Switch Mode

Chapter – 1

အနက်ရောင် လှည်းဘီး

အပိုင်း ၁ : အနက်ရောင် လှည်းဘီး

“‌ချီး”

စုရှောင်ရှန်တစ်ယောက် မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါ အရာအားလုံးပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။

သူမြင်လိုက်ရ‌သော၏မြင်ကွင်းများမှာ ပင့်ကူအိမ်များဖြင့် ပြည့်နေသော မျက်နှာကျက်၊ ဖုန်များကပ်နေသော သစ်သားစားပွဲတစ်လုံး၊ မီးစာကုန်သွားသော ဖယောင်းတိုင်နှင့် သန်မာသော စိတ်ဝိညာဉ် အရှိန်အဝါရှိနေသည့် ဓားနက်တစ်လက်ပဲဖြစ်သည်။

ဤအခန်း၏ အပြင်အဆင်သည် ဆေးရုံး မှ အခန်းအပြင်အဆင်နှင့် လုံးလုံးကြီးကွဲပြားနေသည်။

စုရှောင်ရှန် ခေါင်းကိုကုတ်ကာ ဘာဖြစ်နေမှန်းမသိ စဉ်းစားကြည့်လိုက်သည်။ သုံးနှစ်တာ ခုခံတိုက်ခိုက်လာသော ရောဂါထံတွင် အရှုံးပေးလိုက်ရခြင်းကိုသာ မှတ်မိနိုင်၏။

နာကျင်မှုများ မရှိတော့၍ ကောင်းကင်ဘုံသို့ လက်ပြနှုတ်ဆက်ကာ သွားရမည်ဆိုလျှင်ပင် သူ့ဘ၀ကိုသူ အနည်းငယ်တော့ နာကျဉ်းမိသည်။

အဘယ်ကြောင့် အခြားသူများသာ ပြီးပြည့်စုံသော ဘ၀ကိုရရှိကာ သူသည်တော့ ၉နှစ်တာ မပျက်မကွက် စာကြိုးစားပြီးမှ ဆေးရုံနှင့် ညားရသနည်းဟု ကံကြမ္မာကြီးကို သူမေးခွန်းထုတ်မိသည်။

‌ကျောင်းနှင့် ဆေးရုံ။ ဤ‌ နေရာနှစ်ခုသည် အခြားသူများအတွက် မနှစ်မျို့ဖွယ် စကားလုံးများဖြစ်သည်။ ကံဆိုးသည်မှာ သူ၏တစ်ဘ၀လုံး ဤနှစ်နေရာ၌သာ ကုန်ဆုံးခဲ့ရခြင်းပေ။

အခုကစရ၍တော့…။

ရင်းနှီးသလိုလိုရှိသော သူ၏ မရင်းနှီးသော အခန်းအား တစ်ချက် လှည့်ပတ်ကြည့်လိုက်ကာ သူ၏ လက်ကို ဆိတ်ကြည့်လိုက်သည်။ နာကျင်မှုက ထင်ထားသလို ရောက်မလာပေ။

“ဘယ်နတ်ဘုရားကများငါ့ကို သနားလို့လဲမသိဘူး ငါ့ကို တစ်ခြားကမ္ဘာကို ဘာနာကျင်မှုမှ မခံစားရဘဲ အိပ်နေရင်း ပို့လိုက်တယ်”

စုရှောင်ရှန် ၏ အကြည့်က စားပွဲခုံအနားက‌ ကြေးမှန်ပေါ်သို့ ကျရောက်သွားသည်။

အသက်(၁၈) နှစ်သာ ရှိဟန်ရပြီး ချောမောသော်လည်း နေနှင့်မထိတွေ့တာ အလွန်ကြာမြင့်သည့်အလား မျက်နှာက ဖျော့တော့တော့ဖြစ်နေသည်။ ချွန်ထက်‌ သော နှာတံနှင့် သူ၏ပါးပြင်နှစ်ဘက်၌ ၀က်ခြံအနည်းငယ်ရှိနေသည်။ နှုတ်ခမ်းများသည်လည်း ခြောက်ကပ်ကာ အက်ကွဲရာများပေါ်နေ၏။

“မဆိုးဘူးပဲ။ အဟာရပြန်ဖြည့်ပြီး အသားနည်းနည်းညိုအောင် နေပူစာခံလိုက်မယ်ဆိုရင် ငါပို‌ကြည့်ကောင်းလာမှာ။ အထူးသဖြင့် ဒီ၀က်ခြံတွေပဲ…”

စုရှောင်ရှန် နှုတ်ခမ်းကိုလျှက်ပြီး အရေခွံခြောက်များကို ပွတ်ချလိုက်သည်။ ဤသို့ ဖျော့တော့တော့နှင့် သေတော့မည့်ဟန် အဘယ်ကြောင့် ပေါက်နေသည်ကို သိရအောင် သူ စဉ်းစားကြည့်သည်။

အဖြစ်မှန်မှာ ဤကောင်လေးက ထျန်းစန်း ဝိညာဉ်နန်းတော်မှ အပြင်စည်းဂိုဏ်းသားတစ်ယောက်ဖြစ်၏။ သို့သော် ကံဆိုးစွာဖြင့် သူသည် ပါရမီမပါပေ။ သုံးနှစ်ကြာအောင် ကျင့်ကြံပြီးသည်တောင် စိတ်ဝိညာဉ်ကျင့်ကြံခြင်း အဆင့် (၃) ၌သာ ရှိနေသေးသည်။ ထို့ကြောင့် မိုးတိမ်လေ ပြိုင်ပွဲ၌ ပါရောက်၀င်ပြိုင်နိုင်ရန်အတွက် ကျင့်ကြံခြင်းအဆင့်ချိုးဖောက်ရန် သေခြင်းပိတ်ကျင့်ကြံမှု ပြုလုပ်တော့သည်။

မအောင်မြင်မဲ့အစား အသေသာ ခံမည်ဟူသော စိတ်ဖြင့် လုပ်ဆောင်ခဲ့ခြင်းပေ။

သို့သော် အဆုံး၌ ကြွေလွင့်သွားရသည်သာ…။

စုရှောင်ရှန်ခေါင်းခါလိုက်သည်။ နဂိုမူလပိုင်ရှင်သည် သုံးနှစ်တာလုံး ကျင့်ကြံခြင်းအဆင့်မချိုးဖောက်နိုင်သည့်အတွက် ကဲ့ရဲ့ခြင်းများ၊ မထီမဲ့မြင်ပြုခြင်းများကို ခံလာရသဖြင့် နှလုံးသားထဲ၌ သေဆုံးပြီးသားသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံခြင်းအဆင့် (၄) သို့ မရောက်နိုင်မှန်းသိသော်လည်း ဤဆုံးဖြတ်ချက်ကို ချခဲ့၏။

ဤတံခါးပိတ်ကျင့်ကြံခြင်းမှာ ဤလောကမှ ထွက်ခွာသွားရန်အတွက် ရည်ရွယ်ချက်နှင့် ဆင်ခြေတစ်ခုသာဖြစ်သည်။

ကမ္ဘာနှစ်ခုခြားကာ ကြုံတွေ့ရသော ပြဿနာမတူတော်လည်း သူတို့နှစ်ယောက် တူညီသည်ဟု စုရှောင်ရှန် ခံစားမိသည်။ စုရှောင်ရှန်သည် ရုပ်ပိုင်းဆိုင်ရာ နေမကောင်း မကျန်းမာမှုကို ခံစားရကာ ဤလူငယ်လေးသည်တော့ စိတ်ပိုင်းဆိုင်ရာဖြစ်သည်။

သူတို့နှစ်ယောက်လုံး၏ ဘ၀များမှာ အလွန်ပင် ၀မ်းနည်းစရာကောင်းပေ၏။

‘ဒါတွေထားပါ။ ကောလဟာလနဲ့ ရှုတ်ချချက်တွေကို ဘာဂရုစိုက်နေရမှာလဲ။ ငါအခုဒုတိယ အခွင့်အရေးကို ရလာတာပဲ ကျေးဇူးတင်ရမယ်။’ စုရှောင်ရှန် တွေးတောလိုက်သည်။ ထို့နောက်ဆက်လက်၍ သူ၏မှတ်ဉာဏ်များကို မွှေနှောက်လိုက်သည်။ အတိတ်အကြောင်းကိုပို၍ သိလာရသလို သူ၏ မျက်နှာလည်း ပို၍ မဲမှောင်လာခဲ့၏။

ဖြစ်ချင်တော့ မိုးတိမ်လေ ပြိုင်ပွဲသည် (၃) နှစ်တစ်ခါ ကျင်းပသော ထူးခြားသည့် ပြိုင်ပွဲဖြစ်နေသည်။ နဂိုမူလပိုင်ရှင် မည်မျှ ညံ့သည်ဆို (၂) နှစ်တာမျှ ဘိတ်ချေးနေရာကို ပြိုင်ဘက်မရှိ ဆက်ခံလာသူဖြစ်နေ၏။ အကယ်၍ ဤနှစ်ပါ ထိုစံချိန်အား ဆက်ထိန်းထားလျှင် အထုပ်ပိုက်ကာ ထျန်းစန်းနန်းတော်မှ သူဆင်းရပေတော့မည်။

သေအောင် တံခါးပိတ်ကျင့်ကြံမှု ပြုလုပ်သွားသည်မှာ မထူးခြားပေ။ သူ့တွင် အခြား ရွေးချယ်ရာလမ်းမရှိတော့ သောကြောင့်ဖြစ်နေ၏…။

စုရှောင်ရှန် တစ်ယောက် သူ၏ ကံတော်တော်ဆိုးသည်ဟု ခံစားလိုက်ရသည်။ အခြားကမ္ဘာကူးပြောင်းလာသည်နှင့် ပြိုင်ပွဲ၌ ဘိတ်ချေးထပ်ဖြစ်ပါက ဂိုဏ်းမှ နှင်ထုတ်ခံရမည့် အခြေအနေလိုမျိုးကို ကြုံတွေ့နေရခြင်းဖြစ်သည်။ ထိုအရာသည်စာမေးပွဲနှင့်ဆင်တူသည်။

စာမေးပွဲဆိုသည်ကို ဖြတ်သန်းခဲ့ရသော အတွေ့အကြုံရှိသူပီပီ စာမေးပွဲများမည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သူသိသည်။ အထူးသဖြင့် ယခုသူသည် ဘာမှမဟုတ်သော အခွံသာရှိသည့် အခြေအနေ၌ ဖြစ်နေခြင်းဖြစ်၏။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ခေတ်နောက်ပြေးကာ ယခင်ကမ္ဘာကလို စားမေးပွဲ၌ စာခိုးချ၍ မရနိုင်ခြင်းဖြစ်သည်…။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် အတိတ်အားလုံးကို ပြန်မှတ်မိလိုက်သည်။ ရုပ်ချည်းပဲ သူ၏ ဝိညာဉ်တုန်ခါသွားပြီး ဤခန္ဓာကိုယ်ဖြင့် တစ်သားတည်းဖြစ်သွားသည်ကို ခံစားလိုက်ရ၏။

ထိုအချင်းအရာပြီးပြီးခြင်းဘဲ သူ၏ စိတ်ထဲ၌ စုတ်ချာနေသော အနက်ရောင်လှည်းဘီး တစ်ခုပေါ်လာသည်။

“…” စုရှောင်ရှန် တုန်လှုပ်သွားသည်။

“ဒါဆို ဒီကမ္ဘာမှာလည်း ဒါမျိုး ခေတ်ရှေ့ပြေးတာရှိပါလား”

အလျှင်အမြန် မျက်လုံးပိတ်ကာ စိတ်ထဲ၌ရှိသော အနက်ရောင်လှည်းဘီးကြီးကို သူ စူးစမ်းလိုက်သည်။

အနက်ရောင်လှည်းဘီးကြီးက ရိုးရှင်းသော ပုံစံရှိသည်။ ၎င်းက လမ်းဘေး၌ တွေ့ရသော ကံစမ်းသည့် ဘီးများနှင့် ဆင်တူကာ တန်ဖိုးရှိသည့်ဟန်မရပေ။ စုရှောင်ရှန်သည်ပင် ဤအရာက သူ့ကို ကျီဆယ်ရန် ရောက်လာသည့်အရာဟု သံသယဖြစ်မိသွားသည်။

ဘီးကြီးက အနီနှင့် ရွှေဟူ၏ အပိုင်းနှစ်ခုသာ ပါရှိ၏။

ထူးခြားသည်မှာ ရွှေရောင် အခြမ်းက (၉၀) ရာခိုင်နှုန်းသော ဘီး၏ နေရာကို ယူထားပြီး အနီရောင်က ကျန်သည့် သေးငယ်သော အပ်ိုင်းကို နေရာယူထားခြင်းဖြစ်လေသည်။

“မမျှတလိုက်တာ…” စုရှောင်ရှန် တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ သူသိရသလောက် များသောအားဖြင့် ပျောက်လုဆဲဆဲ မှိန်နေသည့် အနီအရောင်အပိုင်းတွင် ပိုကောင်းမွန်သော ပစ္စည်းများရှိနေတတ်လေသည်။

ရွှေရောင်အခြမ်းတွင် “ဆောင်ရွက် စနစ်” နှင့် အနီးရောင်အခြမ်းတွင် “ပင်ကိုယ်စနစ်” ဟူ၍ စကားလုံးများ ကိုယ်စီ ထွင်းထား၏။

“လုပ်တဲ့ဟာနဲ့ ခံရတဲ့ဟာဆိုပါလား” စုရှောင်ရှန်၏ မျက်နှာအမူအရာကြောင်တောင်တောင်ဖြစ်သွားသည်။ ခေတ်မှီ ဂိမ်းရှူထောင့်မှ ကြည့်မည်ဆိုလျှင်‌ ဆောင်ရွက် စွမ်းရည်များမှာ ပင်ကိုယ်စွမ်းရည်များထက် ပိုကောင်းဟန်ရသည်။ မဟုတ်ပါက ပင်ကိုယ်စွမ်းရည်များဖြင့် ရန်သူများကို မည်သို့ သွားသတ်မည်နည်း။

လူမပြောနှင့် တိရိစ္ဆာန်တောင် သူသတ်နိုင်မည်မဟုတ်။

မဟုတ်မှလွဲရော သူ၏ ယခင်ဘ၀သည် အလွန် သနားစရာကောင်းသဖြင့် ဘီးကြီးက “ဆောင်ရွက်စွမ်းရည်” ကိုပေးချင်သောကြောင့် ရွှေရောင်အခြမ်းကို အကြီးကြီးခြမ်းပေးထားဖြစ်နိုင်သည်။

ထိုသို့တွေးမိပြီး ရည်းစားစကားပြောခံရသည့် မိန်းမပျို လေးအလား စုရှောင်ရှန် စိတ်လှုပ်ရှားသွားသည်။

“ဒီဘီးကြီးက ကိုယ်ပိုင် အသိဉာဏ်ရှိရမယ်။ ဒါမျိုးတော့ ရှားတယ်ဟ”

သူပျော်ပျော်ဖြင့် ‘စမည်’ ဟူသော ခလုတ်ကို လိုက်ရှာလိုက်‌သည်။ သို့သော် ‌မတွေ့ချေ။

သူ၏ စိတ်ထဲ၌ ဤ ရိုးရှင်းသောဘီးကြီးမှအပ မည်သည့်အရာမှ မရှိပါပေ။

‘ဒါမှမဟုတ် ဘီးကြီးက လက်နဲ့လှည့်ရမှာလား’

စုရှောင်ရှန် ယို့ယွင်း‌နေသော အနက်ရောက်ဘီးကြီးကို ကြည့်လိုက်‌သော် ထိမိ၍ ပျက်ဆီးသွားမလားဟုပင် ကြောက်ရွံ့သွား၏။ လက်ဖြင့်လှည့်သည်မှ လွဲ၍ အခြား နည်းလမ်းလည်း မရှိဟန်ရလေသည်။

ဘီ၏ အလယ်ဗဟို၌ လေတိုက်သည်နှင့် ပြုတ်ကျသွားမတတ် ဟန်ရသည့် သေးသွယ်ရှည်လျားသော ညွှန်တံ အပ်‌တစ်ချောင်းရှိသည်။

သူ့စိတ်ဖြင့် ထိုအပ်ကလေးကို အသာအယာ တို့လိုက်သည်။ ရုပ်ချည်း ဘီးကြီးက လှုပ်ခပ်လာက ရွေ့တော့မည့်ဟန် ဖြစ်လာခဲ့၏။

… သို့သော် အချိန်ကြာမြင့်သည့်တိုင်အောင် မည်သည်မျှ ဖြစ်မလာချေ။

“ဘာလဲဟ”

များမကြီမီက ရွေ့တော့မည့်ဟန်ရသည့် ဘီးကြီးမှာ တုတ်တုတ်မျှပင် မလုပ်ပါချေ။ ဤဘီးကြီးကို ပြုလုပ်သည့်သူမှာ အလွန် ယုတ်မာသည်ဟု စုရှောင်ရှန် ကျိန်ဆဲလိုက်သည်။

ဘီးကြီးသည် ယိုင်နဲ့နေသည်ပင်မက ချောဆီပါ ထည့်မထားသည့်ဟန်ရသည်။ သို့လျှင် မည်သို့ သူ အသုံးပြုရပါမည်နည်း။

စိတ်ဖြင့် အား အနည်းငယ် ထပ်စိုက်ကာ လှည့်ကြည့်လိုက်လေသည်။ အပ်ကလေးက ဘေးသို့ အနည်းငယ်ရွေ့သွား၏။ သို့သည် ၎င်းက ထိုမျှသာ။ ထပ်မရွေ့ပါတော့ချေ။

စုရှောင်ရှန် အားပိုသုံးလိုက်သည်။ ဤတစ်ကြိမ်၌ အပ်ကလေးက အခြားတစ်ဘက်သို့ လွန်၍ ပိုရွေ့သွားသည်။ မကောင်းဘူးဟုထင်ကာ စုရှောင်ရှန် အားအနည်းငယ် ပြန်လျော့လိုက်သည်။ ထိုတွင် အပ်ကလေးက မခံနိုင်ဘဲ ကျိုးသွား…။

ဟမ်… ကျိုးသွား…။

ဟ… ကျိုးသွားတာဟ…။

စုရှောင်ရှန်၏ မျက်နှာထား မဲမှောင်သွားသည်။ လှည့်ဘီးကြီးက ပျက်ဆီးတော့မည့် ပုံရှိသည်ပဲမဟုတ်။ အမှန်တကယ် ပျက်ဆီးသွားခြင်းဖြစ်၏။

အပ်ကလေးသည် အစက ရွှေရောင်ဘက်ခြမ်းသို့ ညွှန်ပြနေခြင်းဖြစ်သည်။ ယခု ကျိုးသွားရာ၌ ချက်ခြင်းဘဲ အောက်တည့်တည့် ထိုးကျသွားကာ ရွှေရောင်၏ စွန်းစွန်း အနီဘက်ခြမ်း၌ ရောက်သွားလေတော့သည်။

အနီရောင်ဆိုတော့… ပင်ကိုယ်စွမ်းရည်ပေါ့။

စုရှောင်ရှန်၏ မျက်နှာ အနက်ရောင်မှ ခရမ်းရောင်‌ပြောင်းသွားသည်။ လူတစ်ယောက်ကို ဤသို့ မ‌နောက်သင့်ပါချေ။ ဤ ဘီးအား ပြုလုပ်သောသူသည် အလွန် ကောက်ကျစ်စဥ်းလဲသောသူပင်ဖြစ်ရမည်။

ရုတ်တရက် ဘီးကြီးက အပ်ကလေးကို လှည့်၍မဟုတ်ဘဲ ဘီးကို လှည့်၍ စတင်ရသည်လောဟု အတွေး၀င်လာသည်။

“ဟာ… မဖြစ်နိုင်ပါဘူး… ဟုတ်တယ်… မလား”

စုရှောင်ရှန် ၏ မျက်နှာ နီရဲသွားသည်။ ချက်ချင်းလက်ငင်းပဲ အပ်‌ကလေးအောက်က ဘီးကို သူလှည့်လိုက်သည်။ ဟုတ်ပေသည်။ ဘီးကြီးက ချောချောမွေ့မွေ့ပဲ ချောဆီပင်မလို လည်ပတ်သွား၏။

“ဒါ… ဒါ…” စုရှောင်ရှန်၏ မျက်ဖြူလှန်သွားကာ လူကိုယ်တိုင်လည်း အိပ်ယာထက်သို့ နောက်ပြန်လဲကျသွားလေတော့သည်။

သို့သော် ချက်ချင်းဘဲ အိပ်ယာထက်မှ ပြန်၍ ခုန်ထကာ စိတ်ဖြင့် ကျိုးသွားသော အပ်ကလေးကို ပြန်တည့်ရန် အသဲအသန်ကြိုးစားလိုက်၏။ အနက်ရောင်ဘီးကြီး အသက်မ၀င်ခင် အပ်ကလေးကို ရွှေရောင် ဘက်ခြမ်းသို့ ပြန်တည့်ရန် ကြံခြင်းဖြစ်ပါတော့သည်။

သူမထင်ထားသည်မှာ ညစ်ပတ်တော့မည့် သူ၏ အကြံကို သိသည့်အလား အနက်ရောင်ဘီးကြီး အသက်၀င်လာတော့၏။ ထို့နောက် ဖြတ်ခနဲ ပျောက်သွားလေသည်။

စာတန်းတစ်ကြောင်းပေါ်လာသည်:

[(ပင်ကိုယ်စနစ်)စတင်ပါပါပြီ။ အချက်အလက်များ ရယူနေပါသည်…]

စုရှောင်ရှန်ငိုလိုက်သည်။ မျက်ရည်ကမကျ။ ထိုနှင့် ဖြစ်ရပ်မှန်ကို သူလက်ခံလိုက်ရ၏။

ထိုစာတန်းပျောက်သွားကာ အနီရောင် ဖန်သားပြင်လေးက အစားထိုးပါ်လာသည်။ မျှော်လင့်ချက်လေးဖြင့် ၎င်းကို သူကြည့်လိုက်သည်။

ထိုဖန်သားပြင်ပေါ်၌ နေရာတစ်ခုသာရှိပြီး ထိုနေရာ၌ ‘အခြေခံ ပင်ကိုယ်စွမ်းရည်’ ဟူသော စကားလုံးအကြီးကြီး တစ်ခုရှိနေသည်။

ထို ပုံစံက ယခင်ဘီးကြီးကဲ့သို့ စုတ်ချာကာ ရိုးရှင်းလေသည်။

[အသက်ရှူခြင်း နည်းစနစ် (စတင်ခြင်းအဆင့် ၁)]

စုရှောင်ရှန် အိပ်ယာထက် ပြန်လဲကျသွားသည်။ သူ၏ ဖျော့တော့တော့ မျက်နှာက ချက်ချင်း ရဲရဲနီသွား၏။ သူ၏ သွေးကြောများလည်း ထောင်ထလာသည်။ အလွန်ဒေါသထွက်နေသော လက္ခဏာများဖြစ်လေသည်။

ချီး။ အသက်ရှူခြင်းနည်းစနစ်ဟုတ်လား။ ငါဘယ်လို အသက်ရှူရမလဲဆိုတာ နည်းစနစ်သက်သက်လို လို့လားဟ။

ကလေးပေါက်စလေးတောင် မည်သို့ အသက်ရှူရမှန်းသိသည်။

စုရှောင်ရှန်အစက နတ်ဘုရား တစ်ပါးပါးက ဤအခြေအနေကို ပြောင်းလဲကာ သူ့ကို ‌အံ့ဩစရာတွေပေးလိမ့်မည်ဟူ၍ ပင်ကိုယ်စနစ် အပေါ်၌မျှော်လင့်ချက်အနည်းငယ် ထားရှိသေးသည်။

သို့သော် ထိုအခိုက်အတန့်တွင်ပဲ သူလုံးလုံးကြီး စိတ်ဓာတ်ကျသွားသည်။ စိတ်ထဲမှလည်း အသက်ရှူခြင်း၊ အသက်ရှူခြင်းဟု ပြောနေရင်းမှ ထဆဲလိုက်သည်။

‌သူအလွန်စိတ်‌ဆိုးလွန်း၍ အမှတ်မထင် အသက်ကို ရှူးရှူးရှဲရှဲ အားရပါးရ ရှူလိုက်ရာ ရုပ်ခြည်းသူ၏ ခန္ဓာကိုယ်အတွင်း၌ စိတ်ဝိညာဉ်စွမ်းအင်များ လှုပ်ရှား ရိုက်ခပ်လာတာကို တွေ့လိုက်ရ၏။

“ဘာဖြစ်ကုန်တာလဲဟ” စုရှောင်ရှန် ကြက်သေ သေသွားသည်။ စိတ်ဝိညာဉ် ကျင့်ကြံခြင်း အဆင့် (၃) ဖြင့် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များ ဤကဲ့သို့ လှုပ်ရှားရန် အကြောင်းမရှိပါပေ။ ‌ဖြစ်နိုင်ချေတစ်ခုရှိသည်က သူ အဆင့်ချိုးဖောက်သွားသောကြောင့်ပင်။ သို့ သော် အသက်ရှူ၍ ချိုးဖောက်သွားခြင်းပေလော။

စုရှောင်ရှန် အလျှင်အမြန် တင်‌ပြင်ခွေထထိုင်လိုက်လေသည်။ သူဘာမှ မလုပ်ခင်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များက ပိုးအိမ်တစ်ခုအလား တစ်ကိုယ်လုံးကို ခြုံသွား၏။ အံ့ဩဘွယ် စွမ်းအင်စီးကြောင်းတစ်ခုက အတားအဆီးများကို တစ်ခုပြီးတစ်ခု ချိုးဖောက်ပြီး ပင်လယ်ထဲသို့ ပြန်လွှတ်လိုက်သည့် ငါးတစ်ကောင်အလား ကူးခပ်နေတော့၏။

ပုံသဏ္ဌာန်မရှိသော စီးကြောင်းများက သူ၏အနားရှိ လေဟာနယ်တစ်လျှောက် လွင့်ပြန့်သွားကာ စားပွဲပေါ်ရှိ ဖုံးများကိုပင် အပြောင် တိုက်ခတ်သွားလေသည်။

“ငါ… ငါ… အဆင့်ချိုးဖောက်သွားပါလား”

စုရှောင်ရှန် စွံ့အ သွားသည်။ နဂိုမူလပိုင်ရှင်သည် နှစ်အတော်ကြာအောင် အဆင့်မချိုးဖောက်နိုင်သဖြင့် သေသည်အထိ တံခါးပိတ်ကျင့်ကြံသော်ငြား မချိုးဖောက်နိုင်ခဲ့ပေ။ ယခုသူသည်တော့ ဒေါသထွက်၍ အသက်အနည်းငယ် ရှူလိုက်သည်နှင့် ချိုးဖောက်သွားသည်လော။

တစ်ခုခုတော့ မှားနေသည်။ အသက်ရှူနေရင်း ဖြစ်သွားခြင်း…

“အသက်ရှူခြင်းနည်းစနစ်”ဟု စုရှောင်ရှန်၏ မျက်လုံးများတောက်ပသွားပြီး ထအော်လိုက်သည်။

ဖြစ်နိုင်သည်မှာ သူ၏ အသက်ရှူခြင်းနည်းစနစ်သည် သိုင်းကျင့်စဉ်များနှင့် အလားသဏ္ဌာန်တူနေခြင်းဖြစ်ကာ သူအသက်ရှူလိုက်သည်နှင့် အနီးနား၀န်းကျင်မှ စွမ်းအင်များကို စုပ်ယူနိုင်ခြင်းပေလော။

“အလိုးလေး… ငါက ကြေးလာရှာတာ ရွှေ‌တွေ့နေပါကောလား… ဟီးဟီး”

ထိုသို့အတွေး၀င်လာပြီး ယားကျိကျိဖြစ်နေသော စုရှောင်ရှန်တစ်ယောက် ပေါတောတော စနစ်နှင့် မတွေ့ပါကောလားဟု စိတ်သက်သာရာရသွားသည်။ ထို့နောက် “ပင်ကိုယ်” ဟူသော စကားလုံးကို အသေအချာ စူစမ်းကြည့်ပြီး အတွေးတစ်ခု ဖြစ်ပေါ်လာ၏။

“ပင်ကိုယ် အသက်ရှူ”

“ပင်ကိုယ် အသက်ရှူ”

အသက်ရှူရင်း သူ့ခန္ဓာကိုယ်ကို သူ ဆန်းစစ်လိုက်သည်။ အမှန်ပင်။ သူအသက်ရှူလိုက်သည်နှင့် ပတ်၀န်းကျင်မှ စိတ်ဝိညာဉ်စွမ်းအင်များသူ၏ အသိစိတ်စွမ်းအင် ပင်လယ်ထဲသို့ ၀င်သွားကြောင်းကို တွေ့ရ၏။

ပမာဏနည်းသော်လည်း သူမမှုချေ။ ရေစက်များစုပေါင်း၍ ပင်လယ်ကြီးပင် ဖြစ်လာနိုင်သေးသည်။

ယခင်က ကျင့်ကြံခြင်း အဆင့်တွင် ကြပ်ခံနေသောသူသည် စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကို ရှူရှိုက်လိုက်သောအခါ သူလိုအပ်သည့် အခြေအနေကို ရောက်ရှိသွားပြီး အဆင့်ချိုးဖောက်သွားခြင်းဖြစ်သည်။

စုရှောင်ရှန် ငိုမိသည်။ မှိန်တိန်တိန်နှင့် ဘီးအခြမ်းက ဤသို့ ပစ္စည်းကောင်းများရှိနေ၏။

အကယ်၍ ကိုယ်တိုင်ကျင့်ကြံရသည့် ကျင့်စဉ်ကို သူရသွားပါက အလွန်ရှည်လျားသော လေ့ကျင့်စဉ်အဆင့်ကို သူကျော်ဖြတ်ရဦးပေမည်။

ယခုတော့ ပင်ကိုယ်စနစ်ကြောင့် ထို လေ့ကျင့်စဉ်အဆင့်ကို တိုက်ရိုက်ကျော်ဖြတ်သွားလိုက်နိုင်သည်။ ဤအရာသည် မည်သည်ကိုဆိုလိုခြင်းပေလော။

စုရှောင်ရှန် တစ်ယောက် ပြုံးစိစိဖြင့် အင်္ကျီစကို စွဲတင်လိုက်ကာ သူ၏ ရှေ့ဆံပင်ကို နဖူးအပေါ်ဘက်သို့ သပ် တင်လိုက်သည်။

“ငါ၊ စုရှောင်ရှန်က တစ်လက်မမှ ရွေ့စရာမလိုဘဲ စောက်ရမ်းကြမ်းတဲ့ ပြိုင်ဘက်ကင်း တစ်ယောက် ဖြစ်လာမှာကွ… ဟားဟားဟား”

ကံဆိုးစွာဖြင့် သူ၏ ယခု အခြေအနေကို မျက်မြင်တွေ့သူမရှိသဖြင့် အနည်းငယ် ၀မ်းနည်းသွားသည်။

ထို့နောက် အနီရောင်ဖန်သားပြင်အား စိတ်ထိသွားသောအမူအရာဖြင့် တစ်ကြိမ် ပြန်ကြည့်လိုက်သည်။

[အသက်ရှူခြင်းနည်းစနစ် ( စတင်ခြင်းအဆင့် ၁)]

သူ၏ အာရုံက စာလုံးနောက်က ကွင်းလေးထဲ ရောက်သွားပြီး “စတင်ခြင်းအဆင့် (၁)ဆိုပါလား” ဟုရေရွတ်လိုက်လေသည်။

အဆင့်များခွဲခြားထားသည်မှာ အဆင့်တက်နိုင်၍ပင်ဖြစ်မည်။ ခက်သည်မှာ မည်သို့ အဆင့် တက်အောင်လုပ်ရမည်ကို သူမသိခြင်းပေ။

ချက်ခြင်းဘဲ ဖန်သားပြင် အောက်ဘက်ပိုင်းက စကားလုံးသေးသေးဖြင့်ရေးထားသောကြောင့် မဖတ်လိုက်မိသော [ပင်ကိုယ်အမှတ် : ၀ ] ဟူသော စကားလုံးကို သတိထားမိလိုက်သည်။

မှေးစေ့ကို စုရှောင်ရှန် ပွတ်လိုက်ပြီး “ပင်ကိုယ်အမှတ်ဆိုပါလား” ဟု ‌ရွတ်ဖတ်လိုက်သည်။

၎င်းသည် ကျင့်စဉ်များအား အဆင့်တက်အောင် လုပ်ပေးသည့်အရာ ဖြစ်ဟန်ရသည်။ သို့သော် ထို အမှတ်များကို မည်သို့ သူ ရရှိနိုင်ပါမည်နည်း။ လမ်းညွှန်လည်း မပါချေ။

နွေရာသီညတစ်ညဟာ ပုရစ်များ၏ အော်သံနှင့် ခြင်ကောင်များ၏ တဝှီးဝှီးမြည်သံတို့နှင့် ဆူညံနေ၏။ အတွေးထဲ စုရှောင်ရှန်နစ်သွားသောကြောင့် အခန်းကလေးက တိတ်ဆိတ်သွားလေသည်။

သူ၏ တံတောင်ဆစ်၌ ရုတ်တရက် ယားကျိကျိ ဖြစ်လာသဖြင့် အလိုလို သူ့လက်က ရိုက်လိုက်မိသည်။ သူ၏ လက်ကို ပြန်၍ မကြည့်လိုက်သော် အနီရောင် သွေးများကို တွေ့လိုက်၏။

“ဠိုးမခြင်‌တွေ”

စုရှောင်ရှန်တစ်ယောက် အခန်းကို သေသေချာချာ ပြန်သန့်ရှင်းရေးလုပ်ဖို့ လိုကြောင်း တွေးလိုက်သည်။ ဆိုရသော် ဤအခန်းအား ရှင်းလင်းခြင်း မပြုလုပ်သည်မှာ (၁) လကြော် ကြာပေပြီ။

သို့သော် မထင်မှတ်စွာ ဖြစ်လာသော အရာကြောင့် သူ ငိုရမလား၊ ရယ်ရမလား မသိဖြစ်သွားသည်။ အချင်းအရာမှာ သူ၏ အရှေ့၌ အသ်ိ‌ ပေးချက်တစ်ခုနှင့်အတူ အနီရောင်ဖန်သားပြင် ပေါ်လာသောကြောင့်ဖြစ်သည်။

[ခြင်ကိုက်ခံလိုက်ရပါသည်။ ပင်ကိုယ်အမှတ် +1]

Comment

Leave a Reply

Options

not work with dark mode
Reset