Switch Mode

Chapter – 5

စွဲမက်ဖွယ်ရာ လေ့ကျင့်မှု

အပိုင်း(၅) စွဲမက်ဖွယ်ရာ လေ့ကျင့်မှု

စုရှောင်ရှန်သူ၏ ခေါင်းထဲရှိ အနီရောင်ဖန်သားပြင်ကို ကြည့်လိုက်သည်။

[ပင်ကိုယ်မှတ် : ၁၄၈]

“နည်းသေးတယ်”

ယခုသူ့တွင်ရှိသော ပင်ကိုယ်ရမှတ် ပမာဏမှာ များသည်ဟု ပြောနိုင်သော်လည်း စွမ်းရည်မှတ် ၀ယ်ဖို့ (၁၀၀၀) ဟူသော ပမာဏကို ရောက်ဖို့ အဝေးကြီးလိုသေး၏။

လက်ရှိအခြေအနေတွင် တိုက်ခိုက်ခံရသော်လည်းကောင်း၊ သံသယ၀င်ခံရသော်လည်းကောင်း၊ ကဲ့ရဲ့ခံရသော်လည်းကောင်း ပင်ကိုယ်မှတ်များ ရနေ၏။ သို့သော် ဤအရာများမှာ အခြားသူများနှင့် ‌ထိတွေ့ ဆက်ဆံမှ ရသော အရာဖြစ်သည်။

ဆိုရသော် ပင်ကိုယ်ရမှတ်များ အများကြီးလိုချင်လျှင် သူ့အနေနှင့် လူအုပ်ကြားထဲသွား၍ ပြဿနာရှာမှသာ ဖြစ်နိုင်မည်။

“ကြည့်ရတာ စနစ်က ငါ့ကို လူပြက်တစ်ယောက်ဖြစ်လာစေချင်နေတယ်ထင်တယ်။ ပြီးတော့ ဒီ ငါ့ကိုယ်ငါ ဗီလိန် လိုလိုကြီး ငါခံစားနေရတာက ကျောချမ်းစရာကြီး…” စုရှောင်ရှန် စနစ်ကို ကျိန်ဆဲလိုက်သည်။

သခင်လေးကဲ့သို့ ပြဿနာရှာ၊ ဘ၀င်မြင့်၊ အစရှိသဖြင့် ပေါတောတော လုပ်ပြီးမှ တစ်စုံတစ်ယောက်က သူ့ခေါင်းကို ဖနောင့်နှင့်ပေါက်ပြီး ဇာတ်လိုက် ဖြစ်လာမည်ဟု စဉ်းစားကြည့်သော် သူကြက်သီးများထသွားသည်။

“ချီး… အဲ့လောက်ကြီးတော့ခံပြီးမှ သန်မာလာတာမလိုချင်ပါဘူး”

“အပြုအလုပ်ခံရသူ” ဟူသောစကားအား တွေးမိလိုက်လျှင် ပင်ကိုယ်စနစ်နှင့် ထို လှည်ဘီး အနက်ကြီးကို ပြေးမြင်‌ယောင်နေမိသည်။ မသိစိတ်ကလည်း ဤအရာအားလုံးက ကံကြမ္မာစေမံရာဟု ထင်နေမိ၏။

“ထားလိုက်ပါတော့။ နောက်(၃) ရက်အတွင်း ဘယ်လိုသန်မာ‌လာအောင်လုပ်ရမလဲဆိုတာဘဲ ကြံရမယ်”

သူ၏ ရုပ်ပိုင်းဆိုင် ခန္ဓာကိုယ်သည် စစ်မှန်ခြင်းအဆင့်သို့ ရောက်ပြီမှန်သော်လည်း ကျင့်ကြံခြင်း အဆင့်က စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ် အဆင့်(၄) ၌သာ ရှိနေသေး၏။ မတော်တဆ တိုက်ခိုက်ခြင်းကို စွဲလမ်းနေသည့် ပြဿနာကောင်များဖြင့် တွေ့ပါက သူ နိုင်နိုင်မည်ဟု မပြောနိုင်ချေ။

‌ခေါင်းခါပြီး အတွေးများကို ဖယ်ထားလိုက်သည်။ အကြီးအကဲကျောက်ပေးသည့် ဆေးပုလင်းအားထုတ်ကြည့်လိုက်လေသည်။ အထဲ၌ စိတ်ဝိညာဉ် စွမ်းအင် ဆေးလုံး (၃) လုံးရှိ၏။

ဤ စိတ်ဝိညာဉ်စွမ်းအင်ဆေးလုံးများမှာ အလွန် တန်ဖိုးကြီးလေသည်။ ဆေးတစ်လုံးသည်ပင် သူရလာခဲ့သော စိတ်ဝိညာဉ်သလင်းကျောက်တုံး (၂၀) ထက် အဆပေါင်းများစွာ တန်ဖိုးရှိသည်။

ဘယ်တုန်းက အကြီးအကဲကျောက် သဘောကောင်းသွားတာလဲ…။

သူ့တွင်ယခု ကျင့်ကြံခြင်း နည်းစနစ် နှစ်ခုရှိနေသည်။ တစ်ခုက ယခင်သူအသုံးပြု‌ခဲ့သော စတင်ခြင်းအင့် စိတ်ဝိညာဉ် ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သည်။

ဤနည်းစနစ်က စိတ်ဝိညာဉ်သလင်းကျောက်တုံးများ အသုံးပြု၍ လေ့ကျင့်လျှင်ပင် အလွန် နှေးသည်။ ထို့ပြင် စိတ်ဝိညာဉ်ကျောက်တုံးမှ (၁) ရာခိုင်နှုန်းခန့်သော စွမ်းအင်ကိုသာ စုပ်ယူနိုင်သောကြောင့် အရင်းအမြစ်များအား ဖြုန်းတီးရာရောက်၏။

ဒုတိယ နည်းစနစ်သည်တော့ အသက်ရှူခြင်းနည်းစနစ်ဖြစ်သည်။ ၎င်းသည် စနစ်မှပေးသော အခြေခံ ပင်ကိုယ် စွမ်းရည် ဖြစ်သည်။ ၎င်းအပေါ် စွမ်းရည်အမှတ်များ အသုံးပြု၍ အဆင့်မမြှင့်ခဲ့သော်လည်း လက်ရှိ‌အနေအထားက သူ့အတွက် လိုတာထက်ပင် ပိုသေးသည်။

“အရင်ဆုံး စိတ်ဝိညာဉ်‌သလင်းကျောက်တုံးတွေ စုပ်ယူကြည့်ရအောင်”

စုရှောင်ရှန် ဆေး ပုလင်းကို ပြန်သိမ်းပြီး စိတ်ဝိညာဉ်သ‌လင်းကျောက် (၁) တုံးထုတ်ယူလိုက်သည်။ ထို ကျောက်တုံးကို ကိုင်ထားရင်းမှ သူဘာဆက်လုပ်မရမှန်းမသိဖြစ်သွားလေသည်။

ဆိုတော့… အသက်ရှူခြင်းနည်းစနစ်နဲ့ ငါဘယ် ကျင့်ကြံရမှာ…။

အသက်ရှူခြင်းနည်းစနစ်သည် ပင်ကိုယ်စွမ်းရည်တစ်ခုဖြစ်သည်။ ၎င်းအား ကိုယ်တိုင် သုံးချင်သလိုသုံး၍ မရပေ။ ဤသို့ဆိုလျှင် မည်သို့ စိတ်ဝိညာဉ်သလင်းကျောက် စွမ်းအင်ကို စုပ်ယူပါမည်နည်း။

မဟုတ်မှလွဲရော…။

မျက်နှာရှုံ့မဲ့သွားပြီး စုရှောင်ရှန်၏ စိတ်ထဲ ခပ်ကြောင်ကြောင် အတွေးတစ်ခု၀င်လာခဲ့သည်။

ဟူး…။

သက်ပြင်းရှည်ကြီးချလိုက်ပြီး တခြားနည်းလမ်းလည်းရှာမရသည့်အတွင် လက်ထဲတွင်ကိုင်ထားသော စိတ်ဝိညာဉ်သလင်းကျောက်ကို သာ နှာခေါင်းရှေ့ တေ့ပြီး ရှူကြည့်လိုက်သည်။

အသက်ရှူသွင်းသံ*

၎င်းဟာ ရူးသွပ်သော အကြံတစ်ခုဖြစ်သည်။ သို့သော် မထင်မှတ်ထားဘဲ သူ့အသက်ရှူ‌လမ်းကြောင်း အတိုင်း စိတ်ဝိညာဉ်သလင်းကျောက်မှ စွမ်းအင်စီးကြောင်း နှစ်ခု ၀င်လာခဲ့၏။

စူးရှသလိုလို ခံစားချက်ကြီးကြောင့် နှာခေါင်းတစ်ချက်ပွတ်လိုက်သည်။ ထို့နောက် သူ၏ ဝိညာဉ်ကို နွေးထွေးသော အလင်းရောင်တို့က ပွေ့ဖက်ထားသလို ခံစားလိုက်ရလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး ထို စွဲလမ်းဖွယ် ရမက်ကြောင့် ပေါက်ကွဲထွက်မတတ် ဖြစ်သွား၏။

‌‌အခြေမှစ၍ ခေါင်းထိ ထို ‌ပြန့်သွားသော ထိုရမက်ကြောင့် စုရှောင်ရှန် ပျော့ခွေသွားသည်။ ကောင်းကင်ဘုံသို့ ရောက်သွားသလို၊ လေပေါ် ပျံနေသလိုပင်။

အား…။

ထိုရမက်အား မလွန်ဆန်နိုင်သည့်အလား စုရှောင်ရှန်၏ ပါးစပ်မှ ညည်းသံသဲ့သဲ့ ထွက်သွား၏။ ရှင်လာသမျှ (၁၈) နှစ်တာ ကာလပတ် တစ်ခုလုံး ၌ ဤသို့ခံစားရသည်မှာ ပထမဦးဆုံးအကြိမ်ပင်ဖြစ်လေသည်။

မကြာမီ အသိစိတ်ပြန်၀င်လာသော် ကြက်သီး ဖျင်းဖျင်း ထသွား၏။

“ချီး”

“ဒီလိုလေ့ကျင့်ရမှတော့ မစွဲဘဲနေမလားဟ”

စိတ်ဝိညာဉ်သလင်းကျောက်မှာ သိသိသာသာကြီး သေးငယ်သွား၏။ အသက်တစ်ချက်သာ ရှူလိုက်ရုံဖြင့် ပြောင်းလဲသွားသော ဤ အဖြစ်အပျက်ကို သိရသောအခါ စုရှောင်ရှန် စွံ့အသွားသည်။

သူ၏ စိတ်ဝိညာဉ်စွမ်းအင်ပင်လယ်(ဒန်ထျန်)ကို အာရုံခံကြည့်လိုက်သောအခါ ပို၍ စွံ့အသွားရသည်။

ထို ပင်လယ်ထဲတွင် စွမ်းအင်များ လှိုင်းများသဖွယ် ရိုက်ခတ်နေ၏။ ထိုလှိုင်းများက တစ်ခုထက် တစ်ခု ပိုမြင့်နေ၏။ သို့သော် သူ အဆင့်တက်သွားသော လက္ခဏာမပြပါချေ။

လောလောလတ်လတ် အဆင့်တက်၍ အဆင့်(၄) ကိုရောက်ထားတာဖြစ်သည်။ သို့သော် ယခု အသက်တစ်ချက်ရှူရုံဖြင့် သူ၏ ကျင့်ကြံခြင်းနယ်ပယ် တည်ငြိမ်သွားသည်လော။

ဤ အသက်ရှူခြင်းနည်းစနစ်၏ စွမ်းအားကြီးမားပုံ၊ ကြောက်မက်ဖွယ်ကောင်းပုံတို့ကြောင့် စုရှောင်ရှန် ပျော်နေသည်။

ကျင့်ကြံခြင်းနည်းစနစ်များအား သူကိုင်တိုင် လေ့ကျင့်ရန်မလိုသောကြောင့် သူ၏ စွမ်းအင်ကို လေ့ကျင့်ခြင်းတွင် အသုံးပြုရန်မလိုတော့ကာ တန်ဖိုးရှိသော အချိန်များအား ဖြုန်းတီးရာမရောက်တော့ပေ။ အသက်တစ်ချက်ရှူလိုက်သည်နှင့် သူကောင်းကင်ဘုံသို့ ရောက်သွားပေမည်။ အသက်တစ်ချက်ရှူလိုက်သည်နှင့် သူ အဆင့်တက်သွား ပေမည်။

“ဒီနည်းစနစ်ကိုရတာ ကံကောင်းတာပဲ”

“တကယ်လို့ လုံလောက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်သာရှိမယ် ပြီးတော့ နည်းစနစ်ကို စစ်မှန်ခြင်းအတင့်ထိ အဆင့်မြှင့်နိုင်လိုက်မယ်ဆိုရင် အသက်ရှူတိုင်း အဆင့်(၁)ခါ တက်ဖို့က အိပ်မက်မဟုတ်တော့ဘူး” စုရှောင်ရှန် မှင်သက်နေသည်။ ဤ နည်းစနစ်သည် အလွန်ပင် စွမ်းအားကြီးလေသည်။

စိတ်ဝိညာဉ်သလင်းကျောက်သည် အသက်(၁၀) ခန့် ရှူစာပြီးနောက် စုရှောင်ရှန်၏ နှာခေါင်းအတွင်းသို့ ၀င်ရောက် ပျောက်ကွယ်သွား၏။ တစ်ချိန်တည်းမှာဘဲ သူ၏ အဆင့်လည်း မြင့်သွားခဲ့သည်။

ယခင်က သူသုံးခဲ့သော ကျင့်ကြံခြင်း နည်းစနစ်မှာ စိတ်ဝိညာဉ်သလင်းကျောက်မှ စွမ်းအင်ကို (၁) ရာခိုင်နှုန်းခန့်သာ စုပ်ယူနိုင်လေသည်။ ထို့ကြောင့် သလင်‌ကျောက် တစ်ခုလုံးကို ပျောက်သွားအောင် လုပ်နိုင်သည့် ဤ အသက်ရှူခြင်းနည်းစနစ်သည် မည်မျှ ကြောက်စရာကောင်းကြောင်းသိနိုင်သည်။

သို့သော် အိပ်ယာထက်တွင် ခပ်စမ်းစမ်း ပုံစံဖြင့် စုရှောင်ရှန်အိပ်နေသည်။ လူကိုယ်တိုင်က အရက်မူးနေသည့်အလား လူနှင့်ပင်မတူတော့ချေ။

စွဲလမ်းစေသော ထိုသို့သော ကျင့်ကြံခြင်းနည်းစနစ်သည် စိတ်ဝိညာဉ်သလင်းကျောက် အပေါ်၌သာမက လူ့ခန္ဓာကိုယ်အပေါ်လဲ ပြောင်းပြန် သက်ရောက်စေသည်။

ဂျစ်…။

စုရှောင်ရှန်၏ သွားများ အဆက်မပြတ် ပွတ်နေ၏။

“မဟုတ်ဘူး… ထ… ထ… ငါ… ဆက် လေ့…ကျင့် နိုင်သေးတယ်…”

‘ဖက်’ ဟူသောမည်သံဖြင့် သူ၏ အင်္ကျီထဲမှ ဆေးပုလင်း ပြုတ်ကျသွား၏။

ဤအချင်းအရာကို မြင်သော် စုရှောင်ရှန် တစ်ကိုယ်လုံး တုန်ခါသွားသည်။

သူ၏ လေ့ကျင့်ခြင်းတွင် စုရှောင်ရှန် တစ်စထက်တစ်စ ပို၍ နှစ်မျောလာကာ မကြာခင်ဘဲ အချိန်သုံးရက် ကုန်ဆုံးသွားသည်။

ဂိုဏ်းအတွင်းရှိလူများ ပုရွက်ဆိတ်များပမာ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော် အပြင်စည်းရှိ ချု့ယွင် ကွင်း၌ ပြည့်နေကြ၏။

ဤနေရာကို နဂိုမူလက ချု့ယွင် တောင်ထွတ်ဟု ခေါ်ကြသည်။ ကောလဟာလများအရ ထျန်းစန်းစိတ်ဝိညာဉ်နန်းတော်၏ လက်ထောက်မှူး အကြီးအကဲ စန်းက ဤတောင် တစ်၀က်ကို မီးလျှံများဖြင့် သန့်စင်ပြီး လူသောင်းချီ ဆန့်သည့် ချု့ယွင် ကွင်းပြင် တည်ဆောက်ခဲ့သည်ဟု သိရသည်။

ချု့ယွင်ကွင်းပြင်၏ အလယ်ဗဟို၌ ချိုင့်ကြီးရှိသည်။ ထိုချိုင့်၏ လေးဘက် ပတ်ပတ်လည်၌ ပွဲကြည့်ပုရိသတ်များကြည့်ရှူရန် စင်များဆောက်ထား၍ ထိုင်ခုံများ အတန်းလိုက်ချထား၏။ အထက်မှကြည့်လျှင် ဤနေရာသည် တောင်ထိတ်၌ အနက်ရောင် ပန်းကန်လုံးကြီး မှောက်ချထားသည်နှင့် ဆင်တူသည်။

ဤအချိန် ထို ပွဲကြည့်ပုရိသတ် စင်များ၌ ချု့ယွင်ကွင်းပြင်သို့ ‌လာရောက်စုရုံးသည့် အပြင်စည်းဂိုဏ်းသားများနှင့်ပြည့်နေ၏။

ကျောတွင်ဓားလွယ်ထားသော အကြီးအကဲ တစ်ယောက်က လေထဲ၌ ရပ်နေသည်။ သူ၏နာမည်မှာ ရှောင်ချိစွေ ဖြစ်ပြီး ထျန်းစန်းစိတ်ဝိညာဉ်နန်းတော် စည်းကမ်းတင်းကျပ်ရေး ဌာနမှ ထိပ်ခေါင် အကြီးအကဲဖြစ်သည်။ အတွင်းစည်း၊ အပြင်စည်းရှိ တရားစီရင်ရေးကိစ္စများကိုဆောင်ရွက်ရသောကြောင့် အာဏာကြီးသူတစ်ယောက်ဖြစ်သည်။

ယခုအခါ အပြင်စည်း မိုးတိမ်လေ ပြိုင်ပွဲအတွက် အဓိက ‌ခေါင်းဆောင်သည့် ကြီးကြပ်သူလည်း ဖြစ်သည်။

ကောင်းကင်ပေါ်သို့ တစ်ချက်မော့ကြည့်ပြီးသော် အချိန်ကျရောက်ပြီဖြစ်ကြောင်းယူဆ၍ ချု့ယွင်ကွင်းပြင်တစ်ခုလုံးကို တိတ်တိတ်နေရင် အော်လိုက်သည်။

“တိတ်စမ်း”

လူတိုင်း၏ အာရုံများ သူ့ထံ ချက်ချင်းရောက်လာသည်ကို မြင်သော် အင်္ကျီလက်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်ပြီး ဖတ်ပြလိုက်လေသည်။

“ဒီတစ်ခေါက်ပြိုင်ပွဲမှာ ဝင်ပြိုင်တဲ့ဦီးရေ စုစုပေါင်း (၁၇၈၂) ယောက်ရှိတယ်။ ဒီအတိုင်းလည်း မင်းတို့ကို ပြိုင်ပွဲ၀င် အမှတ်စဉ်ပေးထားပြီးသား”

“ပြိုင်ပွဲ အစကို လူစုဖွဲ့ပြီး ထုတ်ဖယ်ခြင်းနဲ့ စသွားမယ်။ အဖွဲ့ (၁၈) စုဖွဲ့ပြီး (၁) ဖွဲ့မှာ လူ‌အယောက် (၁၀၀) ရှိမယ်။ အဖွဲ့တိုင်းက အဖွဲ့လိုက် ပြိုင်ကွင်း (၁၈) ခုမှာ ယှဉ်ပြိုင်ရမယ်”

ထို့နောက် ရှောင်ချိစွေက ခရမ်းရောင် အစီအရင် ကျောက်စိမ်းပြားတစ်ချပ်ကို ထုတ်ယူလိုက်သည်။ သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ထို ကျောက်စိမ်းပြားထဲသို့ စီးဆင်းစေလောက်သောအခါ အစီအယဉ်ကျောက်စိမ်းပြားက ခရမ်းရောင် အလင်းတန်းများဖြင့် တောက်ပသွား၏။

သူ့အောက်ရှိ ချု့ယွင်ကွင်းပြင်ကြီး ရုတ်တရက် စတင် လှုပ်ခတ်လာပြီး ကွင်းပြင်ငယ် (၁၈) ခု ထွက်ပေါ်လာခဲ့သည်။ ကွင်းပြင် တစ်ခုချင်းစီတိုင်းကို ဖောက်မြင်နိုင်သော အကာအကွယ် အစီအယဉ်များဖြင့် ဖုံးလွှမ်းထား၏။

ချု့ယွင် ကွင်းပြင် အလယ်၌ ရပ်နေကြသော ပြိုင်ပွဲ၀င်မည့်သူများက ထို အကာအကွယ် အစီအယဉ် ရုတ်တရက်ပေါ်ထွက်လာသောကြောင့် ဘေးကို တွန်းပို့ခံလိုက်ရသည်။ ယခုနှစ်မှ လာရောက်ယှဉ်ပြိုင်သော ဂိုဏ်းသားသစ်များဖြစ်ကြောင်းထင်ရှား၏။

အတွေ့အကြုံရှိသော ပြိုင်ပွဲ၀င်များကတော့ ချု့ယွင်ကွင်းပြင်ထောင့်ရှိ နံရံများ၌ မှီ၍ ဂိုဏ်းသားသစ်များ၏ အဖြစ်အပျက်များကို ကြည့်ရင်း ရယ်မောလိုက်ကြသည်။

ကောင်းကင်ယံမှ အလင်းတန်း (၁၈) ခုသည် ကွင်းပြင် (၁၈) ခုပေါ်သို့ အသီးသီး ကျသွား၏။

ရှောင်ချိစွေက အသံကျယ်ကျယ်ဖြင့် “ဒီတော့ … ကွင်းပြင်တိုင်းကို သက်ဆိုင်ရာ ကြီးကြပ်သူတွေက စောင့်ကြည့်လိမ့်မယ်။ အကယ်၍ မင်းတို့ကို သူတို့ ၀င်ကယ်ဖို့ လိုလာတယ်တယ်ဆိုရင် အရှူံးလို့သတ်မှတ်မယ်”

“ပြီးတော့ ငါပြောတာ သေချာနားထောင်။ တိုက်ပွဲထဲမှာ ဒဏ်ရာရတာ၊ သေတာဆိုတာ ရှောင်လွှဲလို့မရတာ ဟုတ်ပေမယ့် ကိုယ်ဘယ်အချိန်မှ ရပ်ရမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပါ”

“ပြီးတော့ စင်ပေါ်တက်လိုက်ပြီဆိုတာနဲ့ မင်းသေဖို့ က ရာခိုင်နှုန်းများသွားပြီ။ ဒါကြောင့် သတိထားပါ။ ‌ကြီးကြပ်သူတွေက ဘုရားတွေမဟုတ်ဘူး။ သူတို့ သတိမထားမိတဲ့ အခိုက်အတန့်လည်းရှိတတ်တယ်။ တစ်ချို့အချိန်တွေဆို သူတို့ မှင်သက်နေတာဖြစ်ဖြစ်၊ ကြက်သေသေနေတာဖြစ်ဖြစ်၊ ယားလို့ ကုတ်နေတာဖြစ်ဖြစ် ရှိလိမ့်မယ်။ ဒီလို အချိန်ဆိုရင်တော့ သူတို့လည်း မင်းတို့ကို ၀င်ကယ်နိုင်မှာ မဟုတ်ဘူး”

ဂိုဏ်းသားအသစ်များ ဤစကားကြောင့် တုန်လှုပ်ကုန်ကြ၏။ ကြည့်ရသည်မှာ ပြိုင်ပွဲက သူတို့ စိတ်ကူးယဉ်ထားသည်နှင့် မတူဟန်ရသည်။

ကြီးကြပ်သူတွေက ကြက်သေသေနေတတ်တယ်တဲ့လား။

ဘာသဘောကြီးလဲ။ သူတို့က ကျွမ်းကျင်သူတွေမဟုတ်ဘူးလား။

အတွေ့ကြုံရှိသည့် ပြိုင်ပွဲ၀င်များကတော့ ပြုံးသာ ပြုံးနေကြပြီး ဘာမျှ ၀င်မပြောပါချေ။ အကြီးအကဲရှောင်က ဤကဲ့သို့ အမြဲတမ်း တစ်ဖက်သူကို နေရခက်အောင် စတတ် နောက်တတ်၏။

အတွေ့အကြုံရှိသော ပြိုင်ပွဲဝင်များသည် စည်းကမ်းတင်းကြပ်ရေး ဌာနရှိ ကြီးကြပ်သူများ မည်မျှ သန်မာကြောင်းကိုသိနေကာ ရှောင်ချိစွေပြောသည့် စကားများကို အတည်မမှတ်ယူပါချေ။

နောက် ထိုကြီးကြပ်သူများက မှင်သက်နေမည်လော။ စွံ့အနေမည်လော။

ရယ်စရာပင်။

ယခုမှ ၀င် ရောက်ယှဥ်ပြိုင်ဖူးသော ပြိုင်ပွဲဝင်သစ်များ စတင်၍ ရုတ်ရုတ်သဲသဲ ဖြစ်လာသည်ကို မြင်သောအခါ ရှောင်ချိစွေ၏ ပါးစပ် အနည်းငယ် အထက်သို့ ကွေးတက်သွားသည်။

ဒီလိုဖြစ်နေရမှာပေါ့။

ဘဝဆိုသည်မှာ အလွန်ဆန်းကြယ်သည်။ အံ့ဩစရာများဖြင့် ပြည့်နေတတ်သည့်အရာဖြစ်သည်။ အဘယ်ကြောင့် ပြိုင်ပွဲ၀င်များအား သူတို့၏ အကောင်းဆုံးအခြေအနေနှင့် ယှဉ်ပြိုင်ခွင့်ပေးရမည်နည်း။ ၎င်းမှာ သူတို့ လေ့ကျင့်ခန်းတစ်မျိုးပင်ဖြစ်သည်။

သူ့လက်များကို မြှောက်လိုက်ရာ စည်တီးသံ တစ်ချက် အဝေးမှ ပျံဝဲလာပြီး ကွင်းပြင်တစ်လျှောက် ပဲ့တင်သံထပ်သွား၏။

တုံ….။

“မွန်းတည့်ပြီ။ မိုးတိမ်လေ ပြိုင်ပွဲ… စ”

ကွင်းပြင် အမှတ်စဉ် (၁၂) တွင် ကြီးကြပ်သူတစ်ယောက်သည် အစီအရင်၏ အပြင်၌ ရပ်နေသော လူများကို တစ်ချက်ကြည့်လိုက်ပြီး အေးတိအေးစက်မျက်နှာထားဖြင့် “ဒီအဖွဲ့လိုက်တိုက်ပွဲကို ထုတ်ပယ်ခြင်းစနစ်နဲ့သွားမယ်။ နောက်ဆုံးကျန်နေတဲ့သူ အနိုင်ပဲ” ဟု ကြေငြာလိုက်သည်။

“ထိပ်ဆုံး (၁၀) ထဲ၀င်တဲ့သူကို ဆုပေးပြီး ပြိုင်ပွဲနောက်အဆင့်ကို တက်လှမ်းခွင့်ပေးမယ်။ ဆိုတော့ အကောင်းဆုံးကြိုးစားကြ”

လက်နှစ်ကိုနောက်ပစ်လိုက်၍ အေးစက်စက်လေသံဖြင့် ဆက်၍ “အခု မင်းတို့ အမှတ်စဉ်အတိုင်း အော်မယ်။ အလှည့်ရောက်လို့ ခေါ်ရင် ထူးပြီး အစဉ်လိုက် ကွင်းပြင်ထဲ၀င်”

“အမှတ်စဉ် ၁၁၀၁၊ ကျိုးစွန်း”

အရပ်ခပ်ပုပုလူငယ် တုန်လှုပ်သွားပြီး ယိုင်တိုင်တိုင် လျှောက်သွားလိုက်သည်။ သူ့နောက်မှ လျှိုကျန်းက “မင်းရဲ့ ကျောက်စိမ်းပြားကို ထုတ်ပြီး အစီအရင်ပေါ် တင်လိုက်” ဟု ညွှန်ကြားလိုက်သည်။

လျှိုကျန်းပြောသည့်အတိုင်းလုပ်ရာ ကျိုးစွန်းတစ်ယောက် ကွင်းပြင်ထဲသို့ ဆွဲယူခြင်းခံလိုက်ရ၏။

“အမှတ်စဉ် ၁၁၀၂၊ လျှိုကျန်း”

လျှိုကျန်းယခုမှ အတူတကွ ပြိုင်ပွဲ၀င်ရန် စာရင်းသွားပေးရာ အစဉ်လိုက် အမှတ်စဉ်များရလာသည့်အတွက် ပြိုင်ပွဲတစ်ခုထဲ ယှဉ်ပြိုင်ရမည်ဖြစ်ကြောင့် သတိရသွားသည်။

“…”

“အမှတ်စဉ် ၁၁၂၀၊ ကျောက်ရှောင်စန်း”

ကွပ်မျက်ခံရတော့မည့် အလား မှုန်ကုတ်ကုတ် မျက်နှာထားဖြင့် ဆယ်ကျော်သက် လူငယ်တစ်ယောက် ထွက်လာ၏။

“…”

“အမှတ်စဉ် ၁၁၃၀၊ စုရှောင်ရှန်”

မည်သူမျှ အကြောင်းမပြန်ချေ။

အေးစက်စက်မျက်နှာထားနှင့် ကြီးကြပ်သူ မျက်မှောင်ကျုတ်လိုက်ပြီး “အမှတ်စဉ် ၁၁၃၀၊ စုရှောင်ရှန်” ဟု ထပ်ခေါ်လိုက်သည်။

မည်သူမျှ အကြောင်းမပြန်ကြားသေးချေ။

ဤအချင်းအရာကြောင့် ကွင်း၏ အပြင်ရှိ ပုရိသတ်များကြား ပြောစရာဖြစ်သွားခဲ့သည်။

“စုရှောင်ရှန် သူဘယ်မှာလဲ။ တံခါးပိတ်ကျင့်ကြံခြင်းကနေ ထွက်လာပြီမလား”

“ဟုတ်တယ်။ သူ့အလောင်းကောက်သွားတုန်းက ငါ ပါတယ်။ သူမသေသေးဘူး”

“ဒါဆို သူ အအိပ်လွန်နေတာများလား”

“မဟုတ်ပါဘူး။ ငါဒီကိုလာတုန်းက လမ်းမှာ သူ့ကိုတွေ့လိုက်သေးတယ်။ အဲ… ပြောကာမှ သူနှေးနှေးလေး လမ်းလျှောက်လာတာ။ ထူးဆန်းတယ်”

“မင်း အမြင်မှားနေတာကော မဖြစ်နိုင်ဘူးလား”

ဒိုင်က ဒေါသထွက်သွားပြီး “အမှတ်စဉ် ၁၁၃၀, စုရှောင်ရှန်” ဟု အော်လိုက်သည်။

လူတိုင်း တိတ်ဆိတ်ငြိမ်ကျသွားပြီး ဘေးဘီဘင်ကို ကြည့်လိုက်သော်လည်း စုရှောင်ရှန်ကို မတွေ့ကြချေ။

အကယ်၍ စုရှောင်ရှန်သာ အချိန်မှီ ရောက် မလာနိုင်ပါက ဒိုင်လည်း မည်သို့မျှ တတ်နိုင်မည်မဟုတ်ကာ အရှုံးပေးသွားပြီဟု သတ်မှတ်ပြီး နောက်ထပ် ပြိုင်ပွဲ၀င်အား ဆက်လက်ခေါ်ကြားရန်သာရှိ၏။

စုရှောင်ရှန်ဆိုတာဘယ်သူလဲ။ သူကဘာကောင်မို့လို့ မိုးတိမ်လေ ပြိုင်ပွဲကို နောက်ကျရဲတာလဲ။

ပုရိသတ်ပွဲကြည့်စင်၌…။

အခြားကွင်းပြင်များနှင့်မတူ ကွင်းပြင် (၁၂) ပွဲကြည့်စင်တွင် ထူးခြားသော ကြည့်ရှူသူ (၃) ယောက်ရှိနေသည်။

သူတို့ထဲမှ တစ်ယောက်မှာ အနီရောင် ၀တ်စုံကို ၀တ်ဆင်ထားသည့် သွယ်လျသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမသည် အလွန် ပျင်းရိနေဟန်ရသည့် မျက်နှာထားဖြင့် ခုံပေါ်၌ မှီနေ၏။ အမို့အမောက် ကောင်ကြောင်း များ နှင့် အလွန်လှပသော မိန်းကလေးတစ်ဦးဖြစ်သည်။

“ညီမလေးစု၊ နင်ပြောတဲ့ ငါ့ကိုပြမယ်ဆိုတဲ့ အကို လူဆိုး လေးက အဲ့ဒီ တစ်ယောက်လား။ သူ့ကို နင်သွားနှိုးမယ်လို့ပြောတယ်မဟုတ်ဘူးလား” (သေခြာအောင်ပါ mc ရဲ့ စုနဲ့ မတူပါ)

သူမနံဘေးတွင်ထိုင်နေသော အဖြူရောင်၀တ်စုံဖြင့် မိန်းကလေး၏ မျက်နှာ နှင်းဆီရောင်သန်းသွားပြီး “အမ ယင်ယင် နင်ဘာတွေပြောနေတာလဲ”

“ဒါသူ့ရဲ့ နောက်ဆုံးပြိုင်ပွဲလေ အကိုလူဆိုးလေးသေချာပေါက် လာကိုလာမှာ။ သူအရေးကြီးတာ တစ်ခုခု ရှိနေလို့ နောက်ကျနေတာပဲဖြစ်ရမယ်”

အဖြူရောင်၀တ် မိန်းကလေး၊ စုရှင်းရှင်း သည် အသက်(၁၄) နှစ်အရွယ်ခန့်သာရှိသေးသည်။ လူကောင်သာသေးနေပေမယ့် သူမ၏ ပေါင်ထက်တွင် သူမထက်ပင် ရှည်သော အလျားလိုက်လှဲထားသည့် ဧရာမ ဓားကြီး တစ်လက်ရှိသည်။

အတိတ်ကို ပြန်အမှတ်ရသဖြင့် လွမ်းဆွတ်ဖွယ် အကြည့်များဖြင့် ထို ဓားကို သူမ အသာအယာ ပွတ်လိုက်၏။ “ဒီ စိတ်ဝိညာဉ်နန်းတော်ကို ရောက်ခါစက အပြင်စည်းမှာ သူငယ်ချင်းဆိုတာမရှိခဲ့ဘူး။ အကိုလူဆိုးလေးပဲ အဲ့ဒီတုန်းက ကျွန်မကို ကူညီစောင်းမပေးခဲ့တာ။ အဲ့လို သူ့အကူအညီတွေကြောင့်ပဲ (၁) လအတွင်း အတွင်းစည်းကို ၀င်နိုင်ခဲ့တာ”

“(၁) လတည်းနဲ့…” ယင်ယင် ခေါင်းညွှတ်သွားပြီး ရေရွတ်လိုက်သည်။ စုရှင်းရှင်း ရည်ရွယ်၍ မပြောမှန်းသိသော်လည်း ထိုသို့ မရည်ရွယ်ဘဲ ပြောခြင်းက ပိုနာကျင်ရ၏။

သူတို့နှင့် အနည်းငယ် လှမ်း နေသောရာတွင်…။

နားနှစ်ဖက်ကို ပြုတ်ထွက်မတတ်ဆွဲ၍ ဂနာမငြိမ်ဖြစ်နေသော အကြီးအကဲကျောက်ရှိနေသည်။ “အဲ့ဒီ စုရှောင်ရှန် ဘာလုပ်နေတာလဲ။ ထွက်ပြေးသွားတာလားဟ”

“ဒါမှမဟုတ် ငါကိုယ်တိုင် သူ့ကို နန်းတော်ကနေ ထုတ်ခိုင်းစေချက်နေတာလား”

“ဒီကောင်တော့ ငါ့ကို အမြဲ ဒုက္ခ ပေးတယ်ကွာ”

အကာအကွယ် အစီအရင်အတွင်း၌…။

“ဒါ နောက်ဆုံးအကြိမ်ခေါ်ခြင်းပဲ” ဒေါသကို အတင်းဖိနှိပ်ရင်း ကြီးကြပ်သူကြေငြာလိုက်သည်။ “အမှတ်စဉ် (၁၁၃၀) စုရှောင်ရှန် ဘယ်မှာလဲ”

အကာအကွယ်အစီအရင်ထဲမှ ပြိုင်ပွဲ၀င် (၉၉) ဦး၊ ကြီးကြပ်သူနှင့် ပွဲကြည့်စင်ထဲမှ လူ‌သုံးယောက်တို့ ဘေးဘောင်ပတ်လည်ကို ရှာကြည့်လိုက်ကြသည်။

စုရှောင်ရှန် ဘယ်မှာလဲ…။

Comment

Leave a Reply

Options

not work with dark mode
Reset