Switch Mode

Chapter – 107

အံ့ဖွယ်ဂိုဏ်း နှစ်ယောက်ကြား တိုက်ပွဲ

စာကြည့်တိုက် တာအိုသခင်
အပိုင်း ၁၀၇ အံ့ဖွယ်ဂိုဏ်းနှစ်ယောက်ကြား တိုက်ပွဲ။

ဒီသံချပ်ကာ၊ ဖျက်ဆီး၍ မရတဲ့ ဓါးနတ်ဘုရားသိုင်းနဲ့ဆိုရင် ဘုရင်အေးအ်က ငါ့ရဲ့ ခုခံမှုကို ဖြိုခွင်းနိုင်မှာ မဟုတ်ဘူး။ ပြီးရင် ငါ့ရဲ့ တိုက်ပွဲဝင်ခွန်အားကို မြင့်တင်ဖို့ အချိန်ပဲ။

ငါက ရှန်းထျန်းဆဌမအဆင့် သိုင်းပညာရပ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်သဘောပေါက်ပြီးပြီ။ ငါ့ရဲ့ ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုက အဲ့ဒီအဆင့်ကို ရောက်ပြီဆိုတာနဲ့ အချိန်မရွေး ရှန်းထျန်းဆဌမအဆင့်ကို အဆင့်တက်နိုင်ပြီ။

မနေ့ညတုန်းက ကြေးခွံမြွေသား နည်းနည်းစားလိုက်ပြီး အဲ့ဒီထဲမှာ သွေးအဆီအနှစ် တော်တော်ပါဝင်တယ်။ ဒါကြောင့် ငါ့ရဲ့ ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုကလည်း အတော်တိုးတက်လာတယ်။

ငါသာ အနက်ရောင်ကြေးခွံမြွေကို ဆေးလုံးတစ်လုံးအဖြစ် သန့်စင်ဖော်စပ်ဖို့ ဆေးဖော်စပ်ခြင်းကျင့်စဥ်ကို အသုံးပြုလိုက်မယ်ဆိုရင် ရှန်းထျန်းဆဌမအဆင့်ဆီ ငါ့ရဲ့ခွန်အားကို မြန်မြန်ဆန်ဆန် မြင့်တင်နိုင်လောက်မှာ။

စိတ်ကို ပြင်ဆင်ပြီးနောက် ယဲ့ရှောင်က ထုပ်ပိုးပြီး အလုပ်သို့သွားရန် ပြင်ဆင်တော့သည်။ အချို့သော အနက်ရောင်ကြေးခွံမြွေ၏ အကြေးခွံများက ကြာလာပြီး သူက သူတို့ကို ဓါးပျံများအဖြစ် သန့်စင်ခဲ့၏။ စုစုပေါင်း ဓါးပျံ နှစ်ဆယ်ကျော် ရှိသည်။ ခါတိုင်းလိုပင် ယဲ့ရှောင်က မနက်စာ ဝယ်ပြီး လမ်းလျှောက်နေစဥ် စားလိုက်၏။ အလုပ်သို့ သွားသည့်လမ်း၌ သူဌေး ရွှီ၏ ဆိုင်၌ ရပ်တန့်လိုက်သည်။

” သူဌေး ရွှီ ပစ္စည်းကောင်းတွေ လာယူပါဦး ”

” ဟုတ်ပြီလေ ”

သူဌေး ရွှီက ပြုံးပြီး လျှောက်လာလေ၏။

” ဒီတစ်ခေါက် မင်း ဘာတွေရောင်းနေတာလဲ ”

ယဲ့ရှောင်က အဝတ်အိတ်ကို ထုတ်ပြီးနောက် ဓါးပျံများကို သူဌေး ရွှီအား ပေးလိုက်၏။

” အင်း ။ ကျွန်တော် မနေ့တုန်းက ထပ်ရှာကြည့်မိတော့ ဓါးပျံတွေက အစုံ မဟုတ်ဘူး။ တစ်ဒါဇင်လောက် ရှိတယ်ဆိုတာ တွေ့လိုက်ရတယ်။ လိုချင်လား ”

” ”

အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သူဌေး ရွှီက ထပ်ပြောလိုက်၏။

” ယဲ့ရှောင် ငါ့ကို ရိုးရိုးသားသားပြော။ ဒါတွေက မင်းရဲ့ ဘိုးဘေးတွေ ပိုင်တာလား။ ဒါမှမဟုတ် အုတ်ဂူထဲကနေများ တူးထုတ်လာတာလား ”

” ခင်ဗျားကို ပြောပြလိုက်မယ်။ ကျုပ် ညစ်ပတ်တဲ့ အရာပစ္စည်းတွေကို လက်မခံဘူး။ အရင်းအမြစ် မသိရဘူးဆိုရင် နှစ်ယောက်လုံးက ထောင်ထမင်းစားဖို့ မြို့စောင့်တပ်ဖွဲ့ဆီ အပို့ခံရမှာလေ ”

” စိတ်မပူနဲ့။ ကျွန်တော်က အုတ်ဂူထဲကနေ တူးလာတယ်ဆိုရင်တောင် ဒါတွေအားလုံးကို ခင်ဗျားတစ်ယောက်ထဲဆီ ရောင်းမှာမဟုတ်ဘူး ”

” မင်း ပြောတာမှန်တယ် ”

သူတို့က လူကြီးများသာ ဖြစ်သည်။ ယဲ့ရှောင်၏ ပစ္စည်းများက အရင်းအမြစ် မသိရသည့် နေရာက ရောက်လာလျှင် သူက သမန်ကာလျှံကာ လာမပေးရဲမှာ သေချာ၏။

” ကောင်းပြီလေ။ မင်းအတွက် ပိုက်ဆံလွှဲပေးလိုက်မယ် ”

ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ သူဌေး ရွှီက ပိုက်ဆံလွှဲပြီးနောက် ပြုံးကာ ထပ်ပြောလိုက်သည်။

” ယဲ့ရှောင် တစ်နေ့တုန်းက မင်းကို ပြောတဲ့ကိစ္စ တွေးပြီးပြီလား ”

” ဘာကိစ္စလဲ ”

” မင်းနဲ့ ငါ့သမီး အကြောင်းလေ ”

” သူဌေး ရွှီ အခုချိန်မှာ ကျွန်တော် ဘယ်သူ့ကိုမှ တကယ်မချစ်ချင်သေးဘူး ”

” ဒါဆိုရင် လက်ဖွဲဖော် လိုချင်တဲ့ လုပ်ဖော်ကိုင်ဖက် ဒါမှမဟုတ် သူငယ်ချင်းကောင်းများ ရှိလား။ မင်း ငါနဲ့ သူတို့ကို မိတ်ဆက်ပေးလို့ ရတယ်။ စိတ်မပူနဲ့။ မင်းကို မညှာမတာ မဆက်ဆံဘူး။ အောင်သွယ်လုပ်ဖို့ ငါ့ကို ကူညီပေးမယ်ဆိုရင် နောင်ကြ မင်း ကုန်ကြမ်းတွေ ဝယ်တဲ့အချိန် ၄၀ရာခိုင်နှုန်း လျှော့စျေးပေးမယ် ”

” သူတို့ကို ရှာဖို့အတွက် ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ”

” ဒါဆို မင်းရဲ့ သတင်းကောင်းကို စောင့်နေမယ် ”

” ဟုတ်ပြီ ”

ယဲ့ရှောင်က စာကြည့်တိုက်သို့ ရောက်သည့်အချိန်၌ သူက စာဖတ်ရန် ထိုင်ချလိုက်သည့်အချိန် စာဖတ်သူအချို့ဆီမှ ဆွေးနွေးမှုကို ကြားလိုက်ရသည်။

” သူ လာပြီ … လာနေပြီ။ ကမ္ဘာ့နဂါး စာရင်းက အဆင့်၅၀ ဝင်ထားတဲ့ နင်ဂျာအံ့ဖွယ်ချီရှန်း မူရာကာမီ ပေ့ချန်နယ်က ပြောတယ်။ သူက သူ့တပည့်ရဲ့ နာမည်ကို ရှင်းလင်းပေးဖို့ ငါတို့ ကျန်းဟိုင်မြို့ရဲ့ ဆန်းကြယ်ဓါးမော့ပညာရှင်ကို စိန်ခေါ်ဖို့ လာနေပြီ ”

” သူ အနှေးနဲ့အမြန် ရောက်လာမယ်ဆိုတာ ငါသိတယ်။ သူ့ရဲ့ နောက်ဆုံးတပည့်က အသတ်ခံလိုက်ရတာ။ မလာရင် ထူးဆန်းနေမှာ ”

” ငါတို့ ကျန်းဟိုင်မြို့က တကယ်စည်ကားနေတာပဲ။ အရင်ဦးဆုံး ဟန်နိုင်ငံရဲ့ ဓါးပညာရှိ လျိုချန်စွင်း အခုကျတော့ ရင် နိုင်ငံက နင်ဂျာ မူရာကာမီ ။ နှစ်ယောက်လုံးက အံ့ဖွယ်ဂိုဏ်းသိုင်းပညာတွေပဲ။ တစ်ယောက်က ကမ္ဘာ့နဂါးစာရင်းမှာ အဆင့်၄၇ ရထားပြီး နောက်တစ်ယောက်က အဆင့် ၅၀။ သူတို့က ငါတို့ သာမန်လူတွေကို တိုက်ခိုက်ရင် ငါတို့ အန္တရာယ်တွေ့မှာ မဟုတ်ဘူးလား ”

” မင်း အတွေးလွန်နေပြီ။ ကမ္ဘာ့နဂါးစာရင်းမှာ သိုင်းပညာရှင် စုစုပေါင်း အယောက် ၁၀၀ရှိတယ်။ သူတိုထဲက နှစ်ယောက်က ထိပ်တန်းအယောက် ၅၀ထဲဝင်နိုင်ရုံပဲ။ ငါတို့ စီရင်စု ၉ခုရဲ့ ထိပ်တန်းအယောက် ၅၀မှာ သိုင်းပညာရှင် ၁၇ယောက် ရှိပြီးသား ”

” ကမ္ဘာ့နဂါးစာရင်းက ပထမအဆင့် ရထားတဲ့ ဓါးဧကရစ် မိုးပြာနဂါးကတောင် စီရင်စု ၉ခုကပဲ။ သူတို့က မောက်မာထောင်လွှားရဲရင် စီရင်စု ၉ခုရဲ့ မဟာမိတ်က နဂါးစာရင်းက သိုင်းပညာရှင်တွေကို လွှတ်ပြီး ကိစ္စတစ်ခုလုံးကို ကွတ်ကဲခိုင်းမှာပဲ။ သူတို့ အဆင်အခြင်မဲ့ လှုပ်ရှားရဲမယ်ဆိုရင် သူတို့ အသက်ရှင်ရတာ ငြီးငွေ့နေတာပဲ ဖြစ်မှာ ”

” သူတို့ လာရဲတယ်ဆိုတာက ငါတို့ကျန်းဟိုင်မြို့ရဲ့ ဆန်းကြယ်တဲ့ သိုင်းပညာရှင်ကြီး နှစ်ယောက်ကို စိန်ခေါ်ချင်နေတာပဲ။ အပြစ်မဲ့တဲ့သူတွေ မထိခိုက်သရွေ့ သူတို့နှစ်ယောက် အဆင်ပြေမှာပဲ ”

” အဟုတ်ပဲ ”

ယဲ့ရှောင်က ထိုစကားကိုများကို ကြားသည့်အချိန်၌ သူက ခေါင်းချက်ချင်းခါလိုက်မိသည်။ ကိစ္စက အချိန်မကျသေးခင် နောက်ထပ်လှိုင်းတစ်ခုက ထပ်မံပေါ်လာပြန်၏။ ယခင်က လျိုချန်စွင်းကို မဖြေရှင်းရသေးပေ။ ယခု မူရာကာမီက ရောက်လာပြန်၏။ သူတို့နှစ်ယောက်လုံး၏ ခွန်အားက အံ့ဖွယ်ဂိုဏ်းများ ဖြစ်သည်။ ထို့ကြောင့် ဘုရင်အေးအ်ထက် အနည်းငယ် ပိုသန်မာလောက်သည် မဟုတ်ပါလော။

ဆိုရလျှင် ယန်ကျန့်ယီ ရေးသားသော ကြယ်ဆုံသော ကောင်းကင်အောက် ဒဏ္ဍာရီအရ ဘုရင်အေးအ်၏ ခွန်အားသည် အံ့ဖွယ်ဂိုဏ်း၏ ပထမအဆင့်တွင် ရှိလောက်သည်။

လျိုချန်စွင်းနှင့် မူရာကာမီကမူ သူတို့က တစ်လောကလုံးရှိ အံ့ဖွယ်ချီရှန်းများကြားထဲတွင်တောင် ထိပ်တန်းအယောက် ၅၀သာ ဝင်နိုင်၏။ သူတို့၌ စွမ်းရည်အချို့ ရှိရမည်။ သို့သော် သူက စိုးရိမ်ပူပန်လွန်းခြင်း မရှိပေ။

ရှေးဦးစွာ သူသည် အစတည်းက သူ၏ မျက်နှာကို မပြချင်။ ထို့ကြောင့် ထိုစိန်ခေါ်မှုကို လက်ခံမှာ မဟုတ်။ နှစ်ယောက်သားကို စောင့်ခိုင်းထားမှာပဲ ဖြစ်သည်။ မည်သည့်နည်းနှင့်မဆို စီရင်စု ၉ခု၏ သိုင်းပညာရှင်များအနားတွင် ရှိနေသောကြောင့် သူတို့နှစ်ယောက်က အတင့်ရဲလွန်းရဲမှာ မဟုတ်ပေ။

ဒုတိယအချက်အနေဖြင့် သူ၏ အထောက်အထားဖော်ထုတ်ခံရပြီး ထိုလူနှစ်ယောက် ပစ်မှတ်ထားတာ ခံခဲ့ရလျှင် ရွေးချယ်စရာမရှိပဲ စိန်ခေါ်မှုကို လက်ခံရမှာဖြစ်သော်ငြား ထိုသို့ ဖြစ်လာမှာ မဟုတ်ပေ။

ကြယ် ၇လုံး တန်းသည့်နေ့က နီးကပ်လာပြီဖြစ်ရာ သူတို့နှစ်ယောက်အဖို့ ယခုအချိန်လာရန် မဖြစ်နိုင်ပေ။ ဟန်နိုင်ငံနှင့် ရင်နိုင်ငံကလည်း ကြယ်တာရာသားရဲများကို ခုခံရဦးမည်။

သူတို့နှစ်ယောက်သည် ကြယ် ၇လုံး တန်းပြီးသည့်နေ့မှ ရောက်လာလောက်၏။ ကြယ် ၇လုံး တန်း
သည့်နေ့ မရောက်ခင် ကျင့်ကြံဆင့်က တူညီသည့်အဆင့်သို့ တက်နေလောက်ပြီဖြစ်ကာ အဂ္ဂရိတ်ပညာရပ်ကလည်း ပိုမြင့်သည့် အဆင့်သို့ ပေါင်းစည်းရန် အခွင့်အရေး ရှိလောက်သည်။

ကြယ် ၇လုံး တန်းပြီးသည့်နောက် သူက ဆေးလုံးများဖော်စပ်ရန်အတွက် ဘုရင်အေးအ်ကို အသုံးပြုနိုင်မည်ဖြစ်ကာ အစွန်းထက်သည့် ဆေးလုံးအချို့ကို သန့်စင်နိုင်မှာ သေချာသည်။

သူ၏ ခွန်အားကို အံ့ဖွယ်ချီရှန်းအဆင့် မြင့်တင်နိုင်မည်လားဆိုတာ သေချာမသိသော်ငြား သေချာပေါက် နီးကပ်သည့်အဆင့်သို့ ရောက်လောက်သည်။

သူ၏ အရည်အချင်းက နယ်ပယ်ဖြတ်ကျော်တိုက်ခိုက်နိုင်သော သူ၏ စွမ်းရည်ဖြင့် သူတို့နှစ်ယောက်ကို ရိုက်ချဖို့က သူ့အတွက် ပြဿနာတစ်ရပ် မဟုတ်လောက်ပေ။

တတ်နိုင်လျှင် လှုပ်ရှားမှု မပြုပဲ အကောင်းဆုံး ကြိုးစားမှာပဲဖြစ်သည်။ နှစ်ယောက်လုံးက ကမ္ဘာ့နဂါးစာရင်း၌ အဆင့် ၄၇နှင့် အဆင့် ၅၀ဖြစ်၏။ သူသာ ထိုလူနှစ်ယောက်ကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့လျှင် ကျန်းဟိုင်မြို့နှင့် အင်တာနက် အသုံးပြုသူများသာလျှင် သတိပြုမိမှာ မဟုတ်ပေ။ ထိုအချိန်ရောက်လျှင် သူ၏ တည်ရှိမှုကို တစ်လောကလုံးက သတိပြုသွားနိုင်လောက်၏။ ယင်းက သိုသိုသိပ်သိပ် နေချင်သော ယဲ့ရှောင်အတွက် ကိစ္စကောင်း မဟုတ်ပေ။

တစ်ချိန်တည်းတွင် ကျန်းဟိုင် သိုင်းကျောင်းတော်၌ ချင်ယွိယန်က သိုင်းခမ်းမဆောင်ထဲ၌ သူမ၏ ဓါးမော့သိုင်း ကျင့်ကြံပြီးသွားပြီ။ ချက်ချင်းပင် လက်ခုပ်သံ ကြားလိုက်ရ၏။

” ကောင်းတယ် ”

အားလုံးက ဂုဏ်ပြုပြီး ချင်ယွိယန်က လေးစားမှုကို ပြသရန် ဦးညွှတ်လိုက်၏။

သူမက ကျန်းဟိုင် သိုင်းကျောင်းတော် ဆရာဖြစ် စာမေးပွဲ တစ်စိတ်တစ်ပိုင်းကို ဖြတ်သန်းခဲ့၏။ ယခုမူ သိုင်းပညာရပ် အင်တာဗျူးဖြစ်ပြီး သူမ၏ သိုင်းပညာ အောင်မြင်စွာ ရယူထားမှုကို စစ်ဆေးခြင်းဖြစ်သည်။

အမှန်တကယ်တွင် သူမ၏ သိုင်းပညာ အောင်မြင်မှု ရထားခြင်းဖြင့် သူမက စာမေးပွဲဖြေဖြေ မဖြေဖြေ တူညီနေမှာပင်။ သူမက ဆာဆကဲတာရိုကို အနိုင်ယူခဲ့ပြီး သူမ၏ စံသတ်မှတ်ချက်က ကျောင်းတော်၏ ဆရာတစ်ယောက်အဖြစ် ခေါ်ရန် သင့်တော်သည်။

သို့သော် ဖြတ်သန်းရမည့် ဖြစ်စဥ်တစ်ခုရှိပေ၏။ ဆိုရလျှင် အဖက်ဆယ်သည့် ပရောဂျက်ကိုလည်းလုပ်ရဦးမည်။ ချင်ရှန်းလုံက ပြုံးလိုက်၏။

” ယွိယန် .. ဒီနေ့ သမီး လုပ်ဆောင်ချက်က ပြီးပြည့်စုံတယ်။ နောက်၂ရက်ကြရင် သမီးရဲ့ အချက်အလက်တွေ ရပြီးတဲ့အခါ အတန်းစခွဲပေးမယ်။ ဒါဆို သမီး စသင်ပေးလို့ရပြီ ”

ချင်ယွိယန်က ခေါင်းညိတ်လိုက်၏။

” ကျေးဇူးတင်ပါတယ် ဖိုးဖိုး ”

” ဒါနဲ့ လွန်ခဲ့တဲ့နှစ်တုန်းက သမီးရဲ့ ဒုတိယဦးလေးက ကျန်းဟိုင်မြို့ကို ပြန်ရောက်လာတယ်။ သူ ပြဿနာကြီးတစ်ခု ကြုံတယ်လို့ ကြားမိတာပဲ။ သူ့ဆီ အရင်သွားလည်ဦး။ ညကျ အဖိုးတို့ ညစာစားကြမယ် ”

အပိုင်း ၁၀၇ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset