အပိုင်း( ၉ ) အပျော်ပြီးတော့ အပျော် ထပ်ဆင့်နှစ်ခါပျော်
“စုရှောင်ရှန်နိုင်သွားတယ်လား”
“စုရှောင်ရှန်နိုင်သွားတာဟ”
တိုက်ပွဲပြီး ဆုံးပြီးနောက် အကာအကွယ်အစီအရင်လည်း ပျောက်သွားသည်။
အစီအရင်ပျောက်သွားသောအခါ ပွဲကြည့်ပုရိသတ်များထံမှ အားပေးမှုများကို ကြားလိုက်ရရာ စုရှောင်ရှန် တုန်လှုပ်သွားသည်။ ပတ်ပတ်လည်မှ သူ့ကို အားပေးနေသူများကို ကြည့်လိုက်ပြီး ‘ဝိုး ဒီလောက် လူတွေအကြီး ဘယ်ကရောက်လာတာလဲမသိဘူး’ ဟု တွေးမိလိုက်၏။
“ချု့ယွင် ကွင်းပြင်ကိုလာတဲ့ အပြင်စည်းဂိုဏ်းသားအားလုံးဒီမှာ ရောက်လာတာဟ”
ပွဲကြည့်စင်မှ မျက်ရည် တဝဲ၀ဲနှင့် ဂိုဏ်းတူ ညီငယ်၊ ညီမငယ်များကို တွေ့လိုက်ရာ သူတို့မည်သည့် အကြောင်းကြောင့် ငိုနေမှန်း စုရှောင်ရှန်မသိ၍ ရူးကုန်ကြပြီဟုသာ မှတ်လိုက်သည်။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၂၄ ]
[အလေးစားခံရပါသည်။ ပင်ကိုယ်မှတ် + ၁၁၂၅ ]
အသိပေးချက် ဖန်သားပြင်ကို ကြည့်လိုက်ရာ အလွန်ထိတ်လန့်သွားသော စုရှောင်ရှန် ဒူးထောက်ကျ မတတ်ဖြစ်သွားသည်။
ဘာဖြစ်တာလဲဟ။
ပထမ တစ်ခုက သူများ သူ့ကို မယုံသင်္ကာဖြစ်၍ ရသည်အား နားလည်နိုင်သေးသည်။ ဆိုရသော် ကျင့်ကြံခြင်းအဆင့် (၅) သာသာဖြင့် စုရှောင်ရှန် အစုအဖွဲ့လိုက်ပြိုင်ပွဲ၌ ဗိုလ်စွဲသွားသည်မဟုတ်ပါလား။ အနည်းနှင့်အများတော့ သူ့အား သံသယ၀င်ကြပေမည်။
ထို့ပြင် ပြိုင်ကွင်းပေါ်၌ ရှိနေသေးသည့် လျှိုကျန်းနှင့် ကျိုးစွန်း နှစ်ယောက် ပြိုင်ပွဲတစ်လျှောက်လုံး ဘာမျှ မလုပ်ဘဲ ရပ်နေသည်ကို လူတိုင်း တွေ့ခဲ့ကြ၏။ ထို့ကြောင့် စုရှောင်ရှန် အနိုင်ရရှိသူဖြစ်လာခဲ့လေသည်။
‘အလေးအစားခံ’ ရသည့် ကိစ္စကိုတော့….။
သူမရှင်းပြနိုင်ချေ။
ဆိုရသော် အသိပေးချက်ဖန်သားပြင်ပေါ်၌ ဤအရာ ပထမဆုံးအကြိမ်ပေါ်လာခြင်း ဖြစ်သည်။
ဒါပေမယ့်…။
ပင်ကိုယ်မှတ် (၁၀၀၀) ကျော်တောင်လား။
စုရှောင်ရှန် မှင်သက်သွား၏။
အထိုးအနှက်ခံရင်း ပင်ကိုယ်မှတ်များရရှိရေးကိုသာ သူအာရုံစိုက်နေသောကြောင့် အများ၏ အမြင်၌ သူသည် ဆုံးဖြတ်ချက်ခိုင်မှာကာ အရှူံးမပေးသောစိတ်ဓာတ်ဖြင့် ယှဉ်ပြိုင်ပြီး အခြေအနေကို ပြောင်းလဲနိုင်လိုက်သည့် အနိုင်ရရှိ သူဖြစ်လာသည်ကို မသိပါပေ။
ဆိုရသော် နောက်ကျမှ လာသောသူများ၏ အမြင်တွင် သူသည် အခြား ပြိုင်ပွဲ၀င်များ စုပေါင်း ထိုးနှက် ခြင်းကို ခံခဲ့ရသည့် သဲအိတ်သာမဟုတ်ပါလား။
ဒီလူတွေ တကယ် လူရိုင်းတွေပဲ။ သူတို့ စုရှောင်ကို ဘယ်လိုရိုက်လိုက်လဲကြည့်ဦး။ သူ့မျက်နှာတစ်ခုလုံး ရစရာကို မရှိတော့ဘူး။ အစိမ်းရောင်၊ ခရမ်းရောင်တွေတောင် သန်း… ဟမ် ဘာလို့ သူ့ ဒဏ်ရာတွေက အသေးအဖွဲလေးတွေပဲတုန်း။
ကြီးကြက်သူ မျက်နှာသေကြီးဖြင့် ဗန်းတစ်ခုကို ကိုင်ကာ သူ့ထံ လျှောက်လာလိုက်၏။ ထို ဗန်းပေါ်၌ ဆုဖြစ်သည့် လက်စွပ်တစ်ကွင်းပါသည်။
‘သိုလှောင်လက်စွပ်လား’ စုရှောင်ရှန် မျက်ခုံးပင့်လိုက်သည်။
၎င်းသည် အလွန် အဖိုးတန်သော အရာဖြစ်သည်။ ဤသို့သောအရာကို သူ့ခြံနှင့် ဓားနက်နှင့် ရောင်းလျှင်ပင် ဘယ်သောအခါမှ ၀ယ်နိုင်မည်မဟုတ်ချေ။
ကြီးကြပ်သူ၏ တုန်ခါနေသည့် လက်များအကြားမှ ဗန်းပေါ်ရှိ သိုလှောင်လက်စွပ်ကို သူယူလိုက်သည်။ ထို့နောက် ကြီးကြပ်သူးအား ရိုးသေဟန်ဖြင့် “ကျေးဇူးတင်ပါတယ်။ ကျုပ်အတွက် ဒီလောက် ပျော်ပေးစရာမလိုပါဘူး”
ဤစကားကိုကြားသော် ကြီးကြပ်သူ၏ လက်များ ပို၍ တုန်ခါသွား၏။
ငါ ပျော်နေတဲ့ ပုံပေါက်နေလို့လား။ ဒီဗန်းကို ဆက်ကိုင်ထားတယ်ဆိုတာ မင်းကို လည်ပင်းညှစ်မိမှာစိုးလို့ကွ။
ကြီးကြပ်သူ ပြိုင်ပွဲအတွင်း၌ အချို့တိုက်ပွဲများမှလွဲ၍ ၀င်ကယ်ရန် အခွင့်အရေး သိပ်မရလိုက်ပါချေ။ ၎င်းသည် သူ့အား စိတ်ဓာတ်ကျသွားစေ၏။
ဆောင်ရွက်ရမည့် တာ၀န်များအား သူ ကျေကျေပွန်ပွန် ထမ်းဆောင်ချင်၏။ သို့သော် ပြိုင်ပွဲတစ်လျှောက်လုံး ဘေး၌ရပ်နေရုံမှလွဲကာ သူဘာမျှ မလုပ်လိုက်ရပါချေ။
စုရှောင်ရှန်သူ့အား အစကတည်းက အရူးလုပ်ခဲ့၏။ ယခု အဖွဲ့လိုက် ပြိုင်ပွဲပြီးသွားမှသာ စုရှောင်ရှန်တွင် စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ် ရှိမှန်း သိလိုက်ရသည်။
‘ပြိုင်ပွဲထဲမှာ စစ်မှန်ခြင်းနယ်ပယ် အရှိန်အဝါကို နှစ်ခါ ခံစားလိုက်ရပါတယ်လို့တွေးနေတာ ဒီကောင့်စီကလာမယ်မှန်း ငါမထင်ထားမိဘူး’
သူ၏ ဝဲဂယက်ထလာသော ခံစားချက်များအား ဖိနှိပ်၍ လက်ဝှေ့ပြလိုက်ပြီး “ဆက်ကြိုးစားထား” ဟု အေးတိ အေးစက် ပြောလိုက်သည်။
ထို့နောက် နောက်လှည့်ကာ ထွက်သွား၏။
ကြီးကြပ်သူ အနည်းငယ် ထူးဆန်းနေသည်ဟု စုရှောင်ရှန် တွေးလိုက်သည်။ သို့သော် ကြီးကြပ်သူ မြင်ကွင်းထဲမှ မပျောက်သွားခင် ယဉ်ကျေးသည့်အနေဖြင့် “ဟုတ်ကဲ့ ကျွန်တော် ဆက်ကြိုးစားပါ့မယ်” ဟု ပြောလိုက်သည်။
ကြီးကြပ်သူ ဆတ်ကတည်း လက်ထဲမှ ဗန်း ကို အပေါ်သို့ မြှောက်ပစ်လိုက်သည်။
“ဟေး… ကျုပ်ဓားရော” ဟု စုရှောင်ရှန် ဒိုင်လူကြီး အနောက်မှ အော်လိုက်၏။
ကြီးကြပ်သူ လွင့်ထွက်သွားသော ဗန်းကို့ ပြေးဖမ်းလိုက်ပြီး အနောက်သို့ လှည့်ကြည့်မနေဘဲ စုရှောင်ရှန်၏ ဓားကို ပစ်ပေးလိုက်လေသည်။
ထွက်ခွာသွားသော ကြီးကြပ်သူ၏ နောက်ကျောကို မျက်မှောင်ကုတ်၍ စုရှောင်ရှန်ကြည့်ရင်း ရေရွတ်လိုက်တော့သည်။
“တော်တော်ထူးဆန်းတဲ့ လူပဲ”
…
“စုရှောင်ရှန်”
“စုရှောင်ရှန်”
ပွဲကြည့်စင်မှ ပုရိတ်သတ်များအားလုံး ပြိုင်တူ အော်နေကြသည်။ အစပိုင်း၌ မိန်းမငယ် အချို့သာ အော်နေကြခြင်းဖြစ်သော်လည်း သူတို့အနားမှလူများ ထိုမိန်းမငယ်လေးများ၏ စိုက်ကြည့်ခြင်းကိုခံသောအခါ ရှက်ရွံသွားကြသဖြင့် သူတို့ပါ လိုက်၍ အော်ဟစ်လိုက်ကြ၏။
ဤသို့ အားပေးမှုများကြောင့် စုရှောင်ရှန် ရှက်သွားသည်။ အဘယ်ကြောင့် ဤလူများ ဤသို့ သဲသဲလှုပ်ဖြစ်နေသည်ကို မသိပေ။ သို့သော် လူတိုင်းက သူ့နာမည်ကို အားတက်တရော အော်ဟစ်၍ အားပေးနေသောကြောင့် သူလည်း ဤလူများအား လက်ပြန်ရမ်းပြလိုက်ပါသည်။
“ထိုင်စမ်းပါ။ နင့်ကိုဘယ်သူမှ မကိုက်ပါဘူး”
ယောင်ယင်ယင် ထရပ်ပြီး အကြောများဆန့်လိုက်သည်။ ထို့နောက် စုရှင်းရှင်း ဆွဲထားသဖြင့် သူမ၏ ပေါင်အထက်သို့တင်နေသော အ၀တ်စကို ဆွဲချပြီး “အခု နင့်အကိုလူဆိုးလေးကို သွားကြည့်လို့ရပြီ” ဟု ကျီဆယ်လိုက်သည်။
စုရှင်းရှင်းပြုံးလိုက်ရာ သူမ၏ ပါးနှစ်ဖက်တွင် ပါးချိုင့်ကလေးများပေါ်လာ၏။
“မသွားတော့ဘူး။ အကိုလူဆိုးလေး စိတ်ဝိညာဉ်နန်းတော်က ထွက်မသွားရတာ သိရရင်ကိုပဲကျေနပ်ပြီ”
“နင့်ဘေးက ဖလန်းဖလန်း ထနေတဲ့ ကောင်မလေးတွေကို ကြည့်လိုက်ဦး။ နင့် အကိုလူဆိုးလေးကို လုသွားရင် ဘယ်လိုလုပ်မတုန်း”
“ဘာတွေ လျှောက်ပြောနေတာလဲ” စုရှင်းရှင်း ရှက်သွေးဖြန်းသွားသည်။
“အဲ့လိုအတွေးတွေမရှိပါဘူးနော်”
“အရ်… ဟုတ်လို့လား”
“ဟင့်… စကားမပြောတော့ဘူး”
စုရှင်းရှင်း ထိုင်ခုံမှ ရုတ်တရက် ဆတ်ကတည်း ထလိုက်ရာ ယောင်ယင်ယင်၏ ရင်သားများနှင့် မတော်တဆ သွားတိုက်မိသည်။ စုရှင်းရှင်း၏ မျက်နှာရဲရဲနီသွားပြီး အချိန်ဆိုင်းမနေဘဲ သူမ၏ ဓားကြီးကို ကောက်ယူပြီး ပြေးထွက်သွားလိုက်၏။
“ ချစ်စရာကောင်းလိုက်တာ…”
စုရှောင်ရှန် သူတို့ နှစ်ဦးကို သတိထားမိလိုက်သည်။ ဤနေရာ၌ စစ်မှန်ခြင်းနယ်ပယ် အရှိအဝါအများကြီးမရှိပေ။ သူ၏ စစ်မှန်ခြင်းနယ်ပယ် ခန္ဓာကိုယ်ထောက်လှမ်းရန် ခက်ခဲသည်ဆိုသည်မှာ စိတ်ဝိညာဉ် စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူများ အပေါ် မသက်ရောက်ပေ။
မဟုတ်လျှင်ပင် သူတို့၏ သာလွန်သော အမူအရာများက သူ့နာမည်ကို ရူးရူးမူးမူး အော်နေသည့် မိန်းကလေးများနှင့်ကွာလွန်းလှ၏။
“စုရှင်းရှင်းပဲ”
“သူနဲ့ မတွေ့တာတောင်အတော်ကြာသွားပြီ…”
စုရှင်းရှင်းပြေးသွားသည့်ဘက်ကို သူစိုက်ကြည့်နေရာမှ စုရှင်းရှင်းဘေးရှိ အနီရောင်၀တ်အမျိုးသမီးရုတ်တရက် သူ့ကို လှည့်ကြည့်တာကို မြင်လိုက်၏။ ထိုမိန်းကလေးက သူ့အား မျက််စပစ်ပြပြီး ချိုမြိန်စွာ ပြုံးပြလိုက်လေသည်။
[ဖြားယောင်းခံလိုက်ရပါသည်။ ပင်ကိုယ်မှတ် + ၁]
ထိုမိန်းကလေး၏ အပြုအမူကြောင့် အနည်းငယ် အာရုံလွဲသွားသည့် စုရှောင်ရှန် အသိပေးချက်အသစ်ကို မြင်သောအခါ သွေးအန်လုမတတတ်ဖြစ်သွားသည်။
ချီး။ တစ်ချို့အရာတွေက မပြောပဲထားတာကောင်းတယ်ကွ။ စိတ်ရှိတိုင်း လျှောက် ကြေငြာမနေနဲ့။
သောက်ပေါ စနစ်။
လူတိုင်း အိမ်ပြန်ကြကုန်၏။
ဤနေရာရှိ လူတိုင်းမှာ စိတ်ဝိညာဉ်ကျင့်ကြံသူများဖြစ်သည်။ သူတို့အများစု စုရှောင်ရှန်၏ ပုရိသတ်များဖြစ်လာသော်လည်း ဘယ်တော့မှ မဟုတ်တာ တစ်ခုခု လုပ်မည်မဟုတ်ချေ။
လူမြင်ကွင်းမဟုတ်သည့် နေရာတွင်တော့ မပြောနိုင်။
စုရှောင်ရှန်လည်း ပြန်ရန် ပြင်လိုက်စဉ် သူ့ရှေ့၌ အကြီးအကဲကျောက် ရောက်ချလာ၏။
“ထင်မထားဘူး။ ဒီလောက် အထုအထောင်းခံ နေရတာတောင် မင်းအခြေအနေကို ပြန်ပြောင်းပြီး အနိုင်ရသွားမယ်လို့။ မင်းမှာလည်း ဝှက်ဖဲတွေရှိသားပဲ”
“အကြီးအကဲကျောက် ဘယ်ကရောက်လာတာလဲ”
အကြီးအကဲကျောက်၏ မျက်နှာ နက်မောင်သွားသည်။
“ဟို မိန်းကလေး (၂) ယောက်စီပဲ မင်းအာရုံရောက်နေတော့ ငါကိုတောင် သတိမထားမိဘူးပေါ့လေ”
“ဟီးဟီး” စုရှောင်ရှန် လျှောက်နေရင်းမှ “ဘယ်လိုဖြစ်နိုင်မှာလဲ။ ခင်ဗျား ကျုပ်စီကို အရင်လာတာ ကျုပ်သိပါတယ်။ ဟုတ်တယ်ဟုတ်”
“ဟုတ်တယ်”
စုရှောင်ရှန် စိတ်သက်သာရာ ရသွားသည်။ ကံကောင်းထောက်မစွာဖြင့် သူ အဖြေမှန်ကို ခန့်မှန်းနိုင်လိုက်၏။ တကယ်က အကြီးအကဲကျောက်အား သူ သတိမထားမိပါချေ။ သို့သော် သူ၏ လေသံကို မေးခွန်းထုတ်သည့် လေသံမျိုးမဟုတ်ဘဲ သာမန် လေသံအဖြစ်ပြောင်းလဲလိုက်ခြင်းကြောင့်လဲပါသည်။ အကြီးအကဲကျောက်ကိုကြည့်ရသည်မှာ သူ၏ အလိမ်အညာကို သိဟန်မရပေ။
“မင်းဘယ်တုန်းက မင့်ခန္ဓာကိုယ်ကို စစ်မှန်ခြင်းနယ်ပယ် အဆင့်ထိ ရောက် လေ့ကျင့်လိုက်တာလဲ။ ငါ့ကိုတောင် မပြောဘဲ ဖုံးကွယ်ထားရဲတယ်နော်” အကြီးအကဲကျောက် မေးလိုက်သည်။
“ဘာ။ ခင်ဗျား ဒီမေးခွန်းမျိုး မေးရဲတယ်နော်”
“အရင်တစ်ခေါက်ကပဲ ကျုပ်စစ်မှန်ခြင်းနယ်ပယ်ကို ရောက်သွားပြီလို့ မပြောဘူးလား။ ခင်ဗျားဘာသာ ကျုပ်ကို မယုံတာလေ”
အရင်တစ်ခေါက်တုန်းကလား။
အကြီးအကဲကျောက် စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာန၌ သူတို့ တွေ့ဆုံခဲ့သည့် နောက်ဆုံးတစ်ကြိမ်ကို ပြန်အမှတ်ရသွားသောအခါ ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး “အဲ့ဒီတုန်းကတော့ မင်းပြောတာ ဘယ်သူယုံမှာလဲကွာ” ဟုပြောလိုက်သည်။
စုရှောင်ရှန် ပါးစပ်ဟတော့မည်ကိုမြင်သော် အကြီးအကဲကျောက်ချက်ခြင်းပဲ ဆေးပုလင်းတစ်လုံး အင်္ကျီထဲမှထုတ်ပြီး စုရှောင်ရှန်၏ လက်ထဲသို့ အလျှင်အမြန်ထည့်ပေးလိုက်သည်။
“မင်း ဒဏ်ရာ ရလာတယ်မဟုတ်လား”
“ဒီမှာယူလိုက်။ ငါမင်းကိုပေးတာ။ အိမ်ပြန်ပြီး ဒဏ်ရာတွေကို ဆေးထည့်လိုက်ဦး။ ငါလည်းသွားတော့မယ်။ နောက်မှ တွေ့မယ်” သူပြောချင်တာပြောပြီးနောက် နှုတ်ဆက်ကာ ချက်ချင်း ထွက်ပြေးသွား၏။
စုရှောင်ရှန်တစ်ယောက် ထိုနေရာ၌ ရပ်၍ ကျန်ခဲ့၏။
“ထူးဆန်းတယ်။ တစ်ခုခု မဟုတ်တာ လုပ်ထားတဲ့ အတိုင်းပဲ” စုရှောင်ရှန် မှတ်ချက်ချလိုက်သည်။ “ငါလည်း သူ့ကို မဝါးစားပါဘူး။ အနည်းဆုံး ဆဲဆိုတာလေးလောက်ပေါ့”
သို့သော် အကြီးအကဲကျောက်ပေးသွားသည့် ဆေးပုလင်းကို ကြည့်လိုက်သောအခါ သူ့နှလုံးသားထဲ နွေးထွေး…။
ဟမျ..။
အကြီးအကဲကျောက်ရဲ့ ဆေးတွေ…။
စုရှောင်ရှန် ကြက်သီးဖျင်းဖျင်းထသွား၏။
…
သူ့အခန်းကိုပြန်ရောက်သည်နှင့် စုရှောင်ရှန် မျက်နှာသစ်ပြီး သန့်ရှင်းရေးပြုလုပ်ထားသော သူ၏ အိပ်ယာပေါ်သို့ လှဲချလိုက်သည်။ သက်တောင့်သက်သာရှိလှ၏။
အဖွဲ့လိုက် ပြိုင်ပွဲ၏ ဗိုလ် ဖြစ်လာမည်ဟု သူ ကြိုတင် ခန့်မှန်းထားပြီးဖြစ်သော်လည်း အမှန်တကယ် ရယူနိုင်လိုက်သောအခါ အရာအားလုံးက အိပ်မက်သဖွယ် ဖြစ်နေ၏။
သူပြောနိုင်သည်မှာ စစ်မှန်ခြင်းနယ်ပယ် ခွန်အား တိုးခြင်းက အလွန်ကြောက်မက်ဖွယ်ရာကောင်းသော နည်းစနစ်ဟုပင်။
အတိတ်မှဆိုလျှင် ဤတိုက်ခိုက်မှုများအောက် သူ တစ်စက္ကန့်တောင် ခံနိုင်မည်မဟုတ်ပါ။ သို့သော် ယခုတော့ အပြင်ပန်း ဒဏ်ရာ အနည်းငယ်နှင့် ကြွက်သားနှင့် အကြောအချို့ တင်းမာရုံပင်။ သူ၏ မျက်နှာပေါ်မှ မဖြစ်စလောက် ဖူးယောင်မှုများနှင့် အညိုအမဲများမှာ လေ့ကျင့်ခန်း တစ်ခါလုပ်လိုက်လျှင် ပျောက်သွားပေလိမ့်မည်။
အကြီးအကဲကျောက်ပေးသော ဆေးလုံးများကိုတော့ သူ အသုံးမပြုရဲပါချေ။
စုရှောင်ရှန် ဆုရရှိလာသော သိုလှောင်လက်စွပ်ကို ထုတ်ယူပြီး သူ့သွေးစက်ဖြင့် ပိုင်ရှင်အဖြစ် အသိအမှတ်ပြုစေလိုက်သည်။ လက်စွပ်အတွင်း၌ အိမ်တစ်ခြမ်းစာလောက်ရှိသည့် နေရာလပ်ကို မြင်လျှင် သူပီတိဖြာသွား၏။
ထိုလက်စွပ်ထဲတွင် ပစ္စည်းအများကြီးမပါချေ။ စိတ်ဝိညာဉ်သလင်းကျောက်တုံး (၁၀၀) ခန့်နှင့် ဆေးလုံး ပုလင်း တစ်ခုသာပါရှိသည်။ ၎င်း၏ တန်ဖိုး အများစုမှာ လက်စွပ် ကိုယ်၌ ကလာခြင်းဖြစ်၏။
စုရှောင်ရှန် လက်စွပ်ထဲမှ ဆေးပုလင်ထုတ်ပြီး ဆန်းစစ်ကြည့်လိုက်သည်။
နောက်ထပ် စိတ်ဝိညာဉ်ကျင့်ကြံခြင်းဆေးလုံးများ ဖြစ်သည်။
စုရှောင်ရှန် လန့်သွားသည်။ ထိုဆေးပုလင်းနှင့် အချို့သော တစ်ကိုယ်ရေ ပစ္စည်းများကို လက်စွပ်ထဲထည့်လိုက်၏။
သူဘယ်နေရာသွားသွား သိုလှောင်လက်စွပ်ကလေးကို ယူသွားနိုင်ပေသည်။
သူ့တွင် လက်စွပ် ၀တ်တတ်သော အကျင့်မရှိပေ။ ထို့ကြောင့် လက်စွပ်တွင် ကြိုးတပ်ပြီး လည်ပင်း၌ ဆွဲလိုက်၏။
၎င်းမှာ သူ၏ ယခုဘ၀၏ ပထမဦးဆုံး အနိုင်ဖြစ်သလို အမှတ်တရလည်းဖြစ်သည်။ သူကောင်းကောင်းတန်ဖိုးထားရပေမည်။
အိပ်ယာပေါ်လှဲရင်း သက်တောင့်သက်သာအရှိဆုံး ဖြစ်မည့် ပုံစံကို သူပြောင်းလိုက်သည်။
“ကဲ လိုရင်း သွားရအောင်”
“ငါဒီနေ့ အထုအထောင်းခံရပြီး ပင်ကိုယ်မှတ် ဘယ်လောက်ရလာသလဲ ကြည့်ကြမယ်”
တိုက်ပွဲအစတွင် သူ၏ ပင်ကိုယ်မှတ်စုစုပေါင်းအား တစ်ချက် ကြည့်လိုက်သည်မှ လွဲ၍ ပွဲတစ်လျှောက်လုံး မကြည့်ဘဲ ဤအခိုက်အတန့်အတွက် ဥထားခဲ့၏။
စုရှောင်ရှန်၏ နှလုံးခုန်မြန်သွားပြီး အနီရောင်ဖန်သားပြင်အောက်ခြေသို့ တဖြည်းဖြည်း ကြည့်လိုက်၏။
အမှတ်များကိုမြင်သော် အပျော်လွန်လွန်းသဖြင့် လောကကြီးဖြင့်အဆက်အသွယ် ခဏ ပြတ်သွား၏။ သူ့စိတ်ထဲမှ အသိပေးချက် ဖန်သားပြင်လည်း ပျောက်သွားပြီး သတိပြန်၀င်လာမှ ပြန်ပေါ်လာသည်။
လက်ချောင်းများ ထောင်ပြီး သူ ရေတွက်လိုက်၏။
“တစ်၊ နှစ်၊ သုံး၊ လေး”
“ငါး… ဂဏာန်းငါးလုံးတောင်ဟ”
[ပင်ကိုယ်မှတ် : ၁၇၆၆၀]