Switch Mode

Chapter – 98

သန့်စင်ခြင်း နည်းစနစ်များ စုစည်းခြင်း

စာကြည့်တိုက်တာအိုသခင်
အပိုင်း (၉၈) သန့်စင်ခြင်းနည်းစနစ်များ စုစည်းခြင်း

လူတိုင်းက ချင်ယွိယန်အတွက် လက်ခုပ်တီးပေးနေကြသည်။ ယခုအချိန်တွင် သူမက ပြိုင်ပွဲတစ်လုံး၌ အတောက်ပဆုံးကြယ်ပွင့်တစ်ပွင့်ဟု ဆိုနိုင်ပေ၏။

ဆာဆကဲတာရိုကို အနိုင်ယူပြီးနောက် သူမ၏ ဂုဏ်သတင်းသည် ​​ကျင်းရှန်ကို တိုက်ရိုက်ကျော်လွန်သွားပြီး စီရင်စုကိုးခုကို တုန်လှုပ်သွားစေမည် ဖြစ်ကြောင်း ကြိုမြင်နိုင်၏။ ယခုအချိန်တွင် ပြိုင်ကွင်းထဲ၌ မပျော်ရွှင်နိုင်သည့် တစ်ဦးတည်းသောသူက ဆာဆကဲတာရို ဖြစ်သည်။

သူ ရှုံးနိမ့်သွားခဲ့၏။ စီရင်စုကိုးခုထဲတွင် ယင်းက သူ၏ ပထမဆုံးစိန်ခေါ်မှု ဖြစ်သည်။

သူက ပထမဆုံးစိန်ခေါ်မှုထဲတွင် ရှုံးနိမ့်သွားလေရာ သူ မည်ကဲ့သို့ ရှေ့ဆက်နိုင်မည်နည်း။ တိုက်ပွဲမည်မျှများစွာ အနိုင်ရစေကာမူ လူမည်မျှကို အနိုင်ရစေကာမူ ယင်းက ထိုအချက်ကို ပြောင်းလဲပေးနိုင်မှာ မဟုတ်ပေ။ ယခုအခေါက်တွင် စီရင်စုကိုးခုဆီသို့ လာရသည့် သူ၏ အစီအစဥ်က အပြည့်အဝ ပြိုကွဲသွားပြီဟု ဆိုနိုင်၏။

သူက ရင်နိုင်ငံတွင် လူသိများသော ဓားမော့ပါရမီရှင်တစ်ဦး ဖြစ်၏။ သူက ကျားဟဲလျို၊ နင်ဂျာဓားသွား၏ ပါရမီရှင် မူရာကာမီ၏ ဆက်ခံသူလည်း ဖြစ်သည်။

စီရင်စုကိုးခုကို စိန်ခေါ်ရန်လာသည့်အချိန် ရင်နိုင်ငံတစ်ခုလုံးက သူ့ကို ပံ့ပိုးပေးခဲ့သည်။ ထိုအကြောင်းအရင်းကြောင့် အရင်းအမြစ်များစွာတောင် ရခဲ့၏။ ဤအတိုင်းပြန်သွားခဲ့လျှင် သူ၏ ဘဝက အဆုံးသတ်သွားမှာပဲ ဖြစ်သည်။

ရင်နိုင်ငံ၏ စည်းမျဥ်းများအရ သူ၏ ဆရာက သူ့ကို အူအသည်းမထုတ်လျှင်တောင် ရင်နိုင်ငံသားများ၏ တံထွေးခွက်တွင် မျောရမှာဖြစ်သည်။ သူက ဤအတိုင်း သေချာပေါက် ပြန်မသွားနိုင်ပေ။ အရှက်ကွဲမှုကို ပြန်သယ်ဆောင်သွားလျှင် သူ၏ မိသားစုပါ ပါဝင်ပတ်သက်လာနိုင်၏။

အရှက်ကွဲမှု၊ ဒေါသ၊ အကြောက်တရားတို့ ရင်ထဲတွင် ပေါ်ထွက်လာလေရာ သတ်ဖြတ်လိုသည့်ဆန္ဒက ပေါ်ထွက်လာပြီး သူ၏ မျက်လုံးများက ရဲတောက်သွားတော့သည်။

သူက အရှုံးကို ဝန်မခံခဲ့ပေ။ ဆိုလိုသည်က ယှဥ်ပြိုင်ပွဲမပြီးသေးချေ။ နောက်ထပ် တစ်ကွက်လှုပ်ရှားနိုင်သေး၏။

သူ၏ ကျင့်ကြံခြင်းပေါ်ရှိ ကန့်သတ်ချက်ကို ဖယ်ရှားခဲ့လျှင် ဟို့ထျန်း နဝမအဆင့်ခွန်အားဖြင့် သူသည် ချင်ယွိယန်၏ ဟို့ထျန်း အဋ္ဌမအဆင့်ခွန်အားကို သေချာပေါက်သာလွန်မည်။ ယခုအချိန်တွင် သူ့ကိုသူသာ သတ်သေနိုင်မှာ ဖြစ်သည်။ ထိုအစား ချင်ယွိယန်ကို သတ်မည်။ အနည်းဆုံးတော့ သူမ၏ ချီသွေးကြောများကို ဒဏ်ရာပြင်းပြင်းထန်ထန်ရအောင်လုပ်ပြီး စီရင်စုကိုးခုမှ ပါရမီရှင်တစ်ဦးကို ကြွေလွင့်စေမည်။

ဒေါသထွက်လွန်းသောကြောင့် သူ၏ ဆင်ခြင်သုံးသပ်နိုင်စွမ်းများ၊ စိတ်ခံစားချက်များ ဆုံးရှုံးသွားသည်ဟု ဆိုနိုင်သည်။ သူက သူမကိုသတ်ရန် ရည်ရွယ်ချက် မရှိခဲ့ပေ။

စီရင်စုကိုးခု၏ ကိုယ်နှုတ်အမူအရာတို့သည် သဘောကောင်းပြီး အမြဲတမ်းမှန်ကန်ဖြောင့်မတ်သူ ဖြစ်သည်။ သူသည် စိန်ခေါ်မှုအတွင်းတစ်စုံတစ်ယောက်ကို ထိခိုက်အောင်လုပ်ပြီး လမ်းပေါ်တွင် လူသတ်နေခြင်း မဟုတ်ပေ။ ထို့ကြောင့် လူသတ်သမားအဖြစ် တိုက်ရိုက်မထိခိုက်စေနိုင်ရန် အခွင့်အရေးရှိသည်။ ဖြစ်နိုင်လျှင် သူ့ကို ဦးစွာဖမ်းပြီးမှ ရုံတော်တင်မှာ ဖြစ်သည်။ အချိန်ရောက်လာလျှင် ရင်နိုင်ငံက ညှိနှိုင်းမှာပဲ ဖြစ်၏။ အခြေအနေက ကောင်းနေလျှင် တရားခံကို လွဲပြောင်းပေးရမှာပဲ ဖြစ်သည်။

သူက ချင်ယွိယန်ကို သတ်ခဲ့လျှင် ရင်နိုင်ငံသားများက သူ့ကို သေချာပေါက်ပံ့ပိုးပေးပြီး အထင်သေးကြမှာ မဟုတ်ပေ။ ရင်နိုင်ငံသို့ သူ ပြန်ရောက်လျှင် အခွင့်အရေးများ ရနိုင်၏။

ယခုအချိန်တွင် ဆာဆကဲတာရိုက သူ့အတွက် အကျိုးအရှိဆုံး အစီအစဥ်ကို တွေးလိုက်ပြီး စိန်ခေါ်မှုထဲတွင် သူ့ကျရှုံးမှု၏ အရှက်ကွဲမှုကြီးကို ဖြေရှင်းရန် စီစဥ်လိုက်တော့သည်။

လောင်းကြေးထပ်ခြင်း။

” သေပေတော့ … ”

စီစဥ်ပြီးနောက် သူက တွေဝေမနေဘဲ ချက်ချင်းပင် သူ၏ ကျင့်ကြံဆင့်ကို ထုတ်ဖော်ပြီး ချင်ယွိယန်ကို တိုက်ခိုက်တော့၏။

သူ၏ ကျင့်ကြံဆင့် အပြည့်အဝထုတ်ဖော်မှုဖြင့် အရှိန်က ယခင်ကထက် နှစ်ဆပိုမြန်ဆန်လာသည်။

ဟို့ထျန်း နဝမအဆင့်။

သူက မဟာချီရှန်းဖြစ်ရန် နီးကပ်နေပြီးသား ဖြစ်သည်။ ထို့အပြင် သူက ကျော်ကြားသည့် ကျားဟဲလျို နင်ဂျာဓားသွားကို ကျင့်ကြံခဲ့ရာ ယင်းက အရှိန်နေရာတွင် နာမည်ကျော်ကြားသည်။ ထို့ကြောင့် အလွန်မြန်ဆန်၏။

စင်မြင့်ကနေ တုချန်ဖုန်းနဲ့ ကျန်သည့်သူများက သူ၏ ရည်ရွယ်ချက်ကို ချက်ချင်းသဘောပေါက်သွား၏။

” အတင့်ရဲလိုက်တာ … ရာရာစစ … ”

တုချန်ဖုန်းက ဒေါသတကြီးအော်ဟစ်လျက် သူ့ကိုယ်ဖော့သိုင်းကိုသုံးကာ ဆာဆကဲတာရိုဆီ တိုးဝင်သွားသည်။

သို့သော် သူက ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်များကို ထုတ်ဖော်စဥ် ယို့ဝေနှင့် တိုက်ခိုက်ခဲ့စဥ်က ဒဏ်ရာများက ပေါ်လာ၏။ နာကျင်မှုက သူ၏ ချီသွေကြောများကို စုတ်ဖြဲနေပြီး လှုပ်ရှားမှုများကို နှေးသွားစေ၏။

ချင်ရှန်းလုံနှင့် ကျန်သည့်သူများက ရှန့်ထျန်းနယ်ပယ်တွင်သာ ရှိပြီး သူတို့၏ အရှိန်က ဆာဆကဲတာရိုလောက် မမြန်ဆန်ပေ။ သူတို့ အချိန်မီစရာအကြောင်း မရှိပေ။

ချင်ယွိယန်က ဆာဆကဲတာရို ထိုမျှ အရှက်မဲ့လိမ့်မည်ဟု မထင်ထားပေ။ အငိုက်မိသွားပြီး သူမ ခန္ဓာကိုယ်ထဲရှိ ဝိညာဥ်စွမ်းအင်ကို အမြန်ထုတ်ဖော်လိုက်၏။ သို့သော် တစ်ဖက်သူက ဦးစွာလှုပ်ရှားပြီဖြစ်ရာ မျက်တောင်တခက်အတွင်း သူက သူမရှေ့သို့ ရောက်လာ၏။ ဝိညာဥ်စွမ်းအင်ကို အချိန်မီ ထုတ်ဖော်ခဲ့လျှင်တောင် လှုပ်ရှားနိုင်ရန် အချိန်မမီနိုင်ပေ။

အောင်မြင်ပြီ။

ဆာဆကဲတာရို၏ နှုတ်ခမ်း၌ ဂုဏ်ယူဝင့်ကြွားသည့် အပြုံးတစ်ခု ပေါ်လာသည်။

ချင်ယွိယန်ကို သတ်ဖြတ်ပြီး စီရင်စုကိုးခု၏ သိုင်းပါရမီတစ်ဦးကို ဖျက်ဆီးခြင်းက သေချာပေါက် မဟာအောင်မြင်မှုကြီးတစ်ခု ဖြစ်မည်။ သူ၏ စိန်ခေါ်မှုတွင် ကျရှုံးမှုအတွက် ဖာထေးရန် လုံလောက်သည်။ သို့သော် ထိုအခိုက်အတန့်၌ လူတိုင်းက ချင်ယွိယန် ကံဆိုးမိုးမှောင်ကျမည်ဟု ထင်ထားချိန် ချင်ယွိယန်၏ မျက်ခုံးနှစ်ဖက်ကြားမှ ဓားအလင်း ရုတ်တရက် ပေါ်ပေါက်လာပြီး ပေသုံးရာခန့်ရှည်သော ဓားအလင်းက ပေါ်လာလျက် ပိုင်းဖြတ်ချသွားသည်။

ဖုန် …

ပေါက်ကွဲသံကြီး ပေါ်ထွက်လာပြီးနောက် ဆာဆကဲတာရိုသည် အလယ်ကနေ ထက်ခြမ်းခြမ်းခံရ၏။ ကွင်း၏ မြေပြင်ကလည်း ထက်ခြမ်းခြမ်းခံလိုက်ရသည်။

ကွင်းတစ်ခုလုံး သေလုနီးပါး တိတ်ဆိတ်သွားတော့၏။ ချင်ရှန်းလုံနှင့် ကျန်သည့်သူများက နေရာတွင်ပင် အံ့သြဆွံ့အကြောင်အနေလေ၏။

ဓားမော့ပညာရှင်၏ ဓားမော့ဆန္ဒက အန္တာရာယ်ကို အာရုံခံမိသည့်အချိန်တွင် ရန်သူကို ခုခံနိုင်စွမ်းရှိသည်လော။

” ဘုရားရေ … အဲ့ဒီ စီနီယာက ဘယ်လောက်သန်မာတာလဲ … ”

ယဲ့ရှောင်ဘက်တွင်မူ မရပ်မနားစာဖတ်နေပြီးနောက် လက်နက်သန့်စင်ခြင်းနည်းစနစ်၏ နောက်ဆုံးစာအုပ်ကို ရှာတွေ့သွားသည်။

၎င်းကို ရွှေရောင်စာအုပ်တွင် မှတ်တမ်းတင်ပြီးနောက် ပြီးစီးအောင်ကျင့်ကြံပြီးသရွေ့ ၎င်းကို ပေါင်းစည်းနိုင်မှာပဲ ဖြစ်သည်။

တစ်ဖက်ခြမ်း၏ သိုင်းပညာရှင်များကလည်း ချင်ယွိယန်၏ သိုင်းယှဥ်ပြိုင်မှုအကြောင်း စတင်ဆွေးနွေးနေသည်။ သံသယဖြစ်ဖွယ်မလိုဘဲ ချင်ယွိယန်သည် အနိုင်ရသွား၏။ သို့သော် ဆာဆကဲတာရိုက ရှုံးနိမ့်မှုကို မခံစားနိုင်ဘဲ ညစ်ပတ်လိမ့်မည်ဟု မထင်ထားပေ။ ကံကောင်းသည်မှာ သူ၏ ဓားမော့ဆန္ဒက ထိုလူကို သတ်ဖြတ်ပစ်ခဲ့သည်။ မဟုတ်လျှင် ရင်နိုင်ငံမှ တစ်စုံတစ်ယောက်ကြောင့် စီရင်စုကိုးခုမှ လူတစ်ယောက်သည် ဒဏ်ရာရသွားပေလိမ့်မည်။ အတိတ်ဘဝတုန်းက ယဲ့ရှောင်သည် ရင်နိုင်ငံမှ မျိုးမစစ်ကို အမုန်းဆုံးဖြစ်သည်။ သူ၏ လက်ရှိဘဝတွင် ရင်နိုင်ငံကို သွယ်ဝိုက်၍ ကလဲ့စားချေခြင်းဟု ဆိုနိုင်မည်လော။ ထိုအကြောင်းကို တွေးမိသောအခါ စိတ်ထဲသက်တောင့်သက်သာ ဖြစ်သွားသည်။

ဒေါင် …

စာကြည့်တိုက်ပိတ်သည့် ဘဲလ်သံက မြည်လာ၏။ ယဲ့ရှောင်က စာအုပ်ပိတ်ပြီးနောက် အိမ်ပြန်ရန် ပြင်လိုက်တော့သည်။ ပင်မဝင်ပေါက်နား၌ ဖြတ်သွားပြီး အလုပ်ဆင်းတော့မည့်အချိန်၌ သူ၏ နှာခေါင်းဝကို မွှေးရနံက ဝင်လာလေ၏။

သူက တစ်ချက်ကြည့်လိုက်ရာ မစ္စဝမ်၏ အကြည့်နှင့် ဆုံသွားသည်။

” တိုက်ဆိုင်လိုက်တာ … ”

ယဲ့ရှောင်က အလုပ်ဆင်းရန် လက်ကိုဆန့်လိုက်၏။ မစ္စဝမ်ကလည်း ခလုတ်နှိပ်လိုက်သည်။

” တိုက်ဆိုင်လိုက်တာ … လက်တလော မတွေ့မိဘူးနော် … ဘာတွေ လုပ်နေလဲ … ”

” အပေါ်ထပ်အလွှာတွေမှာ စာဖတ်နေတာလေ … ”

” ရှင်က စာဖတ်နေသေးတုန်းလား … အခုက ကောင်မလေးရှာရမယ့် အချိန်နော် … တစ်ယောက်လောက် မိတ်ဆက်ပေးစေချင်လား … စိတ်မပူနဲ့ ချမ်းသာတဲ့မိသားစုက အမျိုးသမီးနဲ့ မိတ်ဆက်ပေးမယ် … သူက သာမန်ကြုံရာ မိန်းကလေးမဟုတ်ဘူး … ”

” ကျေးဇူးတင်ပါတယ် … ဒါပေမယ့် အချိန်အတိုင်းအတာတစ်ခုအထိ မချစ်ကြိုက်သင့်သေးဘူး … ”

” ဒါဆို ပြီးရောလေ … ငါ အရင်ပြန်နင့်မယ် … ဪ ဟုတ်သား … ရက်အနည်းငယ်အတွင်း ငါ လက်ထက်တော့မှာ … မင်္ဂလာပွဲကို လာဖို့မမေ့နဲ့ … ”

ထိုသို့ ပြောပြီးနောက် လျှပ်စစ်ကူတာကို စီးထားသည့် လူရွယ်က မစ္စဝမ်ကို ခေါ်သွား၏။ မစ္စဝမ်က တာ့တာပြပြီးနောက် တစ်ဖက်သူဆီ အမြန်ပြေးသွားကာ သူတို့၏ လျှပ်စစ်ကူတာပေါ် ထိုင်လိုက်၏။

ထိုလူ၏ ရုပ်ရည်သွင်ပြင်က ရိုးရှင်းကာ သူ၏ အဝတ်အစားများက မျက်စိနောက်စရာ မကောင်းပေ။

သူက ရိုးသားသည့်သူ တစ်ဦးဖြစ်၏။ သူက လူသားတစ်ယောက်၏ စံပြပုံစံ၌ ရှိသည်။ မစ္စဝမ်၏ အဝတ်အစားများကလည်း ပိုပြီး ယဥ်ကျေးလာ၏။ သူမသည် ယခင်ကနှင့် အရှိန်အဝါ မတူညီတော့ပေ။ မျက်နှာပေါ်ရှိ မိတ်ကပ်က ပါးပါးလေးဖြစ်လာပြီး စကားလုံးများကလည်း ပေါ့တန်တန် ဖြစ်မနေတော့ချေ။

သူ၏ စကားများက မစ္စဝမ်ပေါ် အနည်းငယ်သက်ရောက်သွားစေပုံပေါ်၏။ သူမက ဘဝကို တဖန်စချင်လာပြီ ဖြစ်သည်။

ယင်းက ယဲ့ရှောင်ကို ရှင်းပြ၍ မရသည့် အောင်မြင်မှုတစ်ခု ခံစားလိုက်ရသည့်ပမာ ဖြစ်စေသည်။ မည်သို့ပြောရမည်နည်း။

လောကကြီးထဲ၌ အခက်ခဲဆုံးကိစ္စနှစ်ရပ် ရှိသည်။ တစ်ခုက တစ်ပါးသူ၏ပိုက်ဆံကို မိမိအိတ်ထဲထည့်ရန်နှင့် နောက်တစ်ခုက မိမိ၏ အတွေးများကို တစ်ပါးသူ၏ ခေါင်းထဲထည့်ရန် ဖြစ်သည်။

စာရိတ္တပျက်ပြားနေသည့် လူတစ်ယောက်ကိုကယ်တင်နိုင်ခဲ့ခြင်းက အစွမ်းထက်သော ကျင့်ကြံခြင်းနည်းစနစ်ကို ပေါင်းစည်းခြင်းထက် ပိုအောင်မြင်မှုကို ရစေသည့်ပမာ ထင်ရသည်။
သို့သော် ယဲ့ရှောင်က ထိုလူရွယ်ဦးလေးသည် အလွန်သနားစဖွယ်ကောင်းသည်ဟု ခံစားမိသည်။ မည်သို့ပင်ဆိုစေကာမူ လူ့လောက၏ အရေးကိစ္စများက သူနှင့် မည်သို့သက်ဆိုင်တော့မည်နည်း။ လူသားများ ပျော်ရွှင်နေသရွေ့ အဆင်ပြေနေပြီ ဖြစ်သည်။

အပိုင်း (၉၈) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset