Switch Mode

Chapter – 2

ဆုဝမ် ( ဂန္တဝင်ဆေးပညာရဲ့ ကဏ္ဏတစ်ခု )

Chapter – 2 ဆုဝမ် ( ဂန္တဝင်ဆေးပညာရဲ့ ကဏ္ဏတစ်ခု )

ဆုဝမ်သည် ( ဟွမ်တိနျဲ့ကျင်း ) က ရှေးခေတ်ကာလက ဧကရာဇ်ဟွမ် ရေးသားခဲ့သော ဂန္တဝင်ဆေးပညာ ကဏ္ဏတစ်ခုထဲမှ ဖြစ်သည်။
ပြောထားသည့်အတိုင်းဆိုလျှင် အသက်တစ်ရာရောက်သည့်တိုင်အောင် ရှေးခေတ်လူမျိုးများက သူတို့၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို ကြံ့ခိုင်သန်မာအောင်ထိန်းသိမ်းထားနိုင်သည်ဟု ဆိုသည်။
ဆုဝမ်၏ ဝမ်ကို ယုံကြည်သူ ယဲ့ဖန်းက လက်ထဲတွင်ကိုင်ထားသော ဂန္တဝင် ဆေးပညာစာအုပ်ကို ဖတ်ပြီးသွားသဖြင့် ပိတ်လိုက်သည်။ သူက ရှေးခေတ်ကာလကို ပြင်းပြသော ယုံကြည်မှု ရှိသည်။ သို့ရာတွင် ယခုခေတ်ကာလတွင် တရုတ်သမိုင်းနှင့်ပတ်သက်ပြီး အကျယ်တဝင့် ရှင်းပြထားခြင်း၊ ပြည့်ပြည့်စုံစုံ ဖော်ပြထားခြင်းမျိုးမရှိတော့ရာ အများပြည်သူကို ပို၍ လျှို့ဝှက်ဆန်းကြယ်စေသလို ခံစားရစေသည်။ မြူထု ဖုံးကာထားသလို တားမြစ်ထားသည့် ထိုသမိုင်းကသူ၏ကြည့်ချင်စိတ်ကို တစ်ချိန်လုံး နှိုးဆွနေခဲ့သည်။
လေပြေ၏တိုက်ခတ်မှုကြောင့် ပါရာစိုးပင်များ၏အရွက်အနည်းငယ်က လေတွင် လွှင့်နေပြီး တရှရှ အသံများကို ထုတ်လွှတ်နေသည်။ လေထဲတွင် ထိုအပင်များက အနည်းငယ်ပင် ကွေးနေသေးသည်။ လတ်ဆတ်သောလေထုက ပြတင်းပေါက်ကို ဖြတ်ကာ အခန်းထဲသို့ဝင်လာသည်။ ကြောင်တောင်တောင်နိုင်သော ရှေးခေတ်စာအုပ်များ၏ ပရိတ်သတ်တစ်ယောက်ဖြစ်သည့် ယဲ့ဖန်းက လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် မမောမပန်းနိုင်စွာ ဆက်ဖတ်နေပြန်သည်။
“ရှေးခေတ်လူမျိုးတွေအတွက် အသက်ကြီးသွားလို့ခန္ဓာကိုယ်က ပျက်ယွင်းတယ်ဆိုတာမျိုးက မရှိဘူးပဲ။ သူတို့က အသက်တစ်ရာကျော်တဲ့အထိ အသက်ကို စွဲဆန့်နိုင်ကြတယ်။ ဘယ်လိုဖြစ်နိုင်မှာလဲ”
သူက ရေရွတ်လိုက်သည်။
သဘာဝတရားကို ယုံကြည်ပြီးသက်ဝင်ကာ ခေတ်သစ်လူမျိုးတစ်ယောက် အနေနှင့် ယဲ့ဖန်းက ဆုဝမ်ထဲတွင်ရေးသားထားသော အကြောင်းအရာများကို မယုံကြည်နိုင်ချေ။ များစွာသော ရှေးခေတ် ဂန္တဝင်စာအုပ်ပေါင်းများစွာက ထည့်ပြောထားသောလျှို့ဝှက်ဆန်းကြယ်သည့် ရှေးခေတ်သမိုင်းကိုသာ သူက အလွန်ပြင်းပြစွာ သိချင်နေပေသည်။
ကြည့်ရသည်မှာ သမိုင်းတွင် ထိုရှေးခေတ်လူမျိုးစုက အပြီးတိုင် ပျောက်ကွယ်သွားသလိုပင် ဖြစ်နေသည်။
“ အမည်မသိရတဲ့ သမိုင်းတစ်ခုခု ရှိနေလောက်လား”
ခဏတာတွေးတောပြီးနောက် ယဲ့ဖန်းက ထိုစာအုပ်ကိုဆက်ဖတ်နေလိုက်သည်။
ဂန္တဝင်ဆေးပညာက သဘာဝရတနာဖြစ်ပြီး လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကတည်းက ပြီးပြည့်စုံစွာ တည်ရှိနေခဲ့ခြင်းဖြစ်သည်။
သို့သော် တရုတ်ပြည်၏ ရှေးခေတ်ဂန္တဝင် လျှို့ဝှက်ဆန်းကြယ်မှုသုံးခုထဲမှ တစ်ခုဖြစ်ပြီး ပြောထားသောအကြောင်းအရာများကို အပြည့်အဝ မယုံကြည်နိုင်သော်လည်း ထိုဂန္တဝင်ဆေးပညာစာအုပ်က အလွန်တန်ကြေးရှိကြောင်း ငြင်းဆန်၍ မရနိုင်ချေ။
“ထျန်းနျယ်တိကို ထိန်းထားပြီး ယင်နှင့်ယန်ကို ဟန်ချက်ညီအောင်လို့ အသက်ကို ပြင်းပြင်းရှူပြီး စိတ်ဝိညာဉ်ကို အားအင်ဖြည့်တင်းအောင်လုပ်လို့ စိတ်ဆန္ဒနှင့်ကြွက်သားတွေကို အမိအရပေါင်းစပ်နိုင်မှ မသေမျိုး ဖြစ်နိုင်လိမ့်မယ်။ ဒါက အဲ့ဒီအတိုင်း မဟုတ်လား ..။ ”
ဆုဝမ် ထည့်ပြောထားသောအတိုင်းဆိုလျှင် ရှေးခေတ် မသေမျိုးများက စကြာဝဠာကြီး၏ အခြေခံသဘောတရားများကို နားလည်သဘောပေါက်ထားကြပြီး သူတို့၏ စိတ်ဝိညဉ်ကို အားဖြည့်ကာ လေ့ကျင့်သည်။ ထို့ကြောင့် ခေတ်သစ်လူများက နားလည်ရန်ခက်ခဲနေခြင်းလည်း ဖြစ်သည်။
မသိမသာပင် နေက ဝင်လာသည်။ အဝင်နှေးသောနေရောင်ကြောင့် ကောင်းကင်က နီရဲလာပြီး ပြတင်းပေါက် အပြင်ဘက်ရှိ မြက်ခင်းပြင်များနှင့် ခြံဝန်းထဲမှ ပါရာစိုးပင်များအပေါ်လည်း အနီရောင် သန်းလာစေသည်။ ယဲ့ဖန်းက စာအုပ်ကို ပိတ်လိုက်သည်။ သူက ဒီည သူ့အတွက် အလွန်အရေးကြီးသော ပြန်လည်တွေ့ဆုံပွဲသို့ သွားရပေမည်။
သူက လွန်ခဲ့သော သုံးနှစ်ခန့်က ကောလိပ်မှ ဘွဲ့ရထားခဲ့ပြီး ဒီနေရာတွင် ရှင်သန်နေထိုင်ခဲ့သည်။ အတိတ်အကြောင်း ပြန်လည်အောက်မေ့သွားသည့်အခါ ယဲ့ဖန်းက ကျောင်းတက်သောနေ့ရက်များကို ဘယ်သောအခါမှ ပြန်မရနိုင်တော့သလို ရိုးရှင်းသန့်ရှင်းသောဖြစ်ရပ်များကို သတိရသွားမိသည်။
သုံးနှစ်တာကာလက ကြာရှည်ခြင်း ရှိ မရှိ ပြောရန်ခက်ခဲသည်။ သူ၏ အတန်းဖော်များကလည်း တရုတ်ပြည်၏နေရာအနံ့အပြားသို့ ရောက်နေကြပြီး ကိုယ်ပိုင်နေထိုင်မှုဘဝကို ပိုင်ဆိုင်နေကြပြီး ဖြစ်သည်။ သာယာသောဖုန်းသံက သူ၏အတွေးများကို နှောက်ယှက်လိုက်သည်။ ခေါ်လာသောသူက အလွန်အမင်း လိမ္မာပါးနပ်သော လှပသည့် မိန်းကလေး လင်ကျားဖြစ်သည်။
သူမက ဘွဲ့ရပြီးနောက် အိမ်နီးချင်းတိုင်းပြည်သို့ ထွက်သွားကာ ထူးခြားသော လက်ကွက်များကြောင့် ရာထူးတိုးသွားခဲ့ပြီး ယခုအခါ ဌာနတာဝန်ခံ တစ်ယောက်ဖြစ်နေခဲ့ပြီး ဖြစ်သည်။ ဖြေဆိုသည့် ခလုတ်ကိုနှိပ်လိုက်သောအခါ ကျောင်းတွင်း လူမှုဆက်ဆံရေးတွင် ပါရမီကို ထုတ်ပြခဲ့သည့် လင်ကျား၏ အသံကိုကြားလိုက်ရသည်။ လူမှုဆက်ဆံရေးတွင် အမြဲတစ်စေယှဉ်ပြိုင်လိုစိတ်ပြင်းထန်သည့် သူမ၏ ပြင်းထန်သောစိတ်ဆန္ဒက အခြားသောသူများနှင့် စကားပြောဆိုဆက်ဆံရာတွင် အောင်မြင်စေခဲ့သည်။
“ ဘာဖြစ်လို့လည်း ငါ့ကို လွမ်းလို့လား …။ ”
ယဲ့ကျန်းက ဖုန်းဖြေလိုက်သည်။
လင်ကျားက ရယ်ပြီးပြောသည်။
“ ပြန်လည်တွေ့ဆုံပွဲက ဘယ်နေရာလည်းဆိုတာကို ငါ မသေချာလို့ …။ ငါတို့ပါတီကို အတူတူသွားရင်ကောင်းမလားလို့ပါ”
တွေ့ဆုံမည့်နေရာကို အတည်ပြုပြီးနောက် ယဲ့ဖန်းက လင်ကျားကို သွားခေါ်ရန် ကားကို မောင်းလိုက်သည်။ ကောလိပ်တွင် သူက လင်ကျားကို သူ၏ ခံစားချက်များကို ထုတ်ပြခဲ့သည်။ သို့ရာတွင် သူတို့က မကိုက်ညီဘူးဆိုသော လင်ကျား၏ လိမ္မာပါးနပ်စွာ ငြင်းဆန်ခြင်းကို ခံခဲ့ရသည်။ လင်ကျားက အလွန်လှသည်၊။ သို့သော် သူမ၏ လိမ္မာပါးနပ်မှုက သူမ၏ အလှထက် ပိုသာနေခဲ့သည်။
သူမက သူမ ဘာလိုချင်ကြောင်း သိပြီး ဘယ်လို ယူရမည်ဖြစ်ကြောင်း နားလည်ထားသည်။ အခြားနည်းလမ်းဖြင့်ဆိုရလျှင် လင်ကျားက အရှိအတိုင်း လက်ခံထားသူဖြစ်သည်။
သူတို့တွေ့ဆုံသောနေရာသို့ သွားရောက်ရန် သူတို့သတ်မှတ်ထားသောအချိန်က ဆယ်မိနစ်ခန့် လိုအပ်နေသေးသည်။ ယဲ့ဖန်းက ကားကို ရှော့ပင်းမော(လ်) ရှေ့တွင် ပါကင်ထိုးလိုက်ပြီးနောက် အထဲမှ ထွက်ပြီး ပြင်ဆင်နေသည့် လင်ကျားကို စောင့်နေလိုက်သည်။
မြို့ကို ဆည်းဆာရောင် နေအလင်းက လွှမ်းခြုံထားသည်။ အဆောက်အဦးများစွာက ရွှေရောင်အလင်းအောက်တွင် လွှမ်းခြုံခံရပြီး လှပနေသည်။ အဆုံးအစမဲ့သော စမ်းရေချမ်းလို ကားများက အပြေးအလွှားသွားလာနေကြသည်။ ထို့ကြောင့် လူအုပ်က ရှိနေသေးသည်။
မိနစ်အနည်းငယ်ကြာပြီးနောက် တိုယိုတာတစ်စင်းက ကားဘေးနားသို့ ကပ်လာသည်။ လင်ကျားက တံခါးကိုဖွင့်ပြီး ယဲ့ဖန်း၏ အနားသို့ လျှောက်လာသည်။ သူမကယခင်က ကားနဲ့တူတူသာလျှင် ဖြစ်နေသေးသည်။ ထူးကဲစွာပင် ကျော့ရှင်းပြီး ကြည့်ကောင်းနခဲ့သည်။
ယဲ့ဖန်းကလည်း သူမ၏ အနားသို့ လျှောက်သွားပြီး အပြုံးနှင့်ပြောလိုက်သည်။ သူက နောက်လိုက်သေးသည်။
“ မင်းက ကိုယ်ပိုင် ဒရိုင်ဘာနဲ့ပေါ့လေ …။ ”
လင်ကျားက ပြန်ဖြေသည်။
“ငါ့ကို မနောက်ပါနဲ့ …။ ဒါက ငါတို့ရဲ့ သူငယ်ချင်း လျိုယွမ်ကျစ်လေ …။ ”
သူတို့က လွန်ခဲ့သော သုံးနှစ်အတွင်း အနည်းငယ်သာစကားပြောဆိုဖြစ်ခဲ့ကြပြီး နည်းနည်းလောက် တစ်ယောက်ကိုတစ်ယောက် မတွေ့ဖြစ်ခဲ့ရသော်လည်း လင်ကျားက ငယ်ရွယ်ကာ ဖက်ရှင်အမြင် ရှိနေသေးသည်။ သူမက အသားကပ် ဂျင်းနှင့် တီရှပ်ကို ဝတ်ဆင်ထားသည်။
သူမ၏အဝတ်အစားက သူမ၏သေးသွယ်သောခန္ဓာကိုယ်နှင့် ကွက်တိကျနေလေရာ ကောက်ကြောင်းကိုလည်း ဖော်ပြနေသည်။ သူမ၏ ပုခုံးထိရောက်သော ဆံပင်က နူးညံ့ကာ နက်မှောင်ပြီး တောက်ပနေပြန်သည်။ သူမ၏ အနည်းငယ်အပေါ်သို့ ဝင့်တက်နေသည့်မျက်ဝန်းများကလည်း မျက်တောင်ရှည်များဖြင့် အုပ်မိုးခံထားရာမှ သဘာဝအလျောက်ပင် မိန်းမဆန်သော ထူခြားသည့် ခံစားချက်မျိုးကို ပေးသည်။
“ မတွေ့ရတာ ကြာပြီ …။ နင် အဆင်ပြေတယ်မဟုတ်လား”
လင်ကျားက ပြောသည်။
“ ငါက ပြေပါတယ် …။ ”
ယဲ့ဖန်းက ပြုံးပြီး ပြန်နောက်လိုက်သည်။
“ မင်းလို အလှလေးက မင်းသမီး ဖြစ်မလာတာ နှမြောစရာပဲ …။ ”
“နင် ငါ့ကို နောက်နေပြန်ပြီ …။ ”
လင်ကျားက သူ့ကို ပြန်ကြည့်ပြီး ခံစားသွားရသလိုမျိုးပြုံးလိုက်သည်။ သူမ၏ နှုတ်ခမ်းရဲရဲနှစ်ဖက်က သူမကို ပို၍ချစ်စရာကောင်းပြီး စွဲဆောင်မှု ပြင်းထန်သွားစေသည်။
ထိုအချိန်မှသာ တိုယိုတာ၏ဒရိုင်ဘာနေရာတွင် ထိုင်နေသောသူက ပြတင်းပေါက် မှန်ကို ချလာသည်။ ယဲ့ဖန်း၏ ယခင်အတန်း‌ဖော် လျိုယွမ်ကျစ်ဖြစ်ပြီး အလွန်ရင်းနှီးသည်။ လျိုယွမ်ကျစ်က ဘွဲ့ယူပြီးနောက် ဒီနေရာတွင် ဆက်နေသည်။
ဆွေမျိုးနောက်ခံ၏ အကူအညီဖြင့် သူက အလယ်အလတ်အဆင့် ကုမ္ပဏီတစ်ခုကို တည်ထောင်နိုင်ခဲ့ကာ သူ၏သက်တူရွယ်တူများအကြားတွင် စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်အဖြစ် ဖြစ်လာစေခဲ့သည်။ သူတို့က တစ်မြို့ထဲတွင်နေသော်လည်း ကောလိပ်မှ မတည့်သောအခြေအနေကြောင့် အဆက်အသွယ် လုပ်ခဲသည်။ လျိုယွမ်ကျစ်က ကားပေါ်က မဆင်းပဲ ယဲ့ဖန်းကို အပြုံးတုနှင့်အတူ လှမ်းပြောလာသည်။
“ မတွေ့ရတာ ကြာပြီ …။ ”
“ ဟုတ်တာပေါ့ ..။ ငါတို့အတူ အပြင်ထွက်ဖို့ အချိန်တစ်ခု ရှာသင့်တယ် …။ ”
ယဲ့ဖန်းက ခပ်ပြတ်ပြတ် မရယ်ချင် ရယ်ချင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။
“ မင်းက တက္ကစီနဲ့လာတာလား ..။ ”
လျိုယွမ်ကျစ်က ယဲ့ဖန်းကို ရှက်ရွံ့ဖွယ်ကောင်းသော မေးခွန်းတစ်ခုကို မေးလိုက်သည်။ သို့ရာတွင် ယဲ့ဖန်းကမူ သူ၏ မောက်မာမှုကို သတိမထားပဲ ရန်လိုမှုကို လျစ်လျုရှုလိုက်သည်။
ဉာဏ်ကောင်းသောမိန်းကလေးတစ်ယောက်ဖြစ်သည့် လင်ကျားကလည်း နှစ်ယောက်ကြားမှအခြေအနေကို သတိထားမိပြီး ယဲ့ဖန်းကို ပြုံးပြသည်။
“ ငါတို့ရဲ့ ပြန်လည်တွေ့ဆုံတဲ့ပါတီက အလျင်စလို စီစဉ်လိုက်ရတာလေ …။ ဒီတော့ ငါက ဒီမြို့မှာနေတဲ့ အတန်းဖော်တွေကို ခေါ်လိုက်ရတာ။ ငါတို့ လျိုယွမ်ကျစ်ကို လိုက်ပို့ခိုင်းလို့ ရနိုင်မယ်ထင်တယ် …။ ”
ယဲ့ကျန်းက ပြန်မဖြေသေးခင် လျိုယွမ်ကျစ်က ဦးစွာတောင်းပန်လာသည်။
“ ငါ စိတ်ထဲ မကောင်းပါဘူး။ ငါ ငါ့ရဲ့အခြားသူငယ်ချင်းတွေကို လာခေါ်မယ်လို့ ကတိပေးထားပြီးပြီ။ ဒီတော့ ယဲ့ဖန်းအတွက် ခုံ မရှိလောက်ဘူး”
“ကိစ္စမရှိဘူး မင်းတို့ အရင်သွားပါ …။ ငါ နောက်ကလိုက်လာခဲ့မယ် …။ လင်ကျား …။ မင်း ငါနဲ့လိုက်မှာလား …။ ”
ယဲ့ဖန်းက ဖြေသည်။
လင်ကျားက မင်သက်သွားသည်။ ထိုအချိန်တွင် လျိုယွန်ကျစ်က လှမ်းပြောလားသည်။
“အခြားလူတွေက မင်းကို အထင်သေးတာမျိူးကို မလိုချင်ရင် ငါနဲ့သွားသင့်တယ် ..။ ”
လင်ကျားကလည်း လျိုယွမ်ကျစ်နှင့် သွားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် ယဲ့ဖန်းကို တောင်းပန်ကာ တိုယိုတာပေါ်သို့ ပြန်တက်သွားသည်။
သူတို့က ကားမှန်ကို ပြန်တင်သွားသောအခါ လျိုယွမ်ကျစ်၏ ခပ်တိုးတိုးပြောသံကိုပင် ကြားလိုက်ရလေသည်။
“ဘယ်လိုဖြစ်ပြီး ဒီအချိန်အထိ ယဲ့ဖန်းက တက္ကစီနဲ့လာတာလဲ …။ “
ထို့နောက် တိုယိုတာက ထွက်ခွာသွားသည်။
အရင်နေ့ရက်များတွင် ယဲ့ဖန်းက ကျောင်းတွင် အလွန်ကျော်ကြားခဲ့သူဖြစ်လေသည်။ သို့သော် ဒီနှစ်ကို သူကဒီနေရာကို တက္ကစီဖြင့်လာသည်ဟု ယူဆရသည်။
လျိုယွမ်ကျစ်နှင့်နှိုင်းယှဉ်သော ယဲ့ဖန်းက ထင်သလောက် မအောင်မြင်ခဲ့ချေ။ သူက လျိုယွမ်ကျစ်ကဲ့သို့ မောက်မာသောလူမျိုးများအကြောင်း ကျင့်သားရနေခဲ့သော်လည်း လင်ကျား၏အပြုအမူက သူ့ကိုအံ့အားသင့်စေခဲ့သည်။
မည်သို့ပင်ဆိုစေ လူတိုင်းကလည်း ကိုယ်ပိုင်အပြုအမူကို ရွေးချယ်ပိုင်ခွင့် ရှိသည်။ မည်သို့ပင်ဆိုစေ သူတို့ကရှင်သန်နေထိုင်ရန် ကြိုးစားနေကြရာ ငွေ၏အသုံးဝင်မှုကို ရှောင်လွှဲ၍ မရချေ။ ယဲ့ဖန်းကလည်း ထိုအခြေအနေကို ကျင့်သားရနေလေပြီ။ ထို့ကြောင့် ရွံရှာမှုများ မခံစားရချေ။
နေက ဆက်လက်ပြီးအောက်သို့ နှစ်ဝင်နေခဲ့ပြီး မိုးကုတ်စက်ဝိုင်းအတွင်း ပျောက်ကွယ်သွားသည်။ ကောင်းကင်ကမူ သွေးနီရောင်သန်းနေရာမှ တဖြေးဖြေးချင်း မဲမှောင်သွားသည်။ ည အချိန်အခါရောက်ရှိလာလေပြီ။
ထိုအခိုက် မဲမှောင်သော အာကာသ အပြင်ဘက်တွင် နဂါးအလောင်းကိုးခုက ကြီးမားသောကြေးနီရောင် အခေါင်းကို သယ်ဆောင်လျှက် အေးခဲနေသလိုလို ရှိနေခဲ့သည်။
အာကာသဌာနချုပ်မှ အာကာသယာဉ် သန်းပေါင်းများစွာကလည်း ဓာတ်ပုံရိုက်ယူပြီး မြေကမ္ဘာရှိ အခြေစိုက်စခန်းသို့ ပို့ကာ ရှေ့ဆက်ပြီး ပေးလာမည့်အမိန့်များကို စောင့်မျှော်နေသည်။

အပိုင်း ( ၂ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset