Chapter – 14 နွား နတ်ဆိုး
ရွှေရောင်နွားပေါက်လေးက နှုတ်ဆိတ်နေသည်။ ခေါင်းလည်းမခါ ခေါင်းလည်းမညိတ် တစ်ခွန်းတစ်ပါဒမျှလည်းမပြော။ တစ်စုံတစ်ခုကိုစဥ်းစားနေဟန်ဖြင့်သာ ချူဖုန်းကိုကြည့်နေလေသည်။
” ငါတို့ရပ်လိုက်တာပိုကောင်းမယ်ထင်တယ်။ မင်းဒီလိုတွန်းအားပေးနေရင် သူဒေါသထွက်လာပြီး သူ့ဆီကမင်းလိုချင်တဲ့အဖြေကိုသိရတော့မှာမဟုတ်ဘူး။ ဒီအကောင်က အတော်ထူးဆန်းပြီးတော့ ကြောက်စရာကောင်းတယ်။ တစ်ယောက်ယောက်ဖန်တီးလိုက်တာ မဖြစ်နိုင်ဘူး ” ဟု ကျိုးကွမ်ကပြောသည်။ သူသည် ယခုလေးတင်ပင် နွားပေါက်လေးကြောင့် စိတ်ရောကိုယ်ပါပြင်းပြင်းထန်ထန်ခံစားခဲ့ရသဖြင့် ကြောက်လန့်နေလေသည်။
” ပန်းဝတ်မှုန် ဓာတ်ကူပစ္စည်း ” ချုဖုန်းက ရေရွတ်လိုက်သည်။
ဘွဲ့နှင်းသဘင်အခမ်းအနားပြီးနောက် လင်နောင်းကို လင်းမိသားစုလာခေါ်ခဲ့ချိန်က သူတို့ပါးစပ်ဖျားမှ ထိုစကားများကို ချူဖုန်းကြားခဲ့ခြင်းဖြစ်သည်။
သူ့ပါးစပ်မှ ထိုစကားများထွက်လာသောအခါ ရွှေရောင်နွားပေါက်လေး၏မျက်လုံးများသည် ထိုစကားများကိုသဘောတူဟန်ဖြင့် အရောင်လက်သွားသည်။ ၎င်းက သူ့စကားများကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းညိတ်ပြလေသည်။
၎င်းသည် ချူဖုန်း၏စကားများကို နားလည်ပြီး ထိုစကားလုံးများက ၎င်း၏အာရုံကိုလှုံ့ဆော်နိုင်ပုံပေါ်သည်။
ချူဖုန်း အနည်းငယ်မှင်သက်အံ့သြသွား၏။ ထူးဆန်းသောအသီးများသည် ပြောင်းလဲမှုများ၏ အရေးအပါဆုံးရှုထောင့်မဖြစ်နိုင်ဘဲ ထူးဆန်းသောပန်းပွင့်အချို့၏ပန်းဝတ်မှုန်များကသာ ကိစ္စအားလုံး၏ အဓိကသော့ချက်ဖြစ်မည်ဟု သူထင်သည်။ ထို့ကြောင့် ထိုကဲ့သို့ပင် ကောက်ချက်ချလိုက်သည်။
ချူဖုန်းက ယခုထက်ပို၍သိချင်သေးသော်လည်း နွားပေါက်လေးက ပြန်လည်ငြိမ်သက်သွားသည်။ သဘောတူကြောင်းလည်း မပြ သဘောမတူကြောင်းလည်း မပြ မည်သည့်တုံ့ပြန်မှုမှမပေးတော့။
” ငါ တိဗက်ကုန်းပြင်မြင့်ဒေသမှာ ကြေးဝါတောင်တစ်တောင်ကို မြင်ခဲ့ဖူးတယ်။ အဲ့ဒီတောင်ရဲ့ထိပ်မှာ ထူးဆန်းတဲ့အပင်တစ်ပင်ရှိတယ်။ အဲ့အပင်ကပွင့်တဲ့ပန်းအနံ့က ခပ်ဝေးဝေးကနေတောင်မှ အမွှေးနံ့ရလောက်အောင်ထိ မွှေးတယ်။ အဲ့ဒီအနံ့ကိုရှူလိုက်တဲ့လူတွေဟာ ငှက်မွှေးလိုမျိုးပေါ့ပါးသွားကြပြီး စိတ်ပျော်ရွှင်သွားကြတယ် ” ဟု ချူဖုန်းကပြောပြလိုက်သည်။ သူ့စကားများကို နွားပေါက်လေးမည်သို့တုံ့ပြန်မည်နည်းဟု သူသိချင်နေသည်။
ကျိုးကွမ်သည်လည်း အနည်းငယ်အံ့အားသင့်သွားသည်။ သူသည် နွားပေါက်လေး၏ဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေပြီး ချူဖုန်းပြောသမျှစကားများကို ဂရုတစိုက်နားထောင်နေသည်။
ချူဖုန်းမျှော်မှန်းထားသကဲ့သို့ပင် သူပြောပြသောပန်းနှင့်ပန်းရနံ့အကြောင်းဇာတ်လမ်းက နွားပေါက်လေးကို စိတ်လှုပ်ရှားသွားစေသည်။ ၎င်းသည် ချူဖုန်းနားသို့ကပ်လာပြီး ခေါင်းတဆတ်ဆတ်ညိတ်ရင်း ချူဖုန်းကိုဆက်ပြောရန် တိုက်တွန်းနေလေသည်။
ချူဖုန်း စိတ်ရှုပ်သွားသည်။ ” အဲ့ဒီပန်းက အဲ့လောက်တောင်အရေးပါတာလား ” သူတွေးမိလိုက်သည်။ သူသည် ထိုပန်းကို ယခင်က တစ်ကြိမ်ထိတွေ့ခဲ့ဖူးသော်လည်း သူ့ခန္ဓာကိုယ်တစ်လျှောက်ရှိသွေးကြောများထဲတွင် ထူးဆန်းသောအနွေးဓာတ်စီးကြောင်းတစ်ခု စီးဆင်းသွားသည်ကို ခံစားမိခဲ့ရုံမှတစ်ပါး အခြားသိသိသာသာပြောင်းလဲမှုမရှိခဲ့ပေ။
နွားပေါက်လေး၏စိတ်အားထက်သန်မှုအရ ၎င်းသည် ကျိုးကွမ်၏အသီးထက် ချူဖုန်းပြောသောပန်းကို ပို၍စိတ်ဝင်စားနေဟန်ရှိသည်။
” အဲ့ဒီမှာ ငါ ရွှေလင်းယုန်တစ်ကောင်၊ အစောင့်အရှောက်ခွေးတစ်ကောင်နဲ့ အနက်ရောင်နွားသိုးကြီးတစ်ကောင်ကိုလည်း တွေ့ခဲ့တယ် ” ချူဖုန်းက နွားပေါက်လေး၏အမူအရာကို သေချာအကဲခတ်ရင်း ဆက်ပြောသည်။
ဤနွားပေါက်လေး၏မျက်နှာအမူအရာသည် လူသားတစ်ယောက်ကဲ့သို့ပင် ခန့်မှန်းရလွယ်သည်။ ၎င်းသည် အံ့အားသင့်မှုနှင့်စိုးရိမ်မှုကိုထင်ဟပ်စေသည့် အပြုံးမျိုးဖြင့် ပြုံးနေသည်။ ချူဖုန်း၏ဇာတ်လမ်းသည် ၎င်းအတွက်အတော်အသုံးဝင်ဟန်ရှိပြီး ဇာတ်လမ်း၏အဆုံးသတ်ကို အလွန်စိတ်ဝင်စားနေသည်။
” ငါတို့ကမ္ဘာမှာဆိုရင် နွားသိုးတွေရော အစောင့်အရှောက်ခွေးတွေရောက အသိဉာဏ်မရှိတော့ အဆင့်မြင့်သတ္တဝါတွေမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီကြေးဝါတောင်မှာတွေ့ခဲ့တဲ့သတ္တဝါတွေကတော့ သူတို့ကိုယ်ပိုင်အုပ်စုရှိပုံပဲ။ သူတို့က လူသားတွေထက်တောင်မှ ပိုပြီးအသိဉာဏ်ရှိပုံပေါ်တယ် ”
ချူဖုန်းက စကားဆက်ပြောရင်း ထိုနွားပေါက်လေးကို အနီးကပ်အကဲခတ်ကာ ၎င်းသိထားသောအရာများနှင့် မသိသေးသည့်အရာများကို ကောက်ချက်ချနေသည်။
ခွန်းလွန်တောင်တွင်တွေ့ခဲ့သော ထူးဆန်းသည့်သတ္တဝါများ၏အသွင်အပြင်ကို ချူဖုန်းက ပြောပြလိုက်သောအခါ နွားပေါက်လေး၏မျက်နှာထားသည် တည်ကြည်သွားသည်။
” ကမ္ဘာကြီးမပြောင်းလဲခင်ကတည်းက သူတို့မှာအသိဉာဏ်ရှိတယ်။ ကမ္ဘာကြီးက သူ့ပုံစံအတိုင်းပဲဆက်ရှိနေပေမယ့် အဲ့ဒီသားရဲတွေကတော့ ဒီကမ္ဘာကြီးနဲ့သဟဇာတမဖြစ်တော့ဘူး။ ဒါပေမယ့် ဒီကမ္ဘာကြီးသာ လုံးဝပြောင်းလဲသွားရင်တော့ အဲ့ဒီသားရဲတွေက ငါတို့ကမ္ဘာမှာ သန့်စင်မွန်မြတ်သူတွေဖြစ်လာလိမ့်မယ်ထင်တယ်။ သူတို့တွေက သူတော်စင်တွေတောင်မှဖြစ်လာနိုင်တယ် ”
ရွှေရောင်နွားပေါက်လေးက အာရုံစိုက်နားထောင်ရင်း ခေါင်းညိတ်နေသည်။ ၎င်းသည် ချူဖုန်း၏ခန့်မှန်းမှုကို ထောက်ခံသည့်အမူအရာပြနေသည်။
၎င်းသည်မြေပေါ်တွင် ငြိမ်သက်စွာရပ်နေသည်။ ၎င်းသည် ခဏအကြာတွင် ၎င်း၏စိတ်ခံစားချက်ကို ပြန်လည်ထိန်းချုပ်လိုက်ပြီး တိတ်ဆိတ်ငြိမ်သက်သွားပြန်သည်။ ၎င်းသည် ၎င်း၏မျက်နှာအမူအရာမှတစ်ဆင့် စိတ်ခံစားချက်များကိုထုတ်မပြတော့ပေ။
သို့သော် ၎င်း၏တုံ့ပြန်မှုကို ချူဖုန်းမြင်ခဲ့ပြီးဖြစ်၍ သူ၏ခန့်မှန်းချက်မှန်ကန်ကြောင်း သိလိုက်ရသည်။
” ငါတို့ကမ္ဘာကြီးလုံးဝပြောင်းလဲသွားပြီးတဲ့နောက်မှာ ကမ္ဘာသစ်တစ်ခုဖြစ်မလာခင် နိဒါန်းပျိုးတဲ့အဆင့်တစ်ဆင့်ရှိဦးမယ်မလား။ ပြီးတော့ အဲ့လိုအဆင့်မှာဆိုရင် သူတော်စင်တွေပေါ်ထွက်လာဖို့ ပိုလွယ်တာလား ” ချူဖုန်းက စကားလုံးများကို ဂရုတစိုက်ရွေးချယ်ပြီး သူမသိသေးသည်များကို ပြောပြနေသည်။
ရွှေရောင်နွားပေါက်လေးသည် မျက်မှောင်ကြုတ်သွား၏။ ချူဖုန်းပြောသောစကားများက ၎င်းကိုစိတ်လှုပ်ရှားသွားစေပုံပင်။
” မင်းတို့ တစ်ကောင်ပြီးတစ်ကောင် ဒီီကိုလာဖို့ အတော်လေးစွန့်စားခဲ့ကြတာပဲ။ အဲ့တာကိုကြည့်ရတာ နိဒါန်းပျိုးအဆင့်က ငါထင်တာထက်ပိုပြီး အရေးပါတယ်ဆိုတဲ့သဘောပဲ။ မင်းတို့အားလုံးက သူတော်စင်ဖြစ်မယ့် နည်းလမ်းတွေရှာနေကြတာလား ” ဟု ချူဖုန်းက မေးလိုက်သည်။
ကျိုးကွမ်သည် အစပိုင်းတွင် မှင်သက်အံ့သြနေသည်။ သူသည် ချူဖုန်း၏ ကြောင်းကျိုးဆက်စပ်တွေးခေါ်နိုင်သောအရည်အချင်းကို အလွန်လေးစားသွားသည်။ သူ့ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသောကိစ္စရပ်များကို အသေးစိတ်ကျကျစူးစမ်းလေ့လာပြီး အနာဂတ်ကမ္ဘာသစ်အကြောင်းကို ခန့်မှန်းနိုင်သည့် ချူဖုန်း၏စွမ်းရည်ကို ကျိုးကွမ်အမှန်တကယ်ချီးကျူးမိသည်။
ယခု ကျိုးကွမ်ပင်လျှင် ကိစ္စများ၏ဦးတည်ရာအလားအလာကို ဆက်စပ်မိလာသည်။ ချူဖုန်း၏အတွေးများအတိုင်း သူလည်းခန့်မှန်းမိလာသည်။
နွားပေါက်လေးသည် ချူဖုန်းကို ယခင်ကထက် ပိုမိုခင်မင်ရင်းနှီးလာဟန်ဖြင့် ကြည့်နေသည်။ ၎င်းသည် ချူဖုန်းကို ရိုသေလေးစားနေဟန်လည်းရှိသည်။
ညသန်းခေါင်ပင် ကျော်သွားလေပြီ။ တောင်များက တိတ်ဆိတ်ငြိမ်သက်ဆဲ။ တောင်၏အပြင်ဘက်နယ်နိမိတ်နှင့် ချူဖုန်းတို့ရှိနေသောနေရာသည် အတော်ဝေးသဖြင့် သားရဲများနှင့်အသားစားငှက်များကြောင့်ဖြစ်လာသည့် ကြောက်ရွံ့ထိတ်လန့်ဖွယ်အနေအထားကို သူတို့ မခံစားမိကြတော့ပေ။
လရောင်သည် တောင်ပေါ်တောများထဲမှ ဖြတ်သန်းစီးဆင်းနေသောစမ်းရေကဲ့သို့ ဖြာကျနေသည်။
” မင်း ကြေးဝါတောင်ထိပ်မှာတွေ့ခဲ့တဲ့အပင်က အဲ့လောက်တောင်ထူးဆန်းတာလား ” ဟု ကျိုးကွမ်က မေးလိုက်သည်။ တကယ်လို့ သားရဲ ၃ ကောင်လုံးက အဲ့တာကိုရဖို့ကြိုးစားခဲ့ကြတယ်ဆိုရင် မင်းကရော ဘာလို့တစ်ခုခုပြန်ယူလာဖို့ မကြိုးစားခဲ့တာလဲ ”
” ငါ ပွင့်ဖတ် ၄ ချပ်ကို လက်နဲ့ဖမ်းခဲ့တယ် ” ဟု ချူဖုန်းက ဖြေလိုက်၏။
” တကယ်ကြီးလား ” ကျိုးကွမ်သည် မေးရိုးမေးစဥ်မေးလိုက်ခြင်းသာ ဖြစ်ပြီး ချူဖုန်း ယခုလိုဖြေလိမ့်မည်ဟု ထင်မထားမိပေ။ သူ့အတွက်မူ ချူဖုန်းအနေဖြင့် အစောင့်အရှောက်ခွေးနှင့် ရွှေရောင်လင်းယုန်ရှိနေသောနေရာမှ အသက်ရှင်လျက်ထွက်လာနိုင်သည်ကိုပင် အတော်အံ့အားသင့်ဖွယ်ဖြစ်နေပေပြီ။
ရွှေရောင်နွားပေါက်လေးသည်လည်း အလွန်စိတ်လှုပ်ရှားနေဟန်ပင်။ ၎င်းသည် ချူဖုန်းကိုကြည့်နေပြီး ချူဖုန်း၏လက်ကို ၎င်း၏ဦးခေါင်းဖြင့်တိုးဝှေ့ကြည့်နေသည်။ ၎င်း၏မျက်လုံးများက တစ်စုံတစ်ရာကိုရှာဖွေနေဟန်ဖြင့် ပြူးကျယ်လျက်။
” စိတ်မကောင်းပါဘူး။ ရက်အတော်ကြာသွားပြီဆိုတော့ ပွင့်ဖတ်တွေက မရှိတော့ဘူး ” ချူဖုန်းက တောင်းပန်ဟန်ဖြင့်ပြုံးရင်း ပြောသည်။
သို့သော် ရွှေရောင်နွားပေါက်လေးက ထွက်မသွားလိုသေးပုံပင်။ ၎င်းသည် ချူဖုန်းကို ထူးဆန်းသောအကြည့်ဖြင့် လှည့်ပတ်ကြည့်နေသည်။ ထို့နောက် နောက်ခြေကိုထောက်လိုက်ပြီး ရှေ့ခြေတစ်ချောင်းကို ဆန့်ထုတ်၍ ချူဖုန်းကို ညွှန်ပြလိုက်သည်။ ၎င်း၏မျက်နှာသည် စိတ်လှုပ်ရှားမှုနှင့်ပူဆွေးဝမ်းနည်းမှုရောနေဟန်ဖြင့် ရှုပ်ထွေးနေသည်။
” မင်း ဘာတွေသိထားတာလဲ။ မြန်မြန် ငါတို့ကိုပြောပြစမ်းပါ ” ကျိုးကွမ်က နွားပေါက်လေးကို ကြည့်ရင်းပြောလိုက်၏။
နွားပေါက်လေးကမူ ခပ်တိုးတိုးအသံဖြင့် ” ဘွတ်အဲ ” ဟူ၍သာ တုံ့ပြန်လေသည်။
ကျိုးကွမ်သည် စိတ်အချဥ်ပေါက်လာပြီး နွားပေါက်လေးကို ရိုက်ပစ်ချင်နေသည်။ သို့သော် သူမလုပ်ရဲပေ။
ကျိုးကွမ်နှင့်ချူဖုန်းတို့က ရှေ့သို့ဆက်လျှောက်လာပြီး နွားပေါက်လေးက နောက်မှလိုက်လာသည်။ ထိုနွားပေါက်လေးသည် ထွက်သွားမည့်ဟန်မရှိဘဲ ချူဖုန်းတို့နှင့်အတူ တစ််လမ်းလုံးလိုက်လာမည့်ဟန်ရှိသည်။
သူတို့သည် ရွှမ်းပင်ဟုခေါ်သည့်မြို့ဆီသို့ လျှောက်လာခဲ့ကြသည်။ ကျိုးကွမ်၏မိသားစုသည် ထိုရွာ၌နေထိုင်ကြသည်။ အကယ်၍ သူတို့သာ တောင်၏နယ်နိမိတ်ဆီသို့ဝင်မကြည့်ခဲ့ကြလျှင် ထိုရွာသို့ရောက်နေလောက်ပြီးဖြစ်သည်။
” နွားပေါက်လေး မင်းမှာနာမည်ရှိလား။ မင်းက ငါတို့နဲ့အတူလိုက်လာဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ မင်းကို နွားပေါက်လေး လို့ ခေါ်နေတာထက် နာမည်တစ်ခုခုခေါ်တာပိုကောင်းတာပေါ့ ” ဟု ကျိုးကွမ်က ပြောလိုက်သည်။
ဤသို့ဖြင့် ကျိုးကွမ်သည် နွားပေါက်လေးကို အမည်ပေးရန်အတွက် စိတ်အားထက်သန်သောကိုယ်စားလှယ်တစ်ဦး ရုတ်တရက် ဖြစ်သွားလေသည်။
” မင်းက ငယ်လည်းငယ်တယ်။ ရိုင်းလည်းရိုင်းတယ်။ ပြီးတော့ မင်းကတခြားကမ္ဘာကရောက်လာတာဆိုတော့ … နွားနတ်ဆိုး ဆိုတဲ့နာမည်က မင်းနဲ့အလိုက်ဆုံးနဲ့ အကောင်းဆုံးပဲ။ အဲ့ဒီနာမည်က ခွန်အားကိုရော ဂုဏ်သိက္ခာကိုရော ထင်ဟပ်စေတယ် ” ကျိုးကွမ်က သူ၏အကြံပေးမှုကို နွားပေါက်လေးလက်ခံလာစေရန် ကြိုးစားနေသည်။
” ဘွတ်အဲ ”
အားလုံးမျှော်လင့်ထားကြသကဲ့သို့ပင် ကျိုးကွမ်နှင့်နွားပေါက်လေးတို့ကြားတွင် အဖုအထစ်များရှိနေဆဲဖြစ်သည်။ ကျိုးကွမ်သည် စေတနာအပြည့်ဖြင့် နွားပေါက်လေးအတွက် နာမည်ရွေးပေးလိုက်သော်လည်း အသိအမှတ်ပြုမခံရဘဲ ခေါင်းတည့်တည့်ကိုသာ အကန်ခံလိုက်ရသည်။
” shit … ဒီနွားနတ်ဆိုး ” ကျိုးကွမ်သည် ပြန်ထနိုင်အောင် အချိန်အတော်ယူလိုက်ရသည်။
သူတို့မြို့ငယ်လေးသို့ရောက်လာချိန်တွင် ဉာဥ့်နက်နေလေပြီ။ လမ်းများက တိတ်ဆိတ်ပြီးမှောင်မဲနေသည်။ ရှားရှားပါးပါးအနေဖြင့် ကြောင်တစ်ကောင်နှစ်ကောင် လမ်းပေါ်၌ဖြတ်ပြေးနေသည်ကိုသာ တွေ့ကြရသည်။
ချူဖုန်းသည် ကျိုးကွမ်ကိုနှုတ်ဆက်လိုက်သည်။ သူ့အိမ်သို့ရောက်ရန် ၃ မိုင်ခန့် ဆက်သွားရပေဦးမည်။
ကျိုးကွမ်က ချူဖုန်းကို သူ့အိမ်တွင်သာ ညအိပ်သွားရန်ဖျောင်းဖျသည်။ သူသည် ချူဖုန်းကို အရုဏ်တက်ချိန်ရောက်မှသာ သွားစေချင်သည်။
ချူဖုန်းကခေါင်းယမ်းလိုက်၏။ သူသည် တစ်ညအတွင်း ၃ မိုင်မျှသာရှိသော အကွာအဝေးမှ မိုင် ၃၀ နီးပါးအကွာအဝေးအဖြစ်သို့ ရုတ်တရက်ပြောင်းလဲသွားမည်ကို စိုးရိမ်နေသည်။
ယခုအချိန်တွင် မည်သည့်အရာကိုမှ ခန့်မှန်းနိုင်သည်မဟုတ်။
” ဂရုစိုက်ပါ ရောင်းရင်း။ ငါ ဒီမှာ နေသားတကျဖြစ်ပြီဆိုရင် တစ်ရက် နှစ်ရက် အတွင်း မင်းဆီလာခဲ့မယ် ” ဟု ကျိုးကွမ်က ပြောလိုက်သည်။
မကြာတော့သည့်အနာဂတ်တွင် ကမ္ဘာကြီးလုံးဝပြောင်းလဲသွားတော့မည်ကို ကျိုးကွမ်သိသည်။ ထိုပြောင်းလဲမှုများက ပိုကောင်းသည်ဖြစ်စေ ပိုဆိုးသည်ဖြစ်စေ ချူဖုန်းကမူ အဖိုးတန်မိတ်ဆွေကောင်းတစ်ဦးဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။
သို့သော် နွားပေါက်လေးက နှစ်ခါပင်မစဥ်းစားတော့ဘဲ ချူဖုန်းနှင့်အတူလိုက်သွားရန် ရွေးချယ်လိုက်သည်ကို မြင်လိုက်ရသောအခါ ကျိုးကွမ်စိတ်ဆိုးသွားသည်။ နွားပေါက်လေး၏မသိချင်ယောင်ဆောင်လျစ်လျူရှုမှုက ကျိုးကွမ်ကို ဒေါသအမျက်ခြောင်းခြောင်းထွက်စေသည်။
” အတော်ကျေးဇူးကန်းတဲ့ကောင်။ မင်း ငါ့မြက်တွေကိုစားခဲ့ပေမယ့် ငါကတော့ မင်းအတွက်နာမည်တစ်ခုတောင် ပေးခဲ့သေးတယ်။
အခု ငါတို့ လမ်းခွဲရတော့မှာကို မင်းက စကားတစ်ခွန်းတောင်မပြောတော့ဘူးလား ” ကျိုးကွမ်က အံကြိတ်ရင်းပြောလိုက်သည်။
ထိုစကားများကို ကြားလိုက်သောအခါ နွားပေါက်လေးသည် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ကျိုးကွမ်ကို ကျောပေးလိုက်သည်။ ထို့နောက် ၎င်း၏အမြီးကို ရမ်းလိုက်ပြီး ကျိုးကွမ်၏မျက်နှာကို ပွတ်သပ်လိုက်သည်။
ကျိုးကွမ် အံ့သြမှင်သက်သွားသည်။ နွားတစ်ကောင်ယခုကဲ့သို့လုပ်သည်ကို သူမမြင်ဖူးခဲ့ပေ။ ထို့ကြောင့် ယခုအပြုအမူသည် သူ့ကိုမထီမဲ့မြင်လုပ်ခြင်းဖြစ်ကြောင်း သိသာလှသည်။
” စိတ်ကုန်ဖို့ကောင်းတဲ့ အရိုင်းအစိုင်းကောင် ” ဟု ကျိုးကွမ်က ဒေါသတကြီးအော်လိုက်သည်။
သူသည် ချူဖုန်းအတွက် ကားငှားပေးချင်သော်လည်း ချူဖုန်းက တားလိုက်သည်။ နွားပေါက်လေး၏ ရွှေရောင်ခန္ဓာကိုယ်သည် လူသတိထားမိလွယ်သဖြင့် နေရာအများစုတွင် လူအများမသိမမြင်စေဘဲ တိတ်တဆိတ်သွားနိုင်ရန်သည် ချူဖုန်း၏တာဝန်ဖြစ်လာသည်။
ကျိုးကွမ်သည် အတော်အိပ်ငိုက်နေလေပြီ။ သူသည် အနီရောင်အသီးကို စားပြီးချိန်မှစ၍ သူ့ခန္ဓာကိုယ်က တဖြည်းဖြည်းပြောင်းလဲလာပြီး အမြဲလိုလိုအိပ်ချင်မူးတူးဖြစ်နေသယောင် ခံစားနေရသည်။
” ဒါဆို နောက်မှတွေ့ကြမယ် ”
အတော်ဉာဥ့်နက်နေပြီဖြစ်သော်လည်း ငွေရောင်အလင်းတန်းများဖြာကျလျက် ပြည့်ပြည့်ဝဝတောက်ပနေသော စန္ဒာလမင်းကြောင့် အမှောင်ထုကလျော့ပါးနေသည်။
လရောင်အောက်တွင် ရွှေရောင်နွားပေါက်ကလည်း အရောင်တလက်လက်တောက်ပနေ၏။
ချူဖုန်းသည် စပ်စုလိုစိတ်ပေါ်လာသောကြောင့် နွားပေါက်လေး၏အရေပြားကို ပွတ်သပ်ကြည့်လိုက်သည်။ ၎င်းတို့သည် အမှန်တကယ်ပင် ပိုးသားကဲ့သို့ နူးညံ့ချောမွေ့သော အမွေးများဖြစ်ပြီး သတ္တုမဟုတ်ကြောင်း သူ သိလိုက်ရသည်။ သို့သော် နွားပေါက်လေး၏ဂျိုများကမူ အေးစက်မာကျောနေသည်။
ချင်ယန်မြို့သည် ချူဖုန်း၏ခရီးလမ်းဆုံးဖြစ်သည်။
ချူဖုန်းသည် ထိုမြို့တွင်မွေးဖွားခဲ့သည်။ မိုင် ၆၀ မျှဝေးသော မြောက်ဘက်ရှိမြို့ကြီးတစ်ခုဆီသို့ မပြောင်းရွှေ့မီ သူ၏မိဘများနှင့်အတူ အသက် ၁၀ နှစ် အထိ ထိုမြို့တွင်နေထိုင်ခဲ့သည်။
ချူဖုန်းတို့ရွှေ့ပြောင်းသွားသော မြို့သည် ရွှမ်းထျန်မြို့ ဖြစ်သည်။ ၎င်းသည် မင်းဆက် ၆ ဆက်၏မြို့တော်ဖြစ်ခဲ့ပြီး မြောက်ပိုင်း၏အကြီးဆုံးမြို့လည်းဖြစ်သည်။
သို့သော် သူနှင့်သူ့မိသားစုသည် အားလပ်ရက်တိုင်း ချင်ယန်မြို့သို့လာရောက်လည်ပတ်ကြဆဲဖြစ်သည်။ ချင်ယန်မြို့ကသာလျှင် သူတို့အတွက် အိမ် ဟု ခေါ်ဆိုနိုင်သည့် တစ်ခုတည်းသောနေရာဟု သူတို့ခံစားမိကြသည်။
ဉာဥ့်နက်နေပြီဖြစ်သော်လည်း ချူဖုန်း သူ့မိဘများထံသို့ ဖုန်းဆက်လိုက်သည်။ မကြာမီ တစ်ဖက်မှဖုန်းကိုင်လိုက်သည်။
ဤရက်များအတွင်း သူတို့ဖုန်းပြောဖြစ်ကြသဖြင့် သူ့မိဘများမှာ ရွှမ်းထျန်မြို့တွင်ရှိနေသေးကြောင်း ချူဖုန်းသိထားပြီးဖြစ်သည်။
ချူဖုန်းသည် တိုင်ဟန်းတောင်တွင်ဖြစ်ပွားခဲ့သော ပြောင်းလဲမှုကြီးများကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသဖြင့် ဤဒေသတွင်ဖြစ်ပွားလာနိုင်သော အန္တရာယ်များအကြောင်းကို သူ့မိဘများအားသတိပေးလိုက်သည်။ အကယ်၍အ ချို့သောသားရဲများသာ တောင်မှထွက်လာနိုင်ပြီး ရွာများကိုဖျက်ဆီးခဲ့မည်ဆိုလျှင် အလွန်ဘေးဒုက္ခရောက်သွားနိုင်သည်။ ထို့ကြောင့် သူ့မိဘများအနေဖြင့် ရက်အနည်းငယ်ကြာပြီးမှသာ ဤမြို့သို့ပြန်လာဖို့စဥ်းစားရန် သူမျှော်လင့်နေသည်။
ရွှမ်းထျန်မြို့သည် မြို့ကြီးတစ်မြို့ဖြစ်၍ ကာကွယ်ရေးအဆင့်အတန်းမြင့်မားပြီး လုံခြုံရေးလည်းပိုကောင်းသည်ဟု ချူဖုန်းထင်သည်။
သူတို့သည် အချိန်အတော်ကြာဖုန်းပြောဖြစ်ခဲ့ကြပြီး ချူဖုန်းက သူ့မိဘများကို ထိုမြို့တွင်သာစောင့်နေရန် ဖျောင်းဖျခဲ့သည်။
ညသည် တိတ်ဆိတ်နေသည်။ နောက်ဆုံးတွင် ချူဖုန်းလည်း သူ့အိမ်သို့ရောက်လာလေပြီ။
ချူဖုန်းတို့အိမ်သည် မြို့၏အရှေ့ပိုင်းတွင်ရှိသော ၂ ထပ်အိမ်ကလေးဖြစ်သည်။ ခြံဝန်းသည် အသင့်အတင့်ကျယ်ဝန်းပြီး သစ်ခွစိုက်ခင်းများရှိရာနေရာကျယ်ကြီးနှင့် တိုက်ရိုက်ချိတ်ဆက်ထားသည်။ အိမ်ဝင်းထဲတွင်ရပ်ပြီး ခပ်လှမ်းလှမ်းမှ တိုင်ဟန်းတောင်များ၏ ရင်သပ်ရှုမောဖွယ်အလှတရားကိုပင် ခံစားနိုင်သည်။
ထို့ကြောင့်ပင်လျှင် သူ၏မိသားစုသည် ဤမြို့သို့ မကြာခဏအလည်အပတ်လာရောက်ကြခြင်းဖြစ်၏။
ချူဖုန်းသည် နွားပေါက်လေးကို ခြံဝင်းထဲသို့ခေါ်လာပြီး ထိုနေရာတွင်ပင် ထားလိုက်သည်။ သူသည် အလွန်ပင်ပန်းနေလေပြီ။
ထို့ကြောင့် လှေကားမှတစ်ဆင့် သူ့အခန်းဆီီသို့တက်သွားလိုက်ပြီး မကြာမီအိပ်ပျော်သွားတော့သည်။
ပွင့်နေသောခန်းစီးများကြားမှ နံနက်ခင်းနေရောင်က ဖြာကျလာသည်။ နေရောင်သည် လင်းလက်တောက်ပနေပြီး နံနက်ခင်းသည်လည်း သက်ဝင်လှုပ်ရှားလာသည်။
နံနက်ခင်းတွင် ချူဖုန်းပထမဆုံးပြုလုပ်သည်မှာ သူ၏ဖုန်းကိုဖွင့်ခြင်းပင်။ သူသည် ထူးခြားဆန်းကြယ်သောကြားဖြတ်သတင်းများရှိမရှိ စစ်ဆေးလိုက်သည်။ ပြောင်းလဲမှုများက နိုင်ငံအဝှမ်းဖြစ်ပွားနေ၍ ထူးဆန်းသောသတင်းများ နေ့တိုင်းရှိနေသည်မှာ ပုံမှန်လိုပင်ဖြစ်နေသည်။
” နတ်ဘုရားတွေရဲ့ ဘုရင် ” အင်တာနက်ပေါ်တွင် ထိုသတင်းကိုမြင်လိုက်ရသဖြင့် ချူဖုန်းအံ့အားသင့်သွားသည်။ ၂ ရက်အတွင်း လူသားသန္ဓေပြောင်းလဲမှု ၃ ခု ဖြစ်ပွားခဲ့သည်။
ထို့ပြင် ထို ၃ ဦးလုံးတွင်လည်း ထိတ်လန့်ဖွယ်သဘာဝလွန်စွမ်းအားများရှိနေသည်။ ထို့ကြောင့် ထိုသူများကို နတ်ဘုရားများ၏ဘုရင် ဟု ခေါ်ဆိုလိုက်ကြခြင်းဖြစ်သည်။
သတင်းတစ်ပုဒ်တွင် ထိုကိစ္စအကြောင်း လေ့လာစမ်းစစ်ချက်များပါလာသည်။ ထိုသတင်းက ယခုကဲ့သို့ဆက်ဖြစ်နေမည်ဆိုလျှင် လူပေါင်းများစွာက သဘာဝလွန်စွမ်းအားများပိုင်ဆိုင်လာပြီး လူသားမျိုးနွယ်အတွက် ခေတ်သစ်တစ်ခုဖြစ်ပေါ်လာလိမ့်မည် ဟု ဆိုထားသည်။
ထို့ပြင် ထိုသတင်းတွင် အခြားသူများထက်အရင် သဘာဝလွန်စွမ်းအားများ ရရှိထားသူများက ကမ္ဘာသစ်၏ခေါင်းဆောင်များဖြစ်လာကြပေလိမ့်မည်။ တစ်နေ့တွင် ထိုသူများကို နတ်ဘုရားများ၏ဘုရင်များဟူ၍ပင် လေးလေးစားစားခေါ်ဆိုကြရပေလိမ့်မည် ဟူ၍လည်း ရေးသားထားသေးသည်။
ဥပမာအနေဖြင့် ပျံသန်းနိုင်သည့်စွမ်းအားကို ရရှိထားသောလူငယ်လေးသည် မကြာတော့သည့်အနာဂတ်တွင် အဆုံးအစမရှိသောတန်ခိုးအာဏာကို ပိုင်ဆိုင်လိမ့်မည် ဟု ဆိုလိုခြင်းပင်။
ချူဖုန်းသည် ဖုန်းကိုချလိုက်ပြီး ခြံထဲသို့ဆင်းလာခဲ့သည်။
သို့သော် သူချက်ချင်းကြက်သေသေသွားသည်။ နေရောင်အောက်တွင် ရွှေရောင်နွားပေါက်လေး ရေချိူးနေသည်ကို သူတွေ့လိုက်ရသည်။ ရေချိုးကန်ထဲမှ ၎င်း၏ကိုယ်နေဟန်ထားက ထိတ်လန့်ဖွယ်ကောင်းနေသည်။
၎င်းသည် လူတစ်ဦးကဲ့သို့ပင် ရေချိုးကန်ထဲ၌ တင်ပလ္လင်ခွေထိုင်နေပြီး ရှေ့ခြေများကို ကန်အပြင်ဘက်သို့ထုတ်ထားကာ ခပ်နွေးနွေးရေဖြင့်စိမ်ရင်း ဇိမ်ခံနေသည်။ ထို့ပြင် ၎င်းသည် နေရှိရာဘက်သို့ မျက်နှာမူထားပြီး နေရောင်ခြည်ကို ခံစားရှူရှိုက်နေလေသည်။
ချူဖုန်း မြင်တွေ့လိုက်ရသည်မှာ အတော်ကိုးရိုးကားယားနိုင်သောမြင်ကွင်းမျိုးပင်။ ၎င်းသည် နွားပေါက်လေးတစ်ကောင်ဖြစ်သော်လည်း လူသားတစ်ဦး၏အမူအရာမျိုးရှိနေသည်။ ၎င်းသည် ရေချိုးကန်ထဲတွင် တင်ပလ္လင်ခွေထိုင်နေပြီး စည်းချက်ကျကျပင် အသက်ရှူသွင်းလိုက် ရှူထုတ်လိုက်လုပ်နေသည်။
ထိုနွားပေါက်လေ အသက်ရှူသွင်း ရှူထုတ်လုပ်နေပုံသည် ကိုးရိုးကားယားနိုင်နေသော်လည်း စည်းချက်ညီကြောင်း ချူဖုန်း သတိပြုလိုက်မိသည်။
သူသည် အလွန်စိတ်ဝင်စားနေသောကြောင့် နွားပေါက်လေးကို အချိန်အတော်ကြာငေးကြည့်နေသည်။ ထို့နောက် သူသည်လည်း နွားပေါက်လေးကဲ့သို့ပင် စည်းချက်ကျကျအသက်ရှူကြည့်ရန် ကြိုးစားလိုက်သည်။
အပိုင်း ၁၄ ပြီး၏။
BOOK . 1 // The End.