Switch Mode

Chapter – 13

နယ်နိမိတ် အပြင်ဘက်

Chapter – 13 နယ်နိမိတ် အပြင်ဘက်

ချူဖုန်းက သဘောမတူဟန်ဖြင့် ခေါင်းယမ်းလိုက်သည်။

ထိုနွားပေါက်လေး၏အရွယ်အစားသည် အန္တရာယ်ပြုနိုင်လောက်အောင်ကြီးမားသောအရွယ်အစားမျိုးမဟုတ်သော်လည်း ၎င်းသည် အခြားသူများကိုအန္တရာယ်မပြုတတ်သော သာမန်နွားပေါက်လေးမဟုတ်ကြောင်း သိသာလှသည်။ ထို့ကြောင့် ကြိုတင်စီစဥ်ထားသော အစီအစဥ်မရှိဘဲ ၎င်းကိုဖမ်းဆီးရန်ကြိုးပမ်းခြင်းက အလွန်အန္တရာယ်များလွန်းသောလုပ်ရပ်မျိုးသာ ဖြစ်သည်။

ထိုရွှေရောင်နွားပေါက်လေးသည် အလွန်ပျော်ရွှင်မြူးထူးနေပုံပေါ်သည်။ အန္တရာယ်များသောနယ်နိမိတ်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ပြီးနောက် နွားပေါက်လေးသည် ဦးခေါင်းကိုဘယ်ညာယိမ်းပြီး အမြီးကိုယမ်းခါကာ ​ခုန်ဆွခုန်ဆွလုပ်ရင်း စိတ်လှုပ်ရှားပျော်ရွှင်စွာဖြင့် ဘွတ်အဲဟုအော်နေလေသည်။

တောင်များ၏ပြင်ပမှ ကမ္ဘာကြီးသည် ၎င်းအတွက်အလွန်ထူးဆန်းနေပုံပေါ်သည်။ ထိုနေရာတွင် အသက်ရှူမှားလောက်အောင် လှလှပပငွားငွားစွင့်စွင့်ဖူးပွင့်နေကြသော သစ်ပင်ပန်းမန်များလည်း ရှိနေသည်။

ပြင်ပကမ္ဘာသည် နွားပေါက်လေးအတွက် လုံးဝအစိမ်းသက်သက်ကမ္ဘာတစ်ခုဖြစ်သည်။ ၎င်း၏စိတ်လှုပ်ရှားပျော်ရွှင်မှုသည် တခဏအကြာတွင် ပျောက်ကွယ်သွားပြီး ထိတ်လန့်ကြောက်ရွံ့လာသည်။ ၎င်းသည် ဖြစ်လာနိုင်သမျှသောအန္တရာယ်များကို သတိထားပြီး ခြေတစ်လှမ်းချင်းဂရုတစိုက်လှမ်းနေသည်။ ၎င်းသည် ဤကမ္ဘာသစ်တွင် လုံခြုံဘေးကင်းမှုကို ခံစားရဟန်မတူပေ။

၎င်းသည် တဖြည်းဖြည်းချင်းရှေ့တိုးလာပြီး ပန်းခင်းများအနီးတွင် ခေတ္တရပ်လိုက်ကာ ခေါင်းငုံ့၍ပန်းရနံ့များကိုရှုရှိုက်ရင်း ထိုနေရာတွင်ပင် ရပ်နေလေ၏။

ထိုပန်းရနံ့သည် ၎င်းအတွက် အန္တရာယ်မရှိကြောင်း သေချာယုံကြည်သွားခါမှ သစ်ပင်များထူထပ်စွာပေါက်ရောက်နေသောနေရာဆီသို့ ဆက်လျှောက်လာသည်။

” ပန်းဝတ်မှုန် … ဓာတ်ကူပစ္စည်း ” ချူဖုန်း ရေရွတ်နေသည်။ သူသည် တစ်ခုခုကို လေးလေးနက်နက်စဥ်းစားနေ၏။

ထိုနွားပေါက်လေးသည် တစ်စုံတစ်ခုကို သက်သေပြနေသကဲ့သို့ ပန်းဝတ်မှုန်များကို အငမ်းမရစားသောက်နေသည်ကို ချူဖုန်း ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ၎င်းသည် ပန်းရိုင်းများကိုထိတွေ့ရင်း ထိုနေရာတစ်ဝိုက်တွင် စက်ဝိုင်းငယ်တစ်ခုကို ပြုလုပ်နေသည်။

မကြာသေးမီရက်များအတွင်း ကမ္ဘာကြီးတွင် ကြီးမားသောအပြောင်းအလဲများဖြစ်ပေါ်ခဲ့စဥ်က သစ်ပင်ပန်းမန်များတဟုန်ထိုးပွားများပေါက်ရောက်လာခြင်းက အသိသာဆုံးမြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။ ထိုသစ်ပင်များမှ ပုံမှန်မဟုတ်သောပန်းများနှင့် အဖူးအငုံများပွင့်လာခဲ့သည်။

စက်ဝိုင်းပုံစံတစ်ခုပြုလုပ်နေရင်းဖြင့် နွားပေါက်လေး၏ခန္ဓာကိုယ်မှ ရွှေရောင်မီးတောက်များထွက်ပေါ်လာသည်။

” ဘွတ်အဲ ”

နွားပေါက်လေးသည် ကြောက်ရွံ့နေဟန်ရှိပြီး ကျယ်လောင်စွာအော်လိုက်သည်။ ယခင်ကဖြစ်ရပ်များကို မြင်တွေ့ခဲ့ရသူများ၏အမြင်အရ ရွှေရောင်မီးတောက်သင်္ကေတ၏ ထိုတိရစ္ဆာန်၏သေဆုံးမှုကို ရည်ညွှန်းခြင်းပင်။ နောက်ဆုံးတွင် နွားပေါက်လေးသည်လည်း သေခြင်းတရားမှ မလွတ်မြောက်နိုင်ခဲ့ပေ။

တောင်၏အပြင်ဘက်နယ်နိမိတ်အနီးတွင် မျက်လုံးများက စောင့်ကြည့်နေကြဆဲဖြစ်သည်။

” အဲ့အကောင်လည်း သေတော့မှာလား ” ကျိုးကွမ် အံ့သြနေ၏။

တောက်လောင်နေသောမီးတောက်များက နွားပေါက်လေး၏ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်သည်။ ထိုနွားပေါက်လေးသည် ထိတ်လန့်ကြောက်ရွံ့ပြီး ခြေဦးတည့်ရာလျှောက်ပြေးနေသော်လည်း သေခြင်းတရားကိုရှောင်လွှဲရန်မဖြစ်နိုင်ပေ။ ၎င်းသည် မီးတောက်များထဲမှလွတ်ရန် ၎င်း၏သားမွေးများနှင့် ခန္ဓာကိုယ်ကို လှုပ်ယမ်းနေသည်။

သို့သော် ဤအကြိမ်မြင်ကွင်းက တစ်မူကွဲပြားစွာအဆုံးသတ်သွားသည်။ နွားပေါက်လေးသည် ပြာမှုန်များဖြစ်မသွားပေ။ မီးသည် အစပိုင်းတွင်သာလောင်ကျွမ်းသဖြင့် နွားပေါက်လေးသည် ထိခိုက်ဒဏ်ရာပင်မရှိဘဲ အန္တရာယ်ကင်းကင်းရှိနေသည်။

” ဝေါင်း ”

ရုတ်တရက် တောင်ပေါ်မှသားရဲတို့၏ဟိန်းဟောက်သံများ ပျံ့လွင့်လာသည်။ ကျန်ရှိနေသေးသောသားရဲများနှင့် အသားစားငှက်များသည် တောင်၏အပြင်ဘက်နယ်နိမိတ်အနီးတွင် စုစုရုံးရုံးဖြစ်လာပြန်သည်။ ၎င်းတို့သည် ထိုနေရာမှ လွတ်မြောက်လိုကြသည်။

ချူဖုန်းသည် နားကိုလက်ဖြင့်အုပ်ထားသော်လည်း နှလုံးတုန်ဖွယ်ဟိန်းဟောက်သံများကို ကြားနေရဆဲပင်ဖြစ်သည်။ ကျိုးကွမ်၏အခြေအနေက ချူဖုန်းထက်ပိုဆိုးနေသည်။ သူသည် မူးမိုက်သွားပြီး လေကိုအငမ်းမရရှူနေရသည်။

သေမင်းမှနှုတ်ခမ်းဝမှကျော်ဖြတ်လာနိုင်ခဲ့ပြီးနောက် နွားပေါက်လေးသည် စိုးစဥ်းမှထိတ်လန့်ကြောက်ရွံ့ဟန်မရှိတော့ပေ။ ၎င်းသည် မြေပေါ်တွင်ခြေလှမ်းပြင်းပြင်းနင်းရင်း အနိုင်ရသွားသူတစ်ဦး၏ဟန်ပန်မျိုးဖြင့် ပျော်ရွှင်ကျေနပ်နေလေသည်။

ထိုနွားပေါက်လေး၏အောင်မြင်မှုကြောင့် ဒါဇင်ဝက်မျှရှိသောအခြားသားရဲများသည်လည်း ပုန်းအောင်းနေရာမှ ပြေးထွက်လာကြသည်။ အချို့က အတောင်များကိုဖြန့်ရင်း … အချို့ကခွာများဖြင့် တဟုန်ထိုးပြေးလာကြရင်း …

ထိုအချိန်တွင်လေရူးတစ်ချက်ဝှေ့သွားပြီး သစ်ပင်များလှုပ်ယမ်းသွားကာ သစ်ရွက်များပါကြွေကျလာသည်။

သို့သော် သားရဲများကပြေးထွက်လာနေကြဆဲပင်။ ၎င်းတို့၏ခန္ဓာကိုယ်များသည် တောင်၏နယ်နိမိတ်ကို ဖြတ်ကျော်လိုက်သည်နှင့်တစ်ပြိုင်နက် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့်ခြေလက်များသည် ပြာမှုန်များအဖြစ်တစ်စစီဖြစ်သွားကြလေသည်။

နောက်ဆုံးတွင် တစ်ဖန်ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားပြီး သားရဲများနှင့်အသားစားငှက်များကို မတွေ့ရတော့ချေ။

ရွှေရောင်နွားပေါက်လေးကမူ ပျော်ရွှင်မြူးထူးစွာဖြင့် အသက်ရှင်နေဆဲပင်။ ၎င်းသည် ၎င်း၏အောင်မြင်မှုကို ပီတီဖြစ်နေဟန်နှင့် အမြီးကိုလှုပ်ယမ်းနေသည်။ သို့သော် ၎င်း၏အပြုအမူများက ချူဖုန်းနှင့်ကျိုးကွမ်ကို ထိတ်လန့်စေသည်။

ထိုနွားပေါက်လေးတွင် လူသားတစ်ယောက်ကဲ့သို့ အမူအကျင့်များရှိသည်။ ၎င်းသည် နောက်ခြေထောက် ၂ ချောင်းကိုယှက်၍ မြေပေါ်တွင် ထိုင်ချလိုက်သည်။ ထိုနေရာတွင်ပင် တသမတ်တည်းထိုင်ကာ ဟိုဟိုဒီဒီယိမ်းထိုးနေသည့် ကိုယ်နေဟန်ထားက ကိုးရိုးကားရားနှင့် သက်တောင့်သက်သာမရှိဟန်ပေါ်နေသော်လည်း ၎င်းက အမြင်တင့်တယ်ပြီး ဟန်ချက်မပျက်အောင်ထိန်းထားနိုင်သည်။

ထို့နောက် ၎င်း၏လက် ၂ ဖက်ကိုမြှောက်လိုက်သည်။ တစ်ဖက်က ကောင်းကင်သို့ညွှန်ထားပြီး တစ်ဖက်က အောက်ဘက်သို့ညွှန်ထားသည်။ ပါးစပ်မှလည်း ဘေးလူမကြားနိုင်လောက်သောအသံမျိုးဖြင့် တတွတ်တွတ်ရေရွတ်နေသည်။ ” ဘွတ်အဲ … ဘွတ်အဲ … ဘွတ်အဲ … ”

” အဲ့အကောင်က ဘာလုပ်နေတာလဲ။ ဗုဒ္ဓကျမ်းဂန်အချို့ထဲကလို ပြုမူနေတာလား ” ကျိုးကွမ်သည် ထိုနွားပေါက်လေးကိုကြည့်ရင်း ကြောက်ရွံ့နေသည်။

