Chapter – 9
” ဘယ်လိုဖြစ်ပြီး နောက်တစ်ယောက်က ပါနေရတာလဲ။”
” ဘယ်သူလဲ။ ဘယ်သူလဲ။”
မေးခွန်းမေးသော သူ၏ အသံ ကိုယ်တိုင်ကပင် တုန်နေသည်။
လူတိုင်း၏ ဆဲလ်ဖုန်းက မီးလင်းလာသည်။ လူတိုင်းလည်း ပတ်ပတ်လည်ရှိ လူတိုင်းကို အထိတ်တလန့် ကြည့်ကြပြီး ထူးဆန်းသည့် မျက်နှာက ရုတ်တရက် ပေါ်လာမည့်အရေးကို စိုးရိမ်နေကြသည်။
လူတိုင်းက အချင်းချင်း မှတ်မိနေကြပြီးသားဖြစ်ပြီး အချင်းချင်း ပူးကပ်နေလိုက်ကြကာ ပတ်ဝန်းကျင်ကို ကြောက်လန့်တကြား ကြည့်သည်။
ထိုအခိုက် လူတိုင်းကလည်း လူပိုတစ်ယောက်ရှိနေကြောင်းကို သိလိုက်ရသည်။ ထိုသူက သိပ်မဝေးသောနေရာထောင့်နားတွင် ရှိနေသည်။
” ဘယ်သူလဲ။ မင်းက ဘယ်သူလဲ။”
” လူလား။ သရဲလား။”
လျှို့ဝှက်ဆန်းကျယ်အခေါင်းတွင် ရောက်နေပြီးနောက် ဘာမဆို ဖြစ်လာနိုင်လေရာ လူတိုင်းက မသက်မသာခံစားနေရသည်။
ထိုမှောင်မဲသော ထောင့်မှ ချောင်းဆိုးသံ ထွက်လာသည်။ အနက်ရောင်ပုံရိပ်က ခန္ဓာကိုယ်ကို လှုပ်ရှားလာပြီးနောက် လေသံတိုးတိုးဖြင့် ပြောသည်။ အသံက သြရှနေသည်။
” သရဲ သရဲလေ။”
သြရှသောအသံက ကြေးနီရောင်အခေါင်းထဲတွင် ပဲ့တင်ထွက်သွားသည်။ ထိုအခါ လူတိုင်းက ကျောချမ်းသွားကြပြီး ဆံပင်မွှေးများက ထောင်သွားကြကာ ခြောက်ခြားသွားကြသည်။
လူတိုင်းက ရေခဲအခေါင်းထဲသို့ ကျသွားသလို ခံစားလိုက်ရသည်။ အများစုကမူ တုန်လှုပ်ခြောက်ခြားနေကြသည်။ ကျောင်းသူအချို့ဆိုလျှင် ထိုစူးရှသောအသံကိုပင် ထုတ်ပြီး တုန်လှုပ်ခြောက်ခြား၍ ကျယ်ကျယ်လောင်လောင် အော်ငိုကြပြီး မြေပြင်ပေါ်သို့လည်း ကျလုနီးပါး ဖြစ်ကုန်ကြသည်။
” သရဲ … နေရာ…”
အသံက အနည်းငယ် အားဖျော့နေသည်။ ထိုသူကအလွန်ပင်ပန်းနေပြီး လူက ခန္ဓာကိုယ်ကို ရမ်းပြီး မတ်တပ် ထနိုင်အောင်ကြိုးစားသည်။
” ဘယ်…ဘယ်နေရာက သရဲလဲ။ ငါတို့က ကြေးနီရောင်အခေါင်းထဲမှာ မဟုတ်လား။”
ထောင့်မှ အနက်ရောင်ပုံရိပ်က ချက်ချင်းတွင်ပင်လျှင်ထရပ်နိုင်သွားပြီး အနည်းငယ် စိတ်ရှုပ်ထွေးသောပုံစံမျိုး ဖြစ်လာသည်။ သူ၏ပုံစံက တဖြည်းဖြည်းချင်း အင်အားပြည့်လာသည်။
အနက်ရောင်ပုံရိပ်က မတ်တပ်ရပ်လိုက်သည်ကို မြင်သောအခါ လူတိုင်းက ချက်ချင်းလိုလို နောက်ဆုတ်ကြသည်။ အနက်ရောင်ပုံရိပ်က စကား ဆက်ပြော၍ ရှေ့တိုးလာသည်။
” ငါပါ။ ဖန်းပေါ် … ။”
” အနား မလာနဲ့။”
လူတိုင်းက ဖုန်းမီးကို မြှောက်ပြီး တစ်ဖက်ကို ကြည့်လိုက်သည်။
ယဲ့ဖန်းက လူအုပ်ကို ခွဲပြီးနောက် ဖြည်းညင်းစွာပင် ရှေ့သို့ တက်လာကာ မေး၏။
” မင်းက တကယ်ဘဲ ဖန်းပေါ်လား။”
” မင်းက ငါ့ရဲ့အသံကိုတောင် မမှတ်မိဘူးလား။”
အမှောင်ထဲမှ ဖုန်း မီးအလင်းရောင်က ထိန်လင်းလာသောအခါ ရင်းနှီးကျွမ်းဝင်သော ဖုန်း ကိုင်ထားသည့် လူတစ်ယောက်ကို မြင်လိုက်ရသည်။ ထိုသူက မျက်ခုံးထူပြီး မျက်လုံးကြီးသည်။ ခန္ဓာကိုယ်ကလည်း ထွားကြိုင်းသည်။
ဖန်းပေါ်က တက္ကသိုလ်တွင် ယဲ့ဖန်း၏ အချစ်ဆုံးသူငယ်ချင်း ဖြစ်သည်။ အချို့သောကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် စုဝေးပွဲကို မလာနိုင်ခဲ့ချေ။ ယခု သူက ရုတ်တရက် ပေါ်လာသောအခါ လူတိုင်းက သံသယဝင်သွားသည်။
” ငါ မယုံဘူး။ ဘယ်လိုဖြစ်ပြီး မင်းက ဖန်းပေါ်ဖြစ်မှာလဲ။ စုဝေးပွဲတုန်းကတောင် မလာခဲ့ဘူးလေ။ ဒီတော့မင်းက ဘယ်သူလဲ။ ”
အနောက်မှ တစ်ယောက်က တုန်တုန်ရီရီဖြစ်သောလေသံဖြင့် ပြောသည်။
ကြေးနီရောင်အခေါင်းနားတွင် ရပ်နေသော လူ မဟုတ်လျှင် ဒီနေရာတွင် မရှိနေသင့်ချေ။ ထိုအချက်က လူတိုင်းကို ခြောက်ခြားသွားစေသည်။
” သေချာပေါက် ငါက ဖန်းပေါ်ပေါ့။ မင်းတို့မှာ ရေမရှိဘူးလား။ ငါ ရေဆာလို့ သေတော့မယ်”
အနက်ရောင်ပုံရိပ်က ရှေ့သို့ ဆက်လျှောက်လာသည်။
” အဲ့ဒီမှာ ရပ်စမ်း။”
လူတိုင်းက တစ်ပြိုင်နက် အော်သည်။
ဖန်းပေါ့က မနေနိုင်ဘဲ ရပ်လိုက်ရသည်။ သူ၏ လက်ခံအောင် သက်သေပြရန်အလို့ငှာ သူက အကောင်းဆုံးရှင်းပြပြီး တက္ကသိုလ်မှ ကိစ္စပေါင်းများစွာကို ပြန်ပြောပြသေးသည်။
” သူက ဖန်းပေါ်လို့ ငါ ယုံတယ်”
ယဲ့ဖန်းက ဆုံးဖြတ်ချက် ပြတ်သားသောလေသံဖြင့်ဝင်ပြောသည်။ ဖန်းပေါ်၏ ဘေးဖက်သို့ သွားလိုက်ပြီးနောက် နှစ်ယောက်က မတွေ့ရသည်မှာ အချိန်အတန်ကြာလေပြီ။ ယခုလို အခြေနေမျိုးမှာ သူတို့က အချင်းချင်း ခပ်တင်းတင်းပင် ဖက်လိုက်ကြသည်။
” အရင်လက ငါ အိမ်မှာ ကိစ္စအချို့ရှိနေတာ။ ဒါ့ကြောင့် ငါ စုဝေးပွဲကို အချိန်မှီ မတက်လိုက်နိုင်ဘူး။ နောက်တော့ အားလုံးက ထိုက်တောင်ကို သွားမယ်ဆိုတာကို ငါ သိလိုက်ရတယ်လေ။ ငါ မိသားစုကိစ္စတွေဆောင်ရွက်ပြီးတဲ့နောက်မှာ ဒီနေရာကို လာခဲ့တာဘဲ။”
ဖန်းပေါ်က ယဲ့ဖန်း၏ ကမ်းပေးသော ရေပုလင်းကိုယူသောက်ပြီးနောက် သူ ကြေးနီရောင်အခေါင်းထဲသို့မည်သို့ဝင်ခဲ့သည်ဆိုသော ကိစ္စကို ပြောပြသည်။ သူရောက်လာသောအခါ လူတိုင်းက တောင်ပေါ်သို့ ရောက်နှင့်နေကြပြီ။ သူက ကေဘယ်ကားကို စီးပြီးတက်လာခဲ့သည်။
ယေဘုယျကျကျပြောရလျှင် သူက ကံကောင်းလွန်းသည်ဟုလည်း ဆိုရဦးမည် ဖြစ်သည်။ နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းက ထိုက်တောင်ကို ထိသောအခါ သူက ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ပေါ်သို့ လုံလုံခြုံခြုံရောက်ချိန်နှင့် တိုက်ဆိုင်နေခြင်း ဖြစ်နေသည်။ သူက လူအုပ်နှင့်အတူ အောက်သို့ ပြေးမဆင်းသွားခဲ့ဘဲ ကြီးမားသော သစ်ပင်ကြီးကိုသာ ခပ်တင်းတင်း ဖက်ထားပြီး ထိုက်တောင်က ငြိမ်သက်သွားသည်အထိ စောင့်နေသည်။ သို့သော် သူကဒဏ်ရာ မရသွားခဲ့ချေ။
ထို့နောက် သူက အဝေးမှ ယဲ့ဖန်းတို့က ကြီးမားသော တွင်းကြီးထဲပြုတ်ကျသွားသောမြင်ကွင်းကို တွေ့လိုက်ရပြီး အပြေးလာချိန်တွင် လေထဲတွင် လွှင့်မြောနေသောရှေ့ဟောင်းစာများကို မြင်လိုက်ရခြင်းဖြစ်သည်။ သူက တွင်းကြီး၏ အပြင်ဘက်တွင် ရပ်နေပြီး ခြေတစ်လှမ်းပင် မရွေ့နိုင်ခဲ့ချေ။ ကြေးနီရောင်အခေါင်းကြီးကလှုပ်ခါပြီး ပွင့်သွားသောအခါ သူက လူအုပ်နားသို့ လိုက်ပါမိသလိုဖြစ်သွားပြီး အခေါင်းထဲသို့ ပါလာခဲ့ခြင်း ဖြစ်သည်။
သူက သက်တန့်ရောင် ယဇ်ပုလ္လင်အပြင်ဘက်တွင်ရှိနေသောကြောင့် ဖြစ်လောက်သည်။ ဖန်းပေါ်က ကြေးနီရောင်အခေါင်းထဲကို ရောက်၍ အတိတ်မေ့သွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူတို့က သံသယကို ထုတ်ပြောမှသာ သူက နိုးလာခဲ့ခြင်းဖြစ်သည်။ ထိုအခါမှ လူတိုင်းက စိတ်အေးသွားကြသည်။
” ငါတို့ သွားဖို့ နည်းလမ်းရှာရမယ်။ ဒီအခေါင်းက ငါ့ကိုမသက်မသာ ဖြစ်စေတယ်။ ငါ ခံစားချက် မကောင်းဘူး။”
လီရှောင်းမန်၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေသည်။ သူမ၏ လှပသော မျက်ဝန်းများက အခေါင်းတွင် မဲမှောင်နေသောနေရာများကို စိုက်ကြည့်သည်။ အခြားသော ကျောင်းသူများနှင့်ယှဥ်သော် သူမနှင့်လင်းကျားက အနည်းငယ် တည်ငြိမ်နေသည်။ ထိုစကားကို ကြားသော် လူတိုင်းက ကျောချမ်းသွားပြန်သည်။
” အားလုံးဘဲ အတူကပ်နေရအောင်။ လူစု မကွဲစေနဲ့။”
ကျိုးရင်က အကြံပေးသည်။ လူတိုင်းက တစ်ယောက်ကိုတစ်ယောက် ကပ်နေလိုက်ကြပြီး သူတို့၏ဆဲလ်ဖုန်းများကလည်း ဖျော့တော့သောအလင်းရောင်ဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်ရှာဖွေနေကြသည်။ သူတို့ကအခေါင်းတစ်ဖက်ခြမ်းများသို့ ကပ်နေကြသည်။
ထို့ကြောင့် အခေါင်းပေါ်မှ ဝေဝါးသော ကြေးနီရောင်ရုပ်ပုံများကို မြင်နိုင်သည်။ ခေါင်းကိုးလုံးပါသော နတ်ငှယ်ကြီးက တောင်ပံကို ဖြန့်ကားကာ လေဟုန်ထိုးနေသည့် ကြောက်မက်ဖွယ်ပုံကိုလည်း မြင်ရသည်။ ထို့အပြင် တစ်ကိုယ်လုံးအနှံ့ ဆူးခြုံများ ပြည့်နက်နေသော သားရဲကြီးတစ်ကောင်ကလည်း ကောင်းကင်ကိုကြည့်နေကြသည့်အလား ဟိန်းဟောက်နေသည့်ပုံကိုလည်း မြင်ရသည်။
ကြေးနီရောင် အခေါင်းတစ်ခုလုံးကို အစိမ်းရောင်သံချေးများဖြင့် ဖုံးလွှမ်းနေသည်။ အချို့က တောင်တန်းနှင့် ပင်လယ် ဂန္တဝင် စာအုပ်ထဲတွင် မှတ်တမ်းတင်ထားသော ရှေးဦးသားရဲကြီးများ ဖြစ်နေပြီး ထောင်ထိုက်၊ ချုံးချီ၊ ပိုင်အမ်းစသဖြင့် သားရဲများဖြစ်သည်။ အားလုံးက အလွန်ကြီးမားပြီး မျက်နှာများကလည်း ခက်ထန်ကြသည်။
အမှန်တကယ် အသက်ဝင်နေသလို ဆွဲထားသည်မှာ လက်ရာမြောက်လွန်းလှသည်။
ကြေးနီရောင်အခေါင်း၏ အတွင်းဘက်သို့ နံရံဘက်လျှောက်ကြည့်ပြီးနောက် သူတို့အားလုံးက လူပေါင်းများစွာ၏ ပုံရိပ်များကို ထွင်းထုထားကြောင်းကို မြင်လိုက်ရသည်။
ထိုသူများက ရှေးခေတ်လူများသို့မဟုတ် ရှေ့ခေတ်နတ်ဘုရားများပင် ဖြစ်နိုင်သည်။ ထို့နောက် လူတိုင်းက ထူးဆန်းစွာ ထွင်းထုထားသော အရာပေါင်းများစွာကို တွေ့လိုက်ရသည်။ ထိုအရာက ကြယ်စင်များကဲ့သို့ အချင်းချင်း ပြည့်ကျပ်နှက်နေသော အစက်အပျောက်များသဖွယ် ဖြစ်နေသည်။ ထိုအရာက ကြယ်စင်ဇယားကွက်နှင့်ပင် တူသေးသည်။
ကြေးနီရောင်အခေါင်းက မီတာနှစ်ဆယ်ရှည်ပြီး ရှစ်မီတာကျယ်သည်။ လူအုပ်ကလည်း ထိုအရာများကိုမြင်သောအခါ ဆက်လက်ပြီး ရှာဖွေမနေကြတော့ချေ။ ထိုအချိန်တွင် ကြေးနီရောင်အခေါင်း၏ အနက်ဆုံးအပိုင်းမှ တစ်စုံတစ်ရာကို အာရုံခံမိလိုက်သလို ခံစားကြလိုက်ရသည်။
ဆဲလ်ဖုန်းများကို မြှောက်ကိုင်လိုက်ပြီး လူအုပ်က သတ္တိများကို စုစည်းပြီး ရှေ့သို့ အနည်းငယ် တက်လှမ်းလိုက်ကြသည်။ ထိုအခါ အခေါင်း၏ အလယ်ဗဟိုနေရာကို ခပ်ယဲ့ယဲ့ မြင်လိုက်ရသည်။ ထိုနေရာတွင် လေးထောင့်ပုံစံ ဝေဝါးသည့်တံဆိပ်ပြား ရှိနေသည်။ ထိုအရာကအလောင်း မဟုတ်သည်မှာ သေချာသည်။
ထို့အပြင် သက်ရှိအရာနှင့်လည်း မတူချေ။ ထို့ကြောင့်လူအုပ်က အနည်းငယ်စိတ်အေးသွားပြီး ရှေ့သို့ တစ်လှမ်း ဆက်တိုးလိုက်ကြသည်။
” ဒါက အခေါင်းထဲက အခေါင်းဘဲ။ ဒါက နောက်ထပ်ကြေးနီရောင် အခေါင်း။”
ဤအရာကို ထင်ထင်ရှားရှား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိကြသည်။
အလယ်အကျဆုံးအပိုင်းတွင် နောက်ထပ် ကြေးနီရောင်အခေါင်း ရှိနေသေးသည်။ လေးမီတာခန့်ပင် မရှည်ဘဲ နှစ်မီတာခန့်ပင် မကျယ်ချေ။ သူက ရိုးရှင်းပြီး ခပ်ထိုင်းထိုင်းအရောင်သာ ဖြစ်သည်။ ရှေးဟောင်းစာသားများကိုလည်း မြင်လိုက်ရပြန်သည်။
ထို့အပြင် အစိမ်းရောင်သံချေးကလည်း တက်နေသေးသည်။ အချိန်နှင့်ကာလ၏တိုက်စားမှုဒဏ်က ခံနေရသည်နှင့်တူသည့်တိုင် လူတိုင်းကို ကျောစိမ့်သွားစေပြန်သည်။
” ဒါက အခေါင်းထဲက အခေါင်း မဟုတ်ဘဲ တကယ့်အခေါင်းဘဲ။ အခုအပြင်က ငါတို့ရှိနေတဲ့နေရာ ဒီအခေါင်းကို ထည့်တဲ့အရာဘဲ။ အပြင်ဘက်က ကြေးနီအခေါင်းကို အပြင်အခေါင်းလို့ ခေါ်တယ်။ ဒါက ထည့်စရာတစ်ခုလိုပေါ့။ ဒီနှစ်ခုကို အတူထည့်လိုက်တဲ့အခါမှာ အခေါင်းဆင့်တစ်ခု ဖြစ်လာတာ။”
ဖန်းပေါ်က သူ သိထားသော အကြောင်းအရာကို ရှင်းပြသည်။
သူတို့ အရှေ့ရှိ အရာကမှ အခေါင်းအစစ်ဖြစ်ကြောင်းသိလိုက်သောအခါ လူတိုင်းက ချက်ချင်းပင်နောက်ဆုတ်သွားပြီး အလွန်ထိတ်လန့်သွားကြသည်။
ဘယ်လိုလူမျိုးကိုများ ဒီလို လျှို့ဝှက်ဆန်းကျယ်တဲ့ကြေးနီရောင်အခေါင်းထဲမှာ မြှုပ်နှံထားမှာလဲ။
လူတိုင်း၏နှလုံးသားထဲတွင် ထိတ်လန့်မှု၊ ကြောက်ရွံ့မှု၊ အံ့အားသင့်မှုတို့က ကြီးဆိုးသွားပြန်သည်။
အရှေ့ရှိ ကြေးနီရောင်အခေါင်းကြီးနှင့် ယှဥ်သော် ရှေးခေတ် တော်ဝင် ကြီးကျယ် ခမ်းနားသော ဂူ ဗိမ္မာန်များ၏ ရှေးဟောင်းထုံးဂူများမှ ကျောက်စာများ အကြောင်းအရာများကို လေ့လာနိုင်သော လျှို့ဝှက်ချက်များက ထည့်သွင်းပြောဆိုရန်ပင် မတန်တော့ချေ။
မီတာ နှစ်ဆယ်တောင်ရှိသော ကြေးနီရုပ်ကို ဘယ်သူက မြင်ခဲ့ဖူးလို့လဲ။
ကောင်းကင်က ရုတ်တရက် ပြုတ်ကျလာတဲ့ လျှို့ဝှက်ဆန်းကျယ်တဲ့ ဤအခေါင်းကို ဘယ်သူက မြင်ခဲ့ဖူးလဲ။
နောက်ပြီး ဒီလို အခေါင်းကို နဂါးအလောင်း ကိုးလောင်းက ဆွဲတာကိုရော မြင်ဖူးကြရဲ့လား။
ထိုအချက်ကတင် အထဲတွင်ရှိနေသော အလောင်းက လူတစ်ယောက်၏ အလောင်း ဟုတ်ပါရဲ့လောဟု လူတိုင်းကို မှင်သက်သွားစေသည်။
အထဲတွင် မြှုပ်နှံထားသောအရာကို သူတို့က စိတ်ကူးပင် မယဥ်မိရဲတော့ချေ။
အပိုင်း ၉ ပြီး၏။