Chapter – 11
” ငါတို့ ဘယ်ရောက်နေတာလဲ။ ငါ အိမ်ပြန်ချင်တယ်။” မိန်းခလေးတချို့က ငိုနေကြလေပြီ။
” နောက်ထပ် ငါးရောင်ခြယ် ယဇ်ပုလ္လင်ဘဲ။”
ဖန်းပေါ်နှင့် ယဲ့ဖန်းတို့က အတူ ယှဥ်ရပ်နေကြသည်။ သူတို့က တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ခေါင်းကို အသာခါကြသည်။ သူတို့က တက္ကသိုလ်တွင် အရင်းနှီးဆုံးသူငယ်ချင်းများ ဖြစ်ကြ၏။ ဘွဲ့ရပြီးနောက် မကြာခဏတွေ့ဖြစ်နေရာ တစ်ယောက်ကို တစ်ယောက် ကောင်းကောင်းနားလည်သည်။
လက်ရှိအခြေနေတွင် နှစ်ယောက်လုံးက အခြေအနေ မကောင်းကြောင်း သိနေကြသည်။ ဤအခြေအနေကစိုးရိမ်စရာ ဖြစ်နေသည်။
ထိုအချိန်တွင် အခြားသူများကလည်း ကျယ်ပြောသောကန္တာရဘက်မှ အကြည့်ကို ရုတ်လိုက်ပြီး ပတ်ဝန်းကျင်ကိုသာ စိုးရိမ်တကြီး စစ်ဆေးနေကြသည်။
သူတို့၏ နောက်တွင် ကြီးမားသော ကြေးနီရောင်အခေါင်းကြီးက ရှိနေပြီး အောက်ဘက်တွင်လည်းခမ်းနားသော ငါးရောင်ခြယ် ကျောက်တုံး ယဇ်ပုလ္လင်ကို မြင်နိုင်သည်။ ထိုက်တောင်ပေါ်က ယဇ်ပုလ္လင်နှင့်အလွန်တူနေပြီး ငါးရောင်ခြယ်ကျောက်တုံးများဖြင့်တည်ဆောက်ထားခြင်း ဖြစ်သည်။
ငါးရောင်ခြယ် ကျောက်တုံး ယဇ်ပုလ္လင်က နေရာအကျယ်ကြီးယူထားကာ တည်ဆောက်ရန် မည်မျှများပြားသော ပစ္စည်းများလိုအပ်မည်ဖြစ်ကြောင်း သိနိုင်သည်။ သို့ရာတွင် သဲမုန်တိုင်းများစွာ၏ တိုက်ခိုက်ခံရပြီးနောက် ယဇ်ပုလ္လင်ကြီးက မြေပြင်အထက်ရှိ နေသင့်သောအနေအထားမျိုးမှာ နီညိုရောင်သဲများ ဖုံးလွမ်းခြင်းကို ခံနေရသည်။
ယနေ့ နဂါးကိုးကောင် ဆွဲသော အခေါင်းက မြေပြင်နှင့်ပြင်းပြင်းထန်ထန် ဝင်စောင့်တိုက်မိသွားသောကြောင့် အနားပတ်ဝန်းကျင်ရှိ သဲများအားလုံးက အောက်သို့ကျသွားခဲ့ပြီး ယဇ်ပုလ္လင်၏ အပြင်ပန်း ပုံပန်းသွင်ပြင်က ပေါ်လာခဲ့ခြင်းဖြစ်သည်။
ကြီးမားသော ကြေးနီရောင် အခေါင်းကြီးက ယဇ် ပုလ္လင်ပေါ်တွင်ရှိနေသောကြောင့်သာမကဘဲ ကြီးမားသော နဂါး ကိုးကောင် အလောင်းကလည်းထိပ်ပေါ်တွင် တည်ရှိနေသည်။ တစ်ချက်ကြည့်ယုံဖြင့်ပင် ငါးရောင်ခြယ်ကျောက်တုံး ယဇ်ပုလ္လင်က မည်မျှကြီးမားကြောင်း သိနိုင်သည်။
” ငါတို့ လမ်းပျောက်နေပြီ။ ငါတို့ အိမ်ပြန်လမ်းကို ရှာနိုင်တော့မှာ မဟုတ်ဘူး။”
အားနည်းသော ကျောင်းသူတစ်ယောက်က ထငိုသည်။ သူမ၏ တကိုယ်လုံးက ရမ်းခါနေပြီး တစ်စုံတစ်ယောက်ကသာ သူမကို မထိန်းထားပေးလျှင်အချိန်မရွေး လဲကျသွားလောက်သည်။
လူအများစု၏ မျက်နှာက ဖြူဖျော့နေကြသည်။ ထိုအချိန်တွင် လူတိုင်းက အမျိုးမျိုးသော ဖြစ်နိုင်ချေများကို တွေးတောနေကြသည်။ အရှေ့ရှိ မြင်ကွင်းကထူးဆန်းသော လောကနှင့် အလွန်တူလွန်းနေသည်။ ဘယ်သူကမှ ထိုဖြစ်ရပ်ကို လက်မခံလိုကြသော်လည်း ထိုက်တောင်ကမူ မရှိတော့ချေ။ ပြောင်ရှင်းနေသောကန္တာရကြီးကသာ သူတို့၏ ရှေ့တွင် ရှိနေသည်။ ထို့ကြောင့် လူတိုင်းက တိတ်ဆိတ်သွားသည်။
” မထိတ်လန့်ကြပါနဲ့။ မကြောက်ကြနဲ့။ ဖြေရှင်းနည်းကတော့ ရှိမှာပါ။ ”
ယဲ့ဖန်းက အော်သည်။
” ဘယ်လိုလဲ ငါတို့ ဘယ်လိုပြန်ရမှာလဲ။ ငါတို့ ဘယ်လို ဒီလို ထူးဆန်းတဲ့နေရာကနေ ထွက်ရမှာလဲ။”
ကျောင်းသားအချို့၏ အသံများကလည်း တုန်ရီနေသည်။ သူတို့၏လေသံထဲတွင် ပြင်းထန်သည့်ကြောက်လန့်မှုနှင့် မသက်မသာဖြစ်သောခံစားချက်များက ပြည့်နက်နေသည်။
အမည်မသိရသောနေရာကို ရောက်နေရာ အချို့သောသူများက ကြောက်လန့်ကာ ထိတ်လန့်လွန်းနေကြသည်။ တစ်ချိန်ထဲတွင်ပင် စူးစမ်းလေ့လာလိုသောစိတ်ကလည်း ရှိနေသေးပြန်သည်။
ယဲ့ဖန်းနှင့်ဖန်းပေါ်က ကြီးမားသော နဂါး အလောင်း ကိုးခုကို ရှောင်ရှားပြီးနောက် ရှေ့သို့ တက်ကာ ပတ်ဝန်းကျင် အနီးအနားဒေသကို လိုက်ကြည့်သည်။
လီရှောင်းမန်က သိပ်မဝေးသောနေရာတွင် ရှိနေသည်။ သူမက အနည်းငယ် အေးနေသလိုမျိုး လက်ပိုက်ထားသည်။ သူမ၏ လှပသောမျက်နှာလေးက အနည်းငယ် ဖြူဖျော့နေသည်။ သို့တိုင်အောင်တည်ငြိမ်နေသေးသည်။ ဖုန်မှုန့်ထဲတွင် ပွင့်နေသောလှပသည့် ကြာပန်းနှင့်ပင် တူနေသည်။
ယဲ့ဖန်းကအနားက ဖြတ်သွားသောအခါ အပေါ်ရှပ်အင်္ကျီကို ချွတ်ပြီး သူမကို ကမ်းပေးလိုက်သည်။ သူမက ဇွတ်တင်းကာ ငြင်းလိုက်သည်။
ယဲ့ဖန်းက မည်သည့် စကားမျှ မဆိုချေ။ သူက ဘာမှလုပ်ယူရန် ကြိုးစားနေခြင်း မဟုတ်ချေ။ ဒီအတိုင်းကုတ်ကို ပြန်ဝတ်လိုက်ပြီး ဖန်းပေါ်နှင့်အတူ ရှေ့ဆက်သွားသည်။ ကြီးမားသော နဂါးအလောင်းကြီးနှင့် ကြေးနီရောင်အခေါင်းကို ဖြတ်သွားပြီးနောက် လီရှောင်းမန်၏ အမေရိကန် အတန်းဖော် ခါသဲ့က မနီးမဝေးနေရာတွင် အခြေအနေကို စူးစမ်းလေ့လာပြီး တအံ့တဩဖြင့် ဘုရားကို မကြာခဏ တအော်နေကြောင်းကိုတွေ့လိုက်ရသည်။
သက်တန့်ရောင် ကျောက်တုံး ယဇ်ပုလ္လင်နှင့် သိပ်မဝေးသောနေရာတွင် ကြီးမားသောသစ်တုံးကြီး ရှိနေသည်။ မီတာနှစ်ဆယ်ကျော်ခန့်ပင် မြင့်သော်လည်း ဆင်ခြေလျောက မတ်စောင့်ခြင်း မရှိ၍ ကုန်းတက်၍ ရသည်။
ယဲ့ဖန်းက ၁.၇၉မီတာခန့် မြင့်သည်။ သူက ညင်သာကာတိတ်ဆိတ်သည်ဟု ထင်ရသော်လည်း အလွန်သန်မာသည်။ ထို့အပြင် သူက ကျောင်း၏ ဘောလုံးအသင်းမှ အဓိက ကစားသမားဖြစ်လေရာ မကြာခဏပင်ကွင်းပြင်ထဲတွင် လူထွားဟု ခေါ်ခံရသေးသည်။
ဖန်းပေါ်ကမူ သူ၏ နာမည်အတိုင်း အလွန်အမင်းခမ်းနားသော အရှိန်အဝါကို ပိုင်ဆိုင်ထားသည်။ သို့သော် သူက မဝချေ။ သို့သော် အလွန်သန်မာသည်။ သူက အရပ်ရှည်ပြီး လူကောင်ထွားသည်။ သူ၏ လက်မောင်းများကမူ သာမန်လူတစ်ယောက်၏ ပေါင်လုံးတမျှ ထူသည်။
နှစ်ယောက်လုံးက ရုပ်ပိုင်းဆိုင်ရာအားတွင် ထူးချွန်ပြောင်မြောက်ကြသည်။ ထို့ကြောင့် ခပ်မြန်မြန် ကျောက်တုံးကြီး၏ ရှေ့သို့ ပြေးသွားလိုက်သည်။ သို့ရာတွင် ဂရုတစိုက် ကုန်းတက်ခြင်း မရှိဘဲ တိုက်ရိုက်ပြေးတက်လိုက်သည်။ ကြီးမားသောကျောက်တုံးကြီးပေါ်တွင် ရပ်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်သောအခါ အမှောင်ထုကို ထိုးခွင်း၍ ဖျော့တော့သောအလင်းတန်းက ထိုးဖောက်လျက် ရှိနေကြောင်း အံ့အားတကြီး မြင်လိုက်ရသည်။
” ငါတို့ ပြန်မသွားနိုင်လောက်တော့ဘူး ထင်တယ်။ ”
သူ၏ အကောင်းဆုံးသူငယ်ချင်းနှင့် တွေ့ရသည့်အခါ ယဲ့ဖန်း ပြောလာသော စကား မရှိချေ။ ယဲ့ဖန်းကချက်ချင်းလိုလို သူ၏ လှုပ်ရှားမှုကို ဖော်ပြကာအကဲဖြတ်ပြသည်။
” ငါတို့ ရှိနေတဲ့နေရာက ရှိသင့်တဲ့ အချိန်နဲ့ အာကာသနေရာမဟုတ်ဘူး။ ”
” ဒါက တကယ်ကို ငါတို့ ရှိသင့်တဲ့ နေရာ မဟုတ်ဘူး။”
ဖန်းပေါ်က အမြဲတစေ လွတ်လပ်စွာ နေတက်သော်လည်း ဒီလိုကိစ္စမျိုးတွင် မနောက်ချေ။ သူကအဝေးရှိ ဖျော့တော့သော အလင်းရောင်ကို လှမ်းကြည့်ပြီး မျက်မှောင်ကြုံ့သည်။
” ဒီလောကမှာ နတ်ဘုရား တကယ်ဘဲ ရှိတယ်လို့မင်း ထင်လား။”
ယဲ့ဖန်းက အဝေးရှိ ဖျော့တော့သော မီးအလင်းရောင်ကို လှမ်းကြည့်ပြီးနောက် ပြောလိုက်သည်။
” ငါတို့ နဂါးအလောင်းကိုတောင် တွေ့ခဲ့ပြီးပြီ။ ငါတို့ရှေ့မှာ နတ်ဘုရားတစ်ပါး ပေါ်လာမယ်ဆိုရင်တောင်မှ အံ့ဩစရာမရှိတော့ဘူးလို့ ထင်တယ်။”
” ငါတို့ရှေ့မှာ သက်ရှိ နတ်ဘုရားတစ်ပါး ပေါ်လာမယ် .. ဟုတ်လား။ ဘယ်လိုတောင် စိတ်ကူးယဥ်တာလဲ။”
ဖန်းပေါ်က တိုးတိုးပြောသည်။
ထို့နောက် အနောက်မှ အသံထွက်လာသည်။ ၁.၉မီတာခန့် အရပ်မြင့်သော ခါသဲ့က ကြီးမားသော ကျောက်တုံးကြီးပေါ် ကုန်းတက်လာပြီးဖြစ်သည်။ သူက အဝေးရှိအလင်းတန်းကို မြင်သည့်အခါ ချက်ချင်းပင် အော်ပြန်သည်။
