အပိုင်း (၂) အလောင်းကောက်သူများ
နံနက်ခင်းအချိန်အခါတွင် အပင်ကလေးများပေါ်၌ နှင်းစက်ကလေးများ၀ပ် နေကြသည်။ အရှေ့ဘက်အရပ်မှ ထွက်ပေါ်လာသော သူရိန်နေမင်းကြီးအား မြူခိုးကလေးများက ဖုန်းထားကြ၏။
ထျန်းစန်စိတ်ဝိညာဉ်နန်းတော်မှ ကျင့်ကြံသူများမှာ အစောကြီးကတည်းက နိုးနေပြီးဖြစ်ကာ သစ်ပင်ပေါ်၊ အိမ်များပေါ်၊ အချို့ဆိုလျှင် သူငယ်ချင်းရောင်းရင်းများ၏ ခြံကလေးများထဲတွင် တင်ပြင်ခွေထိုင်ကာ ကျင့်စဉ်ကျင့်ကြံနေကြသည်။
နံနက်ခင်း ကြေးငှက်တို့ တေးသီကာ အရွက်ကလေးများ လေအလာမှာ တလူးလူး လှုပ်ခပ် သွားသည်မှာ အလွန်ပင် သာယာနာပျော်ဖွယ်ကောင်း၍ အေးချမ်းလှသော မြင်ကွင်းပင်။
သို့သော် မသင်္ကာစရာကောင်းသည့် လူနှစ်ယောက်သည် ရှေးဟောင်းအိမ်များအကြား ကုတ်ကုတ်ကလေး သွားလာလှုပ်ရှားနေ၏။ သူတို့ထဲမှ တစ်ယောက်သည် အရပ်ရှည်၍ တောင့်တောင့်ဖြောင့်ဖြောင့်ရှိပြီး အခြားတစ်ယောက်သည်တော့ အရပ်ပု၍ ၀သည်။
အရပ်ရှည်သောသူတွင် ဖုဖောင်းထနေသည့် ကြွက်သားများရှိသည်။ အတော်ဗလတောင့်ဟန်ရသည်။ သူ၏လက်ထဲတွင်လည်း ဂုန်နီအိတ်တစ်လုံးကို ကိုင်ထားသည်ကို တွေ့ရသည်။ သို့သော် သူက တစ်ခုခု မကောင်းတာလုပ်တော့မည့် ဟန်ဖြင့် ခန္ဓာကိုယ်ကို ကုတ်ကာ ဘေးဘယ်ညာ သို့ မကြာခဏ ဆန်းစစ်နေ၏။
သူ၏ နံဘေးတွင်တော့ ထို အရပ်ရှည်သောသူ၏ လည်ပင်းလောက်သာ ရှိသော ခပ်၀၀ ဆယ်ကျော်သက်လူငယ်တစ်ယောက်ကို တွေ့ရသည်။ စိတ်လှုပ်ရှားသော ဟန်ပန်အမူအရာသည် သူ၏မျက်နှာထက်တွင် ထင်ပေါ်နေသည်။ သူ၏ခါးတွင်လည်း ဓားအိမ်ထဲထည့်ထားသော ဓားတစ်လက်ကို ချိတ်ထား၏။
“ဂိုဏ်းတူအကို လျှို… ဘာလို့ ဒီလို အရေးကြီးတဲ့ အလောင်းကောက်တဲ့ တာ၀န်က ကျုပ်တို့စီရောက်လာတာလဲ။ ဒီကိစ္စကို အပြင်စည်း အကြီးအကဲတွေပဲ ဆောင်ရွက်တာမဟုတ်ဘူးလား” အရပ်ပုသော လူငယ်၊ ကျိုးစွန်းက မေးလိုက်သည်။
“သာမန်ဆိုရင်တော့ မင်းပြောသလိုပဲပေါ့။ ဒါပေမယ့် ဒီတစ်ခါက အနောက်က ကြိုးကိုင်ထားတာတွေပါတယ်။ မဟုတ်ရင် ဒီအခွင့်အရေးမျိုး ရမယ်လို့ မင်းထင်လို့လား” တောင့်တောင့်ဖြောင့်ဖြောင့်ဖြင့်၊ လျှိုကျန်းက ပြောရင်း ဘေးဘောင်ကို တစ်ချက် လှည့်ကာ စစ်ကြည့်လိုက်သည်။ ဘယ်သူမှ သူတို့ပြောတာ နားထောင်နေဟန်မရတော့မှ စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းကိုချလိုက်ကာ “ငါကြားတာတော့ သခင်လေး ၀မ်က ဒီကိစ္စဖြစ်ဖို့ စိတ်ဝိညာဉ်သလင်းကျောက် တော်တော်များများပေးလိုက်ရတယ်ကြားတယ်”
“ဒီလိုကိုး။ မထူးဆန်းတော့ပါဘူး…” ကျိုးစွန်း၏ မျက်လုံးများမှေးသွားသည်။ ထို့နောက် လက်နှစ်ဖက်ကို ပွတ်ကာ လေသံ တိုးတိုးဖြင့် “ဒါဆို ကျုပ်တို့က ဘယ်သူ့ အလောင်းကို ကောက်ရမှာ”
“စုရှောင်ရှန်” ဆက်လက်၍ အရှေ့ကိုသွားနေရင်းမှ လျှိုကျန်းက “ငါကြားတာတော့ မိုးတိမ်လေ ပြိုင်ပွဲကို ၀င်ပြိုင်ဖို့ အဆင့် (၃) ကနေ ချိုးဖျက်နိုင်အောင် သေခြင်း တံခါးပိတ်ကျင့်ကြံ သွားတယ်တဲ့။ ငါထင်တာမမှားရင် ဒီနေ့က နောက်ဆုံးရက်ဘဲ။ ဒါပေမယ့် အခုထိ သူထွက်မလာသေးတာကို ကြည့်ရင် သူသေနေလောက်ပြီ”
“အဆင့်(၃) ဟုတ်လား” ကျိုးစွန်း အံ့အားသင့်သွားသည်။ စုရှောင်ရှန်၏ ကျင့်ကြံခြင်းအဆင့်မှာ သူ့ထက် မသာပါချေ။ “အလောင်းကောက်တယ်ဆိုရင်လည်း အဆင့်(၃) ကျင့်ကြံသူမှာ ဘာတန်ဖိုးရှိတာ ရှိမှာမို့လို့လဲ။ ဒီတိုင်းထားလိုက်တာမှ ပိုကောင်းနေတယ်”
“မင်းသိတာဘာရှိလဲ” လျှိုကျန်း ထို ဂျပုကို ငေါက်လိုက်သည်။
“အဲ့ဒီစုရှောင်ရှန်က စိတ်ဝိညာဉ်နန်းတော်မှာ နေလာတာ သုံးနှစ်ပြည့်တော့မယ်။ သူ့မှာ ဘာမှ မရှိရင်တောင် သူ့ ခြံတစ်ခုတည်းက စိတ်ဝိညာဉ်သလင်းကျောက် ထောင်ချီတန်တယ်။”
“ဟာ… ဒီလောက်တောင် ချမ်းသာတယ်လား”
“ဟုတ်တယ်။ ပြီးတော့ သူ့မှာ အဆင့်(၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းလည်း ရှိတယ်ကြားတယ်”
ဤ အချင်းအရာကို ကြားသော် ကျိုးစွန်း၏ မျက်လုံးများ မျက်လုံးအိမ်မှ ပြုတ်ထွက်သွားမတတ် ပြူးကျယ်သွားသည်။
“အဆင့်ကိုး စိတ်ညာဉ်ဓား ဟုတ်လား”
“တိုးတိုးပြောဟ။” ကျိုးစွန်း အံ့အားသင့်သွားသဖြင့် ရုတ်တရက် အော်လိုက်မိသော စကားကို တစ်စုံတစ်ယောက်ကြားသွားမည်စိုး၍ လျှိုကျန်း ငေါက်လိုက်သည်။ သို့သော် နောက်ကျသွားချေပြီ။ သူဘယ်ညာ လှည့်ကြည့်လိုက်သော် အနားမှာရှိသည့် သူများ၏ မကျေနပ်သည့် အကြည့်များနှင့် ရင်ဆိုင်လိုက်ရသည်။ တဖန် သူ့ အဖော် ကို ထပ်ငေါက်လိုက်သည်။ စိတ်ထဲမှလည်း အခြားသူများမကြားမည်စိုး၍ ကြားအောင် အော်ပြောသလား သံသယဖြစ်မိ၏။
ထို့နောက် သူတို့နှစ်ယောက် စကားပြောရင်း ကုတ်ကုတ်ကလေးနှင့် လျှောက်လာကြသည်မှာ တိတ်ဆိတ်သော ခြံကလေးတစ်ခုရှေ့ရောက်သွားကြလေသည်။ ထို ခြံကလေးကို ကြီးမားသော အစီအရင် တစ်ခုက ဖုံးအုပ်ထား၏။
ရုပ်ချည်း ဦးဆောင်၍ လျှောက်လာသော လျှိုကျန်း၏ ခြေလှမ်းများ ရပ်တန့်သွားသည်။
“သူ့ခြံကလည်း ဝေးလိုက်… အ”
အနောက်မှ ကပ်လိုက်လာသော ကျိုးစွန်းတစ်ယောက် ရုပ်တရက် လျှိုကျန်းရပ်လိုက်သောကြောင့် သူ့ကို ၀င်တိုက်မိသွား၏။ နာကျင်သဖြင့် နဖူးကို ပွတ်နေရင်းမှ “ဂိုဏ်းတူအကို လျှို ခင်ဗျားဘာလို့ ရုပ်တရက်ကြီး ရပ်လိုက်…”
ခေါင်းတစ်လုံးစာပိုပုနေသောကြောင့် ကျိုးစွန်း သူတို့၏ အရှေ့ကို မမြင်ရပါချေ။ သို့သော် စကားပြောနေရင်း ဘေးသို့ရွှေ့လိုက်သည့် အချိန်မှ ရပ်ရသည့် အကြောင်းအရင်းကို သူသိလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော် ထို ခြံကလေး၏ အရှေ့တံခါး၀၌ လူဒါဇင်နှင့်ချီ၍ တင်ပြင်ခွေထိုင်နေသောကြောင့်ဖြစ်သည်။
သူတို့ တစ်စုံတစ်ဦးမှ စကားမပြောကြဘဲ တိတ်တိတ်ကလေးထိုင်ကာ ကျင့်ကြံနေကြ၏။ မည်သို့ကြည့်ကြည့် ဤ မြင်ကွင်းသည် အလွန် စည်းလုံးညီညွှတ်နေကြဟန်ပေါ်သည်။
“လူတွေအများကြီးဘယ်ကရောက်လာတာလဲဟ”
ကျိုးစွန်း အခြေအနေကို မခန်းမှန်းသဖြင့် ခေါင်းမော့၍ လျှိုကျန်းကို ကြည့်လိုက်ပြီး “ဂိုဏ်းတူအကိုပြောတော့ သခင်လေး ၀မ်က စိတ်ဝိညာဉ်ကျောက်တုံးတွေအများကြီးသုံးပြီးမှ ဒီအခွင့်အရေးရလာတာဆို ဒီလူတွေက ဘာတွေလဲ”
လျှိကျန်း စကားမပြောနိုင်တော့အောင် ဒေါသထွက်သွားပြီး ကျိုးစွန်း၏ခေါင်းကို ထုလိုက်သည်။ ထို့နောက် “မင်းသိတာဘာရှိလဲ။ ဒီလူတွေ လာဆော့နေတယ်ထင်လို့လား”
“ချီးပဲ။ သူတို့ သက်သက်ကျင့်ကြံနေတယ်ဆိုရင်တောင် တစ်နေရာရာမှာ သွားလို့ရတာကို ဒီမှာ လာစုနေမှတော့ သတင်းပေါက်ကြားသွားတာ ဖြစ်မယ်”
ကျိုးစွန်းက မှုန်သက်သက်မျက်နှာထားဖြင့် စိတ်ထဲမှ “ဒါဆိုရင်တောင် ကျုပ်အပေါ်တော့ ဒေါသ ပုံမချနဲ့လေ” ဟု တွေးလိုက်သည်။
ခြံကလေး၏အရှေ့၌ တင်ပြင်ခွေထိုင်ကာ ကျင့်ကြံနေသည့် သူများ လူ အသစ်များ ရောက်လာသည်ကို ခံစားမိ သောအခါ မျက်လုံးများဖွင့်ပြီး လျှိုကျန်းတို့ကို ကြည့်လိုက်သည်။ သူတို့၏ မျက်နှာထက်တွင် ပျော်ရွှင်သော အမူအရာများ ထွက်ပေါ်လာပြီး ပျော်ပျော်ကြီး စတင် စကားပြောလိုက်ကြ၏။
“ကြည့်စမ်းပါဦး နောက်ထပ် နှစ်ယောက်ထပ်ရောက်လာပြန်ပြီ။ ဒါပေမယ့် သူတို့နောက်ကျတယ်။ နေတောင် အတော်မြင့်နေပြီ”
“အဲ့တာ လျှိုကျန်းပဲကွ။ သူ့နောက်က ငပုက ဘယ်သူလဲ မသိဘူး။ ဂိုဏ်းသားအသစ်ဖြစ်မယ်။ အတွေ့အကြုံလာရှာတာနေမှာ”
“ဟျောင့် လျှို့ကျန်း။ မင်းတော်တော်ပျင်းတာပဲကွ။ ငါတောင် နေမထွက်ခင် ဒီကိုလာတာ ငါ့ထက် အရင် လူတွေ အများကြီး ကြိုရောက်နှင့်နေပြီ”
“ဟ… ငါမနေ့ညကတည်းကကွ”
“ငါဆို ဟိုး အရင်နေ့ကတည်းက လာတာ”
“ဟားဟား… ငါက လွန်ခဲ့တဲ့ (၃) ရက်လောက်ကတည်းကကွ”
ခြံကလေး၏ အရှေ့၌ ရုတ်ရုတ်သဲသဲ ချက်ချင်း ဖြစ်သွားသည်။ သူတို့ ကြွားပြောနေသလား ဘာလား လျှိုကျန်းမသိပေမယ့် လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက သူကြိုရောက်နှင့်နေပြီဟု တစ်စုံတစ်ယောက်ပြောသံကိုကြားလိုက်ရ၏။ ချက်ချင်းဘဲ အားလုံး ထိုသူကို အံ့ဩတကြီး ဝိုင်းကြည့်လိုက်ကြသည်။
လျှိုကျန်းခေါင်းမူးလာသလို ခံစားလိုက်ရသည်။ ထို့နောက် ဒေါသတကြီးဖြင့် “မင်းတို့က ဒီမှာ ဘာလာထိုင်လုပ်ကြတာလဲ”
“လျှိုကျန်း။ မင်းသိပါတယ်ကွာ။ ဒါပေမယ့် ပြောမရဘူး”
“ကြားချင်သပဆိုလည်း ငါတို့က ဒီကို အဆင့် (၉) စိတ်ဝိညာဉ်ဓားအတွက် ရောက်လာကြတာဟေ့”
လူတိုင်းသိနေသည့် သတင်းကို လူအများကြားမည်စိုး၍ တိုးတိုးနေဖို့ လျှိုကျန်းသူ့ကို တစ်လမ်းလုံးမှာလာသည်ကို ပြန်တွေးမိသောအခါ ကျိုးစွန်း ရယ်ချင်သောစိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည်။ သို့သော် သူ၏ ပုခုံးများ လှုပ်နေခြင်းကိုတော့ မတားနိုင်ပါချေ။
ပါးစပ်ဖွင့်၍ တစ်စုံတစ်ခုပြောမည်ကြံရာမှ လျှိုကျန်း၏ တင်းမာနေသော မျက်နှာထားကြောင့် စကားလုံးများကို ကျိးစွန်း ပြန်မျိုချလိုက်သည်။ လျှိုကျန်း၏ မျက်နှာထားမှာ မီးညှိုလိုက်၍ ပေါက်ကွဲတော့မည့် ဗျောက်အိုးအလား အလွန်အရုပ်ဆိုးနေ၏။
လျှိုကျန်းလည်း အဆုတ်များ ပေါက်ထွက်သွားမတတ် အော်ပစ်လိုက်ချင်စိတ်များပေါက်နေသည်။ ဆရာလေး ၀မ် စိတ်ဝိညာဉ်ကျောက်သလင်း ပမာဏ အများကြီးဖြင့် ဝယ်ထားသော သတင်းက အဘယ်ကြောင့် လူတိုင်းသိနေရပါသနည်း။
သူတို့ အဖွဲ့ထဲမှ လူ ပါးစပ်ဖွာခြင်း မဖြစ်နိုင်ကြောင်း သိသည့်အတွက် ဤလူများ အကြီးအကဲကို လာဘ်ထိုးထားသလားဟု အောက်မေ့လိုက်သည်။
ထို့ပြင် လူတစ်ယောက်သည်ပင် “ပြောမရ” ဟုဆိုလာခဲ့သည်။
သိက္ခာမရှိ၊ အရှက်မရှိ၊ အောက်တန်းကျကျ လူတိုင်းကို သတင်းရောင်းလိုက်သည့် အကြီးအကဲကို သူ စိတ်ထဲမှကျိန်ဆဲလိုက်သည်။
သူပြောချင်သည့်အရာများ လည်ချောင်းထဲမှ ထွက်မလာဘဲ ပါးစပ်ဟရက်ကြီး ဖြစ်နေသည်။ လျှိုကျန်းတို့နှစ်ယောက် ထိုလမ်းထိပ်တွင် သေသေကြီး ရပ်နေရင်းမှ စိတ်ထဲတွင်လည်း မနှစ်မြို့ဖွယ် နေရခက်သည့် ခံစားချက်ကြီးပေါ်လာတော့၏။
