Chapter – 11 မွေးရပ်မြေမှ ချိုမြန်သောအိမ်လေး
ကျိုးကွမ်၏မျက်နှာသည် တစ်မျိုးဖြစ်နေသည်။ သူသည် အနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်နေပြီး စကားထစ်နေ၏။ ပြောစရာစကားများက သူ့လျှာဖျားတွင်ရှိနေသော်လည်း ထုတ်ပြောရန်တွန့်ဆုတ်နေသည်။
ထို့နောက် သူသည်ခပ်ကြောင်ကြောင်ပြုံးလိုက်ပြီး ချူဖုန်းကို ဒူးဖြင့်အသာအယာတိုက်ကာ ” အတောင်တွေပေါက်လာတဲ့လူတစ်ယောက်က ကောင်းကင်ပေါ်မှာပျံနိုင်မယ်လို့ထင်လား ” ဟု တီးတိုးမေးလိုက်သည်။
” ဖြစ်နိုင်လောက်တယ် ” ချူဖုန်းက ခေါင်းညိတ်လိုက်ပြီးနောက် အနည်းငယ်ရယ်ချင်သွားသဖြင့် ” သတင်းထဲမှာပါတဲ့ အတောင်တွေပေါက်လာတဲ့လူဆိုတာ မင်းမှမဟုတ်တာ။ အဲ့တာကို မင်းက ဘာလို့ရှက်ကိုးရှက်ကန်းဖြစ်ပြီး စကားထစ်နေတာလဲ ” ဟု မေးလိုက်သည်။
ကျိုးကွမ်က ” ငါ့ဆီမှာလည်း အပင်တစ်ပင်ကနေယူလာခဲ့တဲ့ အရောင်တွေလက်နေတဲ့အနီရောင်အသီးတစ်လုံး ရှိတယ်ဆိုတာ မင်း မမှတ်မိဘူးလား ” ဟု တိုးတိုးပြောရင်း စက္ကလုံးတစ်လုံးကို ဂရုတစိုက်ဖြန့်နေသည်။ ထိုစက္ကူထဲတွင် ယခင်က ကျိုးကွမ်ခူးလာခဲ့သော ပေါင်းပင်၏ရိုးတံရှိနေသည်။ ၎င်းထိပ်မှ လက်သီးဆုပ်အရွယ်အသီးသည် လှပစွာပုံသွင်းထားသော မဟူရာကျောက်တစ်လုံးနှင့်တူနေပြီး မွှေးရနံ့များသင်းပျံ့နေသည်။
” ငါ့အသက်ကိုစွန့်စားပြီးတော့ ဒီအသီးကို စားလိုက်မယ်ဆိုရင် ငါရောအတောင်တွေပေါက်လာမယ်ထင်လား ” ဟု ကျိုးကွမ်က မေးလိုက်သည်။ သူသည် ယခင်ကထက်ပင် ပို၍ရှက်ရွံ့သွားဟန်ပေါ်နေသည်။
ချူဖုန်းသည် ဤတစ်ကြိမ်တွင်မပြုံးတော့ဘဲ မျက်နှာတည်သွားသည်။ ထိုအသီး၏စွမ်းရည်ကို သူတို့လုံးဝမသိထားလျှင် ယခုကဲ့သို့ဆွေးနွေးရန် အကြောင်းရှိမည်ပင်မဟုတ်။ ယခုမူ ထိုအသီးကိုကြည့်လိုက်သည်နှင့် ၎င်းက လူတစ်ယောက်ကို မည်မျှအထိအသွင်ပြောင်းစေနိုင်ကြောင်း သတိပြုမိနေကြသည်။
” အနာဂတ်မှာ အဲ့ဒီအတောင်တွေနဲ့လူအကြောင်း သတင်းအသစ်တွေထပ်ပေါ်လာတာကို စောင့်သင့်တယ်လို့ ငါ ထင်တယ်။ ဒီအသီးနဲ့ပတ်သက်ပြီး ဖြစ်နိုင်ချေရှိသမျှအန္တရာယ်အားလုံးကို သေချာသိဖို့လိုတယ် ” ဟု ချူဖုန်းက ပြောလိုက်၏။
” မင်းဆီက အသီးကမွှေးလိုက်တာ။ အဲ့တာဘာအသီးလဲ ” သူတို့ကို ကားနှင့်တင်ခေါ်လာသော သက်လတ်ပိုင်းအရွယ်အမျိုးသားက မေးလိုက်သည်။
ကားသည် မြို့ငယ်လေးမှ မိုင်ကုန်နှင်၍ထွက်လာပြီး မိုးကုပ်စက်ဝိုင်း၏အစွန်းကို ဦးတည်ကာ အဝေးပြေးလမ်းမကြီးတစ်လျှောက် ဖြတ်သန်းလာသည်။
” ဒါက အသီးရိုင်းတစ်မျိုးပါ။ ဒီအသီးက ဘာမျိုးစိတ်လဲဆိုတာတောင် လုံးဝမသိဘူး။ အဲ့တာမို့ ကျွန်တော်ကိုယ်တိုင်တောင်မစားရဲဘူး ” ကျိုးကွမ်က ဖြေလိုက်သည်။
အမှန်တကယ်လည်း ကျိုးကွမ် ထိုအသီးကို မစားရဲပေ။ သူ့ကိုယ်ပေါ်တွင် အတောင်ပံမဟုတ်ဘဲ အမြီး သို့မဟုတ် ချိုများ ပေါက်လာပါက သူ့အနေဖြင့် နောင်တရရန် အခွင့်အရေးပင်ရလိုက်မည်မဟုတ်ချေ။
” ဟုတ်တယ် အဲ့အသီးအကြောင်းကိုမသိရင် မစားနဲ့။ ဒီလိုအချိန်မျိုးမှာ အစာအဆိပ်သင့်တာထက် ပိုဒုက္ခရောက်မယ့်ကိစ္စမရှိဘူး ” သက်လတ်ပိုင်းအရွယ် ကားပိုင်ရှင်က သက်ပြင်းမောတစ်ချက်ချရင်း ကြင်နာစွာသတိပေး၏။
သူသည် သူ့မိသားစုကို စိတ်ပူနေသည်။
ယမန်နေ့ညတစ်ညလုံးနီးပါး ငရဲပွက်နေသကဲ့သို့ဖြစ်နေခဲ့သည်။ နိုင်ငံအနှံ့တလွှား နေရာအားလုံးလိုလိုတွင် ထူးဆန်းသောဖြစ်ရပ်များက ရုတ်တရက်ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ထိုဖြစ်ရပ်များကို ကိုယ်တိုင်ကြုံတွေ့လိုက်ရပြီးနောက် သူ့ဘဝတွင် ယခင်က ဤမျှလောက်တစ်ခါမှမကြောက်လန့်ခဲ့ဖူးကြောင်း အမှတ်ရသွားပြီး အိမ်သို့မြန်မြန်ပြန်ရောက်ရန်သာ ဆန္ဒရှိတော့သည်။ ထို့ကြောင့် ခရီးလမ်းတစ်လျှောက်လုံးတွင် ကားကို လျှပ်စီးကဲ့သို့ လျင်မြန်သောအရှိန်နှုန်းဖြင့် မောင်းနှင်လာခဲ့သည်။
ဤသက်လတ်ပိုင်းအရွယ်အမျိုးသားသည် ကားမောင်းအလွန်ကျွမ်းကျင်သူဖြစ်ကြောင်း အသိအမှတ်ပြုရပေမည်။ ကားစီးရသည်မှာ အန္တရာယ်များသည်ဟု ခံစားရသော်လည်း အရိုင်းအဆန်ဆုံးစွန့်စားမှုမျိုးကို ပြုလုပ်လျှင်ပင် ယခုကဲ့သို့သော ရင်ဖိုစိတ်လှုပ်ရှားမှုမျိုးကို ခံစားရမည်မဟုတ်ချေ။ ၎င်းသည် အတွေ့အကြုံကောင်းတစ်ခုပင် ဖြစ်သော်လည်း ကျိုးကွမ်အတွက်မူ ထိုသို့မဟုတ်ပေ။
” အထင်ကြီးလောက်စရာပဲ။ ကားစီးရတာ အတော်စိတ်လှုပ်ရှားစရာကောင်းတာပဲ။ ဝူး ဟူး ” သို့သော် အဆက်မပြတ် သိမ့်ခနဲ ဆတ်ခနဲလှုပ်ရှားမှုများ၊ လှုပ်ယမ်းမှုများနှင့် လူးလွန့်မှုများက ကျိုးကွမ်ကို ဤသည်မှာ သူ့ခန္ဓာကိုယ်မှအလိုရှိသော ရင်ဖိုစိတ်လှုပ်ရှားမှုမျိုးမဟုတ်ကြောင်း သတိပြုမိစေသည်။ ကျိုးကွမ်သည် မကြာမီပင် ကားမူးလာပြီး အော်ဂလီဆန်ကာ ပျို့အန်လာသည်။ ထို့နောက် သူသည် တဖြည်းဖြည်းငြိမ်သက်သွားလေသည်။
ကားသည် မိုင်ကုန်ရွေ့လျားနေသည်။ ချူဖုန်းပင်လျှင် ကားနောက်၌ကျန်ရစ်ခဲ့သော မြင်ကွင်းများကို ပြတင်းပေါက်မှတစ်ဆင့်ကြည့်ရင်း လျင်မြန်သောအရှိန်နှုန်းကြောင့် မူးနောက်နောက်ဖြစ်လာ၏။ သူသည် ဤသို့လျင်မြန်လှသော အရှိန်နှုန်းကြောင့် ပြင်းထန်သောမတော်တဆမှုတစ်ခုခုဖြစ်မည်ကိုပင် စိုးရိမ်နေသည်။
နောက်သို့ပြန်လှည့်ကြည့်လိုက်သောအခါ စိမ်းစိုနေသောနွယ်ပင်အစုအဝေးကြီးက ကျယ်ပြောလှသည့်ကောင်းကင်ပြင်ကို ဖုံးလွှမ်းထားဆဲဖြစ်ကြောင်း ချူဖုန်း မြင်လိုက်ရသည်။ သူတို့သည် အဝေးပြေးလမ်းမပေါ်၌ နာရီပေါင်းများစွာကြာအောင် အမြန်မောင်းနှင်လာခဲ့သော်လည်း အလွန်ကြီးမားသော နွယ်ပင်ကြီးများအောက်တွင်သာ ရှိနေသေးသည်။
ထိုနွယ်ပင်များက လေထဲတွင်တန့်နေသည်။ ၎င်းတို့၏ပင်မကိုယ်ထည်များသည် မြေပြင်မှခပ်ဝေးဝေးတွင်ရှိနေပြီး ကောင်းကင်အထိမြင့်မားသော အစိမ်းရောင်ရဲတိုက်တစ်လုံးနှင့်တူနေသည်။ ထို့ပြင် တချိန်တည်း၌ပင် လှိုင်းထနေပြီး ကြီးကျယ်မြင့်မားသည့် တောင်စဥ်တန်းတစ်လုံး၏ အနားသတ်များနှင့်လည်း တူနေပြန်သည်။
နတ်ဘုရားဇီဝဆေးပညာအုပ်စု … မည်သို့သောနာမည်မျိုးနည်း။ ချူဖုန်း စဥ်းစားနေသည်။ ထိုနာမည်ကို လင်းနွိုင်အဖေအလွန်စိတ်ဆိုးဒေါသထွက်နေစဥ်က သူ့နှုတ်မှလွတ်ခနဲထွက်လာသည်ကို ကြားခဲ့ဖူးသည်။
ချူဖုန်းသည် ထိုအကြောင်းကိုစဥ်းစားရင်းဖြင့် ယခုဖြစ်ပျက်နေသော ကိစ္စများတွင် ထိုအမည်နာမသည် တစ်နည်းနည်းတစ်ဖုံဖုံဖြင့် သေချာပေါက်ပါဝင်ပတ်သက်နေမည်ဖြစ်ကြောင်း သတိပြုလိုက်မိသည်။ ထိုစဥ်က လင်းနွိုင်၏ထူးဆန်းသောအမူအရာများကို အကဲဖြတ်ခြင်းဖြင့် လင်နောင်းတို့မိသားစုသည် အမှန်တရားကို သိရှိထားသော်လည်း လူထုကိုချမပြဘဲဖုံးကွယ်ထားသည်ဟု ချူဖုန်း ယူဆသည်။ သူမသည် စိတ်ကူးယဥ်ကမ္ဘာတစ်ခု ကြာရှည်စွာဖြစ်ပေါ်လာရန် မျှော်လင့်နေခဲ့ခြင်းဖြစ်ရမည်။
ဘွဲ့အပ်နှင်းခြင်းပြီးနောက် လင်းနွိုင်ကိုနှုတ်ဆက်အနမ်းလေးသာပေးပြီး နှုတ်ဆက်လိုခဲ့စဥ်က သူမမိသားစုဝင်အားလုံး၏မျက်နှာပေါ်မှ တူညီသောသီးခြားဆန်သည့်မျက်နှာအမူအရာကို ချူဖုန်း သဘောပေါက်သွားသည်။ ၎င်းသည် စက်ဆုပ်အထင်သေးသည့်အကြည့်ဖြစ်ပြီး သာမန်အပြင်လူတစ်ဦးအနေနှင့် ချူဖုန်း၏အဆင့်အတန်းသည် လင်နောင်းနှင်လုံးဝမထိုက်တန်ကြောင်း ခံစားရမိစေသည်။ ထို့ကြောင့် အဆုံးတွင် သူသည်လက်ပြနှုတ်ဆက်ရင်းသာ ကျန်ခဲ့ရသည်။
ချူဖုန်း စိတ်အာရုံထွေပြားစွာဖြင့် ပြတင်းပေါက်ကို စိုက်ကြည့်နေသည်ကိုမြင်သောကြောင့် ” ချူဖုန်း ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလောက်မှိုင်နေတာလဲ ” ဟု ကျိုးကွမ်က မေးလိုက်၏။
” ငါ့အရင်ကောင်မလေးအကြောင်းတွေးနေတာ ” ချူဖုန်းနှုတ်မှလွတ်ခနဲထွက်လာသည်။
” မင်း သူနဲ့ပြတ်သွားတာလား။ အခု နောင်တရနေတာလား ” ကျိုးကွမ်က ပြုံးရင်းမေးလိုက်သည်။
” မဟုတ်ပါဘူး။ သူက ငါ့ကိုဖြတ်သွားတာ ” ချူဖုန်းက မကွက်မဝှက်ဘဲရိုးရိုးသားသားဖြေလိုက်သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောရခြင်းသည် သူ့အတွက်ဂုဏ်သိက္ခာကျဆင်းစရာအကြောင်းမရှိပေ။
” မင်းက ဒီလောက်မြန်မြန်လွှတ်ပေးလိုက်တာပဲလား ” ကျိုးကွမ်သည် အံ့သြသွားပြီး စိတ်မကောင်းစွာပြောသည်။ ကျိုးကွမ်အတွက် သူ၏ပထမဆုံးချစ်သူကို မှတ်ဉာဏ်ထဲမှ အချိန်အတော်ကြာလွယ်လွယ်ကူကူမေ့ဖျောက်၍မရခဲ့ဘဲ ၂ နှစ်နီးပါးမျှ အသည်းကွဲခဲ့ရသည်။ သူသည် ထိုအဖြစ်အပျက်ကို သူ့မှတ်ဉာဏ်ထဲမှ ဘယ်သောအခါမှမေ့နိုင်တော့မည်မဟုတ်ဟု ခံစားခဲ့ရသည်။ စင်စစ် သူနောက်ဆုံးအကြိမ်တိဗက်သို့ အလည်သွားခြင်းသည် သူ၏ပထမဆုံးချစ်သူနှင့် အမှတ်တရများကိုသိမ်းဆည်ထားနိုင်ရန်နှင့် ပူဆွေးဝမ်းနည်းမှုများကို မေ့ပျောက်နိုင်ရန်ပင် ဖြစ်သည်။
” သူမက ငါနဲ့အမြဲတမ်းအတွဲညီခဲ့တာ ” ချူဖုန်းက ပြောသည်။ ” တစ်ယောက်ဘေးမှာတစ်ယောက်မရှိတဲ့ အချိန်ဆိုတာမရှိခဲ့ဘူး။ ငါတို့ရဲ့အချစ်ရေးကို ရေလိုမျိုးပဲဘာဂုဏ်ဓနမှမပါဘဲစတင်ခဲ့ပေမယ့် နောက်ဆုံးတော့ ပျင်းခြောက်ခြောက်ပဲ အဆုံးသတ်သွားခဲ့ရတယ် ”
” ဘာလို့လဲ။ မင်းတို့ ၂ ယောက်ကြားမှာ ဘာတွေဖြစ်ခဲ့တာလဲ ” ကျိုးကွမ်က သိလိုစိတ်ဖြင့်မေးလိုက်သည်။
ချူဖုန်းက ခေါင်းယမ်းလိုက်သည်။ သူသည် သူ့အကြောင်းထုတ်ပြောခဲ့သော်လည်း သူ၏ စိတ်ဝင်စားဖွယ်မကောင်းသောအချစ်ရေးအကြောင်းကို အသေးစိတ်ပြောပြရန်ရှက်နေသည်။
သူသည် ဘာကိုမှထပ်မပြောချင်တော့။
မိုင်ပေါင်းများစွာခရီးနှင်လာပြီးနောက် ကားပိုင်ရှင်အမျိုးသား၏အိမ်အနီးသို့ ရောက်လာသည်။ ထို့ကြောင့် ချူဖုန်းတို့သည် ဤကားနှင့်ဆက်လိုက်၍မရတော့ပေ။ သူတို့၏ခရီးပန်းတိုင်သို့ မရောက်မီ တစ်နေရာရာတွင်ဆင်းနေခဲ့ရပေတော့မည်။
” နွယ်ပင်တွေမရှိတော့ဘူးပဲ ” ကောင်းကင်ပြာကြီးကို ဖုံးလွှမ်းထားသော နွယ်ပင်များမရှိတော့ကြောင်း ကျိုးကွမ် သတိပြုလိုက်မိသည်။ ဤသို့ အမှောင်ထုမှလွတ်မြောက်လာသည့် အခိုက်အတန့်က သူ့ကိုအလွန်စိတ်သက်သာရာရစေသည်။
အလွန်အကျွံကြီးထွားနေသောနွယ်ပင်များ၏ အရိပ်အောက်တွင်ရှိနေစဥ်က ဖော်ပြရန်ခက်သော ထိန်းချုပ်မှုတစ်မျိုးကို ခံစားခဲ့ရသည်။
နာရီဝက်ကြာပြီးနောက် ကားသည် အနီးရှိမြို့တစ်မြို့သို့ ဝင်လာသည်။ ချူဖုန်းတို့လည်း တိုင်ဟန်းတောင်ရှိရာမြောက်အရပ်သို့သွားမည့် ဘက်စ်ကားကိုစီးရန် မြို့ထဲမှဘက်စ်ကားမှတ်တိုင်သို့ ရောက်လာခဲ့သည်။
ဘက်စ်ကားပေါ်ရောက်မှပင် ချူဖုန်းနှင့်ကျိုးကွမ်လည်း စိတ်သက်သာရာရသွားပြီး စိတ်ပေါ့သွားတော့သည်။ လက်ရှိအခြေအနေများကြောင့် ဘက်စ်ကားများပြေးဆွဲမှုနှောင့်နှေးကြန့်ကြာနေမည်ကို သူတို့စိုးရိမ်နေခဲ့သော်လည်း ယခုမူ သူတို့၏စိုးရိမ်ပူပန်မှုကို လျှော့ချနိုင်ခဲ့ပေပြီ။
” ငါ့အထင်တော့ ဒီနေရာမှာ ထူးထူးဆန်းဆန်းဖြစ်ရပ်တွေမဖြစ်ဘူးထင်တယ်။ ထူးဆန်းမှုတွေက ငါတို့လာခဲ့တဲ့လမ်းတစ်လျှောက်မှာပဲ ဖြစ်နေပုံပဲ။ အခုဖြစ်နေတာတွေအကုန်လုံးက ကောင်းကင်ပေါ်က နွယ်အစုအဝေးကြီးကြောင့်ပဲ ဖြစ်ရမယ် ” ကျိုးကွမ် ဒေါသထွက်နေပုံပေါ်သည်။
ဤအဝေးပြေးကား၏ နောက်ဆုံးခရီးလမ်းဆုံးသည် မင်းဆက် ၆ ဆက်၏ ရှေးဟောင်းမြို့တော်ဖြစ်ခဲ့သော မြောက်ပိုင်းရှိမြို့ကြီးတစ်မြို့ဖြစ်သည်။
ထိုခရီးစဥ်အတွင်း ဤကားသည် တိုင်ဟန်းတောင်ခြေတွင်လည်း ရပ်နားပေလိမ့်ဦးမည်။
” ကိစ္စအားလုံးက စီစဥ်ထားတဲ့အတိုင်းဖြစ်မယ်ဆိုရင် ငါတို့ နေမဝင်ခင်အိမ်ပြန်ရောက်လိမ့်မယ် ” ချူဖုန်းက ပြောလိုက်၏။
သူတို့ထွက်ခွာလာခဲ့သောနေရာနှင့် မြောက်ပိုင်းမှမြို့ကြီးသည် မိုင် ၂၀၀ ကျော်သာ ဝေးသည်။ ထို့ကြောင့် ယာဥ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားခဲ့လျှင်ပင် နေမဝင်ခင်အိမ်ပြန်ရောက်နိုင်သေးသည်။
ထူးဆန်းသောဖြစ်ရပ်များက နေရာများစွာတွင် ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ထို့ကြောင့်ပင် ထိုဖြစ်ရပ်များက အဝေးပြေးကားပေါ်တွင် အများဆုံးဆွေးနွေးပြောဆိုကြသည့် အကြောင်းအရာတစ်ခုဖြစ်လာသည်။
” အာကာသထဲမှာလွင့်နေတဲ့ တချို့ပစ္စည်းတွေကိုပစ်ချဖို့ ဒုံးပျံတွေကို သုံးနေတယ်လို့ ပြောကြတယ် ”
” ဟုတ်တယ် ငါလည်းအဲ့လိုကြားတယ်။ ဒါပေမယ့် ယုံကြည်စိတ်ချရတဲ့သတင်းရင်းမြစ်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်တွေကိုတော့ မတွေ့မိသေးဘူး။ အဲ့တာကြောင့် အဲ့ဒီကောလာဟလက တကယ်လား အတုအယောင်လား ဆိုတာ မဆုံးဖြတ်နိုင်သေးဘူး ”
အဝေးပြေးကားပေါ်တွင် ဆွေးနွေးငြင်းခုံသံများနှင့် ဆူညံနေသည်။ အယူအဆအမျိုးမျိုးကို ပေါင်းစပ်ရောနှောပြီး ဆွေးနွေးနေကြခြင်းပင်။
ချူဖုန်းနှင့် ကျိုးကွမ်သည် ပြောစရာစကားမရှိသဖြင့် တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြသည်။ သူတို့သည် လေထဲတွင်လွင့်နေသော နွယ်ပုံစံအပင်များအကြောင်း ချက်ချင်းစဥ်းစားမိကြပြီး ထိုနွယ်များကို အမြန်ပစ်ချရန်လိုကြောင်း သူတို့တွေးမိသည်။
အဝေးပြေးကားက ချောချောမွေ့မွေ့ခရီးနှင်လာပြီး အချိန်များလည်းကုန်ဆုံးလာသည်။
ကျိုးကွမ်သက်ပြင်းချလိုက်သည်။ သူသည် ဖုန်းထဲတွင် သတင်းအသစ်များရှိမရှိရှာကြည့်လိုက်သော်လည်း အချည်းနှီးသာဖြစ်နေသည်။ သို့သော် နောက်ဆုံးတွင်မူ အတောင်ပံနှင့်လူတစ်ယောက်၏ပုံကို တွေ့လိုက်ရသည်။ ထိုသူ့ကို နတ်ဘုရားဇီဝဆေးပညာအုပ်စုမှ ဝန်ထမ်းတစ်ဦးက ခေါ်ဆောင်သွားသည်။
ထိုသတင်းသည် ကျိုးကွမ်တွေ့လိုက်ရသော နောက်ဆုံးသတင်းတစ်ပုဒ်ပင် ဖြစ်သည်။ ထိုသတင်းပြီးနောက် အခြားသတင်းများတက်မလာတော့ပေ။
” သူတို့က အဲ့လူကိုဆေးတစ်ခုခုထိုးပေးမလို့လား ဒါမှမဟုတ် အဲ့လူကိုအသုံးချပြီး ပြပွဲလုပ်စားကြမလို့လား ” ကျိုးကွမ်က ဝမ်းပန်းတနည်းပြောသည်။ ဓာတ်ပုံထဲတွင် လင်းမိသားစုမှ ထိပ်တန်းအကြီးအကဲများအားလုံးလိုက်ပါလာသော ဇိမ်ခံကားတန်းကြီးကို အစောင့်အရှောက်များက ဝန်းရံကာကွယ်ပေးထားသည် ကို တွေ့ရ၏။
ချူဖုန်းသည် ထိုဓာတ်ပုံကိုတစ်ချက်ကြည့်လိုက်သော်လည်း မည်သည့်မှတ်ချက်မှမပေးလိုက်ပေ။
ယနေ့ခေတ်တွင် လူတိုင်း၏ဖုန်းများတွင် သတင်းမျိုးစုံဖတ်နိုင်နေပေပြီ။ ထူးဆန်းသောဖြစ်ရပ်များနှင့်ပတ်သက်သည့် နောက်ဆုံးပေါ်သတင်းများက အချိန်နှင့်အမျှတက်လာနေပြီး ဖတ်ရှုသူများကို ပူပန်သောကရောက်စေသည်။
ချူဖုန်းသည် သတင်းခေါင်းစီးများကို သာမန်ကာလျှံကာမျှသာဖတ်လိုက်ပြီး မျက်လုံးများကိုပိတ်ကာအနားယူလိုက်သည်။ ထို့နောက် သူသည် တခဏအတွင်း အိပ်ပျော်သွားတော့သည်။
” ဟေ့လူ ထတော့ ဒီမှာပြဿနာတက်နေပြီ ” ကျိုးကွမ်က အိပ်ပျော်နေသောချူဖုန်းကို လှုပ်နိုးလိုက်သည်။
ချူဖုန်းသည် ယခုမှသတိဝင်လာသကဲ့သို့ အမြင်အာရုံများ အနည်းငယ်ဝေဝါးနေသည်။ နေ့လယ်ခင်းပင်ကျော်သွား၍ နေဝင်လုဆဲဆဲဖြစ်နေပေပြီ။
” ဘာပြဿနာဖြစ်နေတာလဲ ” ချူဖုန်းက မေးလိုက်၏။
” ကားဆရာက နည်းနည်းစိုးရိမ်နေပုံပဲ။ လမ်းဆုံးမှတ်တိုင်ကိုရောက်ဖို့ မိုင်နည်းနည်းလေးပဲဆက်သွားရတော့မယ်ဆိုပြီး ညွန်ပြနေတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကို သူ တွေ့ခဲ့တယ်ပြောတယ်။ ဒါပေမယ့် အခု သူ မိုင် ၃၀၀ ကျော်လောက် မောင်းလာခဲ့တာတောင် လမ်းဆုံးမှတ်တိုင်ကို မတွေ့သေးဘူးတဲ့ ” ကျိုးကွမ်က ရှင်းပြလိုက်သည်။
ထို့ပြင် အဝေးပြေးလမ်းမကြီး၏ လမ်းအချို့သည် ရှင်းပြရန်ခက်ခဲသောအားအချို့ကြောင့် အက်ကွဲနေပုံပေါ်၍ ဘက်စ်ကားသည် ထိုအက်ကွဲနေသောအဝေးပြေးလမ်းမကြီးပေါ်မှ မြေမညီသောလမ်းကြမ်းတစ်ခုပေါ်သို့ လမ်းကြောင်းပြောင်းပြီးမောင်းနှင်ရသဖြင့် ခရီးသည်များအားလုံး ကားဆောင့်သောဒဏ်ကို ခံကြရသည်။
ထို့ကြောင့် ချူဖုန်းလည်း နိုးလာရသည်။ သူသည် ယခုကဲ့သို့သောအဖြစ်အပျက်မျိုးနှင့်ရင်းနှီးနေသည်။ ယခုအဖြစ်အပျက်သည် နွယ်ပင်များနှင့် ဖုံးလွှမ်းခံထားရသောဒေသတွင် ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များနှင့် ဆင်တူနေ၏။ ဤဒေသမှ မြေကြီးများသည် သူ့အလိုလိုကွဲအက်သွားခြင်းပေလော သို့တည်းမဟုတ် လျှို့ဝှက်ဆန်းကြယ်စွမ်းအားအချို့ကြောင့် ကွဲအက်သွားခြင်းပေလော။
အချို့ခရီးသည်များကမူ ကားမောင်းသမားကို အပြစ်တင်သင့်သည့်ဟု ထင်ကြသည်။ ကားမောင်းသမားက လမ်းအမှားကိုမောင်းလာခဲ့ခြင်းဖြစ်သည်ဟူသောအချက်က ချူဖုန်း၏အယူအဆထက် ပိုပြီးနည်းလမ်းကျသည်။ သို့သော် ကားမောင်းသမားက ဤလမ်းကြောင်းတွင် နှစ်ပေါင်းများစွာ သွားလာနေခဲ့သော ဝါရင့်အဝေးပြေးကားမောင်းသူတစ်ဦးအနေဖြင့် ထိုကဲ့သို့သောသတိလက်လွတ်အမှားမျိုးကို ဘယ်သောအခါမှ ပြုလုပ်လိမ့်မည်မဟုတ်ဟု ကျိန်ပြောသည်။
သူသည် လမ်းဘေးရှိ လမ်းညွှန်ဆိုင်းဘုတ်များညွှန်ပြသကဲ့သို့ လမ်းကြောင်းအတိအကျမောင်းနှင်လာခဲ့သည်။
” ချီးပဲ… ဟုတ်ပြီ တော်ပြီ ငါ့အမှားပဲထားလိုက်တော့ သောက်ကျိုးနည်း ” ကားမောင်းသမားသည် ဒေါသကြီးသူတစ်ဦးဖြစ်၏။ သူသည် လမ်းအမှားမှ မောင်းလာခဲ့ခြင်းဖြစ်သည် ဟူသော ခရီးသည်များထံမှ စောဒကတက်မှုများကို ကြားလိုက်ရသောအခါ ကားမောင်းသမားသည် အလုပ်ထွက်ရန် ဆုံးဖြတ်လိုက်သည်။ ” ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတာလဲ။ ငါ့အထင်တော့ ဒါက သတင်းတွေထဲမှာပါနေတဲ့ ထူးဆန်းတဲ့ဖြစ်ရပ်တွေနဲ့ တစ်နည်းနည်းပတ်သက်နေတာဖြစ်ရမယ်။ ငါ အသက်ရှင်ချင်သေးတယ်။ မသေချင်သေးဘူး ”
” ဟာ ” ခရီးသည်တစ်ဦးက ခေါင်းမော့ပြီးရှေ့တည့်တည့်သို့ ကြည့်နေသည်။
ထိုနေရာတွင် တိမ်များထဲသို့ပင် တိုးဝင်နေသော တောင်တစ်လုံးရှိနေသည်။ ထိုတောင်သည် ရုတ်တရက်ပေါ်လာဟန်တူသည်။ ၎င်းသည် အဝေးပြေးလမ်းမပေါ်တွင် မပိတ်ဆို့နေရုံတမယ် လမ်း၏ညာဘက်လက်မအနည်းငယ်အကွာတွင် ရှိနေသည်။
” ဒီတောင်က လွန်ခဲ့တဲ့စက္ကန့်ပိုင်းတုန်းကတောင်မှ ဒီနေရာမှာမရှိပါဘူး။ ဘာဖြစ်သွားတာလဲ ”
” ကားဆရာ မြန်မြန်လုပ်ပါ။ ကားစက်နှိုးပြီး ဒီနေရာကမြန်မြန်ထွက်ရအောင် ”
ကားအတွင်းမှ ကျယ်ကျယ်လောင်လောင်အော်သံများ ထွက်ပေါ်လာသည်။
ကားမောင်းသမားသည် သူ့ဘေးပတ်ဝန်းကျင်မှ အခြေအနေကိုအမြန်အကဲခတ်လိုက်ပြီး ဘာစကားမှထပ်မပြောတော့ဘဲ လီဗာကိုဖိနင်းလိုက်သည်။ ကားသည် လှောင်အိမ်မှလွတ်သွားသောငှက်တစ်ကောင်ကဲ့သို့ ဝူးခနဲလျင်မြန်စွာမောင်းထွက်သွားလေတော့သည်။ သူသည်လည်း ရုတ်တရက်ထူးဆန်းစွာပေါ်လာသောတောင်ကို ကိုယ်တိုင်တွေ့လိုက်ရသဖြင့် ကြောက်ရွံနေသောကြောင့် အလျင်အမြန်မောင်းထွက်လာခဲ့ခြင်းဖြစ်သည်။
” ငါ ဒီခရီးရှည်ကြီးကို မလိုက်ခဲ့သင့်ဘူး ” သူသည် နောင်တရနေသည်။ ကားကိုအရှိန်မြန်မြန်တင်ရန် ကြိုးစားရင်း သူ့မျက်နှာမှာ စက္ကဖြူတစ်ရွက်ကဲ့သို့ ဖျော့တော့နေတော့၏။
ကားထဲရှိခရီးသည်များသည်လည်း စိုးရိမ်သောကရောက်နေကြသည်။
ချူဖုန်းနှင့်ကျိုးကွမ်တို့သည် စိုးရိမ်ပူပန်နေကြသော်လည်း အခြားသူများနှင့်ယှဥ်လျှင် အတော်လေးတည်ငြိမ်နေသေးသည်။
သို့သော် ကျိုးကွမ်၏တည်ငြိမ်မှုသည် ကြာကြာမခံ။ သူသည် သူ့ကိုယ်သူပင်မယုံနိုင်သဖြင့် ဘုရားစာများသာရွတ်ဖတ်နေတော့သည်။ ကျိုးကွမ်သည် မျက်စိများကို မှိတ်ထားရင်း ” ဘုရားသခင် ကျွန်တော်မျိုးကို ကောင်းချီးပေးတော်မူပါ၊ ကျွန်တော်တို့ကို ကောင်းချီးပေးတော်မူပါ၊ ကျွန်တော်တို့တွေ ဘာထိခိုက်ဒဏ်ရာမှမရဘဲ အိမ်ကို ဘေးကင်းလုံခြုံစွာနဲ့ ပြန်ရောက်အောင် စောင့်ရှောက်ပေးတော်မူပါ ” ဟူ၍ တတွတ်တွတ်ရွတ်ဆိုနေလေသည်။
ကားသည် စိတ်မနှံ့သူတစ်ဦး မောင်းနေသလိုဖြစ်နေသည်။ ကားခေါင်းသည် ဟိုယိမ်းဒီယိမ်းဖြစ်နေပြီး မတော်တဆဖြစ်မည့်ဘေးများမှလည်း ကပ်သီးလေးသာ လွတ်မြောက်နေခဲ့ခြင်းဖြစ်သည်။
ချူဖုန်းတို့ကားမှမဟုတ် အခြားကားများသည်လည်း မိုင်ကုန်မောင်းနှင်နေကြပြီး ထိုကားများထဲမှ ခရီးသည်များသည်လည်း စိုးရိမ်ပူပန်နေကြမည်ဖြစ်ကြောင်း သိသာလှသည်။
” ဘုရားသခင်ရဲ့ ကျေးဇူးတော်ပါပဲ။ နောက်ဆုံးတော့ ငါတို့ဖြတ်ကျော်နိုင်ခဲ့ပြီ ”
ကောင်းကင်ပြင်သည် နက်ပြာရောင်သန်းလာပြီး ကြယ်များလည်းလင်းလက်လာသည်။ ကျိုးကွမ်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူသည် မကြာခဏမြင်တွေ့ခဲ့ဖူးသော ရှုခင်းများကိုတွေ့လိုက်ရသည်။ တိုင်ဟန်းတောင်တန်းများ၏ တစ်ခုနှင့်တစ်ခုထိစပ်နေသော လှိုင်းတွန့်သဏ္ဍာန်တောင်ထိပ်များက သူ့ကိုရင်းနှီးကျွမ်းဝင်နေသည့် ခံစားမှုမျိုးကို ခံစားရစေသည်။
တဖြည်းဖြည်းနှင့် သူ၏ဇာတိမြို့ကို မြင်နေရပေပြီ။
ချူဖုန်းသည်လည်း အတော်စိတ်ပေါ့သွားသည်။ သူ့အိမ်သို့ရောက်ရန် မိုင်အနည်းငယ်သာလိုတော့သည်။ စိတ်ပါလျှင် သူ့အိမ်သို့သွားရန် ဤနေရာမှပင် လမ်းလျှောက်သွား၍ရသေးသည်။
သို့သော် ခရီးသည်များက သူတို့ခရီးစဥ်ချောချောမွေ့မွေ့ပြီးဆုံးတော့မည်ဟု အသိအမှတ်ပြု၍ပင် မဆုံးသေးမီ ကားက ရုတ်တရက်ထိုးရပ်သွားပြန်သည်။ ထို့ကြောင့် ခရီးသည်များ၏မျက်နှာများနှင့် ခန္ဓာကိုယ်အပေါ်ပိုင်းများသည် ၎င်းတို့ရှေ့မှထိုင်ခုံများနှင့်ရိုက်မိသွားကြပြီး ကားထဲ၌ဆူညံသံများထပ်မံထွက်ပေါ်လာလေ၏။
” မင်း ကားကို ဘယ်လိုမောင်းရမယ်ဆိုတာတောင်မှ သိရဲ့လား ” ခရီးသည်တစ်ဦးက ကျိန်ဆဲလိုက်သည်။
သို့သော် မကြာမီပင် ကားတစ်စီးလုံး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားသည်။
တလက်လက်တောက်ပနေသောကြယ်များနှင့် ကောင်းကင်ပြင်၏အောက်တွင် ရေကန်တစ်ကန်ရှိနေသည်။ ရေကန်၏မျက်နှာပြင်မှ မြူခိုးမြူငွေ့များတိုးထွက်နေပြီး ကြည်လင်သန့်စင်သောလရောင်နှင့် ရောနှောနေသည်။
ငြိမ်သက်အေးချမ်းနေသည့်ရေကန်ကို ဇာလွှာပါးတစ်ခုဖြင့် လွှမ်းခြုံထားသကဲ့သို့ပင်။
ထိုရေကန်ကြီးသည် တဖျတ်ဖျတ်လက်နေသည့် ကြယ်များ၏ရောင်ပြန်ဟပ်မှုကြောင့် တဖိတ်ဖိတ်တောက်နေပြီး ညအမှောင်ထုထဲတွင် လင်းလက်နေသည်။ အရာအားလုံးသည် တစ်ခုနှင့်တစ်ခုသဟဇာတဖြစ်နေကာ လှပတင့်တယ်နေသည်။
” ဘာတွေဖြစ်နေတာလဲ။ ဘယ်လိုဖြစ်ပြီး ဒီနေရာမှာ လမ်းဆုံးသွားတာလဲ။ ပြီးတော့ ဒါက ဘာကြီးလဲ။ ရေကန်တစ်ကန်လား ” ကျိုးကွမ်အံ့သြနေသည်။ ဤနေရာသည် သူနေထိုင်သောနေရာနှင့် သိပ်မဝေးလှ။ သူသည် ငယ်စဥ်ကလေးဘဝကတည်းက ဤဒေသတွင်နေထိုင်ခဲ့ခြင်းဖြစ်ပြီး ထိုနှစ်များအတွင်း ဤနေရာရှိရေကန်ကို လုံးဝမတွေ့ဖူးပေ။
လမ်းသည်လည်း ဤနေရာတွင် အဆုံးသတ်သွားလေပြီ။
” မြန်မြန်လုပ် ကားပေါ်ကဆင်းပြီး ရေကန်ဘေးကနေကွေ့သွားရအောင် ” ချူဖုန်းက တိုက်တွန်းလိုက်သည်။
ရုတ်တရက်ပေါ်လာသော ရေကန်နှင့်တောင်၏ဖြစ်ရပ်သည် အနည်းငယ်မျှသာကွာခြားမှုရှိပြီး အခြေခံအားဖြင့်အတူတူပင်ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့တည်ရှိနေသည့်မြေကြီးများ လျင်မြန်စွာအက်ကွဲသွားမှုကြောင့် ထွက်ပေါ်လာခြင်းဖြစ်၏။
ကမ္ဘာပေါ်မှလူများမသိခဲ့ကြသော တောင်များနှင့် မြစ်များသည် ယခုမူလူအများ၏ရှေ့မှောက်တွင် ပေါ်ထွက်လာခဲ့ပေပြီ။
ခရီးသည်များသည် သဘောထားကွဲလွဲနေကြသည်။ အချို့က ရေကန်ပတ်လည်ကိုစူးစမ်းကြည့်ချင်ကြပြီး အချို့က ကားထဲတွင်ပင်နေကာ အရုဏ်တက်ချိန်ရောက်သည်အထိ စောင့်ဆိုင်းလိုကြသည်။
ချူဖုန်းနှင့်ကျိုးကွမ်တို့အတွက် ရှည်ကြာကြမ်းတမ်းသောအိမ်ပြန်ခရီးပင်။ ရွာငယ်လေးတစ်ရွာကို မတွေ့မီ ရေကန်ဘေးမှပတ်ပြီး ၄ နာရီကြာ လမ်းလျှောက်ခဲ့ကြရသည်။
၎င်းသည် ရှန့်ဖျင် ဟု ခေါ်သည့် နယ်မြို့လေးတစ်မြို့ဖြစ်သည်။ ကျိုးကွမ်၏အိမ်သည် ထိုမြို့တွင်ရှိသည်။
ချူဖုန်း၏အိမ်နှင့်လည်း ၃ မိုင်မျှသာဝေးတော့သည်။
” ကိုယ့်အိမ်ကိုယ့်ယာကအကောင်းဆုံးပဲ ” ကျိုးကွမ်သည် သူ၏အိမ်ပြန်ခရီးအောင်မြင်သွားသဖြင့် ပျော်ရွှင်နေသည်။ ထိုခရီးသည် လွယ်ကူရိုးရှင်းသောခရီးစဥ်မဟုတ်သဖြင့် မေ့ပျောက်နိုင်တော့မည်မဟုတ်ပေ။
” ဟင် အဲ့တာဘာလဲ ” ရုတ်တရက် အဝေးမှအသံတစ်သံတဖြည်းဖြည်းထွက်လာချိန်တွင် ကျိုးကွမ်သည် တိုင်ဟန်းတောင်တန်းများနှင့် မျက်နှာချင်းဆိုင်ရှိနေချိန်ဖြစ်သည်။ မြင့်မားသောတောင်တန်းများစွာသည် ရုတ်တရက်ထွက်ပေါ်လာလေသည်။
” ဧရာမတောင်ကြီးတွေပါလား ” ထိုတောင်များသည် မီတာသောင်းနှင့်ချီ၍မမြင့်လျှင်ပင် အနည်းဆုံးမီတာထောင်နှင့်ချီပြီးမြင့်မားသည်။ တောင်ထိပ်များသည်လည်း တွန့်လိမ်ကွေ့ကောက်နေပြီး အဆုံးသတ်ကိုပင်မမြင်ရပေ။ ရာထောင်ချီသောတောင်စဥ်တန်းများ ရုတ်တရက်ပေါ်ထွက်လာပြီး ၎င်းတို့အရင်ရှိနေသောအရာများကို ဖုံးလွှမ်းလိုက်လေသည်။
ချူဖုန်းသည် သူ့ရှေ့မှ အရောင်တလက်လက်တောက်နေသော မြင်ကွင်းကို ရပ်ကြည့်နေသည်။
အပိုင်း ၁၁ ပြီး၏။