စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၈ ဒီဓါးသွားရဲ့ စွမ်းရည်က လူသားတွေ ရောက်နိုင်တာကို ကျော်လွန်တယ်။
ချင်မိသားစု၏ ဆရာကြီးက အလွန်လိမ်မာပါးနပ်သည်။ သူ့၌ သားနှစ်ယောက်ရှိ၏။ သားကြီး ချင်းမုယွင်ကလည်း ချင်ယွိယန်၏ ဖခင်ဖြစ်သည်။ သူက သူ့အတွက် အာကာသ စစ်မြေပြင်ထဲသို့ ဝင်ရောက်ရန် စီစဥ်ပေးခဲ့သည်။ ဒုတိယသား ချင်မင်ဖုန်းကမူ ကျုံးစီရင်စုအတွင်းရှိ နာမည်ကျော်ကြားသော ကြေးစား အဖွဲ့ဆီသို့ ဝင်ရောက်ဖို့ရန် သူက စီမံပေးခဲ့သည်။
ညီအစ်ကိုနှစ်ယောက်လုံးတွင် တစ်ယောက်က တပ်ထဲတွင် ရှိနေပြီး နောက်တစ်ယောက်က စီးပွားရေး လုပ်နေ၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် သဟဇာတ ဖြစ်သည်။ ဤနည်းဖြင့် ချင်မိသားစုက ကိစ္စနှစ်ရပ်ကို ပြင်ဆင်ရမည်။
ကောင်းကင်ထဲရှိ ကြယ်ဆုံသည့် စစ်မြေပြင်တွင်ဖြစ်စေ၊ မြေပြင်ရှိ စီးပွားရေးလောကတွင်ဖြစ်စေ သူတို့က အဆက်အသွယ် ရှိထားပေ၏။
မည်သည့်ဘက်က ဖွံ့ဖြိုးတိုးတက်စေကာမူ ချင်မိသားစုက အချိန်ကြာမြင့်စွာ ရပ်တည်နေနိုင်မှာ သေချာ၏။
ချင်ယွိယန်က ကျန်းဟိုင်မြို့ခွဲရှိ တာလီ လုပ်ငန်းစုကို မြန်မြန်ဆန်ဆန် ရောက်လာ၏။ ရုံးခန်းထဲတွင် သူမက သူမ၏ ဒုတိယဦးလေး ချင်မင်ဖုန်းနဲ့ တွေ့လိုက်သည်။
” ဦးလေး ”
အသက် ၄၀ခန့်အရွယ်ရှိသော ချင်မင်ဖုန်းက လေးထောင့်စပ်စပ် မျက်နှာထားရှိပြီး သူက အတော်လေး တည်ကြည်ပုံပေါ်၏။ သို့သော်ငြား ချင်ယွိယန်ကို မြင်သည့်အချိန်၌ ချက်ချင်း ပြုံးလိုက်တော့သည်။
” ယွိယန်ပဲ။ လာ ထိုင်လေ ”
ထိုသို့ပြောပြီးနောက် သူ့လက်ထဲရှိ စာရွက်စာတမ်းများကို ချထားပြီး ချင်ယွိယန်အတွက် အဖန်ရည်တစ်ခွက် ငှဲ့ပေးလိုက်သည်။ သူက အကြီးအကဲဟူသည့် အဆင့်အတန်းကို အပြည့်အဝ လျစ်လျူရှူထားကာ ချင်ယွိယန်ကို နှစ်သက်မြတ်နိုးသည်။
ချင်ယွိယန်က လက်ဖက်ရည် ဧည့်ခံရန် အမြန်ထရပ်လိုက်သည်။
” ဦးလေး သမီး ဘယ်နခါလောက် မေးပြီးပြီလဲ။ ဦးလေးက လူကြီးတစ်ယောက်လေ။ သမီးအတွက် လက်ဖက်ရည် အမြဲတမ်း ငှဲ့ပေးနေလို့ မရဘူး ”
” ငါ့တူမကို ချစ်တာပဲ။ အကြီးအကဲတစ်ယောက်အနေနဲ့ ဘာကြောင့်များ နေနေရဦးမှာလဲ ”
” ဦးလေး သမီးက ကလေးတစ်ယောက် မဟုတ်တော့ဘူး။ သမီးဘာ့သာ လက်ဖက်ရည် ငှဲ့နိုင်
တယ် ”
” မင်း အသက်တစ်ရာရောက်သွားပြီဆိုရင်တောင် မင်းက ငါ့အတွက် ကလေးတစ်ယောက် ဖြစ်နေသေးတုန်းပဲ။ ယောင်္ကျားလေးဆိုရင် မင်းအတွက် လက်ဖက်ရည် ထည့်ပေးမှာ မဟုတ်ရုံတင် မကဘူး။ အိမ်ကို အလုပ် ကြိုးကြိုးစားစား စာ ကြိုးကြိုးစားစား လေ့လာခိုင်းမှာ။ ဒါပေမဲ့ ငါတို့ချင်မိသားစုက နှစ်ပေါင်းများစွာကြာပြီးမှ ဒီလိုမင်းသမီးလေးတစ်ယောက် မွေးထုတ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ ”
ချင်ယွိယန်က နှုတ်ခမ်းစေ့ကာ ပြုံးလိုက်လေ၏။ သူက လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် မမေးပဲ မနေနိုင်တော့ချေ။
” ဒါနဲ့ ဦးလေး လင်းနန်မြို့မှာ အဆင်မပြေလို့လား။ ဘာကြောင့် ကျန်းဟိုင်မြို့ကို ရုတ်တရက် ရွှေ့ပြောင်းလာတာလဲ ”
ချင်မင်ဖုန်းက မှီထိုင်လိုက်ကာ သက်ပြင်းချလိုက်လေ၏။
” အဲ့ဒီအကြောင်း မပြောနဲ့။ လတ်တလောမှာ ကြယ်တာရာသားရဲတွေကို ဖမ်းဖို့အတွက် အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး လင်းနန်ထဲမှာ နေခဲ့တာလေ။ သတင်းအချက်အလက် မှားယွင်းမှုကြောင့် တစ်ဖွဲ့လုံး ရှင်းထုတ်ခံရလုနီးပါး ဖြစ်သွားတာ။ ဆန်းကြယ်တဲ့ သိုင်းပညာရှင်တစ်ယောက်ရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် အခုလောက်ဆို ဦးလေးအတွက် ငွေစက္ကူတွေ ရှို့ပေးရလောက်ပြီ ”
” ခေါင်းဆောင်အရာရှိက ကျန်းဟိုင်မြို့ဆီ ပြန်သွားပြီး တည်တည်ငြိမ်ငြိမ် ဒီမှာ ရုံးခွဲတစ်ခု တည်ဆောက်ဖို့ ပြောလိုက်တာပဲ ”
” အဲ့ဒီလောက် အန္တရာယ်များတယ်လား ”
ချင်ယွိယန်က အနည်းငယ် အံ့သြသွားပြီး ချင်မင်ဖုန်းကမူ လေးနက်သော အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။
” သမီး ထင်ထားတာထက် အန္တရာယ် ပိုများတယ်။ ဦးလေးတို့ စုံစမ်းစစ်ဆေးရေးက မှားကွဲတာ။ ချီရှန်းအဆင့်အထက် အနက်ရောင်ကြေးခွံမြွေတစ်ကောင်နဲ့ တွေ့ခဲ့တယ်လေ။ ကံကောင်းတာက ဓါးသခင်တစ်ယောက်က ရုတ်တရက် ဖြတ်ပေါ်လာပြီး ဓါးတစ်ချက်တည်းနဲ့ သတ်လိုက်တာ။ သူက ဦးလေးတို့ကို ကုသပေးဖို့ ကုသခြင်းနည်းစနစ်တောင် သုံးသွားသေးတယ် ”
” ဒါတောင် ဦးလေးတို့ အသင်းဖော်တချို့ ဆုံးရှုံးခဲ့ရတယ်လေ။ သူတို့က အနက်ရောင်ကြေးခွံမြွေရဲ့ အဆိပ်ကြောင့် ယိုယွင်းသွားတာ။ အစအနတောင် မကျန်တော့ဘူး ”
” ဓါးသခင်လား ”
ချင်ယွိယန်ကမူ ပိုတောင်ထိတ်လန့်သွား၏။ ချင်မင်ဖုန်းက ထပ်ပြောလိုက်သည်။
” အဟုတ်ပဲ။ ကံဆိုးတာက သူ့ရဲ့ သွင်ပြင်ကို ဦးလေး မတွေ့လိုက်ရဘူး။ အဲ့ဒီတုန်းက အခြေအနေတွေက အရေးပေါ် ဖြစ်နေတာလေ။ သူက ရုတ်တရက် ပေါ်လာပြီး တစ်ကိုယ်လုံး ရွှေရောင်အလင်း လွှမ်းခြုံထားတာ။ ပြီးတော့ သူ့ရဲ့ လက်ကို လွှဲရမ်းလိုက်တယ်။ တစ်လောကလုံး လင်းထိန်သွားသလိုမျိုးပဲ။ ပြီးတော့ ဦးလေးလည်း မေ့လဲသွားရောပဲ။ ဦးလေး နှိုးလာတဲ့အချိန် သူက ထွက်သွားနှင့်ပြီ။ ဦးလေးတို့ကို ကုသခြင်း နည်းစနစ်နဲ့ ကုသပေးထားတာ ”
” သူက ဦးလေးတို့ကို ကယ်တဲ့သူ ဟုတ်မဟုတ် သိပေမဲ့ သူမဟုတ်ခဲ့ဖူးဆိုရင်တောင် ကုသသူက သေချာပေါက် အဆင့်မြင့်တဲ့ ကုသသူတစ်ယောက်ပဲ ”
” ဒါပေမဲ့ သူပေါ်လာတာက မြန်လွန်းတော့ ဘယ်သူ့မှ မတွေ့လိုက်ရဘူး။ ဒါကြောင့် ကယ်သွားတဲ့သူက တစ်ယောက်တည်း ဖြစ်နိုင်တယ်လို့ ယူဆမိတာပဲ ”
” အဲ့ဒီလူက အမှန်တကယ် ပြိုင်စံရှားတဲ့ သိုင်းပညာရှင်ကြီးတစ်ယောက်ပဲ။ သူ့ရဲ့ ကျင့်ကြံဆင့်မှုမှာ ဓါးလမ်းကြောင်းက အင်မတန် အစွမ်းထက်နေရုံတင်မကဘူး သူ့ရဲ့ ကုသခြင်းပညာရပ်ကလည်း သိပ်ကို အစွမ်းထက်တယ်။ သူက လောကကြီးရဲ့ ရှားပါးတဲ့ ပါရမီရှင်ပဲ ”
ချင်မင်ဖုန်းက ထပ်ခါတလဲလဲ ချီးကျူးနေစဥ် ချင်ယွိယန်က ထိတ်လန့်သွား၏။
ဆန်းကြယ်ဓါးမော့ သိုင်းပညာရှင်လိုမျိုး ရွှေရောင်အလင်းနှင့် ဓါးသခင်က ဆန်းကြယ်ဓါးမော့ သိုင်းပညာရှင်နဲ့ ဘာ့ကြောင့် တူနေရတာလဲ။ ဆိုရလျှင် ဆန်းကြယ်သော ဓါးမော့သိုင်းပညာရှင်က ပေါ်လာပြီး ဆန်းကြယ်စွာ ပျောက်ကွယ်သွား၏။
ကျန်းဟိုင်မြို့နှင့် လင်းနန်မြို့က အလွန်နီး၏။ ထို့ကြောင့် သူတို့ လင်းနန်မြို့တွင် ပေါ်လာတာ အံ့သြစရာ မဟုတ်ပေ။
ထိုသို့တိုင် ဓါးမော့သခင်တစ်ဦးသည် ဓါးလမ်းကြောင်းကို မည်ကဲ့သို့ ကျင့်ကြံနိုင်မည်နည်း။
ဓါးမော့သိုင်းပညာရှင်က အလွန်သန်မာသည့်တိုင် လောကထဲ၌ လူအနည်းစုသာလျှင် တစ်ပြိုင်နက်တည်း သိုင်းပညာရပ်နှစ်မျိုးကို နားလည်သဘောပေါက်နိုင်တာဖြစ်၏။ ကျင့်ကြံဆင့် မြင့်မားသော အဆင့်ရောက်အောင် သိုင်းပညာရပ်နှစ်ခုလုံးကို မြင့်မားသည့်အဆင့်သို့ရောက်အောင် ကျင့်ကြံဖို့က ပိုတောင်မဖြစ်နိုင်ပေ။
သို့သော် တစ်ဖက်လူက ဓါးသိုင်းနှင့် ကုသခြင်း နည်းစနစ်ကို ပေါင်းစည်းထားသည့် ပါရမီရှင်တစ်ယောက်ဖြစ်ရမည်ဟုလည်း ဦးလေးက ပြောခဲ့သည်။ ဤလောကရှိ အခြေခံ အသိအမြင်ကို သူတို့က ချိုးဖျက်ခဲ့သည်လော။
သူသည် အခြေခံ အသိအမြင်ကို ချိုးဖျက်ခဲ့ပြီဆိုလျှင် နောက်ထပ် ဓါးသိုင်းကို အဘယ်ကြောင့် မကျင့်ကြံနိုင်ပဲ ရှိမည်နည်း။ ထိုအချက်ကို တွေးမိပြီး ချင်ယွိယန်က နှလုံးခုန် မြန်လာလေ၏။
သူမကိုယ်တိုင်တောင် သူမအတွေးများက အနည်းငယ် ရူးကြောင်ကြောင် နိုင်နေသည်ဟု ခံစားမိသည်။
” ယွိယန် ယွိယန် ”
မကြာမီ၌ ဦးလေး၏ အော်သံက ချင်ယွိယန်ကို ဗြောက်သောက်အတွေးများထဲမှ နှိုးထသွားစေတော့သည်။
” အမ် ”
” ဘာကြောင့် ကြောင်အနေတာလဲ ”
” အော် ဘာမှမဟုတ်ပါဘူး။ သမီး တစ်ခုခုကို တွေးမိလိုက်လို့။ အော် ဟုတ်သား အဖိုးက သမီးတို့ကို ဒီည ညစာ အတူတူ စားစေချင်နေတယ် ”
” ဟုတ်ပြီလေ ”
သူမ ထိုသို့ပြောနေစဥ် အနက်ရောင် အသားကပ် ဝတ်စုံပြည့် ဝတ်ဆင်ထားသည့် သွယ်လျသော အတွင်းရေးမှူးက သေတ္တာကြီးကို သယ်ပြီး ရောက်လာလေ၏။
” ဥက္ကဋ္ဌ ချင် ဒါက ဒီလအတွက် ရုံးခွဲက ဝယ်လာတဲ့ လက်နက်ပါ။ ကျေးဇူးပြုပြီး စစ်ကြည့်ပါဦး။ ပြဿနာမရှိရင် လက်မှတ်ထိုးဖို့ ကူညီပါဦး။ ဘဏ္ဍာရေးဌာနကို သတင်းပို့ရမှာမလို့ ”
” တစ်ချက်ကြည့်ရအောင် ယူလာခဲ့ ”
အတွင်းရေးမှူးက စားပွဲပေါ် သေတ္တာတင်လိုက်သည်နှင့် ချင်ယွိယန်က ချက်ချင်း ထရပ်လိုက်၏။
” ဦးလေး သမီး အရင်ပြန်နှင့်ရမလား ”
ဆိုရလျှင် ထိုကိစ္စရပ်များက ကုမ္မဏီ လျှို့ဝှက်ချက်ဖြစ်သည်။ သူမအဖို့ မြင်တွေ့ခြင်းက မသင့်တော်ပေ။ သို့သော်ငြား ……က လက်ကာပြလိုက်၏။
” မလိုဘူး။ မင်းက ငါ့တူမပဲ။ ဘယ်လိုလုပ် မယုံပဲနေမှာလဲ ”
ထိုသို့ပြောပြီးနောက် သေတ္တာကိုဖွင့်ပြီး စစ်ဆေးကြည့်လိုက်သည်။ သာလွန်အဆင့် သံမဏိဓါးသွား ၂၀ရှိပြီး သာလွန်အဆင့် သန့်စင်ထားသော သံမဏိဓါး ၅လက်နှင့် သံချပ်ကာတစ်စုံဖြစ်၏။ သူတို့အားလုံးက သာမန်အဆင့်တွင်သာ ရှိသည်။
” ဘာကြောင့် သံချပ်ကာတွေ ပိုမဝယ်ရခဲ့တာလဲ ”
” ကျန်းဟိုင်မြို့က ဒီနှစ်မှာ အတော်လေး ငြိမ်းချမ်းနေတာလေ။ ကြယ်တာရာသားရဲတွေ အများကြီး မရှိဘူး။ ဒါကြောင့် ရုံးချုပ်က သူတို့ရဲ့ ဘတ်ဂျတ်တစ်ချို့ကို ဖျက်လိုက်တယ်။ နောက်ထပ်အကြောင်းအရင်းကတော့ ချီရှန်းအဆင့် ဓါးပျံကို ဝယ်ဖို့အတွက် ကျွန်မတို့ရဲ့ ဘတ်ချက်တွေအားလုံး သုံးလိုက်တာ ”
” ချီရှန်းအဆင့် ဓါးပျံလား ”
ချင်မင်ဖုန်းသည် နောက်ဆုံး၌ အတွင်းရေးမှူး ကိုင်ထား
သည့် သေတ္တာလေးကို သတိပြုမိသွားသည်။
အတွင်းရေးမှူးက စားပွဲပေါ်တွင် သေတ္တာကို ထားပြီး ၄င်းကို ဖွင့်ပြလိုက်၏။ လက်ခလယ်ခန့်ရှည်သည့် ဓါးပျံတစ်လက်က နက်မှောင်ပြီး အေးစက်စက်အလင်း ဖြာထွက်နေ၏။
ချင်မင်ဖုန်း၏ သူငယ်အိမ်က ရုတ်တရက် ကျုံ့သွားသည်။
” မဟာကုန်ကြမ်း ”
သူသည် တစ်နှစ်ပတ်လုံး ကြယ်တာရာသားရဲများ
နှင့် တိုက်ခိုက်နေခဲ့သည့် သိုင်းပညာရှင်တစ်ဦးဖြစ်၏။ ထို့ကြောင့် မရေမတွက်နိုင်သည့် လက်နက်များကို မြင်နေကြဖြစ်၏။ လက်နက်ကို မြင်သည့်အချိန်၌ ယင်းက ထူးကဲသည့် အရာမှန်း ချက်ချင်းသိလိုက်သည်။
ချင်ယွိယန်က သိချင်စိတ်ဖြင့် လျှောက်လာလေ၏။
” ဒါက သံရိုင်းနဲ့ လုပ်ထားတဲ့ လက်နက်ပဲ ဖြစ်လောက်မယ်။ တစ်ဖက်လူက ချီရှန်းအဆင့် ဓါးပျံကိုလုပ်ဖို့ သံရိုင်းကို တကယ်သုံးထားတာပဲ။ တကယ်အံ့သြဖို့ ကောင်းလိုက်တာ ”
ချင်မင်ဖုန်းက သူ့လက်ထဲတွင် ဓါးပျံကို ကိုင်ထားပြီး အလေးချိန်ကြည့်လိုက်သည်။ ပြီးနောက် ဝိညာဥ်စွမ်းအင်ကို ၄င်းထဲသို့ လျင်မြန်စွာ ထည့်လိုက်၏။
နောက်တခဏ၌ ဓါးပျံသည် ဝိညာဥ်စွမ်းအင် ပမာဏများစွာ လက်ခံရရှိပြီးနောက် ဓါးကိုယ်ထည်က အဖြူရောင် အလင်းဖျော့ဖျော့လွှာ တစ်လွှာ စတင်ပေါ်ထွက်လာတော့၏။
အပိုင်း ၁၀၈ ပြီး၏။