ခြံရှေ့တွင် ထိုင်နေကြသည့် သူများက ဤအရာကို သူတို့ ကိုယ်တိုင်ခံစားဖူးသည့်အတွက် သူတို့ကို သနားညှင်သာစွာကြည့်လိုက်ပြီး မြေပြင်ကို ကျွမ်းကျင်စွာ ပုတ်ပြ၏။
“လျှိုကျန်း။ လာ ဒီနားလာထိုင်”
“ရှက်မနေပါနဲ့။ မင့်ခြံလိုပဲ သဘောထားပါ”
“ဟီးဟီးဟီး” မထိန်းချုပ်နိုင်တော့သော ကျိုးစွန်း ရုတ်တရက်ကြီး အသံပြဲပြဲဖြင့် ထရယ်လိုက်သည်။
လျှိုကျန်း သူ့ကို ခေါင်းတစ်ချက်ထုလိုက်ရာ တကောင့်သားက လဲကျသွားသည်။ စိတ်ဓာတ်ကျသော အမူအရာဖြင့် ထိုင်နေသော သူများထံ လျှိုကျန်း သွားလိုက်သည်။ သို့သော် သွားနေရင်းမှ လမ်းတစ်၀က်၌ ရပ်ပြီး မယုံနိုင်သော အမူအရာဖြင့် ခြံကလေးကို ကြည့်လိုက်၏။
ခြံကလေးအား ဖုံးအုပ်ထားသည့် သဏ္ဌာန်မဲ့ အစီအယဉ် လှိုင်းများ ဂယက်ထလာသည်ကို သူတွေ့လိုက်သည်။ ထို့နောက် အစီအရင် ပွင့်သွားကာ ခြံကလေး၏ တံခါး၀ ပေါ်ထွက်လာသည်။
ခြံကလေးရှေ့ ထိုင်နေသော သူများလည်း ဤအချင်းအရာကို သတိထားမိသွားပြီး ချက်ခြင်း လှည့်ကြည့်လိုက်ကြသည်။ သူတို့ထဲမှ အချို့က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး
“ဘာလဲဟ အစီအရင်က မွန်းတည့် ချိန်မှ ပျောက်သွားမယ်လို့ သတင်းရထားတာ မဟုတ်ဘူးလား။”
“ဘယ်သူ အစီအရင်ကို ဖျက်လိုက်တာလဲ။ ဒါပေမယ့် ဒီမှာ ဘယ်သူမှ အစီအယဥ် အကြောင်း နားမလည်တာ။ လျှိုကျန်း မင်းလုပ်လိုက်တာလား.”
လျှိုကျန်း ချက်ချင်း ပြေးသွားပြီး ထိုသူကို ခေါင်းထုလိုက်ရာ မြေပြင်ပေါ်သို့ ပုံလျှက်သား လဲကျသွားသည်။ မည်သို့ပြောလိုက်သည်နည်း။ ခြံနှင့် အလွန်ဝေးသော အကွားအဝေး၌ သူ ရှိနေခြင်းဖြစ်သည်။ အဘယ်သို့ သူ ဤ အစီအရင်ကို ပယ်ဖျက်နိုင်ပါမည်နည်း။
‘ပြီးတော့ မင်းတို့ကောင်တွေ ငါ့ကို သိသလိုခေါ်နေကြတာ မင်းတို့ တစ်ကောင်မှ ငါမသိဘူး’ ဟု နောက်ဆက်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။
လျှိုကျန်း သူနှင့် ရင်းနှီးသလို ဆက်ဆံနေသော ဒီလူတွေကြောင့် ပြောစရာစကားများပျောက်ရှသွားသည်။ သို့သော် ယခု ဤအရာကို အရေးပေနေရမယ့် အချိန်မဟုတ်ပေ။ သို့အစား ခြံကလေး၏ တံခါး၀ကို သူအာရုံစိုက်လိုက်သည်။
ကျွီ….
အတွင်းဘက်မှ တံခါးကို တွန်းဖွင့်လိုက်ရာ အနက်ရောင်ဓားတစ်ချောင်းကို လက်နှစ်ဖက်ကြားတွင် ပိုက်၍ထွက်လာသော အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် အိပ်ချင်နေသော မျက်လုံး ကျဥ်းဖြင့် သူတို့ကို ကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရ၏။
“မင်းတို့ သူများခြံရှေ့မှာ မနက်စောစောစီးစီး ဘာလို့လာပြီး ဆူညံနေကြတာလဲ။ သူများတွေ အိပ်နေတယ်ဆိုတာ နားမလည်ကြဘူးလား”
စုရှောင်ရှန် တစ်ယောက် ဤလူများကြောင့် စိတ်အနှောက်အယှက်ဖြစ်နေ၏။ သူယခင်ညက အပြင်းအထန်လေ့ကျင့်ရန် ဆုံးဖြတ်ချက်ချပြီးမှ အသက်ရှူခြင်းသည် သူ့အတွက် လေ့ကျင့်ခြင်းပင်ဖြစ်ကြောင်း စဉ်းစားမိလိုက်သည်။ လူတိုင်း အိပ်နေချိန်ပင်လျှင် အသက်ရှူကြသည်မဟုတ်ပါလား။ ထို့ကြောင့် အိပ်ယာထက်သို့ ကျေနပ်စွာ မျက်နှာကပ်လိုက်သည်။
သို့သော် ခြင်တစ်ကောင်ကို မတော်တဆ သတ်မပြီးနောက် နောက်တစ်ကောင် ထပ်ပေါ်လာမည်ဟု သူမထင်ထားချေ။ ထိုတစ်ကောင်ကို သတ်ပြီးနောက် နောက်(၃) ကောင် ထပ်ပေါ်လာသည်။
