Chapter – 4 ရှေးဟောင်း ကြေးနီရောင် ပန်းပုရုပ်များ
ညအချိန် ကျရောက်လာလေပြီ။
လမ်း၏ တစ်ဖက်တစ်ချက်စီတိုင်းတွင် အမျိုးမျိုးသော အရောင်များနှင့် နီယွန်မီးများက တောက်ပအောင် ထွန်းလင်းပေးနေသည်။ တစ်မြို့လုံးက ထိုညတွင် စိတ်အားထက်သန်မှုအပြည့် တက်ကြွမှုအပြည့် ရှိနေကြသည်။ တိမ်စင်အထက်သို့ ထိုးတက်တော့မည့်အလားမိုးမျှော်တိုက်များက မရေမတွက်နိုင်အောင် ရှိနေသည်။
သို့သော် အာကာသပြင်ပေါ်မှ ငုံ့ကြည့်လိုက်မည်ဆိုလျှင် အရာအားလုံးက အလွန်သေးငယ်သော အမှုန်များအဖြစ်သာ မြင်ရမည် ဖြစ်သည်။
ထိုညက ကံကြမ္မာဆိုး မုန်တိုင်းကြီးတစ်ခုနှင့် ကြုံတွေ့နေရသည့် ပုံမှန် မဟုတ်သော ညတစ်ည ဖြစ်နေသည်။ မြေပြင်တွင် တည်ဆောက်ထားသော ဆယ်ခန်းထက်မနည်းသည့် စောင့်ကြည့်ခန်းများက ပိန်းပိတ်အောင် မဲမှောင်နေသော မိုးကောင်းကင်ကိုသာ အာရုံစူးစိုက်ထားကြသည်။
တိတ်ဆိတ်ငြိမ်သက်နေသော စကြာဝဠာကြီးထဲတွင် သတ္ထုရောင်လင်းလက်တောက်ပလျက် အေးစိမ့်သောအရှိန်အဝါကို ထုတ်လွတ်နေသည့် နဂါးအလောင်း ကိုးလောင်း ရှိနေသည်။ သူတို့၏ အလောင်းကိုယ်ထည်ကြီးများက မည်းပြောင်လွန်းလှပြီး ထူထဲလွန်းလှသည့်ကြေးခွံဖြင့် အုပ်နေသည်။
နဂါးများဆိုသည်မှာ ဒဏ္ဍာရီလာ ဖြစ်တည်မှုများ ဖြစ်ပြီး ဤလောကတွင် တစ်ကြိမ်မျှ ပေါ်ထွက်လာခဲ့ဖူးခြင်း မရှိခဲ့ချေ။ ယခုတစ်ခဏတွင် နဂါးများ၏ တည်ရှိမှုကို သက်သေအပြည့် ရလိုက်လေပြီ။
ဗော့ယာဂါမှတစ်ဆင့် အာကာပြင်ထဲတွင် ဖမ်းယူရရှိခဲ့သောပုံများက မင်သက်ဖွယ်ကောင်းသည့်အပြင် သူတို့အား စိတ်ပျက် အားလျော့အောင်လည်း လုပ်လိုက်နိုင်သည်။ ထိုနဂါးအလောင်းတိုင်း၏ကိုယ်မှ ကြီးမားလွန်းလှသော ဦးချိုကြီးများသည် သစ်ပင်၏သစ်ကိုင်းများကဲ့သို့ လျှို့ဝှက်ဆန်းကျယ်နေပြန်သည်။ သူတို့၏ အလောင်းများက အလွန်မာကျောသည်။
ထို့အပြင် အားအပြည့်ရှိနေသေးပြန်ကာ မယိုင်မလဲနိုင်သည့် ကြီးမားလွန်းလှသော တောင်တန်းကြီးများသဖွယ် ထင်ရသည်။ အေးစိမ့်သောအလင်းများထုတ်ပေးနေသည့် ထိုနဂါးကြေးခွံများက ဓားများ၏အသွားများကဲ့သို့ အလွန်ခမ်းနားလွန်းနေပြန်သည်။
အသက်မဲ့နေပြီဖြစ်သော်လည်း ထိုနဂါးများ၏ ကြီးမားလွန်းသော ကိုယ်ခန္ဓာကြီးများကြောင့် လူသားဖြစ်တည်မှုများအပေါ် ကြီးမားသော သက်ရောက်မှုတစ်ခုဖန်တီးလိုက်နိုင်သည်။ သူတို့ မျိုးရိုး အစဥ်အဆက်အလိုက် လက်ခံယုံကြည်ခဲ့ကြသော အချို့သောအကြောင်းအရာများက မှားယွင်းနေသည်ဟုပင် ခံစားမိသွားစေသည်။
…
“ယဲ့ဖန်း …။ မင်း လွန်ခဲ့တဲ့သုံးနှစ်လုံးလုံး ဘယ်လိုများနေထိုင်နိုင်ခဲ့တာလဲ … ။”
လူအများစုကမူ သူ့ကို စိုးရိမ်ပြီးမေးမြန်ကြသည်။
” ဒီလိုပါဘဲ … ။ ထူးခြားတာလည်း မရှိဘူး။ ထူးခြားတဲ့အရာတွေလည်း မဖြစ်ပျက်ခဲ့ဘူး … ။ ”
သူတို့က ထိုသို့ပြောနေကြသည့်အချိန်တွင် လျှိုယွန်ကျစ်က သူ၏ သူငယ်ချင်းများနှင့်အတူ ယဲ့ဖန်း၏ ဘေးနားတွင် ဝိုင်းထိုင်နေကြသော ကျောင်းသားများထံလာကာ ခွက်ချင်းတိုက်ချိန် ဖြစ်သည်။
သူတို့ရောက်လာသောအခါ သူက အားလုံးကို စိတ်ရင်းနှင့်ဆက်ဆံနေသလိုမျိုး ဖော်ပြပေးပြီး လူအုပ်ကိုပင် ချီးကျူးစကား အားပေးစကား ပြောပေးနေလေသည်။
ယခင်က ယဲ့ဖန်းကို မူးအောင်သောက်ခိုင်းမည်ဆိုပြီးဟု အပြစ်ပေးရန် ပြင်ဆင်နေသည့်ကောင်လေးများအားလုံးကလည်း ယဲ့ဖန်းက လွဲပြီး အားလုံးနှင့် ခွက်ချင်း လိုက်တိုက်ကြသည်။ သူတို့က လျှိုယွန်ကျစ်အပေါ် သစ္စာရှိစိတ် လေးစားစိတ်ကိုပြရန် နည်းလမ်းတစ်ခုရပြီဟုလည်း ထင်နေလောက်သည်။
လင်းကျားနှင့် ဝမ်ကျစ်ဝမ်တို့ကသာ ယဲ့ဖန်းနှင့် ခွက်ချင်းတိုက်ကြသည်။
စုဝေးပွဲ၏အဆုံးတွင် လူအများစုက မူးနေကြပြီး ကာရာအိုကေသို့ သွားကြသည်။ သီချင်းများက သူတို့ကို ငယ်ရွယ်ချိန်က နေ့ရက်များဆီသို့ ပြန်လည်ခေါ်ဆောင်သွားပေးနိုင်သည်။
“ငယ်ရွယ်စဥ်ကာလမှာ ဘယ်သူကများ သူတို့ရဲ့လှပတဲ့ မျက်နှာတွေကို သဘောမကျကြလို့လဲ … ။ ဘဝရဲ့စိတ်ပျက်အားငယ်စေတဲ့ စမ်းသပ်မှုအမျိုးမျိုးကို အတူတူကျော်ဖြတ်ဖို့ လက်တွဲဖော်တစ်ယောက်ကို ရှာတွေ့ခဲ့ပြီးပြီလား … ။ လူတွေ ဘယ်လောက်ကများ မင်းရဲ့ဘဝထဲဝင်ရောက်လာပြီး ဘယ်လောက်ကများပြန်ထွက်သွားခဲ့ကြလဲ … ။ ငါတစ်ယောက်ထဲကဘဲ မင်းနဲ့အတူ တစ်ဘဝလုံးရှိချင်ခဲ့တာ … ။ ”
ရင်းနှီးကျွမ်းဝင်သောသံစဥ်ကို ကြားသောအခါ အတန်းဖော်နှစ်ယောက်က အချင်းချင်း စိုက်ကြည့်နေကြသည်။ သူတို့က ကောလိပ်တွင်အတူ ချစ်ကျွမ်းဝင်ခဲ့ကြပြီး ဘွဲ့ရပြီးနောက် လမ်းခွဲဖြစ်လိုက်ကြသည်။ သီချင်းသံက လေထုအတွင်း ပြန့်နှံ့လာသောအခါ မိန်းကလေးက မနေနိုင်ပဲ ငိုတော့သည်။ သူမ၏ ဘေးမှ အခြားသော မိန်းကလေးများကလည်း ဝိုင်း၍ နှစ်သိမ့်ပေးရသည်။ အမျိုးမျိုးသောအကြောင်းပြချက်များကြောင့် ဘွဲ့ရပြီးနောက် မည်သည့်စုံတွဲကမျှ လက်မထပ်နိုင်ကြချေ။ သူတို့ဟာ သူတို့၏ အချစ်ရေးရာ ကိစ္စများကို ထိန်းသိမ်းနိုင်အောင် အကောင်းဆုံး ကြိုးစားကြသော်လည်း သူတို့ အလွန်ချစ်သူဟုဆိုသောသူများနှင့် နောက်ဆုံးတွင် လမ်းခွဲသွားရသည်။
ဘွဲ့ယူလိုက်ချင်းက သူတို့ကို လမ်းခွဲ ဖြစ်စေလိုက်သည်။ ၄င်းက ကောလိပ်မှ ဘွဲ့ရပြီးသူတိုင်းအတွက် ကျိန်စာကဲ့သို့ဖြစ်နေသည်။ နှစ်တိုင်းလိုလို တူညီသောဝမ်းနည်းဖွယ် ဖြစ်ရပ်များ ပေါ်ထွက်လာလေ့ရှိသည်။ ကံဆိုးစွာဖြင့် ထိုဝမ်းနည်းဖွယ်ဖြစ်ရပ်များ တည်တံ့နေသည်မှာ ကြာရှည်လှလေပြီ။ လမ်းခွဲခဲ့သောကိစ္စက ရုတ်တရက် လှုံ့ဆော်လိုက်သလို အားတစ်ခုဖြစ်သွားပြီး သူတို့ကို အလုပ်ရှာရန် ဖိအားပေးနိုင်ခဲ့သည်။ တစ်နည်းအားဖြင့် သူတို့ကို လူမှုအသိုင်းအဝိုင်းထဲသို့ တွန်းပို့ပေးလိုက်နိုင်သည်။
လူတိုင်းနီးပါးက လွန်ခဲ့သောသုံးနှစ်ကတည်းက သူတို့ဆိုရ နှစ်သက်ကြသော သီးချင်းများကိုသာ ပြန်လည်ရွေးချယ်သီဆိုကြသည်။ အားလုံးက မှတ်ဉာဏ်များတွင် နစ်မြုပ်သွားပြီး သူတို့၏ စိတ်ထဲတွင် အတိတ်ကတစ်ဖန် ပြန်ပေါ်လာသလိုပင် ခံစားလိုက်ရသည်။
အဆုံးတွင် အချို့က မူးနေကြပြီဖြစ်သော အတန်းဖော်များက မိုက်ခရိုဖုန်းကို လုကာ အချိန်အတန်ကြာသီဆိုနေတော့သည်။ သို့သော် အချို့က သူတို့၏ အသံကျယ်ကို သည်းမခံနိုင်ကြသော်လည်း မတားကြချေ။ သူတို့၏သီချင်းဆိုသံက ကောင်းမွန်လွန်းခြင်း မရှိသော်လည်း ယင်းက ပျော်ရွှင်ဖွယ် လေထုကို သယ်ဆောင်လာပေးပြီး လူတိုင်းကို အတူရယ်မောမိစေသည်။
ကာရာအိုကေခန်းမှ ထွက်လာချိန်သည် နောက်ကျနေပြီဖြစ်သည်။ သူတို့က မနက်ဖြန် မိခင်သက္ကသိုလ်သို့ ပြန်သွားကြမယ်ဟု မထွက်ခင် ချိန်းဆိုလိုက်ကြသည်။
ဝေးကွာသောနေရာမှလာသော အတန်းဖော်များကမူ တူညီသောဟိုတယ်တွင်သာ ဘိုကင်ယူထားကြပြီး ဖြစ်၏။ ဤမြို့မှ ကျောင်းသူကျောင်းသားများကမူ သူတို့ကို ဟိုတယ်သို့ ကားဖြင့် လိုက်ပို့ကြမည် ဖြစ်သည်။
” လင်းကျား …။ ငါ နင့်ကို ပြန်လိုက်ပို့ပေးမယ် … ။”
လျှိုယွန်ကျစ်က ကားမှန်ကို အောက်သို့ချပြီး လင်းကျားကို ဖိတ်ခေါ်လိုက်သည်။
ကားမှာ ထိုင်ခုံနေရာများက အကန့်အသတ်ရှိသောကြောင့် အချို့သော ကျောင်းသူကျောင်းသားများက တက္ကဆီ ငှားစီးကြသည်။ အခြားသူများနှင့် လိုက်ကပ်စီးရန် ကိစ္စက ရှက်စရာကောင်းသည်။
ထိုအချိန်တွင် လမ်းပေါ်တွင် မာစီးတီးဘန့်တစ်စီးပေါ်လာသည်။ ယဲ့ဖန်းက ကားပေါ်မှဆင်းလာပြီး ပါတီတွင် အကူအညီပေးမည်ဟု ပြောခဲ့သော ကောင်မလေးထံသို့ သွားကာ ပြော၏။
” ငါ မင်းကို လိုက်ပို့ပေးမယ် ..။ ”
ယဲ့ဖန်းက ထိုမိန်းခလေးကိုလသနားမိပြီး တက္ကသိုလ်တွင် သူမသည် ပျော်ရွှင်ပြီး ရိုးရှင်းသောဘဝကို ပိုင်ဆိုင်ခဲ့သည်။ သူမက ဘောလုံးကွင်းအပြင်ဘက်တွင် သူမ၏အတန်းဖော်များကို အားပေးရခြင်းကိုနှစ်သက်သည်။
တစ်ခါတစ်ရံတွင် သူမက အတန်းဖော်များကို ရေသန့်ဗူးလိုက်ပေးလေ့ရှိသည်။ သို့ရာတွင် သူမ၏ဘဝမှာကြုံတွေ့ခဲ့ရသော အခြေအနေအတွေ့ကြုံများက သူမကို စိတ်ဓာတ်ကျပြီး ကြောက်လန့်သွားစေသည်။ သူမက ကောင်းကောင်း မနေထိုင်နိုင်ခဲ့ဘဲ တစ်ညလုံးလည်း ကောင်းကောင်းစကားမပြောနိုင်ခဲ့ပေ။
ယဲ့ဖန်း၏ ဖိတ်ခေါ်မှုကို ကြားသောအခါ ထိုမိန်းကလေးက လွမ်းမိုးခံလိုက်ရသည်ဟု ခံစားလိုက်ရသော်လည်း ကျေးဇူးတင်စိတ်က ပို၍ပြင်းထန်လာသည်။ သူမကတစ်ညလုံး တခြားသူများ၏ လစ်လျူရှုခြင်းကို ခံခဲ့ရသည်။ မည်သူကမျှ သူ့ကို ဤပါတီပွဲတွင် သတိပင်မထားမိလောက်ကြ။ ယခုမူ သူမကို လူတိုင်းကအာရုံစိုက်လာကြသည်။ ထိုအခြေအနေက သူမကို အနည်းငယ် ထိတ်လန့်စေသည်။
လျှိုယွန်ကျစ်က ကြောင်သွားပြီးနောက် ယဲ့ဖန်း ဆင်းလာသောကားကို ကြည့်ကာ ပတ်ဝန်းကျင်က လူများမှာ အမျိုးမျိုးသော တုံ့ပြန်မှုများ ပြလာကြသည်။ အချို့က စိတ်ရှုပ်နေကြပြီး အချို့က အံံ့ဩသွားကြသည်။
ယခု မြင်နေရသောကိစ္စမှာ လျှိုယွန်ကျစ်က ပြောထားသောစကားနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။ ယဲ့ဖန်းက ဤနေရာရှိ လူတိုင်းထက် ပို၍အောင်မြင်နေသည်။
လျှိုယွန်ကျစ်ကလည်း ထိုအခြေအနေကို ကို့ယို့ကားယားဖြစ်သွားပြီး အရှက်ခွဲခံရသလို ခံစားလိုက်ရသည်။ သူ့ကို ယဲ့ဖန်းက ပါးဖြတ်ရိုက်လိုက်သလိုပင်ခံစားလိုက်ရသည်။
ပါတီတွင် ယဲ့ဖန်းကို အထင်သေးခဲ့သော အတန်းဖော်များကမူ ကို့ယို့ကားယား ဖြစ်သွားသည်။ သူတို့က တစ်စုံတစ်ရာပြောလိုသော်လည်း ဘာပြောရမှန်း မသိကြချေ။
လူအနည်းစုကမူ ဦးတည်စိတ် ပြီးမြောက်သွားပြီး သဘောကျနေကြသည်။ ယဲ့ဖန်း၏ တည်ရှိမှုက လျှိုယွန်ကျစ်နှင့် သူ၏မောက်မာသော နောက်လိုက်များကို မှေးမှိန်သွားစေသည်။
ယဲ့ဖန်း၏ သူငယ်ချင်းနှစ်ယောက်ကမူ ယဲ့ဖန်း၏ကားပေါ်တက်လာကြသည်။ ကောင်မလေးကိုလည်း ကားပေါ် တင်ခေါ်ပေးလိုက်ကြသည်။
ယဲ့ဖန်းက ချက်ချင်းဆိုသလို မောင်းချပြီး မှင်တက်နေကြသောလူအုပ်နှင့် ကို့ယို့ကားယားဖြစ်နေသော လျှိုယွန်ကျစ်ကို ထားရစ်ခဲ့သည်။
…
ကမ္ဘာမြေကြီးကို လှည့်ပတ်နေသော အာကာသစခန်းထဲတွင် အာကာသယာဥ်မှူးပေါင်းများစွာက အထိတ်တလန့် ဖြစ်နေကြသည်။ ထိုနေရာတွင် တင်းအားများစွာဖြစ်နေသည့် အာကာသထဲမှ အခြေအနေတစ်ခုလုံးက အန္တရာယ်နှင့် အလွန်နီးစပ်နေသည်။
မဲမှောင်ကာ အေးခဲနေသော အာကာသပြင်ထဲတွင် စကြာဝဠာကြီးနှင့်အတူ မွေးဖွားလာသည်ဟုထင်ရသော နဂါးအလောင်းကြီးကိုးလောင်းက ရှိနေသည်။ နဂါးအလောင်းကြီးကိုးလောင်း၏ ကိုယ်ခန္ဓာနှင့်ချိတ်ဆက်နေသော ထူထဲသည့် သံမဏိကြိုး ကိုးကြိုးဟာ ကြီးမားလွန်းလှသော ကြေးနီရောင် အခေါင်းကြီးကို တွဲချည်ထားသည်မှာ အဆုံးအစမဲ့သော သီးသန့်ဖြစ်တည်နေသည့်ခံစားချက်မျိုးကို ခံစားရစေသည်။
မြေပြင်က ဆုံးဖြတ်ပေးသောသူများကမူ ထိုအလောင်းကိုးလောင်းနှင့် လျှို့ဝှက် ဆန်းကျယ်သောကြေးနီရောင်အခေါင်းကို ချက်ချင်း ဖျက်ဆီးရန်ဆုံးဖြတ်ခဲ့ကြသည်။ မဟုတ်လျှင် တစ်စုံတစ်ရာ လွဲမှားသွားနိုင်သည်။
ထိုအရာကြီးများကသာ အောက်သို့ပြုတ်ကျလာခဲ့လျှင် ဆိုးရွားသောကိစ္စကြီးများ ဖြစ်လာနိုင်သည်။ မည်သူကမှ ထိုသို့ ဖြစ်ရန် ဆန္ဒမရှိကြချေ။
တိတ်ဆိတ်မဲမှောင်နေသော စကြာဝဠာကြီးထဲတွင် နဂါးအလောင်းကိုးလောင်းမှ ဆွဲထားသည့် ထိုကြေးနီရောင်အခေါင်းက လူသားဖြစ်တည်မှုများအတွက်အလွန်အဖိုးတန်နေနိုင်သည်။
ရုတ်တရက် အာကာသစခန်းမှ လျှို့ဝှက်ဆန်းကျယ်သော အချက်ပြသံများကို အတွဲလိုက် ဖမ်းယူရရှိမိလိုက်ပြီး အလွန်အမင်း ထူးခြားသည့် ထိုအချက်ပြစနစ်က ထိုရှေ့ဟောင်းအခေါင်းမှ ထုတ်လွှင့်နေကြောင်း သံသယဝင်ရန်ပင် မလိုအပ်တော့ချေ။
ထိုလျှို့ဝှက်ဆန်းကြယ်သော ဖိအားလှိုင်းများဆိုသည်မှာလည်း မျက်နှာပြင်ပေါ်တွင်ရှိနေသော ဝေဝေဝါးဝါးသာ မြင်ရသောသင်္ကေတများမှ ထွက်လာခြင်းဖြစ်သည်။
ထိုအချက်ပြ သင်္ကေတများကို မြေပြင်သို့ ပို့လွှင့်လိုက်ပြီး လက်ရှိခေတ်တွင် ခေတ်အမှီဆုံး စူပါကွန်ပျူတာများကိုအသုံးပြုလျက် ဖတ်ရှု အဓိပ္ပါယ်ဖော်ရန်ကြိုးစားခဲ့သည့်တိုင်အောင် မည်သည့်သဲလွန်စကိုမျှ ရှာမတွေ့နိုင်သေးချေ။
ကော့ပါးစိမ်း သံချေးများတက်နေသည့် ထိုကြေးနီရောင်အခေါင်းပေါ်မှ ရှေ့ကျသည့်သင်္ကေတများ ဝှက်စာများကို ဖော်ရန် အလွန်ပင် ခက်ခဲနေသည်။
” ကြိုတင် ခွဲခြမ်း စိတ်ဖြာမှုနဲ့ စမ်းသပ်လေ့လာမှုတွေ လုပ်ပြီးတဲ့နောက်မှာ ဒီကြေးနီရောင်အခေါင်းပေါ်က ထွင်းထုထားတဲ့ စာတွေက ရှေ့ခေတ် တရုတ်ဒဏ္ဍာရီများနှင့်ပတ်သက်ကြောင်း သိရှိလိုက်ရပါတယ် .. ။”
အချို့ကျွမ်းကျင်ပညာရှင်များက နောက်ဆုံးတွင် အနှစ်ချုပ်တစ်ခု လုပ်နိုင်ခဲ့သည်။ အခေါင်းပေါ်တွင် ထွင်းထုထားသော မကောင်းဆိုးဝါးသားရဲကြီးများ ပုံဏ္ဍာန်များက တစ်ဆင့် တောင်တန်းနှင့်ပင်လယ် ဂန္တဝင်စာအုပ်ထဲတွင် အလားတူအရာများကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုထဲတွင် လျှို့ဝှက်ဆန်းကျယ်သော မြေမျက်နှာ သွင်ပြင် အနေအထားနှင့် ဒဏ္ဍာရီလာ တရုတ်ဂန္တာဝင်သမိုင်းစာအုပ်များအရ ကျွမ်းကျင်ပညာရှင်များက နောက်ဆုံးတွင် အနှစ်ချုပ်နိုင်ခဲ့ပြီး ဖြစ်၏။
အခေါင်းပေါ်တွင် ထွင်းထုထားသော အချို့သော မကောင်းဆိုးဝါးသားရဲကြီးများ၏ ပုံသဏ္ဍာန်က တောင်တန်းနှင့်ပင်လယ် ဂန္တဝင်ဆိုသည့် တရုတ်ပြည်၏ လျှို့ဝှက်ဆန်းကျယ်သော မြေမျက်နှာသွင်ပြင်အနေအထားနှင့် ဒဏ္ဍာရီလာ အကြောင်းအရာများကိုမှတ်တမ်းတင်ထားသည့် ဂန္တာဝင်သမိုင်းစာအုပ်ထဲတွင် ရှာတွေ့ခဲ့သည်။
အချို့သော ထွင်းထုထားသည့်ပုံရိပ်များနှင့် စာများကမူ ရှေ့ဟောင်းနတ်ဘုရားများကို စိတ်ကူးယဥ်ကာ ပုံဖော်ထားခြင်းပင် ဖြစ်သည်။
အချို့သော ကြေးနီရောင် ရုပ်ထုများကို ကျွမ်းကျင်ပညာရှင်များက ဖွင့်မိခဲ့သော်လည်း ခပ်ယဲ့ယဲ့ ဖမ်းယူလိုက်ရသည့် လျှို့ဝှက်ဆန်းကျယ်သည့် အချက်ပြမှုများကို ပိုမို အဓိပ္ပါယ်ဖော်နိုင်ခြင်း မရှိသေးချေ။
အပိုင်း ( ၄ ) ပြီး၏။