စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၆။ နောက်ဆုံးသော ခန္ဓာသန့်စင်ခြင်းကျင့်စဥ်။
အရိပ်မြွေက အလွန်ပါးနပ်သည်။ လွန်ခဲ့သည့်နှစ်ပေါင်းများစွာ၌ သေခြင်းတရားနှင့် ကြုံတွေ့ရချိန် ၄င်းက ဖာ့ကျန်း၏ ခန္ဓာကိုယ်ထဲတွင် သူ၏ ဝိညာဥ်ကို ဝှက်ထားခဲ့သည်။ ဖာ့ကျန်းကို အသုံးပြုပြီး ပိုမိုသန်မာလာအောင် နေထိုင်ကာ နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ်ကို အပိုင်စီးခဲ့သည်။ လူသားချီရှန်းတစ်ဦး၏ ခန္ဓာကိုယ်ကို သက်ရောက်နိုင်ခဲ့သည်။
ယခုအချိန်တွင် အမည်မသိ ခွန်အားရှိနေသည့် တည်ရှိမှုမျိုးနှင့် ကြုံတွေ့ရသည့်အချိန်၌ တွေဝေမနေပဲ ထွက်ပြေးရန် ရွေးချယ်ခဲ့သည်။ သို့သော် ပြေးနိုင်မည်လား ဟူသော မေးခွန်းကို မတွေးမိလောက်ပေ။
ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသောဆန်းကြယ်မှုကို ထုတ်ဖော်လိုက်စဥ် သူက ၄င်းကို အပြည့်အဝ ပိတ်ထားပြီးသား ဖြစ်၏။ ထွက်ပြေးတော့မည့်အချိန်တွင် ယဲ့ရှောင်၏ တိုက်ခိုက်မှုကလည်း ချက်ချင်းရောက်လာသည်။
ဖုန်း။
ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုသည် အရိပ်မြွေ၏ ဝိညာဥ်ကို လျှပ်စီးပမာ အညှာအတာမဲ့စွာ ချေမှုန်းသွားခဲ့သည်။ ချက်ချင်းပင် ၄င်းက အရိပ်မြွေ၏ ဝိညာဥ်ကို အပိုင်းပိုင်းအစစ လွှင့်ထွက်သွားစေ၏။
မူလက ဖိနှိပ့်ခံနေရသော ဖာ့ကျန်း၏ ဝိညာဥ်သည် ချက်ချင်းတုံ့ပြန်လာပြီး အခွင့်အရေးကို ယူကာ အရိပ်မြွေ၏ ဝိညာဥ်အပိုင်းအစကို သူ၏ ခန္ဓာကိုယ်ထဲမှ တွန်းထုတ်လိုက်သည်။
ချက်ချင်းပင် ဖာ့ကျန်း၏ ခန္ဓာကိုယ်က ကြည်လင်နေသည့် ရွှေရောင်အလင်းက ဖြာထွက်လာပြီး တစ်ခန်းလုံး လင်းသွားတော့သည်။
ယဲ့ရှောင်က အကြောဆန့်လိုက်ကာ သူ့ကိုသူ စောင်ဖြင့် ခြုံလိုက်ပြီး အိပ်စက်လိုက်တော့သည်။ မကြာမီ၌ ဖာ့ကျန်းက မျက်လုံးဖြည်းဖြည်းချင်း ဖွင့်လိုက်တော့သည်။
သု့မျက်ဝန်းထဲရှိ ကြင်နာမှုက မူလအခြေအနေသို့ ပြန်လည် ရောက်ရှိလာပြီး မှုန်မှိုင်းမှုများအားလုံး ပျောက်ကွယ်သွားတော့၏။
ထိုတင်မက မျက်လုံးထဲတွင် ဆုံးဖြတ်ချက် ပြတ်သားသည့် အရိပ်ယောင်လည်း ရှိနေသည်။ ယခုအချိန်တွင် သူ့စိတ်ထဲရှိ သိုင်းဆန္ဒက ထပ်မံ တည်ငြိမ်သွားလေ၏။ သူ့ဘေးရှိ အိပ်ယာကိုကြည့်ပြီး ယဲ့ရှောင်နဲ့ ဟွမ်လျိုလီတို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသောအခါ ဖာ့ကျန်းက အသက်ရှူထုတ်လိုက်သည်။ သူက ပြုံးပြီးနောက် ဗုဒ္ဓ၏ နာမည်ကို ရွတ်လိုက်၏။
အောမိတောဖော။
ပြီးနောက် သူ ဆက်လက်ပြီး တရားဆက်ထိုင်တော့သည်။
ညတာက လျင်မြန်စွာ ကုန်ဆုံးသွား၏။ နောက်နေ့တွင် နှစ်ယောက်သားက အရသာရှိသော နံနက်စာကို စားပြီး နတ်ဆိုးများနှင့် မိစ္ဆာများ သတ်ဖြတ်သည့် အလုပ်ကို စတင်လိုက်သည်။ ထိုလုပ်ရပ်က ၁၀ရက်အပြည့် ကြာညောင်းခဲ့၏။ ၁၀ရက်ကြာပြီးနောက် နှစ်ယောက်သားက စာကြည့်တိုက်သို့ ပြန်ခဲ့တော့သည်။ ဒါရိုက်တာ အိုးရန်ယွင်ကျုံး ကိုယ်တိုင် ပင်မဝင်ပေါက်၌ သူတို့ကို ဆီးကြိုနေ၏။
” ဆရာ ဖာ့ကျန်း ဒီရက်တွေမှာ ခက်ခဲခဲ့မှာပဲ ”
ဖာ့ကျန်းက လက်မြှောက်ပြီးနောက် အရိုအသေပေးကာ ပြုံးလိုက်တော့၏။
” အောမိတောဖော ။ စာကြည့်တိုက်မှူး အားနာလွန်းနေပါပြီ။ ဒီရဟန်းအိုက ကုန်လွန်ခဲ့တဲ့ ၁၀ရက်အတွင်း အတော်လေး အသိပညာတွေ ရလိုက်ပါတယ် ”
” မြို့တော်ဝန်နဲ့ အဖွဲ့ခေါင်းဆောင် နန်ကုန်းတို့ ကျန်းဟိုင်မြို့ ဟော်တယ်မှာ စားသောက်ပွဲတစ်ခု စီစဥ်ပေးပြီးပါပြီ ”
” အောမိတောဖော။ မြို့တော်ဝန်ရဲ့ ကြင်နာမှုကို အသိအမှတ်ပြုပါတယ်။ ဒါပေမဲ့ ဒီရဟန်းအိုက နောက်တစ်မြို့ကို အမြန်သွားရဦးမယ်။ သူတို့ကို မတွေ့နိုင်တာအတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေး
ပါ ”
ဖာ့ကျန်းသည် သာမန်လူ မဟုတ်မှန်း သိ၏။ ထို့ကြောင့် သူ့ကို ဖြောင်းဖြရန် မကြိုးစားတော့ပေ။ ထိုအစား ပြုံးပြီး ပြောလိုက်လေ၏။
” ဒီလိုဆိုမှတော့ ဘေးကင်းတဲ့ ခရီးစဥ်ဖြစ်ပါစေ။ ဆရာတော် ”
ဖာ့ကျန်းက ခေါင်းညိတ်ပြီးနောက် ယဲ့ရှောင်ကို ချက်ချင်း ကြည့်လိုက်သည်။ ပြီးနောက် သူ၏ အင်္ကျီလက်ထဲမှာ လက်ရေးဖြင့်ရေးသားထားသော ကျင့်စဥ်ကို ထုတ်လိုက်လေ၏။
” မစ္စတာ ယဲ့ ဒီရက်တွေမှာ ဒီဘုန်းကြီးအိုနဲ့ လမ်းကို ဦးဆောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ လမ်းမခွဲခင် ဒီဘုန်းကြီးအိုမှာ ထိုက်ထိုက်တန်တန် ပေးစရာ ဘာလက်ဆောင်မှ မရှိဘူး။ ဒါကြောင့် ရှောင်လင်ရဲ့ ခန္ဓာသန့်စင်ခြင်းကျင့်စဥ်ကို ကူးထားတဲ့ ရွှေသံချပ်ကာကိုပဲ ပေးနိုင်တယ် ”
ယဲ့ရှောင်က ကျင့်စဥ်ကို လက်ခံလိုက်သည်။
” ဒါဆို ကျွန်တော် အားမနာတော့ပါဘူး ဆရာ
တော် ”
” မစ္စတာ ယဲ့ ဒီရဟန်းအိုမှာ တူညီတဲ့ စကားတွေ ရှိသေးတယ်။ မင်းရဲ့ စိတ်နေစိတ်ထားက မဆိုးဘူး။ မင်းက ဗုဒ္ဓနဲ့ ရေစက်ပါတယ်။ နောင်ကြ အခွင့်အရေးရှိလာခဲ့ရင် ရှောင်လင် သိုင်းကျောင်းတော်ကို သွားပြီး ကြိုးစားကြည့်သင့်သေးတယ် ”
ယဲ့ရှောင်က ပြုံးပြီး ပြောလိုက်၏။
” သိုင်းပညာရပ်တွေကို ကျင့်ကြံပြီး အသုံးဝင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ ရှောင်လင် သိုင်းကျောင်းတော်ကို သွားမယ်ဆိုရင် ဒါက စိတ်အခြေအနေ ဆုံးရှုံးသွားတာပဲ မဟုတ်ဘူးလား ”
ဖာ့ကျန်းက ထိတ်လန့်အံ့အားသင့်သွားပြီးနောက် ပြုံးကာ ခေါင်းညိတ်လိုက်တော့သည်။
” ကို့ကိုယ်ကို အရူးလုပ်မိလိမ့်မယ်လို့ ဒီရဟန်းအိုက မထင်ထားဘူး။ တောင်က မြင့်မားပြီး လမ်းက ရှည်တယ်။ ကောင်းကင်က မြင့်ပြီး ရေက ရှည်တယ်။ ဒီနေရာမှာပဲ လမ်းခွဲသင့်ပြီ။ နောင်ကြ ထပ်တွေ့ကြတာပေါ့ ”
” နောင်ကြ ထပ်တွေ့မယ် ”
နှစ်ယောက်သားက နှုတ်ဆက်လိုက်သည်။ ယဲ့ရှောင်နှင့် အိုးရန်ယွင်ကျုံးက ဖာ့ကန်း ထွက်သွားချိန်တွင် သူ့နောက်ကျောကို ကြည့်နေသည်။ နေဝင်ချိန်တွင် ဖာ့ကျန်း၏ အရိပ်က ဆန့်ထွက်နေသည်။
သူသည် အထီးကျန်သော ဘုန်းကြီးတစ်ပါးပမာ ဖြစ်နေသည်။ သူက လူအုပ်ကြီးထဲတွင် သမုဒ္ဒရာထဲရှိ ရေစက်တစ်စက်ပမာ သူ့ကိုသူ မထုတ်ဖော်ပေ။ သို့သော် သူ့ပုံရိပ်ကို တစ်ချက်ကြည့်ရုံဖြင့် ဆုံးဖြတ်ချက် ပြတ်သားမှု ဇွဲလုံ့လဝီရိယရှိမှုတို့ကြောင့် သက်ရောက်ခံရရန် လုံလောက်သည်။ သူ၏ ရင်ထဲ မည်မျှ လှုပ်ဆော်ခံရစေကာမူ သူက စိတ်တည်ငြိမ်နေသေးသည်။
” မင်းနဲ့ ဆရာ ဖာ့ကျန်းက အဆင်ပြေတဲ့ပုံပဲ ”
ဖာ့ကျန်း အဝေးသို့ ထွက်သွားချိန် အိုးရန်ယွင်ကျုံးက ပြုံးပြီး ပြောလိုက်၏။
” မဆိုးပါဘူး ”
” ရှောင်လင် သိုင်းကျောင်းတော်ထဲမှာ ဆရာ ဖာ့ကျန်းရဲ့ ရာထူးက အလွန်ကောင်းတယ်။ မင်းက ဗုဒ္ဓဘာသာဝင် အမြဲတမ်းဖြစ်နေပြီး ဘာကိုမှ မတိုက်ခိုက်ရဘူးဆိုပေမဲ့ တစ်ခါတစ်လေမှာ တချို့အရာတွေအတွက် တိုက်ခိုက်ရသေးတာပဲ။ အခွင့်ကြုံလို့ တွေ့ကြုံရတဲ့ အခွင့်အလမ်းတစ်ချို့ ရှိတယ်။ ဒါပေမဲ့ တစ်ကြိမ်လွှဲချော်ပြီးပြီဆိုတာနဲ့ မင်းရဲ့ဘဝမှာ ထပ်မရနိုင်တော့ဘူး ”
အိုးရန်ယွင်ကျုံးကလည်း ယဲ့ရှောင်ကို ဖြောင်းဖြရန် ကြိုးစားနေတာ သိသာ၏။
ရှောင်လင် သိုင်းကျောင်းတော်က ချူစီရင်စုထဲတွင် ဖြစ်သည်။ ယင်းက ထိပ်တန်း ကျောင်းတော်များထဲမှ တစ်ကျောင်းလည်း ဖြစ်ပေ၏။
ဖာ့ကျန်းသည် ဝါရင့် ပါမောက္ခတစ်ဦး ဖြစ်၏။ သူ၏ အာရုံစိုက်မှုနှင့် ထောက်ပံ့မှုကို ရရှိသောအခါ ယဲ့ရှောင်၌ တောက်ပသည့် အနာဂတ် မရှိနိုင်လောက်သော်ငြား သူသည် ယခုထက်အဆတစ်ရာ ပိုသန်မာလာမှာ သေချာ၏။
သို့သော် ယဲ့ရှောင်က မလှုပ်ရှားပေ။ သူက ကားသော့နှင့် သူ့လက်ထဲရှိ ဘဏ်ကတ်ကို ဒါရိုက်တာ အိုးရန်အား ပြန်ပေးလိုက်၏။
” ကျော်ကြားမှုနဲ့ ဥစ္စာဓနအတွက် တိုက်ခိုက်ရတာ ပင်ပန်းစရာ ကောင်းလွန်းတယ် ။ ကျွန်တော်က စာကြည့်တိုက်မှူးလေးသာသာပါပဲ ”
ဒါရိုက်တာ အိုးရန်က ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်၏။
ယဲ့ရှောင်သည် အဘက်ဘက်၌ တော်သော်ငြား စိတ်နေစိတ်ထားက အေးအေးဆေးဆေးဖြစ်လွန်းသည်။ သူက တစ်နေ့လုံး စာကြည့်တိုက်ထဲတွင် စာဖတ်နေပြီး မည်သည့်စိတ်ဆန္ဒ ရည်မှန်းချက်မှ မရှိပေ။ ဤအတိုင်း ဆက်ဖြစ်သွားနေလျှင် ဤကလေးသည် တစ်ဘဝလုံး တစ်ကိုယ်တည်း နေထိုင်သွားရနိုင်ပြီး လက်ကျန်ဘဝကို တစ်ယောက်တည်း ဖြတ်သန်းရနိုင်၏။
ဒီကလေးရဲ့ ကိုယ်ရေးအကျဥ်းထဲမှာ သူ့ရဲ့ မိဘတွေက စစ်မြေပြင်ထဲမှာ သေသွားတယ်။ သူရဲကောင်းတွေလို့ မှတ်တမ်းတင်ထားတာ ဖြစ်ရမယ်မလား။ သူ့တစ်ယောက်တည်းအတွက် နေရတာ ခက်ခဲနေပါပြီ။ ဒါကို ပြောတော့မှ လွန်ခဲ့တဲ့ ၂ရက်တုန်းက သူ့ညီမလေးနဲ့ တစ်စုံတစ်ယောက်ကို မိတ်ဆက်ပေးဖို့ ငါ့အစ်မက ပြောနေတာ။ ဘာကြောင့် ယဲ့ရှောင်ကို မတွေ့ခိုင်းရမှာလဲ။
တစ်ဖက်တွင် ကျန်းဟိုင်မြို့လယ်ရှိ မြေအောက် မိလ္လာပိုက်တွင် အနက်ရောင် အရိပ်အချို့က စုဝေးနေလေ၏။
” ရှာတွေ့ပြီ။ အဲ့ဒီရှောင်လင်ရဲ့ မြေးကတုံးကြီးက အိမ်နီးချင်းမြို့ကို သွားပြီ ”
” သေစမ်း။ နောက်ဆုံးတော့ သွားပြီ။ ဒီရက်အတွင်း ငါက ရင်တမမ ဖြစ်နေရတာ။ အိပ်တောင် မအိပ်ရဲဘူး။ အဖမ်းခံရမှာ ကြောက်လို့လေ ”
” ကြယ် ၇လုံး တန်းတဲ့ အချိန်မတိုင်ခင် လူသားတွေက ရှင်းလင်းတဲ့ စစ်ဆင်ရေး လုပ်နေကျပဲ။ ဒီတစ်ခေါက် ကျန်ဟိုင်မြို့ထဲက ငါတို့ညီအစ်ကိုတွေ အားလုံးနီးပါး အသတ်ခံလိုက်ရတယ်။ ဒီအကြွေးကို ဒီတိုင်းထားလိုက်လို့ မရဘူး ”
” ဟုတ်တယ်။ လူသားတွေကို သွေးနဲ့ ပြန်ပေးဆပ်ခိုင်းမယ်။ ဒါပေမဲ့ ကြယ် ၇လုံး တန်းတဲ့နေ့က မရောက်သေးဘူး။ ငါတို့ရဲ့ ခွန်အားတွေက အထွတ်အထိပ်ထိ မရောက်သေးဘူးလေ။ အချိန်အတိုင်းအတာတစ်ခုထိတော့ လူသားတွေကို ကြီးကြီးမားမား ဆန့်ကျင်ဖို့ ငါတို့အတွက် သင့်တော်ဦးမှာ မဟုတ်ဘူး ”
” ဒီလိုဆိုပေမဲ့ တချို့အတိုးတွေကိုတော့ အရင်ဆုံး စုဆောင်းလို့ ရသေးတယ်လေ။ ရှောင်လင်က မြေးကတုံးကြီးအတွက် ဒီတစ်ခေါက် လမ်းကို ဦးဆောင်ပေးတဲ့ ကျန်းဟိုင်မြို့က လွှတ်လိုက်တဲ့ ကောင်က ဟို့ထျန်းဒုတိယအဆင့် သိုင်းပညာရှင်လေ။ သူနဲ့ အရင် စလိုက်ရအောင်။ ကောင်းကင်ဘုံက ငါတို့သေလွန်သွားတဲ့ ညီအစ်ကိုတွေရဲ့ ဝိညာဥ်ကို ဂုဏ်ပြုရမယ် ”
” အကြံကောင်းပဲ။ သူ့ကို အပိုင်းပိုင်းဖြတ်ပြီး အရှင်လတ်လတ် စားချင်တယ် ”
” သူ့ရဲ့ အရွတ်ကြောတွေကို ဆွဲထုတ်ပြီး အရေခွံခွာပစ်မယ်။ ပြီးရင် အသားစွပ်ပြုတ် ချက်ပစ်မယ် ”
” သူအသက်မရှင်တော့ပဲ သေချင်စိတ်ပေါက်ပြီးတစ်သတ်လုံး လက်ပါးစေ ဖြစ်ရတာအတွက် နောင်တရအောင် လုပ်ပစ်မယ် ”
ယဲ့ရှောင်ကမူ သူ ပစ်မှတ်ထားခံနေရမှန်း မသိပေ။ အိမ်ပြန်ရောက်ပြီး ရွှေရောင်သံချပ်ကာ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို စတင်ဖတ်ရှုလိုက်၏။ ရွှေရောင်သံချပ်ကာ ကျင့်စဥ်ကို လက်ခံရရှိသည့်အချိန်၌ သူ့ခန္ဓာကိုယ်ထဲရှိ ရွှေရောင် စာအုပ်က လျင်မြန်စွာ ခုန်ပေါက်နေတော့သည်။ ရွှေရောင်သံချပ်ကာ ကျင့်စဥ်က သူရှာဖွေနေသည့် နောက်ဆုံးသော အခြေခံခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ဖြစ်ပြီး ရှာမတွေ့သေးသည့်အရာဆိုတာ အလွန်သိသာ၏။ ထိုကျင့်စဥ်ကို ကျင့်ကြံပြီးနောက် သူသည် ထိပ်တန်းအဆင့် ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်တစ်ခုကို ပေါင်းစည်းနိုင်မှာပဲ ဖြစ်၏။
ငါ ဘယ်လိုအစွမ်းထက်တဲ့ ခန္ဓာသန့်စင်ခြင်း ကျင့်စဥ်ကို ရမလဲဆိုတာ သိချင်မိတယ်။
အပိုင်း ၈၆ ပြီး၏။