ဤသို့ဖြင့် ခြင်သံသရာထဲတွင် အလွန်ကြာညောင်းစွာ သူကိုင်တိုင်က တမင်သက်သက် ဆင်းရဲဒုက္ခခံပြီးမှ ခေါင်းချ၍ အိပ်မက်ထဲသို့ ၀င်ခါစရှိသေး ဤလူများ၏ ဆူညံသံကြောင့် သူ ဆတ်ကနဲ နိုးသွား၏။
ခြံ၏ ပတ်ပတ်လည်၌ အသံကာသည့် အစီအရင် ရှိသော်လည်း ထို အစီအယဉ်က အဆင့်မမြင့်ပါချေ။
အသံများကိုလစ်လျူရှူ၏ အိပ်ရန်ကြိုးစားသော်ငြား ထိုလူများက တစ်စထက် တစ်စ ပိုပို၍ ကျယ်လာကာ အဆုံး သူ သည်းမခံနိုင်တော့ပေ။
ထို့ကြောင့် အိပ်ယာမှ ထကာ ဓားနက်ကို ကောက်ကိုင်၍ ထွက်လာခဲ့ခြင်းဖြစ်သည်။
သူလည်း မအပေ။ အပြင်စည်း၌ (၃) နှစ်ကြာအောင် နေလာခဲ့သော စုရှောင်ရှန်အဖို့ ဤလူများ၏ ရည်ရွယ်ချက်ကို ခန့်မှန်းရန် မခက်ခဲပါချေ။ သူသေတော့မည်ဟု ထင်မှတ်၍ သူ၏ ပစ္စည်းများအား အလောင်းကောက်ရင်း အပိုင်သိမ်းရန် လာကြမှန်းသူသိသည်။
ကံဆိုးသည်မှာ နဂိုမူလပိုင်ရှင်ကအမှန်တကယ်သေသွားသော်လည်း သူ့နေရာကို အစားပြန်၀င်မည့် သူ ရောက်လာခြင်းပင်။
တံခါးစောင်းလေးပေါ် မှီလိုက်ရင်း စုရှောင်ရှန်က “လူ တွေ စည်းကားနေလိုက်ကြတာ။ အလှူခံဆိုရင် တော့ ကန်တော့ပါသေးရဲ့ အိမ်မှာ လူကြီး တွေမရှိဘူး” ဟု ဖဲ့ပြောလိုက်သည်
သို့သော် သူပြောသည်ကိုမကြားသည့်အလား လူတိုင်း သူ့ကို အံ့အားသင့်သော အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
‘စုရှောင်ရှန်လား။’
‘မသေတဲ့အပြင် အဆင့်ချိုးဖောက်သွားတယ်တဲ့လား’
အစသဖြင့် မေးခွန်းများက သူတို့၏ ခေါင်းထဲ၌ ပြည့်နေကြ၏။ ပါရမီမပါဘဲနှင့် ကျင့်ကြံခြင်းလမ်းစဉ်၌ အဝေးသို့မရောက်နိုင်ပေ။ အပြင်စည်း၌ (၃) နှစ်နီးပါးနေလာသော စုရှောင်ရှန်ကို လူတိုင်းသိသည်။ အထူးသဖြင့် သူ၏ အဆင့်(၃) တွင် ခံနေသော ပါရမီ ကြောင့်ဆိုင်လျှင် ပိုမှန်မည်။ သို့သော် ယခု အဘယ်ကြောင့် တံခါးပိတ်ကျင့်ကြံရင်း သူ အဆင့်ချိုးဖောက်သွားနိုင်ပါသနည်း။
ကံကောင်းခြင်းပေလော။ သို့ဆိုလျှင် မည်မျှ ကံကောင်းလိုက်ပါသနည်း။
“စုရှောင်ရှန်… ဟုတ်တယ်မလား”
“မင်း… မင်းမသေဘူးနော်”
“ဘာဖြစ်သွားတာလဲ။ မင်း… အဆင့် ချိုးဖျက်ပြီး အဆင့် (၄) ကို ရောက်သွားတာလား”
စုရှောင်ရှန် စကားပြောရန် ပါးစပ်ဟလိုက်သည်။ သို့သော် သူ့စိတ်ထဲတွင် အသိပေးချက် ဖန်သားပြင် ပေါ်လာသောကြောင့် ရပ်တန့်လိုက်၏။
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်အမှတ် + ၁၂]
စုရှောင်ရှန်ပျော်သွားသည်။ ယခင်ညက ပင်ကိုယ်အမှတ်ရအောင် သူ၏ အသွေး၊ အသားဖြင့် ခြင်များ လာကိုက်စေရန် ကြိုးစားခဲ့ရသည်။ သို့သော် ထို ခြင်များက ထင်ထားသလိုလာမကိုက်သောကြောင့် နည်းလမ်းရှာရင်း သူ စိတ်ရှူပ်ခဲ့ရသည်။ ယခု ကြည့်ရသည်မှာ အတိုက်အခိုက်ခံ၍မှ ပင်ကိုယ်မှတ်ရသည်မဟုတ်။ သို့ပြင် အမှတ်များမှာ (၁) မှတ်တည်းမဟုတ်ဘဲ ထပ်နိင်သည်ကိုလည်း သိလိုက်ရသည်။
ဖြစ်နိုင်သည်မှာ သူသည် စကားဖြင့်သော်လည်းကောင်း၊ ကိုယ်ထိလိုက်ရောက်သော်လည်းကောင်း ခံရသူ နေရာတွင်ရှိပါက ပင်ကိုယ်အမှတ်များ ရရှိနိုင်သည်လော။
ယခု သူရရှိလိုက်သော အမှတ်နှင့် ယခင်ည ခြင်ကိုက်ခံ၍ ရရှိသော အမှတ်တို့ကိုပေါင်းလိုက်ပါက ယခု သူ့တွင် အမှတ်ပေါင်း (၁၈) မှတ်ရှိပြီဖြစ်သည်။
သို့သော် ခြင်ကိုက်ခံ၍ ရသည့်အမှတ်မှာ အမြဲတမ်း (၁) မှတ်သာဖြစ်သည်။ အဘယ်ကြောင့် သူ့အား သူများ မယုံသင်္ကာဖြစ်သည်မှ (၁၂) မှတ်ကြီးတောင်ရပါသနည်း။
စုရှောင်ရှန် စဉ်းစားမရသဖြင့် ခေါင်းကို တဗျစ်ဗျစ် ကုတ်လိုက်သည်။ ထို့နောက် ရှိနေသော လူများကို ကြည့်၍ ရေတွက်ကြည့်လိုက်ရာ စုစုပေါင်း(၁၇) ယောက် ရှိနေ၏။
‘ကြည့်ရတာ ဒီလူတွေထဲက (၁၂) ယောက်က ငါ့ကို မယုံတဲ့ သဘောလား။’
ကျိုးစွန်း နောက်ဆုံး၌ လျှိုကျန်းအနားသို့ ရောက်လာသည်နှင့် တပြိုင်နက် “အဲ့တာ စုရှောင်ရှန်လား” ဟုမေးခွန်းထုတ်လိုက်သည်။
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်အမှတ် + ၁]
စုရှောင်ရှန် ပျော်သွားသည်။ ကျင့်ကြံသူဖြစ်တာနှင့်အညီ သူ၏ အကြားအာရုံသည်လည်း အလွန်ကောင်းပေသည်။ ထို့ကြောင့် ဤ အလောင်းကောက်သူများထဲမှ လူတစ်ယောက်သည် မည်သူ့ အလောင်းကောက်ရန်လာမှန်းပင်မသိသည်ကို သူသိလိုက်ရသည်။
ဓားနက်ကို ပုခုံးပေါ်တင်ရင်း သူ ခြံအရှေ့သို့ ထွက်လိုက်သည်။ ခြံအရှေ့မှ လူတစ်စုသည် ဤအချင်းအရာကို မြင်သော် နောက်သို့ ပြိုင်တူ ဆုတ်လိုက်ကြ၏။
စုရှောင်ရှန်တစ်ယောက် သူ တံခါးပိတ်ကျင့်ကြံရန် မည်မျှ စိတ်အားထက်သန်ကြောင်းကို ဖော်ပြရန်အတွက် သူ့တွင် ရှိသည့် စိတ်ဝိညာဉ်သလင်းကျောက် အားလုံးကို အသုံးပြုကာ အဆင့် (၉) စိတ်ဝိညာဉ်ဓားတစ်ချောင်းကို ၀ယ်ခဲ့၏။
ဤဓားကို “တိတ်တခိုး နာကျင်ခြင်း” ဟု သူအမည်ပေးထားသည်။ ရည်ရွယ်ချက်မှာ သူ၏ နာကျင်မှုများ၊ ခံစားချက်များကို သျှိုဝှက်ထားသည်ကို ပြလိုသောကြောင့်ဖြစ်သည်။ အဆင့်ချိုးဖျက်၍ အဆင့်မတက်နိုင်ခဲ့ပါက ဤဓားနှင့်အတူ သေဆုံးရန်အထိ ပင် သူစီစဉ်ထား၏။
သို့သော် ယခုတော့ သူအောင်မြင်စွာ အဆင့်တက်သွားခဲ့သည်။ (၃) နှစ်တာ သူကျင့်ကြံလာခဲ့သော်လည်း (၁) ကွက်တည်းသာ တတ်သည့် အဖြူရောင်တိမ်တိုက် ဓား နည်းစနစ်ဖြင့် ဤအဆင့်(၉) စိတ်ဝိညာဉ်ဓားတို့ကို ပေါင်းလိုက်လျှင် ဤလူများစုပေါင်းတိုက်ခိုက်ခြင်းကိုပင် သူခံကောင်း ခံနိုင်လိမ့်မည်။
ယခုလာသော လူများထဲ၌ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးမှာ စိတ်ဝိညာဉ် ကျင့်ကြံခြင်း နယ်ပယ် အဆင့် (၅) သာ ရှိသော လျှိုကျန်းဖြစ်သည်။ ထို ရွှေဇွန်းကိုက်၍ မွေးလာသော သခင်လေးများကတော့ သိက္ခာ အကျခံကာ သူ၏ အလောင်းကို လာကောက်လိမ့်မည် မဟုတ်ချေ။
လူတစ်စုလည်း စုရှောင်ရှန် ခြေတစ်လှမ်းလှမ်းသည်နှင့် တစ်ပြိုင်နက် နောက်သို့ ခြေတစ်လှမ်း ညီညာစွာ ဆုတ်ကုန်ကြ၏။
ဓားတစ်လက်ကို ကိုင်ထားသော လူတစ်ယောက်က လူတစ်ဖွဲ့လုံးကို ကြက်သေ သေသွားစေ၏။
“ဟမ့်… ငါစုရှောင်ရှန်ရဲ့ အလောင်းကို ကောက်ဖို့ မင်းတို့လို လက်ပါးစေတွေကိုပဲလွှတ်လိုက်တာလား။ ဘာလို့ မင်းတို့နောက်က ဆရာလေးတွေ ကမ္ဘာလေးတွေ ကိုယ်တိုင်လာ မကောက်တာလဲ”
ကျင့်ကြံခြင်းရော အတွေ့အကြုံပါ ယှဉ်လျှင် စုရှောင်ရှန်အဖို့ အပြင်စည်း၌ (၃) နှစ်တာ နေခဲ့ပြီး ဖြစ်သောကြောင့် သူအကြီးဆုံးဖြစ်သည်ဟု ပြောလျှင်လည်းမမှားချေ။ လူတိုင်းသူ့ကို ဂိုဏ်းတူအကို ခေါ်ရလောက်အောင်ကြီးသည်။
သို့မဟုတ်ပါက အဘယ်သို့ ကိုယ်ပိုင် ခြံနှင့် စိတ်ဝိညာဉ်ဓား ပိုင်ဆိုင်နိုင်ပါမည်နည်း။
သူ့ထက်ပိုကြမ်းသောလူများသည်တော့ စစ်မှန်ခြင်း နယ်ပယ် အဆင့်သို့ ရောက်ကုန်ကြပြီး အတွင်းစည်းသို့ ရောက်သွားကြပြီဖြစ်သည်။ ထို့ကြောင့် အပြင်စည်း၌ ကျန်ခဲ့သော ဆရာကြီး အများစုကလည်း သူ့ စကားဆို နားထောင်ကြသည်။
ဤအချင်အရားများကြောင့် သူ့ကို မည်သူမျှ ပြန် ခံ မပြောရဲချေ။ သူ့ထက် အဆင့် တစ်ဆင့် ပိုမြင့်သော လျှိုကျန်းပင်လျှင် စုရှောင်ရှန်၏ ပုခုံးပေါ် တင်ထားသော ဓားနက်တွင် စိတ်ဝိညာဉ်စွမ်းအင်များ စုစည်းတောက်ပလာသည်ကိုတွေ့သောအခါ ပါးစပ်ပိတ်နေလိုက်၏။
“သွားကြစမ်း။ မင်းတို့လာတဲ့ စီကို ပြန်သွားကြ။ မင်းတို့ကို ဒီမှာ မကြိုဆိုဘူး” ခွေးများကို နှင်ထုတ်နေသည့်အလား စုရှောင်ရှန် သူတို့ကို လက်ရမ်းပြလိုက်သည်။
ထိုအဖွဲ့လည်း စုရှောင်ရှန် ထွက်လာသည်နှင့် တစ်ပြိုင်နက် သူတို့ကို စော်စော်ကားကား ပြောလိမ့်မည်ဟု မထင်မှတ်ထားချေ။ သို့သော်လည်း တစ်ယောက်မှ ပြန်ခံမပြောရဲဘဲ စိတ်ထဲမှ ကျိန်ဆဲကာ လှည့်ထွက်သွားကြ၏။
“ဂိုဏ်းတူအကိုလျှို ကျုပ်တို့လည်း ဒီလိုပဲ လှည့်ထွက်သွားရမှာလား” ကျိုးစွန်း လေသံဖျော့ဖျော့ဖြင့် မေးလိုက်သည်။
လျှိုကျန်းသူ့ကို ဘာမှ ပြန်မပြောဘဲ စုရှောင်ရှန်ကိုသာ စိုက်ကြည့်နေ၏။ သူသည်လည်း ဤ ရလဒ်ကို မကျေနပ်သော်လည်း စုရှောင်ရှန်ကို ကိုယ်တိုင် သွားသတ်၍ အလောင်းကောက်လို့ရသည်မဟုတ်ပေ။
စိတ်ဝိညာဥ်န်နန်းတော်အတွင်း၌ ကိုယ်ရေးကိုယ်တာ တိုက်ပွဲများမလုပ်ရန် ပိတ်ပင်ထားသည်။ ထို့ပြင် သူကိုယ်တိုင်သည်လည်း စုရှောင်ရှန်နှင့် သွားချလျှင် အနိုင်ရရှိမည်ဟု မသေချာပေ။
“သွားစို့…” သက်ပြင်းချလိုက်ပြီး ထိုလူတစ်စုနှင့်အတူ ထွက်ခွာရန် ပြင်လိုက်သည်။
“နေဦး… မသွားနဲ့ဦး”
တစ်စုံတစ်ခုကို အမှတ်ရလိုက်သည့်အလား စုရှောင်ရှန် သူတို့ အနောက်မှ အော်လိုက်သည်။
လူတိုင်း သူဘာပြောချင်မှန်းမသိ သူ့ကို လှည့်ကြည့်လိုက်ကြသည်။ စုရှောင်ရှန်တစ်ယောက်ရုတ်တရက်ကြီး ဓားကို မြေပြင်ပေါ်စိုက်လိုက်ပြီး “မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်းသွားရအောင် ငါ့ကို ဒေါသမရှိတဲ့ သူတော်စင်မှတ်နေကြတာလား”
လူတိုင်း သူပြောတာကြားပြီး ဒေါသထွက်သွားကြသည်။ သူတို့ ဤနေရာတွင် အချိန်အတော်ကြာအောင် လာရောက် စောင့်ဆိုင်းပြီးမှ လက်ဗလာနဲ့ ပြန်သွားရသည့်အတွက် စိတ်မကြည်ဖြစ်နေပြီး ဖြစ်သည်။ ယခု ဘာမျှမပြောဘဲနှင့် လှည့်ထွက်သွားရန်ပြင်တော့မှ စုရှောင်ရှန်တစ်ယောက် ထပေါက်ကွဲ၏။ သူဘာလိုချင်နေသနည်း။
“အဲ့တော့ မင်းဘာဖြစ်ချင်လို့လဲ” လျှိုကျန်း မျက်မှောင်ကျုတ်ပြီး မေးလိုက်သည်။ ဤလူ(၁၇) ယောက်လုံး စုရှောင်ရှန်ကို ဆွမ်းကြီး၀ိုင်းလောင်းကြလျှင် သူ့ကိုယ်သူ ကာကွယ်နိုင်မည််မဟုတ်ပေ။ တံခါးပိတ်ကျင့်ကြံတာလွန်ပြီး ရူးသွားလေရောဟု တွေးမိလိုက်သည်။
စုရှောင်ရှန် နှာခေါင်းရှုံ့၍ “ဘာမှမဟုတ်ပါဘူး။ စိတ်မဆိုးကြပါနဲ့။ ငါက မေးခွန်းတစ်ခု မေးချင်လို့ပါ”
လူတစ်ခု တိတ်ဆိတ်နေခြင်းကို မြင်လျှင် စုရှောင်ရှန် မျက်နှာသေကြီးဖြင့် “ငါအဆင့်(၄) ကိုချိုးဖောက်သွားပြီလို့ပြောရင် မင်းတို့ယုံလား” ဟု ပြောလိုက်သည်။
