Chapter – 12 သန့်စင်မွန်မြတ်သော တိုင်ဟန်းတောင် ( ထိုက်ဟန်တောင် )
ခပ်လှမ်းလှမ်းမှ ကြားရသည့် မြေကြီးထဲမှ ထောင်ပေါင်းများစွာသောတောင်များ ရုတ်တရက်ထွက်ပေါ်လာသံက ည၏ တိတ်ဆိတ်ငြိမ်သက်မှုကို ပျက်စီးသွားစေသည်။ ညအမှောင်ထုထဲတွင် ထိုတောင်များသည် မြေကွက်လပ်နေရာများမှ ထွက်ပေါ်လာကြသည်။
ထိုအသစ်ပေါ်ပေါက်လာသောတောင်အချို့သည် မီတာသောင်းနှင့်ချီ၍မြင့်မားသည်။ အထွတ်အမြတ်ဓားတစ်လက်ကို ကောင်းကင်ပေါ်ရောက်အောင် ထောင်မတ်ထားသကဲ့သို့ပင် ထိုတောင်များ၏အမြင့်က ကောင်းကင်ဘုံ၏မုခ်ဦးသို့ပင် ရောက်လုနီးပါးဖြစ်နေသည်။ တောင်ထိပ်များမှာလည်း အလွန်မတ်စောက်လှသဖြင့် အကျွမ်းကျင်ဆုံးတောင်တက်သမားများပင် ထိုတောင်များပေါ်သို့ တက်ရောက်နိုင်မည်မဟုတ်ပေ။
အချို့တောင်များသည် ကျယ်ပြန့်ပြီး ခမ်းနားကြီးကျယ်မှုနှင့် တည်ငြိမ်မှု၏သရုပ်ဖြစ်သော မဟိရှ ဟူသည့် လျှို့ဝှက်ဆန်းကြယ်သက်ရှိနှင့် ဆင်တူသည်။
” အဲ့တာ ငါသိထားတဲ့ တိုင်ဟန်းတောင်ဟုတ်သေးရဲ့လား ” ကျိုးကွမ် အံ့သြနေသည်။ သူသည် အိပ်မက်ဟုတ်မဟုတ်သေချာစေရန် သူ့နှုတ်ခမ်းကို ကိုက်ကြည့်နေလေ၏။
ကမ္ဘာကြီးကျွမ်းထိုးမှောက်ခုန်ဖြစ်သွားပြီး ကောင်းကင်ဘုံဖြစ်သွားသည်ဟု ထင်ရလောက်အောင်ပင် ပြောင်းလဲမှုများက အလွန်တရာကြီးမားလွန်းလှသည်။
ထိုထူးဆန်းပြီး အံ့အားသင့်ဖွယ်မြင်ကွင်းများသည် ရင်သပ်ရှုမောစရာကောင်းပြီး အမှန်တကယ်မဟုတ်ဟုပင် ထင်ရသည်။
ချူဖုန်းလည်း အံ့သြမှင်သက်ပြီး အိပ်မွေ့ချခံထားရသကဲ့သို့ မလှုပ်မယှက်ဖြစ်နေသည်။
ချူဖုန်း၏ရှေ့တွင် အဆုံးမရှိသော တွန့်လိမ်ကွေ့ကောက်နေသော တောင်စဥ်တောင်တန်းများရှိနေသည်။ ထိုတောင်များသည် ကမ္ဘာ့လေထုပေါ်သို့ပင်ရောက်နေပြီး မူလတိုင်ဟန်းတောင်ထက်ပင် ပိုမိုမြင့်မားနေလေ၏။
ထိုတောင်များကြောင့်ပင် တိုင်ဟန်းတောင်သည် ယခင်ကထက် ပိုမိုကြီးမားလာသည်။ ပိုမိုကျစ်လျစ်လာသည်။ ပိုမိုအားကောင်းလာသည်။
ချူဖုန်းနှင့် ကျိုးကွမ်တို့ ၂ ဦးလုံးသည် ဤဒေသတွင် ကြီးပြင်းလာသူများဖြစ်ကြသည်။ ထို့ကြောင့် ဤဒေသ၏ပထဝီအနေအထားကို မည်သူကမှ သူတို့ ၂ ဦးလောက် သိနိုင်မည်မဟုတ်ပေ။ သူတို့မျက်စိရှေ့မှပြောင်းလဲမှုသည် အစီအစဥ်မကျဖြစ်နေသော်လည်း အလွန်ကြီးကျယ်ခမ်းနားလွန်းလှသည်။ လှပမှုနှင့် ကစဥ့်ကလျားဖြစ်မှုကို ရောနှောထားသည့် ကြီးကျယ်ခမ်းနားပြီး စိတ်ကူးယဥ်ဆန်သော အနုပညာလက်ရာတစ်ခုကဲ့သို့ပင် ဖြစ်နေသည်။
ထိုဖြစ်ရပ်သည် အံ့အားသင့်စရာကောင်းသကဲ့သို့ပင် ကြောက်မက်ဖွယ်လည်းကောင်းသည်။