“ဘုရားရေ …။ ညှာသာပေးတတ်လွန်းတဲ့ ဘုရားသခင် ငါ နောက်ဆုံးတော့အလင်းရောင်ကို မြင်လိုက်ရပြီ။”
သူက တရုတ်သံ မပီသချေ။ ထို့နောက် တဖက်လှည့်ပြီးအနောက်သို့ လက်လှမ်းပြလိုက်သည်။ သူက လေဟုန်ထက်မှ လီရှောင်းမာန်ကို လှမ်းအော်သည်။
” ငါ အလင်းရောင်ကို မြင်လိုက်တယ်။”
ထို့နောက် သူက ကျောက်တုံးကြီးပေါ်တွင် တဖန်ကုန်းဆင်းကာ လီရှောင်းမန်ထံ သွားသည်။ ခါသဲ့၏ အော်သံက ချက်ချင်းပင် လူအုပ်ကို ပွတ်လောရိုက်သွားစေသည်။ လူအများစုက ပြေးလာကြသည်။
ဖန်းပေါ်က ခါသဲ့၏ ဘေးမှ လီရှောင်းမန်ကို ကြည့်ပြီးနောက် ယဲ့ဖန်းကို ပြောသည်။
” ဒီ နိုင်ငံခြား နတ်ဆိုးကောင်က လီရှောင်းမန်ရဲ့ ကောင်လေးလို့ ထင်လား။”
” ငါက ဘယ်လိုသိမှာလဲ။ ”
” မင်း တကယ်ဘဲ ဒီအတိုင်း လက်လျော့လိုက်တော့မှာလား။”
ဖန်းပေါ်က သူ့ကို တစ်ချက်ကြည့်သည်။
” အချို့ကိစ္စတွေက အားလုံးကို နောက်တစ်ကြိမ် ပြန်စချင်ရင်တောင်မှ အစကို ပြန်သွားဖို့ ခက်တယ်။ တူညီတဲ့လမ်းကြောင်းကို လျှောက်မယ်ဆိုရင်တောင် ဘဝမှာနှစ်ခါပြန်လျှောက်ယုံဘဲ ရှိလိမ့်မယ်။ ဒါပေမဲ့ အရင်နဲ့ မတူနိုင်တော့ဘူး။ အရာအားလုံးက အတိတ်ဖြစ်သွားပြီး လူတွေက ရှေ့ဆက်လျှောက်ဖို့ လိုအပ်တယ်။”
ယဲ့ဖန်းက ခေါင်းကို ခါသည်။ ထို့နောက် သူကတစ်စုံတစ်ရာကို တွေးမိပြီးနောက် ပြုံးကာ ဖြေသည်။
” မင်းက အရင်အတိုင်း အမိုက်ဆုံးကောင်လေးဖြစ်နေတုန်းပဲ။ မင်းရဲ့ညတာက အရောင်စုံမှာပါ။”
” ငါ မင်းကို တကယ်ရွံတယ် .. ဟဲ့ကောင်။ ငါ့ရဲ့ဘဝကမင်းလောက် ကောင်းမွန်ပါ့မလား။”
ဖန်းပေါ်က ယဲ့ဖန်းကို ကြည့်ပြီးနောက် သိပ်မဝေးသောနေရာမှ လီရှောင်းမန်ကို ပြန်ကြည့်ကာ ပြောသည်။
” အမျိုးသားတစ်ယောက်ရဲ့ မသိစိတ်အရဆိုရင် မင်းတို့နှစ်ယောက်ကြားမှာ တစ်ခုခုဖြစ်လာလိမ့်မယ်လို့ ငါခံစားနေရတယ်။ ”
” ငါ့ရဲ့ သိက္ခာကို မချနဲ့။”
ယဲ့ဖန်းက ရယ်သည်။
” မင်းမှာ အမျိုးသမီးတစ်ယောက်လို ဆဋ္ဌမအာရုံ ရှိနေတာလား။”
ထိုအချိန်တွင် သူတို့ နှစ်ယောက်သာ ပြုံးနေသောသူဖြစ်လောက်သည်။ သူတို့ထဲက မည်သူကမှ အဆိုးမြင်ဝါဒီ မရှိချေ။ မည်သို့ပင်ဆိုစေ သူတို့ ဤနေရာမျိုးမှထွက်ရန် အလွန်ခက်ခဲနေသည်။
သိပ်မကြာခင် လူအများစုက ကျောက်တုံးပေါ်သို့ ကုန်းတက်လာကြပြီး အဝေးသို့ကြည့်သည်။ အဝေးတွင်ပိုးစုန်းကြူးအလင်းရောင်လို တဖျတ်ဖျတ်လက်နေသော အလင်းရောင်ကို မြင်ရသည်။ ထိုအလင်းရောင်က မဲမှောင်နေသော အာကာပြင်ကို ထိုးဖောက်နေပြီးလူတိုင်း၏ မျက်ဝန်းထဲ ရောင်ပြန်ဟပ်လာသည်။ အလင်း၏ အရင်းအမြစ်က မတောက်ပသော်လည်း လူတိုင်း၏ မျှော်လင့်ချက်ဖြစ်သွားသည်။ ကျောင်းသူများကမူ အောင်ပွဲခံချင်သောစိတ်ဖြင့် အော်ဟစ်အားပေးကြသည်။
အရှေ့တွင် ဖျော့တော့နေသောအလင်းရောင် ရှိနေသည်။ မည်သည့်အရာမှန်း မသိရသေးသော်လည်း လူတိုင်းက ရှေ့ဆက်သွားချင်ကြသည်။ ယင်းက လူသားများ၏ သဘာဝပင် ဖြစ်သည်။ အမှောင်ကိုကြောက်သောကြောင့် အလင်းကို တောင်းတကြသည်။
” ငါတို့ကို ချန်မထားခဲ့ပါနဲ့။ ”
” ငါတို့ကို စိတ်မပျက်စေဖို့တော့ မျှော်လင့်ပါတယ်။
” အံ့အားသင့်ဖွယ်ကောင်းတဲ့ ကိစ္စတွေဖြစ်မလာဖို့ဘဲမျှော်လင့်တာဘဲ။”
လူတိုင်းက ကျောက်တုံးကြီးပေါ်မှ ပြန်လျော၍ ဆင်းသွားပြီးနောက် ငါးရောင်ခြယ် ယဇ်ပုလ္လင်ထံသို့ ပြန်သွားကာ ဆွေးနွေးကြသည်။
” ဒီနေရာက ဘာမှ ငါတို့နဲ့ မရင်းနှီးဘူး။ အရှေ့မှာအလင်းရောင်ရှိနေရင်တောင် ဂရုစိုက်တာ ပိုကောင်းမယ်။”
ဝမ်ကျစ်ဝမ်က သတိ အလွန်ထားသည်။ ထို့ကြောင့် သူက ထိုသို့ အကြံပြုလိုက်သည်။ ကျိုးရင်က တည်ငြိမ်နေသည်။ ထိုစကားကို ကြားသောအခါ ခေါင်းငြိမ့်ကာ ပြောသည်။
” အမှန်ဘဲ။ ငါတို့ အရင်ဆုံး လူ နည်းနည်း လွတ်ပြီး ထောက်လှမ်းခိုင်းရအောင်။ ဘာပဲဖြစ်ဖြစ် အဲ့ဒီအလင်းရောင်က သိပ်ပြီး ဝေးတာမှ မဟုတ်တာ။ လိုရမယ်ရပေါ့။”
လူတိုင်းက ထိုအကြံပြုချက်ကို လက်ခံကြသည်။ မည်သူကမှ ရှေ့တွင်ရှိနေနိုင်သည့် အန္တရာယ်ကို မသိနိုင်ချေ။ ထို့ပြင် မရင်းနှီးမကျွမ်းဝင်သော ပတ်ဝန်းကျင်မျိုးတွင် သတိထားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
” ဘမ်း …။ ”
ရုတ်တရက် အရှေ့မှ ပြင်းထန်သော တုန်ခါသံက ထွက်ပေါ်လာသည်။ ငါးရောင်ခြယ် ယဇ်ပုလ္လင်ပါ်မှ ကြေးနီရောင်အခေါင်းက သတ္ထုသံကို ထုတ်လွှင့်သည်။
” ဘာဖြစ်တာလဲ။”
” အခေါင်းကြီးထဲကနေ တစ်ခုခု ထွက်လာနေသလိုခံစားနေရတယ်။”
အခေါင်းနှင့် အနီးဆုံး ကျောင်းသူတစ်ယောက်က ဖြူဖျော့သော မျက်နှာထားဖြင့် ပြောသည်။
ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်နှာထားများက ပြောင်းလဲသွားသည်။ အခေါင်းကြီးထဲတွင် ရှိနေသော သေးငယ်သည့် အခေါင်းအကြောင်းကို လူတိုင်း သိထားပြီးသားပင်။
အပိုင်း ၁၁ ပြီး၏။