သူ့စကားကိုကြားလိုက်ရသော လူတိုင်း ကြက်သေသွေား၏။ လူတိုင်းကို ရပ်တန့်ပြီးမှ ဤသို့ ပေါတောတော မေးခွန်း မေးရသည်လော။ သို့သော် ဤနေရာမှ အမြန်ဆုံးထွက်သွားနိုင်ရန်အတွက် သူမေးသည်ကို ဖြေလိုက်ကြသည်။
“ယုံပါတယ်။ ယုံပါတယ်”
“ဟုတ်တယ်။ ငါတို့ တို့ ယုံပါတယ်”
“အဆင့် (၄) ကိုတောင်ရောက်သွားပြီလား။ မင်းစောက်ရမ်းတော်တာပဲ။ ငါတို့အခု သွားတော့မယ်နော်”
ဤတစ်ခါတော့ စုရှောင်ရှန် ကြက်သေသေသည့် အလှည့်ဖြစ်သည်။ လူတိုင်း အဘယ်ကြောင့် ဤသို့ ပြုမူနေသနည်း။
‘မဟုတ်ဘူးလေ။ ငါ့ကို သံသယဖြစ်ရမှာ။ မင်းတို့ ငါ့ကို မယုံသင်္ကာဖြစ်ရမှာလို့…’ဟု စိတ်ထဲ၌ အော်ပြောလိုက်သည်။ ပင်ကိုယ်အမှတ်များ ရနိုင်မည်လားဟူသော အကြံရလာကာမှ လူတိုင်း သူ့ကို လာယုံနေကြသည်။
စိတ်မရှည်ဖြစ်နေကြပြီဖြစ်သော ထွက်ခွာတော့မည့် လူတစ်စုကို တစ်ကြိမ်ပြန်ကြည့်ရင်း အကြံတစ်ခု သူရသွားသည်။ မြေပြင်၌ စိုက်ထားသော ဓားကို ပြန် ကောက်ယူလိုက်ပြီး မတ်မတ်ရပ်ကာ “မင်းတို့ကို ငါမဖုံးကွယ်တော့ပါဘူး။ တကယ်က ငါ အဆင့် (၅) ထိပါ ရောက်သွားတာ…”
“မဖြစ်နိုင်တာ”
“ဟီးဟီး။ ဂိုဏ်းတူအကိုစု။ ခင်ဗျားနောက်တတ်တယ်နော်”
လူတိုင်းသူတို့ထင်ရာ ပြောလိုက်ကြသည်။ မျက်စိကန်းနေကြသူများမဟုတ် သဖြင့် စုရှောင်ရှန်ထံမှ အဆင့် (၅) မဟုတ်ဘဲ အဆင့်(၄) အရှိန်အဝါသာ ထုတ်လွှတ်နေမှန်း သူတို့ တွေ့ကြ၏။
မျက်မြင်ဖြစ်နေတာတောင် လိမ်လည်နိုင်သည်။ ဂိုဏ်းတူအကိုအကြီးဆုံးဟု မဆိုရပေ။
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်အမှတ် +၁၅]
ပင်ကိုယ်အမှတ်မည်သို့ စုဆောင်းရမည်နည်း သိသွားသည့်အတွက် သူပျော်သွားသည်။
ပင်ကိုယ်မှတ် (၁၅) သာရရှိသည်ကိုကြည့်လျှင် ထိုသူများထဲမှ ငတုံး (၂) ကောင် သူပြောတာကို ယုံကြည်မှန်းသိလိုက်သည်။
“ဟီးဟီး။ တကယ်တော့ အဆင့်(၅) မဟုတ်ဘူး ငါအဆင့် (၆) ရောက်သွားတာ…”
[သံသယအ၀င်ခံရပါသည်။ ပင်ကိုယ်အမှတ် +၁၇]
ဤလူများထံမှ ဤနည်းဖြင့် ပင်ကိုယ်အမှတ်များ ရိပ်သိမ်းရန် သူဆုံးဖြတ်လိုက်သည်။
လက်နှစ်ဖက်ကို ဆန့်ကျဲ၍ “ကဲပါကဲပါ ငါမူမနေတော့ဘူး။ တကယ်က ငါ အဆင့်(၇) ရောက်သွားတာ…”
ထိုလူတစ်စု၏ နဖူးများပေါ်၌ သွေးကြောများထောင်ထလာကြသည်။ ဤစုရှောင်ရှန်သူတို့အား ငတုံးတွေဟု ယူဆ၍သော်လည်းကောင်း အကြောင်းပြချက်ရှိရှိသော်လည်းကောင်း ဤသို့ ပြုမူနေသည်လော။
[သံသယအဝင်ခံရပါသည်။ ပင်ကိုယ်အမှတ် +၁၃]
‘ဟမ်… ဘာလို့ အမှတ်တွေကျသွားတာလဲ။”
အသိပေးချက် ဖန်သားပြင်၌သာ အာရုံရောက်နေသော စုရှောင်ရှန်တစ်ယောက် သူတို့၏ မဲမှောင်လာသော မျက်နှာ အမူအရာများအား သတိမထားမိပါချေ။ ချက်ချင်းလက်ငင်းပဲ ထပ်၍ “ငါ တကယ်ပြောတာ မနောက်ဘူး။ တကယ်က ငါ အဆင့်(၈)ကို ရောက်…”
“စုရှောင်ရှန်… မင်းတရားလွန်သွားပြီ”
“ငါတို့ကို သတ်ချင်သတ်လိုက်။ မစော်ကားနဲ့ကွ”
“ညီအကိုတို့ အဲ့ကောင်ကို ချကွာ”
ထိုလူ (၁၇) ယောက်၏ ဒေါသထွက်နေသော မျက်နှာများကို မြင်၍ အသိစိတ်ပြန်၀င်လာသော စုရှောင်ရှန် မှင်သက် သွားသည်။ သို့သော် ချက်ချင်းဘဲ ခြံထဲကို ပြေး၀င်ပြီး တံခါးကို စောင့်ပိတ်လိုက်၏။ အစီအရင်ကိုလည်း အသက်ပြန်သွင်းလိုက်လေသည်။
‘သူငယ်ချင်းတို့ ငါမေးခွန်းလေး နည်းနည်းပဲ မေးတာပါကွာ ဘာလို့ မင်းတို့က ထပေါက်ကွဲကုန်ကြရတာတုန်းဟ’