Switch Mode

Chapter – 6

ကျောက်သေတ္တာ

Chapter – 6 ကျောက်သေတ္တာ

ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် ည၏တိတ်ဆိတ်မှုသည် ပျက်စီးသွားသည်။ ချူဖုန်း၏လက်သည်လည်း ထိုနေရာတွင်ပင် တောင့်တင်းအေးခဲသွားလေသည်။

ဤကုဗပုံကျောက်တုံးမှ ထိုကဲ့သို့သောအသံမျိုး မည်သို့ထွက်လာသနည်း။
အဖြေသည် ကျောက်တုံးပေါ်ရှိ အက်ကွဲကြောင်းတစ်ခုအတွင်းမှ ထွက်ပေါ်လာသည်။
ကြိုမသိနိုင်သောအရာများဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ချူဖုန်းသည် ထိုကျောက်တုံးကို အောက်သို့ချထားလိုက်ပြီး တခဏမျှစူးစမ်းလေ့လာကြည့်နေခဲ့သည်။

သူသည် ယနေ့တစ်နေကုန်ကြုံခဲ့ရသော ထူးခြားဆန်းကြယ်သည့်အရာများကြောင့် အလွန်သတိရှိနေပြီးဖြစ်သည်။
” ကျောက်သေတ္တာတစ်ခုလား ” ချူဖုန်း အံ့အားသင့်သွား၏။
အက်ကွဲကြောင်းသည် ကျောက်တုံးပတ်လည်ရှိပုံရိပ်များအတွင်း၌ မြုပ်နေပြီး ၎င်းကိုအနည်းငယ်ဆွဲဖွင့်လိုက်သောအခါမှသာ မြင်နိုင်လေသည်။

ကျောက်တုံးပေါ်မှ ပုံရိပ်များကြောင့် ဤကျောက်တုံးနှင့်ပတ်သက်ပြီး မည်သည့်ထူးခြားမှုတစ်စုံတစ်ရာကိုမှ မတွေ့ရဘဲ အက်ကွဲ​ရာမရှိသည့် စင်းလုံးချောကိုယ်ထည်တစ်ခုအဖြစ် ထင်မြင်ရခြင်းဖြစ်သည်။

၎င်းသည် ကုဗပုံကျောက်သေတ္တာတစ်လုံးဖြစ်နေမည်ဟု မည်သူကထင်အံ့နည်း။ ၎င်းသည် ရိုးရှင်းပြီးမည်သည့်အဆင်တန်ဆာမှမပါသော ၃ လက်မ အရွယ် ကျောက်တုံးတစ်တုံးသာဖြစ်သည်။

ချူဖုန်းသည် ယခု မျှော်လင့်မှုအပြည့်ဖြင့် စောင့်စားနေလေသည်။ ခွန်းလွန်တောင်ခြေမှကောက်ယူလာခဲ့သော လျှို့ဝှက်ဆန်းကြယ်သည့် ဤကျောက်တုံးသည် အပေါ်ယံမြင်ရသကဲ့သို့ သာမန်ကျောက်တုံးမျိုးမဖြစ်နိုင်ချေ။
ချူဖုန်းသည် သူ့ရှေ့တွင် ကြေးဇလုံတစ်လုံးကို အကာအကွယ်အနေဖြင့်ထားလိုက်ပြီး ကျောက်သေတ္တာကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။

” ကျွီ ”
အန္တရာယ်တစ်စုံတစ်ရာပေါ်မလာဘဲ ကျောက်သေတ္တာ၏အဖုံးသည် လွယ်လွယ်ကူကူပင် ပွင့်သွားလေ၏။
ထိုအခါမှသာ ချူဖုန်းလည်း စိတ်သက်သာရာရသွားပြီး ကျောက်သတ္တာ၏အတွင်းပိုင်းကို ဆက်လက်ကြည့်ရှုလိုက်သည်။

ချူဖုန်းသည် စိတ်ထက်သန်စွာမျှော်လင့်လျက်ရှိသည်။ ကျောက်သေတ္တာအတွင်း၌ မည်သို့သောပစ္စည်းမျိုး ရှိနေမည်နည်း။
ကျောက်သေတ္တာအတွင်းရှိနေရာသည် အတော်ကျဥ်းမြောင်းပြီး အပေါ်ယံအချိုင့်မျှသာ ဖြစ်သောကြောင့် မည်သည့်ပစ္စည်းမှ ထည့်၍မရနိုင်လုနီးပါးပင်။ ထို့ကြောင့် ၎င်းအတွက်၌ အရောင်လက်နေသောပုလဲလုံးများ၊ အရည်အသွင်းကောင်းသောကျောက်စိမ်းတုံးများ လည်း မရှိကြောင်း သိသာလှသည်။

သို့သော် ထိုကျောက်သေတ္တာအတွင်း၌ ပစ္စည်းများရှိနေသည်။
ကျောက်သေတ္တာအတွင်းတွင် ခြောက်သွေ့ပြီးရှုံ့တွနေသည့် အစေ့ ၃ စေ့ ကသာ နေရာအပြည့်ယူထားသောကြောင့် အခြားအရာများမရှိပေ။
ချူဖုန်းသည် အတော်လေးစိတ်အလိုမကျဖြစ်သွား၏။ သူသည် ဤကျောက်သေတ္တာကို ခွန်းလွန်တောင်ခြေမှ ကောက်ယူလာခဲ့ခြင်းဖြစ်၍ ကျောက်သေတ္တာအတွင်း၌ လျှို့ဝှက်ရတနာအချို့ကို ရှာတွေ့ရန် မျှော်လင့်နေခဲ့သည်။ သို့သော် လက်တွေ့တွင်မူ သူမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာချေ။

ထိုအစေ့ ၃ စေ့အနက် အစေ့တစ်စေ့သည် ပြောင်လက်တောက်ပသောအနက်ရောင်ရှိပြီး ခြောက်သွေ့ရှုံ့တွနေသဖြင့် ရှည်မျောမျောဖြစ်နေသည်။ ၎င်းသည်မူလအသွင်သဏ္ဍာန်ပင်လျှင် မရှိတော့ဘဲ အသက်မဲ့နေသယောင်ယောင်။

အခြားအစေ့တစ်စေ့သည် ​ကြိတ်ခြေခံထားရသကဲ့သို့ ပြားကပ်နေသော လက်သည်းခွံအရွယ် အညိုရင့်ရောင်အစေ့တစ်စေ့ဖြစ်သည်။
မျက်နှာပြင်တစ်ဝိုက်တွင် တွန့်ရာရှုံ့ရာများရှိနေသော်လည်း နောက်ဆုံးကျန်နေသော အစေ့သည်သာလျှင် အတော်လေးသာမန်အစေ့နှင့် တူပြီး ပြည့်ပြည့်ဖောင်းဖောင်းရှိလေသည်။ အနည်းဆုံးတော့ ၎င်းသည် မရှုံ့တွသေးဘဲ အတန်ငယ်ခြောက်သွေ့ပြီး အဝါရောင်သမ်းနေရုံသာဖြစ်၏။

ချူဖုန်း အံ့အားသင့်သွားသည်။ ဤအစေ့များသည် မည်သို့သောအစေ့အမျိုးအစားများဖြစ်ကြသနည်း။ ၎င်းတို့အနက် အစေ့ ၂ စေ့သည် အစေ့ပုံစံပင်မပေါ်တော့လောက်အောက် ခြောက်သွေ့နေခဲ့ပြီးဖြစ်သည်။ ဤသည်မှာ သူစိတ်ကူးထားသည်နှင့် လုံးဝတခြားစီပင်။

သူသည် ခွန်းလွန်တောင်ခြေမှကောက်လာခဲ့သော ဤလျှို့ဝှက်ဆန်းကြယ်ကျောက်သေတ္တာအတွင်းမှ ကောင်းမွန်သောတစ်စုံတစ်ခုကို မျှော်လင့်ထားခဲ့သည်။ သို့သော် ရလဒ်ကမူ သာမန်ဆန်လွန်းလှသည်။

ချူဖုန်းသည် ထိုအစေ့ ၃ စေ့ကို လက်ဖဝါးပေါ်သို့တင်ပြီး အနီးကပ်လေ့လာကြည့်သော်လည်း မည်သည့်ထူးခြားမှုတစ်စုံတစ်ရာမှ မတွေ့ရချေ။

ဤအရာသည် မြေအောက်၌ အချိန်မည်မျှကြာကြာ မြှုပ်နှံခံခဲ့ရသနည်း။ အတိအကျပြောဆိုရန်ခက်ခဲသော်လည်း ကျောက်သေတ္တာကိုကြည့်ခြင်းဖြင့် ၎င်းသည်အလွန်ရှေးကျသောပစ္စည်းဖြစ်ကြောင်း ထင်ရှားသည်။ သေတ္တာပေါ်မှ ပုံရိပ်များသည်ပင်လျှင် အတော်ဖျော့တော့နေလေပြီ။

၎င်းသည် အလွန်ရှေးကျသောခေတ်မှ ပစ္စည်းတစ်ခုပေလော။
အကယ်၍ ဤအစေ့ ၃ စေ့ သည် အမှန်တကယ်ပင် ရှေးဟောင်းခေတ်မှဖြစ်ပြီး ယနေ့ထိတိုင် မပျက်စီးသေးခြင်းဆိုပါက ၎င်းတို့သည် အလွန်ထူးခြားသွားပေလိမ့်မည်။
မြေအောက်တွင်​မြှုပ်နှံထားသော အချို့ရှေးဟောင်းပစ္စည်းများသည် နေအလင်းရောင်နှင့် ထိတွေ့မိလျှင် ချက်ချင်းပျက်စီးသွားနိုင်သည်။

ချူဖုန်းသည် ထိုအစေ့များကို အကြိမ်ကြိမ်အဖန်ဖန် လေ့လာကြည့်သော်လည်း မည်သည့်အမျိုးအစားများဖြစ်​ကြကြောင်း မသိနိုင်ဘဲ​ဖြစ်နေသည်။ သူသည် ထိုအစေ့များကို ယခင်ကတစ်ခါမှမမြင်ဖူးသောကြောင့် ၎င်းတို့၏မူရင်းအပင်ကိုလည်း မခန့်မှန်းနိုင်ခြင်းဖြစ်သည်။

သူ စိတ်အားထက်သန်စွာ မျှော်လင့်နေခဲ့သော ရတနာပစ္စည်းများအစား ရှုံ့တွနေသည့်အစေ့ ၃ စေ့ကိုသာ စိုက်ကြည့်နေရကြောင်း သတိထားမိသွားသောအခါ ချူဖုန်း မှင်သက်သွားသည်။
” ငါ ဒါကိုစိုက်ဖို့ အခွင့်အရေးရှာပြီးတော့ ဘယ်လိုအပင်မျိုးပေါက်လာမလဲဆိုတာ ကြည့်ရမယ် ”

သို့သော် သက်တမ်းအလွန်ရင့်နေပြီဖြစ်သော ထိုအစေ့များသည် အညှောင့်ပေါက်နိုင်ပါဦးမည်လော ဟု ချူဖုန်းစိုးရိမ်နေသည်။ အစေ့ ၂ စေ့ ဆိုလျှင် လုံးဝခြောက်သွေ့ရှုံ့တွနေပြီး ဖြစ်၏။

” ဒီအစေ့ကနေ အဆိပ်မြက်ပင်ပေါက်မလာသေးသရွေ့ ဝမ်းသာမှာပါ။ တကယ်လို့ ဒီအစေ့တွေကသာ တကယ် အပင်ပေါက်လာမယ်ဆိုရင် ပဲပင်ပဲပေါက်လာပေါက်လာ ဟင်းသီးဟင်းရွက်ပင်ပဲပေါက်လာပေါက်လာ အတော်လေးရှေးကျတဲ့အပင်မျိုးစိတ်ဖြစ်လိမ့်မယ် ”

ချူဖုန်းသည် ထိုသို့စဥ်းစားမိပြီး ပြုံးလိုက်သည်။
တိဗက်ကုန်းပြင်မြင့်ဒေသ၏ ကြယ်ရောင်စုံများနှင့်လှပနေသော ကောင်းကင်ပြင်သည် ကမ္ဘာမြေကြီး၏မျက်နှာပြင်နှင့်ပင် အတော်နီးကပ်နေသည်။ ကြယ်များက အရောင်တလက်လက်နှင့် မှိတ်တုတ်မှိတ်တုတ်တောက်ပနေပြီး လရောင်သည်လည်း ခြောက်သွေ့ကာ​ကျယ်ပြန့်သော ကုန်းမြေပေါ်သို့ ရွာကျနေသည့်မိုးရေနှယ် သန့်စင်ကြည်လင်စွာဖြာကျနေလေသည်။
ညသည် တိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။
ချူဖုန်းသည် ရံဖန်ရံခါ၌ ခွန်းလွန်တောင်ရှိရာအရပ်ဆီမှ သားရဲတို့၏ဟိန်းဟောက်သံများကို ကြားနေရသည်။ တောင်စဥ်တန်းတစ်လျှောက် ပဲ့တင်ထပ်လာသော အသံများက သူ့ကိုအတွေးရေယဥ်ကြောမှ နိုးထစေခဲ့သည်။

သူတည်းခိုနေသောနေရာသည် တောင်နှင့်အတော်ကွာဝေးသော်လည်း တောရိုင်းသားရဲတို့၏ဟိန်းဟောက်သံများကိုမူ မပီမပြင်ကြားနေရသေးသည်။ အံ့အားသင့်ဖွယ်ပင်။
ခွန်းလွန်တောင်တွင် တစ်စုံတစ်ရာဖြစ်ပွားနေကြောင်း သိသာနေသော်လည်း ထိုဟိန်းဟောက်သံများသည် အစောင့်အရှောက်ခွေး သို့မဟုတ် နွားသိုးကြီး၏ ဟိန်းဟောက်သံများမဟုတ်ပေ။ အခြားသားရဲများလည်း တိုက်ခိုက်ပွဲ၌ ပါဝင်လာပုံရသည်။

ခွန်းလွန်တောင်စဥ်တန်းသည်လည်း ယမ်းခါနေပုံပေါ်သည်။
ထိုနယ်မြေတစ်ဝိုက်လုံးတွင် တုန်ခါမှုများပို၍ပြင်းထန်လာပြီး
ချူဖုန်းရှိနေသောနေရာတွင်ပင်လျှင် တုန်ခါသံများထွက်ပေါ်လာလေသည်။
သိုးထိန်းအချို့သည် ထိတ်လန့်တကြားနိုးလာကြပြီး ရိုသေကိုင်းရှိုင်းစွာ ဝတ်ပြုဆုတောင်းနေကြလေသည်။ ထိုသူတို့သည် တောင်ရှိရာဘက်သို့မျက်နှာမူကာ ဒူးထောက်ထိုင်ပြီး အမျိုးအမည်မသိဆုတောင်းစာများကို သံပြိုင်ရွတ်ဆိုနေကြသည်။

ချူဖုန်းသည်လည်း တဲအတွင်းမှထွက်လာခဲ့ပြီး သိုးထိန်းတစ်ဦးပြောသောစကားကို ကြားလိုက်ရသည်။
” သက်ရှိထင်ရှားမြတ်စွာဘုရားဟာ တောင်ပေါ်မှာ တကယ်ပဲနိုးထလာပြီ ”
တောင်ပေါ်မှသားရဲများ၏ဟိန်းဟောက်သံနှင့် ရှေးကဘုန်းတော်ကြီးတစ်ပါးသည် မည်သို့ဆက်စပ်နေကြောင်း ချူဖုန်း နားမလည်နိုင်ဖြစ်နေသည်။

” မင်းနားမလည်ပါဘူး။ ဒါက တိဗက်ဒဏ္ဍာရီတစ်ခုပဲ။ မင်း မနက်ဖြန်ကျရင် စောနိုင်သမျှစောစောထွက်သွားဖို့ အကြံပေးချင်တယ် ” ဟု သိုးထိန်းအဘိုးအိုက ပြော၏။

” တောင်ပေါ်မှာ မကောင်းဆိုးရွားတွေ ပေါ်လာတော့မှာလား ” သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးက မေးလိုက်သည်။
ရိုးရာပုံပြင်များက အထွတ်အမြတ်တောင်၏ အတွင်းဘက်၌ အိပ်မောကျနေသော ရှေးကျသည့်သားရဲအချို့ရှိသည် ဟု ဆိုကြသည်။ ၎င်းသားရဲအချို့သည် နတ်ဘုရားများနှင့် ယှဥ်နိုင်စွမ်းရှိပြီး အကန့်အသတ်မဲ့စွမ်းအားများ ပိုင်ဆိုင်ထားကြကာ နတ်ဆိုးများကိုသိမ်းသွင်းနိုင်ခြင်း သို့မဟုတ် ဘေးအန္တရာယ်များကိုဖန်တီးနိုင်ခြင်း စသော အစွမ်းများလည်း ရှိကြသည်။

ချူဖုန်းသည် ထိုစကားကို ကြားပြီးနောက် ခေတ္တခဏမျှစဥ်းစားနေသည်။ သူသည် သိုးထိန်းပြောသမျှအားလုံးကို မယုံကြည်သော်လည်း ထိုစကားများသည် လုံးဝမဖြစ်နိုင်သည်မဟုတ်ကြောင်း ခံစားမိသည်။
သူကိုယ်တိုင်ပင်လျှင် ခွန်းလွန်တောင်ပေါ်၌ထူးဆန်းသောကိစ္စရပ်များနှင့် ရင်ဆိုင်ခဲ့ရပြီး ထူးခြားသောသားရဲအချို့နှင့်လည်း ကြုံတွေ့ခဲ့ရသည်။

သာဓကတစ်ခုအနေဖြင့် အတောင်ဖြန့်လိုက်လျှင် အလျား ၅ မီတာကျော်ရှိသော ရွှေရောင်ငှက်ကြီးကို ရှေးခတ်ကဆိုလျှင် ဒဏ္ဍာရီလာဧရာမရွှေရောင်ငှက်ကြီးအဖြစ် ယူဆကြလိမ့်မည်ဖြစ်သည်။

၃ မီတာကျော်အလျားရှိသော အနက်ရောင်တိဗက်နွားသိုးကြီး၏ အဆုံးအစမဲ့ခွန်အားကို သစ်နက်များနှင့်ဝံပုလွေများကပင်လျှင် ကြောက်ရွံ့ကြရသည်။ ၎င်း၏ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းက ကြေးဝါတောင်ကို အနည်းငယ်တုန်ခါစေသည်။ ရှေးခေတ်ကဆိုလျှင် ၎င်းကို နတ်ဆိုးနွားသိုးကြီးတစ်ကောင်အဖြစ် ယုံကြည်ကိုးကွယ်ကြပေလိမ့်မည်။
ရှေးဟောင်းရိုးရာပုံပြင်အများစုကို ချဲ့ကားပြောဆိုကြရင်း ဒဏ္ဍာရီများနှင့် စိတ်ကူးယဥ်ပုံပြင်များ ဖြစ်လာကြခြင်းပင်။ အထူးသဖြင့် အကြောင်းအရာများကို ချဲ့ထွင်ဖော်ပြထားသော ရှေးမှတ်တမ်းအများစုကြောင့် ထိုသို့ဖြစ်ရခြင်းဖြစ်၏။

နောက်ဆုံးတွင် အဝေးရှိတောင်တန်းများဆီမှ သားရဲတို့၏ ဟိန်းဟောက်သံများတိုးတိတ်သွားသောကြောင့် ကျယ်ပြောလှသည့်ကုန်းပြင်မြင့်သည်လည်း ညလယ်ပိုင်းမှစပြီး ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
ကြယ်ရောင်စုံထွန်းလင်းတောက်ပနေသော ကောင်းကင်ပြင်နှင့် ထိစပ်နေသယောင်ထင်ရသည့် တိတ်ဆိတ်ပြီးမြူနှင်းများဝေနေသော ကုန်းမြေပေါ်သို့ ကြည်လင်သန့်စင်သောလရောင်က ဖြာကျနေ၏။

သိုးထိန်းများသည်လည်း ယခုမှပင် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်ကြသည်။
ချူဖုန်းသည်လည်း သူ၏တဲသို့ပြန်သွားပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျသွားလေသည်။
သူသည် နောက်တစ်နေ့တွင် နံနက်စောစောနိုးလာပြီး အိမ်သို့ပြန်ရန် ရထားစီးရမည့် အနောက်ဘက်အရပ်ရှိမြို့ကြီးတစ်မြို့ဆီသို့ ခရီးဆက်ထွက်ခဲ့သည်။

ပြန်လည်တည်ဆောက်မှုများကို ကျယ်ပြန့်စွာ ပြုလုပ်ပြီးသည့်တိုင်အောင် ယဥ်ကျေးမှုလွန်ခေတ်တွင် ခေတ်ဟောင်းကာလ၏ အရှိန်အဝါများမရှိတော့သော်လည်း ခေတ်ဟောင်းကာလနှင့် အကြီးအကျယ်ကွာခြားနေမှုလည်းမရှိပေ။ အမျိုးမျိုးသောပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းများကြောင့် အတော်လေးအဆင်ပြေချောမွေ့သည်ဟူ၍ပင် ယူဆနိုင်သည်။
ချူဖုန်းသည် တောထဲသို့ရောက်နေစဥ်အတောအတွင်း အပြင်လောကနှင့် အဆက်အသွယ်ပြတ်နေခဲ့သည်။ ထို့ကြောင့် သူ မြို့သို့ပြန်ရောက်လာသောအခါတွင် မတူညီကွဲပြားသောကမ္ဘာတစ်ခုသို့ ရောက်ရှိလာသယောင် ခံစားနေရခြင်းဖြစ်၏။

သူသည် ကုန်းပြင်မြင့်များ၊ ကန္တာရများ နှင့် တောင်တန်းများသို့ ခရီးထွက်စဥ်အတွင်း ဖုန်းပိတ်ထားခဲ့သဖြင့် ၎င်းကို ပြန်ဖွင့်လိုက်သောအခါ မက်ဆေ့များ ဆက်တိုက်ရောက်လာလေသည်။

သူ့မိဘများက သူ့ကို လမ်းခရီးတွင် ဂရုစိုက်ရန်နှင့် ဘေးကင်းလုံခြုံရေးကိုဦးစားပေးရန် သတိပေးထားသည်။ အတန်းဖော်အချို့က သူပြန်လာမည့်အချိန်ကိုမေးထားပြီး အချို့ဆိုလျှင် သူ့ထံမှပြန်စာကို စောင့်မျှော်နေဆဲဖြစ်သည်။
ချူဖုန်းသည် ရထားစိုက်ရောက်ချိန်အထိ သူတို့ကို တစ်ယောက်ချင်းစာပြန်နေခဲ့သည်။
သူ့တွင် သူဝယ်ယူထားသော အဆာပြေစားစရာများမှ လွဲ၍ အထုပ်အပိုးအနည်းငယ်သာ ပါသည်။ ပစ္စည်းအများစုကို လမ်းတစ်လျှောက်တွင် နေရာချထားခဲ့ပြီးဖြစ်၏။
ချူဖုန်းသည် သူ၏ထိုင်ခုံနေရာကို ရှာတွေ့သွားပြီး ဖုန်းထဲမှ လတ်တလောသတင်းများကို မဖတ်မီ ပစ္စည်းများကိုလုံခြုံစွာနေရာချထားလိုက်သည်။ သူသည် သတင်းများကိုဖတ်ရင်း မြင်တွေ့လိုက်ရသောတစ်စုံတစ်ရာကြောင့် တခဏမျှကြက်သေသေသွားလေသည်။

နိုင်ငံတဝှမ်းမှ ဒေသများသာမက အခြားနိုင်ငံများမှ ဒေသများတွင်ပင်လျှင် မြူခိုးမြူငွေ့များ ထူထဲစွာရစ်ဆိုင်းမှုကို ကြုံတွေ့နေကြရသည်။ အချို့ဒေသများရှိမြူခိုးများသည် အပြာရောင်ဖြစ်ပြီး အချို့က အနီရောင် အချို့က ခရမ်းရောင်ဖြစ်ကြသည်။

အချို့က ထိုမြူခိုးမြူငွေ့များသည် စစ်ပွဲကြီး၏ အကြွင်းအကျန်ရောင်ခြည်တန်းများကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟုဆိုကြသည်။
သို့သော် ကျွမ်းကျင်ပညာရှင်များက ၎င်းတို့သည် သဘာဝအလျောက်ဖြစ်လာသော မြူခိုးများဖြစ်ပြီး မည်သည့်ဆိုးကျိုးကိုမှဖြစ်စေမည်မဟုတ်သောကြောင့် စိုးရိမ်ရန်မလိုကြောင်းထုတ်ပြန်ကြေညာခဲ့ကာ ကောလာဟလများကို ပယ်ဖျက်ပေးခဲ့သည်။
သို့သော် ပြည်သူလူထုကမူ ၎င်းဖြစ်ရပ်သည် သမိုင်းတွင်မှတ်တမ်းတင်ထားသော ဖြစ်ရပ်များနှင့် ဆင်တူသည့် ပြင်းထန်သော ရုတ်တရက်ပြောင်းလဲမှုတစ်မျိုးဖြစ်လိမ့်မည်ဟု ယူဆနေကြဆဲဖြစ်သည်။

ယဥ်ကျေးမှုလွန်ခေတ်တွင် ထိုသို့သောအဖြစ်အပျက်မျိုးဖြစ်ပွားသည်မှာ ပထမဆုံးအကြိမ်မဟုတ်သောကြောင့် မည်သူတစ်ဦးတစ်ယောက်ကမှ ပြန်လည်ဖြေရှင်းရန် အားမထုတ်ကြပေ။ ဤသို့သောဖြစ်ရပ်မျိုးသည် အမြဲတစေလျှို့ဝှက်ဆန်းကြယ်စွာ အဆုံးသတ်သွားသည်ချည်းသာဖြစ်၏။

” ဒါကဘာလဲ။ လေထဲမှာအပင်တွေပေါ်လာတယ်ဆိုပါလား။ တော်တော်လေးတော့ထူးဆန်းနေပြီ ”
ရထားထွက်ချိန်တွင် ခပ်ဝဝလူတစ်ယောက်သည် ချူဖုန်းအနားသို့ချဥ်းကပ်လာပြီး ထိုင်လိုက်သည်။ သူသည် ချူဖုန်းနှင့်သက်တူရွယ်တူဖြစ်ဟန်ပေါ်သည်။ ခန္ဓာကိုယ်သည် သာမန်အနေအထားဖြစ်သော်လည်း ဗိုက်ပူနေသောကြောင့် လူကောင်သေးသည်ဟု ပြောမရပေ။ သူ၏ မျက်နှာသည်ခပ်ဝိုင်းဝိုင်းဖြစ်ပြီး နားရွက်ကြီးကြီး မျက်လုံးကြီးကြီးများရှိကာ ပြုံးလိုက်လျှင် မျက်လုံးများက မျဥ်းတစ်ကြောင်းတည်းဖြစ်သွားသယောင်ထင်ရသည်။

ထိုသူသည် အကောင်းမြင်တတ်ပုံရပြီး မည်သည့်စကားမှပြောမနေသည့်တိုင်အောင် ဖော်ရွေရင်းနှီးတတ်သော ဟန်ပန်အမူအရာပေါ်နေသည်။ သူ၏ပြုံးတုံးတုံးအမူအရာကလည်း ခင်မင်ဖော်ရွေတတ်ကြောင်းကို သက်သေပြနေသယောင်ယောင်။

ချူဖုန်းသည် ပြုံးပြရင်း စကားစရန်ဟန်ပြင်လိုက်သည်။ ထိုသူကလည်း မနှစ်သက်ဟန်မပြချေ။
” ရောင်းရင်းက ဘယ်သွားမှာလဲ ” ခပ်ဝဝလူက ပုံမှန်အတိုင်း ရင်းရင်းနှီးနှီးမိတ်ဆက်လိုက်၏။
” တိုင်ဟန်း ​တောင်ခြေကို သွားမလို့ပါ ” ချူဖုန်းက ပြုံးရင်းဖြေလိုက်သည်။

” ကျွန်တော်တို့က တစ်မြို့တည်းသားတွေမဟုတ်ဘူးထင်တယ်နော်။ ရောင်းရင်းက ဘယ်မြို့ကများလဲ ” ထိုသူက ရယ်မောရင်း မေးသည်။

သူတို့နှစ်ဦးသည် သွားမည့်နေရာတူကြောင်း သိသွားကြပြီးနောက် ပို၍ရင်းနှီးလာကြသည်။
ထိုသူ၏ နာမည်မှာ ကျိုးချွမ်ဟုခေါ်သည်။ သူသည် တရုတ်ပြည်အနောက်ပိုင်းတွင် စာသင်ကြားခဲ့ပြီး ထိုစဥ်က အမှတ်တရများကို သတိရ၍ အလည်အပတ်သွားခြင်းဖြစ်သည်။
ချူဖုန်းသည် ကျိုးချွမ်ပြောနေသော ထူးဆန်းသည့်သတင်းကို စိတ်ပါဝင်စားစွာနားထောင်နေသည်။ ထိုသတင်းသည် မကြာမီရက်များအတွင်း ခနခနကြားနေရသော ထူးဆန်းသောအပင်အချို့ ကောင်းကင်ယံ၌ မည်သို့မည်ပုံလွင့်မျောနေသည် ဟူသော သတင်းပင်ဖြစ်၏။
ဖက်တီးကျိုးက ” အဲ့ဒီအပင်တွေ ဘယ်လိုနည်းနဲ့ လေထဲမှာလွင့်မျောနေသလဲဆိုတာ ကျွန်တော်တော့ နားမလည်ပါဘူးဗျာ ” ဟူ၍ ငြီးတွားပြောဆိုနေသည်။

ချူဖုန်းသည်လည်း သတင်းများကိုတွေ့ပြီးနောက် အတော်လေးခေါင်းစားနေလေသည်။
” ကြီးကြီးမားမားတစ်ခုခု ဖြစ်လာတော့မှာများလား ” ကျိုးချွမ်က လေသံတိုးတိုးနှင့်ပြောသည်။

” ကျွန်တော်ကတော့ အရာအားလုံး အေးအေးချမ်းချမ်းရှိဖို့ပဲ မျှော်လင့်ပါတယ်။ ဒီကမ္ဘာကြီးက တဖြည်းဖြည်းနဲ့ ပိုပိုပြီးနားလည်ရခက်လာတယ် ” ဟု ဘေးနားမှ လူတစ်ယောက်က မှတ်ချက်ပြုသည်။

” ဟုတ်တယ် အေးချမ်းမှုက အကောင်းဆုံးပဲ။ အဲ့ဒီဖြစ်ရပ်တွေက ကျွန်တော့်ကို စိတ်ပူပန်စေတယ် ”

လူများစွာက ထောက်ခံဆွေးနွေးကြလေသည်။
” ကျွန်တော်တော့ မကြာခင် တစ်ခုခုဖြစ်လာတော့မယ်လို့ ခန့်မှန်းမိတယ်။ အရင်နှစ်တွေတုန်းကလည်း ရှင်းပြရခက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ကိစ္စတွေအများကြီး ဖြစ်နေခဲ့တာပဲ။ ကောလာဟလတွေက ပြန့်နေပြီ ”

တစ်စုံတစ်ယောက်က ခပ်တိုးတိုးပြောသည်။
လူတိုင်းက သူတို့၏ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောဆိုကြခြင်းဖြင့် ထိုနေရာသည် အတော်လေးသက်ဝင်လှုပ်ရှားလာလေ၏။
ခရီးထွက်ပြီး ၂ နာရီကြာပြီးနောက် ချူဖုန်းနှင့် ကျိုးချွမ်သည် အလွန်ရင်းနှီးလာကြပြီဖြစ်သည်။ သူတို့သည် တူညီသောဒေသတစ်ခုတည်းမှ လူများဖြစ်ကြပြီး ရင်းနှီးဖော်ရွေမှုကို မျှဝေကြသည်။

ကျိုးချွမ်က ” ငါ့အမျိုးတစ်ယောက်က ကမ္ဘာကြီးဟာ ကြီးမားတဲ့ပြောင်းလဲမှုတစ်ခုနဲ့ကြုံတွေ့ရတော့မယ်လို့ ပြောနေတဲ့ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ သိတယ် ” ဟု တီးတိုးပြောသည်။
” ဘယ်လိုပြောင်းလဲမှုမျိုးလဲ ” ချူဖုန်းက မေးလိုက်သည်။

” လျှို့ဝှက်ပြီးတော့ ထူးခြားဆန်းကြယ်တဲ့အဖြစ်အပျက်မျိုးတွေပေါ့ ” ကျိုးချွမ်၏အသံက အတော်တိုးသွားလေသည်။

ချူဖုန်းက ” မင်းက အဲ့တာနဲ့ပတ်သက်ပြီး လျှို့ဝှက်ချက်အများဆုံးလူတစ်ယောက်လို့ ငါ ခံစားရတယ် ” ဟု ရယ်မောရင်းပြောလိုက်၏။

” ငါက အမှန်အတိုင်းပြောနေတာ။ မယုံမရှိနဲ့။ ငါ့အမျိုးက အတော်လေးယုံကြည်စိတ်ချရတဲ့သူ ပြီးတော့ အဓိပ္ပာယ်မရှိတဲ့အရာတွေကို ပြောတတ်တဲ့လူမျိုးမဟုတ်ဘူး။ သူ့ပတ်ဝန်းကျင်က လူတွေက ငါတို့နဲ့ယှဥ်ရင် လုံးဝမတူကွဲပြားတဲ့အဆင့်တစ်ခုက လူတွေချည်းပဲ ” ကျိုးချွမ်က ချူဖုန်းကို ခပ်စိန်းစိန်းကြည့်ရင်းပြောသည်။

ချူဖုန်းက ပြုံးရင်းခေါင်းခါလိုက်သည်။
ကျိုးချွမ်၏ယုံကြည်ချက်သည် အနည်းငယ်လျော့သွားလေ၏။ ” တကယ်တော့ ငါလည်းသိပ်မယုံပါဘူး။ အဲ့ဒီထူးဆန်းတဲ့လူက အနောက်ပိုင်းရဲ့ဒဏ္ဍာရီလာဇာတ်ကောင်တွေက အပင်တွေဖြစ်ပြီးတော့ ငါတို့ရဲ့ဒဏ္ဍာရီနဲ့လည်း အတူတူပဲဆိုတဲ့ အဓိပ္ပာယ်မရှိတဲ့စကားမျိုးတွေလည်း ပြောဖူးတယ် ”

” ဖူး ”
သူတို့ဘေးတွင် ထိုင်နေသောသူသည် ရေသောက်နေချိန်တွင် ထိုစကားကိုကြားလိုက်ရခြင်းဖြစ်သည်။ သူသည် သူ့ပါးစပ်ထဲမှရေများအားလုံးကို ပန်းထုတ်လိုက်ပြီး မရပ်မနားရယ်နေလေတော့သည်။

” ဘာက အဲ့လောက်ရယ်ရလို့လဲ။ ငါ ဘာမှထပ်မပြောတော့ဘူး ” ကျိုးချွမ် အနည်းငယ်ရှက်သွားလေ၏။

အခန်း ( ၆ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset