Switch Mode

Chapter – 8

Chapter – 8

လူတိုင်းသည် ရောင်စုံ ယဇ်ပုလ္လင်ကြီးပေါ်သို့ ပြုတ်ကျသွား၏။ ယဇ်ပလ္လင်ကြီးပေါ်တွင် ရှိနေသောစာအုပ်ကဲ့သို့ရှိနေသည့်ကျောက်တုံးများနှင့် အခြားသောကျောက်ပြားများပေါ်သို့လည်း ပြိုကျသွားကြသည်။ ကျယ်လောင်သော ထုရိုက်မိသံနှင့်အတူ ယဇ်ပုလ္လင်တစ်ခုလုံးက ရှုပ်ပွသွားသည်။
ဘေးတစ်ဖက်တွင်လည်း ရှေးဟောင်းကြေးနီရောင်အခေါင်းက အထင်းသားရှိနေသေးသည်။ ထို့အပြင်ကြေးနီရောင်သံချေးများက ၄င်းအပေါ်တွင်အထင်းသားရှိနေသည့်တိုင်အောင် ဝေဝေဝါးဝါးမြင်နေရသေးသည့် ကြေးနီရောင် ပန်းပုရုပ်များကို ဖုံးကွယ်၍ မရချေ။ ထိုပုံများက ရှေ့ခေတ်နတ်ဘုရားများကဲ့သို့ထင်ရပြီး ချက်ချင်းပင် ခုန်ထွက်လာကာ သူတို့ကို ခုတ်သတ်တော့မလို ခံစားရစေပြန်သည်။
သူတို့က အချင်းချင်း အလွန်နီးကပ်လွန်းနေပြီး လက်ဆန့်လျှင်ပင် တစ်ယောက်ကို တစ်ယောက် ထိတွေ့၍ရသည်။ ထိုအချက်က လူတိုင်းကို ပို၍ကြောက်လန့်စေပြီး ကျောစိမ့်သွားရသည်။
ထိုရောင်စုံယဇ်ပုလ္လင်ကရှိနေခဲ့သည်မှာ နှစ်ပေါင်း မရေမတွက်နိုင်အောင် ကြာနေလောက်ပြီ ဖြစ်၏။ ရှေ့ခေတ်လူသားများက စတေးခံအဖြစ် ကောင်းကင်ဘုံသို့ ဆက်သခြင်း ဖြစ်သည်။ ရှေးခေတ်ရှင်ဘုရင်များက တစ်စုံတစ်ရာကို ဆင့်ခေါ်ရန် ထားခြင်းပင် ဖြစ်နိုင်သည်။ ထိုအခါ လူတိုင်းက ပတ်ပတ်လည်တွင် အလွန်အမင်းသီးခြားဆန်ပြီး ရှေးကျသော အရှိန်အဝါတစ်မျိုးထွက်ပေါ်လာကြောင်း ခံစားလိုက်ရပြီး သူတို့၏ စိတ်ပိုင်းဆိုင်ရာခံစားချက်များကို ထိန်းချုပ်ရန် ခက်ခဲသွားသည်။
ထိုအခိုက် သူတို့၏ရှေ့တွင် ကြေးနီရောင်အခေါင်းကြီးနှင့် နဂါးအလောင်းကိုးလောင်းက ရှိနေသည်။ သူတို့ကရောင်စုံ ယဇ်ပုလ္လင်၏ ဆင့်ခေါ်ခြင်းကို ခံရလိုက်သည်။
ဒဏ္ဍာရီအရဆိုလျှင် အရှင်ဧကရာဇ် ဖန်ဝူ၊ ရှေးဟောင်းအရှင်သခင် သုံးပါး၊ ဧကရာဇ်ငါးယောက်နှင့် ဘုရင် ခုနှစ်ဆယ့်နှစ်ယောက်တို့က ဤနေရာတွင် အလွန်အမင်းကြီးမားသော အခမ်းအနားကြီးများကို ကျင်းပခဲ့သည်ဟု ဆိုသည်။
သို့သော် သူတို့က မည်သည့်အရာကို ဆင့်ခေါ်ခဲ့ကြသနည်း။
တောက်ပလင်းလက်သော ရောင်စုံအလင်းတန်းများကတလက်လက်ဖြစ်နေချိန်တွင် ထိုစင်မြင့်ပေါ်ရှိကျောက်စိမ်းတုံးများနှင့် ကျောက်တုံးများအားလုံးက ချက်ချင်းဖောက်ထွင်းမြင်ရမတတ် ကြည်လင်သွားသည်။ အပေါ်တွင် ထွင်းထုထားသောစာများကလည်း ညင်သာသောအလင်းကို လွှင့်ထုတ်လာသည်။
ကွဲအက်ရာများက ဆက်တိုက်ထွက်ပေါ်လာပြီးနောက်တွင် ကျောက်စိမ်းတုံးများနှင့် ကျောက်သားများအားလုံးက ရုတ်တရက် ကွဲအက်သွားပြီးနောက် အလင်းတန်းများ ထုတ်လွှင့်ပြန်သည်။
အပေါ်တွင်ထွင်းထုထားသောစာသားများအားလုံးကလည်း ကိုယ်တိုင် အသက်ဝင်လာသလိုမျိုး ချက်ချင်းထိုးထွက်လာကာ လေထဲတွင် လွှင့်မြောနေသည်။ တခြစ်ခြစ်မြည်သံများက ထွက်ပေါ်လာပြီး ပို၍များပြားသော ရှေးဟောင်းစာများက လေထဲတွင် လွှင့်လျက်တောက်ပစွာ ထွက်ပေါ်လာသည်။
သိပ်မကြာခင် ကျောက်စိမ်းတုံးကြီးများနှင့် ထိုကျောက်တုံးကြီးများအားလုံးက ဖုံအဖြစ်ပြောင်းလဲကာ လေနှင့်အတူ လွှင့်ပါသွားကြသည်။ ထွင်းထုထားသော စာများအားလုံးကလည်း တဖြည်းဖြည်း ချုပ်နှောင်မှုမှ လွတ်မြောက်လာသလို ဖြစ်လာသည်။
ရှေးဟောင်း ကြေးနီရောင်အခေါင်း၏ အထက် တွင်းကြီး၏ တစ်ဖက်ပတ်ပတ်လည်တွင် ထောင်ပေါင်းများစွာသော ရှေးဟောင်းစာသားများက ဝိုင်းလျက် ရှိနေသည်။ သံမဏိဖြင့်လုပ်ထားသလိုမျိုး သတ္ထုရောင်ပင် တောက်ပနေသေးသည်။
ကွဲအက်သံများက တစ်ဖန် ထွက်ပေါ်လာပြန်သည်။ အနီးနားမှ သေးငယ်သော ရောင်စုံယဇ်ပုလ္လင်များမှ ရှေးဟောင်းစာသားများကလည်း လက်လာသည်။ ထို့အပြင် ထိုစာသားများအားလုံးက လေထဲသို့ရောက်လာပြန်သည်။
ကြေးနီရောင်အခေါင်းပတ်ပတ်လည်တွင် ကြယ်စင်များက ဝိုင်းပတ်နေသော မြင်ကွင်းလိုမျိုး လျို့ဝှက်ဆန်းကျယ်လွန်းသည်။
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ပေါ်တွင် တောင်အောက်သို့ ပြေးမဆင်းရသေးသော လူ အနည်းငယ်ကျန်နေသေးသည်။ သို့သော် ထိုအခိုက် ယဲ့ဖန်းတို့အားလုံးက ကြီးမားသောချိုင့်ထဲသို့ကျသွားသည်နှင့် ထူးဆန်းသောမြင်ကွင်းက တစ်ဖန်ထွက်ပေါ်လာ၏။ အားလုံးက ထိတ်လန့်သွားပြီး အောက်သို့ အားကုန်ပြေးဆင်းသွားတော့သည်။
အချို့သူများကလည်း ဝရုံးသုန်းကား အနေအထားဖြင့် ပြေးဆင်းကြပြီး အချို့သူများက လှဲကျသွားသည်။ ထိုသို့ဖြင့် အော်ဟစ်သံများက ထွက်ပေါ်လာပြန်သည်။
တစ်ချိန်ထဲတွင် ကောင်းကင်တွင် လွင့်မြောနေသော ထိုတောက်ပနေသော ရှေးဟောင်းစာများအားလုံးက အတူပူးပေါင်းသွားပြီး အလွန်ကြီးမားသော ရှစ်ထောင့်ပုံစံတစ်ခု ထွက်ပေါ်လာသည်။ ထိုလျှို့ဝှက်ဆန်းကျယ်သောစွမ်းအားကလည်း တသိမ်သိမ်တုန်ခါလာသည်။
ထိုမြင်ကွင်းက မှင်သက်ဖွယ်ကောင်းလွန်းသည်။ ထိုရှေးဟောင်းစာသားများနှင့် သင်္ကေတများတွင် ဖော်ပြရန် ခက်ခဲသောစွမ်းအားများ ပြည့်နှက်နေသည်။
ထိုသို့ ပူးပေါင်းသွားပြီးနောက် အလွန်အမင်းကြီးမားသော ရှစ်ထောင့်ပုံစံခွက်တစ်ခုကို ထွက်ပေါ်လာစေပြီး ကြေးနီရောင်အခေါင်းနှင့် နဂါးလောင်းကိုးလောင်းကို အလင်းတန်းများ ဖုံးလွမ်းစေလိုက်သည်။ ထိုအရာက သတ္ထုဖြင့် ပြုလုပ်ထားသလိုမျိုး သိပ်သည်းကာ ထူးခြားသောအရောင်ကို ထုတ်လွှင့်နေ၏။ ထိုပုံစံခွက်ကြီးက သန့်စင်လွန်းသော ရွှေအဆီနှင့်ပြုလုပ်ထားသည်ဟုပင် ထင်ရမိစေသည်။
” ငါ ဒီနေရာက ထွက်သွားချင်နေပြီ … ။”
တစ်စုံတစ်ယောက်က ငိုသည်။
“ငါ့ရဲ့ခန္ဓာကိုယ်က ရွှေ့လို့တောင် မရဘူး။”
လူတိုင်းကလည်း သူတို့ လှုပ်ရှားရန် ခက်ခဲနေကြောင်း သိလိုက်ရပြီး သူတို့၏နှလုံးသားထဲတွင် ကြောက်လန့်မှုက ထင်ရှားလာသည်။ သို့သော် မည်သို့မျှ မပြောင်းလဲချေ။

ထိုအခိုက် လေထဲတွင်ရှိနေသော ရှစ်ထောင့်ပုံစံခွက်အလယ်နေရာတွင် ထိုက်ချီပုံစံခွက်တစ်ခုက တစ်ဖန်ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု ပွေ့ဖက်နေသော ယင်နှင့် ယန် ငါးနှစ်ကောင်ကို မြင်လိုက်ရသည်။
ယခုခေတ်က သိပ္ပံနှင့်နည်းပညာ ထွန်းကားနေသောခေတ်ဖြစ်လျက်ပင် ရှေးခေတ် ထိုက်ချီပုံစံခွက်၏ အဓိပ္ပါယ်ကို လူတိုင်းက မှတ်မိနေသေးသည်။ တစ်စုံတစ်ယောက်က တစ်ချိန်တွင် တွက်ချက်ခဲ့ဖူးသည်။
ကြယ်စင်များ၏ ဂြိုလ်ပတ်လမ်းကြောင်းပေါ် ရွေ့လျားသော အရှိန်နှုန်းက ကြယ်စင်များနှင့် ရှစ်ထောင့်ပုံစံခွက်ကြားရှိ အနေအထားပေါ် မူတည်ပြီး နက္ခတ်ဗေဒဆိုင်ရာ ကန့်သတ်ချက်ဘောင်များအတွင်း တွက်ချက်နိုင်သည်ဟု ဆိုသည်။
ခေတ်သစ် ကွန်ပျူတာဘွိုင်နရီစနစ်ကို တီထွင်ခဲ့သောလူက ထိုက်ချီ၏ပုံစံခွက်ကို လေ့လာပြီးနောက် အလင်းပွင့်သွားပြီး တစ်ခါတည်း အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့သည်။
ရှေးခေတ် ထိုက်ချီပုံစံခွက်က ယနေ့ခေတ်လူများအတွက် စိတ်ကူးယာဥ်ဆန်ပြီး လျှို့ဝှက်ဆန်းကျယ်နေလွန်းသည်။ မည်သို့ ဖန်တီးခဲ့ကြောင်း၊ မည်သို့အသုံးပြုခဲ့ကြောင်း၊ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်ကြောင်း မည်သူကမျှ မသိနိုင်သေးချေ။ ပို၍ဆိုးရွားသည်မှာ ဒဏ္ဍာရီများနှင့် မတိကျသောအချက်အလက်များ ရှိနေပြီး သက်သေအပြည့်အဝ မပိုင်ဆိုင်ထားသေးချေ။ ထိုအချိန်တွင် ယဲ့ဖန်းတို့အားလုံးကလည်း ထိုက်ချီပုံစံခွက်ကြီးကို မြင်လိုက်ရသဖြင့် ထိုအရာဟာ အချိန်နှင့် အာကာသကြား ဆက်စပ်နေမည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ကြီးမားသော ထိုက်ချီပုံစံခွက်၏ ပတ်ပတ်လည်တွင် အာကာပြင်က တွန့်လိမ်ရှုံ့တွလာပြီး အလင်းများက မြူထုအလား ဖြစ်လာသည်။ အသီးသီးသော ရှစ်ထောင့်ပုံစံခွက် သင်္ကေတများဖြစ်သည့် ချန်၊ ခွန်၊ ရွမ်း၊ သွေ့၊ ကမ်း၊ ကျန်း၊ လီ နှင့် ခန်း တို့က တစ်ခုပြီး တစ်ခုအလင်းများ ထုတ်လွှင့်လာသည်မှာ လျှို့ဝှက်ဆန်းကျယ်သည့် ရှေ့ဟောင်း နံပါတ်များ တောက်ပလာသည်ဟုပင် ထင်ရသည်။
ယင်နှင့်ယန်ငါးကလည်း ထူးဆန်းသော အလင်းတံခါးနှစ်ပေါက်လို အလင်းတန်းများ လွှင့်ထုတ်လာသည်။ သူတို့က တစပ်စပ် တုန်ခါလာပြီး တဖြည်းဖြည်းချင်းအဟကြားတစ်ခုကို ထုတ်ဖော်လာသည်မှာ ဝေးကွာလွန်းလှသည့် အမည်မသိရသည့် ကြယ်စင်ကောင်းကင်တစ်ခုနှင့် ဆက်စပ်နေသည်ဟုပင် ထင်ရတော့သည်။
မျက်စိကျိန်းဖွယ် တောက်ပလွန်းသော အခြေအနေက ဆက်တိုက်တောက်ပနေရာမှ ရှစ်ထောင့်ပုံစံခွက်၏ ထောင့်ရှစ်ထောင့်လုံးက တဖျက်ဖျက် လက်လာတော့သည်။
ကြိမ်ဖန်များစွာ ကြာအောင် ရှုပ်ထွေးသောအစီစဥ်ဖြင့် ဆက်တိုက်ပြောင်းလဲနေပြီး နောက်ဆုံးတွင် အားလုံးကတစ်ပြိုင်နက် လင်းလက်လာပြီး အလွန်အမင်းတောက်ပလာသောအလင်းကို လွှင့်ထုတ်လိုက်သည်။
ခပ်အုံ့အုံ့ပေါက်ကွဲသံနှင့်အတူ ယင်နှင့်ယန် ငါးများက တဖြည်းဖြည်းချင်း ဟသွားသည်။
ထိုဖြစ်စဥ်အတောအတွင်း တစ်ချိန်တည်းလိုလို ကြယ် အလင်းရောင်များက လင်းလက်တောက်ပလျက်ရှိသည်မှာ ရှေ့ခေတ် ကြယ်စင်ကောင်းကင်လမ်းကြောင်း ဖောက်ထားသည်ဟုပင် ခံစားလာရသည်။ နောက်ဆုံးတွင် ထိုယင်နှင့်ယန်က တံခါးပေါက်ဖွင့်လိုက်သလိုဖြစ်သွားပြီး လျှို့ဝှက်ဆန်းကျယ်သည့်ဝင်ပေါက်တစ်ခုကို ထုတ်ဖော်လာသည်။ ထိုအရာကမည်သည့်နေရာသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း မသိနိုင်ဘဲ မည်းမှောင်မှုကိုသာ မြင်နိုင်နေသည်။
တစ်ချိန်ထဲတွင်ပင် ထိုက်တောင်ထိပ်တွင်ရှိနေသည့်နဂါးလောင်းကိုးလောင်းက ရုတ်တရက် တုန်ခါလာလေပြီး ကြေးနီရောင်အခေါင်းမှပင် ကျယ်လောင်သော ဝုန်းဟူသော အသံ ထွက်ပေါ်လာကာ လှုပ်ခါလာသည်။ ယဲ့ဖန်းတို့အားလုံးက ကြေးနီရောင် အခေါင်းနှင့် အလွန်နီးကပ်နေကြလေသည်။ လူအများကမူ ထိတ်လန့်ပြီးအော်ဟစ်နေကြသည်။ ကျောင်းသူတချို့ဆိုလျှင် ငိုယိုကြသည်။
“ငါတို့ ဘာလုပ်ကြမလဲ။”
“ကယ်ကြပါ။”
ထိုသို့သောအချိန်မျိုးတွင် လူတိုင်းက ကူကယ်ရာမဲ့ဖြစ်နေကြသည်။ ကျောင်းသူအချို့က ကျယ်လောင်စွာအော်ငိုနေကြသည်။ တစ်ချိန်ထဲတွင်ပင် ကြီးမားသောကြေးနီရောင်အခေါင်းကို ကြည့်၍ မှင်တက်အံ့ဩစွာ စိုက်ကြည့်မိနေကြသေးသည်။
ထိုသို့ စိုက်ကြည့်နေနိုင်သောသူများက စိတ်ဓာတ်ခိုင်မာသောလူများ ဖြစ်ပေသည်။ ကြေးနီရောင်အခေါင်းအဖုံးက လှုပ်ခါမှုကြောင့် ပွင့်ထွက်သွားပြီး အထဲတွင်ရှိသော အလွန်ကျယ်လွန်းသော နေရာကို ဟပြလာသည်။ သို့သော် ထူးဆန်းသော အရှိန်အဝါများကလည်း ထွက်ပေါ်လာသည်။
“ချွင်”
ကြေးနီရောင်အခေါင်းက တစ်ဖန်လှုပ်ခါလာပြန်သည်။ ထိုသို့ဖြင့် အခေါင်းအဖုံးက ချက်ချင်းပင် အောက်သို့ပြုတ်ကျလာလုနီးပါးဖြစ်သွားအောင် ပွင့်ထွက်သွားသည်။ ရှင်းပြရန် ခက်ခဲသည့် မမြင်ရသောအားတစ်ခုက လူတိုင်းကို အထဲသို့ ဆွဲခေါ်သွားသည်။
ချက်ချင်းပင် လူတိုင်းမှာ လောကကြီးက လည်ပတ်သွားသလို ခံစားလိုက်ရပြီး အရာအားလုံးက မဲမှောင်သွားသည်။ လူတိုင်းက ကြေးနီရောင်အခေါင်းထဲသို့ရောက်သွားတော့သည်။
“အား…”
“ကယ်ကြပါ…”
အချို့လူများကမူ အသက်ရှူ ရပ်လုနီးဖြစ်သွားပြီး ကြောက်လန့်၍ အော်ကြသည်။
“ဗမ်း”
နဂါးလောင်းကိုးလောင်းက စတင် လှုပ်ခါလာသည်။ တစ်ချိန်ထဲတွင် ကြေးနီရောင်အခေါင်းအဖုံးက ကြမ်းတမ်းသောအသံနှင့်အတူ ပြန်၍ ပိတ်သွားသည်။
ထို့နောက် နဂါးလောင်းကိုးလောင်းက တောင်တန်းတစ်လုံး ကောင်းကင်သို့ လွှင့်တက်သွားသလို အရှိန်နှုန်းဖြင့် ထိုးတက်သည်။ သူတို့က အသက်ဝင်လာသော လက္ခဏာမပြသော်လည်း ဤအတိုင်း ကြေးနီရောင်အခေါင်းကို ပြန်ဆွဲကာ မဲမှောင်ပြီး လျှို့ဝှက်ဆန်းကျယ်သော ထိုက်ချီရှစ်ထောင့်ပုံစံခွက်မှထုတ်ဖော်ထားသော လမ်းအတွင်းသို့ ဝင်သည်။
“ဝုန်း”
ထိုက်တောင်တစ်ခုလုံးက ပြင်းပြင်းထန်ထန် ​လှုပ်ခါသွားပြီး ကောင်းကင်ကြီးတစ်ခုလုံး ပြိုကျတော့မည်​ဟုပင် ခံစားလာရသည်။ ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ပေါ်တွင်ရှိသော ငါးရောင်ခြယ် နတ်အလင်းက ကောင်းကင်သို့ ထိုးတက်သွားကာ ကောင်းကင်နှင့်မြေပြင်ကို ဆက်သွယ်ပေးလာသည်။ သွေးနီရောင် နေအလင်းက ပျောက်ကွယ်သွားသည့်တိုင် တခဏအတွင်း ထိုက်တောင်ခြေတစ်ခုလုံးက မှေးမှိန်သွားသည်။ ကြီးမားသော ထိုက်ချီပုံစံခွက်ကလည်း ပြန်ပိတ်သွားပြီး ပျောက်ကွယ်သွားသည်။
” အွန့် … ”
အခေါင်းကို ဆွဲသော နဂါးလောင်းကိုးလောင်းကလည်း သဲလွန်စပင် မရှိအောင် ပျောက်ကွယ်သွားသည်။
ငါးရောင်ခြယ်စင်မြင့်ပေါ်တွင် တည်ရှိနေသော ကျောက်စိမ်းတုံးများ၊ ကျောက်ပြားများအားလုံးကလည်း ပြာဖြစ်သွားသည်။ ညင်သာသောလေပြေက တိုက်ခိုက်လာပြီး အရာအားလုံးက လေထုထဲ လွှင့်မျောသွားတော့သည်။
သွေးနီရောင် နေရောင်အောက်တွင် အရာအားလုံးဖြစ်ပျက်သွားခဲ့သည်မှာ တစ်လောကလုံးကို အုပ်အောတောင်းတင်း ဖြစ်သွားစေနိုင်သည်။ ထိုက်တောင်ကတစ်လောကလုံး၏ အာရုံစိုက်ရာဖြစ်လာပေလိမ့်မည်။ သို့သော် ထိုအချက်များက ယဲ့ဖန်းတို့နှင့် မသက်ဆိုင်တော့ချေ။
ကြေးနီရောင်အခေါင်းအတွင်းက အလွန်မဲမှောင်နေပြီးအေးစိမ့်သော လေထုကို လွှင့်ထုတ်နေသည်။ အချို့သောလူများကမူ စိတ်ပိုင်းဆိုင်ရာ ပြိုလဲလုနီးဖြစ်နေကြပြီး သူတို့၏နှလုံးသားများက ကူကယ်ရာမဲ့မှု ထိတ်လန့်မှုများဖြင့် ပြည့်နက်နေသည်။ သူတို့က ကျယ်ကျယ်လောင်လောင်ပင် မအော်ရဲကြချေ။ သူတို့ကခံစားချက်များ၊ အသံများအားလုံးကို သတိထားပြီးတုန်တုန်ရင်ရင်သာ လမ်းလျှောက်နေသည်။
“ငါတို့ ဘာလုပ်ကြမလဲ။ ငါတို့ကို ဘယ်သူက ကယ်ကြမှာလဲ။ ”
“ငါတို့ အခေါင်းထဲမှာ မဟုတ်လား။”
“ဘယ်လို ဖြစ်တာလဲ။ ဘယ်နေရာကနေ ပြန်ထွက်ရတော့မှာလဲ။”
လူတိုင်းက ဖုန်းများကို ထုတ်ယူကာ ဖုန်းခေါ်ကြည့်ကြသော်လည်း လိုင်းမမိကြချေ။ သူတို့က အပြင်လောကသို့ ဆက်သွယ်နိုင်မည် မဟုတ်ချေ။ ထိုအချက်ကပို၍ပင် ကြောက်စရာကောင်းလွန်းလေသည်။
“အားလုံး မကြောက်ကြပါနဲ့။ ငါတို့က အပြင်လောကနဲ့အခု အဆက်အသွယ်မရပေမဲ့ ထိုက်တောင်ပေါ်က ကိစ္စက ဘယ်လောက်ကြီးမားလိုက်သလဲ။ အပြင်လောကကသူတွေက သေချာပေါက် သိကြမှာဘဲ။ ဒီတော့ကယ်ဆယ်ရေးအဖွဲ့က အမြန်ဆုံးရောက်လာပါလိမ့်မယ်။”
ကျိုးရင်က အတည်ငြိမ်ဆုံး ပြောလိုက်သည်။ ကျိုးရင်၏စကားက လူတိုင်းကို စိတ်အေးသွားစေသည်။
” ကျိုးရင် ပြောတာ မှန်တယ်။ အားလုံးပဲ မလန့်ကြပါနဲ့။ ငါတို့ တည်ငြိမ်နေမှဖြစ်မယ်။ ငါတို့လုံခြုံမယ်လို့ယုံကြည်တယ်။”
ဝမ်ကျစ်ဝမ်၏ အသံကလည်း အလွန်တည်ငြိမ်နေသည်။ သူ၏စကားက လူတိုင်း၏ ခံစားချက်များကို တည်ငြိမ်သွားစေသည်။
“အားလုံးပဲ မထိတ်လန့်ကြနဲ့။ ဒီကိစ္စတွေက ဖြစ်ပြီးပြီး။ ငါတို့ဘယ်လောက်ဘဲ ကြောက်ကြောက် … အသုံးမဝင်တော့ဘူး။ အရေးကြီးဆုံးအချက်က လွတ်လမ်းရှာဖို့ဘဲ။”
လင်းကျားက အမျိုးသမီးတစ်ယောက် ဖြစ်သော်လည်း သူမက တခဏအတွင်း တည်ငြိမ်နေသည်။ သူမက မထိတ်လန့်ချေ။
ယဲ့ဖန်းက မည်သည့်စကားမျှမဆိုဘဲ တိတ်တဆိတ်သာထိုင်နေသည်။ ထိုက်ချီပုံစံခွက်က ဖန်တီးပေးလိုက်သည့် မည်းနက်နေသော လျှို့ဝှက်ဆန်းကျယ်သည်​ြ ဝင်ပေါက်က အချိန်တိုင်းလိုလို သူ၏ ရှေ့တွင် ထွက်ပေါ်လာနေသည်။
ထိုတခဏအတွင်း သူက ကျောက်စိမ်းဧကရာဇ်တောင်တန်းပေါ်တွင်ရှိနေသည်ဟုပင် မယုံကြည်တော့ချေ။ သူ၏ ခံစားချက်များကဆိုးရွားလာသည်။
ဆဲလ်ဖုန်းမှ ဖျော့တော့သော အလင်းရောင် အကူညီ၏အောက်တွင် ကြောက်မက်ဖွယ်ကောင်နေသောမျက်နှာများကို မြင်လိုက်ရသည်။ လူတိုင်း၏ မျက်နှာက ဖြူဖျော့နေပြီး တချို့ကဆိုလျှင် တုန်ရီနေသည်။
လီရှေင်းမာန်က သိပ်မဝေးသောနေရာတွင် ရှိနေသည်။ သူမက ဒူးကိုဖက်လျက် ထိုင်နေသည်။ သူမကအနည်းငယ် ဖျော့တော့နေသော်လည်း တည်ငြိမ်နေသေးသည်။ သူမ၏ဘေးတွင်လည်း အမေရိကန်လူငယ်ခါသဲ့က ရှိနေသည်။ သူတို့က လေသံတိုးတိုးဖြင့်စကားပြောနေကြသည်။
လျှိုယွန်ကျစ်၏ လက်များက ခပ်တင်းတင်းဆုပ်ထားပြီး အကြောများကပင် ထောင်နေသည်။ သို့သော်ကြောက်လန့်သော လက္ခဏာ မပြချေ။
ဤနေရာရှိ လူများ၏ စိတ်အခြေနေက မကောင်းကြချေ။ မည်သို့ပင်ဆိုစေ သူတို့ဟာ ရှေ့ဟောင်းကြေးနီးရောင်အခေါင်းထဲတွင် ရောက်နေကြသည် မဟုတ်လော။
“လူတိုင်းက ကြေးနီရောင်အခေါင်းထဲကို ရောက်သွားတာလား။ အရေအတွက်ကို ရေတွက်ကြည့်ရအောင်။”
“တစ်၊ နှစ်၊ သုံး…နှစ်ဆယ့်ရှစ်၊ နှစ်ဆယ့်ကိုး၊ သုံးဆယ်။”
သုံးဆယ်ထိ ရောက်သွားသောအခါ လူတိုင်းက တုန်တုန်ယင်ယင် ဖြစ်သွားသည်။
“ဘယ်လိုဖြစ်ပြီး သုံးဆယ်လဲ။”
သူတို့၏ အတန်းတွင် သုံးဆယ့်သုံးယောက်ရှိရမည့်အစား စုဝေးပွဲတွင် သုံးယောက်က ပြည်ပသို့ရောက်နေ၍ မပါဝင်ခဲ့ချေ။ အခြားသော ငါးယောက်ကမူ အချို့သော အကြောင်းပြချက်များကြောင့် မလာနိုင်ခဲ့ချေ။
ထိုအချိန်တွင် ထိုက်တောင်သို့ ရောက်လာသောအခါ ပြည်ပသို့ သွားသော ကျောင်းသူကျောင်းသား သုံးယောက်က ပြန်ရောက်လာကြသည်။
သို့သော် အခြားငါးယောက်က မလာနိုင်သေးချေ။ ထို့ကြောင့် ထိုက်တောင်ပေါ်တွင် လူအားလုံးပေါင်း နှစ်ဆယ့် ရှစ်ယောက်၊ လီရှောင်းမာန်၏ အမေရိကန်အတန်းဖော်ခါသဲ့ ပါ၀င်လျှင် နှစ်ဆယ့်ကိုးယောက်သာ ရှိရမည် ဖြစ်သည်။
ထိုအခိုက် လူအယောက်သုံးဆယ်ဖြစ်နေရာ အေးစက်ပြီး မဲမှောင်နေသော ရှေ့ဟောင်းအခေါင်းထဲတွင် ရှိသည့် လူတိုင်း၏ ဆံပင်မွှေးများက ထောင်တက်သွားကြပြီး ကျောစိမ့်သွားကြသည်။
အပိုင်း (၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset