Chapter – 9 အနိဋ္ဌာရုံများ
အရုဏ်တက်ချိန်ကျော်လွန်သွားပြီဖြစ်သော်လည်း အမှောင်ထုကကြီးစိုးထားဆဲ။ တောင်ပေါ်တောများပေါ်တွင် မြင်ရခဲလှသောနှင်းမြူများ အုံ့ဆိုင်းနေပြီး အရာအားလုံးကိုအဖြူရောင်မြူခိုးများက ဖုံးလွှမ်းထားသောကြောင့် မြင်ကွင်းများသည် မှုန်ဝါးနေလေ၏။
မူလအနေအထားကအတော်လေးတင်းမာနေသည့်ကြားမှ ထိုလူငယ်၏အသံက အားလုံး၏စိုးရိမ်ပူပန်မှုများကို တိုးသွားစေသည်။
” အား ”
ချူဖုန်းတို့နှင့်အတူလိုက်လာခဲ့သော ခရီးသည်နှစ်ဦးသည် ကြောက်လန့်တကြားအော်ဟစ်ရင်း ထွက်ပြေးသွားကြသည်။ သူတို့သည် မတ်မတ်ပင်မရပ်နိုင်တော့ဘဲ မြေပေါ်သို့လဲကျလုနီးပါးဖြစ်သွားသော်လည်း ထိတ်လန့်စွာအော်ဟစ်နေကြလေသည်။
” မင်း ဘာလို့အော်နေတာလဲ။ လူတွေကို သေအောင်ခြောက်မလို့လား ” ကျိုးကွမ်က ထိုလူငယ်ကို စိန်းစိန်းဝါးဝါးစိုက်ကြည့်နေသည်။ ထိုလူငယ်သည် ကြက်သီးမွေးညင်းများထကာ တဆတ်ဆတ်တုန်နေသည်။
” မင်း ဘာကိုမြင်ခဲ့တာလဲ ” ချူဖုန်းက မေးလိုက်သည်။ သူနှင့် ကျိုးကွမ်သည် ထိုလူအုပ်၏အရှေ့ခပ်လှမ်းလှမ်းတွင် ရပ်နေပြီး ထူထဲလှသောမြူခိုးမြူငွေ့များကြောင့် အရှေ့သို့မမြင်ရဘဲဖြစ်နေသည်။
” ဂတ် … ဂတ် … ” ထိုလူငယ်၏သွားများသည် တဂတ်ဂတ်ရိုက်နေလေသည်။ သူသည် ခပ်ဝေးဝေးတစ်နေရာရှိ လေထဲသို့ညွှန်ပြနေသော်လည်း အသံထွက်မလာဘဲ နှုတ်ခမ်းလှုပ်ရုံသာလှုပ်နေသည်။ ထို့ပြင် သူသည် ခြေမခိုင်တော့ဘဲ ယိုင်လဲသွားလေသည်။
” ဟိုနားလေးမှာ အမည်းရောင်အရိပ်ကြီးရှိတယ်။ ကျွန်တော်တွေ့လိုက်တယ် ”
” အဲ့တာဘာကြီးလဲ ”
စောစောက ကြောက်လန့်တကြားအော်ဟစ်နေခဲ့သူ ၂ ဦးသည်လည်း ခေါင်းမော့လာကြသည်။ ယခုအချိန်တွင် သူတို့ ၂ ဦးသည် ကိုယ့်ကိုကိုယ်မထိန်းနိုင်ဘဲ ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတုန်ရီလာကြပြီး လူအားလုံး ရထားဆီသို့ပြန်ကြရန်တိုက်တွန်းကြလေ၏။
အပြင်၌ဖြစ်ပျက်နေသည်များကို ကြားပြီးနောက် ရထားထဲတွင်လည်း လှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။ အချို့အမျိုးသမီးများသည် ကြောက်လန့်တကြားအော်ဟစ်ငိုကြွေးကြပြီး ရုတ်ရုတ်သဲသဲဖြစ်ကာ ကြောက်စိတ်မွှန်နေကြလေတော့သည်။
ယခုရောက်နေသောနေရာသည် ယခင်က လူအနည်းငယ်သေဆုံးခဲ့သော စစ်မြေပြင်တစ်ခုဖြစ်ခဲ့သည်။ ထို့အပြင် ထူထဲသိပ်သည်းသောနှင်းမြူများက ရုတ်တရက်ပေါ်ပေါက်လာပြီး ဖုန်းများကိုပါ အသုံးပြု၍မရတော့သောအခါ လူအများကြောက်လန့်လာကြသည်မှာ မထူးဆန်းလှပေ။
အချို့လူများသည် ခြေဦးတည့်ရာလျှောက်ပြေးရင်း အော်ဟစ်နေကြလေသည်။
” ငါတို့ အဲ့အရိပ်ကို သေချာတောင်မကြည့်ရသေးဘူး။ ဘာလို့အားလုံးက အော်နေကြတာလဲ။ ဘာကြောက်စရာရှိလို့လဲ ” ကျိုးကွမ်က ဟိန်းဟောက်လိုက်သည်။
သူနှင့် ချူဖုန်းသည် လေထဲတွင်လွင့်နေသော မှုန်ဝါးဝါးအမည်းရောင်အရိပ်ဆီသို့ တရွေ့ရွေ့လျှောက်သွားကြသည်။ သို့သော် မြူခိုးများက မြင်ကွင်းကိုကွယ်နေသဖြင့် ရှင်းရှင်းလင်းလင်းမမြင်ရချေ။
” အား ”
စောစောကအော်ခဲ့သောလူက ကြောက်လန့်တကြားထပ်အော်ပြန်သည်။ သူသည် အရိပ်ကဲ့သို့သောပုံသဏ္ဍာန်အောက်တွင် ရောက်လုနီးပါးဖြစ်နေသည်။ သူသည် အသိစိတ်လွတ်သွားပြီး ခလုတ်ပါတိုက်ကာ လူအုပ်၏နောက်ဆုံးသို့ အော်ဟစ်ပြေးသွားလေသည်။
” သွေး … သွေးတွေ ငါ သူ့ကိုမြင်လိုက်တယ် ”
အစပိုင်းတွင် သူ့ခြေထောက်များမှာ တောင့်တင်းပြီး လှုပ်ရှားမရဖြစ်နေသည်။ ယခုမူ အလွန်အကျွံကြောက်လန့်မှုကြောင့်ထင် အနည်းငယ်ပြန်၍လှုပ်ရှားနိုင်နေလေပြီ။ သူသည် ထိုအရိပ်နှင့် ဝေးရာသို့ရောက်ရန် ခပ်ဝေးဝေးသို့လှိမ့်ချလိုက်သည်။
” ဘုရားရေ မင်းမျက်နှာပေါ်မှာသွေးတွေ ”
ထိုသူကိုမြင်ပြီးနောက် အခြားခရီးသည် ၂ ဦးသည်လည်း ထိတ်လန့်သွားကြသည်။ ထိုနေရာတစ်ခုလုံးသည် ခြောက်ခြားဖွယ်ရာ ဖြစ်လာပြီး လူအားလုံးထူပူသွားကြသည်။
” အဲ့တာ ငါ့သွေးတွေမဟုတ်ဘူး။ ဟို ဟိုလူ့ဆီက စီးကျလာတဲ့သွေးတွေ ” လေထဲသို့ညွှန်ပြနေသော ထိုသူ၏မျက်နှာတွင် ကြောက်လန့်မှု အံ့အားသင့်မှုများက ဖြတ်ပြေးနေသည်။
” တကယ်သွေးနံ့လိုမျိုးပဲ ” ကျိုးကွမ်က ခပ်တိုးတိုးပြောလိုက်၏။
ချူဖုန်းသည် ခြေလှမ်းကျဲကြီးများဖြင့် အပြေးသွားကြည့်လိုက်ရာ လေထဲတွင် လူတစ်ဦးကိုချိတ်ဆွဲထားသကဲ့သို့ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရိပ်သည် မှောင်မည်းနေပြီး မှုန်ဝါးဝါးဖြစ်နေကာ သွေးများလည်းစီးကျနေသည်။
” မကောင်းဆိုးဝါးတစ်ကောင် … လေထဲမှာ မကောင်းဆိုးဝါးတစ်ကောင် ရှိနေတယ် ” ကြောက်လန့်နေသောလူက ကျယ်လောင်စွာအော်လိုက်သည်။ ထို့နောက် သူနှင့်အခြားသူ ၂ ဦးသည် တွားမသွားရုံတမည် ရထားဆီသို့အမြန်ပြန်ပြေးကြလေတော့သည်။
ဖက်တီးကျိုးသည်လည်း နောက်ကျောမှစိမ့်အေးလာသကဲ့သို့ ခံစားလိုက်ရသည်။ သို့သော် သူသည် ထွက်မပြေးဘဲ ချူဖုန်း၏နောက်မှလိုက်လာခဲ့သည်။ သူသည် အမှန်တကယ်သတ္တိရှိသူတစ်ဦးပင်။
” တကယ်လူသေတစ်ယောက်ရှိနေတာပဲ။ အဲ့လူက အသတ်ခံရတာများလား ” ကျိုးကွမ်က အရိပ်ကို ကြည့်ရင်းပြောလိုက်သည်။
ထိုအရိပ်သည် လေထဲတွင် ဟိုဒီလှုပ်ယမ်းနေပြီး ၎င်း၏အောက်ဘက်မြေကြီးပေါ်တွင် သွေးအိုင်တစ်ခုရှိနေသည်။ လူသေအလောင်းဆီမှ တစက်စက်စီးကျနေသောသွေးများက လတ်ဆတ်နေဆဲဖြစ်သည်။
” ဒီလူက ဘယ်လိုလုပ်ပြီး လေထဲမှာ လွင့်နေရတာလဲ ” ချူဖုန်းသည် ကျောချမ်းလာသည်။ သူသည် သတ္တိကြောင်သူတစ်ဦးမဟုတ်သော်လည်း ဤကဲ့သို့ မြင်ကွင်းကိုတွေ့လိုက်ရသောအခါ တုန်လှုပ်မိသွားလေသည်။
” ဟုတ်တယ် ဒီနေရာက သစ်ပင်တွေနဲ့လည်း အတော်ဝေးသေးတယ်။ ဒီလူက ဘယ်လိုလုပ်ပြီး လေထဲမှာလွင့်နေတာလဲ ” ကျိုးကွမ်သည် မျက်လုံးပြူးသွားပြီး နောက်သို့တဖြည်းဖြည်းပြန်ဆုတ်သွားသည်။ သူသည်လည်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် ကြောက်လန့်သွားလေပြီ။
ရထားပေါ်မှလူများသည် သူတို့ပြောနေသောစကားများကိုကြားပြီးနောက် သူတို့ထက်ပင် ပို၍ကြောက်လန့်နေကြသည်။ အချို့မိန်းကလေးများက ဆောက်တည်ရာမရ ကြောက်လန့်တကြားအော်ဟစ်လာကြပြီး အချို့ဆိုလျှင် စတင်၍ငိုကြွေးနေကြပြီဖြစ်၏။
” မကောင်းဆိုးဝါးတစ်ကောင် … လေထဲမှာ မကောင်းဆိုးဝါးတစ်ကောင်မျောနေတယ် ” စောစောက ရထားဆီသို့ ပြန်သွားသော လူငယ်သည် တတွတ်တွတ်ရေရွတ်နေသည်။ သွေးများစွန်းထင်းနေသော လူသေနီးပါးဖြူဖျော့နေသည့် သူ့မျက်နှာကပင် အတော်လေးထိတ်လန့်ဖွယ်ကောင်းနေသည်။
ထိုသူရှိနေသောကြောင့်ပင် ရထားထဲမှ အထိတ်တလန့်အခြေအနေက ပိုဆိုးလာသည်။
ရထားသည် အတိတ်ကာလကလူများစွာ သေဆုံးခဲ့သည်ဟု ပြောကြသည့် တောင်တန်းဒေသတစ်နေရာ၏ အလယ်တွင် ရပ်နေသည်။ ထို့ပြင် ထိုနေရာတစ်ဝိုက်ကိုလည်း ခြောက်ခြားဖွယ်မြူခိုးမြူငွေ့များက ဖုံးလွှမ်းထားသေးသည်။ ဤအခြေအနေတွင် မည်သူကမကြောက်လန့်ဘဲနေနိုင်ပါအံ့နည်း။
” အလွန်အကျွံမဖြစ်ကြပါနဲ့။ အဲ့တာက လူသေအလောင်းလေးတစ်ခုပါပဲ။ မကောင်းဆိုးဝါးမရှိပါဘူး ” ဟူ၍ ကျိုးကွမ်က ခပ်ကျယ်ကျယ်အော်ပြောလိုက်မှ လူအုပ်သည် အနည်းငယ်ငြိမ်သွားလေ၏။
ကျိုးကွမ်သည်လည်း လတ်တလောရောက်နေသော နေရာတွင် မည်သည့်အန္တရာယ်မှမရှိသည်ကို တွေ့လိုက်ရသောကြောင့် စိတ်သက်သာရာရသွားသည်။
သူသည် ” အဲ့ကောင် ဒီလိုပဲ အဓိပ္ပာယ်မရှိဆက်အော်နေဦးမယ်ဆိုရင် ရထားထဲကနေ ထုတ်ပစ်လိုက် ” ဟု အကြောက်အလန့်ကင်းစွာ ပြောလိုက်သည်။
အမှန်စင်စစ် သူတို့နှစ်ယောက်လုံးပင် ကြောက်လန့်နေကြသည်။
လေထဲတွင် ဟိုဟိုဒီဒီယိမ်းနွဲ့နေသော လူသေအလောင်း၏ ရှည်လျားလှသောဆံပင်များက မျက်နှာတစ်ခုလုံးကိုပင် ဖုံးအုပ်ထားသည်။ ထိုမြင်ကွင်းသည် လူတစ်ဦး၏သွေးများကို အေးခဲသွားစေနိုင်သည့်အထိ ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းမျိုးပင်ဖြစ်သည်။
” ဟုတ်ပြီ သတ္တိရှိတဲ့ကောင်လေးတို့။ ဒီလူဘယ်လိုသေသွားလဲစစ်ဆေးကြည့်နိုင်ဖို့ သူ့အလောင်းကိုအောက်ချရအောင်။ အဲ့တာက လူသေအလောင်းလေးတစ်ခုပါပဲ။ ဟုတ်ပြီနော်။ ကြောက်စရာဘာရှိလို့လဲ ” ကျိုးကွမ်က အော်ပြောလိုက်သည်။
သူသည် အခြားလူများအလွန်စိုးရိမ်သောကရောက်နေသည်ကို တွေ့သဖြင့် ထိုသို့အော်ခေါ်လိုက်ခြင်းဖြစ်သည်။
ချုဖုန်းနှင့် ကျိုးကွမ်တို့ ၂ ဦး အကြောက်အလန့်မရှိတည်ငြိမ်နေသည်ကိုတွေ့ရသောအခါ အခြားသူများသည်လည်း ရဲရင့်လာသည်။ သူတို့လည်း မကြောက်ရွံ့ကြတော့။
ခန္တာကိုယ်တောင့်တောင့်တင်းတင်းနှင့် လူငယ်များသည် ရထားပေါ်မှဆင်းလာကြပြီး လေထဲမှ အမည်းရောင်အရိပ်ကို လေ့လာစမ်းစစ်ကြည့်ရန် ချူဖုန်းတို့ ၂ ဦး၏ ပတ်ပတ်လည်တွင်ရပ်လိုက်ကြသည်။
ချူဖုန်းသည် ပိုပြီးရှင်းရှင်းလင်းလင်းမြင်ရရန် ရထားခေါင်မိုးပေါ်သို့တက်လိုက်သည်။ သူတို့အားလုံး ရထားခေါင်မိုးပေါ်သို့တက်မှသာလျှင် လူသေအလောင်းနားသို့ ကပ်နိုင်မည်ဖြစ်သည်။
ထိုလူသေအလောင်းကို အနီးကပ်မြင်လိုက်ရသောအခါ ချူဖုန်းအလွန်အံ့သြသွားသည်။ အဘယ်ကြောင့်ဆိုသော် ထိုလူ၏အသွင်အပြင်သည် ယနေ့ခေတ်ကာလအသွင်အပြင်မျိုးမဟုတ်ဘဲ ရှေးရှေးခေတ်မှ အသွင်အပြင်မျိုးဖြစ်နေသောကြောင့်ပင်။
ထိုလူ၏မျက်နှာကိုဖုံးကွယ်ထားသော ဆံပင်ရှည်များကလည်း ကြောက်မက်ဖွယ်မြင်ကွင်းကို အားဖြည့်ပေးနေသယောင်။
” ဒါ တကယ်ပဲလျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တစ်ခုလား ”
ချူဖုန်းစိုးရိမ်သွားသည်။
ကျိုးကွမ်လည်း ရထားခေါင်မိုးပေါ်သို့ တက်လာသည်။ သူသည် လူဝကြီးတစ်ဦးဖြစ်သော်လည်း သွက်လက်တက်ကြွသူတစ်ဦးဖြစ်သည်။
သူတို့နောက်မှ အခြားလူငယ်နှစ်ဦးလည်း တစ်ယောက်ပြီးတစ်ယောက်တက်လာသည်။ လူများလာသောကြောင့် သူတို့လည်း သံသဃပျောက်သွားပြီး ကြောက်စိတ်လျော့သွားသည်။
လူလေအလောင်းကို ရှင်းရှင်းလင်းလင်းမြင်ရသောအခါ ဖက်တီးကျိုးက
” ဒါက … ဒီလူက ပြဇာတ်ရုံမှ အလုပ်လုပ်တာများလား။ သူ ဘာတွေဝတ်ထားတာလဲ ” ဟု ပြောလိုက်သည်။
” သူက ဘယ် … ဘယ်သူလဲ။ ဘာလို့ဒီလိုဝတ်ထားတာလဲ ” လူငယ်တစ်ယောက်ကလည်း ထိတ်လန့်သွားဟန်ဖြင့် မေး၏။
” သူက ဟိုးရှေးရှေးတုန်းကလူတစ်ယောက်လို့ ခံစားရတယ်။ ဒီလူက စစ်မြေပြင်အောက်မှာ မြေမြှုပ်ခံခဲ့ရတဲ့လူလို့တော့ မပြောကြနဲ့နော်။ သူ ဘယ်လိုလုပ်ပြီးလေထဲမှာလွင့်နေတာပါလိမ့် ” အခြားတစ်ယောက်ကပြောလိုက်သည်။
” သူ့ကိုယ်ပေါ်မှာ သံကွင်းတွေရှိနေတာလား။ အဲ့သံကွင်းတွေက အပေါ်ကနေတွဲကျနေတာပဲ။ မဖြစ်နိုင်တာ ”
ဖက်တီးကျိုးသည် စိတ်လှုပ်ရှားလာပြီး ချူဖုန်း၏အင်္ကျီလက်ကိုဆွဲကာ ” ရောင်းရင်း ဒါငါတို့ကိုင်တွယ်ဖြေရှင်းနိုင်မယ့်ကိစ္စဖြစ်မယ် မထင်ဘူး။ ဒီကိစ္စကအတော်ရှင်းပြရခက်တယ်။ ဒီနေရာကနေ မြန်မြန်သွားကြစို့ ” ဟု ပြောလေသည်။
မြူခိုးများကအလွန်ထူထဲသိပ်သည်းလာပြီး မြင်ကွင်းများလည်းလုံးဝမှုန်ဝါးသွားလေသည်။
တစ်စုံတစ်ဦးက လက်မောင်းအရွယ်ခန့်ရှိသံကွင်းအချို့ကို ကောင်းကင်မှတွဲလျားကျနေအောင်ပြုလုပ်ထားပြီး ထိုသံကွင်းများနှင့်ချိတ်ဆွဲခံထားရသောလူသေသည် နှိပ်စက်ညှဥ်းပန်းမှုကို ခံစားခဲ့ရဟန်တူ၏။
ဖက်တီးကျိုး၏စကားကိုကြားလိုက်ရသူများ၏ အမူအရာသည် လျင်မြန်စွာပြောင်းလဲသွားလေသည်။ သူတို့သည် ချက်ချင်းပြန်လှည့်ပြီး ရထားပေါ်မှဆင်းပြေးလိုကြသည်။ ဤနေရာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသောနေရာပင်။ ထိုသူများအားလုံးခေါင်းမွေးထောင်လာသကဲ့သို့ပင် ခံစားနေကြရသည်။
” စိတ်မပူပါနဲ့။ အဲ့တာတွေကနွယ်ပင်တွေပါ။ သံကွင်းတွေမဟုတ်ဘူး ” အချိန်ကိုက်ထွက်ပေါ်လာသော ချူဖုန်း၏စကားသံက အားလုံးကိုလှုပ်နိုးလိုက်သည်။
” နွယ်ပင်တွေက ဒီနေရာမှာ ဘယ်လိုလုပ်ပြီး ရှင်သန်ကြီးထွားနေကြတာပါလိမ့် ” ဖက်တီးကျိုးစိတ်ရှုပ်သွားသည်။ သူသည် အနီးသို့ကပ်ကြည့်လိုက်ပြီး သံကွင်းကဲ့သို့အရာပေါ်တွင် အရွက်ပုံစံများရှိနေသည်ကို တွေ့လိုက်ရသည်။
” အဲ့တာက တကယ်နွယ်ပင်နဲ့တူတယ် ” အခြားသူတစ်ဦးက စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းမှုတ်ထုတ်လိုက်ရင်း ခေါင်းညိတ်ပြသည်။
” ဒီလူက တောင်ပေါ်ကနေလိမ့်ကျလာတာထင်တယ်။ ဒီပြဇာတ်မင်းသားက သူ့အလုပ်ကိုအတော်လေးတန်ဖိုးထားပုံပဲ။ သူ့အသက်ကိုတောင် စွန့်သွားတယ် ” လူငယ်တစ်ဦးက ခေါင်းယမ်းရင်း သက်ပြင်းချနေသည်။
ချူဖုန်းသည် သူ၏အပေါ်အင်္ကျီကိုချွတ်ကာ အင်္ကျီလက်တစ်ဖက်နှင့်ချည်လိုက်ပြီး အခြားတစ်ဖက်ကို နွယ်ပင်ဆီီသို့ရစ်ပတ်လိုက်သည်။ ထို့နောက် ထိုအင်္ကျီဖြင့် နွယ်ပင်တစ်ပင်လုံးကို အနားရောက်လောက်အောင် ဆွဲယူလိုက်သည်။
လူသေအလောင်းသည်လည်း ထိုနွယ်ပင်နှင့်အတူ ရွေ့လာပြီး သူတို့အနားသို့ရောက်လာသည်။
” အား ” လူသေအလောင်းနှင့် ကပ်သွားသဖြင့် အခြားသူများက ထိတ်လန့်ပြီးအော်လိုက်သည်။
” ငါပြောပါတယ် မင်းက စွန့်စားလွန်းအားကြီးတယ်။ အကျိုးသင့်အကြောင်းသင့်မစဥ်းစားဘဲ လုပ်နေတာပဲ ” ဖက်တီးကျိူးလည်း လန့်သွားပြီး ချူဖုန်းကို ကူညီပေးရန် အနားရောက်လာသည်။
” မြန်မြန်လာကူညီကြပါဦး ” ကျိုးကွမ်က အနီးအနားမှလူများကို အော်ခေါ်လိုက်သည်။
အခြားသူများလည်း စိတ်ပြန်တင်းလိုက်ပြီး ရောက်လာကြသည်။ သို့သော် သူတို့သည် အလောင်းကို လုံးဝမထိလိုကြပေ။
နွယ်ပင်သည် သူ့ဘက်သို့ယိမ်းလာသည်နှင့်အမျှ ရိုးရှင်းသော်လည်း အံ့အားသင့်စရာကောင်းသောကိရိယာတစ်ခုကို သတိထားလိုက်မိသဖြင့် ချူဖုန်း အတော်မှင်သက်သွား၏။
၎င်းသည် ဓားမြှောင်တစ်ချောင်းဖြစ်သည်။ ထိုဓားမြှောင်သည် အနက်ရောင်ရွှေဖြင့်ပြုလုပ်ထားသကဲ့သို့ပင် ကိုယ်ထည်မှာလုံးဝမည်းနက်နေပြီး အရောင်အသွေးတောက်ပမှုမရှိချေ။ လူသေသည် သေဆုံးပြီးသည့်နောက်တွင်ပင် ထိုလက်နက်ကို လက်ထဲတွင် ခိုင်မြဲစွာဆုပ်ကိုင်ထားသည်။
” သူ့လက်ထဲမှာ ဓားတစ်ချောင်းရှိတာပဲ ” အခြားလူများလည်း အံ့သြသွားကြသည်။
ချူဖုန်းသည် ထိုလူသေ၏လက်ကိုဖြန့်လိုက်ပြီး ဓားမြှောင်ကိုထုတ်ယူလိုက်သည်။ ထိုဓားမြှောင်သည် အလျား ၃၀ စင်တီမီတာမျှသာရှိသော်လည်း အလွန်လေးလံနေသဖြင့် ချူဖုန်းအံ့အားသင့်သွားသည်။
” ဟေး ငါလည်းကြည့်ဦးမယ် ” ဖက်တီးကျိုးသည် ထိုဓားမြှောင်ကို ချူဖုန်းဆီမှ ဆတ်ခနဲဆွဲယူလိုက်သည်။ သို့သော် ဓား၏အလေးချိန်ကြောင့် သူ့လက်များပင် တုန်သွားပြီး ဓားပြုတ်ကျလုနီးပါးဖြစ်သွားသည်။ ” ဘာလို့ တအားလေးနေတာလဲ ”
အခြားသူများကမူ လူသေအလောင်းကိုသာ အာရုံစိုက်နေကြပြီး ထိုဓားမြှောင်ကို စိတ်မဝင်စားကြချေ။
” အလောင်းကို မြေညီတဲ့နေရာမှာ ချလိုက်ရအောင် ” ကျိုးကွမ်သည် ဓားမြှောင်ကို ချူဖုန်းဆီသို့ ပြန်ပေးလိုက်ပြီး အလောင်းကိုရွှေ့ရန် အခြားသူများကို ဆော်သြလိုက်၏။
တခဏအကြာတွင် ရထားထဲမှ လူအချို့ထွက်လာကြပြီး အလောင်းအနားတွင် ဝိုင်းကြည့်နေကြသည်။ သူတို့အားလုံးပင် ထိတ်လန့်မှုနှင့် စိတ်ရှုပ်ထွေးမှုကို ညီတူညီမျှခံစားလိုက်ကြရသည်။
ထိုအလောင်းသည် ယခုခေတ်နှင့်လုံးဝမကိုက်ညီသော ပုံပန်းသွင်ပြင်ရှိသည့် အရပ်ရှည်ရှည်လူတစ်ဦးဖြစ်သည်။ ထိုသူ၏ရင်ဘတ်တွင် နောက်ကျောအထိဖောက်ဝင်နေသော လက်သီးဆုပ်အရွယ်ဒဏ်ရာတစ်ခုရှိပြီး ထိုဒဏ်ရာမှသွေးများစီးကျနေဆဲဖြစ်သည်။ ထိုသူသည် ထိုဒဏ်ရာကြောင့် သေဆုံးရခြင်းပင်။
” ကြည့်ရတာ ဒီလူက လက်နက်တစ်ခုခုနဲ့ အထိုးခံလိုက်ရပြီး အထိုးခံလိုက်ရတဲ့လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ နံရိုးတွေကျိုးသွားပြီးတော့ အပေါက်ကြီးဖြစ်သွားတဲ့ပုံပဲ ” ခရီးသည်တစ်ဦးက တီးတိုးပြောနေသည်။
မြင်ကွင်းမှာ ကြောက်မက်ဖွယ်ကောင်းလှသောကြောင့် အချို့အမျိုးသမီးများပင် မကြည့်ရဲကြပေ။
” ချူဖုန်း ဘာလို့ဆင်းမလာသေးတာလဲ ” ကျိုးကွမ်က ချူဖုန်းကို လှမ်းအော်ပြောလိုက်၏။
ချူဖုန်းက လှေကားကိုညွှန်ပြရင်း ကျိုးကွမ်ကို အပေါ်တက်ခဲ့ရန်အရိပ်အခြေပြလိုက်သည်။
ကျိုးကွမ်လည်း နောက်တစ်ကြိမ်ထပ်တက်သွားပြီး ရထားခေါင်မိုးတစ်လျှောက် ချူဖုန်းနောက်မှလိုက်လာခဲ့သည်။
” ကြည့်လိုက် ” ချူဖုန်းက ပြလိုက်သည်။
ထိုနေရာတွင် အမြင့်တစ်နေရာမှတွဲလျားကျနေသော နွယ်အတုတ်ကြီးများကို တစ်နွယ်ပြီးတစ်နွယ်တွေ့လိုက်ကြရသည်။ ထိုနွယ်များသည် သူတို့နှင့်အလွန်နီးနေသဖြင့် သူတို့ကိုပင် ဆွဲယူလိုက်တော့မယောင်ထင်ရသည်။
” ဘာလို့ဒီနေရာမှာ တောင်နွယ်ပင်တွေအများကြီးရှိနေတာလဲ။ အဲ့တာတွေက ဘယ်ကနေပေါက်လာတာလဲ။ အဲ့နွယ်တွေသာ ဒီလိုနှုန်းနဲ့ကြီးထွားနေမယ်ဆိုရင် ရထားတောင်ဖြတ်သွားလို့ရတော့မှာမဟုတ်ဘူး ” ကျိုးကွမ်က ငြီးတွားလိုက်သည်။
” အဲ့တာတွေက တောင်နွယ်ပင်တွေမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မနေ့က ရထားရပ်တုန်းက ငါသေချာတွေ့လိုက်တယ်။ တောင်တွေနဲ့ဒီနေရာက အတော်ဝေးတယ်။ ဒီနွယ်ပင်တွေ ဒီလိုဒေါင်လိုက်တွဲလျားကျနေဖို့နည်းလမ်းမရှိဘူး ” ချူဖုန်းက ကောင်းကင်ပေါ်သို့ငေးကြည့်ရင်း ပြောလိုက်၏။
ကျိုးကွမ်၏မျက်လုံးများသည် ပြူးကျယ်လာပြီး ” တကယ်လို့ ဒါတွေက တောင်နွယ်ပင်တွေမဟုတ်ဘူးဆိုရင် အဲ့တာတွေက ကောင်းကင်ပေါ်ကနေ ကျလာတာလို့ ပြောချင်တာလား ” ဟု အံ့သြတကြီးမေးလိုက်သည်။
သူသည်လည်း ခေါင်းမြန်မြန်မော့လိုက်ပြီး ကောင်းကင်ပြင်သို့ငေးကြည့်နေလေသည်။
သို့သော် အရာရာတိုင်းကို ထူထဲသိပ်သည်းလှသောမြူခိုးမြူငွေ့များကဖုံးလွှမ်းထားပြီး မြင်မြင်သမျှအဖြူရောင်များဖြစ်နေသောကြောင့် သူတို့ ဘာကိုမှမမြင်ရချေ။
ချူဖုန်းက သူ့လက်ထဲမှအနက်ရောင်ဓားမြှောင်ဖြင့် နွယ်တစ်နွယ်ကိုဘေးဘက်သို့တွန်းပို့လိုက်ပြီး ရှေ့သို့ဆက်သွားလိုက်သည်။
ရုတ်တရက် သူ့ခြေလှမ်းများတန့်သွားသည်။ အလွန်ထိတ်လန့်သွားသောကြောင့် မျက်လုံးသူငယ်အိမ်များပင် ကျဥ်းမြောင်းသွားပြီး ခန္ဓာကိုယ်လည်း ရုတ်တရက်တောင့်တင်းသွားသည်။
” ဘာလို့ဆက်မသွားတော့တာလဲ ” ဖက်တီးကျိုးက နောက်မှလိုက်လာသည်။
” သေစမ်း။ အဲ့တာ မနေ့က ငါတို့ပေါ်ပြုတ်ကျလာပြီး ရထားတစ်စီးလုံးကိုလှုပ်ယမ်းသွားစေတဲ့အရာလား ”
သူသည် ကိုယ့်မျက်လုံးကိုပင်မယုံနိုင်ဖြစ်နေပြီး ငေးကြည့်နေလေသည်။
ထိုအရာသည် နွယ်များဖြင့်ရစ်ပတ်နေပြီး ရထားခေါင်မိုးပေါ်သို့လဲကျနေသည်။
ကျိုးကွမ်သည် ထိုအရာကိုကြည့်ပြီး အိပ်မက်ယောင်နေသူတစ်ဦးကဲ့သို့ ” ဒါ … ဒါက ဂြိုဟ်တုတစ်ခုပဲ။ နွယ်တွေနဲ့အရစ်ခံလိုက်ရပြီးတော့ ကမ္ဘာပေါ်ကိုပြုတ်ကျလာပုံပဲ ” ဟူ၍ ပြောလိုက်သည်။
သူသည် သူ့ရှေ့မှ ထူးဆန်းသောမြင်ကွင်းကိုယုံကြည်ရန် ခက်နေသည်။
အပိုင်း ၉ ပြီး၏။