အပိုင်း( ၇ ) အဖိုးတန် ရွှေငန်းများ
သက်ပြင်းချ၍ ကောင်းကင်ယံကို ကြီးကြပ်သူ မော့ကြည့်လိုက်သည်။ ဤသို့ သော ကိုင်တွယ်ရခက်သည့် ပြိုင်ပွဲ၀င်နှင့် တွေ့ရခြင်းမှာ သူ့အတွက်လည်း ပထမဆုံးအကြိမ်ဖြစ်၏။
စုရှောင်ရှန်သည်လည်း ပြိုင်ပွဲ၀င်တစ်ဦးဖြစ်တာကြောင့် ကြီးကြပ်သူ အနေဖြင့် သူ့အား မတားဆီးနိုင်ချေ။ လူအယောက်(၁၀၀) လုံးအား တစ်ယောက်တည်း ရင်ဆိုင်ခြင်းသည် အနည်းငယ် ရူးကြောင်ကြောင်နိုင်သော်လည်း ထိုကိစ္စအား တားမြစ်ထားသည့် စည်းကမ်းချက် မရှိပါပေ။
သို့သော် ဤကိစ္စအား သူ၀င်မတားလျှင်လည်းမကြာခင် အခြေအနေက အဖွဲ့လိုက် ယှဉ်ပြိုင်ခြင်းမှ ရပ်ကွက်ထဲက ဈေးအဖြစ်သို့ အသွင်ပြောင်းသွားပေတော့မည်။
“ဆိုတော့ ကြီးကြပ်သူ အနေနဲ့ ဘယ်လိုမြင်လဲ”
စုရှောင်ရှန်၏ အမေးနှင့် မျှော်လင့်ချက်များဖြင့်ပြည့်နေသော လူတစ်စု၏ အကြည့်များကို ရင်ဆိုင်ရသော် ကြီးကြပ်သူ အကြပ်ရိုက်သွားသည်။ သူ့လက်ထဲမှ ဓားနက်ဖြင့် စုရှောင်ရှန်ကို ထိုးလိုက်ရမလားဟူ၍ အတွေးများပင်၀င်လာသည်။
လေထဲမှ ခေါင်းဆောင်၍ကြီးကြပ်သူ ရှောင်ချိစွေ ကွင်းပြင်(၁၂) ၏ ထူးခြားချက်ကို သတိထားမိသွားသည်။
အခြား ကွင်းပြင်များ၌ ပြိုင်ပွဲ၀င်များစတင်ကာ သူသေ ကိုယ်သေ တိုက်ခိုက်နေကြပြီး ဖြစ်သော်ငြား ဤ ကွင်းပြင် (၁၂) ၌ အတန်းတက်ချိန်တွင် ဆရာက စာသင်ပြရာ အတန်းသားများက တိတ်တဆိတ်နား ထောင်နေသကဲ့သို့ တိတ်ဆိတ်ငြိမ်ကြနေမှုကို သတိထားမိလိုက်သည်။
အမှန်ပင် ထို ကွင်းပြင်၌ လူတစ်ယောက်ကသာ စကားပြောနေပြီး ကျန်သူများက နားထောင်နေကြ၏။
နား ထောင်ရင်းမှ အကြောင်းစုံကို သိရသော် ရှောင်ချိစွေ၏ နှုမ်ခမ်းများအပေါ်သို့ ကွေးသွားပြီး ထို ကွင်းပြင်အား ရည်ညွှန်းပြီး “တော်တယ်။ ရဲရင့်တဲ့ လူငယ်ပဲ။ သူ့ တောင်းဆိုချက်ကို သဘောတူလိုက်” ဟုမှတ်ချက်ပေးလိုက်သည်။
ကြီးကြပ်သူလည်း အထက်မှ အမိန့်ရသည်နှင့် ချက်ချင်း လက်ဝှေ့ရမ်းလိုက်ကာ “သဘောတူတယ်။ ပြိုင်ပွဲဆက်လုပ်”ဟု ပြောလိုက်၏။
အရပ်ရှည် တောင့်တောင့်ဖြောင့်ဖြောင့် စတင် သဘောတူခဲ့သည့် သူ၏ မျက်လုံးများ မျှော်လင့်ချက်များဖြင့် အရောင်တောက်သွားခဲ့သည်။ ချက်ချင်းဘဲ လောဘဖြင့် ပြည့်နေသောမျက်လုံးများဖြင့် အခြား မည်သူမှ မတုန့်ပြန်နိုင်သေးခင် လူအုပ်ကြားထဲမှ ခုန်ထွက်လိုက်သည်။
“ငါ့ သားရဲဘုရင်ခြေလှမ်းတစ်ရာ လက်သီး ကို မြည်းကြည့်လိုက်စမ်း။ မင်းရဲ့ ဓားက ငါ့ဟာပဲကွ”
ထိုခုန်ထွက်သွားသူ၏ နောက်၌ရှိနေသည့် လှုပ်ရှားရမည်လောဟု တုန့်ဆိုင်းနေသည့် လူအုပ်ကြီး ထိုသူ ချက်ချင်း အခွင့်ကောင်းယူကာ စုရှောင်ရှန်ထံ ပြေး၀င်သွားသည်ကိုမြင်သော် ဒေါသအမျက်ချောင်းချောင်း ထသွားကြသည်။
အမှန်ပင်။ အခွင့်အရေးဟူသည် တွေ့သည်နှင့် ဆုပ်ကိုင်နိုင်သည့် သူထံသာ အမြဲသွားပေသည်။ စုရှောင်ရှန်၏ဓားမှာ အလွန်လှသည့် ဓားတစ်ချောင်းဖြစ်သည်။ ယခင်က သူ၏ လက်ထဲ၌ အသုံးပြုခံရခြင်းမရှိကာ ချောင်တွင် ဖုန်များတက်လာသည်အထိ ပစ်ထားခံရ၏။ ဖြုန်းတီးခြင်းပင်။ ယခုသော် ၎င်းသည် အလောင်းအစားကြေးတစ်ခုဖြစ်လာခဲ့ပြီး အခြားသူလက်ထဲ ရောက်သွားပေတော့မည်။
“ဂိုဏ်းတူအကိုလျှိုကော သွားမစမ်းကြည့်ဘူးလား။ အကိုလျှိုရဲ့ အမှောင်ကပ်ပျက်ခြင်း လက်သီးနဲ့ဆို အခွင့်အရေးရှိလောက်တယ်” ကံစမ်းကြည့်ရန် စိတ်အားထက်သန်နေသည့် ကျိုးစွန်း မေးလိုက်သည်။ သူသည်လည်း ပါ၀င်ချင်သော်ငြား သူ့အကြောင်းသူသာသိ၍ လက်လျော့လိုက်၏။
လူအုပ်ကြားထဲမှ လျှိုကျန်း ခေါင်းကို အသာယမ်းလိုက်ပြီး “ငါလည်း အဆင့်တက်သွားတာမှန်ပေမယ့် စုရှောင်ရှန်ကို အထင်သေးလို့မရဘူး။ သူ့ကြည့်ရတာ တစ်ခုခု ထူးဆန်းနေတယ်။ လောလောဆယ် ဘေးကနေပဲ ဘာဆက်ဖြစ်မလဲ ကြည့်ရအောင်” ဟု မှတ်ချက်ပေးလိုက်သည်။
ယခု မြင်ကွင်းအားမြင်သော် ယခင် တစ်ခေါက် အလောင်းကောက်ရန် စုရှောင်ရှန်စီသွားတုန်းက အခြေအနေကို ပြန်အမှတ်ရလိုက်သည်။ ထိုအချိန်ကလည်း ရုတ်တရက်ကြီး တံခါးပိတ်ကျင့်ကြံခြင်းမှ ထွက်လာ၍သူတို့ အားလုံးကို ကြောက်ချေးပါသွားအောင် လုပ်ခဲ့သည်မဟုတ်ပါလား။ ဤသို့အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံပြီးမှ အဆင့်ချိုးဖျက်ရုံပဲ ဖြစ်နိုင်ပါမလား။
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၂]
ဤလူတစ်စု ဘာတွေးနေသည်ကို စုရှောင်ရှန် မသိပေ။ သူ့ထံ လက်သီးမြှောက်ကာ လာနေသော လူထွားကြီးကိုသာ ကြည့်လိုက်သည်။ ထိုလူက အနီးသို့ရောက်လာသောအခါ ရုတ်တရက် ထရယ်မောလိုက်သည်။ အလွန် ယုံကြည်ချက် ပြင်းပြနေ၏။
“ဟားဟား။ ငါလာပြီ”
သူပြောပြီးသည်နှင့် ကျားတစ်ကောင်၏ ပုံရိပ်ယောင်တစ်ခုထွက်လာကာ ဟိန်းလိုက်သည်။ ကွင်းပြင်ထဲရှိလူတိုင်း ထိတ်လန့်သွား၏။ သူတို့ အသိပြန်၀င်လာသောအခါတွင်တော့ ထို ပုံရိပ်ယောင်အောက်တွင် စည်ပိုင်းလောက်ရှိသည့် လက်သီးချက်များဖြင့် အဆက်မပြတ် အထိုးခံ နေရသည့် စုရှောင်ရှန်ကို တွေ့လိုက်ကြ၏။
ဘုန်း ဘုန်း ဘုန်း
စုရှောင်ရှန်မည်သည့် ကျင့်စဉ်ကိုမှ ထုတ်သုံးသည့်ဟန်မရဘဲ သူ၏ လက်သီးဖြင့်သာ စတင်ခြင်းအဆင့်၏ အထွတ်အထိပ်အဆင့်ရှိ နည်းစနစ်တစ်ခုဖြစ်သော သာရဲဘုရင်ခြေလှမ်းတစ်ရာ လက်သီးကိုထိပ်တိုက်ရင်ဆိုင်လိုက်သည်။
ပွဲကြည့်သူများ ထိတ်လန့်သွား၏။
“ဘုရားဘုရား သူ့လက်သီးလေးနဲ့”
“သူရူးသွားပြီ”
“သူဘယ်လို ယုံကြည်ချက်နဲ့များ ချန်းဝေရဲ့ သားရဲဘုရင်ခြေလှမ်းတစ်ရာလက်သီးကို ထိပ်တိုက် ရင်ဆိုင်ရဲတာလဲမသိဘူး”
“အာ… အဲ့ဒီ စုရှောင်ရှန် အဖြူရောင်တိမ်တိုက်ဓားနည်းစနစ် တစ်ခုတည်းသိတာမဟုတ်ဘူးလား။ ပြီးတော့ (၃) နှစ်လေ့ကျင့်တာတောင် ပထမ (၁) ချက်ပဲ သူတတ်တာလေ…”
ပွဲကြည့်ပုရိသတ်များ၏ မျက်လုံးအောက်တွင်ပင် လက်သီးလေးချက် တစ်ခုနှင့် တစ်ခု တိုက်မိသွားသည်။ ထိုမှ ထွက်ပေါ်လာသော အသံက အစီအရင်အတွင်းပွဲကြည့်သူများ၏ နားစည်ကို တုန်ခါသွားစေ၏။
ဆက်လက်၍ ထိပ်တိုက်ရင်ဆိုင်ရာ ချန်းဝေ၏ထိုးချက်များအောက်၌ စုရှောင်ရှန် အရေးနိမ့်လာသည်ကို လူတိုင်းတွေ့လိုက်ရသည်။ တဖြည်းဖြည်း သူ၏ ထိုးချက်များ ချန်းဝေကို မထိတော့ဘဲ လေကိုသာ ရိုက်ခတ်ကုန်၏။ ချန်းဝေသည်တော့ စက္ကန့်နဲ့အမျှ လက်သီး (၁၀) ချက်လောက် ပစ်ကျွေးနေပြီး အချက်တိုင်းက စုရှောင်ရှန်၏ မျက်နှာနှင့် မိတ်ဆက်သွားရသည်။
“ဘုရားရေ။ ရက်စက်လိုက်တာ။ ငါမကြည့်နိုင်တော့ဘူး”
“ဘာ လက်သီး နည်းစနစ်မှ မသိဘဲ အဲ့ဒီစုရှောင်ရှန် ဒီကို ဟာသလုပ်ဖို့ရောက်လာတာလားမသိဘူး”
ကြီးကြပ်သူပင် ကြက်သေသေနေ၏။
‘အစက သူဒီကို မျက်ခွက်လာပြောင်တယ်ထင်နေတာ။ ပြီးတော့မှ မဟုတ်ဘူးပေါ့ သူတကယ် သန်မာတယ်ဟ လို့ ထင်နေတာ။ အခုမှ တကယ်မျက်ခွက်လာပြောင်နေမှန်းသိတော့တယ်’ ဟုတွေးလိုက်သည်။
လက်သီးချက်တိုင်းက စုရှောင်ရှန်၏ မျက်နှာကို တိုက်ရိုက်ထိလွန်းလို့ စုရှောင်ရှန်ပင် ဘယ်ညာ မခွဲတတ်တော့ချေ။ ယိုင်နဲ့နဲ့နှင့် သူလဲကျသွားတော့မယောင်ဖြစ်နေပေမယ့် အနောက်သို့ ခြေတစ်လှမ်းမှ မဆုတ်သွားပါချေ။
ဆုတ်လို့လဲမရပေ။ ပြိုင်ကွင်း၏ အစွန်း၌ ရှိနေသောကြောင့် တစ်လှမ်းဆုတ်လိုက်သည်နှင့် သူပြိုင်ပွဲမှ ထွက်သွားရပေမည်။
အခြားသူများ ထင်သလို စုရှောင်ရှန်အမှန်တကယ် မည်သည့် လက်သီး နည်းစနစ်ကိုမှ မသိပေ။ သားရဲဘုရင်ခြေလှမ်းတစ်ရာ နည်းစနစ်ကို ကြားတောင်မကြားဖူးချေ။
‘ဒါပေမယ့် ဘာနည်းစနစ်မှ မသိတာနဲ့ ငါအရေးနိမ့်တာ ဘာဆိုင်လို့လဲ။ ငါဒီလောက်သန်မာနေတာ ဘာနည်းစနစ် လိုဦးမှာလဲ’ ချန်းဝေ၏ လက်သီးထိုးချက်များအား ခံနေရင်းမှ တွေးလိုက်သည်။
သူ့မျက်နှာသို့ ကျရောက်လာသော လက်သီးချက်များကြောင့် အနည်းငယ် ဆူးသလိုမှအပ မည်သို့မျှ မခံစားရပါချေ။ ထို့ပြင် ထိုးချက်များကြောင့် ယခင်ညက တည်းက ခံစား နေရသည့် ခံစားချက်များ တစ်စတစ်စ ပျောက်သွားသည်ဟု ခံစားနေရသည်။ ထိုထိုးချက်များသူ့အတွက် ဘာမှ မဟုတ်ချေ။
လက်သီးချက်များ သူ့အပေါ် ဒေါသတပြင်း မိုးရွာသလို ကျလာသည်နှင့်အတူ စိတ်ထဲတွင်လည်း အသိပေးချက်အသစ်များ ဆက်တိုက်ပေါ်လာနေ၏။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၄]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄၆]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၂]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄၂]
“…”
လက်သီးချက်များအား ဆက်တိုက်ခံရင်း အသိပေးချက်များ စက်သေနတ်ပစ်သလို ဆက်တိုက်ပေါ်လာနေသည်ကို တွေ့သော် စုရှောင်ရှန် ပြုံးလိုက်၏။ ဤ လက်သီးကျင့်စဉ်ကြောင့် စက္ကန့်နဲ့အမျှ အချက် (၁၀၀) သူအထိုးခံနေရသည်။ သို့ဖြင့် သူရိပ်သိမ်းလိုက်သော ပင်ကိုယ်မှတ်များအားကြည့်ရင်း ပီတိ ဝေဖြာသွားတော့သည်။
သူထင်သည့်အတိုင်းပင်။ စတင်ခြင်းအဆင့် လက်သီး နည်းစနစ်ကိုသာ သိသူသည် သူ၏ စစ်မှန်ခြင်းအဆင့်ထိ ခွန်အားတိုးထားသော ခံစစ်ကို မဖောက်နိုင်ပါချေ။
ထို နည်းစနစ်အား သုံးနေသူသည် ကျင့်ကြံခြင်း အဆင့် (၇) ၌ ရှိနေသော်လည်းပေါ့။
“ငါ့ကို လာကုတ်ပေးနေသလိုပဲ” လက်သီးချက် အနည်းငယ် လစ်ဟာသွားသည့်အခိုက်အတန့်ကို အခွင့်ကောင်းကိုယူပြီး စုရှောင်ရှန်ပြောလိုက်သည်။ ချက်ချင်းပဲ ထိုပြောလိုက်သည့် ပါးစပ်အပေါ် လက်သီးချက်များ ဆက်တိုက်ကျလာခဲ့၏။
ဗလတောင့်တောင့် ချန်းဝေ သူထိုးနေသည့်စက္ကန့်နှင့်အမျှ မှင်သက်လာရသည်။ သူသည်ပင် ဤ လက်သီးချက်များကြောင့် မောပန်း နေပြီဖြစ်သည်။ သို့သော် ထိုလက်သီးချက်များအောက်ကလူသည်တော့ ဒဏ်ရာ တစ်ချက်မှ မရသည့်အပြင် ပြုံးလို့တောင်နေသေး၏။
“သေစမ်းကွာ” စုရှောင်ရှန်၏ စကားကြောင့် ဒေါသတကြီး အော်လိုက်သည်။ နောက် သူ၏ ခန္ဓာကိုယ်ချက်ချင်း အနီရောင်ပြောင်းသွားပြီး အဖြူရောင် မီးခိုးများ ထွက်လာခဲ့သည်။ သူ၏ လက်သီးချက်များ (၂) ဆပိုမြန်သွား၏။
“သွေးချီလောင်ကျွမ်းခြင်းနည်းစနစ်ကြီးဟ”
“သွားပြီ ချန်းဝေ စိတ်လွတ်သွားပြီး။ သူတကယ် စိတ်လွတ်သွားပြီ”
ဤတိုက်ပွဲက လူတိုင်း၏ အာရုံများကိုဖမ်းစားလိုက်သည်။ သူတို့၏ သွေးများပင် ဆူပွက်လာ၏။ ယခု ချန်းဝေ၏ လက်သီးချက်များသည် စိတ်ဝိညာဉ်ကျင့်ကြံခြင်း နယ်ပယ် အဆင့် (၉) ကျင့်ကြံသူ အမြန်နှုန်းနှင့်ပင် ယှဉ်နိုင်နေသည်။
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၉၄]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၈၈]
[အတိုက်ခိုက်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၀၂]
“…”
စုရှောင်ရှန် ယခု စပ်ဖြီးဖြီးဖြစ်နေသည်။။ သူတကယ် ပျော်နေခြင်းပေ။
သို့ဖြင့် ပင်ကိုယ်မှတ်များ တစ်စ တစ်စ ၅၀၀၊ ၇၀၀၊ ၉၀၀၊ နှင့်နောက်ဆုံး ၁၀၀၀ အထိ မိုးထိုးတက်သွားသော အသိပေးချက်းများ ဆက်တိုက် သူ့စိတ်ထဲပေါ်လာ၏။
သို့ဖြင့် အထိုးခံနေရရင်းမှ ဆက်တိုက် “မင့်လက်သီးချက်တွေကကောင်းလိုက်တာ” ဟု ဆက်တိုက်အော်နေရာ ချန်ဝေအား ပို၍ ဒေါသထွက်သွားစေ၏။
“မြန်မြန်လေး”
“ဟုတ်တယ်။ အဲ့လို။ ဟုတ်ပြီ။ ဆက်လုပ်”
“ကောင်းလိုက်တာကွာ… အား” ထိုလက်သီးချက်က သူ၏ လည်ချောင်းပေါ်သို့ တည့်တည့် ကျသွားခြင်းဖြစ်သည်။
ကြည့်နေသော လူများ ကြက်သေသေသွားသည်။
ကြီးကြပ်သူ ကြက်သေသေသွားသည်။
အစီအရင်၏ အပြင်ဘက် ပွဲကြည့်စဉ်မှ လူများ တိုက်ပွဲကိုသာ မြင်ရပြီး အသံကို မကြားရပေ ထို့ကြောင့် ထို လက်သီးချင်းထိုးနေကြသော သူနှစ်ဦးပြောသည်များကို မသိရပေ။ သို့သော် ဤသို့ တစ်ဖက်သက်ဆန်ကာ ရက်ရက်စက်စက်ထိုးချက်များကြောင့် သူတို့ အံ့အားသင့်ကြရသည်။
ယောင်ယင်ယင်က “ နင့် အကိုလူဆိုးလေး ဒီလောက်အထိုးခံနေရတာ ၀က်ခေါင်းဖြစ်သွားရင် ဘယ်လိုလုပ်မလဲ” ဟု ပြုံးပြီး မေးလိုက်သည်။
သူမ စုရှင်းရှင်းအားလှည့်ကြည့်လိုက်ရာ မိန်းမငယ်လေးက ချန်းဝေအား သတ်ဖြတ်ချင်သည့် မျက်လုံးများဖြင့် ကြည့်နေကြောင်း တွေ့လိုက်ရ၏။
ယောင်ယင်ယင် ဘာဆက်ပြောရမှန်း ကြံရာမရဖြစ်သွားသည်။
အစီအရင်အတွင်းမှ ပွဲကြည့်သူများ သွေးများဆူပွက်လာပြီး ချန်းဝေနေရာယူကာ စုရှောင်ရှန်ကို ထုရိုက်ချင်သည့် စိတ်များ ဖြစ်ပေါ်လာသည်။ သို့ဖြင့် ရုတ်ရုတ်သဲသဲဖြစ်ရင်းမှ စုရှောင်ရှန်၏ လက်သီးချက် များဆက်တိုက်လွဲနေတော့သည်။
သူတို့သည် သွေး လွယ်လွယ် ဆူသည့် လူငယ်များဖြစ်သည့်အတွက် ဤမျှကြာအောင် စောင့်ပြီးသော် စိတ်မရှည်ဖြစ်လာကြသည်။ ထို့ပြင် စုရှောင်ရှန်၏ အော်ဟစ်သံများက သူ့တို့အား ပို၍ သွေးဆိုးသွားစေ၏။
သို့ဖြင့် လူစုထဲမှ လူအချို့ စတင်၍ တစ်ယောက်နှင့် တစ်ယောက် ထိုးနှက်ကြကာ ပရမ်းပတာ တိုက်ပွဲကြီးစလိုက်တော့သည်။ စုရှောင်ရှန်တို့၏ ပွဲအား ဆက်ကြည့်နေသည့် လူများလည်းရှိ၏။
အမှန်မှာ စုရှောင်ရှန်နှင့် ချန်းဝေတို့၏ ပြိုင်ကွင်းအစွန်၌ စသည့် တိုက်ပွဲမှာ မကြာသေးပါချေ။ သို့သော် စက္ကန့်တိုင်းမှာ လက်သီးအချက် (၁၀၀) လောက်စီ ပစ်သွင်းနေသောကြောင့် ပွဲကြည့်သူများအတွက် အလွန် စိတ်လှုပ်ရှားဖွယ်ရာ ကောင်းလှသည်။
“ကြည့်လိုက်။ စုရှောင်ရှန်ရဲ့ခြေထောက်တွေ မူလနေရာကနေ တစ်ချက်မှ ရွေ့မသွားသလိုပဲ” ဖျော့တော့သောမှတ်ချက်တစ်ခု ပွဲကြည့်သူများကြားထဲမှ ထွက်ပေါ်လာသည်။
လူတိုင်း စုရှောင်ရှန်၏ ခြေထောက်များအား ကြည့်လိုက်သော် တုန်တုန်ရီရီဖြင့် လဲကျတော့မည့်ဟန်ရသော်လည်း အမှန်တကယ် (၁) လက်မ မှ မူလနေရာမှရွေ့မသွားသည်ကို သိလိုက်ရသည်။
သူ့အားကြည့်ရသည်မှာ အခြေအနေဟန်ပုံမရသော်ငြား တကယ်က လက်သီးထိုးချက်များ တစ်လျှောက်လုံး တစ်ချက်မှ ရွေ့မသွားပါချေ။
“ဒါ…”
“ဘယ်လိုဖြစ်နိုင်မှာလဲ”
“စုရှောင်ရှန်ပြောတဲ့ သူ ပြိုင်ဘက်ကင်းနည်းစနစ်တစ်ခုကို ကျင့်ကြံထားတယ်ဆိုတာ တကယ်ဖြစ်နိုင်မလား”
စောစောက စုရှောင်ရှန်ရိုက်လိုက်၍ ဒူးထောက်ကျသွားသော အဆင့်(၇) ကျင့်ကြံသူက သူ၏ ပါးကိုပွတ်နေရင်းမှ နာကျဉ်းစွာ “ငါပြောသားပဲ စုရှောင်ရှန် ကြမ်းပါတယ်လို့ မင်းတို့မှ ငါပြောတာမယုံတာ”
“ဟမ်… ပြောလိုက်တယ်လား။ ငါမကြားလိုက်လို့ ဘယ်တုန်းကလဲ”
အဆင့်(၇) ကျင့်ကြံသူ စွံ့အသွားသည်။
သူသည် စိတ်ဝိညာဉ် ကျင့်ကြံခြင်း အဆင့်(၇) ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် ဤ အဖွဲ့လိုက် ယှဉ်ပြိုင်ပွဲတွင် သူမတည်ရှိသကဲ့သို့ပင်ဖြစ်နေသည်။ စုရှောင်ရှန် က ဤပွဲ၏ တစ်ယောက်တည်းသော ဇာတ်လိုက် ဖြစ်လာခဲ့၏။
ထိုးချက်လစ်ဟာမှုများအကြားမှ စုရှောင်ရှန် မတော်တဆ သူ့ရှေ့တွင် ဖြစ်ပွားနေသော တိုက်ပွဲများကို တွေ့လိုက်သည်။ ၎င်းများသည် သူ၏ ပင်ကိုယ်မှတ်များဖြစ်သည်။ သူတို့အချင်းချင်းချနေလျှင် သူအဘယ်မှာ ပင်ကိုယ်မှတ်များ ရိပ်သိမ်းနိုင်ပါမည်နည်း။
စုရှောင်ရှန်စိုးရိမ်သွားသည်။
မင်းတို့ကောင်တွေဘာတွေလောနေတာလဲ။ ငါချတာပြီးအောင် မစောင့်နိုင်ဘူးလား။
အစီအစဉ် ပြောင်းရတော့မည်ဟု သူခံစားလိုက်ရသည်။
ချန်းဝေသည်ဆက်လက်၍ လေမုန်တိုင်းကဲ့သို့ ထိုးချက်များအား စုရှောင်ရှန်အား ချီးမြှင့်နေ၏။ သို့သော် နောက်တစ်စက္ကန့်အတွင်း လဲမကျမလိုလိုနှင့် ဖြစ်နေပြီးမှ ရုတ်တရက် မတ်မတ် ထရပ်လိုက်သော စုရှောင်ရှန်ကို မြင်သော် လက်သီးထိုးနေရင်းမှ သူငယ်သံပါမတတ် အော်ဟစ်လုနီးပါးဖြစ်သွားသည်။ သူ၏ ထိုးချက်များအကြားမှာ စုရှောင်ရှန်က တည်တည်ငြိမ်ငြိမ်ဖြင့် “ကြည့်ရတာ မင်း အတော်မောနေပြီထင်တယ်။ ခဏလောက် နားလိုက်ဦး” ဟု မှတ်ချက်ချလိုက်သည်။
နောက်တစ်စက္ကန့်အတွင်း ချန်းဝေအား သာမန်လက်သီးတစ်ချက် လာထိသည်။
ဘုန်း…။
ဝှီကတည်း ချန်းဝေ လွင့်ထွက်သွားပြီး အစီအရင်အတွင်းရှိ ပွဲကြည့်သူ ပြိုင်ပွဲ၀င်များနှင့် သွားတိုက်မိလေသည်။
“နားလိုက်ဦး။ ပြီးရင် ထပ်ချမယ်။ စောင့်နေ” ပြေးသွားသော အဝေးမှ စုရှောင်ရှန်း အော်ပြောလိုက်သည်။
ပင်ကိုယ်မှတ်များ ရိတ်သိမ်းရာတွင် ချန်းဝေသည် အလွန် အသုံး၀င်၏။ ဤသို့ ဆူးဖြိုးလှသော ၀က်ကြီးတစ်ကောင်ကို သူအဆုံးအရှုံးမခံနိုင်ပါပေ။
ချန်းဝေ ကြက်သေသေသွားသည်။
“ဘာဖြစ်သွားတာလဲဟ” မေးခွန်းထုတ်လိုက်၏။ “ငါမင်းကို ငါတစ်ခါမှ မချဘူးသဘလို သေအောင် လက်သီးနဲ့ထိုးနေတာ ဒီမှာ လက်ပန်းကျနေပြီ ဒါပေမယ့် မင်းက ဒဏ်ရာတောင်မရတဲ့အပြင် ငါ့ကိုတောင် အနားယူဖို့ ပြောလိုက်သေးတယ်လား”
အစီအယဉ်အတွင်းမှ ပွဲကြည့်သူ ပြိုင်ပွဲ၀င်များ သာမန်လက်သီးတစ်ချက်ကြောင့် ချန်းဝေ လွင့်ထွက်သွားသည်ကိုမြင်သော် ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်းစီ ပြိုင်တူ ဆုတ်လိုက်ကြသည်။
စုရှောင်ရှန်တစ်ယောက် ကျားသားစားချင်လို့ ၀က်ယောင်ဆောင်နေမှန်း လူတိုင်း ခုမှ သိလိုက်ရသည်။ မထင်မှတ်ထားဘဲ သူသည် ကြောက်မက်ဖွယ်ရာ ကိုယ်ခန္ဓာနှင့် ဆရာကြီးတစ်ယောက်ဖြစ်နေ၏။
“ဘုရားရေ။ သူ စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့်(၅) ဆိုတာ ဟုတ်ကော ဟုတ်ရဲ့လားဟ”
“သူ့ ခန္ဓာကိုယ်က အဆင့် (၈)၊ အဆင့်(၉) ကျင့်ကြံသူတွေထက်တောင် ပိုကြမ်းနေတယ်ဟ”
“သူလေ့ကျင့်ထားတာ ဘာနည်းစနစ်ကြီးတုန်း။ ဘာလို့ ငါတစ်ခါမှ မကြားဖူးတာလဲ”
“ဟီးဟီး… ဒါ စိတ်ဝိညာဉ်နည်းစနစ်မဟုတ်ဘူး” စုရှောင်ရှန် တည်တည်ငြိမ်ငြိမ် ရယ်သံပေးလိုက်ပြီး “စစ်မှန်ခြင်းအဆင့် ခန္ဓာကိုယ်ကို ခွန်းအားပဲကွ”
အစီအယဉ်အတွင်းရှိ ပြိုင်ပွဲ၀င်များ စွံ့အသွားသည်။
ယုံမယ်လေ အားကြီးကြီး။ စစ်မှန်ခြင်းအဆင့် ခန္ဓာကိုယ်က ဒီလောက် သန်မာမတဲ့လား။
[သံသယ အ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၂]
ဟူး… ဘာလို့ အမှန်တရားကိုပြောရင် လူတွေက နားခါးကြတာလဲ မသိဘူး။
စုရှောင်ရှန် သူတို့ကို လက်ခလယ်ထောင်ပြလိုက်သည်။
‘မယုံလဲနေပေါ့ မပြောတော့ဘူး’ တွေးလိုက်သည်။ ‘မင်းတို့ မယုံလည်း ငါ့ကို ဘာလုပ်နိုင်လဲ ပြော’
သူပြန် ကြည့်လိုက်သောအခါ လူစု၏ အနောက်၌ တိုက်ပွဲများဖြစ်နေသည်ကို တွေ့လိုက်ရသည်။ “မင်းတို့ကောင်တွေ။ ဟိုးအနောက်က ချနေတဲ့ကောင်တွေ ရပ်ကြစမ်း။ မင်းတို့ ပြိုင်ဘက်က ငါကွ”
“လာကြ။ မင်းတို့ကို ငါချမယ်”
လူစုထဲမှ ငှက်နှုတ်သီးကဲ့သို့သော နှာခေါင်းရှိသည့်လူတစ်ယောက် အရှေ့သို့ ခုန်ထွက်လာသည်။ သူ၏ နာမည်မှာ ရဲ့ကျုံးထင် ဖြစ်ပြီး ကျင့်ကြံခြင်း အဆင့် (၈) ရှိ ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။
“စုရှောင်ရှန်။ ငါ့က နေမင်းလက်သီး နည်းစနစ်ကို ကျင့်ထားတာ။ မင်းငါနဲ့ ထိပ်တိုက်ချရဲလားပြော” ဟု အသံဆူးဆူးဖြင့် မေးလိုက်သည်။
နောက် စုရှောင်ရှန်ထံမှ တုန့်ပြန်မှုကိုပင် စောင့်မနေတော့ဘဲ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ သူ၏ လက်သီး၌ မီးလျံများ ထွက်ပေါ်လာပြီး မီးခိုးများ ထွက်လာကာ စုရှောင်ရှန်ထံသို့ ၀င်သွား၏။
နေမင်းလက်သီးနည်းစနစ်လား…။
စုရှောင်ရှန်ဤ လက်သီး နည်းစနစ်ကို သိသည်။ ၎င်းသည် အသုံးပြုရန်အတွက် စွမ်းအင်များအား ကြာမြင့်အောင် လက်သီး၌စုပြီးနောက်မှ ပြိုင်ဘက်အား တစ်ချက်တည်းသာ ထိုးနိုင်သည့် လက်သီးဖြစ်သည်။
စုရှောင်ရှန် ထိပ်တိုက်ရင်မဆိုင်ချင်သည့်အတွက် ဘေးသို့ ကပ်ရှောင်လိုက်သည်။ သူ့ထံ ၀င်လာသော လက်အား ဘေးမှ နေ၍ လက်ကောက်၀တ်ကို ရိုက်ချလိုက်သည်။ သူ၏ ပြိုင်ဘက် နာကျင်သဖြင့် တုန့်ဆိုင်းသွားသည့် အချိန်ကို အခွင့်ကောင်းယူပြီး ထိုသူကို ဂုတ်မှ ဆွဲလိုက် တော့သည်။ ထို့နောက် ထိုသူ၏ အရှိန်ကို အားယူပြီး ထိုအရှိန် လာရားဘက်သို့ ပြိုင်ကွင်းထဲမှ လွှင့်ပစ်လိုက်၏။
ရဲ့ကျုံးထင် မှင်သက်သွား၏။
‘မင်း အရင်လို မဟုတ်တော့ဘူး’ တွေးလိုက်သည်။ ‘မင်းချန်းဝေနဲ့ ချတုန်းက ဒီလိုမဟုတ်ဘူး။ ဘာလို့ လဲ။ ဘာလို့ပြောင်းလဲသွားတာလဲ။’
လေထဲမှ မြေပြင်သို့ကျသော် သူဘောလုံးကဲ့သို့ အနည်းငယ် လှိမ့်သွား၏။
သူသည် အဆင့်(၈) ကျင့်ကြံသူတစ်ဦးဖြစ်သည်။ အဖွဲ့လိုက် ပြိုင်ပွဲတွင် ပထမ နေရာ ရဖို့ ဗိုလ်ဆွဲနေသူလည်းဖြစ်သည်။ သို့သော် ယခုတော့ သူ၏ ဂရုမစိုက်မှုကြောင့် ပြိုင်ကွင်းထဲမှ ပစ်ထုတ်ခံလိုက်ရ၏။
“မင်းပြောတော့ ဘယ် လက်သီးနည်းစနစ် ကိုမဆို ထိပ်တိုက် ရင်ဆိုင်မယ်ဆို။ လူလိမ်” သူအော်လိုက်သည်။
စုရှောင်ရှန် လက်ခုပ်တီး၍ ဖုန်ခါလိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် “ပြောဖို့ မေ့နေတာ။ ငါပြောတဲ့ လက်သီးချက်နည်းစနစ်တွေဆိုတာ တစ်စက္ကန့်အတွင်း အချက် (၁၀၀) လောက် လွှတ်နိုင်တဲ့ နည်းစနစ်ကို ပြောတာ။ မင်းလို တစ်ချက်တည်းထိုးနိုင်တဲ့ နေမင်းလက်သီး နည်းစနစ်မျိုးကို ပြောတာမဟုတ်ဘူး။ အဲ့တော့ ချ ချင်ရင် တခြားနေရာသွားချ”
သူပြောနေရင်းမှ အသိပေးချက်ဖန်သားပြင်ကိုကြည့်လိုက်ရာ မှင်သက်သွား၏။
[ပင်ကိုယ်မှတ် : ၁၇၆၆]
ဆိုလိုသည်မှာ ချန်းဝေတစ်ယောက် တစ်ကိုယ်တည်း သူ့အား ပင်ကိုယ်မှတ် (၁၀၀၀) ကျော်ပေးလိုက်ခြင်းပင်။
ဤသို့ ရိတ်သိမ်းမှုမျိုးမပေးနိုင်သည့် တစ်ချက်ထိုး လက်သီး နည်းစနစ်များအပေါ်အဘယ်ကြောင့် အချိန်ကုန်နေရပါမည်နည်း။
အပြင်ဘက်မှ ပွဲကြည့်စင်များမှ ပုရိသတ်များ ရဲ့ကျုံးထင် လွင့်ပျံလာသည်ကိုမြင်သော် သူတို့၏ ခေါင်းထဲ ‘မုဆိုးက အမဲပြန်လိုက်ခံလိုက်ရသည်’ ဟူသော စကား ပေါ်လာ၏။
“ရပ်လိုက်စမ်း”
စုရှောင်ရှန် ထပ်၍ အော်လိုက်သည်။ လူတိုင်း ထူးဆန်းသွာ သူပြောသည့်အတိုင်း ရပ်တန့်လိုက်ကြ၏။ သို့ဖြင့် တိုက်ပွဲများဖြင့် ဆူညံနေသည့် ပြိုင်ကွင်းတစ်ခုလုံး အပ်ကျသံကြားရလောက်သည်အထိ ငြိမ်ကျသွား၏။
ပြိုင်ကွင်း (၁၂) ၏ ကြီးကြပ်သူတစ်ယောက် သူ၏ ဆံပင်များကို ဆွဲလိုက်မိသည်။ သူ၏ အလုပ်ကိစ္စ ခဏခဏ ကြားဖြတ်ခံနေရ၏။ ဒေါသထွက်လေပြီ။
သို့သော် ထိုသူမှာ ရန်သူမဟုတ်ဘဲ ပြိုင်ပွဲ၀င်တစ်ယောက်ဖြစ်သည့်အတွက် ဓားနှင့် သွားထိုးရန်မသင့်ကြောင်း၊ သူသွေးမဆူသင့်ကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးလိုက်၏။
စုရှောင်ရှန် ပတ်ပတ်လည်ရှိ သူ့ကိုကြည့်နေသော ပြိုင်ပွဲဝင်များကို အထင်သေးသော အကြည့်ဖြင့် မသျှိုဝှက်ဘဲ ကြည့်လိုက်ရာ အကြည့်ခံရသော သူများ စုရှောင်ရှန်ကို ပြေးထိုးချင်စိတ်များ ဖိနှိပ်လိုက်ကြရသည်။ ထို့နောက် စုရှောင်ရှန် အင်္ကျီလက်စကို ပင့်တင်၍ တုန်နေသော ခြေထောက်များပေါ်သို့ တင်လိုက်သည်။ ထူးဆန်းစွာ အတုန်အခါရပ်သွား၏။ ထို့နောက် ခြေတစ်ဖက်နောက်ပစ်ကာ တိုက်ခိုက်မည့် ပုံစံဖမ်းလိုက်သည်။
“ အချိန် အကန့်အသတ်နဲ့ အထူး အခွင့်အရေးဘဲ။ မင်းတို့အားလုံး ငါ့ကို လာချကြ”