” ဒီနတ်ဘုရားလိုသတ္တဝါက ဗုဒ္ဓရုပ်ပွားတော်လိုလက်ဟန်အမူအရာလုပ်နေတာကို ငါ ယုံတောင်မယုံနိုင်ဘူး။ အဲ့အကောင်ကိုကြည့်လိုက်။ လက်တစ်ဖက်ကအပေါ်ကိုညွှန်ထားတယ် တစ်ဖက်က အောက်ကိုညွှန်ထားတယ်။ သူ့ရဲ့ လက်ဟန်အမူအရာက ” ငါသည် ကောင်းကင်ဘုံနှင့် ကမ္ဘာကြီးတွင် ကြီးမြတ်သူတစ်ဦးဖြစ်သည် ” ဆိုတဲ့ ဆိုစကားလိုပဲ ” ကျိုးကွမ်က ထိုနွားပေါက်လေးကိုကြည့်ရင်း ပြောနေသည်။

နွားပေါက်လေးတစ်ကောင်အနေဖြင့် ထိုကဲ့သို့သောလက်ဟန်အမူအရာမျိုးကိုပြုလုပ်နိုင်ခြင်းက ကျိုးကွမ်ကို ထိတ်လန့်အံ့သြစေ၏။

ကျိုးကွမ်သည် ချူဖုန်းကို တံတောင်ဖြင့်အသာတွတ်လိုက်ပြီး ” ငါတို့အဲ့အကောင်လေးကို ဖမ်းနိုင်မယ်ထင်တယ်။ ဘာဖြစ်ဖြစ် အဲ့တာက နွားပေါက်လေးတစ်ကောင်ပဲလေ။ ဖမ်းရမခက်လောက်ပါဘူး ”

ကျိုးကွမ်၏စကားပင်မဆုံးသေးမီ ရွှေရောင်နွားပေါက်လေးက ခြုံထဲတွင်ပုန်းနေသော သူတို့နှစ်ဦးထံသို့ ဦးတည်ပြီးလျှောက်လာလေသည်။

” ဟာ ငါတို့ကိုတွေ့သွားပြီ ” ကျိုးကွမ် အံ့အားသင့်သွားသည်။

” ငါ့စကားကိုနားထောင်ဦး။ အလျင်စလိုမလုပ်နဲ့ ” ဟု ချူဖုန်းက ပြောလိုက်သည်။ ဤကဲ့သို့သော နတ်ဘုရားမျိုးနွယ်တိရစ္ဆာန်မျိုး၏ စွမ်းအားသည် မခန့်မှန်းနိုင်လောက်အောင် အလွန်ကြီးမားလိမ့်မည်ဟု ချူဖုန်း ထင်သည်။ အကောင်ပေါက်လေးများကဲ့သို့ဖြစ်နေသော ၎င်းတို့၏သွင်ပြင်က ထိုသတ္တဝါများ၏ အကြီးအကျယ်ဖျက်ဆီးတတ်သည့် စွမ်းအားအစစ်အမှန်များကို ဖုံးကွယ်ထားသော လှည့်ဖြားဟန်ဆောင်မှုတစ်ခုသာဖြစ်နိုင်သည်။

နွားပေါက်လေးသည် ဒေါသတကြီးနှာမှုတ်ရင်း ခြေလှမ်းနှေးနှေးဖြင့် ကျိုးကွမ်ဆီသို့လျှောက်လာသည်။ ထို့နောက် ရုတ်တရက် ကျိုးကွမ်၏အိတ်ကို သွားဖြင့် ဆတ်ခနဲဆွဲလုလိုက်ပြီး အဝေးသို့လွှင့်ပစ်လိုက်၏။

” မင်း ငါ့ကိုနောက်နေတာလား။ ငါ့ကိုဓားပြတိုက်ဖို့ကြိုးစားနေတာလား ကောင်စုတ်လေး။ ငါ့ပစ္စည်းတွေကို ဘယ်သူမှ လုမရစေရဘူး ” ကျိုးကွမ်က ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။ သူသည် အိတ်ကို ရှောင်တခင်ပြန်လုလိုက်ပြီး ကျောတွင်လွယ်ထားလိုက်ကာ နွားပေါက်လေးကိုထိန်းချုပ်ရန် ၎င်း၏ကျောပေါ်သို့ စွေ့ခနဲခုန်တက်လိုက်သည်။

ကံမကောင်းစွာဖြင့် သူသည် နွားပေါက်လေးကို မယှဥ်နိုင်ခဲ့ပေ။ နွားပေါက်လေးသည် ဖက်တီးကျိုးကွမ်ထက် ပို၍လျင်မြန်သွက်လက်သည်။ ၎င်းသည် ကျိုးကွမ်ကို ကျောပေါ်မှခါချလိုက်ပြီး နောက်ခြေကိုထောက်၍ ကျိုးကွမ်၏မျက်နှာကို ခွာဖြင့်ထိုးနှက်လေသည်။ ကျိုးကွမ်သည် ညည်းညူသံပင်မထွက်နိုင်ဘဲ ဟန်ချက်ပျက်ပြီး နွားပေါက်လေး၏ကျောပေါ်မှပြုတ်ကျလာလေသည်။

ကျိုးကွမ်စိတ်ရှုပ်ထွေးသွားသည်။ နွားပေါက်ငယ်လေးတစ်ကောင်တွင် ဤမျှကောင်းမွန်သောတိုက်ခိုက်စွမ်းရည်ရှိနေလိမ့်မည်ဟု သူထင်မထားမိပေ။ သူကဲ့သို့အရပ် ၆ ပေ ရှည်သောလူတစ်ယောက်ကို ထိုနွားပေါက်လေးက ချက်ချင်းကန်ထုတ်လိုက်နိုင်ခြင်းကို သူပိုပြီးအံ့သြမိသည်။ ကျိုးကွမ်သည် စိတ်တိုနေပြီး ရှက်ရှက်နှင့် အမြန်ထလိုက်သည်။

” ငါ မင်းကိုဖမ်းဖို့လာပြီ ကောင်စုတ်လေး ” ကျိုးကွမ်သည် နွားပေါက်လေးဆီသို့ တဟုန်ထိုးပြေးသွားကာ ၎င်း၏ချိုကို ဆွဲကိုင်ရင်း အပြန်အလှန်တိုက်ခိုက်ကြလေတော့သည်။

ချူဖုန်းသည် ထိုမြင်ကွင်းကိုကြည့်ရင်း ဆွံ့အနေသည်။ သူသည် အနက်ရောင်ဓားမြှောင်ကိုဆွဲထုတ်ပြီး ကျိုးကွမ်အနိုင်ရအောင်ကူညီပေးရန် ပြင်ဆင်ထားခဲ့သည်။

သို့သော် ယခုမူ ထိုသို့မပြုလုပ်ရန်ဆုံးဖြတ်လိုက်၏။ နွားပေါက်လေးသည် ကျိုးကွမ်ကို သတ်ဖြတ်လိုစိတ်မရှိကြောင်း သူသတိထားလိုက်မိသည်။ ထိုနွားပေါက်လေး၏ တလက်လက်တောက်ပနေသောဧရာမမျက်လုံးအစုံက ၎င်းကို ဝိညာဥ်ပိုင်းဆိုင်ရာစွမ်းရည်ရှိသော ကောင်းကင်ဘုံသက်ရှိတစ်ဦးနှင့် ပို၍တူစေသည်။

ချူဖုန်း၏အမြင်အရ ထိုနွားပေါက်လေးသည် တောရိုင်းသားရဲတစ်ကောင်မဖြစ်နိုင်။ ကျိုးကွမ်ကဲ့သို့ ဉာဏ်ရည်မြင့်လူသားတစ်ဦးနှင့် ထိပ်တိုက်တွေ့သောအခါတွင်ပင် အတော်အတန်ယဥ်ကျေးစွာပြုမူခဲ့သည်။

သို့သော် ကျိုးကွမ်တိုက်ခိုက်ခံနေရသည်ကို အေးအေးဆေးဆေးထိုင်ကြည့်နေခြင်းသည်လည်း မသင့်လျော်ပေ။ ထို့ကြောင့် ချူဖုန်းသည် အမြန်ပြေးသွားကာ နွားပေါက်လေးကိုထိန်းချုပ်နိုင်ရန် ၎င်း၏ချိုကိုဆွဲထားလိုက်သည်။

” ဒီကောင်က ငါ့အိတ်ထဲက အသီးကိုရချင်တာထင်တယ် ” ဟု ကျိုးကွမ်က အော်ပြောလိုက်သည်။

နွားပေါက်လေးသည် ၎င်း၏အင်အားကြီးမားမှုကို တိုက်ပွဲတွင်ကောင်းကောင်းအသုံးချနေသည်။ ၎င်းသည် နောက်ခြေကိုထောက်ပြီးမတ်တပ်ရပ်ကာ အင်အားအကုန်သုံး၍ ရှေ့ခြေဖြင့်ကျိုးကွမ်ကို အစွမ်းကုန်တိုက်ခိုက်နေသည်။ ကျိုးကွမ်ခမျာ ဟန်ပုံမရ။ လဲကျပြီးရင်း လဲကျနေရှာသည်။

ထို့ကြောင့် ကျိုးကွမ်ဒေါသအမျက်ခြောင်းခြောင်းထွက်လာသည်။ သူ့မျက်နှာကိုလက်သီးဖြင့်အထိုးခံရရုံသာဆိုလျှင်ပင် ကျိုးကွမ် ဤမျှဒေါသထွက်မည်မဟုတ်။ သို့သော် ယခုပွဲသည် သူနှင့်နွားပေါက်လေးတို့၏ သွေးထွက်သံယိုတိုက်ပွဲဖြစ်ပြီး ပွဲစဥ်တိုင်းတွင် သူကသာ အပြတ်အသတ်ရှုံးနိမ့်နေသည်။ ဉာဏ်ရည်မြင့်လူသားတစ်ယောက်အနေနှင့် ထိုသို့အရှက်ရဖွယ်ရှုံးနိမ့်မှုမျိုးကို သူလက်မခံနိုင်။ ထို့ကြောင့် သူ လဲကျသွားချိန်တိုင်း ပြန်ပြီးထလာသည်။

ချူဖုန်းလည်း ကူညီပေးရန်ရောက်လာသည်။ သူသည် နွားပေါက်လေး၏ချိုများကို အားစိုက်၍ဆွဲကာ ၎င်းကို ကျိုးကွမ်နှင့်ဝေးရာသို့ တွန်းလွှတ်လိုက်သည်။

နွားပေါက်လေးသာ အထိန်းအကွပ်မဲ့သွားလျှင် ၎င်း၏ချွန်မြနေသောဦးချိုများဖြင့် ကျိုးကွမ်၏ခန္ဓာကိုယ်တွင် အပေါက်တစ်ခုဖြစ်အောင် လွယ်လင့်တကူပြုလုပ်နိုင်ကြောင်း ချူဖုန်းသိသည်။ သို့သော် ကံကောင်းထောက်မစွာဖြင့် ထိုရွှေရောင်နွားပေါက်လေးတွင် ထိုသို့သောသွေးဆိုးများရှိပုံမပေါ်ချေ။ ၎င်းသည် တိုက်ပွဲတစ်လျှောက်လုံးတွင် ထိန်းထိန်းသိမ်းသိမ်းသာ တိုက်ခိုက်ခဲ့သည်။

ကျိုးကွမ်ကမူ ဒေါသထွက်နေဆဲပင်။ နွားပေါက်လေးက သူ့ကိုကြည့်ရင်း သရော်တော်တော်ပြုံးဖြဲဖြဲလုပ်နေသည်ကို သူ တွေ့လိုက်ရသည်။

” သွားသေလိုက်စမ်း ” ကျိုးကွမ်သည် အလွန်ဒေါသူပုန်ထနေသည်။ ” မင်း ဘာလိုချင်တာလဲ။ မင်း ငါ့ကိုအလဲထိုးနိုင်ခဲ့ပြီးပြီ။ အခု ဘာလဲ။ မင်းက ငါ့ကိုရယ်ချင်တာလား။ ဟမ် ? တိုက်ပွဲမှာ အလိုအလျောက်နိုင်သွားတာက မင်းအတွက် ကျေနပ်စရာမကောင်းသေးလို့လား။ ငါ့ကိုသိက္ခာကျအောင်လုပ်ပြီး အရှက်ခွဲဖို့လိုသေးတာလား။ ငါပြောမယ် … သစ်စိမ်းချိုးအချိုးခံလိုက်ရတဲ့မိန်းမရဲ့ဒေါသထက် ပိုဆိုးတာမရှိဘူးတဲ့။ ငါက မိန်းမတစ်ယောက်တော့မဟုတ်ဘူး ဒါပေမယ့် မင်းရဲ့ရူးကြောင်ကြောင််မျက်နှာပေါ်မှာ အဲ့ဒီရူးကြောင်ကြောင်အပြုံးဆက်ရှိနေဦးမယ်ဆိုရင် မင်း သေတဲ့အထိဆက်ပြီးတိုက်ခိုက်နေဦးမှာ ”

နွားပေါက်လေးသည် ကျိုးကွမ်၏စကားများကို ဂရုထားဟန်ပင်မပေါ်။ ကျိုးကွမ်၏ အိတ်ထဲမှ မွှေးပျံ့သောရနံ့ရှိသည့်အနီရောင်အသီးကိုသာ ရှာနေလေသည်။

ထိုအပြုအမူက ကျိုးကွမ်၏ဒေါသကို အထွတ်အထိပ်သို့ရောက်သွားစေသည်။ ထို့ကြောင့် သူသည် နွားပေါက်လေး၏ခေါင်းကို တွန်းပစ်လိုက်သည်။ ကျိုးကွမ်သည် သူ့အိတ်ထဲမှ အသီးကိုစားလိုက်၍ဖြစ်လာမည့်ရလဒ်ကို အမြဲသံသဃဝင်နေခဲ့သော်လည်း ကြိုးစားမကြည့်ဘဲလက်မလျှော့ချင်ခဲ့ပေ။ အတောင်များပေါက်လာသောလူသည် အခြားသူများ၏အမြင်တွင် ထူးဆန်းနေနိုင်သော်လည်း ထိုလူသည် ပြိုင်ဖက်ကင်းသောစွမ်းအားဖြင့် မငြင်းနိုင်လောက်အောင်ပြည့်စုံသည့် ထူးခြားစွမ်းရည်ရှိလူသားတစ်ဦးပင် ဖြစ်သည်။ ထိုသူသည် အခြားလူသားများအားလုံးထက် ပိုပြီးစွမ်းအားကြီးမည်မှာ အသေအချာပင်။

ချူဖုန်းက ကျိုးကွမ်ကိုကူညီသည့်အနေဖြင့် အိတ်ထဲသို့ ခေါင်းဝှေ့၍ရှာနေသော နွားပေါက်လေး၏ခေါင်းကိုကူမပေးလိုက်သည်။ သူသည် ထိုအသီးကိုစားမည့်ကျိုးကွမ်၏အကြံကို ကန့်ကွတ်ခဲ့သော်လည်း တခြားတစ်ယောက်က သူ့မိတ်ဆွေထံမှ ထိုအသီးကိုလုယူသွားသည်ကိုတော့ အေးအေးဆေးဆေးထိုင်ကြည့်မနေနိုင်။

သို့သော် နွားပေါက်လေးကလည်း အတော်ခေါင်းမာသည်။ ချူဖုန်းတို့တားနေသည့်ကြားမှပင် ထိုအသီးကိုဆက်ရှာနေဆဲဖြစ်သည်။

” ပလွတ် ”

ထိုအနီရောင်လက်နေသည့်အသီး၏ အပေါ်ယံအနီရောင်အကာကွာကျသွား၍ ပတ်ဝန်းကျင်တစ်ခွင်တွင် အနီရောင်အလင်းတန်းများထွက်ပေါ်လာပြီး မွှေးကြိုင်စူးရှသောအနံ့ကလည်း လေထဲတွင်ပျံ့နှံ့လာ၏။

ထိုအသီးကို နွားပေါက်လေးမျိုချလိုက်ပြီဟု ထင်ထားခဲ့သောကြောင့် ချူဖုန်းအံ့သြသွားသည်။

သို့သော် သူ ကျိုးကွမ်ကို တောင်းပန်ဟန်ဖြင့်ငုံ့ကြည့်လိုက်သောအခါ ကျိုးကွမ်သည် မြေပေါ်တွင်လဲနေပြီး အပြင်းအထန်ချောင်းဆိုးနေသည်ကို တွေ့လိုက်ရသည်။ ကျိုးကွမ်၏မျက်နှာသည်ရဲတွတ်နေပြီး ရင်ဘတ်ကိုလက်ဖြင့်ထုရိုက်နေသည်။

ကျိုးကွမ်သည် သေရေးရှင်ရေးအခြေအနေမျိုးတွင် အလွန်သတ္တိရှိသူတစ်ဦးဖြစ်သည်။ သူသည် ထိုအသီးကို သူ့ပါးစပ်ထဲသို့ ဆတ်ခနဲထည့်လိုက်ပြီး တစ်ခါနှစ်ခါမျှဝါးလိုက်ပြီး ကြာကြာမစဥ်းစားတော့ဘဲ မျိုချပစ်လိုက်သည်။ အစေ့များကိုပင် ထွေးထုတ်ရန်အချိန်မရှိလိုက်သဖြင့် သေလုနီးပါးအသက်ရှူကြပ်နေလေသည်။

ရွှေရောင်နွားပေါက်လေးသည် ၎င်း၏ရှေ့ခြေများကို ပြန်ချလိုက်သည်။ ၎င်းသည် ကျိုးကွမ်နှင့်ယှဥ်ပြိုင်တိုက်ခိုက်ရန် စိတ်မဝင်စားတော့ပေ။ ​ထိုအသီးသည် ၎င်းအတွက်စိတ်ဝင်စားစရာတစ်ခုဖြစ်၍ ထိုအသီးကိုစားလိုက်သောကျိုးကွမ်ကို ဒေါသထွက်နေဟန်ဖြင့် ကြည့်နေလေသည်။

ကံကောင်းထောက်မ၍ ထိုနွားပေါက်လေးသည် ရက်စက်ကြမ်းကြုတ်သောတိရစ္ဆာန်မဟုတ်ချေ။ အရာအားလုံးက ၎င်းအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်နေသော်လည်း ၎င်းသည် စိတ်ထိန်းပြီးတည်ငြိမ်စွာရပ်နေသည်။

” ရေ … ငါ့ကိုရေပေး ” ဟု ကျိုးကွမ်က အော်လိုက်၏။

ချူဖုန်းသည် ကျိုးကွမ်ကို မြေပေါ်မှထူလိုက်ပြီး ရေတစ်ဘူးပေးကာ နောက်ကျောကိုခပ်ဖွဖွရိုက်ပေးလိုက်သည်။ ကျိုးကွမ်၏အသက်ရှူနှုန်းသည် ပုံမှန်ပြန်ဖြစ်လာပေပြီ။

” အဲ့အသီးကို လာယူလိုက်လေ။ ဘာလဲ မတွေ့တော့လို့လား။ ဟုတ်တာပေါ့ ငါအဲ့တာကို စားလိုက်ပြီလေ။ အဲ့ဒီအသီးက ဒီမှာ ငါ့အစာအိမ်ထဲမှာ ” ကျိုးကွမ်က နွားပေါက်လေးကို မထီမဲ့မြင့်ကြည့်ရင်း အော်ပြောလိုက်သည်။ သူသည် အတော်ဒေါသထွက်နေဆဲဖြစ်သည်။ ” မင်းလိုအကောင်ပေါက်လေးကများ ငါနဲ့တိုက်ခိုက်ရဲတယ်။ မင်းက စိတ်အနှောင့်အယှက်ဖြစ်စရာသတ္တဝါပဲ ”

” ဟေး ဟေး ဟေး နွားပေါက်လေးတစ်ကောင်ကို အော်မနေပါနဲ့တော့။ အသီးက ဘယ်လိုလဲ။ အရသာရှိလား။ အခု ဘယ်လိုခံစားရလဲ ” ချူဖုန်းက မေးလိုက်သည်။ သူသည်စိိုးရိမ်ပူပန်မှုကြောင့် မျက်လုံးများပင်ပြူးနေသည်။

” အသီးရည်က တော်တော်အရသာရှိတယ်။ ဒါပေမယ့် အဲ့ဒီအရသာကို ငါသေချာအရသာမခံနိုင်ခဲ့ဘူး။ ရှက်စရာပဲ ” ကျိုးကွမ် နောင်တရနေသည်။

” ဒါပေမယ့် ငါနည်းနည်းအေးလာသလိုခံစားရတယ်။ ငါ့ခန္ဓာကိုယ်ထဲမှာ တောက်လောင်နေတဲ့အားတစ်မျိုး ရှိနေသလိုပဲ ” ကျိုးကွမ်က မျက်စိမှိတ်ရင်း ထိုခံစားချက်ကို အာရုံခံကြည့်နေသည်။

ထိုအချိန်တွင် နွားပေါက်လေးသည် ကျိုးကွမ်ကို စိတ်ဆိုးနေဟန်ဖြင့် ခပ်စိန်းစိန်းစိုက်ကြည့်နေလေသည်။ ထို့နောက် ကျိုးကွမ်၏လက်ထဲမှ အရောင်တလက်လက်တောက်နေသော အစိမ်းရောင်အပင်ဆီသို့ အာရုံပြောင်းသွားသည်။ ပုံမှန်ဆိုလျှင် ထိုအပင်သည် သာမန်အပင်ငယ်လေးသာဖြစ်နိုင်သော်လည်း ထိုအပင်မှအနီရောင်အသီးသီးလာချိန်မှစ၍ ၎င်းအပင်သည်လည်းသာမန်မဟုတ်တော့ပေ။ နွားပေါက်လေးသည် တရှူးရှူးတရှဲရှဲနှာမှုတ်ရင်း ဒေါသထွက်လာပုံပေါက်လာသည်။

” ဒါကိုလည်း ငါ့ဆီကနေခိုးချင်တာလား ” ကျိုးကွမ်ကလည်း ထိုနွားပေါက်လေးကို စိန်းစိန်းဝါးဝါးပြန်ကြည့်လိုက်သည်။ သူသည် စကားပြောနေရင်းဖြင့် အရွက်များကို ရိုးတံများခြွေလိုက်ပြီး ပါးစပ်ထဲထည့်ကာ အတင်းဝါးစားလိုက်သည်။

” အဲ့တာတွေက မြက်တွေလေ။ စားလို့မရဘူး။ စိတ်လျှော့စမ်းပါဦး။ မင်းနဲ့ ဟိုနွားပေါက်လေးက ပြိုင်ဖက်တွေမှမဖြစ်နိုင်တာ ” ချူဖုန်းက ကျိုးကွမ်ကို သတိပေးလိုက်သည်။

” အဟွတ် အဟွတ် ခါးလိုက်တာ အတော်အရသာဆိုးတာပဲ ” ကျိုးကွမ်သည် စောစောကအကြိတ်အနယ်တိုက်ခိုက်ပွဲကြောင့် သူ၏ဦးခေါင်းတွင် ပြဿနာဖြစ်သွားသည်ဟု ထင်လိုက်သည်။ ထိုသို့မဟုတ်လျှင် ယခုလိုရူးကြောင်ကြောင်စိတ်ကူးမျိုးကို အဘယ်ကြောင့်ကျူးလွန်မည်နည်း။ သူသည် မည်သောအခါကမှ မည်သည့်အကြောင်းကြောင်းမှ မြက်များကိုမစားခဲ့ဖူးပေ။

နွားပေါက်လေးက ကျိုးကွမ်ကို ဒေါသထွက်နေဟန်ဖြင့်ကြည့်နေဆဲပင်။ ၎င်း၏နှာခေါင်းနှင့်နားရွက်များမှ အဖြူရောင်အငွေ့များထွက်လာသည်။ ကျိုးကွမ်၏ကလေးဆန်သောအပြုအမူများက ၎င်း၏ဒေါသကိုအထွတ်အထိပ်သို့ရောက်အောင် ပြုလုပ်ခဲ့ခြင်းပေတည်း။

” ဟုတ်ပြီ အဲ့မှာပဲနေ။ ငါ့ကိုရန်လာမစတော့နဲ့။ တကယ်လို့ ငါ ဒါကိုမင်းကိုပေးလိုက်ရင် မင်း ကျေနပ်မှာလား ” ကျိုးကွမ် အနည်းငယ်သနားသွားဟန်တူသည်။ သူသည် အရောင်တလက်လက်တောက်နေသော အစိမ်းရောင်အပင်အား နွားပေါက်လေးကို လှမ်းပေးလိုက်သည်။

နွားပေါက်လေးသည် ထိုအစိမ်းရောင်အပင်ကို တစ်ကိုက်ထဲဝါးစားပစ်လိုက်ရာ ကျိုးကွမ်၏လက်ကိုပင် ကိုက်မိလုနီးပါးဖြစ်သွားသည်။ ကျိုးကွမ်ပင်လျှင် ထိုအပင်ကိုအမြန်လွှတ်ချလိုက်ပြီး နောက်သို့ပြန်ဆုတ်လိုက်ရသည်။

” မင်းလည်း အဲ့ဒီအပင်ကိုစားပြီးပြီ။ ဒီတော့ ငါ့ကိုစိတ်ဆိုးပြီးကြည့်မနေနဲ့တော့။ မင်းရဲ့နားရွက်နဲ့နှာခေါင်းထဲကနေ အဖြူရောင်အငွေ့တွေထုတ်နေတာကိုလည်း ရပ်လိုက်တော့။ မင်း ဘာကိုစိတ်ဆိုးနေတာလဲ။ ငါက မင်းကြောင့် ခြေတွေလက်တွေကျိုးမလို့ဖြစ်သွားရတဲ့လူလေ ”

ရွေရောင်နွားပေါက်လေး ပြန်ငြိမ်သွားသည်။

” မင်း ငါတို့ပြောနေတာကိုနားလည်လား ” ချူဖုန်းသည် ၎င်းနှင့်ဆက်သွယ်ကြည့်ချင်နေသည်။ တိုင်ဟန်းတောင်တွင်ဖြစ်ပျက်နေသော ပြောင်းလဲမှုများအကြောင်းကို သူပိုပြီးသိချင်နေသည်။ ဤနွားပေါက်လေးသည် တောင်များထဲမှထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့ကြောင့် ပြောင်းလဲမှုများနှင့်ပတ်သက်သော အမှန်တရားကို ၎င်းသိနေနိုင်သည်။

ရွှေရောင်နွားပေါက်လေးက ခေါင်းလည်းမခါ ခေါင်းလည်းမညိတ်။ ချူဖုန်းကိုကြည့်ပြီး အကဲခတ်နေဟန်တူသည်။

” သူက မင်းပြောတာကို နားမလည်ဘူး။ မင်းလည်း ငါ့လိုလုပ်ကြည့် ” ကျိုးကွမ်သည် မြက်တစ်ဆုပ်ကိုယူလိုက်ပြီး ဉာဏ်နီဉာဏ်နက်များရှိနေသည့်အပြုံးမျိုးဖြင့် ထိုနွားပေါက်လေးအနားသို့ ချဥ်းကပ်သွားသည်။ ” ဟေး နွားပေါက်လေး လာစားလေ။ ငါတို့အချင်းချင်း ရင်းနှီးမှုယူရအောင်။ ငါ မင်းကို ဒီလိုလတ်လတ်ဆတ်ဆတ်မြက်တွေ တစ်နေ့လုံးကျွေးမယ်လေ။ အဲ့လိုဆိုရင် နောက်ကျ ငါ မင်းကို စီးလို့ရမလား။ ဘယ်လိုလဲ ”

နွားပေါက်လေးသည် ခေါင်းထောင်လာပြီး ပေစောင်းစောင်းကြည့်လိုက်သည်။ ၎င်း၏အကြည့်က ကျိုးကွမ်အား သူ၏တည်ရှိမှုကို မေးခွန်းထုတ်စေသယောင်။

စက်ဆုပ်အထင်သေးမှုအပြည့်ဖြင့် နှိမ့်ချစွာကြည့်လိုက်သော အကြည့်မျိုးဖြစ်၏။

” ချူဖုန်း တွေ့လား ” ကျိုးကွမ်က ချူဖုန်းကို​မေးသည်။ ” ဒီမလောက်လေးမလောက်စားအကောင်ပေါက်လေးက ငါ့ကိုအထင်သေးနေတယ်ဆိုတဲ့ ပေါကြောင်ကြောင်ခံစားချက်မျိုးကို ငါ ဘာလို့ခံစားနေမိပါလိမ့်။ အဲ့ဒီအကောင်က ဘာလို့ ငါ့ကိုအရူးတစ်ယောက်လိုပုံစံမျိုးနဲ့ ကြည့်နေတာလဲ ”

” မင်းပြောတာဟုတ်တယ် ” ချူဖုန်း ခေါင်းညိတ်လိုက်သည်။

” ငါ ဒီသောက်ကျိုးနည်းနွားပေါက်လေးဆီကနေ မထီလေးစားလုပ်ခံလိုက်ရတာလား ” ကျိုးကွမ် ဒေါသူပုန်ထလာသည်။

သူသည် နွားပေါက်လေးကို လက်ညှိုးထိုးပြီး ” မင်း ငါ့မြက်တွေကိုစားလိုက်ပြီမလား။ အဲ့တော့ အခုကနေစပြီး မင်းမှာ ငါ့ရဲ့စီးတော်ယာဥ်လုပ်ဖို့ တာဝန်ရှိသွားပြီ။ ငါပြောတာကြားလား ” ဟု ပြောလိုက်သည်။

” ဝှစ် ”

ကျိုးကွမ်တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ ရွှေရောင်နွားပေါက်လေးက သူ့နောက်တွင်ပေါ်လာသည်။ ထိုနွားပေါက်လေးသည် ပတပ်ရပ်လိုက်ပြီး ၎င်း၏ရှေ့ခြေများကို ကျိုးကွမ်၏ပခုံးပေါ်သို့တင်လိုက်ကာ ၎င်း၏ဝတုတ်တုတ်ခြေချောင်းများဖြင့် ကျိုးကွမ်၏လည်ပင်းကို သိုင်းဖက်ထားလေသည်။

” shit ” ကျိုးကွမ် အတော်ဒေါသထွက်သွားသည်။

” မင်း ဘာလုပ်နေတာလဲ။ ငါက မင်းကိုစီးမယ်လို့ပြောတာ ဒါပေမယ့် အခု မင်းကဘာတွေလုပ်နေတာလဲ ”

” ကြည့်ရတာ သူက မင်းကိုစီးချင်နေတာထင်တယ် ” ချူဖုန်းက ရယ်နေသည်။

ကျိုးကွမ်သည် တခဏမျှအံ့သြသွားပြီး ထိုသို့ဖြစ်နိုင်ကြောင်း သတိပြုလိုက်မိသည်။

သူနောက်သို့လှည့်ကြည့်လိုက်သောအခါ ပြုံးဖြီးဖြီးလုပ်နေသောနွားပေါက်လေးကို တွေ့လိုက်ရသည်။ ၎င်းက ချူဖုန်း၏စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်နေသယောင်ယောင်။ ကျိုးကွမ်၏မျက်လုံးထဲတွင် နွားပေါက်လေး၏မျက်နှာသည် မသတီစရာ စက်ဆုပ်ရွံရှာစရာဖြစ်လာသည်။

” ငါ့ပေါ်ကဆင်းစမ်း ”

တောအုပ်တွင်း၌ တခဏမျှဆူညံသွားသည်။

၁၅ မိနစ်မျှကြာပြီးနောက် …

ကျိုးကွမ်က ဟောဟဲလိုက်ကာရှေ့မှပြေးနေပြီး ရွှေရောင်နွားပေါက်လေးက သူ့နောက်မှပြေးလိုက်နေသည်။ ထိုနွားပေါက်လေးသည် ၎င်း၏နောက်ခြေများကိုထောက်ပြီး ကျိုးကွမ်၏ပခုံးပေါ်တွင် ရှေ့ခြေများကိုတင်ထားသည်။

” ကယ်ပါဦး ငါ့ကို ကူညီပါဦး ”

ကျိုးကွမ်သည် မြေပေါ်တွင်မှောက်နေလေပြီ။ အချိန်အတော်ကြာရုန်းကန်ပြီးနောက် နွားပေါက်လေးကိုထိန်းချုပ်မည့်အကြံအစည်သည် ရှုံးနိမ့်သွားခဲ့ရပြီး သူ့အနေဖြင့် ထိုနွားပေါက်လေး၏စွမ်းရည်နှင့်ခွန်အားကို မယှဥ်နိုင်ကြောင်း သတိပြုမိသွားသည်။ မူလအကြံအတိုင်းမဖြစ်ဘဲ နွားပေါက်လေးကသာ ကျိုးကွမ်ကို ၎င်း၏စီးတော်ယာဥ်အဖြစ် ထိန်းချုပ်နေလေသည်။

” မင်း ဘယ်ကလာသလဲတော့ ငါမသိဘူး။ ဒါပေမယ့် ဆက်တိုက်ပြောင်းလဲနေတဲ့ငါတို့ရဲ့ကမ္ဘာကြီးကို မင်းအတော်စိတ်ဝင်စားနေတယ်ဆိုတာတော့ သေချာတယ် ” ဟု ချူဖုန်းကပြောလိုက်၏။

နွားပေါက်လေးသည် ရုတ်တရက်ငြိမ်သက်သွားပြီး ချူဖုန်းကိုလှည့်ကြည့်လိုက်သည်။

” ငါတို့ကမ္ဘာထဲကိုဝင်လာတာက အသက်အန္တရာယ်များတယ်ဆိုတာ မင်းတို့အားလုံးသိကြပေမယ့် ငါတို့ကမ္ဘာထဲဝင်လာဖို့ သူတို့ရဲ့အသက်တွေကိုတောင် စတေးသွားကြတဲ့ အဲ့ဒီသားရဲတွေနဲ့ငှက်တွေရဲ့အပြုအမူအရ​ဆိုရင် ငါတို့ကမ္ဘာက မင်းတို့အတွက် အတော်လေးဆွဲဆောင်မှုရှိနေတာပဲ ” ချူဖုန်းက ဆက်ပြောလိုက်သည်။

သူသည် နွားပေါက်လေး၏အာရုံစိုက်မှုကို အောင်အောင်မြင်မြင်ရရှိလိုက်ပြီး ၎င်းကိုပြန်လည်တည်ငြိမ်သွားအောင် လုပ်နိုင်ခဲ့သည်။

ချူဖုန်းသည်လည်း ချွေးပြိုက်ပြိုက်ကျနေပြီး မြေကြီးပေါ်မှ ကျိုးကွမ်၏ဘေးတွင်ထိုင်ချလိုက်သည်။

” နွားတစ်ကောင်အနိုင်ကျင့်တာကိုခံလိုက်ရတာ ယုံတောင်မယုံနိုင်ဘူး။ ရှက်ဖို့ကောင်းလိုက်တာ ” ကျိုးကွမ်သည် ဆူဆူညံညံမလုပ်ဝံ့တော့သဖြင့် ခပ်တိုးတိုးသာကျိန်ဆဲနေသည်။

သူသည် ချူဖုန်း​စကားများကို အံ့သြနေသည်။

” ငါတို့ကမ္ဘာကြီးပေါ်မှာ နည်းအမျိုးမျိုးနဲ့ပြောင်းလဲမှုတွေဖြစ်လာပြီးတဲ့နောက်လမ်းဘေးကအပင်ငယ်လေးကတောင်မှ ထူးဆန်းတဲ့အသီးတွေသီးလာတယ်။ အဲ့လိုထူးဆန်းတဲ့အသီးကိုစားပြီး လေပေါ်မှာပျံနိုင်တဲ့လူတောင်ရှိတယ်။ အာနိသင်ပိုရှိပြီးအကျိုးသက်ရောက်မှုလည်းပိုကောင်းတဲ့အသီးတွေရှိနေဦးမယ်ဆိုတာ ငါလောင်းကြေးထပ်နိုင်တယ်။ ပြီးတော့ အဲ့တာက မင်း ဒီကိုရောက်လာတဲ့အကြောင်းရင်းလို့ထင်တယ် ” ဟု ချူဖုန်းက ပြော၏။

သူတို့သည် ဆက်ပြီးခန့်မှန်းနေကြသည်။ ” ဒါက ပထမဆုံးအဆင့်နဲ့ အပြင်းထန်ဆုံးအဆင့်လို့ထင်တယ်။ သတ္တဝါတိုင်းမှာ စွမ်းအားတွေရရှိပြီးတော့ ဘုရင်ဖြစ်လာနိုင်မယ့်တန်းတူညီမျှအခွင့်အရေးတစ်ခုရှိတယ်မဟုတ်လား။ ပြီးတော့ အဲ့တာကြောင့်ပဲ မင်းဒိီကိုရောက်လာတာပဲ ”

ချူဖုန်းသည် ” ဘုရင် ” ဟူသောစကားကို ရွေးချယ်သုံးစွဲလိုက်သည်။ ထိုစကားလုံးသည် ရွှေရောင်နွားပေါက်လေးနားလည်မည့် အသုံးအနှုန်းမှန်း သူသိသည်။

ရွှေရောင်နွားပေါက်လေးသည် ပို၍ပို၍ငြိမ်သက်တိတ်ဆိတ်လာသည်။

” မင်း ဘယ်နေရာကနေလာခဲ့တာလဲဆိုတာကို ပြောပြပါ ” ချူဖုန်းက တိုးတိုးပြောလိုက်၏။

အပိုင်း ၁၃ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset