Switch Mode

Chapter – 10

ရုတ်ချည်း ပြောင်းလဲမှု

Chapter – 10 ရုတ်ချည်း ပြောင်းလဲမှု

လက်မောင်းအရွယ်လုံးပတ်ရှိသောနွယ်ပင်များသည် ကောင်းကင်ပြင်မှ တွဲလျားကျနေသည်။ နှင်းမြူများကြောင့် မြင်ကွင်းမှာမသဲကွဲလှ။

ထုထည်ကြီးမားပြီး အလေးချိန်စီးသော ဂြိုဟ်တုတစ်လုံးသည် နွယ်များနှင့်ငြိပြီး ရထားပေါ်သို့ ကျလာခဲ့သည်။ ပတ်ဝန်းကျင်တစ်ခွင်သည် အပ်ကျသံပင်ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေသည်။

ချူဖုန်းတို့ရှေ့မှမြင်ကွင်းသည် အလွန်အံ့သြစရာကောင်းလှသည်။ သူတို့ရှေ့တွင်ရှိနေသော ဂြိဟ်တုသည် အမှန်စင်စစ် ကမ္ဘာကိုလှည့်ပတ်ရင်း အာကာသထဲတွင်ရှိနေရမည့် အရာတစ်ခုဖြစ်သည်။ ၎င်းသည် ဤကမ္ဘာကို မည်သို့ပြုတ်ကျလာပါသနည်း။

ချူဖုန်းနှင့် ကျိုးကွမ်သည် မရည်ရွယ်ဘဲ ကောင်းကင်ပေါ်သို့ထပ်ကြည့်မိကြပြီး ကျောရိုးတစ်လျှောက်စိမ့်အေးလာသကဲ့သို့ ခံစားလိုက်ရသည်။ ထိုကောင်းကင်တွင် မည်သည့်အရာများရှိနေသနည်း။

” ဒီနွယ်တွေက ကောင်းကင်ပေါ်ကနေကျလာတာလို့တော့ လာမပြောနဲ့နော် ” ကျိုးကွမ်သည် မျက်နှာပျက်နေပြီး အသံသည်လည်း ခပ်အက်အက်ဖြစ်နေ၏။

သူသည် သူမြင်နေရသောအရာကို ယုံကြည်လက်ခံရန် ခဲယဥ်းနေသည်။

ချူဖုန်းက ဘာမှမပြော။ ရှေ့သို့သာဆက်လျှောက်သွားပြီး ပိုပြီးနီးနီးကပ်ကပ်မြင်ရရန် နွယ်များကိုတွန်းဖယ်လိုက်သည်။ သူက သူတို့မြင်ရသောအရာမှာ ဂြိုဟ်တုဟုတ်မဟုတ် အတုပြုလိုခြင်းဖြစ်သည်။

” ဘာတွေဖြစ်နေတာလဲ ” ကျိုးကွမ်နားမလည်နိုင်ဖြစ်နေသည်။

ချူဖုန်းသည် အတွေးကမ္ဘာထဲတွင် နစ်မြောနေသည်။ ပြင်ပကမ္ဘာတွင်မည်သည်များဖြစ်ပျက်နေကြောင်း သူမသိ။ သူသိသည်မှာ သူတို့အားလုံး ဤနေရာမှအမြန်ဆုံးထွက်သွားသင့်ကြောင်းပင်။

” ချူဖုန်း မင်း ဘာလုပ်နေတာလဲ ” ကျိုးကွမ် ချူဖုန်းကို ကြည့်လိုက်သောအခါ ချူဖုန်း နွယ်များကိုတွယ်တက်နေသည်ကို တွေ့လိုက်ရသည်။

” ငါ ကောင်းကင်ပေါ်တက်သွားမလို့ ” ချူဖုန်းက ပြန်ဖြေလိုက်၏။

” မင်းမှာ နောက်ပြောင်ချင်စိတ်ရှိနေသေးတာလား ” ဖက်တီးကျိုးသည် အများအားဖြင့် ပြုံးရွှင်နေတတ်သူတစ်ဦးဖြစ်ပြီး သူတော်စင်တစ်ဦးကဲ့သို့ဟန်ပင်မျိုးရှိသည်။ သို့သော် ယခုမူ သူ့မျက်နှာသည် စိုးရိမ်ကြောင့်ကြမှုအပြည့်ဖြစ်နေသည်။

သူ မကြာသေးမီက တွေ့ကြုံလိုက်ရသော အပြောင်းအလဲများစွာက သူ့ကိုဆတ်ဆတ်ထိမခံတတ်သည့်သူတစ်ဦးဖြစ်သွားစေသည်။

” ငါ အပေါ်တက်ပြီးကြည့်မလို့ ” ချူဖုန်းက သူ့ရည်ရွယ်ချက်ကို ကျိုးကွမ်အားပြောပြလိုက်သည်။

” မလုပ်နဲ့ အန္တရာယ်များလွန်းတယ်။ ကောင်းကင်ဘုံကိုသွားတဲ့လမ်းကြောင်းဆိုတာမရှိဘူး။ မင်းက ကောင်းကင်ဘုံဘုရားကျောင်းဆီီကို ရောက်သွားမယ်ထင်နေတာလား ” ကျိုးကွမ်က ကန့်ကွတ်လိုက်သည်။ သူသည် ချူဖုန်း၏လုံခြုံရေးကို စိတ်ပူနေ၏။

” စိတ်မပူပါနဲ့။ ငါအရမ်းအမြင့်ကြီးထိမသွားပါဘူး။ ဒီတိုင်းကြည့်ကြည့်ချင်ရုံလေးပါ ” ချူဖုန်းသည် သူ၏ကြံ့ခိုင်တောင့်တင်းသောကိုယ်လုံးကိုယ်ပေါက်ဖြင့် ၆ မီတာအမြင့်ကို တခဏအတွင်းတက်လိုက်သည်။

ထိုအမြင့်တွင် သူသည် နှင်းမြူများအတွင်း၌ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ အလွန်ထူထပ်သိပ်သည်းလှသော မြူခိုးများကြောင့် မြေပြင်မှလူများသည် သူ့ကိုမမြင်ရတော့ချေ။

” ချူဖုန်း အဆင်ပြေရဲ့လား ” ကျိုးကွမ်က အောက်ဘက်မှ အော်မေးလိုက်သည်။

” အဆင်ပြေတယ် ” ချူဖုန်းက ပြန်ဖြေလိုက်သည်။ သူသည် မရပ်သေးဘဲ အပေါ်ဘက်သို့ဆက်တက်သွားလေသည်။

” နွယ်တွေကပိုပြီးတောင်တုတ်လာသေးတယ်။ ဒီနွယ်တွေ ဒီလိုဒေါင်လိုက်တွဲကျနေတာကိုကြည့်ပြီးပြောရရင် သူတို့တွေက ဘေးဘက်ကတောင်တွေပေါ်ကနေမဟုတ်ဘဲနဲ့ အထက်ကောင်းကင်ပြင်ကနေပြီး ကျလာတာပဲ ” ချူဖုန်း မျက်မှောင်ကြုတ်လိုက်၏။

သူသည် ရုတ်တရက် သတင်းတစ်ပုဒ်ကိုသတိရသွားသည်။ ထိုသတင်းသည် လွန်ကဲစွာကြီးထွားနေသောသစ်ပင်များသည် အာကာသထဲ၌ပင် ရောက်ရှိနေပြီး ထိုသစ်ပင်များသည် ကမ္ဘာ​ပေါ်မှမျိုးစိတ်များပင်မဟုတ်ဟူသည့် သတင်းဖြစ်သည်။ ထိုသတင်းက ချူဖုန်းအား အတွေးပွားစေသည်။

ချူဖုန်းသည် တော်သင့်ရုံသာစွန့်စားရန်ဆုံးဖြတ်ပြီး နွယ်ပင်မှတစ်ဆင့် အောက်သို့ပြန်ဆင်းလာခဲ့သည်။

” ငါတို့ ဒီနေရာကနေ အမြန်ဆုံးထွက်သွားသင့်တယ်။ ဒီနေရာမှာ ဒီထက်ပိုပြီးကြာကြာဆက်မနေသင့်တော့ဘူးထင်တယ်။ ငါတော့တော်တော်စိုးရိမ်နေပြီ ” ဟု ကျိုးကွမ်က ပြောသည်။

ချူဖုန်းက ခေါင်းညိတ်လိုက်သည်။ ရထားက ဤနေရာတွင် ကျောက်ချထားသလိုရပ်နေပြီး ဖုန်းများကလည်းဆက်သွယ်၍မရသဖြင့် ဤနေရာမှထွက်သွားနိုင်မည့်နည်းလမ်းကို သူတို့ကိုယ်တိုင်ရှာကြရပေတော့မည်။

ဤနေရာတွင် မလှုပ်မယှက်နေကာ ထိတ်လန့်ဖွယ်ကောင်းပြီးထူးဆန်းသောကိစ္စရပ်များနှင့် ရင်ဆိုင်ကြုံတွေ့မည်ကို စောင့်ဆိုင်းနေခြင်းသည် မိုက်မဲမှုသာဖြစ်၏။

” ဘုရားရေ အဲ့တာဘာကြီးလဲ ” အဝေးတစ်နေရာမှ အံ့သြတကြီးအော်လိုက်သံတစ်သံထွက်လာသည်။

ကြံ့ခိုင်သန်စွမ်းသောလူငယ်အနည်းငယ်လည်း ရထားပေါ်သို့တက်လာကြကာ ဂြိုဟ်တုကိုတွေ့ပြီးနောက် အံ့အားသင့်သွားကြလေသည်။

သူတို့သည် သရဲတစ်ကောင်ကို တွေ့လိုက်ရသကဲ့သို့ အံ့အားသင့်ပြီး ကြက်သေသေသွားကြသည်။

ထိုသတင်းကလျင်မြန်စွာပျံ့နှံ့သွားပြီး ခရီးသည်များကြားတွင် လှုပ်လှုပ်ခတ်ခတ်ဖြစ်သွားကြသည်။ လူတိုင်းစိုးရိမ်ထိတ်လန့်သွားကြပြီး စိတ်အေးအေးမထားနိုင်ကြတော့ပေ။ ခရီးသည်များသည် ဆူဆူညံညံပြောဆိုကြရင်း ငိုကြွေးကြရင်းဖြင့် ရထားထဲမှထွက်လာကြသည်။

” ဒီနေရာမှာ မူမမှန်တဲ့ကိစ္စတွေလွယ်လွယ်ကူကူဖြစ်နိုင်တယ် ” ကျိုးကွမ်သည်လည်း အတော်စိုးရိမ်နေလေပြီ။

ဦးဆောင်ညွှန်ကြားမည့်သူမရှိသဖြင့် အခြေအနေကဖရိုဖရဲဖြစ်လာသည်။ သို့သော် ဤသို့သောအချိန်မျိုးတွင် မည်သူက ထိုသို့သောတာဝန်ကိုယူနိုင်မည်နည်း။ ထူပူနေသောရထားဝန်ထမ်းများသည်ပင် ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။

” ဟိုအလောင်းနဲ့ပတ်သက်ပြီး ဘာထပ်သိရသေးလဲ ” ချူဖုန်းက မေးလိုက်သည်။

” ဘာရှာတွေ့ဦးမှာလဲ။ သူကသေနေတာကြာလှပြီ။ အဲ့လူက ရှေးခေတ်ကလူလုံးဝမဖြစ်နိုင်ဘူးလို့ တခြားလူတွေပြောနေတာ ကြားခဲ့တယ်။ သူ့ကိုယ်ပေါ်မှာ ဖုန်းတစ်လုံးရှိတယ်တဲ့ ” ကျိုးကွမ်က ပြန်ဖြေလိုက်သည်။

” အာ ” ချူဖုန်း အံ့သြသွား၏။ သူသည် ထိုအလောင်းကို ယခင်ကစစ်ဆေးကြည့်ခဲ့ပြီး ထိုလူ၏အဝတ်အစားများသည် ရှေးကျသည့်အသွင်အပြင်ရှိရုံသာမက ရှေးခေတ်ကဆွဲဆောင်မှုမျိုးကိုပါ အမှန်တကယ်ပိုင်ဆိုင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

” အရမ်းမတွေးနဲ့တော့။ သွားကြစို့ ” ကျိုးကွမ်က သူ့ကိုတိုက်တွန်းလိုက်သည်။ ကျိုးကွမ်သည် ဤနေရာတွင် တခဏမျှထပ်မနေချင်တော့။

အခြားသူများသည်လည်း လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။ ထိုသူများသည်လည်း ဤနေရာမှထွက်သွားလိုကြောင်း သိသာလှ၏။

ချူဖုန်းသည် သူ့လက်ထဲမှ အနက်ရောင်ဓားမြှောင်အကြောင်း စဥ်းစားနေသည်။ ထိုဓားမြှောင်သည် အလျား ၃၀ စင်တီမီတာခန့်သာ ရှိသော်လည်း သူသိထားသမျှသတ္တုများထက် ပို၍သိပ်သည်းလေးလံသော အမည်မသိသတ္တုတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအရာက သူ့ကိုသံသဃဝင်စေသည်။

” အဲ့လူရဲ့ဖုန်းက ဘယ်မှာလဲ။ သူ ဘယ်သူနဲ့ဆက်သွယ်ခဲ့လဲကြည့်ရအောင်။ ဒီကိစ္စက တော်တော်ထူးဆန်းနေတယ် ”

သို့သော် ကံမကောင်းစွာဖြင့် ထိုသူ၏ဖုန်းသည် ရုတ်ရုတ်သဲသဲဖြစ်နေသည့် လူများအကြားတွင် ပျောက်ဆုံးသွားသည်မှာ ​ကြာနေပြီဖြစ်၍ ချူဖုန်း၏ဆန္ဒများမပြည့်ခဲ့ပေ။

” သွားကြစို့ ”

သူသည် နှောင့်နှေးမနေတော့ဘဲ ထိုနေရာမှထွက်သွားရန် ဆုံးဖြတ်လိုက်သည်။

လူအုပ်စုအချို့သည် ထိုနေရာမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ထွက်လာကြပြီး လမ်းတစ်လျှောက် အချင်းချင်းအဖော်ပြုကာ အနီးဆုံးမြို့ဆီသို့ ဦးတည်သွားကြလေသည်။

ချူဖုန်းနှင့်ကျိုးကွမ်သည် ရထားလမ်းတစ်လျှောက် လျှောက်လာခဲ့ကြသည်။ ကျိုးကွမ်သည် ဤလမ်းခရီးကို အကြိမ်ကြိမ်အသွားအပြန်လုပ်ဖူးသောကြောင့် ဤလမ်းကြောင်းနှင့် အလွန်ရင်းနှီးနေပြီးဖြစ်၏။ သူ့ပြောစကားအရ တောင်များကိုကျော်လွန်ပြီး ၂ ကီလိုမီတာကျော်ကျော်ဆက်သွားပါက မြို့ငယ်လေးတစ်ခုရှိသည်ဟု သိရသည်။

” ဘယ်ကောင်က ဒီလိုလုပ်တာလဲ။ ရထားရပ်ရတာ ဘာမှအံ့သြစရာမရှိတော့ဘူး။ ဘယ်လောက်အန္တရာယ်များလိုက်လဲ ” ကျိုးကွမ်သည် လမ်းတစ်လျှောက်ဒေါသထွက်လာသည်။

သူတို့သည် ရထားလမ်းတစ်လျှောက် ကီလိုမီတာအနည်းငယ်လျှောက်လာပြီးနောက် အက်ကွဲကြောင်းတစ်ခုတွေ့လိုက်ရသည်။ ၎င်းသည် အလွန်အန္တရာယ်များသောအခြေအနေဖြစ်သည်။ ရထားသာဆက်မောင်းလာလျှင် သေချာပေါက်ဒုက္ခရောက်ပေလိမ့်မည်။

” တစ်ခုခုတော့ မှားနေပြီ ”

ထိုနေရာမှ ခပ်လှမ်းလှမ်းတွင် နောက်ထပ်အက်ကွဲကြောင်းတစ်ခုကို ထပ်တွေ့လိုက်ရသည်။ ထိုအရာသည် လူလုပ်ဖြစ်ဟန်မတူ။ လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခုခု ဖြစ်ပွားနေလေပြီ။

” တွေ့လား။ အဲ့တာက မြင့်မလာဘူး ”

ကျိုးကွမ်က အနားကပ်ကြည့်လိုက်သည်။

ထိုအက်ကွဲကြောင်းများကို ကြည့်ရသည်မှာ ကမ္ဘာကြီးသည် ၂ ခြမ်းကွဲသွားပြီး မြေကြီးများမြင့်လာခြင်းဖြစ်သည် ဟုထင်ရသည်။ ထို့ကြောင့်ပင် ရထားသံလမ်းပျက်စီးသွားပြီး ၎င်းတို့၏ချိတ်ဆက်မှုများကို ပြတ်တောက်သွားစေခြင်းဖြစ်သည်။

ချူဖုန်းတို့နှစ်ဦးသည် စိတ်ရှုပ်ထွေးသွားပြီး သံသဃဝင်နေကြသည်။ ကမ္ဘာကြီးသည် မည်သို့ကွဲအက်သွားနိုင်မည်နည်း။

” ငလျင်ကြောင့်ဖြစ်မယ်ထင်တယ် ” ကျိုးကွမ်က ပြောလိုက်၏။

သို့သော် မကြာသေးမီက ငလျင်လှုပ်သွားခြင်းကို သူတို့မခံစားမိခဲ့ပေ။ မူမမှန်သောအခြေအနေသည် အတော်ထိတ်လန့်ဖွယ်ကောင်းနေသည်။ ယခုလောလောဆယ်တွင် မည်သည့်အရာကိုမှ အတည်ပြုရန်နည်းလမ်းမရှိချေ။

သူတို့နှစ်ဦးသည် ခေါင်းရှုပ်သွားကြပြီး ခန္ဓကိုယ်ထဲမှ သွေးများပင် အေးခဲသွားသယောင် ခံစားလိုက်ရသည်။

သူတို့ရှေ့ဆက်သွားပြီး မကြာမီပင် မြေကြီးများအက်ကွဲမှု၏သက်သေဖြစ်သော ရထားသံလမ်းများကွဲအက်သံကို သူတို့ကိုယ်တိုင်ကြားလိုက်ရသည်။

ကျိုးကွမ်အံ့အားသင့်သွားပြီး မည်သည့်စကားမှ ထွက်မလာတော့ပေ။

” နိမိတ်မကောင်းလိုက်တာ ” သူ့နှုတ်မှ လွတ်ခနဲထွက်လာသည်။

” သွားကြစို့။ ဒီနေရာကမြေတွေက စိတ်မချရဘူး ” ချူဖုန်းက ခြေလှမ်းအရှိန်မြှင့်လိုက်သည်။

ယခင်က ရထားပေါ်သို့တက်လာပုံအရ ဖက်တီးကျိုးသည် သက်လုံအလွန်ကောင်းကြောင်း ထင်ရှားသည်။ သူသည် ဟောဟဲလိုက်နေသော်လည်း ပင်ပန်းနေပြီဟု တစ်ခါမှစောဒကမတက်ဖူးပေ။

” အာ လမ်းမရှိတော့ဘူးလား ”

ရထားလမ်း၏ရှေ့တွင် တောင်ကြီးတစ်လုံးရှိနေပြီး လမ်းပိတ်ထားသည်။

အံ့သြစရာအကောင်းဆုံးအပိုင်းမှာ ရှေ့မှ လမ်းကြောင်းများသည် ဤတောင်အောက်မှ ထွက်လာသည်ဟု ထင်ရခြင်းပင်။ ရထားသံလမ်းများပျောက်ကွယ်နေသော်လည်း မြေကြီးများကိုတူးကြည့်မည်ဆိုပါက ထိုရထားလမ်းများ၏တစ်စိတ်တစ်ပိုင်းကို တွေ့နိုင်ပေသေးသည်။

ကျိုးကွမ်ကို မဆိုထားနှင့် ချူဖုန်းသည်ပင် အလွန်မှင်သက်အံ့သြနေလေပြီ။ ဤသည်မှာ မည်သို့သောအခြေအနေမျိုးတည်။ ဤဒေသတွင် တောင်တစ်လုံးက ရုတ်တရက်မည်သို့ရောက်လာသနည်း။

” ရှေ့မှာ မြို့တစ်မြို့ရှိတယ်ဆိုတာ သေချာလား ” ချူဖုန်းက မေးလိုက်၏။

” လုံးဝသေချာတယ် ” ကျိုးကွမ်က ပြန်ဖြေလိုက်သည်။ သူသည် ဤတောင်ကို ယခင်က မမြင်ဖူးကြောင်းကိုလည်း ကျိန်ပြောလိုက်သည်။ ထိုတောင်သည် ယခုမှပေါ်လာပြီး ဤနေရာသို့ရောက်လာခြင်းဖြစ်ဟန်တူသည်။

” ငါတို့မှာ အဲ့တောင်ပေါ်ကို တက်တာအပြင် တခြားရွေးချယ်စရာသိပ်မရှိဘူး။ ငါတို့တွေ ဘာမှန်းညာမှန်းမသိတဲ့ကမ္ဘာတစ်ခုကို ရောက်နေသလားလို့တောင် ငါ သံသဃဖြစ်နေပြီ ” ကျိုးကွမ်က ပြောလိုက်၏။

” ဒီတောင်ပေါ်ကိုတက်မနေပါနဲ့။ သိပ်ဝေးတာမှမဟုတ်တာ ” ချူဖုန်းက ကျိုးကွမ်ကို တားလိုက်သည်။

ကျိုးကွမ်က အခွင့်အရေးကိုလက်မလွှတ်ချင်။ သူသည် ဤတောင်ကြီးမည်သည့်နေရာမှ ရောက်လာကြောင်းကို အတော်စူးစမ်းချင်နေသည်။ ဤတောင်သည် လေထဲတွင် မည်သို့ပေါ်လာသနည်း။

” ဝေါင်း ”

ကျယ်လောင်သောဟိန်းဟောက်သံကြီးက တောင်ပေါ်ရှိသစ်တောများကိုပင် လှုပ်ယမ်းသွားစေသည်။ သာမန်မဟုတ်သော ဤဧရာမတောင်ကြီးပေါ်တွင် ကြောက်မက်ဖွယ်သားရဲများရှိနေကြောင်း သိသာလှ၏။

” ဘယ်လိုဖြစ်နိုင်မှာလဲ။ ကြောက်စရာကောင်းလိုက်တဲ့ဟိန်းဟောက်သံကြီး။ ဒီပတ်ဝန်းကျင်မှာ အဲ့လိုသားရိုင်းကောင်ကြီးတွေ မရှိသင့်ဘူးလေ။ သူတို့တွေက ဘယ်ကနေရောက်လာကြတာလဲ ” ကျိုးကွမ်သည် ကြောက်လန့်မှုကြောင့်တုန်နေသည်။

ချူဖုန်းသည် တောင်ကြီးကိုညွှန်ပြလိုက်ပြီး ထိုတောင်ပေါ်သို့တက်မည့် ကျိုးကွမ်၏အတွေးကို အဆုံးသတ်စေလိုက်သည်။ သူတို့သည် တောင်၏အစွန်အဖျားမှ ကွေ့ပတ်သွားကြသည်။

ထိုသို့သွားနေစဥ်အတောအတွင်း ကြောက်မက်ဖွယ်ဟိန်းဟောက်သံများ၊ ဆိုးဆိုးဝါးဝါးအော်ဟစ်သံများကို ရံဖန်ရံခါကြားခဲ့ကြရသည်။

” ဟိုမှာ တောင်ပေါ်တက်နေတဲ့လူတွေ ” ကျိုးကွမ်၏မျက်နှာသည် ဖြူဖျော့သွားသည်။ ကံကောင်းထောက်မ၍တောင်ပေါ်သို့ မတက်မိခြင်းပင်။

နောက်ဆုံးတွင် ချူဖုန်းတို့ ၂ ယောက်သည် တောင်၏တခြားတစ်ဖက်သို့ အောင်အောင်မြင်မြင်ရောက်သွားကြပြီး ကျိုးကွမ်ပြောသည့်မြို့သို့ရောက်ရန် ဦးတည်၍ ရထားလမ်းတစ်လျှောက်ဆက်လျှောက်လာခဲ့ကြသည်။

တချိန်တည်းမှာပင် ကမ္ဘာကြီးအက်ကွဲသွားသကဲ့သို့ လမ်းတစ်လျှောက် ရထားလမ်းများအကြားမှ အပျက်အစီးများက ပိုပိုပြီးကျယ်လာသောကြောင့် သူတို့ပို၍စိုးရိမ်ပူပန်လာကြသည်။

မူလက ကီီလိုမီတာအနည်းငယ်မျှသာ သွားရသောခရီးသည် ယခုမူ ထိုထက် ၂ ဆ မျှ ဖြစ်လာပေပြီ။

သို့သော် ကံကောင်းစွာဖြင့် နောက်ဆုံးတွင် မြို့ငယ်လေးသို့ ဘေးကင်းလုံခြုံစွာရောက်လာကြလေသည်။

ထိုအချိန်တွင် မြူခိုးမြူငွေ့များပျောက်သွားပြီဖြစ်သော်လည်း နေရောင်ခြည်ကတစ်စုံတစ်ခုနှင့် တားဆီးခံထားရသကဲ့သို့ဖြစ်နေပြီး မြေပြင်သို့ရောက်မလာသေးချေ။

” ဟိုမှာ တော်တော်ကြီးတဲ့နွယ်တွေပဲ ” အပေါ်မှတွဲလျားကျနေသော မရေမတွက်နိုင်သည့် နွယ်ပင်များကိုမြင်လိုက်ရသဖြင့် ချူဖုန်း၏အမူအရာသည် ရုတ်ချည်းပြောင်းလဲသွားသည်။ ထိုနွယ်များသည် အလွန်တုတ်ခိုင်ပြီး စိမ်းစိုသန်စွမ်းသောအရွက်များလည်း ပါရှိသည်။

ထိုနွယ်များက ကောင်းကင်မှတွဲလျားကျနေပြီး နေရောင်ကိုတားဆီးထားခြင်းဖြစ်၏။

ထိုနွယ်များသည် ကမ္ဘာပေါ်ရှိနွယ်ပင်များကဲ့သို့ ရှင်သန်ကြီးထွားနေခြင်းမဟုတ်ပေ။ ဆန်းကြယ်မှုတစ်ခုကဲ့သို့ပင် ထိုနွယ်များက ကောင်းကင်ပေါ်တွင် သဘာဝအလျောက်ပေါက်ရောက်ရှင်သန်နေခြင်းဖြစ်သည်ဟုပင် ထင်ရသည်။

ဧရာမနွယ်ကြီးတစ်ခုက ကောင်းကင်ပြင်ကို ပိတ်ဆို့ထားပြီး ထိုဒေသတစ်ခုလုံးကို လွှမ်းမိုးထားသည်။

မြို့ငယ်လေးမှလူများသည်လည်း မြူများပျောက်ကွယ်သွားပြီးနောက် ထိုမြင်ကွင်းကို မြင်လိုက်ကြရပြီး ဆောက်တည်ရာမရကြောက်ရွံ့သွားကြလေ၏။

” ပြေးကြ။ ငါတို့ ဒီနေရာကနေ မြန်မြန်ထွက်သွားရမယ် ” ကျိုးကွမ်က အော်လိုက်သည်။

လူများသည် ယခင်ကတည်းကပင် ပြေးနေကြပြီဖြစ်သည်။ ကားအချို့သည် ခပ်ဝေးဝေးသို့မောင်းပြေးသွားကြသည်။

” ကြည့်ရတာ မူမမှန်ဘူး။ ငါတို့ကားတစ်စီးစီးနဲ့ ချိတ်ဆက်ပြီးလိုက်သွားရမယ်။ ဒီအခွင့်အရေးမှာ ထွက်မသွားနိုင်ရင် ငါတို့ ဒီနေရာမှာတကယ်သေလိမ့်မယ် ” ချူဖုန်းက ဆက်ပြောလိုက်သည်။

” ချိတ်ဆက်မယ် ဟုတ်လား။ ကားတစ်စီးလောက်သာ လုသွားကြရအောင်ပါကွာ ” ကျိုးကွမ်က အော်လိုက်သည်။

သို့သော် နောက်ဆုံးတွင် သူတို့သည် ကားတစ်စီးနှင့်ချိတ်ဆက်နိုင်ခဲ့သည်။ သက်လတ်ပိုင်းအရွယ်ဦးလေးကြီးတစ်ဦးက ဤနေရာမှထွက်ပြီး အဝေးတစ်နေရာသို့သွားရာတွင် ချူဖုန်းတို့ ၂ ဦးကိုပါ ခေါ်သွားပေးခဲ့သည်။

မြူများပျောက်သွားပြီးနောက် ဖုန်းလိုင်းများလည်း ပြန်ဖမ်းမိလာသည်။ သူတို့သည် ယခု ပြင်ပကမ္ဘာမှလူများနှင့် ဆက်သွယ်နိုင်ပြီဖြစ်သည်။

ချူဖုန်းသည် အံ့အားသင့်ဖွယ်သတင်းရှိမရှိစစ်ဆေးကြည့်ရန် ဖုန်းကို အမြန်ဖွင့်လိုက်သည်။

” စုန့်တောင်၊ ဝမ်ဝူတောင်နဲ့ လျူဖူတောင်လိုမျိုး ထင်ရှားတဲ့တောင်အချို့ရဲ့အနားတစ်ဝိုက်မှာ ထူးဆန်းမှုတွေဖြစ်ခဲ့ပုံပဲ။ ကျောက်တုံးကျောက်ဆောင်တွေကိုတောင်မှ မူမမှန်တဲ့ခရမ်းရောင်တိမ်တိုက်တွေက ဖုံးလွှမ်းထားတယ်တဲ့ ” သတင်းများကိုတွေ့ပြီးနောက် ဖက်တီးကျိုးက ကျယ်လောင်စွာအာမေဍိတ်ပြုလိုက်သည်။

တစ်ညထဲမှာပင် ထူးခြားဆန်းကြယ်သောဖြစ်ရပ်များစွာ ဖြစ်ပွားသွားလေသည်။

” အာ လူတစ်ယောက်က သာမန်အပင်ငယ်လေးကနေ ငွေရောင်အသီးတစ်လုံးသီးနေတာကို တွေ့ခဲ့တယ်တဲ့။ အဲ့အသီးကိုစားလိုက်ပြီးတော့ သူ့မှာအတောင်တစ်စုံပေါက်လာတယ်ဆိုပဲ ” ကျိုးကွမ် မှင်သက်သွားသည်။

ချူဖုန်းသည် သတင်းများအားလုံးကို ဖတ်ပြီးနောက်

” ကမ္ဘာတစ်ခုလုံး ကြောက်စရာရုတ်ချည်းပြောင်းလဲမှုတွေနဲ့ တွေ့ကြုံနေရပြီ ” ဟူ၍ သေချာစွာခံစားလိုက်ရသည်။

အပိုင်း ၁၀ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset