Chapter – 7
ဖြစ်ပျက်သွားသမျှ အရာအားလုံးက မြန်ဆန်လွန်းကာ ရုတ်တရက် ဆန်လွန်းနေသည်။ သူတို့၏ အရှေ့တွင် ဖြစ်သမျှ အရာအားလုံးက လူတိုင်း၏ စိတ်ကူးယဥ်နိုင်စွမ်းကို ကျော်လွန်သွားသည်။
“ဒါက…”
လူတိုင်းက ကိုယ့်မျက်လုံးကို မယုံကြည်နိုင်ကြချေ။ သို့ရာတွင် သူတို့၏ အရှေ့တည့်တည့်တွင် နဂါးအလောင်းကိုးလောင်းနှင့် ကြေးနီရောင်အခေါင်းတို့က ထင်ထင်ရှားရှားရှိနေသည်မှာ သံမဏိကဲ့သို့ မှန်ကန်သော အဖြစ်အပျက် ဖြစ်နေပြန်သည်။
ယခုအဖြစ်အပျက်တိုင်းက သူတို့၏ သာမန်စဥ်းစားနိုင်စွမ်းကို ကျော်လွန်သွားပြီး သူတို့ နားလည်နိုင်စွမ်းထက်လည်း ကျော်လွန်နေခဲ့သည်။
ထို့ကြောင့် လူတိုင်း၏ တွေးတောနိုင်စွမ်းက သက်ရောက်ခံရသည်။
ယခုလို ဝရုန်းသုန်းကားဖြစ်သွားသော အချိန်အတောအတွင်း ယဲ့ဖန်းတို့၏ အဖွဲ့က ထွက်မပြေးနိုင်ခဲ့ချေ။ လူတိုင်းက တစ်နေရာထဲတွင် စုရုံးကာ ရပ်နေကြပြီး ကျောက်စိမ်း ဧကရာဇ်တောင်ထိပ်က ငြိမ်သက်သွားသည်အထိ စောင့်နေသည်။ သူတို့အားလုံးကမြေပြင်သို့ ယိုင်နဲ့ လဲကျသွားသည့်တိုင်အောင် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာများ မရကြချေ။
လူ အနည်းငယ်ကသာ လက်မောင်းများတွင် ပွန်းပဲ့ဒဏ်ရာများကို ရသွားကြသည်။
ထိုအချိန်တွင် သူတို့၏မျက်နှာတွင် မှင်သက်အံ့ဩနေသော အရာများကိုသာ အထင်းသားမြင်နိုင်သည်။ သူတို့၏ ရှေ့တွင် ထွက်ပြေးရန်ထက်ပင် ပို၍ခက်ခဲသော မြင်ကွင်းက သူတို့တစ်ဘဝလုံးတွင် မမေ့နိုင်သောအမှတ်တရပင် ဖြစ်သွားနိုင်သည်။
သူတို့၏ ရှေ့တွင် ကြီးမားသော နဂါး အလောင်းကြီး ကိုးလောင်းက ငြိမ်သက်စွာဖြင့် ရှိနေသည်။ ထို့အပြင် ကြီးမားသော ကြေးနီရောင် အခေါင်းကြီးက ပို၍ပင်အံ့ဩစရာကောင်းသေးသည်။
ထိုအလောင်း ကိုးလောင်းနှင့် ကြေးနီရောင် အခေါင်းကြီးက အံ့ဩစရာကောင်းသလို လျှို့ဝှက်ဆန်းကျယ်နေပြန်သည်။ လူတိုင်းက ဆွံ့အသွားကြရသည်။
သူတို့၏ နှလုံးသားထဲ မုန်တိုင်းထန်လာသည်။ သူတို့၏ မျက်နှာပေါ်တွင် အံ့အားသင့်မှု၊ ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနှင့်အမျိုးမျိုးသော အမူအရာများက ရောပြွန်းနေသည်။ သူတို့၏ စိတ်ငြိမ်အောင် မနည်းကြိုးစားနေရသည်။ ထိုအခြေအနေက သူတို့အတွက် အလွန်ခက်ခဲလွန်းသည်။
အချိန်တန်ကြာပြီးမှ လင်းကျားက လေသံတိုးတိုးဖြင့်ဝင်ပြောသည်။
“ငါတို့ တောင်အောက်ကို မြန်မြန်ပြန်ဆင်းရအောင် .. ။”
လူတိုင်းက ခေါင်းငြိမ့်သည်။ သူတို့ ဒီနေရာမှ ချက်ချင်းထွက်သွားသင့်သည်ဆိုသော ခံစားချက်များကို ရနေကြသည်။ မည်သူကမျှ ဤနေရာတွင် တခဏမျှ ဆက်မနေချင်ကြတော့ချေ။ ကျောက်စိမ်းဧကရာဇ်တောင်ထိပ်မှာ လေထုကပင် အေးစိမ့်လွန်းနေသည်။
ဘာလို့ ရုတ်တရက်ကြီး ကြေးနီရောင်အခေါင်းကိုဆွဲထားတဲ့ နဂါးအလောင်းတွေက ဒီနေရာမှာ ပေါ်လာတာလဲ။
နောက်ပြီး သူတို့က ဘာလို့ ထိုက်တောင်ပေါ် ကျလာတာလဲ။
သူတို့ရှေ့ရှိ အရာအားလုံးက အမှန်တရားဖြစ်နေသည့်တိုင် သူတို့က လက်ခံရန် ခက်ခဲနေဆဲ ဖြစ်နေသေးသည်။ သူတို့၏ စိတ်က အလွန်အမင်း မသက်မသာဖြစ်လာသည်။
သွေးနီရောင်နေမင်း၏အောက်တွင် ကျောက်စိမ်းဧကရာဇ်တောင်ထိပ်က ဖျက်ဆီးခံထားရသောမြင်ကွင်းနှယ် ဖြစ်နေသည်။ ကြေးနီရောင် အခေါင်းပတ်ဝန်းကျင်ရှိ နေရာတိုင်းက ပြင်းပြင်းထန်ထန်ပျက်စီးသွားသည်။ ပြင်းထန်သောအရှိန်ဖြင့် ပြုတ်ကျလာသော ကြီးမားသောတွင်းချိုင့်ကြီးပင် ဖြစ်နေသည်။ ပတ်ဝန်းကျင်မှ အက်ကွဲရာများကလည်း တစ်မီတာခန့်ထိ ကျယ်နေကာ ပင့်ကူအိမ်များကဲ့သို့ဆက်တိုက် ပြန့်နှံ့သွားသည်။
အက်ရာပေါင်းများစွာထဲမှ တစ်ခုက လိမ်တွန့်နေသောကင်းခြေများကဲ့သို့ ထင်ရလျက် တဖြည်းဖြည်းချင်း ယဲ့ဖန်းတို့၏ အဖွဲ့ထဲ ဆန့်လာသည်။ ကံကောင်းစွာဖြင့် အက်ကြောင်း၏ အဆုံးက လက်တစ်ဝါးစာလောက်ပင် မကျယ်သဖြင့် တွင်းချိုင့် မဖြစ်ပေါ်ခဲ့ချေ။ လူတိုင်းကထွက်ခွာသွားတော့မည့်အချိန်တွင် လီရှောင်းမာန်ကရုတ်တရက် ရှေ့သို့ လက်ညှိုးထိုးသည်။
” အဲ့ဒါက ဘာလဲ … ။”
ကွဲအက်နေသော မြေပြင်အောက်တွင် ကျောက်စိမ်းအစွန်းနားက တစ်ဝက်ခန့်ပေါ်နေပြီး နေဝင်ချိန်အလင်းရောင်အောက်တွင် ရောင်ပြန်ဟပ်နေသည်။
လူတိုင်းက အနည်းငယ် ကြောင်နေသည့်တိုင် ရှေ့သို့တိုးမိကြသေးသည်။ ထိုသို့ဖြင့် တစ်မီတာခန့်ကျယ်သော ကွဲအက်ရာ၏အောက်မှ ယဇ်ပုလ္လင်တစ်ခု၏ လုံးဝိုင်းသော အနားထောင့်တစ်ခုကို ရှာတွေ့ခဲ့ကြသည်။ ကျိုးပဲ့နေသော ကျောက်စိမ်း အပိုင်းအစတစ်ဝက်ကိုလည်း ထိုအပေါ်မှ မြင်နိုင်သည်။ ထိုအရာက စာအုပ်ပုံစံ ဖြစ်နေသည်။
” ဘယ်လိုဖြစ်နိုင်မှာလဲ ။ ဒီအောက်မှာ တစ်ခုခု မြှုပ်ထားတာများ ရှိနေတာလား … ။”
လုံးဝိုင်းသော ယဇ်ပုလ္လင်က မကြီးမားချေ။
ရိုးရှင်းပြီး မည်သည့်အဆင်တန်ဆာမှလည်း ဆင်မြန်းထားခြင်း မရှိချေ။ ငါးရောင်ခြယ်အလင်းကို ထွက်ပေါ်စေသော ထူးဆန်းသောအသားဖြင့် ဖန်တီးထားခြင်းဖြစ်နိုင်သည်။ ထို့အပြင် အချိန်ကာလ၏တိုက်စားမှုဒဏ်ကိုလည်း ခံထားရသဖြင့် မည်မျှကြာရှည်စွာတည်ရှိနေမှန်းလည်း မသိချေ။
” ကြည့်ဦး …။ အရှေ့မှာ ရှိသေးတယ် … ။”
ရှေ့ဆုံးတွင် ရပ်နေသည့် ဝမ်ကျစ်ဝမ်က အံ့အားသင့်သောမျက်နှာထားမျိုးနှင့် ရှေ့ဆုံးမှ ကျယ်ပြန့်နေသောအက်ကွဲကြောင်းက်ို လက်ညှိုးထိုးသည်။
နှစ်မီတာခန့်ကျယ်သော အက်ရာ၏ အောက်တွင်လည်း ငါးရောင်ခြယ် မြေသား ယဇ်ပုလ္လင်တစ်ခုရှိနေသည်။ လုံးဝန်းသော ယဇ်ပုလ္လင်က ကွဲအက်နေပြီဖြစ်ပြီး အတွင်းရှိ ကျောက်စိမ်း ချိတ်ပိတ်စည်းကပင် ပေါ်နေသည်။ ရှုပ်ထွေးလှသော သင်္ကေတပေါင်းများစွာနှင့် စာပေါင်းများစွာကို ထွင်းထုထားခဲ့သော်လည်း မည်သူကမျှ မဖတ်တက်ချေ။
ထိုအချိန်တွင် လူတိုင်း၏မျက်နှာတွင် အံ့ဩမှုများကတစ်ဖန်ပြန်လည်ထွက်ပေါ်လာပြီး ချက်ချင်းလိုလို ဘုရားဖူး ခရီးသွားခြင်းဆိုသော စကားလုံးကိုသာ ကြားယောင်လိုက်သည်။ သူတို့၏အရှေ့မှာ ထိုယဇ်ပုလ္လင်က အချို့သော စတေးမှုများကို ပြုလုပ်ပြီး ရှေ့ခေတ်အချိန်ကာလက စကြာဝဠာကြီးထဲသို့ ခရီးထွက်တော့မည့်ပုံစံမျိုးနှင့် တူနေသည်။
စာအုပ်ပုံစံ ကျောက်စိမ်းတုံးလေးက ငါးရောင်ခြယ်ယဇ် ပုလ္လင်အတွင်း ချိတ်ပိတ်ခံထားရသလို ဖြစ်နေပြီး အရှေ့ဟန် မင်းဆက် အတောအတွင်းမှ ပန်ကု၏ ကျားဖြူထုံးရီထဲမှာ ဖော်ပြထားသော အရာများနှင့်သာကိုက်ညီနေသည်။
မှတ်တမ်းတင်ထားသော အကြောင်းအရာနှင့် စပ်ခ
လျင်း၍ ဤသို့ ဖော်ပြထား၏။
” တစ်ခါတစ်ရံမှာ ငွေရောင်ကြိုးတွေနဲ့ ချည်ပြီး ရွှေရောင်ရွှံ့တွေနဲ့ ချိတ်ပိတ်ထားတယ်လို့ ပြောကြပေမဲ့ တစ်ခါတစ်ရံမှာလည်း ကျောက်တုံး၊ ရွှံ့နွံများဖြင့် ပြုလုပ်ကာ ရွှေရောင်ကြိုးတွေနဲ့ ချည်ပြီး ပိတ်ထားတာကလည်း ချိတ်ပိတ်စည်းပဲ .. ။”
အနောက် ဟန် မင်းဆက် စစ်မာလျှံ၏ မဟာသမိုင်းဝင်မှတ်တမ်းထဲတွင်လည်း ” လေဟုန်ကို ထိုးဖွင့်မည့်သူရဲကောင်းတွေကို ရွှေရောင်ရွှံ့သားနှင့် ကျောက်သား
နဲ့ ပြုလုပ်ထားတယ် … ။”
ထိုတခဏတွင် သူတို့ ပတ်ပတ်လည်ရှိ ကြီးမားသောအက်ကွဲကြောင်းကြီးများ၏အောက်တွင် ငါးရောင်ခြယ် ယဇ်ပုလ္လင်များကို မြင်လိုက်ရပြီး အံ့အားသင့်မှင်သက်သွားကြသည်။
ပမာဏက အလွန်နည်းသော်လည်း အမှန်အတိုင်းဆိုရလျှင် ဆယ်ခုထက် မနည်း ရှိနေခြင်းဖြစ်သည်။
ငါးရောင်ခြယ် မြေသားယဇ်ပုလ္လင်တိုင်းက ရိုးရှင်းပြီး အဆင်တန်ဆာ တပ်ဆင်ထားခြင်းလည်း မရှိချေ။ အချိန်၏ တိုက်စားမှုဒဏ်ကိုလည်း ခံရပြီး တစ်ချက်ကြည့်ယုံဖြင့်ပင် နှစ်ပေါင်းများစွာ တည်ရှိခဲ့ကြောင်း သိနိုင်သည်။ ငါးရောင်ခြယ်မြေသား ယဇ်ပုလ္လင်များထဲတွင် ကျောက်စိမ်းပြားများဖြင့် ချိတ်ပိတ်ထားခြင်းမျိုးရှိသလို ကျောက်ပြားများဖြင့် ချိတ်ပိတ်ထားခြင်းမျိုးလည်း ရှိသည်။ သူတို့၏အပေါ်တွင် ရှေ့ဟောင်းသင်္ကေတများ စာသားများကို ရေးထွင်းထားလျက် လူတိုင်းက မှတ်မိရန် ခက်ခဲသည်။
လူတိုင်းက အံ့အားသင့်နေကြရသည်။ နဂါး အလောင်း ကြေးနီရောင်အခေါင်းနှင့် ထိုအရာများက ဆက််စပ်နေသည်ဟုပင် ခံစားနေရသည်။
ယဲ့ဖန်းက ထူးဆန်းသော ရှေ့ဟောင်းသမိုင်းစာအုပ်များကို ဖတ်ရခြင်းအား ကြိုက်နှစ်သက်သောသူဖြစ်သည့်အလျှောက် ဘုရားဖူးခရီးသွားခြင်းဆိုသော အချိန် နှင့်အာကာပြင်ပေါ်ကို ကျော်လွန်ကာ ခရီးသွားသောအခမ်းအနားမျိုးကို အခြားသူများထက် ပိုသိနေသည်။ သူ၏နှလုံးသားက ပြင်းပြင်းထန်ထန် တုန်လှုပ်လာသည်။
ဖြစ်နိုင်တာက အရှင်သခင် သုံးပါး၊ ဧကရာဇ် ငါးယောက်နှင့် ခုနှစ်ဆယ့်နှစ်ယောက်သောဘုရင်တွေအားလုံးက ဒီလို အခမ်းအနားက တစ်ဆင့် ရှေ့ခေတ်အချိန်တွေကို ပြန်ခေါ်ပေးသွားတယ်ဆိုတာ တကယ်လား။
ဒဏ္ဍာရီများကလည်း မှန်နေလောက်သည်။ မဟုတ်လျှင် ဤမျှ များပြားသော ငါးရောင်ခြယ် ယဇ်ပုလ္လင်များစွာ ရှိနေရန် အကြောင်းမရှိချေ။ အပေါ်တွင် ထွင်းထုထားသော စာများကို လေ့လာခြင်းအားဖြင့် ထိုထဲကတစ်ခုက နတ်သားရဲ အရိုးစာအုပ်ထဲမှ စာပိုဒ်များနှင့် ကိုက်ညီနေသည်။
လူတိုင်းက ချက်ချင်းပင် နောက်ဆုတ်သင့်ကြောင်းသိသော်လည်း မိမိတို့မှာ ဘာကမှန်း မသိသောအရာ၏ ဆွဲဆောင်မှုကို ခံကြရပြီး သူတို့က ကြေးနီရောင်အခေါင်း ဘေးနားတွင် ဝိုင်းနှင့်နေကြပြီး ဖြစ်သည်။ ကြီးမားသော နဂါးလောင်းကြီး က်ိုးလောင်းက်ို သူတို့က ကြောက်လန့်နေပြီး မီတာနှစ်ဆယ်ခန့် ရှည်သော ကြေးနီရောင် အခေါင်းကြောင့် အံ့အားသင့်ရသည့်အပြင် ငါးရောင်ခြယ် ယဇ်ပုလ္လင်များကြောင့်လည်း မှင်သက်နေရသည်။
“ဒီနေရာမှာ ဘာအန္တရာယ်မှ မရှိတော့ဘူး … ။ ဒါပေမဲ့ ဒီနဂါးလောင်းတွေက … ”
အချိန်အတန်ကြာ မှင်သက်နေပြီးနောက် သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့မှုက လျော့သွားပြီးဖြစ်သည့်တိုင် မသက်မသာ ခံစားနေရသည်။ အမြန်ဆုံး ဤတောင်ပေါ်မှ ဆင်းသင့်ကြောင်းလည်း ခံစားနေရသည်။
” ကြည့်လိုက်ဦး …။ တကယ်တော့ ဒီမှာ အရမ်းကြီးလွန်းတဲ့ စတေးခံ ယဇ်ပုလ္လင်ကြီး ရှိနေတယ် ။ ” ရှေးဟောင်း ကြေးနီရောင် အခေါင်းက အရှိန်ဖြင့်မြေပြင်ကို တိုက်လိုက်ရာ ထိုနေရာတွင် ကြီးမားသောတွင်းပေါက်ကြီး ဖြစ်သွားသည်။ လူတိုင်းက နောက်သို့လှည့်ပြီး ကြီးမားသောကြေးနီရောင်အခေါင်းကို ငုံ့ကြည့်လိုက်ချိန်တွင် မှင်သက်သွားကြတော့သည်။
ထိုနေရာတွင် အလွန်အမင်း ကြီးမားသော စတေးခံယဇ်ပုလ္လင်ကြီးတစ်ခု ရှိနေသည်။ ရွှံ့ဖြင့်လုပ်ထားခြင်းမဟုတ်ဘဲ ငါးရောင်ခြယ်ကျောက်တုံးများဖြင့် လုပ်ထားခြင်း ဖြစ်သည်။ ထိုကျောက်တုံးကြီးက မီတာနှစ်ဆယ်ခန့်ရှည်သော ရှေးဟောင်းကြေးနီရောင်အခေါင်းကြီးကို ထောက်ပံ့ပေးထားသည့်တိုင်အောင် မည်သည့်အက်ရာမျှ ရှိမနေခဲ့ချေ။
ကြီးမားသော ငါးရောင်ခြယ်ကျောက်တုံး ယဇ် ပုလ္လင်ကြီးက အခြားသော မြေသား ယဇ်ပုလ္လင်များနှင့်ကွာခြားသည်မှာ သိသာနေသည်။
ကျောက်စိမ်းဧကရာဇ်တောင်ထိပ်၏ အလယ်ဗဟို တည့်တည့်တွင် တည်ရှိကာ အခြားသော မြေသား ယဇ်ပုလ္လင်များထက် ခမ်းနားပြီး အဆပေါင်းများစွာ ကြီးမားနေသည်။ ကောင်းကင်မှ ကျလာသော ကြေးနီရောင်အခေါင်းနှင့် မြေပြင်ကို ဝင်ဆောင့်မိပြီး ဖြစ်ပေါ်လာသော ပေါက်ကွဲမှုက အလွန်ကြီးမားသည့်တိုင် ထိုနေရာတွင် အက်ရာမျှ မထင်သွားခဲ့သလို အနည်းငယ်မျှလည်း ပျက်စီးမှု အနေအထားမျိုးကို မမြင်ရချေ။ ထို့ကြောင့် ထူးဆန်းသောကျောက်သားဖြင့် ဖန်တီးထားကြောင်း သိနိုင်သည်။
အလွန်ပင် ကြီးမားသော ငါးရောင်ခြယ် ယဇ်ပုလ္လင်၊ ရှေ့ဟောင်းကြေးနီရောင်အခေါင်းအပြင် များစွာသောကျောက်စိမ်းတုံးများ၊ ကျောက်အပိုင်းအစများက ပုံလျက် ရှိနေပြီး ရှေးဆန်သော အရှိန်အဝါများကို လွင့်ထုတ်နေသည်။
မညီမညာဖြစ်နေသော ကျောက်တုံးများပင် ဖြစ်စေ သူတို့၏အပေါ်တွင် ရှေးဟောင်းစာသားများကို ထွင်းထုထားသည်။ မြေသား ယဇ်ပုလ္လင်များပေါ်တွင် မြင်ရသော နတ်သားရဲအရိုးများထက်ပင် ပို၍ရှေးကျသည်ဟု ခံစားနေရပြန်သည်။
လျှို့ဝှက်ဆန်းကျယ်သော ထိုသင်္ကေတများကစကြာဝဠာကြီးထဲမှ ပုံသဏ္ဍာန်များကို ရေးဆွဲထားသည်နှင့် တူနေသည်။
အလွန်ကြီးမားသော ငါးရောင်ခြယ် ယဇ်ပုလ္လင်ကြီးပေါ်တွင် ကျောက်စိမ်းတုံးကြီးများနှင့် ကျောက်ပြားကြီးများက အပုံလိုက် ရှိနေသည်။ သို့တိုင်အောင် ကြေးနီရောင်အခေါင်း၏ အဖျက်ဆီးမခံရသည့်အချက်က အံ့အားသင့်ဖွယ်ကောင်းလှသည်။
” ငါတို့တွေ မြန်မြန် ထွက်သွားရအောင် .. ။”
ယဲ့ဖန်းနှင့် ကျိုးရင်က တစ်ပြိုင်တည်းပြောပြီး လူတိုင်းကို ထွက်ခွာဖို့ လှုံ့ဆော်လိုက်သည်။ လူတိုင်းကလည်း ခေါင်းငြိမ့်လိုက်သည်။ ဤနေရာမျိုးတွင် ကြာကြာနေရန် မသင့်တော်ချေ။ အဆုံးအစမဲ့သော လျှို့ဝှက်ချက်များ ပြည့်နှက်နေပြီး သူတို့ ရှာဖွေသင့်သောအချိန်မဟုတ်ချေ။
ကြီးမားသော နဂါး အလောင်း က်ိုးလောင်းက သူတို့ကိုမသက်မသာဖြစ်စေသလို ကြီးမားသောအခေါင်းကြီးကလည်း သူတို့ကို ပို၍ စိုးရိမ်စိတ်ဝင်စေသည်။ သူတို့အားလုံး ထိုနေရာမှ ထွက်သွားမည့်အချိန်တွင်ကျောင်းသူတစ်ယောက်က ရုတ်တရက် အော်လိုက်သည်။ သူမ၏ ခြေထောက်အောက်က ကြီးမားသည့်ကျောက်တုံးကြီးမှာ ကြီးမားသော တွင်းချိုင့်ထဲ စိမ့်ဝင်သွားပြီး သူမက ငြိမ်ငြိမ်မရပ်နိုင်ပဲ လဲကျသွားတော့သည်။
” သတိထား …။ ”
အနီးအနားမှ ကျောင်းသားတစ်ယောက်က သူမကိုလှမ်းဆွဲထိန်းပေးလိုက်သည်။ အခြားသော ကျောင်းသူကျောင်းသားများကလည်း မြန်မြန်ဆွဲထူကြသည်။
သို့သော် လိမ့်သွားသောကျောက်တုံးကြီးကမူ တလိမ့်လိမ့်လိမ့်သွားပြီး ကြီးမားသောတွင်းချိုင့်ထဲသို့ ကျသွားသည်။ ထို့နောက် ဗန်းခနဲ မြည်သံနှင့်အတူ ငါးရောင်ခြယ်ကျောက်တုံးစင်မြင့်ကို ဝင်ဆောင့်မိသွားသည်။
အလွန်ကြီးမားသော ကျောက်တုံးစင်မြင့်ကြီးက ချက်ချင်းဆိုသလို ငါးရောင်ခြယ်အလင်းကို လွှင့်ထုတ်လာသည်။ လူတိုင်းက သူတို့၏ခန္ဓာကိုယ်ကို ပြင်းထန်သည့် အားတစ်ခုက ရစ်ပတ်လာသလို ခံစားလိုက်ရပြီးခြေထောက်များက အောက်ဘက်တွင် တွဲချည်ခံလိုက်ရပြီး ခြေလှမ်းပင် လှမ်း၍ မရတော့ချေ။
” ဗန်း …။ ”
ငါးရောင်ခြယ်ကျောက်တုံးစင်မြင့်က ဆက်တိုက် လှုပ်ခါလာပြီး ကျောက်စိမ်းဧကရာဇ်တောင်ထိပ်ကို လှုပ်ခါလာစေသည်။ လူတိုင်းက ငြိမ်ငြိမ် မရပ်နေနိုင်ကြတော့ဘဲ ကမ္ဘာကြီးက လှည့်ပတ်သွားသလို ခံစားလိုက်ရပြီးငိုက်ခနဲဖြစ်ကာ ခန္ဓာကိုယ်များ တုန်ခါလျက် တွင်းချိုင့်ထဲသို့ ပြုတ်ကျသွားတော့သည်။
သူတို့အားလုံးက ငါးရောင်ခြယ်ကျောက်တုံး စင်မြင့်ပေါ်သို့ ပြုတ်ကျသွားခြင်းဖြစ်သည်။ လူတိုင်း၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများကို အထင်းသားမြင်နိုင်သည်။
အပိုင်း ( ၇ ) ပြီး၏။