Switch Mode

Chapter – 4

စိတ်ဝိညာဉ် အထွေအထွေရေးရာ ဌာန

အပိုင်း(၄) စိတ်ဝိညာဉ် အထွေအထွေရေးရာ ဌာန

နံနက်ခင်း နေမွန်းတည့်ခါနီးအချိန် ဖြစ်သည်။

စိတ်ဝိညာဉ်အထွေထွေရေးရာဌာန အတွင်းသို့ လူများ အတန်းလိုက် ၀င်လိုက် ထွက်လိုက် ရှိနေသည်။ ဤနေရာသည် ထျန်းစန်စိတ်ဝိညာဉ်နန်းတော် အတွင်းရှိ အပြင်စည်းဂိုဏ်းသားတို့၏ အထွေထွေ ကိစ္စများကို စီမံဆောင်ရွက်ပေးသောနေရာဖြစ်သည်။ ၎င်းသည် အလွန်ကြီးမားပြီး ‌ကောင်တာ ၁၀၈ လုံး‌ရှိသည်။

“မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းတူအကိုကြီး”

“မင်္ဂလာနံနက်ခင်းပါ ဂိုဏ်းတူအကို စု”

“မင်္ဂလာနံနက်… အဲ… ကောင်းသော နေ့လယ်ခင်းပါ ဂိုဏ်းတူအကိုစု”

“တိတ်တခိုး နာကျင်ခြင်း” ဓားနက်ကို ကျောတွင်လွယ်လာသော စုရှောင်ရှန်ကို တွေ့ရသည်။ လမ်းတစ်လျှောက်၌ သူသိသော သူများရော မသိသော သူများပါ သူ့ကိုနှုတ်ဆန်နေတာကို တွေ့ရ၏။ အပြင်စည်း၌ ဝါ အကြီးဆုံးဖြစ်သည့် အတွက် သူတို့ နှုတ်ဆက်လျှင်ပင် သူက ပြန်နှုတ်ဆက်ရန် မလိုပေ။ ခေါင်းငြိမ့်ရုံလောက်ဖြင့် အဆင်ပြေသည်။

စိတ်ဝိညာဉ်အထွေထွေရေးရာဌာနအတွင်းသို့ ၀င်လိုက်သည်နှင့် ရပ်ကွက် ဈေးထဲရောက်သွားသည့်အလား စည်စည်ကားကား၊ ဆူညံသံများနှင့် နားထဲ ပြည့်သွားသည်။

ယနေ့ဤနေရာသို့လာသော လူအများစုမှာ မိုးတိမ်လေ ပြိုင်ပွဲအတွက် လူစာရင်းပေးရန် လာကြခြင်းဖြစ်သည်။ ဆိုရလျှင် အမှတ်စာရင်းမပေးခြင်းက ပြိုင်ပွဲမှ နှုတ်ထွက်ခြင်းပင်ဖြစ်လေသည်။

(၃) နှစ်ဆက်တိုက် နှုတ်ထွက်သည့် သူများသည် နန်းတော်မှ ထွက်သွားပေးရသည်။ ပြိုင်ပွဲ၌ ၀င်ပြိုင်ပါကလည်း (၃) နှစ်ဆက်တိုက် ဘိတ်ချေး ဖြစ်သူဆိုလျှင် နန်းတော်မှ ထွက်ပေးရသည်။

နှစ်ချို့ လူအနည်းစုသာ ပြိုင်ပွဲ၌ ၀င်ပါပြီး သူတို့ကိုယ်သူတို့ အရှက်မခွဲလိုသောကြောင့် သူတို့ကိုယ်တိုင် နန်းတော်မှ သေမျိုးကမ္ဘာသို့ ထွက်ခွာခွင့်လာလျှောက်ကြခြင်းဖြစ်သည်။ အနည်းဆုံးတော့ သေမျိုးကမ္ဘာ၌ သူတို့ စည်းစိမ်ခံစားရင် သေသည်အထိ နေနိုင်သေးသည်။

ကောင်တာ ၁၀၈ခုရှိသော်လည်း အမှတ်စဉ်(၁) ကောင်တာမှ လွဲ၍ ကျန် ကောင်တာအားလုံး လူများဖြင့်ပြည့်နေ၏။

“ထင်တဲ့အတိုင်းပဲ။”

သူမှတ်မိတာ မမှားပါက ကောင်တာ အမှတ်စဉ် (၁) မှလွဲ၍ ကျန်သည့် ကောင်တာအားလုံးကို အပြင်စည်းဂိုဏ်းသားများ ကြီးကြပ်ခြင်းဖြစ်သည်။ ကောင်တာ အမှတ်စဉ်(၁) ကိုတော့ စိတ်ဝိညာဉ်အထွေထွေရေးရာ ဌာန အကြီးအကဲ ကျောက်ကျန်းရှီ ကြီးကဲခြင်းဖြစ်၏။

အကြီးအကဲ ကျောက်သည် အလွန်သဘောကောင်းသော သူတစ်ယောက်ဖြစ်ပေမယ့် တွေ့သည့် သူတိုင်းကို ‌ဆုံးမ အောဝါဒ ပေးလေ့ရှိသည်။ ထို့ကြောင့် အားလုံးက အကြီးအကဲ၏ ကောင်တာကို ရှောင်ကာ ကျန်ကောင်တာများ၌ တန်းသွားစီကြ၏။

စုရှောင်ရှန်နှင့် အကြီးအကဲကျောက်တို့ ကောင်းမွန်သော ဆက်‌ဆံရေးကို ပိုင်ဆိုင်ထားသည်။ အကြောင်းမှာ စုရှောင်ရှန်တစ်ယောက် သူ၏ အလားအလာ အကန့်အသတ်ကို ရောက်ရှိပြီးဖြစ်၍ အကြီးအကဲတွင် သူ့ကို ဆုံးမ ရန် အကြောင်းမရှိတော့ သောကြောင့်ဖြစ်သည်။

ဆိုရသော် စုရှောင်ရှန်ဆိုသည့် သူသည် (၁၂၀) ရာခိုင်နှုန်း အားစိုက်၍ ကြိုးစား ကျင့်ကြံသည်တောင် အဆင့်(၃) ၌ တစ်နသည့် သူဖြစ်၏။

အခန်းထဲသို့ ၀င်လိုက်‌သည်နှင့် ထိုင်ခုံပေါ်၌ အိပ်ပျော်နေသော အကြီးအကဲကျောက်ကို တွေ့လိုက်ရသည်။ စုရှောင်ရှန် ဖွဖွလေး လှမ်းသွားပြီး “ထတော့” ဟု ‌အော်လိုက်ကာ စားပွဲကို ရုတ်တရက် ကောက်ထုလိုက်သည်။

ထိုင်ခုံကို မှီကာ ပါးစပ်ဟ ပြီး အိပ်နေသည့် အကြီးအကဲကျောက် လည်း လန့်ဖြန့်သွားပြီး ပါးစပ်၌ ကျနေသော သရေ ကိုပင် မသုတ်နိုင်တော့ဘဲ အရှေ့တည့်တည့်ကို ရိုက်ထည့်လိုက်သည်။ ထိုရိုက်ချက်ကို စုရှောင်ရှန်က ထိုင်ချရင်း ရှောင်လိုက်ပြီး “ကျုပ်ပါ” ဟု ပြောလိုက်သည်။

“အိုး… မင်းကို စုရှောင်… ဟမ်… စုရှောင်ရှန်”

အကြီးအကဲ ချက်ချင်းပဲ အိပ်ချင်ပြေသွားပြီး “မင်း သေခြင်း တံခါးပိတ်ကျင့်ကြံနေတာမဟုတ်လား။ ဘာလို့မသေသေးတာလဲ” ဟုမေးလိုက်သည်။ အံ့အားသင့်မှုများက သူ၏ မျက်နှာထက် တွင် အထင်းသား။

ဤအချင်းအရာကို ကြားသော် စုရှောင်ရှန်၏ မျက်နှာ မဲမှောင်သွားသည်။ ဘာလဲ ကျုပ်ဘယ်တော့မှ အဆင့်မချိုးဖောက်‌နိုင်တော့ဘူးလို့ တစ်ထစ်ချ မှတ်ထားတာလား။ ကျုပ်ကို သေစေချင်နေတာလား။

“ဟုတ်တယ်။ ကျုပ်သေသွားပြီ။ အခုက အလောင်းကောင် ဖြစ်ပြီးလာတာ” မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။

အကြီးအကဲကျောက်က စုရှောင်ရှန်ကို အပြင်ဘက်ရှိ လူများကို လက်ညှိုးထိုးပြကာ ပြုံး၍ “မင်းလည်း သူတို့လို သေမျိုးကမ္ဘာကိုသွားဖို့ စာရင်းလာပေးတာလား”

အကြီးအကဲကျောက်၏ ထေ့ငေါ့ ပြောဆိုမှုကို “ဘာကို သေမျိုးကမ္ဘာသွားဖို့ စာရင်းလာပေးတာ။ ကျုပ်က မိုးတိမ်လေ ပြိုင်ပွဲမှာ အဆင့် (၁၀) ထဲ ရောက်အောင်၀င်ဦးမှာ” ဟု စုရှောင်ရှန်က ပြန်လည်၍ ထေ့ထေ့ငေါ့ငေါ့ ပြောဆိုလိုက်သည်။

“ဟုတ်လား။ မင်းရဲ့ အရည်အချင်းနဲ့လေ” ဟု အကြီးအကဲကျောက်သည် ဗိုက်ကို ကိုင်ထားရင်းမှ ထရယ်လိုက်သည်။ သူ့တစ်ကိုယ်လုံးပင် တုန်ခါသွား၏။

အပြင်စည်းသည် အကြီးအကဲကျောက်အတွက် အလွန်ပျင်းဖွယ်ရာကောင်း၏။ စုရှောင်ရှန်တစ်ယောက်သာ သူ့ကို ဤသို့ လေသံဖြင့် ပြန်ပြောရဲလေသည်။ ထို့ကြောင့်လည်း စုရှောင်ရှန်နှင့် စကားပြောလျှင် သူ၏ မာနကို ခဝါချပြီး ဤသို့ နှစ်နှစ်ချိုက်ချိုက် ရယ်မောနိုင်ခြင်းဖြစ်သည်။

[ကဲ့ရဲ့ခံရပါသည်။ ပင်ကိုယ်အမှတ် + ၁]

ကံရဲ့ခံရတယ်ဟုတ်လား။

စုရှောင်ရှန် အမှတ်စုနည်းတစ်ခုကို ရှာတွေ့လိုက်သည်။

ခပ်ငေါ့ငေါ့ရယ်လိုက်ရင်း စိတ်ထဲမှ ‘ထင်ထားတဲ့အတိုင်းပဲ။ ငါသာ ခံ‌ရတဲ့ နေရာမှာရှိရင် ပင်ကိုယ်အမှတ်တွေ ရနေတာ’

“ကျုပ်တံခါးပိတ်ကျင့်ကြံနေတုန်း ကျုပ်ရဲ့ စွမ်းရည်တွေ မိုးလောက် တိုးတက်သွားတယ်ဆိုတာ ခင်ဗျားက မယုံတာလား”

ပါးစပ်ထောင့်မှ သရေကို လက်ကိုင်ပဝါဖြင့်သုတ်ပြီးနောက် စကားစတော့မည့် အကြီးအကဲကျောက် ဤအချင်းအရာကိုကြားသော် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။

[သံသယအဝင်ခံရပါသည်။ ပင်ကိုယ်အမှတ် +၁]

စုရှောင်ရှန် ပီတိဖြစ်သွားသည်။ သူ၏ အင်္ကျီလက်စကို မတင်လိုက်ရင်း တင်းမာသော မျက်နှာထားဖြင့် ဆက်၍ “ကျုပ်ခင်ဗျားကို မနောက်ဘူး။ တကယ်ပြောတာ။ ကျုပ် တစ်ခါတည်း စစ်မှန်ခြင်းအဆင့်ထိပါ ချိုးဖျက်သွားတယ်”

“ဖွီး” အကြီးအကဲကျောက် တံ‌တွေး သီးသွားသည်။

စုရှောင်ရှန်၏ လေးနက်သော အမူအရာကို ကြည့်လေ ကြည့်လေ သူ့ပါးစပ် လှုပ်လေ လှုပ်လာလေ ဖြစ်ကာ နောက်ဆုံး မထိန်းနိုင်တော့ဘဲ “ဟားဟားဟား” ဟူသော သူ၏ နတ်ဆိုးသဖွယ်ရယ်သံကြီးက စိတ်ဝိညာဉ်အထွေထွေရေးရာဌာနတစ်ခုလုံး ပြန့်သွား၏။

“တော်ပါတော့ကွာ။ စုရှောင်ရှန် ငါတောင်းပန်ပါတယ်။ မင်း အဲ့လို အမူအရာကြီးနဲ့ ပြောတော့ ရယ်ရတာပေါ့။ ငါ … ဟားဟားဟား” သရေကို သုတ်ထားသော လက်ကိုင်ပဝါဖြင့် မျက်လုံးထဲမှ စီးကျလာသော မျက်ရည်များအား သုတ်လိုက်သည်။

[ချီးမွမ်းခံရပါသည်။ ပင်ကိုယ်အမှတ် + ၁]

စုရှောင်ရှန် စွံ့အသွားသည်။

ချီးမွမ်းတယ် ဟုတ်လား…။

ဘယ်လို ထေ့ငေါ့တဲ့စကားက ဒီ စနစ်နဲ့‌ တွေ့မှ ချီးမွမ်းတာဖြစ်သွားတာလဲ…။

အကြီးအကဲကျောက်၏ နတ်ဆိုးသဖွယ် ရယ်သံကြီးကို ကြားလိုက်ရ၍ စပ်စုချင်သော အချို့ဂိုဏ်းသားများ ကောင်တာ အမှတ်စဉ် (၁) အခန်းထဲသို့ လည်ပင်းဆန့်ရင်း ကြည့်လိုက်ကြသည်။

“ဘုရားရေ။ အဲ့တာဘယ်သူ့ရယ်သံကြီးလဲ။ ကြောက်စရာကောင်းလိုက်တာ။”

“တိုးတိုးပြောဟ။ အကြီးအကဲကျောက်ရဲ့ ရယ်သံကိုတောင် မမှတ်မိတော့ဘူးလား။ မင်းတော့ ဆုံးမ အောဝါဒ ခံချင်နေပြီထင်တယ်။”

“အကြီးအကဲကျောက်ကို အဲ့လိုရယ်အောင် ဘယ်သူလုပ်လိုက်တာလဲ။ အဲ့လူကိုတော့ လေးစားသွားပြီ။”

“မသိဘူး။ သွားကြည့်ရအောင်။”

အလွန်စပ်စုချင်စိတ်များပြင်းပြလာသော ဂိုဏ်းသားများ တန်းစီတာကို ဂရုမစိုက်ဘဲ စုဖွဲ့လိုက်ကြသည်။ ဆိုရသော် အဖွဲ့လိုက် စာရင်းပေးရန် တန်းစီခြင်းအား တားမြစ်ထားသော စည်းကမ်းမရှိပါချေ။ ထို့ကြောင့် ကောင်တာနံပါတ် (၁) အခန်းအပြင်ဘက်မှ အတွင်းသို့ လည်ဆန့်ရင်း ကြည့်လိုက်ကြသည်။

“ဟာ… အဲ့တာ ဂိုဏ်းတူအကို စုပဲဟ။ သူ တံခါးပိတ်ကျင့်ကြံနေတာမဟုတ်ဘူးလား”

“ဝိုး… မင်း ဘယ်ချောင်မှာ နေနေလို့ မကြားလိုက်တာလဲ။ သူတံခါးပိတ်ကျင့်ကြံခြင်းက ထွက်လာရုံမကဘူး အဆင့် (၄)ကိုပါ ချိုးဖြတ်သွားတာတဲ့”

“ဟ မင်းက သူများသာ ပြောနေတာ မင်းလည်း သူအဆင့်(၅) မနေ့က ရောက်သွားတာ မသိဘူးမလား”

“မဖြစ်နိုင်တာ ငါကြားတာတော့ အဆင့်(၇) ပါ”

“အဆင့်(၈) ပါဟ”

“ငါကြားတာတော့ တံခါးပိတ်ကျင့်ကြံနေရင်းကို သူ စစ်မှန်ခြင်း အဆင့်ကို ရောက်သွားပြီတဲ့…” ဟု ဖျော့တော့သော အသံတစ်ခု က မှတ်ချက်ပေးလိုက်သည်။ တစ်ခန်းလုံးတိတ်ဆိတ်သွားပြီး ထိုမှတ်ချက်ပေးလိုက်သောသူကို ပြိုင်တူ ဝိုင်းကြည့်လိုက်ကြပြီး “ယုံမယ်လေ အားကြီးကြီး” ဟု ပြောလိုက်ကြသည်။

အခန်းအပြင်ဘက်၌ သူရယ်လိုက်‌ သောအသံကြောင့် စုလာနေသော ဂိုဏ်းသားများကို သတိထားမိသောအခါ အကြီးအကဲကျောက် ဒေါသထွက်သွား၏။ ချက်ချင်းဘဲ အခန်းပြင်ဘက်ကို ထွက်သွားပြီး “မင်းတို့ဘာလာကြည့်နေကြတာလဲ။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ကောင်တာကို ပြန်သွားကြစမ်း” ဟုအော်‌လိုက်သည်။

“ဟီးဟီး… စိတ်မဆိုးပါနဲ့ အကြီးအကဲကျောက်” ဟုဆို၍ လက်ရမ်းပြကြကာ လူစုခွဲလိုက်ကြသည်။

အခန်းအတွင်း၌ ကျန်ရှိခဲ့သော စုရှောင်ရှန်တစ်ယောက် အသိပေးချက် ဖန်သားပြင်ပေါ်၌ ပေါ်လာသော အကြောင်းအရာများကို ဖတ်ရင်း ပီတိရွှင်နေ၏။

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၄၂]

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃၁]

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၁၆]

[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်မှတ် + ၃]

စိတ်ဝိညာဉ်အထွေထွေရေးရာဌာန၌ လူရာနှင့်ချီရှိနေကာ ထိုထဲမှ အများအပြား လာရောက် စပ်စုသွားကြသည်။ ဤဖြင့် အကြီးအကဲကျောက်၏ ရယ်သံကြောင့် ရရှိသည့် ပင်ကိုယ်မှတ်များမှာ ယခင်သူရှိပြီးသော ပင်ကိုယ်မှတ်စုစုပေါင်းထက် အသာကြီး သာနေလေသည်။

ပထမရရှိသော ပင်ကိုယ်မှတ်များမှာ ဝိုင်းကြည့်ကြသည့် သူများထံမှလာခြင်းရနိုင်ကာ ကျန် ပင်ကိုယ်မှတ်များကတော့ တစ်ယောက်စကား တစ်ယောက်နားကြားရင်း ရလာခြင်းဖြစ်နိုင်သည်။ မဟုတ်လျှင် သူ့အား နှစ်ကြိမ်တိတိ မသင်္ကာဖြစ်၍ ရခြင်း ပေလော။

သို့ဖြင့် လူတိုင်းသူ့အား အဖြစ်အပျက်တစ်ခုတွင် တစ်ကြိမ်သာ ပင်ကိုယ်မှတ်များပေးနိုင်ကြောင်းသိလိုက်ရသည်။ ပင်ကိုယ်မှတ်အများကြီးရရှိအောင် ဆောင်ရွက်နိုင်ရန် လိုအပ်ချက်တစ်ခုတော့ရှိသည်။

၎င်းမှာ အလွန်များပြားသော လူပမာဏဖြစ်သည်။

ဤသို့ဆိုလျှင် (၁၀၀၀၀) ရှိသော လူအုပ်ကြားတွင် သူသည် စစ်မှန်ခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ဟု အော်ပြောလိုက်လျှင် ပင်ကိုယ်အမှတိ (၁၀၀၀၀) မရနိုင်ပေဘူးလေ။ စုရှောင်ရှန် စိတ်ကူးယဉ်လိုက်သည်။

သို့သော် ထို အခြေအနေက ဖြစ်နိုင်ချေများသော်လည်း ဆွမ်းကြီးဝိုင်းလောင်းခံရနိုင်ချေလည်းရှိသည်။

အကြီးအကဲကျောက် တံခါးပိတ်၍ ထိုင်ခိုင်ပေါ်ပြန်ထိုင်လိုက်ရာ စပ်ဖြီးဖြီးဖြစ်နေသော စုရှောင်ရှန်ကိုတွေ့၍ “ဘာလို့ စပ်ဖြီးဖြီးဖြစ်နေတာတုန်း မင်းက”

“အဲ… ဘာမှ မဟုတ်ဘူး”

စုရှောင်ရှန် အသိပြန်၀င်လာသည့်နောက် “ပြောကာမှ ဒီလာတဲ့ ရည်ရွယ်ကိုတောင် မပြောရသေးဘူး။ ကျုပ်ဒီကို မိုးတိမ်လေ ပြိုင်ပွဲ၀င်ပြိုင်ဖို့ စာရင်းလာ‌ ပေးတာ”

“မင်းကိုယ့်အရှက်ကို သွား ခွဲချင်လို့လား”

အကြီးအကဲကျောက် ပြောနေရင်း အံဆွဲ ထံမှ ကျောက်စိမ်းပြား တစ်ခုကိုထုတ်လိုက်သည်။ သူ့နဖူးနားတွင်ကပ်လိုက်ပြီး စုရှောင်ရှန်၏ အချက်အလက်များကို စာရင်းသွင်းလိုက်၏။

အကြီးအကဲကျောက်သူ့အား မယုံကြည်သည့်အတွက် မျက်စောင်းထိုးလိုက်ရင်း ‘ငါ စစ်မှန်ခြင်းအဆင့်မှာပါဆိုနေ။ ဘာလို့ ကိုယ့်အရှက်သွားခွဲရမှာ’ ဟု တွေးတောလိုက်သည်။

ပါရမီရှင်တိုင်း၏ သံသယများ၊ ရှုံ့ချမှုများဖြင့် ပြည့်နေသည့် ဘ၀ကို တွေးမိရင်း သူသက်ပြင်းချလိုက်သည်။

“စိတ်ဝိညာဉ်ကျင့်ကြံခြင်းနယ်ပယ်အဆင့်(၄) နော်” သေချာအောင် အကြီးအကဲကျောက် မေးလိုက်၏။

စုရှောင်ရှန် တစ်ချက် တွေဝေသွားပြီးနောက် ရှုပ်နေမှာစိုး၍ ဘာမျှမပြောဘဲ ခေါင်းသာ ညိတ်ပြလိုက်သည်။

“ရော့… ယူလိုက်”

အကြီးအကဲကျောက်စီမှ ကျောက်စိမ်းပြားရလိုက်သည်နှင့် သူ့နဖူးနားကပ်ကာ အထဲမှ သူ၏ အချက်အလက်များကို ကြည့်လိုက်သည်။

စုရှောင်ရှန်၊ စိတ်ဝိညာဉ်ကျင့်ကြံခြင်းအဆင့်(၄)၊ အဖွဲ့(၁၂)၊ ပြိုင်ပွဲ၀င်အမှတ်(၁၁၃၀)။

လူတစ်ထောင်ကျော်တောင်…

ဤအချင်းအရာအား ခန့်မှန်းထားပြီးဖြစ်သော်လည်း စုရှောင်ရှန် အံ့ဩရသေးသည်။

အပြင်စည်း၌ ရှိနေသည့် သူတိုင်း ၀င်ရောက်ယှဥ်ပြိုင်နိုင်‌ သောကြောင့် နှစ်စဉ်နှစ်တိုင်း မိုးတိမ်လေပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်သည့် လူသစ်လော၊ လူဟောင်းလော မခွဲခြားဘဲ အပြင်စည်းဂိုဏ်းသား တစ်ထောင်‌ကျော် အမြဲတမ်းရှိလေသည်။

ထိုမှ ဘိတ်ချေးရသူသည် စိတ်ဝိညာဉ်နန်းတော်ရှိ အကြီးအကဲများ နှင့် တွေ့ရပြီး သူတို့ပေးသည့် စမ်းသပ်ချက်ကို ပြုလိုက်ရသည်။ ထို စမ်းသပ်ချက်တွင် အခြေအနေမကောင်းပါက ထိုသူအား ချက်ချင်း နန်းတော်မှ နှင်လွှတ်တတ်၏။

စုရှောင်ရှန် ဤသို့ (၃) နှစ်နီးပါ အပြင်စည်း၌ ရှိနေနိုင်ခြင်းမှာ အကြီးအကဲကျောက်၏ အကူအညီကြောင့်ဆိုမမှားချေ။

သို့သော် (၃) နှစ်ဆက်တိုက်လုံး ဘိတ်ချေးဆက်ဖြစ်ပါက စုရှောင်ရှန်ကို အကြီးအကဲကျောက်လည်း ကယ်နိုင်တော့မည်မဟုတ်ပေ။

သို့သော် ဤအချင်းအရာသည် စိုးရိမ်စရာမလိုတော့ဟန်ရသည်။

ကျောက်စိမ်းပြားအား အင်္ကျီထဲ ထည့်လိုက်ပြီးနောက် စုရှောင်ရှန်က “အကြီးအကဲကျောက်… ကျုပ်ရမယ့် စိတ်ဝိညာဉ်သလင်းကျောက်လေး‌တွေ …” ဟု လက်နှစ်ဖက်ကိုပွတ်ရင်း မျက်စပစ်ပြလိုက်သည်။

ဤနေရာသို့လာရခြင်းအတွက် ပထမဆုံး ရည်ရွယ်ချက်မှာ ပြိုင်ပွဲ၀င်စာရင်းပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ လေ့ကျင့်ရန်အတွက် သူလိုအပ်သည့် စိတ်ဝိညာဉ်ကျောက်သလင်းတုံးများ လာရောက်ထုတ်ယူခြင်းဖြစ်သည်။

အကြီးအကဲကျောက်စီ (၂) လတာ အတွက် မထုတ်ယူခဲ့ရသည့် ကျောက်သလင်းစုစုပေါင်း (၂၀) တုံးကျော် ရှိလေသည်။ စိတ်ဝိညာဉ်ကျောက်တုံး(၂၀) မှာ ပမာဏအများကြီးမဟုတ်သော်လည်း တိတ်တခိုး နာကျင်ခြင်း ဓားနက်ကို ၀ယ်ယူပြီးနောက် မွဲသွားသည့် သူ့ဖို့တော့ မက်လောက်စရာပင်။

“ဒီလိုကိစ္စနဲ့ပတ်သက်လာရင် မင်း‌ကတော့ နှစ်ခါမပြောရဘူး” ဟု ခပ်ပြုံးပြုံးဖြင့် သူ့ကို ငေါက်လိုက်သည်။

အံဆွဲထဲမှ စိတ်ဝိညာဉ်ကျောက်တုံး (၂၀) ထုတ်ယူလိုက်သည်။ ထို့နောက် အင်္ကျီလက်ထဲမှ ဆေးပုလင်းတစ်ပုလင်းကို ထုတ်ယူကာ စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် ရောလိုက်သည်။

“ဒီ ပုလင်းက…” စိတ်ဝိညာဉ်အထွေထွေရေးရာဌာနမှလူများမည်မျှ ကပ်စေးနည်းကြောင်း လူတိုင်းသိလေသည်။ အထူးသဖြင့် အကြီးအကဲ ရာထူး နေရာ၌ ရှိသည့် အကြီးအကဲကျောက်ဆို ပိုလို့ဆိုးသည်။ ထို့ကြောင့် ယခု အကြီးအကဲကျောက်မှ သူ့အား ဆေး ပုလင်းတစ်လုံးပေးလာရာ စွံ့အ အံ့အားသင့်သွားခဲ့ရ၏။

“ဒါ ငါမင်းကို ပေးတာ။ ဘယ်သူ့မှတော့ ပြန်မပြောနဲ့ဦး။” စိတ်ဝိညာဥ်‌ ကျောက်တုံးနှင့် ဆေးပုလင်းကို ရှေ့သို့ထိုးပေးရင်း အကြီးအကဲကျောက် ခပ်တင်းတင်းပြောလိုက်သည်။ သို့သော် သူ၏ မျက်နှာထားမှာ ချက်ချင်း ပျော့ပြောင်းသွားပြီး “အနာဂါတ်မှာ ငါတို့ တွေ့ချင်မှ တွေ့ရတော့မှာ…” ဟု မှတ်ချက်ချလိုက်သည်။

စုရှောင်ရှန်၏ နှလုံးထဲ နွေးထွေးသွားသည်။ စားပွဲပေါ်ရှိပစ္စည်းများကို ‌အလျှင်အမြန် ယူလိုက်ပြီး ပြုံးကာ “စိတ်မပူပါနဲ့ ကျုပ်ကို ထျန်းစန်စိတ်၀ိညာဥ်နန်းတော်ကနေ နှင်ထုတ်လိုက်ရင်တောင် ခင်ဗျားကို ပြန်လာတွေ့မှာပါ” ဟု ပြောလိုက်သည်။

“ဟားဟား… အဲ့လိုဆိုရင်တောင် သူတို့က မင်းကို ပေး၀င်မယ်တဲ့လား”

“စိတ်မပူပါနဲ့။ ကျုပ် ပြိုင်ပွဲမှာ ထိပ်သီး (၁၀) ယောက်ထဲ၀င်မှာပါ”

“အေးပါ။ ဟုတ်ပါပြီကွာ”

စိတ်ဝိညာဉ်‌အထွေအထွေရေးရာ ဌာနမှ ထွက်ခွာသွားသော စုရှောင်ရှန်၏ နောက်ကျောကို အကြီးအကဲကျောက် ပြုံးပြုံးကြီးကြည့်နေရင်းမှ ရုတ်တရက် မျက်မှောင်ကုတ်လိုက်ပြီး “ဒီကောင်တကယ် အဆင့်ချိုးဖျက်သွားနိုင်တာ အံ့ဩစရာပဲ”

“ဒါလည်းသူ့အတွက် ကောင်းပါတယ်လေ။ ဒါပေမယ့် သူ့ကြည့်ရတာ သူ့သတင်းကို ငါရောင်းလိုက်တယ်ဆိုတာ သိပုံမရဘူး။ ဒီဆေးပုလင်းက သူ့အတွက် ရော်ကြေးလို့သဘောထားလိုက်ပေါ့ကွာ…”

အကြီးအကဲကျောက် သူ့လက်များဖြင့် ရေတွက်ကြည့်ပြီးမှ “ဟုတ်တယ်။ ငါမရှူံးဘူး။ (၁၀) ဆတောင် မြတ်ထားတာ။ ဟားဟား”

Comment

Leave a Reply

Options

not work with dark mode
Reset