Chapter – 7 သန္ဓေ ပြောင်းလဲခြင်း
ကျိုးချွမ်သည် စကားပြောရသည်ကို အတော်လေးကြိုက်နှစ်သက်ပြီး လမ်းတစ်လျှောက်လုံးတွင် မရပ်မနားတတွတ်တွတ်ပြောလာခဲ့သည်။
သူ တရုတ်ပြည်အနောက်ပိုင်းတွင် ကျောင်းတက်ခဲ့စဥ်က ကြားသိခဲ့ရသော လျှို့ဝှက်ဆန်းကြယ်မှုများစွာပါဝင်သည့် ထူးထူးဆန်းဆန်းပုံတိုပတ်စများကို ပြန်ပြောပြနေခဲ့၏။
တိဗက်ဒေသသည် ဒဏ္ဍာရီပုံပြင်များစွာ၏အစပြုရာဒေသဖြစ်ပြီး အချို့သောဒဏ္ဍာရီပုံပြင်များကို ဒေသတစ်ခုလုံးက သိကြသည်။ အချို့မှတ်တမ်းများဆိုလျှင် ၎င်းတို့၏မူရင်းဇစ်မြစ်ကိုပင် ပြန်လည်ခြေရာကောက်၍ရနိုင်ပေသည်။ ထိုပုံပြင်များကို ကျိုးချွမ်ပြောပြနေပုံသည် အလွန်ညှို့ယူနိုင်စွမ်းရှိ၍ ဘေးခုံမှလူများသည်ပင်လျှင် စိတ်ပါဝင်စားစွာနားထောင်နေကြသည်။
ကျိုးချွမ်က ” မင်းတို့ အဲ့တာတွေကို ရိုးရာပုံပြင်တွေသက်သက်ပဲလို့ သဘောမထားသင့်ဘူး။ တချို့ပုံပြင်တွေက အတိတ်တုန်းက တကယ်ဖြစ်ပျက်ခဲ့တာ ” ဟူ၍ လေးနက်စွာပြောသည်။
အခြားသူများက မတင်မကျခံစားရရင်း ကျန်ခဲ့သောကြောင့် သူ့ကိုဆက်ပြောရန် တောင်းဆိုကြသည်။
” တစ်ခါတုန်းက ဘုရားကျောင်းအပျက်ထဲမှာ သေငယ်ဇောငင်နေတဲ့ခွေးတစ်ကောင်ကို ကာကွယ်စောင့်ရှောက်ပေးနေတဲ့ တိဗက်အစောင့်အရှောက်ခွေးငယ်လေးကို ကျွန်တော် မြင်ဖူးတယ်။ အဲ့ဒီခွေးလေးကငိုနေပြီးတော့ ရွှေရောင်မျက်ရည်တွေကျနေတယ် ” ဟု ကျိုးချွမ်က ပြော၏။
” အဟက် ”
လူအုပ်စုကြီးက သူ့စကားများကို မယုံမကြည်ဖြစ်လာကြသည်။ ထိုစကားများသည် အလွန်ရယ်ရွှင်ဖွယ်ကောင်းပြီး ယုံကြည်ရန်ခက်ခဲလှပေသည်။
” အဲ့တာ တကယ့်အဖြစ်အပျက်ဆိုတာ ကျွန်တော်ကျိန်တယ်။ ကျွန်တော့်မျက်လုံးနဲ့ မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့တာ ” ကျိုးချွမ်သည် အနည်းငယ်စိတ်ဆိုးသွားဟန်ဖြင့် သူ့ရင်ဘတ်ပေါ်သို့ လက်တင်ပြီး သူပြောခဲ့သမျှသည် အမှန်တကယ်ဖြစ်ကြောင်း ကျိန်ပြောလိုက်သည်။
” နောက်မှ ကျွန်တော်တွေးကြည့်တော့ သူ့ရဲ့အရောင်တလက်လက်တောက်ပနေတဲ့ ရွှေရောင်မျက်လုံးက မျက်ရည်တွေစီးကျလာတော့ အလင်းပြန်ပြီး ရွှေဝါရောင်တွေဖြစ်သွားတာ ဖြစ်လောက်မယ်လို့ စဥ်းစားမိတယ် ” ဟု ကျိုးချွမ်က ရှင်းပြသည်။
” ခင်ဗျားတကယ်ပဲ အဲ့လိုထူးဆန်းတဲ့ တိဗက်အစောင့်အရှောက်ခွေးပေါက်စလေးကို မြင်ခဲ့တယ်ဆိုရင် ဘာလို့ပြေးမဖမ်းလိုက်တာလဲ။ သူ့ကိုအိမ်မွေးတိရစ္ဆာန်အနေနဲ့ထားပြီး လေ့ကျင့်ပေးလို့ရတယ်လေ။ အဲ့အကောင်က အခုဘယ်မှာလဲ ” ဟု တစ်ယောက်က မေးလိုက်၏။
” ဟူး ကျွန်တော်လည်း အဲ့အကောင်လေးကို ခေါ်သွားချင်ပေမယ့် ဘုရားကျောင်းပျက်ထဲမှာ အသက်ကြီးကြီးဘုန်းတော်ကြီးတစ်ပါးရှိနေခဲ့တယ်။ ပြီးတော့ ခွေးလေးကိုခေါ်သွားခွင့်ပြုဖို့အတွက် အဲ့ဒီဘုန်းတော်ကြီးလက်ခံလာအောင် ကျွန်တော်မသိမ်းသွင်းနိုင်ခဲ့ဘူး ”
ကျိုးချွမ်၏ စကားအရ ထိုပြိုကျလုနီးဘုရားကျောင်းသည် တောင်တန်းဒေသနှင့် ဝေးကွာသောချောင်ကျကျအရပ်တွင် ရှိသည်။ နှစ်စဥ်နှစ်တိုင်း လူတစ်ဆုပ်စာထက်မပိုသောလူများသာလျှင် ထိုကဲ့သို့သောနေရာသို့ သွားရောက်လည်ပတ်ကြလေသည်။
ဘုန်းတော်ကြီးသည် အတော်အသက်ကြီးနေပြီဖြစ်ပြီး အနည်းငယ်နားလေးနေဟန်ပေါ်၍ သူနှင့် ဆက်သွယ်ပြောဆိုရန် အလွန်ခဲယဥ်းသည်။
အချိန်အတော်ကြာပြီးနောက်မှ ဘုန်းတော်ကြီးပြောလိုသည်ကို ကျိုးချွမ်နားလည်ခဲ့သည်။ အစောင့်အရှောက်ခွေးငယ်လေးကို မည်သူမျှမပိုင်ဆိုင်ကြ။ ၎င်းသည် တစ်နေ့တွင် အထွတ်အမြတ်တောင်ဆီသို့ ပြန်သွားပြီး နတ်ဆိုးများကိုအောင်နိုင်သည့် သတ္တဝါတစ်ကောင်အဖြစ် ကြီးထွားလာမည်ဖြစ်သည်။
“ဒါပေမယ့် အဲ့ဒီအစောင့်အရှောက်ခွေးရဲ့ ခွန်အားက တော်တော်ကိုအံ့သြကောင်းတယ်။ ကျွန်တော့်ခြေထောက်ကို ကိုက်ပြီးတော့ ကျွန်တော့်ကို မြေပေါ်လွှင့်ပစ်နိုင်လောက်တဲ့အထိကို ထူးထူးခြားခြားအင်အားကြီးတယ် ” ကျိုးချွမ်သည် သူ၏အတိတ်ကိုပြန်ပြောရင်း သူ့မျက်နှာတွင် ထူးဆန်းသောအမူအရာပေါ်လာသည်။
အခြားသူများကမူ သူ့ဇာတ်လမ်းကိုမယုံကြည်ကြ။
” အဲ့တာ ဘယ်လောက်ကြာပြီလဲ ” ချူဖုန်းက မေးလိုက်သည်။
