Chapter – 10
ကြေးနီရောင်အခေါင်း၏ အတွင်းပိုင်းက ချက်ချင်းငြိမ်ကျသွားသည်။ မည်သူမျှ စကားမပြောကြတော့ချေ။ လူတိုင်းကလည်း ကြောက်လန့်မှုအပြည့်ဖြင့်သာ အလောင်းရှိနေမည်ဖြစ်သည့် အခေါင်းကို ကြည့်ပြီးထိတ်လန့်နေကြသည်။
ကြေးနီရောင် အခေါင်းက အစိမ်းရောင်သံချေးများပင် တက်နေသည်။
အထဲမှာ ဘယ်လိုလူက ရှိနေတာလဲ။
” ဒါက ထိုက်တောင်ပေါ်က ငါးရောင်ခြယ် ယဇ်ပုလ္လင်နဲ့ ဆက်စပ် နေနိုင်တယ်။”
အချိန်အတန်ကြာပြီးနောက် လူတစ်ယောက်က စတင်ကာ လေသံတိုးတိုးဖြင့် ပြောသည်။ အခြားသူများကဆက်လက်၍ ဆွေးနွေးကြသည်။ သူတို့က မည်သို့ကြောင့် ထိုသို့ကိစ္စများ ဖြစ်လာကြောင်းကို သိလိုကြသည်။
” ဒါက ငါးရောင်ခြယ် ယဇ်ပုလ္လင်နဲ့ ပတ်သက်နေနိုင်တယ်။ နဂါးလောင်းကိုးလောင်းနဲ့ ကြေးနီရောင်အခေါင်းက အဲ့ဒီ ယဇ် ပုလ္လင်ကြောင့် ပေါ်လာတာမျိုးပေါ့။”
လူတိုင်းက ဆက်လက်ပြီး စိတ်ကူးယဥ် ကြည့်ကြသည်။ ထိုအဖြစ်အပျက်က လူတိုင်း၏ နားလည်နိုင်စွမ်းအားအပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိနေသည်။ ငါးရောင်ခြယ် ယဇ်ပုလ္လင်ကို ရှေးခေတ်လူသားများက တည်ဆောက်ထားခဲ့ခြင်းဖြစ်ပြီး အဆုံးစမဲ့သော လျှို့ဝှက်ချက်များက များစွာရှိနေသည်။ ယဲ့ဖန်းက ကိစ္စပေါင်းများစွာကို တွေးနေမိသည်။
သမိုင်းမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေဘယ်လောက် များလိုက်မလဲ။
အန္တရာယ်ရှိနိုင်သော အခြေအနေမျိုး မဖြစ်လာခင်တည်းက လူတိုင်းက ချက်ချင်းလိုလို စိတ်အေးသွားကြပြီး အဖြစ်အပျက်များကိုလည်း ပြန်လည်သုံးသပ်နေကြသည်။
” ဖြစ်နိုင်တာက အခေါင်းကို ဆွဲတဲ့ နဂါးလောင်းကိုးလောင်းကို ရှေးခေတ်လူတွေက ဆင့်ခေါ်ခဲ့တာဖြစ်နိုင်တယ်။”
ထိုသို့ ပြောလိုက်ပြီးနောက် လူတစ်ယောက်က ချက်ချင်း ပြန်ငြင်းသည်။
” ရှေးခေတ်လူတွေက သေသွားတာ ဘယ်လောက်ကြာမှန်းတောင် မသိနိုင်တော့ဘူး။”
” ငါ ဆိုလိုတာက အခေါင်းကို ဆွဲတဲ့နဂါးလောင်းကိုးလောင်းက နောက်ကျပြီး ခုမှ ပေါ်လာတယ်ဆိုတာဘဲ။”
” ဒါက ရှေးခေတ်လူတွေကို တုံ့ပြန်တာလည်း ဖြစ်နိုင်တာဘဲ။”
ကျောင်းသူတစ်ယောက်က ထိုသို့ပြောသောအခါ လူတိုင်းက ကြောင်သွားပြန်သည်။
ရှေးခေတ်လူများ၏ ဆင့်ခေါ်သံ… ။
နောက်ကျပြီးမှရောက်လာသော အခေါင်းဆွဲသည့် နဂါးလောင်းကိုးလောင်း … ။
တုံ့ပြန်မှုက နှစ်ထောင်ပေါင်းများစွာ ကြာရှည်သွားစေခဲ့သည်။ ဖြစ်ရပ်က မယုံနိုင်စရာကောင်းလေသည်။ ” အမှန်တရားက တကယ်ဘဲ ဘာလဲ။ ငါတို့ သိနိုင်မှာမဟုတ်ဘူး။ အရာအားလုံးက ငါတို့ရဲ့ ထင်မြင်ချက် သက်သက်ဘဲ။ ဖြစ်နိုင်ချေတွေက အများကြီးရှိနေတယ်။”
” ဟုတ်တယ် အခေါင်းကို ဆွဲတဲ့ နဂါး အလောင်း ကိုးလောင်းက ရှေးခေတ်လူတွေနဲ့ မပတ်သက်ဘဲ သူ့နေရာသူ ပြန်လာတာလည်း ဖြစ်နိုင်တာဘဲ။”
” ဒီကြေးနီရောင်ရုပ်ထုတွေကို မြင်လား။ ဒါက ရှေးခေတ်ဘိုးဘေးတွေ ရှေ့ဦး ဖြစ်တည်မှု နတ်ဘုရားတွေလေ။ ရုပ်ပုံအချို့မှာဆိုရင် စုတ်ဖြဲခံလိုက်ရတဲ့ ပုံတွေတောင် ပါသေးတယ်။ ဒါက ကြည့်ယုံနဲ့ပဲ ကွဲထွက်နေတဲ့ ခံစားချက်၊ ဝမ်းနည်းစရာကောင်းတဲ့ ခံစားချက်မျိုးကို ရစေတယ်။ ငါတို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအကြာက ပုံပြင်ကို ပြောပြနေသလိုဘဲ။”
” အမှန်လည်း ဖြစ်နိုင်တာဘဲ။ အခေါင်းဆွဲတဲ့ နဂါးအလောင်း ကိုးလောင်းက သဘာဝ အကာအကွယ်ကိုကျော်ဖြတ်ပြီး မွေးရပ်မြေကို ပြန်လာတယ်။ ဘယ်လောက်တောင် အတွေးလွှမ်းတဲ့ အတိတ်လဲ။”
ဖြစ်နိုင်သည်မှာ ရှေးခေတ်လူအများက အမည်မသိရသောနည်းလမ်းအမျိုးမျိုးကို သုံးပြီး အမည်မသိသောဝေးကွာလွန်းလှသည့်နေရာများသို့ သွားရောက် လှည့်လည်ခဲ့ကြနိုင်သည်။ အခေါင်းဆွဲသော နဂါး အလောင်းကိုးလောင်းက မွေးရပ်မြေသို့ ပြန်လာပြီး အသက်ပြန်ရှင်လာသည်။ ထို့နောက် အရိုးများအဖြစ်မှ အလောင်းအဖြစ်သို့ ပြန်ပြောင်းသွားပေလိမ့်မည်။
ဆွေးနွေးမှုများ အလယ်တွင် လူတိုင်းက ကြောက်ရွံ့မှုများ နည်းသည်ထက်နည်းလာကာ ဖြစ်နိုင်ချေများကိုသာ သုံးသပ်နေကြတော့သည်။ သို့ရာတွင် သူတို့ကအလယ်ရှိ ကြေးနီရောင်အခေါင်းကို အထူးတလည်အာရုံစိုက်ထားကြပြီး မည်သူကမှ မထိမတွေ့ရဲကြသလို ဖွင့်လည်း မဖွင့်ရဲကြချေ။
” အခုဆိုရင် ထိုက်တောင်ပေါ် ကယ်ဆယ်ရေးသမားများရောက်လောက်ပြီ ထင်တယ်။ သူတို့ သိပ်မဝေးကြလောက်တော့ဘူး။ ”
” မျှော်လင့်ရတာဘဲ။ အဲဒီမျှော်လင့်ထားတဲ့ အရာတွေဖြစ်လာရင် အကောင်းဆုံးဘဲ။ ဒီလိုဆို ငါတို့ အမြန်ဆုံး ကယ်ဆယ်ခံရလိမ့်မယ်။”
မည်သူကမှ ရှေးဟောင်းအခေါင်းထဲမှ လွတ်နိုင်မည့်နည်းလမ်းကို မရှာနိုင်ကြချေ။ ကြေးနီရောင် အခေါင်းက ရှစ်မီတာမှ ကိုးမီတာခန့်အထိ မြင့်မားရာ အပေါ်ကလည်း အခေါင်း အဖုံး ပိတ်ထားသည့် ပုံစံက ချိတ်စည်းပိတ်ထားသလို ဖြစ်နေပြီး လွတ်လမ်း မရှိချေ။
လူတိုင်းက အန္တရာယ်မှ အမြန်ဆုံး ပျောက်ကွယ်သွားရန် မျှော်လင့်နေသောအချိန်တွင် ကြေးနီရောင်အခေါင်းက ရုတ်တရက် ပြင်းပြင်းထန်ထန် တုန်ခါလာပြန်သည်။ သူတို့က ဟန်ချက်ပျက်ပြီး ယမ်းခါသွားကြသည်။ အများစုကမူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
” ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ။”
လူတိုင်းက ကြောင်သွားကြသည်။ အချို့သောကျောင်းသူများက စငိုပြန်သည်။ သူတို့က အနီး ဝန်းကျင်မှ လူများကို ခပ်တင်းတင်း ဆွဲကိုင်ထားကြသည်။
“ကယ်ဆယ်ရေးသမားတွေ ရောက်လာပြီလား။ ငါတို့ကို ကယ်နေတာများလား။ ”
စိုးရိမ်မှု၊ ကြောက်လန့်မှုများ၏ အလယ်တွင် ကြေးနီရောင်အခေါင်းက ပို၍ပင် ခပ်ကြမ်းကြမ်း လှုပ်ခါလာသည်။ မည်သူကမှ မတ်တပ်ရပ် မနေနိုင်ကြတော့ဘဲ လဲကျသွားကြသည်။ ဤနည်းအားဖြင့် ကြေးနီရောင်အခေါင်း၏အသားနှင့် ထိတွေ့မိသွားသည်။
” ဘန်း …။ ”
နောက်ထပ် ခပ်ကြမ်းကြမ်း တုန်ခါသံနှင့်အတူ ရုတ်တရက် လေယာဥ်က အေးစက်သော တိမ်စိုင်များကို မြင့်မားသောအရှိန်မှ ထိုးထွင်းပြီး အောက်သို့ ထိုးဆင်းလာသလိုမျိုး ခံစားချက်မျိုး ဖြစ်လာသည်။
” ခြိမ်း …။ ”
နောက်ဆုံးသော လှုပ်ခါသံကြီးက မိုးခြိမ်းလိုက်သလိုအသံမျိုးနှင့်အတူ အကောင်အထည်ရှိသော အရာဝတ္ထုတိုင်းကို ဖျက်ဆီးတော့မလို အရှိန်နှုန်းနှင့် ပေါက်ကွဲသံ ထွက်ပေါ်လာသည်။ ပြင်းထန်သည့် ပွတ်တိုက်မှုမှ တစ်ဆင့် ကြေးနီရောင် အခေါင်းပေါ် ဖြစ်လာသော သက်ရောက်မှုကို ခံလိုက်ရသည်။
သို့ရာတွင် ထိုတခဏတွင် ပိန်းပိတ်အောင် မဲမှောင်နေသော ကြေးနီရောင်အခေါင်းထဲရှိ ကြေးနီရောင် ရုပ်ပုံများအားလုံးက ဖျော့တော့သော အလင်းကို လွှင့်ထုတ်လာပြီး မမြင်ရသော တိုက်မိသွားသည့်အရာကို တုံ့ပြန်သလို ပြုမူလိုက်သည်။
လူတိုင်းက အံ့ဩသွားကြပြန်သည်။ ယခုလေးတွင် ကောင်းကင်နှင့်မြေပြင်က ပြောင်းပြန်လှန်ပြီး ကွဲထွက်သွားမလို ခံစားလိုက်ရပြီး ချက်ချင်းဆိုသလို အရာအားလုံးက တည်ငြိမ်သွားသည်။ သူတို့၏ ခံစားချက်များက ထင်ယောင်ထင်မှားဖြစ်နေသလောဟုပင် ခံစားရပြန်သည်။
” မဟုတ်သေးဘူး။ ဒါက တစ်ခုခုဘဲ။ တစ်ခုခုနဲ့ တိုက်မိသွားတာသေချာတယ်။ ဒါပေမဲ့ ဘာဖြစ်လို့ ရုတ်တရက်ရပ်သွားရတာလဲ။”
” ထင်ယောင်ထင်မှား ဖြစ်တာ မဟုတ်ဘူး။ ကြေးနီရောင်အခေါင်းက တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန် တိုက်မိသွားပြီး အချိန်အနည်းငယ်လောက် လွှတ်ထွက်သွားတာ။ ဒါပေမဲ့ ငါတို့အပေါ် မသက်ရောက်ဘူး။”
ထိုအချိန်တွင် လူတိုင်းက အံ့ဩသွားပြန်သည်။ ထိုအချိန်တွင် အခေါင်းကြီး၏ ဘေးဖက်နံရံနားတွင် တွဲလျားလေးဖြစ်နေသော ထိုကြေးနီရောင်အခေါင်းကပြုတ်မကျဘဲ မူလအတိုင်းရှိနေကြောင်း မြင်လိုက်ရသည်။
” ကြေးနီရောင် အခေါင်းက လွှင့်ထွက်သွားတော့မလိုဘဲ။ အလောင်းထည့်ထားတဲ့ အဲ့ဒီအခေါင်းလေးက ဒီကြေးနီရောင်အခေါင်းကြီးရဲ့ အောက်ခြေနဲ့ ကပ်နေတာဖြစ်နိုင်တယ်။ ဒီတော့ ရွေ့ဖို့ ခက်တယ်။ ဒါကြောင့် အဲ့ဒီအခေါင်းက နည်းနည်းရွေ့သွားတဲ့နောက်မှာ နံရံဘေးဘက်မှာ သွားကပ်နေတာဘဲ။”
တွေးကြည့်ယုံဖြင့်ပင် ယခု တိုက်မိလိုက်သောအရှိန်က မည်မျှ ကြောက်စရာကောင်းကြောင်း သိနိုင်သည်။ ထို့အပြင် ကြေးနီရောက်ရုပ်ပုံများမှပင် ဝေဝါးလျက် ဖျော့တော့သော အလင်းကို လွှင့်ထုတ်ခဲ့လေသည်။ ထိုဖြစ်ရပ်က မှင်သက်စရာကောင်းနေပြန်သည်။
“အလင်း အပြင်က အလင်းရောင် ဝင်လာပြီ။”
လီရှောင်းမန်က ရုတ်တရက် ထအော်သည်။
လူတိုင်းက ခေါင်းလှည့်ပြီး လီရှောင်းမန် ညွှန်ပြသောဘက်ကို ကြည့်လိုက်သောအခါ ဖျော့တော့သောအလင်းရောင်က ဝင်ရောက်နေကြောင်း မြင်လိုက်ရသည်။
” ကြေးနီရောင်အခေါင်းက လွှင့်သွားတော့ အခေါင်းကပွင့်သွားတာ ဖြစ်မယ်။ အဟကြား ပေါ်လာတာ။ ငါတို့မြန်မြန်ထွက်ရအောင်။”
ကြေးနီရောင်အခေါင်းဖုံးက နဂိုပုံစံမှ အနည်းငယ် လွှင့်သွားပြီး အဟကြားတစ်ခု ပေါ်လာသဖြင့် လူနှစ်ယောက်က အသာအယာ လမ်းလျှောက်ထွက်လို့ရသည်။ သို့သော် အပြင်က အလွန်မဲမှောင်နေပြီး အခေါင်းပေါ်ကျနေသော အလင်းရောင်ကလည်း လင်းထိန် မနေချေ။
လူတိုင်းက အောင်ပွဲခံပြီး အသည်းအသန် အပြင်ထွက်ပြီး ထိုအခေါင်းထဲမှ အမြန်ဆုံး ထွက်ပြေးချင်နေကြသည်။ သို့ရာတွင် အပြင်ထွက်ပြီးနောက် ရွှံ့ရုပ်ထုများလို မှင်သက်သွားကြရပြန်သည်။
မြေပြင်က သွေးများစိုရွှဲနေပြီး သွေးနီရောင်အပြည့်ဖြင့် အေးစက်ကာ အထီးကျန်ဆန်လွန်းလှ၏။ မျက်စိတစ်ဆုံး မြင်နိုင်သမျှက ကျယ်ပြောသော လွင်တီးခေါင် နယ်မြေကြီး ဖြစ်သည်။ မြေပြင်ပေါ်တွင်ပြန့်ကျဲနေသော ကြီးမားသည့်ကျောက်တုံးများကို မြင်ရသလို မျက်စိတစ်ဆုံး မြင်ရသမျှကလည်း အုတ်ဂူများကဲ့သို့ ကျောက်တုံးများ ဖြစ်နေသည်။
တလောကလုံးမှ အလင်းက မှေးမှိန်နေပြီး ထိုင်းမှိုင်းနေသည်။ အသက်မဲ့သော ထိုင်းမှိုင်းမှုမျိုး ဖြစ်ပြီး ပတ်ပတ်လည်ရှိ အနက်ရောင် မြူထုများကိုလည်းခံစားရသည်။ လူတိုင်းက ကြောင်သွားသည်။ ထိုနေရာက ထိုက်တောင်ထိပ် မဟုတ်တော့ချေ။
သူတို့ မျက်စိတဆုံးမြင်နေရသော နီညိုရောင် မြေပြင်ကြီးက အလွန်အမင်း ခေါင်ကာ တုန်လှုပ်ခြောက်ခြားဖွယ် တိတ်ဆိတ်နေသည်။ သက်ရှိကိုလည်း မခံစားရသလို သူတို့ သိသောနေရာ မဟုတ်သည်မှာလည်းသေချာနေသည်။ သူတို့က ထိုနေရာကို တစ်ကြိမ်မှ မရောက်ဖူးသလို ကြားလည်း မကြားခဲ့ဖူးချေ။ ဤနေရာက လျှို့ဝှက်ဆန်းကျယ်လွန်းနေသည်။
” ဘယ် ဘယ် ဘယ်နေရာလဲ။ ငါတို့ ထိုက်တောင်ပေါ်ကထွက်လာခဲ့ပြီလား။”
လူတစ်ယောက်၏ အသံက ထွက်ပေါ်လာပြီး ထိုအသံက တုန်ရီနေသည်။
” ကယ်ဆယ်ရေးသမားတွေက လူမရှိတဲ့နေရာကိုများငါတို့ကို ရွှေ့လိုက်တာလား။ ဒီအခေါင်းက တစ်ခုခုဖြစ်မှာကို စိုးရိမ်လို့လား။”
ကျောင်းသားတစ်ယောက်က ဝင်ပြောသော်လည်း သူက သူ့ကိုသူပင် ယုံအောင် မပြောနိုင်ချေ။
လူတိုင်းက ဆိုးရွားသော ခံစားချက်ကို ရနေကြသည်။ အလွန်အမင်း ဆိုးရွားသော အရာတစ်ခု ဖြစ်တော့မည်ဟု ခံစားနေကြရသည်။ ထိုအချိန်တွင် လူတိုင်းက ဖုန်းထုတ်ကာ ခေါ်ဆိုကြည့်ကြသော်လည်း ဖုန်းလိုင်းက မမိချေ။
” ဒါက ထိုက်တောင် မဟုတ်ဘူး။ ဒါဆို ငါတို့က ဘယ်မှာလဲ။”
လူအများစုက ထိတ်ထိတ်လန့်လန့်ဖြစ်နေကြသည်။ လွတ်မြောက်သွား၍ ပျော်ရွှင်မှု မရှိကြဘဲ ကြောက်ရွံ့မှုသာ ကြီးဆိုးလာသည်။
ကြေးနီရောင်အခေါင်းထဲမှ ထွက်လာပြီးနောက် တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကြာသွားခဲ့ပြီးသည့်တိုင် အရှေ့ဘက်ရှိ မြင်ကွင်းက မပြောင်းသေးချေ။
ယခင်က ခမ်းနားသော ထိုက်တောင်ကြီးမှာ ပျောက်ကွယ်သွားပြီး ရှိသမျှက ကန္တာရသဖွယ် ဖြစ်နေသည်။
ယဲ့ဖန်းက တိတ်တဆိတ် အရာအားလုံးကို စစ်ဆေးကြည့်၏။ သူ ရရှိနေသော မကောင်းသော ခံစားချက်ကမှန်ကန်နေကြောင်း သိလိုက်သည်။
အထူးသဖြင့် မဲမှောင်ပြီး ကြီးမားသည့် လျှောက်လမ်းနှင့် ရှစ်ထောင့်ပုံစံခွက်တို့ကို မြင်လိုက်ပြီးကတည်းက ခံစားချက်က ဆိုးရွားလာခြင်းလည်း ဖြစ်သည်။ ကြေးနီရောင် အခေါင်းကို ဆွဲသော နဂါးအလောင်း ကိုးလောင်းက ထိုလျှောက်လမ်းမှ ဝင်ရောက်လာခြင်း ဖြစ်ပေမည်။ ၄င်းက အမည်မသိသောနေရာတစ်ခုကို ၀င်ရောက်လာကြောင်းကို တွေးကြည့်ရန်ပင် မလိုလောက်တော့ချေ။
ရှေ့ရှိ မြင်ကွင်းကပင် အရာအားလုံးကို ရှင်းပြနေသည်။ ယခုက ထိုက်တောင်မဟုတ်တော့ဘဲ မြေကမ္ဘာနှင့် အလွန်ဝေးကွာသောနေရာသို့ ရောက်ရှိနေခြင်း ဖြစ်နိုင်သည်။
အပိုင်း ၁၀ ပြီး၏။