စာကြည့်တိုက် တာအိုသခင်
အပိုင်း ၈၂။ မကောင်းဆိုးဝါး နှင်ခြင်း။
” ကျွန်တော် နားလည်ပါပြီ ”
ယဲ့ရှောင်က ခေါင်းညိတ်ပြီးနောက် ထိုကိစ္စကို သဘောတူလိုက်သည်။ အစက သူ သဘောမတူချင်ပေ။ သို့သော် ဂရုတစိုက် စဥ်းစားမိပြီး တစ်ချိန်လုံး စာဖတ်ခြင်းက အမြင်အာရုံအတွက် မကောင်းပေ။ တစ်ခါတစ်ရံတွင် သူ အပြင်ထွက်လည်ပြီး အနားယူသင့်၏။ ထို့အပြင် အပြင်ဘက်တွင်လည်း စာအုပ်များကို ဖက်ရှုနိုင်သေးသည် မဟုတ်ပါလော။
နဥ်ယွိဟန်ကို ခန္ဓာသန့်စင်ခြင်းနှင့် သက်ဆိုင်သည့် စာအုပ်များ စာကြည့်တိုက်ခန်းထဲသို့ နေ့စဥ်နေ့တိုင်း ရွှေ့ပေးရန် အကူအညီ တောင်းနိုင်သရွေ့ အဆင်ပြေပေလိမ့်မည်။ ၄င်းကို ဖတ်ရန် အချိန်ရခဲ့လျှင် ယင်းက သူ အနားယူမှုကို ထိခိုက်မှာ မဟုတ်သလို စာဖတ်ခြင်းကိုလည်း ထိခိုက်စေမှာ မဟုတ်ပေ။
ဒါရိုက်တာက ဆရာဖာ့ကျန်းနှင့် စကားအနည်းငယ်ပြောပြီးနောက် သူတို့ ထွက်လာတော့သည်။
ယူနီစပယ် အစိုးရက အော်ဒီအင် စစ်ကားတစ်စီး ပေးထားလေသည်။
ယဲ့ရှောင်သည် မည်ကဲ့သို့ ကားမောင်းရမည်မှန်း မသိပေ။ သို့သော် ကားမောင်းရန်အတွက် သူ လုပ်ဖော်ကိုင်ဖက်များ၏ စိတ်ထဲမှာ ခုနှစ်စင်ကြယ်၏ ခမ်းနားသော ကျင့်ကြံမှုကို အသုံးပြုခြင်းကနေ သူ့ကို မကာကွယ်နိုင်ပေ။ ကားမောင်းရန် စွမ်းရည်ကို ရရှိခြင်းက အလွန်လွယ်ကူပြီး အဆင်ပြေ၏။
ပြီးနောက် ဟွမ်လျိုလီကို ခေါ်ကာ ကားထဲသို့ ဝင်သွားလိုက်သည်။
” ဆရာ ဖာ့ကျန်း .. ကျွန်တော် ကြယ်တာရာ အိမ်မွေးတိရစ္ဆာန်လေးကို ခေါ်လာရင် စိတ်မရှိဘူးမလား ”
ဆရာ ဖာ့ကျန်းက ခေါင်းအနည်းငယ် ခါလိုက်လေ၏။
” ပူပန်စရာ မရှိ ”
” ကျေးဇူးပါပဲ ”
ဖာ့ကျန်းက ဘာမှမပြောသော်ငြား ယဲ့ရှောင်၏ ပုခုံးပေါ်ရှိ ဟွမ်လျိုလီကို ကြည့်ချိန်၌ သူက မျက်ခုံးအနည်းငယ် ပင့်မိသွားသည်။
ထိုကြောင်သည် သာမန်ကြောင်တစ်ကောင် ဟုတ်မနေဟူသော ရှုပ်ထွေးသည့် ခံစားချက်မျိုး ရှိနေလေသည်။ အမှန်တကယ်တွင် သူတို့ ချီရှန်းအဆင့်သို့ ရောက်သည့်အချိန်၌ အရှိန်အဝါကို ဖုံးကွယ်ထားနိုင်စွမ်း ရှိသော်ငြား တစ်ဆင့်ပိုမြင့်သည့် တစ်ယောက်ကို မြင်တွေ့ရသည့်အချိန်တိုင်းတွင် အနည်းငယ် ထူးဆန်းမှုကို ခံစားရနေသေးဆဲ ဖြစ်သည်။ ဆိုရလျှင် လူတစ်ယောက်၏ အဆင့်ကို ဖိနှိပ့်ထားနိုင်ခြင်းက ထာဝရဖြစ်ပြီး မပြောင်းလဲသည့် ဥပဒေပင် ဖြစ်သည်။
ကံဆိုးသည်မှာ သူ့ဘေးတွင် ယဲ့ရှောင် ရှိနေခြင်းကြောင့်သာ မဟုတ်လျှင် သူက သဲလွန်စအချို့ကို သတိပြုမိလောက်မည်။ သို့သော် ဘေးတွင် ယဲ့ရှောင် ရှိနေသောကြောင့် ဟွမ်လျိုလီအကြောင်း ထူးထူးခြားခြား မမြင်နိုင်တော့ချေ။
ယင်းက သူသည် ယဲ့ရှောင်ကို ဟို့ထျန်းဒုတိယအဆင့် သိုင်းပညာရှင်တစ်ဦးအနေဖြင့်သာ မြင်တွေ့နေသောကြောင့် ဖြစ်သည်။ ထိုကဲ့သို့ သိုင်းပညာရှင်တစ်ဦးက ထိပ်တန်းအဆင့် ကြယ်တာရာအိမ်မွေးတစ်ကောင်ကို သေချာပေါက် ယဥ်ပါးအောင် မလုပ်နိုင်လောက်ပေ။ ထို့ကြောင့် မျက်ခုံး အနည်းငယ် ပင့်ပြီးနောက် ဖာ့ကျန်းသည် ဘာမှ ထပ်အာရုံမစိုက်တော့ပေ။
” ကျွန်တော်တို့ ဘယ်သွားမလဲ ”
” ဘယ်ပဲဖြစ်ဖြစ်။ အချိန်ကျတဲ့အခါ ငါ ကိုယ်တော်က ဒကာ့ကို အကြောင်းကြားမယ် ”
ယဲ့ရှောင်က ဘာမှထပ်မပြောတော့ပေ။ သူက ကားစမောင်းပြီး ကျန်းဟိုင်မြို့၏ အနီးနားတစ်ဝိုက် မောင်းနှင်လိုက်သည်။
ဖာ့ကျန်းက နောက်ခုံတွင် ထိုင်နေသည်။ သူက ရွှေရောင်ဗုဒ္ဓကို ထုတ်ယူလျက် အနီရောင် အဝတ်စကို ဖယ်ချလိုက်ပြီး ၄င်းကို ရှေ့တန်းရှိ သေတ္တာပေါ် တရိုတသေ ထားလိုက်သည်။
ရွှေရောင်ဗုဒ္ဓက တည်ငြိမ်နေသည့် အပ်တစ်စင်းပမာပင်။ ယင်းက သိုလှောင်သေတ္တာထဲ၌ တင်ပလ္လင်ခွေချိတ်ထားလျက် မလှုပ်တော့ပေ။
ပြီးနောက် ဖာ့ကျန်းသည် ကားတံခါးကို မှီနေလိုက်၏။ ကျန်းဟိုင်မြို့ထဲရှိ အဆောက်အဦးများကို ကြည့်နေစဥ် မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ
ပြည့်နေတော့၏။
လူသားတစ်ယောက် ကြောင်တစ်ကောင်နှင့် ဘုန်းကြီးတစ်ပါးတို့သည် ကားထဲတွင် တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေလျက် နေ့ဝက်ခန့် ထိုင်နေခဲ့ကြသည်။
ဂက်စ် ကုန်သွားပြီ။ ဂက်စ်ဆိုင်သို့ ဂက်စ် သွားဖြည့်သည့်အချိန်၌ ဖာ့ကျန်းက နောက်ဆုံးတွင် ပြောနေသည်။
” နေ့ဝက်လောက် မောင်းပြီးပြီဆိုတော့ ဒကာ ဗိုက်ဆာနေလောက်ပြီမလား။ သွားစားကြမယ် ”
ယဲ့ရှောင်က ခေါင်းညိတ်လိုက်၏။ ယင်းက သူ့စိတ်ထဲရှိသည့်အရာ ဖြစ်သည်။
ဂက်စ်ဖြည့်ပြီးနောက် သူသည် ဖာ့ကျန်းကို သူအစောတည်းက စမ်းကြည့်ချင်နေသည့် အဆင့်
မြင့် ကိုယ်ပိုင်စားသောက်ဆိုင်ဆီ ခေါ်လာခဲ့သည်။ သူက ပါးစပ်ဟလျက် အသည်းခိုက်ဖွယ် ဟင်းလျာအချို့ကို မှာကြားခဲ့သည်။
ဝက်နံရိုး ချိုချဥ်၊ အဝါရောင် ငါးပုတ်သင်နပ်၊ အမဲသားကင်၊ ကျင်းတု ဘဲသားကင်၊
မှတ်သားပြီးနောက် သူက ရုတ်တရက် ပြောလိုက်သည်။
” အား ..။ ဆရာက ဗုဒ္ဓဘာသာပဲ အသားစားနိုင်မှာ မဟုတ်ဘူး ”
ဖာ့ကျန်းက ပြုံးပြီးနောက် သူ့ကို မငြင်းပေ။
” အဆင်ပြေတယ်။ ရှောင်လင်မှာ ဒါတွေကို တားမြစ်ထားတာ မရှိဘူး ”
” ဒါဆို ဒီအတိုင်း မှာလိုက်မယ် ”
ဖာ့ကျန်းက ခေါင်းညိတ်ပြီးနောက် ချက်ချင်းပင် ပြတင်းပေါက်ဘေးရှိ စားပွဲတွင် ထိုင်လိုက်သည်။ ယဲ့ရှောင်က ကတ်ဖြတ်ပြီး လိုက်လာလေ၏။ ဖာ့ကျန်းက ပြတင်းပေါက် အပြင်ဘက်ကို ကြည့်လျက် သက်ပြင်းမချပဲ မနေနိုင်တော့ချေ။
” ကျန်းဟိုင်မြို့ထဲက ပြောင်းလဲမှုက တကယ်ကြီးမားတာပဲ။ ဆင်းရဲတဲ့ ကိုယ်တော်က လွန်ခဲ့တဲ့ အနှစ် ၆၀တုန်းက မှတ်မိပါသေးတယ်။ ကျန်းဟိုင်မြို့ကနေ ထွက်သွားပြီး သိုင်းပညာ သင်ယူဖို့ ရှောင်လင်ကို သွားတဲ့အချိန် ကျန်းဟိုင်မြို့ရဲ့ ဗိသုကာလက်ရာတွေက အခုလောက်ထိ မကြွယ်ဝသေးဘူး ”
” ဆရာတော်က ကျန်းဟိုင်မြို့ကလား ”
” အမှန်ပဲ။ ကျန်းဟိုင်မြို့သား ”
ထိုနှစ်က ဆင်းရဲနွမ်းပါးသော ကိုယ်တော်သည် ကျန်းဟိုင် သိုင်းကျောင်းတော်၏ အလယ်တန်း ကျောင်းဌာနကို ဝင်ရောက်ခဲ့၏။ မွဲတေသော ကိုယ်တော်၌ ထိုးနှက်သည့် ကျင့်စဥ်၌ တော်နေလေရာ စီရင်စု ၉ခုထဲရှိ လူငယ်များအတွက် အထူးဆုအချို့ အနိုင်ရခဲ့ပြီး ချူစီရင်စုထဲရှိ ရှောင်လင်သိုင်းကျောင်းတော်က ရွေးချယ်ခြင်း ခံခဲ့ရကာ ပျိုးထောင်ခြင်း ခံခဲ့ရသည်။ ထိုစဥ်က သူသည် သာမန်တပည့်တစ်ဦးသာ ဖြစ်ချင်ခဲ့၏။ သို့သော် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်နေပြီးဖြစ်ကာ သူ့ကိုသူ ငြိတွယ်ခြင်းမှ မလွတ်မြောက်နိုင်ခဲ့ပေ။ သူက ဂတုံးတုံးလျက် ဘုန်းကြီးဝတ်လိုက်သည်။ ရှောင်လင် သိုင်းကျောင်းတော်၏ တိုက်ရိုက်တပည့်တစ်ဦး ဖြစ်လာတော့သည်။
ကံဆိုးသည်မှာ ဘုန်းကြီးက တုံးအလွန်းလှသည်။ အနှစ် ၆၀ကျော် ကျင့်ကြံပြီးနောက် သူက ဟို့ထျန်း ပဥ္စမအဆင့်မှ ရှန်းထျန်းဒုတိယအဆင့်သို့သာ အဆင့်တက်ခဲ့သည်။
” ဒီဘဝက ဒီမှာပဲ အဆုံးသတ်မှာကို စိုးရိမ်မိတယ် ”
ယဲ့ရှောင်က ရှောင်လင်ကို သာမန်တပည့်များနှင့် တိုက်ရိုက်တပည့်များဟူ၍ ဖွဲ့ထားကြောင်း စာအုပ်တစ်အုပ်ထဲတွင် ဖတ်ခဲ့ဖူးသည်။
သာမန်တပည့်များသည် ကျန်သည့်သိုင်းကျောင်းတော်များရှိ သာမန်တပည့်များနှင့် တူသည်။ ဘွဲ့ရပြီးနောက် သူတို့က အလုပ်လုပ်ရင်လုပ်။ မလုပ်လျှင် တပ်ထဲဝင်ကြသည်။
တစ်ဖက်တွင်မူ တိုက်ရိုက်တပည့်များကမူ အဆင့်မြင့်ဗုဒ္ဓကျင့်စဥ်များနှင့် ထိတွေ့လာနိုင်မည်ဖြစ်ကာ တိုးတက်မှုအတွက် သူတို့၏ မျှော်လင့်ချက်ကလည်း ပိုကျယ်ဝန်းလာပေမည်။
သို့သော် လူတစ်ယောက်က တိုက်ရိုက်တပည့် ဖြစ်လာသည်နှင့် လက်ကျန်ဘဝအတွက် သူတို့က တိုက်ရိုက်တပည့်တစ်ဦးသာ ဖြစ်ပေမည်။
တိုက်ရိုက်တပည့် ဖြစ်လာပြီးနောက် သူတို့သည် သာမန်တပည့်များကဲ့သို့ မလွတ်လပ်တော့ချေ။ သူတို့က လက်ကျန်ဘဝကို ရှောင်လင်၏ လူများအတွက် နေထိုင်ရတော့မှာပဲ ဖြစ်သည်။
” ဆရာတော် ကိုယ့်ကိုကိုယ် အထင်သေးနေဖို့ မလိုပါဘူး။ လူတချို့ကဆို အနှစ် ၆၀ ကျင့်ကြံပြီးတာတောင် ရှန်းထျန်းနယ်ပယ်ကို မရောက်နိုင်ကြဘူး ”
ဖာ့ကျန်းက ခေါင်းညိတ်လိုက်၏။
” အမှန်ပဲ။ လောကကြီးထဲက အထူးချွန်ဆုံး ပါရမီရှင်ကတောင် အနှစ် ၂၀ကနေ ၃၀အောက်မှာ ရှန်းထျန်းနယ်ပယ်ကနေ ဟို့ထျန်းပဥ္စအဆင့်ကို မတက်နိုင်လောက်ဘူး။ ရဟန်းအိုက ကျေနပ်သင့်ပါတယ်လေ။ ပြောရရင် တစ်နှစ်အတွင်း ဒီလို အဆင့်တက်ဖို့က မဖြစ်နိုင်ဘူးနော်။ ဒါက လူသားမဆန်တော့ဘူးမလား ”
ယဲ့ရှောင်က တိတ်ဆိတ်နေလေ၏။
မကြာမီ၌ ဟင်းလျာများ တစ်ပွဲပြီးတစ်ပွဲ လာချပေးသည်။ ယဲ့ရှောင်က စားကောင်းသောက်ဖွယ်များကို နှစ်ခြိုက်စွာ စားတော့၏။
သူ့အဖို့ အံ့သြသွားရသည်က ဖာ့ကျန်းသည် အသားများကို မစားတာပဲ ဖြစ်သည်။ သူသ ထမင်းဖြူသက်သက်သာ စားနေ၏။
” ရှောင်လင်က အသားစားတာကို မတားမြစ်ထားဘူးလို့ ဆရာတော် ပြောခဲ့တယ်မလား ”
ဖာ့ကျန်းက ခေါင်းညိတ်လိုက်၏။
” ဗုဒ္ဓဘာသာမှာ အဲ့လိုစည်းမျဥ်း မရှိဘူး။ ဒီရဟန်းအိုက စည်းမျဥ်းတွေ ကိုယ့်အတွက်ကို ချထားတာ ”
ယဲ့ရှောင်က စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်လိုက်၏။ သူက ဒါတွေအားလုံးကို သူ့ဘာသာသူ ကုန်အောင်စားရမှာလား။ ဒါတွေအားလုံး သေချာပေါက် ကုန်ပေမယ့်လည်း ဒါပေမဲ့ နည်းနည်းတော့ များနေတယ်မလား။
ဖာ့ကျန်းက ယဲ့ရှောင်၏ အတွေးများကို မြင်နိုင်ပုံရကာ အနည်းငယ် ပြုံးလိုက်လေ၏။
” မစ္စတာ ယဲ့ …။ ဒီလောက်ထိ ဝတ်တရားကျေပွန်နေဖို့ မလိုဘူး။ ကိုယ်တော့်ရဲ့ စည်းမျဥ်းတွေက ကိုယ်တိုင်အတွက်ပဲ။ ကိုယ်တော် အသားမစားတာတောင် ဒကာလည်း မစားနိုင်ဘူးလို့ မဆိုလိုဘူး ”
” ကိုယ်မလုပ်ချင်တဲ့ အရာတွေကို တခြားသူတွေကို မလုပ်ခိုင်းနဲ့။ ဒီမွဲတေတဲ့ ရဟန်းက ဒီတရားကို နားလည်နေသေးတုန်းပဲ ”
ထိုစကားကို ကြားသောအခါ ယဲ့ရှောင်က အားမနာတော့ပေ။ သူက စားပွဲပေါ်ရှိ စားစရာများကို တိုက်ရိုက်သိမ်းလိုက်တော့၏။ မည်သည့်နည်းနှင့်မဆို ၄င်းအတွက် ယူနီစပယ် အစိုးရက ပေးချေတာ ဖြစ်သည်။ တစ်ရက်လျှင် ယွမ် ၁၀၀၀၀၀ မသုံးချင်က ဖြုန်းတီးရာ ရောက်လိမ့်မည်။
ဖာ့ကျန်းကလည်း ထမင်းစားပြီး အဖန်ရည် တစ်ငုံသောက်လိုက်လေ၏။ ယင်းက တစ်သက်လုံး စားစရာဟူ၍ သတ်မှတ်နိုင်သည်။ အမှန်တကယ်တွင် သူနှင့် ယဲ့ရှောင်က ဆာရန် မလိုအပ်ချေ။ သူတို့ကဲ့သို့ တည်ရှိမှုက ဤလောကထဲတွင် ရှင်သန်ရန် ဝိညာဥ်စွမ်းအင်ကိုသာ အားထားနိုင်မည်ဖြစ်သည်။သို့သော် ယဲ့ရှောင်က အစားနှစ်ခြိုက်သူဖြစ်ပြီး ဖာ့ကျန်းက ယဲ့ရှောင်ကို မျက်နှာသာတချို့ ပေးရန်အတွက် အနည်းငယ်စားခဲ့တာပဲ ဖြစ်သည်။ သူ့အမြင်တွင် သူ မစားခဲ့ပါက ယဲ့ရှောင်က စားရန် အနေခက်နေလိမ့်မည်။
စားသောက်ပြီးနောက် နှစ်ယောက်သားက ကားထဲသို့ ဝင်ပြီး မြို့တစ်ပတ် ထပ်မောင်းခဲ့ကြပြန်သည်။
သို့သော် ထိုစဥ် မိနစ် ၂၀ကျော် မောင်းနှင်လာပြီးနောက် ရွှေရောင်ဗုဒ္ဓက ရုတ်တရက် လင်းထိန်လာ၏။
” ကားရပ်လိုက် ”
ဖာ့ကျန်းက ရုတ်တရက် ပြောလိုက်သည်။ ယဲ့ရှောင်က ဘရိတ်နင်းပြီး လမ်းဘေးတွင် ထိုးရပ်လိုက်သည်။ ပြီးနောက် ဖာ့ကျန်းက ကားထဲမှ အမြန်ထွက်လိုက်ပြီး အနားရှိ အဆောက်အဦးထဲ ဝင်လိုက်၏။
ယဲ့ရှောင်က ခုနှစ်စင်ကြယ်၏ ခမ်းနားသော ဆန်းကြယ်မှုကို သုံးပြီး တစ်ချက်ကြည့်လိုက်သည်။ ဒီတော့မှ အထဲတွင် ဟို့ထျန်းနဝမအဆင့် ကြယ်တာရာသားရဲတစ်ကောင် ပုန်းနေကြောင်း သဘောပေါက်သွားသည်။
ဒီတော့မှ ယဲ့ရှောင်သည် အစိုးရက ဖာ့ကျန်းကို ကျန်းဟိုင်သိုင်းကျောင်းတော်၏ ဘွဲ့ရကျောင်းသားများအတွက် မိန့်ခွန်းပေးရန် ဖိတ်ကြားထားရုံသာမက ကျန်းဟိုင်မြို့အတွက် ရှင်းလင်းရေးလုပ်ရန် ကြယ်တာရာသားရဲများနှင့် မြို့ထဲတွင် ပုန်းနေသော သားရဲလူသားများကို ရှင်းထုတ်ရန်အတွက် ဖိတ်ကြားထားခြင်းဖြစ်ကြောင်း နားလည်သွားသည်။
ကြယ်တာရာသားရဲများနှင့် သားရဲလူသားများ ကြယ် ၇လုံးတန်းခြင်းကြောင့် သယ်ဆောင်လာမည့် ကပ်ဘေးကို ကာကွယ်ရန် ဖြစ်သည်။ ထိုရွှေရောင်ဗုဒ္ဓက ရှာဖွေနိုင်သည့် လုပ်ဆောင်ချက်မျိုး ရှိလောက်သည်။
ဟွမ်လျိုလီကဲ့သို့ပင် သူက သူ၏ ကြယ်တာရာအိမ်မွေးတိရစ္ဆာန်ဖြစ်သည်။ အလင်းလည်း ဖြာမထွက်။ လွတ်လပ်သည့် ကြယ်တာရာသားရဲများ၊ သားရဲလူသားများနှင့် တွေ့ကြုံရသည့်အခါ ယင်းက ချက်ချင်းပင် သတိပေး အမှတ်အသား ပေါ်လာလိမ့်မည်။
အပိုင်း ၈၂ ပြီး၏။