သူကိုယ်တိုင်လည်း ခွန်းလွန်တောင်ပေါ်၌ ကြီးကျယ်မြင့်မြတ်သောအစောင့်အရှောက်နတ်ဘုရားခွေးတစ်ကောင်နှင့် ကြုံတွေ့ခဲ့ဖူးသောကြောင့် ထိုသို့မေးလိုက်ခြင်းဖြစ်သည်။ ထိုခွေးသည် ၎င်း၏မျိုးနွယ်တူများထက် အတော်လေးပို၍အင်အားကြီးမားပြီး ကြောက်မက်ဖွယ်သားရဲများကိုပင် လွယ်လွယ်ကူကူသတ်ဖြတ်နိုင်လေသည်။
” လွန်ခဲ့တဲ့ ၃ နှစ်လောက်တုန်းက ” ဟု ကျိုးချွမ်ကဖြေလိုက်သည်။
ရထားသည် ကျယ်လောင်စွာဥသြဆွဲရင်း ပြတင်းပေါက်အပြင်ဘက်မှ ရှုခင်းများကို လျင်မြန်စွာဖြတ်သွားလေသည်။ သူတို့သည် တောင်တန်းဒေသကို ချန်ရစ်ခဲ့ကြပြီး အရှေ့ပိုင်းဒေသသို့ ခရီးထွက်လာခဲ့ကြ၏။
” မင်း စားစရာတွေအများကြီးယူလာတာလား ” ကျိုးချွမ်သည် သူ့ကိုယ်သူအပြင်လူတစ်ဦးအဖြစ် မသတ်မှတ်ဘဲ ချူဖုန်း၏ဝန်စည်စလယ်များကို ကူညီပေးရန် လိုလားစွာတာဝန်ယူလိုက်သည်။ မည်သည်ကပို၍အရသာရှိသနည်း ဟုပင် မေးလိုက်သေးသည်။
” ဒီဝိညာဥ်အစေ့တွေက တော်တော်အရသာရှိတယ် ” ချူဖုန်းက ဖြေလိုက်သည်။
” ဟင် ” ကျိုးချွမ်စိတ်ရှုပ်သွားသည်။
ချူဖုန်းက ပဲကြီးစေ့များနှင့် အခွံမာသီးများကို ညွှန်ပြရင်း ” တချို့ဒဏ္ဍာရီလာဇာတ်ကောင်တွေက အပင်တွေလို့ မင်း ပြောခဲ့လား။ ငါတော့ ဒါတွေက နတ်ဘုရားမျိုးစိတ်တွေလို့ ခံစားရတယ် ” ဟု ပြောလိုက်၏။
ဖက်တီးကျိုး သည် ဆွံအသွားပြီး ” နတ်ဘုရားမျိုးစေ့တွေရဲ့ အရသာက တော်တော်ကောင်းတာပဲ ” ဟူ၍ မပီမသပြောလေသည်။
ပတ်ဝန်းကျင်ရှိလူများသည်လည်း ပွဲကျသွားကြလေသည်။
” အား ” ကျိုးချွမ်သည် ရုတ်တရက်မျက်နှာမဲ့သွားပြီး ပါးစပ်ထဲမှ ပဲစေ့ကိုပြန်ထုတ်ရင်း နာကျင်စွာငြီးတွားလိုက်သည်။
” မင်း ဒီပဲကြီးစေ့တွေကို ဘယ်ကဝယ်ခဲ့တာလဲ။ အဲ့တာတွေက စားလို့ရောရရဲ့လား။ ငါ့သွားတွေတောင် ကျိုးတော့မလိုပဲ ” ကျိုးချွမ်သည် အလွန်နာကျင်နေဟန်ဖြင့် မျက်နှာကိုရှုံ့မဲ့ရင်း ပြောသည်။
သူသည် ထိုပဲစေ့ကို စားပွဲပေါ်သို့ ဒေါက်ခနဲပစ်ချလိုက်သည်။
” ဘုရားရေ အဲ့ပဲစေ့က အတော်ကိုရင့်မာနေတာပဲ။ မင်း အဲ့အသံကိုကြားလိုက်လား။ အစားအစာအန္တရာယ်ကင်းရေးပြဿနာကို ဒီနေ့ဒီအချိန်ထိ မဖြေရှင်းနိုင်ကြသေးဘူး ” ကျိုးချွမ်က ဒေါသထွက်နေဟန်ဖြင့် အံကြိတ်ရင်းပြောလေ၏။
ထိုအရာသည် ပဲကြီးစေ့မဟုတ်သောကြောင့် ချူဖုန်းအံ့သြသွားသည်။ ၎င်းသည် ကျောက်သေတ္တာအတွင်းမှ အလွန်ခြောက်သွေ့ရှုံ့တွနေသော အဝါရောင်အစေ့ဖြစ်နေလေသည်။
သူသည် မူလက ထိုအစေ့ကို ထုတ်ယူပြီး မည်သည့်အစေ့ဖြစ်ကြောင်း ကျိုးချွမ်ကိုစစ်ဆေးကြည့်စေရန် စိတ်ကူးထားသော်လည်း လမ်းတစ်လျှောက်စကားပြောနေရင်း မေ့သွားကာ ထိုအစေ့ကို အဆာပြေမုန့်များအတွင်း မတော်တဆထည့်လိုက်မိခြင်းပင်။
” ဘုရား ဘုရား ဒါကို ရောင်းတဲ့လူတွေမှာ အသိတရားရောရှိသေးရဲ့လား။ ဒါလုံးဝပဲကြီးစေ့မဟုတ်ဘူး။ ဘာကြီးထည့်ပေးလိုက်တာလဲ ” ကျိုးချွမ်သည် ထိုအစေ့၏ပုံစံကိုမြင်ပြီးနောက် ချက်ချင်းပင်ဒေါသအမျက်ခြောင်းခြောင်းထွက်သွားလေသည်။ သူသည် ထုတ်လုပ်ဖြန့်ချီသည့် ကုမ္ပဏီနာမည်ကို မှတ်ထားလိုက်ပြီး သူပြန်ရောက်သည်နှင့်ချက်ချင်းတိုင်ကြားရန် တေးမှတ်ထားလိုက်သည်။
ချူဖုန်းသည် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရသည်။ သို့သော် ထိုအရာသည် မုန့်အိတ်ထဲမှ ပါလာခြင်းမဟုတ်ဘဲ တောင်တန်းဒေသမှ သူယူလာခဲ့သော အစေ့တစ်စေ့ဖြစ်ကြောင်း အမှန်အတိုင်းပြောပြလိုက်သည်။
ဖက်တီးကျိုး သည် ရုတ်တရက် အိုးတိုးအမ်းတမ်းဖြစ်သွားသည်။ သူသည် စိတ်ကသိကအောင့်ဖြစ်သွားဟန်ဖြင့် တဖြည်းဖြည်းမျက်နှာနီလာလေသည်။
ပတ်ဝန်းကျင်မှလူများသည် အစပိုင်းတွင် တိတ်ဆိတ်နေကြရာမှ ဝါးလုံးကွဲထရယ်ကြတော့သည်။
ကျိုးချွမ်သည် အချိန်အတော်ကြာ လည်ချောင်းတွင်တစ်ဆို့ဆို့ဖြစ်နေပြီးမှ ” ငါ့ကောင် မင်း တော်တော်နမော်နမဲ့နိုင်တာပဲ။ အဲ့လိုအရာမျိုးကို ဘယ်လိုလုပ်ပြီး ကြုံရာကျပန်းထားနိုင်ရတာလဲ။ အဲ့တာက ပဲစေ့တစ်စေ့ထက်စာရင် သတ္တုအပိုင်းအစတစ်ခုနဲ့ပိုတူနေတယ် ” ဟု ပြောနိုင်လေသည်။
ချူဖုန်းသည်လည်း ရယ်မောလိုက်ပြီး သူ့အားတောင်းပန်သည့်အနေဖြင့် အခွံမာသီးအချို့ကို ရွေးပေးလိုက်သည်။
တစ်ချိန်တည်း၌ သူသည် ကျောက်သေတ္တာထဲမှ အစေ့ ၃ စေ့ကိုလည်း စားပွဲပေါ်သို့တင်လိုက်ပြီး ထိုအစေ့များသည် မည်သည့်အပင်မှဖြစ်ကြောင်း တစ်စုံတစ်ဦးသိနိုင်လေမလား ဟု စဥ်းစားမိ၍ ပတ်ဝန်းကျင်မှလူများကို မေးမြန်းကြည့်ခဲ့သည်။
သို့သော် ထိုလူများအား ဤအစေ့များကို ရရှိခဲ့သောမူလနေရာကိုမူ မပြောပြခဲ့ပေ။
” ဒီခပ်ဝိုင်းဝိုင်းတစ်ခုက ပဲစေ့နဲ့တူတယ် ဒါပေမယ့် ပဲစေ့မဟုတ်ဘူး ”
” ဒီအစေ့တစ်ခုက ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ပြားကပ်နေရတာလဲ။ မင်း အဲ့အစေ့ကို ဖိထားခဲ့တာလား ”
” ဒီအစေ့တစ်ခုက မည်းနက်ပြီးတော့ ရှုံ့တွနေတာပဲ။ အတော်မြင်ရခဲတယ် ”
လူတိုင်းသည် တစ်ယောက်တစ်ပေါက်ပြောဆိုနေကြသော်လည်း မည်သူမှ အစေ့၏အမည်ကိုမသိကြချေ။ အချို့ကမူ တောင်ပေါ်တွင်အလေ့ကျပေါက်လေ့ရှိသော နွယ်ပင်ဖြစ်မည် ဟု ခန့်မှန်းကြ၏။
” ငါ အဲ့တာတွေကို ဖျက်ဆီးပစ်ချင်တယ် ” ကျိုးချွမ်က သူ့မေးကို ညင်သာစွာပွတ်သပ်ရင်း အစေ့တစ်စေ့ကို ကြည့်နေသည်။
” မလုပ်နဲ့။ သူတို့က ရှားပါးရတနာတွေ။ ငါ အဲ့အစေ့တွေကို စိုက်မလို့ ပြီးတော့ အဲ့ဒီကနေ နတ်ဘုရားမတစ်ပါးပေါက်ဖွားလာကောင်း လာနိုင်လိမ့်မယ်လေ ” ချူဖုန်းက ရယ်မောလိုက်သည်။
” အဲ့လိုသာဆိုရင်တော့ ကျိုးချွမ်ပြောတဲ့ဇာတ်လမ်းအတိုင်း ဖြစ်လာတော့မှာပဲ ” အခြားသူများကလည်း ချူဖုန်း၏စကားကို ထောက်ခံပြောဆိုကြရင်း ကျိုးချွမ်အား ဟာသလုပ်နေကြလေသည်။
” မင်းက နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာစေချင်တာလား။ အဲ့အစား အသက်ကြီးကြီးတိဗက်ဘုန်းတော်ကြီး ၃ ပါး ဒါမှမဟုတ် တာအိုလမ်းစဥ်ကိုလိုက်နာသူ ၃ ယောက် ထွက်ပေါ်လာတယ်ဆိုတာကမှ ပိုပြီးဖြစ်နိုင်ချေရှိဦးမယ် ” ကျိုးချွမ်က သူ့ပါးစပ်ကို လက်တစ်ဖက်ဖြင့်အုပ်ရင်း ပြောသည်။ သူ၏နာကျင်မှုသည် ယခုတိုင်လျော့မသွားသေးကြောင်း သိသာလှသည်။
လမ်းပေါ်တွင် အချိန်များ လျင်မြန်စွာကုန်ဆုံးသွားလေ၏။
သို့သော် ဘူတာရုံတစ်ခုကို ဖြတ်ကျော်ပြီးနောက် ရထားသည် ရုတ်တရက်ထိုးရပ်သွားလေသည်။
” ဘာဖြစ်တာလဲ ”
အချိန်အတော်ကြာအောင် ရထားမရွေ့လျားသည်ကို သတိပြုမိသွားပြီးနောက် ခရီးသည်များနိုးလာကြသည်။
စက္ကန့်ပိုင်းအတွင်း တွဲစောင့်များက အရှေ့မှ ရထားလမ်းတွင် မတော်တဆမှုတစ်ခုဖြစ်ပွားနေသဖြင့် ရပ်နေခြင်းဖြစ်ကြောင်းနှင့် မကြာမီဆက်လက်ထွက်ခွာမည်ဖြစ်ကြောင်း သူတို့ကို အသိပေးသည်။
ခရီးသည်များသည် ထိုအခါမှသာ သူတို့၏နေရာများသို့ ပြန်သွားပြီး စိတ်ရှည်လက်ရှည်စောင့်နေကြတော့သည်။
” ကြည့်စမ်း။ နောက်ထပ်သတင်းတစ်ပုဒ်ရှိတယ် … သတင်းကြီးပဲ။ မြက်ပင်တွေတင် လေထဲမှာလွင့်မျောနေတာမဟုတ်တော့ဘဲ အပင်တွေပါ လွင့်မျောနေပြီတဲ့။ ဒီပုံမှာဆို ရှင်းရှင်းလင်းလင်းမြင်ရတယ် ” ကျိုးချွမ်သည် အလန့်တကြားအော်ပြီး ချူဖုန်းအားလက်ဖြင့်တို့ကာ သူ့ဖုန်းမှ သတင်းကိုဖတ်စေခဲ့၏။
အခြားသူများသည်လည်း ထိုသတင်းကို သတိပြုမိသွားကြလေပြီ။
အာကာသတွင်းမှ ရိုက်ထားဟန်တူသည့် ဒီဂျစ်တယ်ဓာတ်ပုံကို အနီးကပ်ကြည့်လိုက်ပြီး လေထဲ၌ သစ်ပင်အချို့ယိမ်းနွဲ့မျောပါနေသည်ကို တွေ့လိုက်ရသည်။
ပို၍အနီးကပ်ကြည့်လိုက်သောအခါ သစ်ပင်အချို့သည် အစိမ်းရောင်ဖြစ်ပြီး အချို့က ခရမ်းရောင်ရင့်ရင့် အချို့က သွေးရောင်ကဲ့သို့ နီနီရဲရဲဖြစ်ကြောင်း တွေ့ရသည်။ မြင်ကွင်းတစ်ခုလုံးသည် အလွန်အင်မတန်ထူးဆန်းနေပေသည်။
ဤအပင်များသည် လေထဲ၌ မည်သို့ပေါ်လာသနည်း။
လူတိုင်း အံ့သြမှင်သက်နေကြသည်။
ရထားပေါ်ရှိခရီးသည်များသည် ဤကိစ္စနှင့်ပတ်သက်ပြီး စိတ်ဝင်တစားဆွေးနွေးငြင်းခုံနေကြ၍ ရထားတွဲတစ်တွဲလုံးတွင် အသံများဆူညံနေသည်။ ထိုကိစ္စသည် အလွန်ထူးဆန်းလှပြီး ကြီးကြီးမားမားပြဿနာများအထိဖြစ်သွားနိုင်သောကြောင့် ပေါ့သေးသေးထားမရသောကိစ္စဖြစ်သည်။
ရထားပြန်ထွက်ချိန်ကျမှသာ အသံများငြိမ်ကျသွားလေသည်။ ဂျုန်းဂျုန်းဂျက်ဂျက်ခုတ်မောင်းနေသောရထား၏ ကျယ်လောင်စွာဥသြဆွဲသံက လူအများ၏အာရုံကို အခြားသို့လွှဲပေးလိုက်သယောင်ဖြစ်သွားသည်။
” ငါ ဒီလမ်းနဲ့တော်တော်ရင်းနှီးကျွမ်းဝင်တယ်။ တရုတ်ပြည်အနောက်ပိုင်းမှာကျောင်းတက်တုန်းကဆိုရင် ဒီလမ်းကို ခနခနဖြတ်သွားရတာ ” ကျိုးချွမ်က လမ်းတွင်ဖြတ်သွားရသောမြို့အားလုံးနီးပါး၏ အကြောင်းကို ခရီးသည်များအား ပြောပြပေးနေသည်။
တစ်နာရီဝန်းကျင်မျှ ကြာပြီးနောက် ရထားသည် ဘူတာရုံတစ်ခုတွင် ရပ်သွား၏။
ထိုအချိန်တွင် ကျိုးချွမ်သည် ပြတင်းပေါက်မှ အပြင်သို့ကြည့်ရင်း ” တစ်ခုခုတော့ မှားနေပြီ။ ဒီဘူတာရုံမှာ အဲ့လောက်ကြီးတဲ့တောင်ကြီးမရှိပါဘူး ” ဟု ပြောလိုက်သည်။
” ဟုတ်တယ် ငါတို့လည်း ဒီလမ်းကို အကြိမ်ကြိမ်ဖြတ်သွားဖူးတယ်။ ဒီအနီးအနားမှာ တောင်ကြီးကြီးမားမားရယ်လို့ မရှိပါဘူး ” ဟူ၍ အချို့သူများကလည်း ဝင်ရောက်ပြောဆိုလေသည်။
” နေဦး အနီးကပ်ကြည့်ကြည့်လိုက်။ အဲ့တာ တောင်မဟုတ်ဘူး။ ဧရာမသစ်ပင်ကြီးတစ်ပင်ပဲ ” တစ်စုံတစ်ယောက်က ထိတ်လန့်စွာဖြင့်အော်ပြောလိုက်သည်။
ခရီးသည်များသည် ပို၍နီးနီးကပ်ကပ်မြင်ရစေရန် ပြတင်းပေါက်ဘက်သို့တိုးလာကြသည်။
ချူဖုန်းအလွန်အံ့အားသင့်သွားသည်။ သူသည် အလွန်ကြီးမားသောသစ်ပင်ကြီးကို ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ ထိုသစ်ပင်သည် အင်မတန်ကြီးမားပြီး တောင်တစ်တောင်နှင့်ပင်မှားလုနီးပါး မြင့်မားကာ တိမ်တိုက်များထဲသို့ပင် ဖောက်ဝင်လုနီးပါးဖြစ်နေသည်။
” ဒီဘူတာကနေ တက်လာတဲ့ခရီးသည်ရှိလား။ သူတို့ကို ဒီကအခြေအနေအကြောင်းမေးကြည့်ရအောင် ” ဟု ခရီးသည်တစ်ဦးက အကြံပြုလိုက်သည်။
ခဏကြာပြီးနောက် ခရီးသည်အချို့တက်လာကြသည်။ သူတို့ပြောပြသောအကြောင်းအရာများက အားလုံးကိုအံ့သြမှင်သက်သွားစေသည်။
ထိုသစ်ပင်သည် လွန်ခဲ့သောနှစ်ပေါင်းရာချီကတည်းက ဤဒေသ၌ရှိနေခဲ့သော နာမည်ကျော်ကမ္ဘာဦးသစ်ပင်တစ်ပင် ဖြစ်သည်။ သို့သော် မည်သည့်အကြောင်းကြောင့်မှန်းမသိရဘဲ မကြာသေးမီရက်ပိုင်းအတွင်း လွန်ကဲစွာကြီးထွားလာခဲ့သည်။
ထိုအဖြစ်အပျက်ကြောင့် ဤဒေသတွင် ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူအများသည်လည်း ထိတ်လန့်တုန်လှုပ်သွားခဲ့ကြ၏။
ထိုဒေသကို ချက်ချင်းအဝင်အထွက်ပိတ်လိုက်ကြပြီး ယခုလက်ရှိအချိန်တွင် မည်သူမှဖြတ်သန်းသွားလာ၍မရပေ။
” ဒါဆို အဲ့တာတကယ်ပေါ့။ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းက လူတစ်ယောက်က ပုံတစ်ပုံတင်ခဲ့တယ်။ ဒါပေမယ့် ဘာလို့မှန်းမသိ ပြန်ဖျက်သွားတယ်။ အဲ့တာဆို ဒီအပင်က တကယ်ရှိတာပေါ့ ” ခရီးသည်တစ်ဦးက အံ့သြတကြီးပြောသည်။
ဤကဲ့သို့ ကိုးရို့ကားရားနိုင်သောပြောင်းလဲမှုမျိုးသည် အမှန်တကယ်ပင် စိတ်ရှုပ်ထွေးစရာကောင်းသည်။
နှစ်ပေါင်းရာချီသက်တမ်းရှိသော ရှေးဟောင်းသစ်ပင်တစ်ပင်ဆိုစေဦးတော့ ရက်အနည်းငယ်အတွင်း ယခုလိုလွန်လွန်ကဲကဲကြီးထွားလာနိုင်စရာ အကြောင်းမရှိ။
စိတ်ကူး၍ပင်မရနိုင်လောက်သောကိစ္စမျိုးဖြစ်သည်။
တစ်နာရီနီးပါးကြာသွားသော်လည်း ရထားသည် ထိုဘူတာ၌ရပ်နေဆဲပင်။
ရထားထွက်ရန်နှောင့်နှေးနေမှုသည် ရှေ့တွင်ဖြစ်နေသော အရေးပေါ်အခြေအနေတစ်ခုကြောင့်ဖြစ်ပြီး မကြာခင် ခရီးဆက်ထွက်မည်ဖြစ်ကြောင်း တွဲစောင့်များက ရှင်းပြကြသည်။
ခရီးသည်များသည် စိတ်မလှုပ်ရှားဘဲမနေနိုင်ကြ။ သူတို့သည် ရှေးကျသောကမ္ဘာဦးသစ်ပင်အကြောင်း၊ လေထဲတွင် မျောလွင့်နေသောအပင်များအကြောင်း၊ ထိုအကြောင်းအရာ ၂ ခု၏ဆက်နွယ်မှုအကြောင်း များကို ဆွေးနွေးနေကြလေသည်။
နောက်ပိုင်းတွင် အချို့သူများသည် ဆက်စောင့်မနေနိုင်တော့သဖြင့် လမ်းလျှောက်ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
ကျိုးချွမ်သည်လည်း အောက်သို့ဆင်းသွားခဲ့သည်။ သို့သော် မကြာခင် ထူးဆန်းသောအမူအရာဖြင့် ပြန်ရောက်လာခဲ့ပြီး ” ငါ တူးယူလာတဲ့အပင်ကို ကြည့်ကြည့်လိုက် ” ဟု ပြောလေ၏။
သူသည် ရွှံ့များပေကျံနေသောလက်နှင့် အပင်တစ်ပင်ကို ကိုင်ထားသည်။ ထိုအပင်၏အသွင်အပြင်က ပေါင်းပင်နှင့်တူနေသော်လည်း ပေါင်းပင်မဟုတ်ကြောင်း သိသာလှသည်။ ၎င်းသည် စိမ်းလန်းစိုပြေနေပြီး အလွန်ယိမ်းနွဲ့လှုပ်ရှားနေသည်။ ၎င်း၏ထိပ်ရှိလက်သီးဆုပ်အရွယ်အနီရောင်အသီးမှ သိသာထင်ရှားသော မွှေးရနံ့တစ်မျိုးကို ထုတ်ပေးနေသည်။
” ဒါ ကြီးကျယ်တဲ့ရှာဖွေတွေ့ရှိမှုပဲ။ လမ်းဘေးကမြက်ပင်တစ်ပင်မှာ ဒီလိုအရောင်စုံပြီး မွှေးရနံ့ပါတဲ့အသီးတစ်လုံးသီးနေတယ် ” ကျိုးချွမ်၏အသံက စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည်။
ချူဖုန်းသည် ကျောရိုးတစ်လျှောက်စိမ့်အေးသွားသကဲ့သို့ ခံစားလိုက်ရသည်။ ဤကမ္ဘာတွင် မည့်သည့်ဖြစ်ရပ်များ ဖြစ်နေသနည်း။ ကြီးမားပြင်းထန်သော အန္တရာယ်တစ်ခု ကျရောက်အံ့ဆဲဆဲဖြစ်နေပေပြီ။
အပိုင်း ၇ ပြီး၏။