြိမ်ပြီး အေးချမ်းသည့်ပုံပေါက်သည်။ ကြည့်ရသည်မှာ စတင်ခြင်းအဆင့် ဓားဆန္ဒ သည်သူ့အား စိတ်၀င်စားအောင် ဆွဲဆိုင်နေသည့်ဟန် မရပေ။
ထို့နောက် ဘူးသီးပုံ သေရည်အိုးထဲမှ လက်ကျန်ကို မော့ချပြီး ဘေးမှ လမ်းလျှောက် တုတ်ကောက်ကို က်ိုင်ကာ ထရပ်လိုက်သည်။ သူ၏ နောက်ကျော၌ လွယ်ထားသော ကောက်ရိုးခမောက်ကို ခေါင်းထက်တင်ရင်း အခန်းထဲမှ ဖြေးညှင်းစွာထွက်သွား၏။
အချိန်တစ်ခုကြာသော် ထို အခန်းလေးသို့ ပြန်လာပြီး တံခါးပိတ်ကာ ပြန်ထွက်သွားသည်။