” အဲ့ဒီတောင်တွေပေါ်မှာ အထွတ်အမြတ်သစ်သီးတွေ ရှိနေမယ်ထင်လား ဒါမှမဟုတ် ကောင်းကင်ဘုံသက်ရှိတွေ နေထိုင်ကြတဲ့လိုဏ်ဂူတစ်ခုရှိမယ်ထင်လား ” ကျိုးကွမ်၏အတွေးများသည် အတော်ရှုပ်ထွေးနေသော်လည်း ဤသို့သော စိတ်ကူးယဥ်ဆန်ဆန်အတွေးမျိုးကို တွေးနိုင်နေသေးသည်။
စုန့်တောင်၊ ဝမ်ဝူတောင်နှင့် အခြားနေရာများစွာတွင် ဖြစ်ပွားခဲ့သောထူးခြားဆန်းပြားဖြစ်ရပ်များအကြောင်း သတင်းများတက်လာသည်။ ရိးရိုးသာမန်ကျောက်တုံးကျောက်ဆောင်များဆီမှပင် ခရမ်းရောင်အလင်းတန်းများထွက်ပေါ်လာသည် ဟူ၍ သတင်းများတွင် ရေးသားထား၏။
ငွေရောင်အသီးကို မတော်တဆစားလိုက်မိပြီး အတောင်ပေါက်လာသူသည်လည်း ဝမ်ဝူတောင်အနီးတွင် နေထိုင်သူဖြစ်သည်။
ကျိုးကွမ်သည် အတွေးရေယဥ်ကြောတွင်မျောနေသည်။ ထူးဆန်းပြီးလက်တွေ့မကျသောအတွေးများက သူ့စိတ်ထဲသို့ရောက်လာသည်။ သူသည်လည်း လေထဲတွင် ပျံသန်းနိုင်သောစွမ်းရည်ကို ရချင်နေသည်။
ချူဖုန်းကမူ တည်တည်ငြိမ်ငြိမ်အေးအေးဆေးဆေးပင်။ ” ကျိုးကွမ် ဒီအရာတွေကို အလွန်အကျွံအကောင်းမြင်နေတာက အန္တရာယ်များတယ်။ ဒီတောင်တွေပေါ်မှာ ရက်စက်ကြမ်းကြုတ်တဲ့သားရဲတွေ ရှိနေနိုင်တယ်။ အဲ့ဒီတောင်တွေပေါ်ကို ခြေချလိုက်တာနဲ့ ငါတို့သေသွားနိုင်တယ်။ ဒါကြောင့် ထာဝရရှင်သန်သူတစ်ယောက်ဖြစ်ချင်တဲ့ မင်းရဲ့စိတ်ကူးယဥ်အိပ်မက်ကို အမှန်တကယ်ဖြစ်အောင် ကြိုးစားဖို့အတွက်နဲ့တော့ ငါတို့အသက်တွေကိုမစတေးဘဲနေရအောင် ”
ချူဖုန်း၏စကားများက ကျိုးကွမ်ကို စိတ်လှုပ်ရှားသွားစေသည်။ ချူဖုန်းပြောသည်မှာ မှန်သည်။ ကစဥ့်ကလျားဖြစ်မှုများနှင့် ရောဂါဘယများရောထွေးနေသော ကမ္ဘာကြီးတွင် သူလိုချင်နေသောစွမ်းအားများကိုရနိုင်သကဲ့သို့ အချိန်မရွေးသေဆုံးနိုင်ချေကလည်း များသည်။
” ဝေါင်း ”
ချူဖုန်းပြောခဲ့သောစကား၏သက်သေတစ်ခုကဲ့သို့ပင် တောင်၏အတွင်းပိုင်းမှ သားရဲတစ်ကောင်၏ဟိန်းဟောက်သံတစ်သံ ကျယ်လောင်စွာထွက်ပေါ်လာသည်။ ထိုသားရဲကောင်ကြီး၏ အမျက်ဒေါသအပြည့်ဖြင့်ဟိန်းဟောက်သံက လေထဲတွင်ပျံ့နှံ့သွားသည်။
ကျိုးကွမ်သည် ကြက်သီးမွေးညင်းများပင် ထသွားသည်။ သူသည် တောင်ပေါ်သို့လှမ်းကြည့်ကာ အသံလာရာအရင်းအမြစ်ကို ဂရုတစိုက်ရှာဖွေကြည့်နေသည်။
” အဲ့ … အဲ့တာ ဟိုတောင်ပေါ်ကအသံ။ ဟင် တောင်ထိပ်မှာ ဟိန်းနေတဲ့ ခြင်္သေ့ကိုယ်လင်းယုန်ခေါင်းနဲ့သတ္တဝါတစ်ကောင်ကို ငါမြင်နေရတာလား ” ထိတ်လန့်မှုနှင့် အံ့သြမှင်သက်မှုကြောင့် ကျိုးကွမ်၏အသံသည် မပီမသဖြစ်နေ၏။
ကျိုးကွမ်ညွှန်ပြသောတောင်သည် ခပ်ဝေးဝေးမှ တောင်တစ်လုံးဖြစ်သည်။ သို့သော် ချူဖုန်းပင်လျှင် ထိုတောင်ဆီမှ ကြောက်မက်ဖွယ်မီးလုံးကြီးကို ဝိုးတဝါးမြင်နေရသည်။ အနီရောင်သားမွေးများရှိသော သားရဲတစ်ကောင်သည် ခပ်လှမ်းလှမ်းသို့ကြည့်ကာ ဟိန်းဟောက်နေသည်။ ထို့နောက် ထိုသတ္တဝါသည် လနှင့်နေ၏အဆီအနှစ်များကို အငမ်းမရစားသောက်နေလေသည်။
၎င်းသည် အမှန်တကယ်ပင် ခြင်္သေ့ကိုယ်လင်းယုန်ခေါင်းသတ္တဝါတစ်ကောင် ဖြစ်သည်။ ထိုသို့သောကြောက်မက်ဖွယ်သားရဲသည် ချူဖုန်းတို့အိမ်များ၏အနီးအနားတွင် ရှိနေပြီး ထိုဒေသရှိရွာများအားလုံးအတွက် အန္တရာယ်တစ်ခုဖြစ်နေတော့သည်။
ကျိုးကွမ်၏မျက်နှာမှ သွေးများဆုတ်ယုတ်သွားပြီး စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေလေပြီ။
ချူဖုန်းနှင့်ကျိုးကွမ်တို့သည် အလွန်အန္တရာယ်များသောခရီးမှ ပြန်ရောက်လာပြီးပြီးချင်းပင် ထပ်မံ၍ အန္တရာယ်တွင်းထဲသို့ကျပြန်လေသည်။ ငါတို့ခနအနားယူလို့တောင်မရတော့ဘူးလား ဒါမှမဟုတ် ငါတို့ထပ်ပြေးရဦးမှာလား ကျိုးကွမ် တွေးနေမိသည်။
” ဟူး ”
လေတဟူးဟူးတိုက်နေပြီး တိမ်မည်းများက တောင်ပေါ်သို့လွင့်မျောလာသည်။
” ဧရာမငှက်ကြီးတစ်ကောင်လား ” ကျိုးကွမ်မျက်မှောင်ကြုတ်သွား၏။ မည်ကဲ့သို့သောငှက်မျိုးက ထိုမျှလောက်ကြီးမားနိုင်အံ့နည်း။
” ငါ … ငါ အဲ့ငှက်ကိုမြင်နေရတာ ဟုတ်ပါတယ်နော် ” ကျိုးကွမ်၏အသံသည် ထိတ်လန့်မှုကြောင့် တုန်ယင်နေသည်။ သူသည် တံတွေးကိုခက်ခက်ခဲခဲမျိုချနေရပြီး တုန်လှုပ်နေသည်။
ဧရာမငှက်ကြီးသည် အညိုရောင်ကိုယ်ထည်ရှိပြီး တောင်အနက်ပိုင်းတစ်နေရာတွင် ဆင်းသက်သွားသည်။
” အဲ့ဒီငှက်ကြီးသာ အဲ့တောင်တွေထဲကထွက်လာပြီး လူသားတွေကိုအမဲလိုက်ဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် ဘယ်သူမှသူ့လက်က မလွတ်နိုင်ဘူး ” ကျိုးကွမ် သက်ပြင်းချလိုက်သည်။ ထိုငှက်ကြီးများသည် ရက်စက်ကြမ်းကြုတ်ပြီး သားကောင်များကိုဖမ်းစားတတ်သော ငှက်ရိုင်းမျိုးဖြစ်ကြသည်။
ကျိုးကွမ်၏စကားပင် မဆုံးသေးမီ ခရမ်းရောင်အမွေးအတောင်များရှိသော ကြောက်မက်ဖွယ်ငှက်ကြီးတစ်ကောင်သည် တောင်ပံတဖျပ်ဖျပ်ခတ်ရင်း သူတို့ဆီသို့ ပျံသန်းလာလေသည်။ ၎င်းသည် စောစောကပျံသွားသောငှက်ကြီးထက် အနည်းငယ်အရွယ်ငယ်နေသော်လည်း အလွန်ကြီးမားနေဆဲပင်။
ထိုငှက်ကြီး၏အသွင်အပြင်သည် အခြားငှက်များနှင့်မတူ တစ်မူကွဲပြားသည်။ ၎င်း၏အမွေးအတောင်များသည် ရွှေမှုန်များပတ်ဖျန်းထားသကဲ့သို့ နေရောင်တွင်တလက်လက်တောက်ပနေသည်။
” shit ဂြိုဟ်ဆိုးဝင်တာပဲ။ ကြည့်ဦး ငှက်တစ်ကောင်က ငါတို့ဆီလာနေပြီ ” ကျိုးကွမ်သည် စောစောက သူပြောခဲ့သောစကားများအတွက် အလွန်နောင်တရနေပြီး ကိုယ့်ပါးကိုပင်ရိုက်ပစ်ချင်နေသည်။
ချူဖုန်းနှင့်ကျိုးကွမ်တို့သည် ထိတ်လန့်သွားကြပြီး လမ်းဘေးရှိသစ်ပင်တစ်ပင်နောက်၌ အလျင်အမြန်ပြေးပုန်းလိုက်သည်။ ထိုငှက်ကြီး၏ပထမဆုံးညစာဖြစ်တော့မည် ဟူသော အတွေးက သူတို့ ၂ ဦးကို အလွန်အမင်းကြောက်ရွံ့တုန်လှုပ်စေသည်။
ထိုငှက်ကြီးထံမှထွက်လာသောအလင်းရောင်များသည် ညအမှောင်ထုကို ထွင်းဖောက်၍ထွက်ပေါ်လာ၏။ ထိုခရမ်းရောင်အလင်းတန်းများသည် ကောင်းကင်ပြင်၌ ဟိုမှဒီမှတဖျပ်ဖျပ်လင်းလက်နေသည်။ ထိုငှက်ကြီးသည် စိတ်လှုပ်ရှားနေပုံပေါ်ပြီး ဝမ်းသာကြည်နူးနေသောအပြုအမူမျိုးဖြင့် အော်မြည်နေသည်။ ၎င်းသည် ရင်ဖိုစိတ်လှုပ်ရှားဖွယ်ရာတစ်စုံတစ်ခုကို တောင့်တနေဟန်ရှိသည်။
” ဝုန်း ”
ထိုငှက်ကြီး၏ခန္ဓာကိုယ်သည် ရုတ်တရက်ခရမ်းရောင်မီးလုံးကြီးအသွင်ဖြစ်သွားပြီး ညကောင်းကင်ယံတွင် တဟုန်းဟုန်းတောက်လောင်နေလေသည်။
နှလုံးတုန်စရာအခိုက်အတန့်ပင်။
ထိုသို့သောမြင်ကွင်းသည် အဝေးမှမြင်ရသူများအတွက်ပင် ကြောက်မက်ထိတ်လန့်ဖွယ်မြင်ကွင်းမျိုးဖြစ်သည်။
ထိုတောက်လောင်မှုသည် ညကောင်းကင်ကိုပင် နေ့အလင်းရောင်များသဖွယ် တောက်ပစေပြီး မြေပေါ်သို့ပင်အပူလှိုင်းများကိုရောက်စသဖြင့်
ချူဖုန်းနှင့်ကျိုးကွမ်တို့ပင် ချွေးပြန်လာသည်။
ထိုခရမ်းရောင်ငှက်ကြီးသည် ကောင်းကင်ဘုံမုခ်ဦးတွင် ထွန်းလင်းနေပြီး ကမ္ဘာလောကကြီးကို အလင်းဓာတ်ပေးနေသော ခရမ်းရောင်နေမင်းကြီးနှင့်ပင် တူနေသည်။
” ငါ ကျိန်ပြောရဲတယ်။
ဒီလောက်ကြောက်စရာကောင်းတဲ့အရာမျိုးကို တစ်ခါမှမတွေ့ဖူးဘူး။ အဲ့ဒီငှက်ကြီးက မကောင်းဆိုးဝါးငှက်ကြီးပဲ။ အဲ့လိုငှက်မျိုးတစ်ကောင်တည်းနဲ့ မြို့တစ်မြို့လုံးကိုဖျက်ဆီးပစ်နိုင်တယ် ” ကျိုးကွမ်က တတွတ်တွတ်ပြောနေသည်။ သူသည် အလွန်စိတ်ရှုပ်ထွေးနေသည်။
ချူဖုန်းတွင်လည်း ပြောစရာစကားမရှိ။ တိုင်ဟန်းတောင်တန်းများထဲတွင် ရက်စက်ကြမ်းကြုတ်သောသားရဲများနှင့် အသားစားငှက်ကြီးများ မည်မျှများပြားစွာရှိနေသည်ကို ဘုရားသာလျှင် သိနိုင်ပေလိမ့်မည်။ အကယ်၍ တောင်တစ်တောင်တွင် တစ်ကောင်သာရှိမည်ဟု ယူဆပါစေဦးတော့ ထောင်နှင့်ချီသောတောင်များမှဆိုလျှင် အလွန်ပင်များပြားနေလေပြီ။
သို့သော် ကောင်းကင်ယံမှကြားလိုက်ရသောငှက်သံက ချူဖုန်းတို့ ၂ ဦးကိုရး ကြည့်လိုက်သောအခါ ထိုဧရာမငှက်ကြီးသည် ခရမ်းရောင်မီးတောက်ထဲတွင် လောင်ကျွမ်းနေသည်ကို တွေ့လိုက်ရသည်။ ထိုငှက်ကြီးသည် အော်ဟစ်ငြီးတွားရင်း ထိုမီးတောက်ထဲမှလွတ်ရန် ရုန်းကန်ခဲ့သော်လည်း ကောင်းကင်ပေါ်မှ ပြုတ်ကျသေဆုံးသွားလေသည်။
မည်သို့ဖြစ်သွားသနည်း။ ချူဖုန်းနှင့် ကျိုးကွမ်သည် မှင်သက်စွာဖြင့် တစ်ယောက်နှင့်တစ်ယောက်ငေးကြည့်နေကြသည်။
ထို့နောက် ထိုငှက်ကြီးသည် အင်အားအပြည့်ဖြင့် အတောင်များကို တဖျပ်ဖျပ်ခတ်ရင်း ကောင်းကင်ယံသို့ ပျံတက်သွားလေသည်။ ထိုငှက်ကြီးထံမှ ထွက်လာသောအလင်းတန်းများသည် ၎င်း၏စွမ်းရည်နှင့်ခွန်အား၏ပြယုဂ်များဟုပင် ချူဖုန်းတို့တွေးထင်လိုက်သည်။ သို့သော် စောစောကမီးလောင်ကျွမ်းမှုသည် ရည်ရွယ်ချက်ရှိရှိ ကိုယ့်ကိုကိုယ်မီးရှို့ခြင်းဖြစ်ကြောင်း မည်သူကခန့်မှန်းမိမည်နည်း။
ဝုန်း
လေထဲ၌ ပေါက်ကွဲသံတစ်သံထွက်ပေါ်လာသည်။ ထိုခရမ်းရောင်ငှက်ကြီး၏ခန္ဓာကိုယ်သည် မြေပြင်နှင့်မထိမိသေးမီ အပိုင်းအစများအဖြစ် အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားသည်။ မျက်စိကျိန်းလောက်အောင်တောက်လောင်ပြီးနောက် ထိုအပိုင်းအစများသည် ပြာများဖြစ်သွားပြီး မြေပေါ်သို့ဝဲကျလာသည်။
ထိုငှက်ကြီးသည် ထိုကဲ့သို့သေဆုံးသွားခြင်းပေလော။ ချူဖုန်းနှင့်ကျိုးကွမ်တို့သည် အချိန်အတော်ကြာနှုတ်ဆိတ်နေကြသည်။
” သန့်စင်မွန်မြတ်သော တိုင်ဟန်းတောင်မှ ကျွန်ုပ်တို့ကို စောင့်ရှောက်တော်မူပါ ” နောက်ဆုံးတွင် ကျိုးကွမ်က တိတ်ဆိတ်မှုကို ဖြိုဖျက်လိုက်၏။ သူသည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်၍ ရင်ဘတ်နားတွင်ထားကာ ဝတ်ပြုဆုတောင်းနေလေသည်။ ထို့နောက် လက်နှစ်ဖက်ကိုကွေးပြီး ဦးခေါင်းကိုကိုင်းညွတ်၍ ဆုတောင်းစာများကိုရွတ်ဖတ်နေသည်။ မကြာသေးမီကဖြစ်ပွားခဲ့သော ထူးဆန်းသည့်ကိစ္စရပ်များကြောင့် ကျိုးကွမ်သည် ဘာသာတရားကိုအလွန်ရိုသေကိုင်းရှိုင်းနေပေသည်။
ရုတ်တရက် တိုင်ဟန်းတောင်သည် ထပ်မံလှုပ်ခတ်လာပြန်သည်။ တုန်လှုပ်ခြောက်ခြားဖွယ် အနီရောင်အလင်းတန်းများဖြာထွက်နေသောခန္ဓာကိုယ်နှင့် မကောင်းဆိုးဝါးသဏ္ဍာန်သားရဲတစ်ကောင်က မျက်စိရှေ့တွင် ပေါ်လာသည်။ ၎င်း၏ကိုယ်ထည်မှာ မိကျောင်းခန္ဓာကိုယ်နှင့်ဆင်တူနေသော်လည်း ၎င်းတွင်ပျံသန်းနိုင်သောတောင်ပံများရှိနေသည်။ ထိုသားရဲသည် ချူဖုန်းတို့ရှိရာဘက်သို့ ပျံသန်းလာလေ၏။
ဝုန်း
တောင်၏အပြင်ဘက်နယ်နိမိတ်အနီးသို့ ရောက်ရှိလာသောအခါ ထိုသားရဲကြီးသည် မီးတောက်မီးလျှံလုံးကြီးထဲ၌ လောင်ကျွမ်းသွားပြန်သည်။ ၎င်းသည် နာကျင်စွာခံစားနေရဟန်ဖြင့် အော်ဟစ်ငြီးတွားနေပြီး မကြာမီပင် ကောင်းကင်ပေါ်မှကျလာကာ ပြာမှုန်များဖြစ်သွားလေသည်။
” နောက်တစ်ကောင် ကျလာပြန်ပြီ ”
ချူဖုန်းနှင့်ကျိုးကွမ်သည် အနေအထားတစ်ခုကို သတိပြုမိလာသည်။ ” ဒါဆို သူတို့တွေက သတ်သေကြတာမဟုတ်ဘူးပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက တောင်ရဲ့အပြင်ဘက်နယ်နိမိတ်ကို မဖြတ်နိုင်ကြတာပဲ ”
သူတို့ ၂ ဦးသည် နဝေတိမ်တောင်ဖြစ်နေဟန်ဖြင့် တစ်ယောက်နှင့်တစ်ယောက်ငေးကြည့်နေကြသည်။
” ငါတို့သွားကြည့်သင့်လား ”
သက်ရောက်မှုကြီးမားသောပြောင်းလဲမှုများက ကမ္ဘာကြီးတွင် မျှော်မှန်း၍ပင်မရသောဖြစ်ရပ်များစွာကို ဖြစ်ပေါ်စေသည်။ ကမ္ဘာကြီးသည် ယခုအချိန်မှစပြီး သူတို့ ယခုကသိထားခဲ့သောကမ္ဘာကြီးနှင့် အတော်ကွာခြားလာတော့မည်ဖြစ်ကြောင်း ချူဖုန်းတို့သိလိုက်သည်။ အကယ်၍ သူတို့ ၂ ဦးတွင်သာ လက်ဦးမှုရယူရန် သတ္တိနှင့်ယုံကြည်ချက်ရှိပါက ဤပြောင်းလဲမှုများ၏ အစပိုင်းတွင် အခွင့်အရေးကောင်းများစွာရရှိပြီး လူသားများတွင်ရှိနိုင်သောစွမ်းရည်များထက် သာလွန်သည့်စွမ်းအားများကို ပိုင်ဆိုင်နိုင်ပေလိမ့်မည်။
” အနာခံမှ အသာစံရ ” ဟူသည့် ဆိုရိုးအတိုင်းပင် ဤအခွင့်အရေးအတွက် စွန့်စားမည့် သူတို့၏ရည်ရွယ်ချက်အတွက် ကြီးမားသောအန္တရာယ်များစွာနှင့် ရင်ဆိုင်ရနိုင်သည်။ ခြေလက်တစ်ချောင်း သို့မဟုတ် နှစ်ချောင်း သို့မဟုတ် အသက်ကိုပင်ဆုံးရှုံးရနိုင်သည်။
ချူဖုန်းတို့သည် သတ္တိရှိကြသော်လည်း အတော်အလေးအနက်ထားစဥ်းစားနေကြသည်။ တောင်အနီးအနားသို့ ယခုမသွားဖြစ်သေးလျှင်ပင် တောင်ဆီသို့သွားရောက်လိုသော သူတို့၏ဆန္ဒကို မည်သည့်အရာကမှ တားဆီးနိုင်မည်မဟုတ်ပေ။ မည်သည့်အရာက ထိုသားရဲများကို မီးလောင်ကျွမ်းသွားစေသည်ကို သူတို့သေချာသိလိုကြသည်။
သိပ်မဝေးဟန်ပေါ်သော်လည်း တောင်၏အပြင်ဘက်နယ်နိမိတ်သို့ရောက်ရန် ချူဖုန်းတို့ ၂ မိုင်နီးနီး လျှောက်လိုက်ရသည်။ မြေပေါ်တွင် ပြာမှုန်များ၊ ကျိုးကြေနေသောအရိုးများ၊ တိရစ္ဆာန်များ၏အမွေးအတောင်အစအနများပေါ်မှ မီးလောင်ကျွမ်းထားသောအမှတ်အသားများက ပြန့်ကြဲနေသည်။ ၎င်းတို့သည် ကြီးမားသောမီးတောက်ကြီးမှ ကျွင်းကျန်ရစ်သော အပိုင်းအစများပင်ဖြစ်ကြသည်။
ကျိုးကွမ်သည် ခြေတုန်လက်တုန်ဖြစ်နေသည်။ သူ၏ခြေသလုံးကြွက်သားများသည် ကြွက်တက်နေသယောင်ဖြစ်နေပြီး အားလျော့နေသည်။ သူသည် ရပ်သည်ဆိုရုံမျှသာ ရပ်နိုင်တော့သည်။
ချူဖုန်းသည်လည်း စိတ်မသက်မသာဖြစ်နေပြီး သူ့နောက်မှ အချို့သားရဲများက ချောင်းကြည့်နေသကဲ့သို့ ခံစားနေရ၏။ သူ့ခန္ဓာကိုယ်သည်တောင့်တင်းလာပြီး ကြက်သီးမွေးညင်းများထလာကာ မျက်ခွံများပါလေးလာသည်။
သူတို့ ၂ ဦးသည် အသက်ပြင်းပြင်းရှူလိုက်ပြီး ထိုနေရာမှဆုတ်ခွာလာခဲ့ကြသည်။ ယခုမှပင် သူတို့၏မူလအကြံအစည်မှာ မည်မျှရိုးရှင်းပြီးရူးမိုက်ကြောင်း ခံစားမိကြတော့သည်။ ဤတောင်များသည် ယခင်က သူတို့သိခဲ့ဖူးသောတောင်များမဟုတ်တော့ကြောင်း သတိပြုလိုက်မိသည်။ ၎င်းတို့သည် မည်သူမှအနားမကပ်သင့်သော တောင်များဖြစ်နေပေပြီ။
သူတို့ ၂ ဦး တောနက်ထဲ၌ပုန်းကွယ်နေပြီး မကြာမီပင် သူတို့ရပ်နေခဲ့သောနေရာမှ မီးအိမ်အရွယ်ရှိမီးလုံးများ တစ်လုံးပြီးတစ်လုံးထွက်ပေါ်လာသည်ကို တွေ့လိုက်ရသည်။ အချို့မီးလုံးများက အနီရောင်၊ အချို့က အပြာရောင်၊ အချို့က ရွှေရောင်များဖြစ်ကြပြီး ထိုမီးလုံးများအားလုံးက ကြောက်မက်ဖွယ်အေးစက်စက်ခံစားချက်မျိုးကို ဖြစ်စေသည်။
ထိုနေရာသည် မရေမတွက်နိုင်သောမီးလုံးများစွာဖြင့် ပြည့်နှက်သွားတော့သည်။
” မျက်လုံးတွေ အဲ့တာမျက်လုံးတွေ အဲ့ဒီမျက်လုံးတွေရဲ့ပိုင်ရှင်ထွက်လာတော့မယ် ” ကျိုးကွမ်က ကျောချမ်းဖွယ်ကောင်းလောက်အောင်ပင် အော်ဟစ်နေလေသည်။ သူသည် ထိတ်လန့်မှုကြောင့် ဘာကိုမှသတိမထားနိုင်တော့ပေ။
ထိုနေရာသည် ထူးဆန်းစွာဖြင့် တစ်နေရာတည်းကွက်၍အလွန်မှောင်မဲနေသည်။ တောင်၏အခြားနေရာများသည် ကောင်းကင်ပြင်မှ ကြယ်ရောင်များ၏အလင်းပြန်မှုကြောင့် အလင်းရောင်ရှိနေကြသော်လည်း ထိုနေရာကမူ အလင်းများအားလုံးကိုစုပ်ယူထား၍ အလင်းမပြန်ဟန်ရှိပြီး ကြောက်မက်ထိတ်လန့်ဖွယ်မျက်လုံးများကိုသာလျှင် မြင်နေရသည်။
” ဘုန်း ”
ရုတ်တရက် မြေကြီးများကိုတုန်ခါသွားပြီး သစ်တောများလည်း လှုပ်ယမ်းသွားကာ အမှောင်ထုထဲမှ တစ်စုံတစ်ခုထွက်ပေါ်လာသည်။ သစ်ပင်များမှ အရွက်များပင်ကြွေကျကုန်ကြသည်။ တုန်လှုပ်ခြောက်ခြားဖွယ်ရာမြင်ကွင်းပင်။
သို့သော် ယခင်အကြိမ်များကဲ့သို့ပင် တောင်၏အပြင်ဘက်နယ်နိမိတ်မှ ခြေလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ၎င်း၏ခန္ဓာကိုယ်သည် လောင်ကျွမ်းပေါက်ကွဲသွားပြီး အစိတ်စိတ်အမြွှာမြွှာဖြစ်သွားကာ ပြာမှုန်များဖြစ်သွားလေသည်။
” သူတို့တွေက ကိုယ့်ကိုကိုယ်သတ်သေဖို့ ဒီီလိုလုပ်နေကြတာလား။ ရူးနှမ်းလိုက်ကြတာ ” ကျိုးကွမ်က ရေရွတ်လိုက်သည်။ သူ့လေသံသည် အဆင်ပြေနေဟန်ပေါက်သော်လည်း အမှန်တကယ်တွင် သူသည် ဒူးတုန်နေဆဲပင်ဖြစ်သည်။
ထို့နောက် မကြာမီ နားအူလောက်ဖွယ်အသံကြီး ထွက်ပေါ်လာပြီး ကြောက်မက်ဖွယ်တိရစ္ဆာန်များက တောင်၏အပြင်ဘက်နယ်နိမိတ်ဆီသို့ ဦးတည်သွားကြပြန်သည်။ အိမ်တစ်လုံးနီးနီးအရွယ်အစားရှိသည့် ငွေရောင်ပင့်ကူများသည် ချူဖုန်းနှင့်ကျိုးကွမ်တို့ရှိရာဆီသို့ တွားသွားလာနေကြသည်။ သို့သော် ထိုပင့်ကူများအားလုံးသည် ယခင်နည်းအတိုင်းပင် သေဆုံးသွားကြပြီး ပြာမှုန်များဖြစ်သွားကြလေသည်။
မည်သည့်တိရစ္ဆာန်မှ အသက်ရှင်လျက်ထွက်မလာနိုင်ကြချေ။
” တိုင်ဟန်းတောင်ဟာ ကြီးမြတ်လှပါပေတယ် ” ကျိုးကွမ်သည် သူ၏ကျေးဇူးတင်မှုကိုဖော်ပြရန် ဒူးထောက်လုနီးပါးပင်ဖြစ်နေသည်။ သူသည် ဆုထူးဆုမြတ်ရထားသကဲ့သို့ခံစားနေရ၏။
အချိန်အတော်ကြာပြီးနောက် ကောင်းကင်ဘုံသက်ရှိများအားလုံးကို လွတ်လပ်သည့်ပြင်ပကမ္ဘာသို့ခေါ်ဆောင်ပေးမည့် အနက်ရောင်ဝင်ပေါက်သည် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ ထိုဝင်ပေါက်သည် ငရဲသို့သွားရာဝင်ပေါက်ပင်တည်း။
ထိုနေရာတွင် တိတ်ဆိတ်ငြိမ်သက်သွားသော်လည်း မကောင်းဆိုးဝါးဝိညာဥ်မျက်လုံးများက ဝင်ပေါက်အနီးတွင်ရှိနေဆဲပင်။
ကောင်းကင်ဘုံ၏မုခ်ဦးအတွင်း၌ ရွှေရောင်အလင်းတန်းများပျံ့နှံ့လာချိန်အထိ တိတ်ဆိတ်ငြိမ်သက်မှုက ကြီးစိုးထားဆဲဖြစ်သည်။ ထိုအချိန်တွင် သန့်စင်မွန်မြတ်သော တစ်စုံတစ်ရာထွက်ပေါ်လာသည်ဟု ယူဆနိုင်သည့် ရွှေရောင်အော်ရာတစ်ခုထွက်ပေါ်လာသည်။
၎င်းသည် ရွှေရောင်ခန္ဓာကိုယ်ရှိသောနွားပေါက်လေး ဖြစ်သည်။ ၎င်း၏တလက်လက်တောက်ပနေသော အမွေးများက အမှောင်ထုထဲတွင်ပင် လင်းလက်နေသည်။ ထိုနွားပေါက်လေးသည် ရွှေမှုန်များလိမ်းကျံထားသယောင်ထင်ရသည်။ ၎င်း၏မျက်လုံးများနှင့် ဂျိုလေးများကပင် ရွှေရောင်တဖျပ်ဖျပ်လက်နေသည်။
၎င်းသည် ပုံမှန်နွားများနှင့်မတူဘဲ အသိဉာဏ်မြင့်မားပြီး ဝိညာဥ်ပိုင်းဆိုင်ရာစွမ်းအားရှိဟန်ပေါ်သည်။ ၎င်းကို မြင်မြင်ချင်းပင် ဤကမ္ဘာမှမဟုတ်သောထူးခြားသည့် တိရစ္ဆာန်ဖြစ်ကြောင်းသိနိုင်သည်။
သဘာဝအလျောက် ရွှေရောင်နွားပေါက်လေးတစ်ကောင်မွေးဖွားလာသည်ကို မည်သူမှမြင်ဖူးကြမည်မဟုတ်ပေ။
၎င်းသည် စိုးရွံ့နေဟန်ဖြင့် ဝင်ပေါက်အနီးတွင် ငြိမ်သက်စွာရပ်နေသည်။ အေးစက်စက်မျက်လုံးများစွာက ၎င်းကိုစိုက်ကြည့်နေကြသည်။ ၎င်းတို့က ထိုနွားပေါက်လေး အန္တရာယ်ကင်းကင်းထွက်သွားသည်ကို မြင်လိုကြသည်။
ခြေတစ်လှမ်း … နှစ်လှမ်း … ဆယ်လှမ်း … ခြေလှမ်းတစ်ရာ
နွားပေါက်လေးသည် အကောင်းပတိအတိုင်းပင် ထိခိုက်ဒဏ်ရာစိုးစဥ်းမျှမရှိဘဲ လွတ်မြောက်သွားလေပြီ။
၎င်းသည်အလွန်စိတ်လှုပ်ရှားနေပြီး ၎င်း၏စိတ်ခံစားချက်များကို လူသားများကဲ့သို့ဖော်ပြနိုင်သဖြင့် ချူဖုန်းတို့အံ့အားသင့်နေကြသည်။ ၎င်းသည်ပိုမိုရဲဝံ့လာကာ ခပ်မြန်မြန်ပြေးလာပြီး ချူဖုန်းတို့နှင့်နီးနီးလာသည်။
ကျိုးကွမ်က တိတ်တိတ်ကလေးကျိန်ဆဲနေသည်။ သူသည် အနည်းငယ်စိတ်ပူနေသော်လည်း ကိုယ့်ကိိုကိုယ်ဖြေသိမ့်နေ၏။ ” အဲ့တာက နွားသိုးနတ်ဘုရားဖြစ်ရမယ်။ သူ့ရဲ့ရွှေရောင်ကိုယ်ထည်ကို ကြည့်လိုက်။ သူ့မှာ စဥ်းစားဆင်ခြင်ဉာဏ်လည်းရှိမှာပဲ။ ပြီးတော့ သူက အတော်အရွယ်ငယ်သေးတယ်။ ငါတို့ သူ့ကိုဖမ်းနိုင်လောက်လား ”
အပိုင်း ၁၂ ပြီး၏။