အခန်း ၉၆၈ – ရှန်ကွမ်ကျီ
“သူက အကြောက်အလန့် ကင်းမဲ့နေတာ အံ့ဩစရာ မဟုတ်တော့ဘူးပဲ.. သူ့မှာ အကူတွေ ပါလာတာကိုး”
တာအိုအရှင်လန်ယွဲ့က တည်ငြိမ်နေသော အမူအရာတစ်ခုဖြင့် လှောင်ရယ်မောလိုက်လေသည်။
“ကြယ်သွေးနီ.. ဓမ္မဝိသေသ တာအိုအရှင် သုံးယောက်လောက်နဲ့ ရှင်က သူ့ကို ကျွန်မဆီကနေ ခေါ်ထုတ်သွားနိုင်မယ် ထင်နေတာလား”
“ကျုပ်တို့ သုံးယောက်က လုံလောက်ပါတယ်”
တာအိုအရှင်ကြယ်သွေးနီက တာအိုအရှင်လန်ယွဲ့ကို လှည့်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်လေသည်။
တာအိုအရှင်လန်ယွဲ့က နောက်တစ်ဖန် လှောင်ရယ်မောလိုက်လေသည်။
“ဒါက ကြိုးကြာတစ်ထောင်ဂိုဏ်းနော်.. ငါက အမိန့်ပေးလိုက်တာနဲ့ နင်တို့သုံးယောက်ပါ ဒီမှာနေရလိမ့်မယ်”
“မိန်းကလေး.. နင်က တော်တော်မောက်မာနေတာပဲ”
သူတို့သုံးယောက်ထဲတွင် ခံ့ညားထည်ဝါသော အော်ရာတစ်ခု ဖြာထွက်နေသည့် တုတ်ကောက်နှင့် အဘိုးအိုတစ်ယောက်က ရှေ့သို့ထွက်ရပ်လာလေသည်။
နောက်ထပ် အဘိုးအိုကလည်း လေးနက်သော အသံဖြင့် မေးလိုက်လေသည်။
“မိန်းကလေး.. နင့်ရဲ့ဆရာ ဘယ်မှာလဲ”
တာအိုအရှင်လန်ယွဲ့က မျက်မှောင်ကြုတ်ပြီး သူမ၏ အင်္ကျီလက်စကို ဆွဲခါလိုက်လေသည်။
“ရှင်တို့က ဘယ်သူတွေလဲ.. ကျွန်မရဲ့ဆရာက ရှင်တို့ တွေ့ချင်တိုင်းတွေ့လို့ရတဲ့ တစ်စုံတစ်ယောက်လို့ ထင်နေတာလား”
“အကြီးအကဲကူလား”
ထိုစဉ်မှာပင် ရှေးဟောင်းအစီအရင်ဂိုဏ်းမှ မူလနတ္ထိတစ်ယောက်က မယုံကြည်နိုင်မှုဖြင့် အံ့အားတသင့် ရေရွတ်လိုက်လေသည်။
“အမ်..”
အဘိုးအိုက ခေါင်းညိတ်ပြပြီး ရှေးဟောင်းအစီအရင်ဂိုဏ်းမှ မူလနတ္ထိကို ကြည့်လိုက်လေသည်။
“မျောက်ကလေး.. အဲဒါ မင်းမလား”
“ဟုတ်ပါတယ်ဗျာ.. ကျုပ်ပါပဲ”
ထိုမူလနတ္ထိက ရိုကျိုးစွာဖြင့် ခေါင်းညိတ်၍ ရှေ့သို့ ကပျာကယာတက်ကာ ဦးညွတ်လိုက်လေသည်။
ထိုလူ၏ ပါးစပ်က အနည်းငယ် မို့မောက်နေပြီး မျောက်တစ်ကောင်၏ မျက်နှာနှင့် တူလေသည်။ မျောက်ကလေးက လူအတော်များများ မသိကြသော သူ၏ နာမည်ပြောင်တစ်ခု ဖြစ်လေသည်။
“ဘိုးဘိုးကောလား”
ထိုစဉ်မှာပင် ယန်ဆေးဂိုဏ်းမှ ထန်ယုက ပြူးကျယ်နေသော မျက်လုံးဖြင့် အံ့အားတသင့် ခေါ်လိုက်လေသည်။
ထန်ယုက ရှေ့သို့တက်၍ အနီးကပ်ကြည့်ပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
“ဘိုးဘိုးကော.. တကယ်ပဲ ရှင်ကိုး.. ကျွန်မက တွေ့တွေ့ချင်း ရှင့်ကို မှတ်တောင်မမှတ်မိတော့ဘူး”
“ထန်လေး.. နင်က ဘယ်အရွယ်ရောက်နေပြီလဲ.. အခုအချိန်ထိ ယောက်ျားလေးလို ဝတ်စားနေတုန်းလား”
အကြီးအကဲကောက ချစ်ခင်မြတ်နိုးသော အမူအရာတစ်ခုဖြင့် ရယ်မောလိုက်လေသည်။
“ဘိုးဘိုးကော.. ရှင်က တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား.. ဘာလို့ အခု ဒီကိုရောက်လာတာလဲ”
ထန်ယုက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်လေသည်။
အကြီးအကဲကောက သူ၏အပြုံးကို ရုတ်သိမ်းပြီး ဂရုမထားဟန်ဖြင့် ပြောလိုက်လေသည်။
“ငါက တံခါးပိတ်ကျင့်ကြံခဲ့ရတာ တော်တော်ကြာသွားလို့ ငါ့ရဲ့အရိုးတွေကတောင် ကြွပ်ဆတ်ဆတ် ဖြစ်နေပြီ.. အခုအချိန်က လမ်းလေးဘာလေး ထွက်လျှောက်ပြီး မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဖို့အတွက် အချိန်ကောင်းပဲ”
တာအိုအရှင်လန်ယွဲ့က မျက်မှောင် အနည်းငယ်ကြုတ်လိုက်လေသည်။ ဘာကြောင့်ရယ်မသိ.. သူမသည် ရုတ်တရက် မအီမသာ ခံစားလာရလေသည်။
တာအိုအရှင်ကြယ်သွေးနီက အသံကိုမြှင့်၍ ပြောလိုက်လေသည်။
“လန်ယွဲ့.. စီနီယာရှန်ကွမ် ဘယ်မှာလဲ ကျုပ်မေးပါရစေ”
“ငါ နင့်ကိုပြောခဲ့တယ်လေ.. ငါ့ရဲ့ဆရာက တံခါးပိတ်ကျင့်ကြံနေတယ်”
တာအိုအရှင်လန်ယွဲ့က အေးစက်စွာဖြင့် ပြောလိုက်လေသည်။
တာအိုအရှင်ကြယ်သွေးနီက နှာတစ်ချက်မှုတ်လိုက်လေသည်။
“လန်ယွဲ့.. ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲ မတိုင်ခင်ကတည်းက စီနီယာရှန်ကွမ်နဲ့ ဆွေးနွေးစရာ တစ်စုံတစ်ရာရှိလို့ ငါ ဒီကိုရောက်လာခဲ့တယ်.. ဒါပေမဲ့လို့ နင်က ငါ့ကို ချက်ချင်းငြင်းပယ်ခဲ့တယ်.. နင့်ရဲ့ ရည်ရွယ်ချက်က ဘာလဲ”
ထိုအခါမှသာလျှင် တာအိုအရှင်ကြယ်သွေးနီသည် လွန်ခဲ့သည့် ရက်အနည်းငယ်က ကြိုးကြာတစ်ထောင်ဂိုဏ်းသို့ လာရောက်ခဲ့ကြောင်းကို ဆူဇီမို၊ နန်းကုန်လင်းနှင့် အခြားသူများက နားလည်သွားကြလေသည်။
သို့သော်လည်း သူသည် သူတွေ့ချင်သောသူနှင့် မတွေ့ရဘဲ လက်ဗလာနှင့် ပြန်ခဲ့ရလေသည်။
“ငါက ကြိုးကြာတစ်ထောင်ဂိုဏ်းချုပ်ပဲ… ဒီမှာရှိတဲ့ အရာရာတိုင်းကို ငါ ဆုံးဖြတ်ချက်ချနိုင်တယ်”
တာအိုအရှင်လန်ယွဲ့၏ အကြည့်က တဖျပ်ဖျပ်ဖြစ်သွားပြီး သူမ၏အသံက အေးစက်လာခဲ့လေသည်။ သူမ၏လေသံတွင် ဒေါသသံ တစ်စွန်းတစ်စ ပါလာခဲ့လေသည်။
တုတ်ကောက်ကို မှီထားရသော အကြီးအကဲကူက ဖြည်းဖြည်းချင်း ပြောလိုက်လေသည်။
“မိန်းကလေး.. ယန်ဆေးဂိုဏ်းနဲ့ ရှေးဟောင်းအစီအရင်ဂိုဏ်းက သူမရဲ့ မိတ်ဆွေဟောင်းတွေ ဒီကိုအလည်လာတယ်လို့ ရှန်ကွမ်ကို သွားပြောစမ်းပါ.. သူမက တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်လာလိမ့်မယ်”
“မိတ်ဆွေဟောင်းတွေတဲ့လား.. ဟင်းဟင်း..”
တာအိုအရှင်လန်ယွဲ့က လှောင်ရယ်မောလိုက်လေသည်။
“ပွင့်ပွင့်လင်းလင်း ပြောရတဲ့အတွက် ခွင့်လွှတ်ပါ.. ကျွန်မက ဆရာ့ရဲ့ မိတ်ဆွေဟောင်းတွေ အကုန်လုံးကို မြင်ဖူးတယ်.. ဒါပေမဲ့လို့ ရှင်တို့နှစ်ယောက်ကိုတော့ တစ်ခါမှ မတွေ့ဖူးဘူး”
“ငါတို့နဲ့ မင်းဆရာနဲ့က သိလာခဲ့တာ နှစ်ပေါင်းထောင်ချီနေပြီ.. အဲဒီအချိန်တုန်းက ဒီနေရာမှာ မင်းတောင် မရှိသေးဘူး”
အကြီးအကဲကောက စိတ်မရှည်စွာဖြင့် သူ၏မုတ်ဆိတ်ကို မှုတ်လိုက်လေသည်။
တာအိုအရှင်လန်ယွဲ့၏ အမူအရာက လုံးဝ ညိုမည်းသွားပြီး သူမက အေးစက်စွာဖြင့် ပြောလိုက်လေသည်။
“တကယ့် ဟာသပဲ.. တွေ့ကရာ ကျင့်ကြံသူတိုင်းက သူက ဆရာ့ရဲ့ မိတ်ဆွေဟောင်းတွေပါ တွေ့ချင်ပါတယ်လို့ ပြောတိုင်း ကျွန်မက တွေ့ခွင့်ပေးနေရမှာလား.. အဲဒါဆိုရင် ဆရာက စိတ်ရှုပ်ရလွန်းလို့ သေသွားလိမ့်မယ်”
“ကြယ်သွေးနီ.. ရှင်တို့တွေက တစ်သီးပုဂ္ဂလ လေးအုပ်စုကမို့လို့ ကျွန်မက ဒီလောက်ထိ သည်းခံနေတာနော်.. ရှင်တို့တွေ ဆက်ပြီး အတင့်ရဲနေမယ်ဆိုရင် ရက်စက်မှုအတွက် ကျွန်မကို အပြစ်မတင်ကြနဲ့”
တာအိုအရှင်လန်ယွဲ့က သူမ၏ သိုလှောင်အိတ်ကို ပုတ်ပြီး ပန်းရောင်စိတ်ဝိညာဉ် ကြိုးကြာတစ်ကောင်ကို လေထဲသို့ ပစ်ထုတ်ကာ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားစေလေသည်။
လေထဲတွင် ဧရာမကြိုးကြာတစ်ကောင်က ထွက်ပေါ်လာပြီး အော်မြည်လိုက်လေသည်။
မာဆတ်ဆတ်နှင့် ရှင်းလင်းသော ကြိုးကြာအော်သံက ကြိုးကြာတစ်ထောင်ဂိုဏ်းအနှံ့ ပဲ့တင်ထပ်သွားလေသည်။
လမ့်ရို၏ အမူအရာက ပြောင်းလဲသွားခဲ့လေသည်။
အဲဒါက ဓမ္မဝိသေသ ပညာရှင်များကို စုစည်းသည့် အချက်ပြမှု ဖြစ်လေသည်။ တံခါးပိတ်ကျင့်ကြံနေသူများက လွဲလျှင် လူတိုင်းက အဲဒါကို မြင်ရပေလိမ့်မည်။
ဝုန်း.. ဝုန်း.. ဝုန်း..
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ တစ်ထောင့်တစ်နေရာတိုင်းစီမှ စွမ်းအားကြီးသော အော်ရာများက တလိပ်လိပ်တက်လာပြီး ပုံရိပ်များစွာက ဤနေရာသို့ ပျံသန်းလာကြလေသည်။
သိပ်မကြာမီ.. ဓမ္မဝိသေသ တာအိုအရှင်များစွာက ဆင်းသက်လာပြီး ဂမ္ဘီရခြံဝန်းကို စိမ်းသက်သော အမူအရာများဖြင့် ဝိုင်းပတ်လိုက်ကြလေသည်။
သိပ်သည်းပြင်းထန်သည့် ဖိအားများက ခြံဝန်းတစ်ခုလုံးမှာ ပဲ့တင်ထပ်သွားပြီး လက်ရှိနိုးထဝိညာဉ်များက စကားပြောဆိုရဲခြင်း မရှိတော့ပေ။
ကြိုးကြာတစ်ထောင် လက်ဖက်ရည်ဧည့်ခံပွဲက ဓမ္မဝိသေသ ပညာရှင်များ အတိုက်အခံဖြစ်ရသည့် အခြေအနေထိ ရောက်ရှိသွားလိမ့်မည်ဟု မည်သူက တွေးထင်ထားပါမည်နည်း။
ယခုအချိန်တွင် နှစ်ဖက်စလုံးက တိုက်ခိုက်ကြတော့မည့်ဆဲဆဲ ဖြစ်နေကြလေပြီ။
“မိန်းကလေး.. နင် ဘာတွေလုပ်နေတာလဲ”
အကြီးအကဲကောက စိမ်းစိမ်းဝါးဝါး စိုက်ကြည့်ပြီး အမျက်ဒေါသဖြင့် အော်ပြောလိုက်လေသည်။
“နင်က ငါတို့ကို ဘယ်လိုတောင် တိုက်ခိုက်ရဲတာလဲ”
“ရှန်ကွမ်ကျီ.. နင် ဘာလို့ အခုထိ ထွက်မလာသေးတာလဲ…”
အကြီးအကဲကူ၏ မျက်လုံးက ဝင်းလက်သွားပြီး သူ၏တုတ်ကောက်ကို မြေပြင်ပေါ်သို့ ပြင်းထန်စွာ ဆောင့်ချလိုက်လေသည်။
ဘန်း.. ဘုန်း.. ဘုန်း..
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ တစ်ထောင့်တစ်နေရာတိုင်းစီမှ အကန့်အသတ်မဲ့သော အလင်းတန်းများသည် ကောင်းကင်ထက်သို့ ပစ်လွင့်သွားလေသည်။ ဂိုဏ်း၏ မြေပြင်အနေအထားတစ်ခုလုံးက ရုတ်တရက် ပြောင်းလဲလာလေသည်။
“ဝင်္ကပါအင်းကွက်ရဲ့ အလင်းတွေ..”
ဆူဇီမိုက တီးတိုးရေရွတ်လိုက်လေသည်။
အဲဒါသည် ကြီးမားသည့် ဝင်္ကပါတစ်ခု အသက်သွင်းခံရခြင်း၏ လက္ခဏာပင် ဖြစ်လေသည်။
“ဟမ်..”
တာအိုအရှင်လန်ယွဲ့၏ အမူအရာက ရုတ်ခြည်းပြောင်းလဲသွားပြီး သူမက အံ့အားတသင့် ရေရွတ်လိုက်လေသည်။
“ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ”
ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါသည် သေရေးရှင်ရေး အခြေအနေနှင့် မကြုံတွေ့ရသရွေ့ အသက်သွင်းခံရလိမ့်မည် မဟုတ်ပေ။
သူမ၏ရှေ့ရှိ သာမန်ကာလျှံကာ ပုံစံနှင့် အဘိုးအိုတစ်ယောက်က ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ရုတ်တရက် အသက်သွင်းလိုက်နိုင်လိမ့်မည်ဟု သူမက ထင်မှတ်မထားပေ။
“ကြိုးကြာတစ်ထောင်ဂိုဏ်းရဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို ငါကိုယ်တိုင် ခင်းကျင်းပေးခဲ့တာ.. ကလေးမ.. နင်က ငါတို့ကို တိုက်ခိုက်ဖို့ ဘယ်လိုတောင် ကြိုးပမ်းရဲတာလဲ”
အကြီးအကဲကူက ကျယ်လောင်သော အသံဖြင့် ဟိန်းဟောက်လိုက်လေသည်။
လေထဲတွင် ရပ်နေကြသော ကြိုးကြာတစ်ထောင်ဂိုဏ်း၏ ဓမ္မဝိသေသ တာအိုအရှင်များသည် အကြည့်ချင်းဖလှယ်ပြီး တွေဝေတုံ့ဆိုင်းသွားကြလေသည်။
ကြည့်ရသည်မှာ ဤအဘိုးအိုက စွမ်းအားကြီးသော နောက်ခံတစ်ခု ရှိပုံရပြီး သူတို့ထဲ မည်သူကမှ မဆင်မခြင် မတိုက်ခိုက်ရဲပေ။
ဂိုဏ်းကာကွယ်ရေးဝင်္ကပါ အသက်သွင်းခံရသည်နှင့် တံခါးပိတ်ကျင့်ကြံနေသူများပင်လျှင် ထိတ်လန့်သွားကြပေလိမ့်မည်။
ဝုန်း..
ထိုစဉ်မှာပင် ကြိုးကြာတစ်ထောင်ဂိုဏ်း၏ အနက်ပိုင်းထဲမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်သံက ထွက်ပေါ်လာခဲ့လေသည်။
စွမ်းအားကြီးသော အော်ရာတစ်ခုက ရုန်းကန်ထွက်ပေါ်လာခဲ့လေသည်။ ထိုအော်ရာနှင့် ရင်ဆိုင်ရချိန်တွင် ဓမ္မဝိသေသ တာအိုအရှင်များက ပုရွက်ဆိတ်များကဲ့သို့ သိမ်ငယ်သွားသည်ဟု ထင်ရလေသည်။
ပေါင်းစည်းခန္ဓာအဆင့် စွမ်းအားကြီးပုဂ္ဂိုလ်…
ပေါင်းစည်းခန္ဓာအဆင့်မှာရှိသော တစ်စုံတစ်ယောက်သာလျှင် ဤကဲ့သို့ ကြောက်စရာကောင်းသည့် အော်ရာတစ်ခုကို ထုတ်ပေးနိုင်ပေလိမ့်မည်။
“ဘယ်သူ ငါ့ကိုခေါ်တာလဲဟေ့”
တစ်ခဏအတွင်းမှာပင်.. လောကနှင့် တစ်သားတည်းကျနေသည့်အလား ပုံရိပ်တစ်ခုသည် ဂမ္ဘီရခြံဝန်းထက်မှာ ရောက်ရှိလာခဲ့လေသည်။
သူမသည် လေထဲကနေ ရုတ်တရက် ပေါ်ထွက်လာသည့်အလား.. သူမ မည်သို့မည်ပုံ ရောက်ရှိလာသည်ကို မည်သူကမှ မစဉ်းစားတတ်ကြပေ။
အဲဒါက တာအိုအရှင်လန်ယွဲ့ထက်ပင် ပိုမိုငယ်ရွယ်သည့်ပုံပေါက်သော အမျိုးသမီးတစ်ယောက် ဖြစ်လေသည်။ သူမ၏ အနက်ရောင်ဆံပင်များက တဖျပ်ဖျပ်လွင့်နေပြီး သူမက အလွန်တရာ ချောမောလှပလေသည်။ သူမ၏ အသားအရေက ဝင်းလက်ကြည်လင်နေပြီး သူမ၏ မျက်လုံးများက စွမ်းအားကြီးသော အော်ရာတစ်ခုဖြင့် ပြည့်နှက်နေလေသည်။
“ဆရာ.. “
တာအိုအရှင်လန်ယွဲ့သည် ထိုလူကို မြင်သောအခါ သူမ၏ အမူအရာက ပြောင်းလဲသွားပြီး သူမ၏ခေါင်းကို နှိမ့်၍ ကပျာကယာ ဦးညွတ်လိုက်လေသည်။ သူမ၏ မျက်လုံးများက အကန့်အသတ်မဲ့သော ကြောက်ရွံ့မှုဖြင့် ပြည့်နှက်နေလေသည်။
“ဟီးဟီး.. ရှန်ကွမ်.. နင်က တော်တော်အရွယ်တင်သေးတာပဲ”
အကြီးအကဲကူက ထူးဆန်းစွာ ရယ်မောလိုက်လေသည်။
ရှန်ကွမ်ကျီက တစ်ချက်ဝှေ့ကြည့်လိုက်လေသည်။ သူမသည် အကြီးအကဲကူကို မြင်သောအခါ ပြုံး၍ ပြောလိုက်လေသည်။
“အဲဒီအဆင့်ကို ဖြတ်ကျော်ပြီးတဲ့နောက် ငါ့ရဲ့ဘဝသက်တမ်းက နောက်တစ်ဆင့်ကို ခုန်တက်သွားတဲ့အတွက် ငါက ငယ်ရွယ်တဲ့ပုံပေါက်နေတာပေါ့”
ထိုနေရာအရောက်၌ လူတိုင်းသည် ဆက်လက်၍ သံသယမရှိတော့ပေ။
အသစ်ဝင်ရောက်လာသူက ပေါင်းစည်းခန္ဓာ စွမ်းအားကြီးပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။
ရှန်ကွမ်ကျီသည် ခြံဝန်းထဲသို့ ဆင်းသက်ပြီး အဘိုးအိုနှစ်ယောက်ကို ကြည့်ကာ သူမက ဟာသနှော၍ ဆူပူကြိမ်းမောင်းလိုက်လေသည်။
“ရှင်တို့ အရူးနှစ်ယောက်က အသက်ရှင်ရတာ ပင်ပန်းနေကြပြီလား.. ရှင်တို့က ကျွန်မရဲ့နေရာကို လာပြီးတော့ ဆူညံပွက်လောရိုက်အောင် ဘာလို့လုပ်ရတာလဲ”
ရှန်ကွမ်ကျီက ပြစ်တင်ကြိမ်းမောင်းနေသည်ဟု ထင်ရသော်လည်း သူမ၏မျက်လုံးများက မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံစည်းရသော ဝမ်းသာပျော်ရွှင်မှုကို ထုတ်ဖော်ပြသနေလေသည်။
“တကယ်လို့ ရှင်တို့တွေက ကျွန်မနဲ့ တွေ့ချင်တယ်ဆိုလည်း ရှင်တို့လုပ်ဖို့လိုတာက လန်ယွဲ့ကို ပြောလိုက်ရုံပေါ့.. ဘာလို့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကိုပါ အသက်သွင်းလိုက်ရတာလဲ”
ရှမ်ကွမ်ကျီက ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်လေသည်။