စာကြည့်တိုက် တာအိုသခင်
အပိုင်း ၉၀။ စာကြည့်တိုက်၏ အထပ်မြင့်များ။
နှစ်ယောက်သားက ပြတင်းပေါက်ကို မှီလျက် ဆွံ့အသွား၏။ ၁၀မိနစ်ခန့် ကြာပြီးနောက် နှစ်ယောက်သားသည် ဟော်တယ်ထဲမှ ထွက်လာတော့သည်။
ချင်ယွိယန်က တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်၏။
” သူ ဝင်သွားတဲ့အချိန်တုန်းက အနက်ရောင် အသားကပ်ဘောင်းဘီ ဝတ်သွားတဲ့ပုံပဲ။ ဒါပေမဲ့ အခု မရှိတော့ဘူး ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” သူ့ရဲ့ ဒူးခေါင်းတွေလည်း နီနေတယ် ”
” ကျွန်မ သူ့ကို ထပ်မတွေ့ချင်တော့ဘူး ”
” ကျုပ်လည်း သူ့ကို မတွေ့ချင်တော့ဘူး ”
” ဒါဆို သွားကြမယ် ”
ချင်ယွိယန်က ပြောပြီး ယဲ့ရှောင်က ခေါင်းထပ်ညိတ်လိုက်သည်။ သူတို့နှစ်ယောက်သည် နံနက်စာဆိုင်မှ လျင်မြန်စွာ ထွက်လာခဲ့ပြီး ပင်မလမ်းဆီသို့ လျှောက်လာခဲ့ကြ၏။ လေထုက ပိုကောင်းလာတော့သည်။
ချင်ယွိယန်က အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး သူမ စိတ်အခြေအနေက ပိုကောင်းလာသည်။
” ရှင် အခု အိမ်ပြန်မှာလား ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” စာဖတ်မလို့ စာကြည့်တိုက် သွားမလို့ ”
ချင်ယွိယန်က အနည်းငယ် အံ့သြသွားမိသည်။
” နေ့တိုင်း စာကြည့်တိုက်ထဲမှာ ရှင် အလုပ်လုပ်နေတဲ့အချိန် အမြဲတမ်း စာဖတ်နေတာပဲ မဟုတ်ဘူးလား။ အားလပ်ရက်မှာတောင် စာဖတ်ဖို့ ဘာကြောင့် လိုနေသေးတာလဲ ”
ယဲ့ရှောင်က တည်ငြိမ်စွာ ပြောလိုက်၏။
” ဘာမှလုပ်စရာ မရှိဘူး။ စာမဖတ်တော့ ဘာလုပ်ရမှာလဲ ”
” အမ် …။ စာဖတ်တာမှာ ထူးခြားတာ တစ်ခုခု ရှိလို့လား။ ဥပမာအနေနဲ့ သိုင်းပညာရပ်တွေ ကျင့်ကြံဖို့အပေါ် အာနိသင် ရှိတာလား ”
” ရှိလောက်ပါတယ်။ ဆိုရိုးစကား ရှိတယ်မလား။ စာအုပ်တစ်သောင်းကျော်ဖတ်ပြီး ကျင့်ကြံတာက နတ်ဘုရားတစ်ပါးရှိသလိုပဲတဲ့လေ ”
” ဒီလို ဆိုရိုးရှိလို့လား ”
ချင်ယွိယန်က မျက်မှောင် အနည်းငယ် ကျုံ့မိသွားသည်။ ဆိုရိုးစကားက ထိုနည်းအတိုင်း ပြောခဲ့တာမဟုတ်ဟု အဘယ်ကြောင့် ခံစားမိနေမှန်း မသိတော့ပေ။ သို့သော် သူမ မှားယွင်းမှတ်ထားမိတာလည်း ဖြစ်နိုင်၏။
” ဒီလိုဆိုမှတော့ ကျွန်မ သွားတော့မယ် ”
ယဲ့ရှောင်က သူမကို နေခဲ့ရန် မတိုက်တွန်းပေ။
” ကောင်းပြီ။ နှုတ်ဆက်ပါတယ် ”
ထိုစကားမှပြောပြီးနောက် သူက လှည့်ထွက်သွား၏။ သူ့ပုခုံးပေါ်ရှိ ဟွမ်လျိုလီက ချင်ယွိယန်ကို လက်သည်းလေး ရမ်းပြလိုက်၏။
ချင်ယွိယန်က ပြုံးကာ သူမ လက်လေးကို ရမ်းလျက် လှည့်ထွက်သွားတော့သည်။
ယင်းက ယဲ့ရှောင်၏ စိတ်ကို မသက်ရောက်စေပေ။
သူက အစတည်းက ပန်းကဇာတ်ရုံကို မသွားချင်ခဲ့တာ ဖြစ်၏။ ထို့ကြောင့် တစ်ဖက်သူ ထိုကဲ့သည့် အပြုအမူနှင့် စိတ်အနှောက်အယှက် မဖြစ်ပေ။
သူ ယခု ဂရုစိုက်သည်က လက်နက်သန့်စင်ခြင်း ကျင့်စဥ်များကို ရှာရန် စာကြည့်တိုက်သို့သွားပြီး သန့်စင်ခြင်းအကြာင်း သင့်တော်စွာ သင်ယူရန်အတွက် ဖြစ်သည်။ သို့သော် သန့်စင်ခြင်း နည်းစနစ်များကို ရှာဖွေမှုအတွက်က သိပ်တော့ မချောမွေ့ပေ။ စာကြည့်တိုက်ထဲတွင် လက်နက်သန့်စင်ခြင်းအကြောင်း မှတ်တမ်းတင်ထားသည့် စာအုပ်များ ရှိသော်ငြား ပုံစံများစွာ ရှိသည်တော့ မဟုတ်။
ယဲ့ရှောင်သည် အတိတ်တုန်းက ဖတ်ရှုခဲ့ဖူးသည်။ ယခုအချိန်ထိ အံ့ဖွယ်ဝိညာဥ်၏ ရွှေရောင်စာအုပ်က စုစုပေါင်း စာအုပ် ၅အုပ်သာ စုဆောင်းမိသည်။ ထိုပမာဏဖြင့် ပေါင်းစည်းရန် စာအုပ်ပုံစံအချို့ လိုအပ်နေသေးသည်ဟု တွက်ချက်ရသည်။ မွန်းတည့်ချိန်၌ ဒါရိုက်တာ အိုးရန်က မကျေမနပ်ဖြစ်သည့် အမူအယာဖြင့် ပြောလိုက်တော့၏။
” ယဲ့ရှောင် ဒီမနက် မင်းဘာသာမင်း ဘာကြောင့် ထွက်သွားတာလဲ။ လင်းလင်း ပြောတာက သူဘယ်လောက်ပဲရှာရှာ မင်းကို ရှာမတွေ့ဘူးတဲ့ ”
ယဲ့ရှောင်က စာအုပ်ပိတ်လိုက်ပြီး ထူးမခြားနား အမူအယာဖြင့် ပြောလိုက်လေ၏။
” ကျွန်တော် ဒီမနက် သွားတုန်းက မစ္စ ချင်ယွိယန်နဲ့ တွေ့ခဲ့တယ်။ သူကလည်း ဘလိုင်း ဒိတ်ကို လာတာ။ ပြီးတော့ သူနဲ့ ကျွန်တော်က ဒါရိုက်တာရဲ့ တူမလင်းလင်းနဲ့ သူမရဲ့ ဘလိုင်း ဒိတ် လုပ်မယ့်သူက ဟော်တယ်ထဲ ဝင်သွားတာ တွေ့လိုက်တယ်။ မယုံရင် မစ္စ ချင်ကို ခေါ်ပြီး မေးလိုက်လို့ရတယ် ”
အိုးရန်ယွင်ကျုံး၏ ရင့်ရော်သော မျက်နှာက ချက်ချင်းပင် သုန်မှုန်သွားတော့သည်။
” တကယ် ဒီလိုဖြစ်ခဲ့တာလား ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။
” လိမ်စရာ မလိုပါဘူး ”
သူက ယဲ့ရှောင်ကို ဂရုတစိုက် ကြည့်လိုက်သည်။ သူက လိမ်နေပုံ မပေါ်လေရာ သူမ၏ အမူအယာက ပြေလျော့သွားပြီး ယဲ့ရှောင်ကို တောင်းပန်လိုက်တော့သည်။
” ဒီလိုဖြစ်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါ ငါ့အမှားပါ ”
ယဲ့ရှောင်က ခေါင်းခါလိုက်၏။
” ဒါရိုက်တာ ကို့ကိုယ်ကို အပြစ်တင်စရာ မလိုပါဘူး။ ပြောရရင် သူက ဒါရိုက်တာရဲ့ တူမပဲလေ .. ဒါရိုက်တာကိုယ်တိုင် ပျိုးထောင်ထားတာမှ မဟုတ်တာ။ သူ့ရဲ့ နောက်ခံအကြောင်း မသိဘူးဆိုတာ နားလည်နိုင်ပါတယ် ”
” ဘာပဲဖြစ်ဖြစ် ဒါ ငါ့အမှားပဲလေ။ ဒါဆိုရင်ရော ဘယ်လိုလဲ။ ပန်းကဇာတ်ရုံ မနက်စာအတွက် အဖွဲ့၀င်ကတ်တစ်ကတ် ရှိသေးတယ်။ အထဲမှာ ပိုက်ဆံတွေလည်း ရှိသေးတယ်။ ဒါကို မင်းအတွက် လျော်ကြေးအနေနဲ့ သဘောထားလိုက် ”
အိုးရန်ယွင်ကျုံးက ဘာမှထပ်မပြောတော့ပဲ ယဲ့ရှောင်၏ အိတ်ထဲ ကတ်တစ်ကတ် ထိုးထည့်ပေးလိုက်သည်။
ပြီးနောက် သူမ၏ အကြည့်က ယဲ့ရှောင် ဖတ်နေသော စာအုပ်ဆီ ရောက်သွားပြီး ညင်သာစွာ ပြောလိုက်လေ၏။
” မင်းက လက်နက်သန့်စင်ခြင်း နည်းစနစ်ကို ကြည့်နေတာလား ”
” ဟုတ်ကဲ့။ ဒီတစ်လော ကျွန်တော် စိတ်ဝင်စားနေလို့ ”
” လက်နက်သန့်စင်တဲ့ နည်းစနစ်ကို သင်ယူတာကလည်း ကောင်းတာပါပဲ။ မင်းရဲ့ ကျင့်ကြံဆင့်က အတော်နိမ့်နေပြီ အံ့ဖွယ်ဝိညာဥ် မနှိုးထသေးဘူး။ တိုက်ပွဲဝင် နည်းစနစ်တွေကို ကျင့်ကြံတာက မင်းအတွက် မသင့်တော်ဘူး။ ဒါပေမဲ့ လက်နက်သန့်စင်ခြင်း နည်းစနစ်ကို ကျင့်ကြံခဲ့မယ်ဆိုရင် ဒါမှမဟုတ် ဆေးလုံးသန့်စင်ခြင်း နည်းစနစ်တွေ ကုသခြင်း နည်းစနစ်တွေကို ကျင့်ကြံခဲ့မယ်ဆိုရင် နောင်ကြ စာကြည့်တိုက်ကနေ ထွက်သွားရင်တောင် အလုပ်ကိုင် အခွင့်အလမ်းတွေ ရွေးစရာ အများကြီး ပိုရှိလာလိမ့်မယ် ”
အိုးရန်ယွင်ကျုံးက စာအုပ်ကို ကောက်ကိုင်လိုက်သည်။
” ဒီလိုလက်နက်သန့်စင်ခြင်း ကျမ်းလိုမျိုးက သာမန်အဆင့်ပဲ ရှိတယ်။ လက်နက်သန့်စင်ခြင်းက အတော်ကျယ်ပြန့်တယ်။ ဒါပေမဲ့ အဆင့်မြင့် နည်းစနစ်တွေက နေရာအနည်းစုမှာပဲ လေ့ကျင့်လို့ရတယ်။ ငါတို့ စာကြည့်တိုက်ကလည်း စာအုပ် နည်းနည်းလေးပဲ စုထားတာ။ ရှောင်လင် သိုင်းကျောင်းတော်မှာ ရှိတုန်းကဆိုရင် လက်နက်သန့်စင်ခြင်း အဆင့်မြင့်နည်းစနစ်တွေတချို့ကို သေချာပေါက် သင်ယူနိုင်မှာပဲ။ မင်းကို လိမ်နေတာ မဟုတ်ဘူး။ လူသားတွေရဲ့ ကျင့်ကြံဆင့် နည်းစနစ်က ကြယ်တာရာသားရဲတွေရဲ့ အမြုတေကနေ လာတာလေ။ အရင်တုန်းက ရှောင်လင်က အစွမ်းထက်တဲ့ ကြယ်တာရာသားရဲတွေကို အမဲလိုက်ဖို့ ကျွမ်းကျင်သူတွေ ပျိုးထောင်ပြီး အာကာသ စစ်မြေပြင်ထဲ ဝင်ရောက်ခဲ့တာ။ အဲ့ဒီကနေ သူတို့တွေက ကြယ်တာရာ အမြုတေတွေ ရလာပြီး ကျင့်စဥ်တွေကို အများကြီး ဖန်တီးခဲ့တာ ”
” နှစ်ပေါင်းထောင်ချီ ကြာညောင်းပြီးတော့ ရှောင်လင်ရဲ့ လူတွေက တပ်ထဲဝင်ပြီး သူတို့ကိုယ်ပိုင် လွတ်လပ်တဲ့ ကြေးစားအဖွဲ့တွေ ဖွဲ့လိုက်ကြတယ်။ ကြယ်တာရာသားရဲတွေကို ပိုသတ်လာပြီး မရေတွက်နိုင်တဲ့ ကျင့်ကြံတဲ့ နည်းစနစ်တွေလည်း ရလာတယ် ”
” ဒါကြောင့် ငါတို့ စီရင်စု ၉ခုအတွင်းမှာ ရှောင်လင်က လောကကြီးထဲ အကောင်းဆုံး သိုင်းပညာရပ်ဆိုပြီး ဆိုရိုးစကားလည်း ရှိတာလေ။ တကယ်တော့ ဒါကို မင်း တွေးသင့်သေးတယ် ”
ယဲ့ရှောင်က အမူအယာက ယခင်ကနှင့် မခြားပေ။ သူက အနည်းငယ်လေးတောင် မလှုပ်ရှားသွားချေ။
” ကျွန်တော် တက်ကျွမ်းတဲ့အရာ ဘာမှန်းဆိုတာ သိတယ်။ ဒါကြောင့် ကျွန်တော့်ကိုကျွန်တော် ရှက်နေဖို့ မလိုဘူး ”
ရှောင်လင်သိုင်းကျောင်းတော်က မည်မျှ ကောင်းစေကာမူ ကျောင်းတက်ရန်အတွက် စည်းမျဥ်းများစွာ ရှိနေသေးသည်။ စာကြည့်တိုက်ထဲကကဲ့သို့ မည်ကဲ့သို့ လွတ်လပ်မည်နည်း။ သူ့၌ ဘာမှလုပ်စရာမရှိ။ သူ့တွင် ပိုက်ဆံရှိသည်။ ထိုထက် ပိုလှပသည့် အလုပ်ရှိသေးသည်လော။ ထို့အပြင် သင်ယူရန်အတွက် အဆင့်တူ ကျင့်စဥ်များကိုသာ ရှာဖွေရန် လိုအပ်သည်။
နက်နဲသိမ်မွေ့သော ကျင့်စဥ်များကို ရှာဖွေရန် မလိုအပ်ချေ။ ယခင်က ဖာ့ကျန်းသည် သူ့ကို ရွှေရောင်သံချပ်ကာ ပေးခဲ့၏။ ရွှေရောင်စာအုပ်က ၄င်းကို မှတ်တမ်းတင်ပြီးနောက် သူသည် ၄င်း၏ အခြေခံဗျူဟာများကိုသာ သန့်စင်ခဲ့သည်။ သူ၏ ခွန်အားကို ယင်းက မသက်ရောက်သရွေ့ မည်သည့်နေရာသို့ သွားစေကာမူ တူညီနေမှာပဲ ဖြစ်သည်။ အိုးရန်ယွင်ကျုံးက သက်ပြင်းအနည်းငယ် ချလိုက်၏။ သူမက ယဲ့ရှောင်အတွက် စိတ်မကောင်း ဖြစ်မိသည်။ သာမန် လူတစ်ဦးအဖို့ ချူစီရင်စုထဲရှိ ရှောင်လင်သိုင်းကျောင်းတော်သို့ ဝင်ရောက်ဖို့က မလွယ်ကူချေ။ ထိုသို့တိုင် ယဲ့ရှောင်က ဤကဲ့သို့ အခွင့်အရေးကောင်းတစ်ခုကို ဖြုန်းတီးခဲ့သည်။
ဒါဆို ကောင်းပါပြီလေ။ ငါ စိတ်ကောင်းဖြစ်မိတယ်။ ဒါပေမဲ့ မတတ်နိုင်ပဲ သူ့ကို ဖြောင်းဖြရတာပေါ့။
” ဒီရင်ဆိုရင်ရော ရှောင်လင်ကို မသွားချင်ဘူးဆိုမှတော့ စာကြည့်တိုက် အပေါ်ထပ်ကို တက်ပြီး တစ်ချက်သွားကြည့်ကြည့်။ ပိုကောင်းတဲ့ လက်နက်သန့်စင်ခြင်း နည်းစနစ်တွေလည်း ရှိတယ် ”
ယဲ့ရှောင်က အနည်းငယ် မင်သက်သွားသည်။ သူက အိုးရန်ယွင်ကျုံးကို ကြည့်လာသောအခါ အိုးရန်ယွင်ကျုံးက ပြောလိုက်၏။
” ငါ့ကို ဒီလိုကြည့်ဖို့ မလိုဘူး။ မင်းရဲ့ ခွန်အားက အပေါ်ထပ်ကို တက်သွားဖို့ မလုံလောက်ပေမဲ့ ငါ ခွင့်ပြုတယ်။ စာကြည့်တိုက်ထဲမှာ မင်းကို လုပ်သက်ရင့်တစ်ယောက်ဖြစ်ဖို့ ဘယ်သူက ပြောလို့တုန်း။ ဒါ့အပြင် မင်းနဲ့ မိတ်ဆက်ပေးခဲ့တဲ့ လက်တွဲဖော်က ဒီလို အဆုံးသတ်သွားတဲ့အတွက်လည်း ငါ အတော် အရှက်မိတယ် ”
” ဒါဆို ကျေးဇူးတင်ပါတယ်။ ဒါရိုက်တာ ”
ယဲ့ရှောင်က အားနာမနေတော့ချေ။ သူက အပေါ်ထပ်ရှိ ကျင့်ကြံခြင်း နည်းစနစ်များ သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ဂရုမစိုက်ပေ။ ကျင့်စဥ်များ၏ မူလဇစ်မြစ်၏ ရှိမှုကိုသာ ဂရုစိုက်တာပဲ ဖြစ်သည်။ သူ လက်ရှိ ကျင့်ကြံနေသော ကျင့်စဥ်အချို့နှင့် ကွဲပြားပေလိမ့်မည်။
ယခုအချိန်တွင် သူက လက်နက်သန့်စင်ခြင်း ကျင့်စဥ်အချို့ကို သင်ယူနိုင်ပြီးနောက် အစွမ်းထက်သော ကျင့်ကြံခြင်း နည်းစနစ်အဖြစ် ပြောင်းလဲနိုင်မှာပဲ ဖြစ်သည်။
အိုးရန်ယွင်ကျုံးက ပြုံးလိုက်၏။
” အဆင်ပြေတယ်။ သွားတော့လေ။ ဒါပေမဲ့ နေ့လယ်စာစားဖို့ မမေ့နဲ့ဦး။ မနားပဲ စာဖတ်နေတာက မင်းရဲ့ ခန္ဓာကိုယ်အတွက် မကောင်းဘူး ”
” သိပါပြီ ”
ယဲ့ရှောင်က ပြန်ပြောပြီးနောက် စာရင်းကို ယူလိုက်သည်။ ပြီးနောက် စာကြည့်တိုက် စတုတ္ထအလွှာသို့ မြန်မြန်ဆန်ဆန် တက်သွားတော့၏။
အပိုင်း ၉၀ ပြီး၏။