Switch Mode

Chapter – 8

ပြောင်းလဲလာသော ကမ္ဘာကြီး

Chapter – 8 ပြောင်းလဲလာသော ကမ္ဘာကြီး

လင်းနွိုင်ပြောခဲ့သည့် ထိုနေ့သည် အမှန်တကယ်ရောက်ရှိလာချေပြီ။ သာမန်ပေါင်းပင်မြက်ပင်များတွင်ပင် မွှေးရနံ့ရှိသော အနီရောင်အသီးအနှံများသီးနေခြင်းသည် မည်သို့မျှပုံမှန်မဟုတ်နိုင်။

ချူဖုန်းသည် စိတ်တည်ငြိမ်အောင် ကြိုးစားထိန်းချုပ်နေရပြီး သူ့အတွေးများသည် ကသောင်းကနင်းဖြစ်နေလေသည်။

ကမ္ဘာကြီးသည် ယခင်ကနှင့်မတူတော့ဘဲ ရုတ်တရက်နားလည်ရခက်လာ၏။

အပြောင်းအလဲမျိုးစုံဖြစ်နေသည်ကို တွေးမိရင်း ချူဖုန်းရင်တဒိတ်ဒိတ်ခုန်လာသည်။ ဤဖြစ်ရပ်များသည် လူတစ်ယောက်၏ သာမန်နားလည်နိုင်စွမ်းထက်ကျော်လွန်နေပြီး စိတ်ရှုပ်ထွေးစေသည်။

” ဒါက စားလို့ရလောက်လား ”

ကျိုးကွမ်သည် ရှုပ်ထွေးနက်နဲလွန်းသောအသေးစိတ်အကြောင်းအရာများကို စိတ်မဝင်စားဘဲ စားရန်သောက်ရန်သာ စိတ်ကူးရှိနေသူတစ်ဦးသာဖြစ်ကြောင်း ဝန်ခံရပေလိမ့်မည်။ သူသည် အသီး၏ချိုအီအီမွှေးရနံ့ကို အနံ့ခံပြီးနောက် တစ်ကိုက်မျှကိုက်ကြည့်ရန် ဟန်ပြင်နေလေသည်။

” စားကြည့်လေ ”

” ဟာ မစားရဲပါဘူး။ အဆိပ်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။ ပေါင်းပင်တစ်ပင်ကနေ သီးလာတဲ့ အနီရဲရဲအသီးတစ်လုံးဆိုတာ ပုံမှန်မှမဟုတ်တာ ” ကျိုးကွမ်က ခေါင်းခါလိုက်၏။

ထိုသို့ပြောသော်လည်း သူသည် ထိုအသီးအားစားလိုစိတ်ကို ထိန်းချုပ်ပြီး တံတွေးမျိုချနေရသည်။ အစိမ်းရောင်အရွက်များ၏ထိပ်မှ အသီးလေးသည် အမှန်တကယ်ပင်စားချင်စဖွယ်ကောင်းလှပြီး ၎င်း၏မွှေးရနံ့သည်လည်း အခြားသီးနှံများထက် ပိုမိုသင်းပျံ့သည်။

ထိုအရာက ချူဖုန်းအား အလွန်အံ့အားသင့်စေသည်။ ထိုအသီးသည် အနီရင့်ရောင်သလင်းကျောက်အပိုင်းအစတစ်ခုကဲ့သို့ ကြည်လင်သည့်ရောင်စဥ်တန်းများဖြာထွက်နေပြီး မျက်စိအမြင်မျှဖြင့်ပင် လူတစ်ဦးကို သွားရည်ယိုအောင်ပြုလုပ်နိုင်သည်။ သာမန်ပေါင်းပင်တစ်ပင်မှ ထိုကဲ့သို့သော အသီးမျိုးသီးလာခြင်းသည် မည်သို့ဖြစ်နိုင်ပါအံ့နည်း။

ကားပေါ်မှ အခြားသူများလည်း အံ့သြသင့်သွားကြသည်။ သို့သော် မကြာသေးမီကပင် ကိစ္စများစွာဖြစ်ပျက်သွားပြီး အထူးသဖြင့် ခပ်လှမ်းလှမ်းတွင် ​​ကြောက်မက်ဖွယ်ကမ္ဘာဦးသစ်ပင်လည်း ရှိနေသောကြောင့် အလွန်အကျွံထိတ်လန့်မသွားကြချေ။

ပေါင်းပင်များမှ အသီးသီးလာခြင်းသည် မူမမှန်လှသော်လည်း လူအများသည် လွန်ကဲစွာတုန်လှုပ်မသွားကြပေ။

သို့သော် ဧရာမသစ်ပင်ကြီးကမူ မတူကွဲပြားသောကိစ္စတစ်ရပ်ဖြစ်သည်။ လူများက ထိုသစ်ပင်သည် အာရုံခံနိုင်စွမ်းရရှိလာခြင်းဖြစ်သည်ဟု ထင်​မြင်နေကြပြီး ဘေးအန္တရာယ်တစ်ခုခုဖြစ်လာတော့မည်လား ဟု စိုးရိမ်နေကြသည်။

” ဒီနေရာက သွားကြစို့။ ငါ့စိတ်ထဲ မသိုးမသန့်ခံစားရတယ် ” သက်လတ်ပိုင်းအရွယ်အမျိုးသား၏မျက်နှာသည် ဖြူဖျော့နေလေပြီ။ သူသည် ရထားပေါ်မှပင် မဆင်းရသေးဘဲ နဂိုထိုင်ခုံ၌ပင် ထိုင်နေလေသည်။

သို့သော် ရထားက ယခုထက်တိုင် ထွက်ခွာမည့်အရိပ်အယောင်မပြ။

အချိန်များကုန်သွားပြီး မကြာမီ နောက်ထပ် ၅၅ မိနစ် ကုန်သွားပေပြီ။ ချူဖုန်းသည် ရထားပေါ်မှ ဆင်းလာပြီး စင်္ကြန်ပေါ်တွင်ရပ်ကာ ခပ်ဝေးဝေးသို့ ငေးကြည့်နေ၏။

ကမ္ဘာဦးသစ်ပင်ကြီးသည် အင်မတန်ကြီးမားလှပေစွ။ အကိုင်းအခက်ဝေဖြာပြီး စိမ်းစိမ်းစိုစိုအရွက်များရှိသည့် ထိုအပင်ကြီးသည် တောင်တစ်တောင်ထက်ပင် ပို၍မြင့်မားကာ ပတ်ဝန်းကျင်ရှိ မြို့များ ရွာများ အပေါ်တွင် မားမားမတ်မတ်ရှိနေလေသည်။ ထိုကဲ့သို့သော ဧရာမအပင်ကြီးကြောင့် လူအများ အုတ်အော်သောင်းနင်းဖြစ်ကြသည်မှာ မထူးဆန်းလှပေ။

” ငါတို့ဘာတွေယူလာသလဲဆိုတာ ကြည့်ကြပါဦး ”

အချို့သူများသည် လူတစ်ဦး၏အရပ်နီးပါးမျှ ရှည်လျားသောအရွက်တစ်ရွက်ကို တစ်ဦးလျှင်တစ်ရွက်စီကိုင်ဆောင်ရင်း ပြန်လာကြသည်။ ကမ္ဘာဦးသစ်ပင်၏ အံအားသင့်ဖွယ်ကောင်းလောက်အောင်ကြီးမားလှသောအရွက်များက ထန်းရွက်များနှင့်ပင် တူနေသည်။

လူငယ်တစ်ဦးကလည်း ရေအင်တုံတစ်လုံးအရွယ်ရှိ အသီးတစ်လုံးကို ယူဆောင်လာခဲ့သည်။ သူ့အနေဖြင့် ဤကမ္ဘာဦးသစ်ပင်၏ ဧရာမအဝါရောင်အသီးကို သယ်ဆောင်လာနိုင်ရန် အလွန်အားစိုက်ကြိုးပမ်းလိုက်ရပုံပေါ်သည်။

” ဒါတွေကို မင်းတို့ခူးလာတာလား ” တစ်ယောက်က မေးလိုက်၏။

” မဖြစ်နိုင်တာ။ ငါတို့ ဒါတွေကို ဟိုနားလေးက ကောက်လာတာ ” ထိုလူအုပ်စုက တစ်နေရာသို့ ညွှန်ပြလိုက်သည်။

ကမ္ဘာဦးသစ်ပင်ကြီးသည် အလွန်ကြီးမားလှသည်။ ၎င်း၏အကိုင်းအခက်များသည် ကောင်းကင်ပြင်ကိုပင် ဖုံးကွယ်ထားပြီး ချူဖုန်းတို့ရပ်နေသောနေရာနားသို့ပင် ရောက်လုနီးပါးဖြစ်သည်။ အရွက်ခြောက်များနှင့် အသီးခြောက်များကိုလည်း မြေပေါ်တွင် တွေ့ရသည်။

” ဒေသခံအများအပြားက ဒီနေရာကနေ ထွက်သွားချင်နေကြတယ်။ သူတို့အားလုံးစိုးရိမ်သောကရောက်နေကြတယ် ” ခရီးသည်တစ်ဦးက ပတ်ဝန်းကျင်တွင်မေးမြန်းရင်း သူသိလာသမျှကို ပြန်ပြောပြ၏။

” အချိန်အတော်ကြာပြီးတာတောင် ရထားက ဘာလို့မထွက်သေးတာလဲ။ ရှေ့မှာဘာဖြစ်နေလဲဆိုတာ ငါ တော်တော်သိချင်နေပြီ။ ဒါ ပထမဆုံးအကြိမ်မဟုတ်တော့ဘူး ”

အချို့လူများသည် စိတ်မသက်မသာဖြစ်လာကြသည်။ တွဲစောင့်များကလည်း ခရီးသည်များကို အသေးစိတ်အခြေအနေအကြောင်း ပြောမပြကြပေ။

ကျိုးကွမ်သည် ချူဖုန်း၏လက်မောင်းကို တံတောင်နှင့်တွတ်လိုက်သည်။ ” ရောင်းရင်း တစ်ခုခုမူမမှန်တော့ဘူးလို့ ငါ ခံစားရတယ်။ ဒီလောက်နှစ်တွေအကြာကြီး ဒီလမ်းပေါ်မှာ ဘာမှမဖြစ်ခဲ့ဖူးဘူး။ ဒီနေ့ အတော်ကိုထူးဆန်းနေတယ် ”

” ငါလည်း ငါတို့ဒီနေရာကနေမြန်မြန်ထွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ် ” ချူဖုန်းက ခေါင်းညိတ်ရင်းပြောလိုက်၏။

နောက်ထပ်တစ်နာရီကြာပြီးနောက် ခရီးသည်များသည် စိတ်အလိုမကျဖြစ်လာပြီး စိုးရိမ်သောကရောက်လာကြသည်။ ထိုအချိန်မှသာ ရထားထွက်မည့် အရိပ်အယောင်ပြတော့သည်။

” အိုး ကောင်းကင်ဘုံရဲ့ကျေးဇူးတော်ပါပဲ။ နောက်ဆုံးတော့ ငါတို့သွားလို့ရပြီ ” အဘိုးအိုတစ်ယောက်က စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချရင်း ပြောလိုက်သည်။ အခြားသူများလည်း ထိုအခါမှသာ စိတ်သက်သာရာရသွားကြသည်။

သို့သော် ရုတ်တရက် သူတို့ယခုရှိနေသောနေရာမှ ခပ်ဝေးဝေးမှကောင်းကင်ပြင်အထိ တိမ်မည်းများဖြင့် ဖုံးလွှမ်းသွားသည်။ လျှပ်စီးများလက်ကာ မိုးခြိမ်းသံများ မိုးကြိုးပစ်သံများကလည်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ ရာသီဥတုသည် လျင်လျင်မြန်မြန်ပင်ပြောင်းလဲသွားလေသည်။

မျက်စိတမှိတ်အတွင်း မိုးများဒလဟောရွာချလာပြီး ထိုဒေသတစ်ခွင်လုံးကို အမှောင်ထုကကြီးစိုးသွားတော့၏။

ကံကောင်းစွာဖြင့် ခရီးသည်များအားလုံးသည် ရထားထဲသို့ပြန်ရောက်နေပြီးဖြစ်သည်။

” ဘုရားရေ ဘာလို့ဟိုနားလေးမှာ အရောင်တွေလင်းနေတာလဲ ”

တစ်စုံတစ်ဦးက မှန်ပြတင်းပေါက်၏အပြင်ဘက်ရှိ အုံ့ဆိုင်းနေသောအလင်းအလွှာတစ်ခုဝန်းရံနေသော ဧရာမသစ်ပင်ကြီးဆီသို့ ညွှန်ပြလိုက်သည်။ အလွန်ထူးခြားဆန်းကြယ်သော မြင်ကွင်းပင်။

ထိုဧရာမသစ်ပင်ကြီးသည် လျှပ်စီး​များနှင့် မိုးကြိုးများအောက်တွင် ယိမ်းခါနေပြီး ထိတ်လန့်ခြောက်ခြားဖွယ်ဖြစ်နေသည်။

ထိုသစ်ပင်ကြီးသည် သူ့အလိုလိုအလင်းရောင်များထွက်လာခြင်းပေလော သို့တည်းမဟုတ် လျှပ်စီးကြောင်းများက ထိုသစ်ပင်ကြီးကို လွှမ်းခြုံထားခြင်းပေလော။

လျှပ်စီးများနှင့် မိုးကြိုးမျာကြောင့် ထိုမျှကြီးမားလှသောသစ်ပင်ကြီးသည်ပင်လျှင် လဲကျတော့မယောင်ဖြစ်နေ၏။

” ဝုန်း ”

ရုတ်တရက် ဧရာမသစ်ပင်ကြီးတွင် အလင်းရောင်များလက်သွားပြီး ကျယ်လောင်သောအသံတစ်သံထွက်ပေါ်လာသည်ကို ခရီးသည်များကြားလိုက်ရသည်။ ထိုသစ်ပင်ကြီး၏ အတက်အလက်များသည် ကျိုးကျသွားပြီး ကြီးမားလှသောအရွက်များလည်း ကြွေကျလာသည်။

ကောင်းကင်ပြင်တွင် တိမ်မည်းများဖုံးလွှမ်းသွားပြီး အရာအားလုံးမှောင်အတိကျသွားလေသည်။ သစ်ပင်ကြီး၏အနီးတဝိုက်တွင်သာ အလင်းရောင်ရှိနေသဖြင့် ထိုနေရာကိုသာလျှင် မြင်တွေ့နိုင်သည်။

ထိုသစ်ပင်ကြီး၏အသီးများအားလုံး ကွဲထွက်သွားပြီး ကောင်းကင်ယံတွင် အဝါရောင်ပန်းပွင့်များသဖွယ် ပြည့်နှက်သွားသောကြောင့်

ထူးဆန်းသောအနံ့တစ်မျိုးထွက်ပေါ်လာသည်။

အုံ့မှိုင်းမှိုင်းလင်းနေသည့် ကြွေကျသွားသောအသီးများသည် ငွေဖြူရောင်အမျှင်များအဖြစ် ကွဲထွက်သွားကြပြီး ထီးငယ်လေးများသဖွယ် အဝေးသို့မျောလွင့်သွားကြလေသည်။

” အဲ့တာက ကမ္ဘာဦးသစ်ပင်လား အဝါရောင်ပန်းပွင့်ပင်လား ” ဖက်တီးကျိုးက တုန်လှုပ်နေဟန်ဖြင့် တံတွေးမျိုချလိုက်သည်။ သူသည် ထိုကဲ့သို့ထူးဆန်းသောမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက်တွင် လည်ချောင်းခြောက်လာသကဲ့သို့ ခံစားလိုက်ရသည်။

ရထားထဲရှိလူများသည်လည်း မယုံကြည်နိုင်လောက်အောင် ထူးဆန်းသောမြင်ကွင်းကို မျက်မြင်တွေ့လိုက်ရပြီးနောက် တိတ်ဆိတ်သွားကြလေ၏။

ကောင်းကင်ယံတွင် အစေ့များဖြင့် ပြည့်နှက်သွားသောအခါ ကမ္ဘာဦးသစ်ပင်ကြီးသည် မိုးများနှင့် မိုးကြိုးများအလယ်တွင် မူလအနေအထားအတိုင်း ပြန်လည်ငြိမ်သက်သွားလေတော့သည်။ သစ်ပင်ကြီးသည် ၎င်း၏အကိုင်းအခက်များဖြင့် ကုန်းမြေကို အုပ်မိုးထားလေသည်။

ဒလဟောရွာကျလာသောမိုးစက်များကြောင့် ပြတင်းပေါက်အပြင်မှမြင်ကွင်းသည် မှုန်ဝါးလာသည့်တိုင် ရထားပေါ်မှလူများသည် ငေးကြည့်နေကြဆဲပင်ဖြစ်သည်။

သို့သော် မကြာခင် ရထားထွက်သွားသဖြင့် သူတို့လည်းကြာကြာမကြည့်လိုက်ရပေ။

” ရောင်းရင်း ဒီကမ္ဘာကြီးကရူးသွပ်သွားတာလား။ ဒါမှမဟုတ် ငါတို့ရူးသွားတာလား။ ငါ ဘာတွေမြင်ခဲ့တာလဲ။ ဘာလို့ကိစ္စတိုင်းက နားလည်ရခက်နေတာလဲ ” ကျိုးကွမ်က စောဒကတက်လေသည်။

ထိုသို့သောစိတ်မတင်မကျမှုကို ခံစားရသည်မှာ သူတစ်ဦးတည်းမဟုတ်ပေ။ ရထားပေါ်မှလူများအားလုံးသည် တိတ်ဆိတ်နေကြပြီး အချိန်အတော်ကြာ အတွေးလွန်နေကြ၏။

သူတို့သည် ထိုနေရာမှထွက်လာခဲ့ပြီးဖြစ်၍ ထိုနေရာတွင်မည်သို့ဆက်ဖြစ်နေမှန်းမသိသော်လည်း ဤကမ္ဘာပေါ်ရှိ အရာများသည် ယခင်ကနှင့်မတူတော့ကြောင်း ခံစားမိကြသည်။

လူများစွာတို့သည် သူတို့၏ဖုန်းများကို ငုံ့ကြည့်နေကြပြီး ဖုန်းထဲရှိသတင်းများထဲမှ သဲလွန်စတစ်ခုခုရှာတွေ့ရန် မျှော်လင့်နေကြသည်။

သို့သော် ကမ္ဘာဦးသစ်ပင်နှင့်သက်ဆိုင်သောသတင်း မရှိပေ။

သို့ပေသော်ငြား နိုင်ငံအနှံ့မှ ထူးဆန်းသောဖြစ်ရပ်မျိုးစုံအကြောင်း သတင်းများရှိနေသည်။ အချို့နေရာများတွင် မြင်တွေ့နေကျပုံသဏ္ဍာန်မဟုတ်သော သားရဲများကို တွေ့ကြရပြီး အခြားနေရာများတွင် ရာစုနှစ်များစွာသက်တမ်းရှိသည့် ရေတွင်းဟောင်းများထဲမှ ရေများပန်းထွက်လာသည်ကို တွေ့ကြရသည်။

ဖြစ်ရပ်များအားလုံးက ထူးခြားဆန်းကြယ်နေပြီး။ တစ်စုံတစ်ခုကို အရိပ်အမြွက်ပြနေသယောင်ယောင်။

” ဝမ်ဝူတောင်ကို လွင့်မျောနေတဲ့ အမျိုးအမည်မသိခရမ်းရောင်တိမ်တွေက လွှမ်းခြုံထားတယ်လို့ ကြားတယ်။ အဲ့တာတကယ်လား ” ဟု တစ်စုံတစ်ဦးက အံ့အားသင့်စွာပြောလိုက်၏။

ထိုသတင်းသည် လူတိုင်းကိုမှင်သက်သွားစေခဲ့သည်။ သို့သော် ဖုန်းထဲမှတုံ့ပြန်မှုများအရ လူအများစုက ထိုသတင်းသည် အမှန်ဖြစ်သည်ဟု မယုံကြည်ကြချေ။

ရထားပေါ်မှ ခရီးသည်များကမူ ထူးဆန်းလှသောအရာများကို တွေ့ကြုံခဲ့ပြီးဖြစ်၍ ထိုသတင်းကိုအတော်အတန်ယုံကြည်ကြသည်။

နောက်ထပ်သတင်းများ တက်လာနေသည်။ နှင်းမြူခိုးများက ဒေါင်ထင်းရေကန်ကို လွှမ်းခြုံထားကြပြီး ကောင်းကင်ဘုံတစ်ခုကဲ့သို့ အလင်းတန်းများတောက်ပနေသည် ဟူသော သတင်းအောက်တွင် လူအများအပြားက မှတ်ချက်မျ

း ခန့်မှန်းချက်များကို ရေးသားထားကြသည်။

အချိန်ကုန်လာသည်နှင့်အမျှ ရထားသည် မိုးသက်မုန်တိုင်းထန်နေသောဒေသကို ကျော်လွန်ပြီး အခြားဒေသတစ်ခုသို့ ဆိုက်ရောက်လာလေသည်။ ယခုနေရာမှကောင်းကင်ပြင်သည် အမှောင်ထုကြီးစိုးနေသောယခင်ကောင်းကင်ပြင်နှင့်မတူဘဲ တောက်ပသန့်စင်နေ၏။

တစ်နာရီနီးပါးမျှကြာပြီးနောက် လေထဲတွင် လွင့်မျောနေသောအပင်များနှင့်ပတ်သက်ပြီး သတင်းများထွက်ပေါ်လာလေသည်။ သတင်းဌာနတိုင်းက ထိုသတင်းကို ဂြိုဟ်တုများမှဖမ်းယူရရှိလာသည့် တိကျပြတ်သားသောပုံရိပ်များဖြင့် ဖော်ပြကြသည်။

ရုက္ခဗေဒပညာရှင်များကမူ ထိုသို့လျင်မြန်စွာကြီးထွားလာသောသစ်ပင်များသည် ကမ္ဘာပေါ်တွင် မတွေ့ရနိုင်သည့် မျိုးစိတ်များဖြစ်သည် ဟု ဆိုကြသည်။

ထိုအပင်များ အဘယ်ကြောင့် လေထဲတွင် မျောပါကြီးထွားနေကြောင်းကိုမူ ယနေ့ထက်တိုင် မည်သူမျှမသိကြပေ။

ဤခရီးစဥ်သည် အမှန်တကယ်ပင် အနှောင့်အယှက်များလွန်းလှသည်။ ရထားသည် ညနေပိုင်းတွင်နောက်တစ်ခါရပ်ရပြန်သည်။

ထို့ပြင် ဤတစ်ကြိမ်ရထားရပ်သောနေရာသည် တောနက်ထဲတွင်ဖြစ်ပြီး အနီးအနားတွင် မြို့လည်းမရှိ ဘူတာရုံလည်းမရှိပေ။

မကျေမနပ်ဖြစ်လာကြသောခရီးသည်များက တွဲစောင့်များကို ဘာဖြစ်နေသနည်းဟု မေးမြန်းကြတော့၏။

” ဒီရထားလမ်းပေါ်မှာ ပြဿနာမျိုးစုံဖြစ်နေတယ်ဆိုတဲ့ အသိပေးချက်တွေကို ကျွန်တော်တို့လက်ခံရရှိခဲ့တယ်။ ရထားလမ်းကြောင်းရဲ့တချို့နေရာတွေမှာ မတည်မငြိမ်ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့ခရီးစဥ်ကို ဒီနေရာမှာ အဆုံးသတ်ရလိမ့်မယ် ”

ခရီးသည်များသည် အုတ်အုတ်ကျက်ကျက်ဖြစ်သွားကြပြီး ဆူညံပွက်လောရိုက်သွားတော့သည်။

အရေးပေါ်စစ်ဆေးမှုများကို ကြိုတင်၍ပြုလုပ်ထားပြီးဖြစ်သော်လည်း ရထားလမ်းကြောင်းတစ်လျှောက်ဘေးကင်းလုံခြုံမှသာလျှင် ခရီးစဥ်ကိုပြန်လည်စတင်မည်ဖြစ်ကြောင်း

တွဲစောင့်များက ကြေညာသည်။

ချူဖုန်းသည် ထိုညတွင် သူ့မိဘများကို ဆက်သွယ်ခဲ့သည်။ မူမမှန်သောကိစ္စများစွာ ဖြစ်ပွားနေသောကြောင့် သူသည် သူတို့နှစ်ဦးကို စိတ်ပူသည်။

သူ့မိဘများကလည်း သူ့လုံခြုံရေးကို စိုးရိမ်နေသည်။ သူတို့က ချူဖုန်းတစ်ဦးတည်းခရီးသွားရင်း မတော်တဆထိခိုက်မှုများနှင့် ကြုံတွေ့နေရပြီလားဟု ပူပင်နေကြသည်။

ရထားသည် တုတ်တုတ်မျှမရွေ့။ လုံခြုံရေးစိုးရိမ်ရသဖြင့် ဖြစ်လာနိုင်သောအန္တရာယ်များအားလုံးကို မရှင်းလင်းရသေးမီအထိ သူတို့လည်းမလှုပ်ရှားနိုင်ပေ။

ရထားပေါ်မှလူများသည် သူတို့၏မိသားစုများ

မိတ်ဆွေများနှင့်ဆက်သွယ်ကြသည်။ အချို့က နိုင်ငံအနှံ့ဖြစ်ပွားနေသော ထူးခြားဆန်းကြယ်မှုမျိုးစုံကို ကြားသိရပြီးနောက် ထိတ်လန့်တုန်လှုပ်နေကြပြီး သူတို့၏ဇာတိမြို့များဆီသို့ အမြန်ပြန်လိုကြသည်။

ရထားဝန်ထမ်းများက ခရီးသည်များကို အစာနှင့်ရေ ကျွေးမွေးသည်။

ရထားသာ ယခုလိုမရပ်နားရလျှင် နေဝင်ရီတရောအချိန်တွင် လမ်းဆုံးဘူတာသို့ရောက်နေမည် ဖြစ်သည်။

ခရီးသည်များသည် ညဦးပိုင်းတွင် မကြာသေးမီကဖြစ်ပျက်ခဲ့သော ကိစ္စရပ်များအကြောင်းကို တိုးတိုးတိတ်တိတ်ဆွေးနွေးကြရင်း အိပ်မပျော်လိုက်ကြချေ။

ညနက်ပိုင်းရောက်မှသာ တိတ်ဆိတ်ငြိမ်သက်သွားကြလေသည်။

ရထားပြင်ပမှကမ္ဘာကြီးသည် အလွန်အေးစက်မှောင်မိုက်ပြီး ကြောက်မက်ဖွယ်ကောင်းနေသည်။ ကြယ်များသည်လည်း မထွန်းလင်းကြဘဲ လက်ချောင်းများကိုအပြင်ထုတ်ထားလျှင်ပင် မမြင်ရလောက်အောင် မှောင်မည်းနေသည်။

သန်းခေါင်ကျော်အချိန်တွင် အသံကျယ်ကြီးတစ်သံထွက်လာပြီး အိပ်ပျော်နေသောလူတိုင်းကို လှုပ်နိုးလိုက်၏။

ခရီးသည်များအားလုံးသည် မျက်လုံးပွင့်လာကြပြီး အနီးတဝိုက်ကို စိတ်ရှုပ်ထွေးစွာကြည့်နေကြသည်။

ဘာဖြစ်သွားသနည်း။ ထိုအသံကြီး​သည် ရထားတစ်ခုလုံးတုန်ခါသွားလောက်အောင်ပင် အားကောင်းသည်။ ရထားသည် တစ်စုံတစ်ခုနှင့် တိုက်မိခြင်းပေလော။

လူအများသည် ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားပြီး မျက်နှာများပါ ဖြူဖျော့လာကြသည်။

သို့သော် သူတို့ရောက်နေသော တောင်ကုန်းဒေသတစ်ခုလုံးသည် မှောင်မည်းနေပြီး ကြယ်ရောင်ပင်မရှိသောကြောင့် မည်သည်ကိုမှမမြင်ရပေ။ အေးစက်စက်အမှောင်ထုက လူများကို တုန်လှုပ်ခြောက်ခြားစေသည်။

ခပ်ဝေးဝေးတွင် တောင်တန်းများ၏အရိပ်ကို မြင်နေရသည်။ သားရဲများနှင့် ဇီးကွက်များ၏အသံများကလည်း တောနက်ထဲမှ တစ်ချက်တစ်ချက်ထွက်ပေါ်လာသည်။ မြင်နေရသမျှက ထိတ်လန့်တုန်လှုပ်စဖွယ်ပင်။

တစ်စုံတစ်ခုက ရထားကိုဝင်တိုက်လိုက်ပြီး ရထားတစ်စင်းလုံးလှုပ်ယမ်းသွားသောအခါ ခရီးသည်များသည် ကြောက်လန့်တကြားအော်ဟစ်ကြတော့၏။

” အပြင်မှာ ဘာကြီးလဲ။ ရထားတစ်စင်းလုံးတောင် လှုပ်ယမ်းသွားတယ်ဆိုရင် အတော်အားကောင်းတဲ့တစ်ခုခုပဲ ”

ဆူဆူညံညံအသံများထွက်ပေါ်လာသည်။

” မဆူကြနဲ့ ” ချူဖုန်းက အော်လိုက်သည်။

လူတိုင်းသာအသိစိတ်လွတ်နေကြလျှင် ပြဿနာကပိုကြီးသွားနိုင်သည်။

” ငါ ဒီနေရာအကြောင်းသိတယ်။ ဒီနေရာက ဟိုးရှေးခေတ်တုန်းက လူအများကြီးသေခဲ့တဲ့စစ်တလင်းဖြစ်ခဲ့တယ် ” သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက တုန်ရီစွာပြောပြသည်။

” တော်တော့။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောမနေနဲ့ ” ဟု ဖက်တီးကျိုးက ပြောလိုက်သည်။ သူ၏ဖြူဖျော့နေသောမျက်နှာသည် အတော်ဒေါသထွက်နေသယောင် ပြောင်းသွား၏။

” ဒီကမ္ဘာပေါ်မှာ တစ္ဆေသရဲလိုမျိုးအရာတွေမရှိပါဘူး။ အခုဖြစ်နေတာတွေက လျှပ်စစ်သံလိုက်လှိုင်းတွေကြောင့်ဖြစ်လာတာ ပြီးတော့ ခပ်မြန်မြန်ပဲပြန်ပျောက်သွားပါလိမ့်မယ် ” အခြားလူတစ်ယောက်က ကျန်ခရီးသည်းများ စိတ်ငြိမ်သွားအောင် ထရှင်းပြသည်။

မကြာမီပင် သူတို့၏ဖုန်းများကိုအသုံးပြု၍မရတော့ကြောင်း ခရီးသည်များတွေ့ရှိလိုက်ရသည်။

ဤအကြိမ်တွင် လူတိုင်းအေးခဲတောင့်တင်းသွားကြပြီး ခေါင်းမွေးများပင်ထောင်လာသယောင် ဖြစ်သွားကြသည်။

သူတို့သည် ထိုတစ်ညလုံးအိပ်မပျော်ကြတော့ပေ။ မည်သူမှလည်း အနားမယူနိုင်ကြ။

မနက်ခင်းနေရောင်ကိုမျှော်လင့်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ ကြည့်လိုက်ချိန်တိုင်းတွင် အရာအားလုံးက ​ခြောက်ခြားဖွယ်ကောင်းနေဆဲပင် ဖြစ်သည်။ ရထားပတ်ပတ်လည်တွင် အချို့ဧရာမသတ္တဝါကြီးများဝိုင်းရံရွေ့လျားနေသကဲ့ ခံစားနေရကြပြီး ခရီးသည်များအားလုံး အတော်စိတ်ဖိစီးနေကြသည်။

ထိုနေ့မနက်အရုဏ်တက်ချိန်မတိုင်မီ … နေအလင်းရောင်မထွက်မီ ပတ်ဝန်းကျင်တွင် မှောင်မည်းနေချိန်၌ တောင်တန်းများအပေါ်တွင် မြူခိုးမြူငွေ့များရစ်ပတ်လွှမ်းခြုံလာသည်။ မကြာမီပင် အရာအားလုံးကို အဖြူရောင်မြူခိုးများက လွှမ်းခြုံသွားတော့သည်။

” အပြင်ဘက်က အခြေအနေဘယ်လိုလဲ ” ကျိုးကွမ်က မေးလိုက်၏။

” ဆင်းကြည့်ရအောင် ” ချူဖုန်းက ပြန်ပြောလိုက်သည်။

” ဟင့်အင်း မသွားနဲ့ ” ကျိုးကွမ်က ခေါင်းခါသည်။

ချူဖုန်းက ” ဘာပြဿနာမှမရှိတော့ဘူးထင်ပါတယ်။ တကယ်လို့ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် စောစောကတည်းက ပေါ်လာမှာပေါ့ ” ဟု ပြောလိုက်သည်။

နောက်ဆုံးတွင် ချူဖုန်း၊ ကျိုးကွမ်နှင့် အခြားလူငယ်အနည်းစုသည် ရထားပေါ်မှ ဆင်းပြီး ပတ်ဝန်းကျင်အခြေအနေကို လှည့်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။

အဖြူရောင်မြူခိုးမြူငွေ့များကြောင့် ၁ မီတာကျော်ကျော်အကွာအဝေးကိုပင် ရှင်းရှင်းလင်းလင်းမြင်ရန်ခဲယဥ်းလှသည်။ မြင်ကွင်းက အမှန်တကယ်ပင် တုန်လှုပ်ခြောက်ခြားဖွယ်။

ပတ်ဝန်းကျင်တစ်ခွင်သည် မည်သည့်သက်ရှိမှမရှိသကဲ့သို့ပင် ဆိတ်ငြိမ်နေ၏။

” ဘုရားရေ ဒါဘာကြီးလဲ ” လူငယ်တစ်ဦး၏ ​ထိတ်လန့်တကြားအော်သံက ရုတ်တရက်ထွက်လာသည်။ သူသည် လေထဲမှ တစ်စုံတစ်ခုကို စိုက်ကြည့်ရင်း မျက်လုံးပြူးနေလေသည်။

သူ့အော်သံက သူ့အနီးအနားမှ လူများကို ထိတ်လန့်သွားစေရုံမျှမက ရထားပေါ်မှခရီးသည်များကိုပါ ထိတ်လန့်သွားစေသည်။ လူတိုင်းပင် ခေါင်းများပူထူသွားပြီး ခေါင်းမွေးများထောင်သွားကြသည်။

အပိုင်း ၈ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset