Chapter – 5 ပန်းပွင့်ပြီ
တောင်ထိပ်တစ်ခွင်လုံးတွင် မည်သည့်အသံမှ မကြားရဘဲ ပကတိ တိတ်ဆိတ်ငြိမ်သက်နေလေသည်။
သက်ရှိ ၃ ေကာင်သည် ချူဖုန်းကို လုံးဝလျစ်လျူရှုထားကြ၏။
သူသည် တောင်ထိပ်မှဝေးရာတွင်ရှိနေသောကြောင့် ထိုသတ္တဝါများက သူ့ကိုအန္တရာယ်တစ်ခုအနေဖြင့် မယူဆခြင်းဖြစ်နိုင်ကြောင်း ချူဖုန်းခန့်မှန်းမိလိုက်သည်။ ချူဖုန်းသည် ၎င်းတို့ကိုမနှောင့်ယှက်သဖြင့် ၎င်းတို့ကလည်း ချူဖုန်းကို ဘေးမဲ့လွှတ်ထားကြဟန်တူသည်။
စင်စစ် ၎င်းတို့ ၃ ကောင်သည် အလွန်အသိဉာဏ်မြင့်မားလှသော ထူးခြားဆန်းကြယ်သည့် တိရစ္ဆာန်များသာ ဖြစ်ကြလေသည်။
” ငါ ဒီအခွင့်အရေးကိုအသုံးချပြီး ထွက်သွားရမယ် ”
ချူဖုန်းသည် တောင်အောက်သို့ဆင်းရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကြေးဝါတောင်ထိပ်၌အမြစ်တွယ်နေသည့် ပန်းအကြောင်းကို အလွန်စိတ်ဝင်စားနေပြီး ယခုထက်ပိုပြီးသိချင်သေးသော်လည်း အချိန်မရွေးအသက်ဆုံးရှုံးသွားနိုင်သဖြင့် ထိုနေရာတဝိုက်တွင်နေထိုင်ခြင်းက အလွန်အန္တရာယ်များကြောင်း သူသဘောပေါက်သည်။
တောင်ထိပ်ပေါ်မှပျံ့လွင့်လာသော မွှေးရနံ့က ပို၍စူးရှလာ၏။
အစောင့်အရှောက်ခွေးကြီးသည် လျှစ်စီးကဲ့သို့လျင်မြန်သောအရှိန်ဖြင့် လှုပ်ရှားလိုက်သည်။ ၎င်းသည် မညီမညာဖြစ်နေသောကျောက်တုံးကျောက်ဆောင်များကို ခြေလှမ်းအနည်းငယ်ခုန်လိုက်ရုံမျှဖြင့် ကျော်ဖြတ်သွားနိုင်ပြီး မတ်စောက်သောတောင်စောင်းတစ်လျှောက်ဖြတ်သန်း၍ တောင်ထိပ်ဆီသို့တဟုန်ထိုးပြေးသွားလေသည်။
အလျား ၃ မီတာရှိသောနွားသိုးကြီးသည် အနက်ရောင်တလက်လက်တောက်ပနေပြီး ၎င်း၏ကြီးမားလှသောဦးချိုများဖြင့် ရန်ပြုတော့မယောင်ရှိသည်။ ၎င်းသည်လည်း ရပ်နေရာမှလှုပ်ရှားလာပြီး တောင်ထိပ်ဆီသို့ ပုံမှန်ခြေလှမ်းများဖြင့် လျှောက်သွားသည်။
၎င်းသည် တောင်၏အခြားတစ်ဖက်ပေါ်ရှိ ကျောက်တုံးကျောက်ဆောင်များကို တည်တည်ငြိမ်ငြိမ်ဖြတ်သန်းပြီး မတ်စောက်သော ကြေးဝါတောင်ထိပ်ဆီသို့ တက်လှမ်းသွားလေသည်။
ရွှေရောင်တလက်လက်တောက်ပနေသော ကြောက်မက်ဖွယ်ငှက်ကြီး၏မျက်လုံးများသည် ရွှေရောင်အလင်းတန်းများဖြာထွက်နေသကဲ့သို့ဖြစ်နေသည်။ အခြားတိရစ္ဆာန်များအားလုံးက အပင်ငယ်ဆီီသို့ အာရုံစိုက်နေချိန်တွင် ၎င်းကတောင်ထိပ်နားသို့ တဖြည်းဖြည်းချဥ်းကပ်လာခဲ့သည်။
ချူဖုန်း ထွက်ခွာရန်ပြင်ဆင်နေချိန်တွင် လေထဲမှ မွှေးရနံ့က ပို၍ပို၍သင်းပျံ့ကြိုင်လှိုင်လာသည်။ ပန်းအဖူးလေးသည် ပွင့်လန်းလာပေတော့မည်။
” ဖောက် ”
ချူဖုန်းသည် ခပ်လှမ်းလှမ်းနေရာတွင် ရှိနေသော်လည်း ပန်းပွင့်လာသံကို ပီပီသသကြားလိုက်ရသည်။ အပင်ငယ်လေး၏ထိပ်မှ လက်သီးဆုပ်အရွယ်ပန်းပွင့်လေး၏ ပွင့်ချပ်တစ်ခုပွင့်လာသည်။
ပွင့်လန်းလာသောပန်းဆီမှ အသံများထွက်လာပေပြီ။
သင်းပျံ့မွှေးကြိုင်လှသောပန်းရနံ့က အနံ့အာရုံတွင်းသို့ ဝင်ရောက်လာပြီး တစ်စုံတစ်ဦးအား မူးယစ်စွဲလန်းအောင်ပြုစားနိုင်သော ပဉ္စလက်မှော်အစွမ်းကို ပိုင်ဆိုင်ထားသယောင်ပင် ထင်ရ၏။
ထိုအချိန်ခဏ၌ သက်ရှိ ၃ ကောင်သည် တောင်ထိပ်ဆီသို့ တဟုန်ထိုးပြေးသွားကြပြီး ပန်းရနံ့ကို ရှူရှိုက်နိုင်ရန် အလုအယက်ကြိုးစားကြတော့သည်။ ၎င်းတို့သည် အော်ရာကို အငမ်းမရလိုလားနေကြဟန်ပင်။
ချူဖုန်းသည် ထိုသတ္တဝါများ၏ ထူးဆန်းသောအပြုအမူကို မြင်လိုက်ရသောအခါ အကြီးအကျယ်အံ့အားသင့်သွားလေသည်။
သားရဲ ၃ ကောင်သည် ငြိမ်သက်နေကြပြီး တစ်ကောင်နှင့်တစ်ကောင်တိုက်ခိုက်လိုဟန်လည်း မရှိကြပေ။ ၎င်းတို့၏ တည်ငြိမ်သော မူလအနေအထားအတိုင်းပင် ပြန်ဖြစ်လာပေပြီ။
ငွေဖြူရောင်ပန်းလေးပွင့်လာသံက အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုပန်းပွင့်၏ ပတ်ပတ်လည်တွင် နှင်းမြူခိုးများလွှမ်းခြုံနေသော်လည်း အတွင်းဘက်မှ တလက်လက်တောက်ပနေသော အလင်းတန်းများကို ဖျတ်ခနဲ ဖျတ်ခနဲ မြင်နေရသည်။ ပန်း၏မွှေးရနံ့သည် မူလကထက် ၁၀ ဆ မျှ ပိုမိုသင်းပျံ့လာသည်။
ချူဖုန်းသည် သူမြင်တွေ့နေသောအရာများကို အလွန်အံ့သြနေသည်။ ဤပန်းသည် မည်သို့သောအမျိုးအစားမျိုးနည်း။ ပန်း၏မွှေးရနံ့က အမှန်တကယ်ပင်ဆွဲငင်ညှို့ယူနိုင်လွန်းသည်။ ချူဖုန်းသည်ပင်လျှင် မထွက်သွားတော့ဘဲ တောင်ထိပ်ဆီသို့ အပြေးတက်သွားလေ၏။
နှင်းမြူများရစ်ဆိုင်းနေသော တောင်ထိပ်ပေါ်မှ အမြင့် ၁ မီတာရှိသော အပင်၏ထိပ်တွင် ငွေဖြူရောင်ပန်းတစ်ပွင့်ပွင့်လန်းနေသည်မှာ ကောင်းကင်ဘုံတစ်ခုသဏ္ဍာန်ဖြစ်နေသည်။
ထိုပန်းပွင့်သည် မြူနှင်းများ၏အလယ်တွင် လင်းလက်တောက်ပစွာပွင့်လန်းလာပြီး ၎င်း၏ပွင့်ချပ်များပေါ်မှ ရွှေရောင်အစက်အပြောက်များကလည်း တဖိတ်ဖိတ်လက်နေသော ကြယ်ပွင့်လေးများနှင့်ပင် တူနေလေသည်။
အလွန်လှပပြီး ညှို့ယူဆွဲဆောင်နိုင်စွမ်းရှိသော မြင်ကွင်းပေတည်း။
သားရဲ ၃ ကောင်သည် ထိုပန်းပွင့်လန်းလာမည့်အချိန်ကို စောင့်မျှော်နေကြခြင်းဖြစ်သည်။
၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော ပင်ကိုစရိုက်လက္ခဏာများလည်း ပြန်ပေါ်လာပေပြီ။ ၎င်းတို့သည် ပန်းပွင့်ကို ကိုယ်ပိုင်လက်ဝယ်ရရှိလိုသောကြောင့် အစွယ်များ၊ လက်သည်းများကို သုံးပြီး ပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြလေသည်။
အနက်ရောင်နွားသိုးကြီး၏ အားကြီးလှသော ခြေလှမ်းများကြောင့် တောင်ထိပ်ပင်လျှင် တုန်ခါသွားလေ၏။
ကောင်းကင်ပေါ်မှ ရွှေရောင်ငှက်ကြီးသည် ၎င်း၏ခြေသည်းများကိုဝှေ့ယမ်း၍ နွားသိုးကြီး၏ဦးချိုများကို တိုက်ခိုက်နေပြီး စူးရှကျယ်လောင်သောအသံများလည်း ထွက်ပေါ်နေသည်။
အစောင့်အရှောက်ခွေးကြီးသည် မိုးခြုန်းသံကဲ့သို့သောအသံမျိုးဖြင့် ဟိန်းဟောက်လိုက်သည်။
ထိုတိရစ္ဆာန် ၃ ကောင်သည် အချင်းချင်းတိုက်ခိုက်သတ်ဖြတ်ပြီး အပင်ငယ်ပေါ်တွင် ပွင့်လန်းနေသောပန်းကို ရယူလိုကြသည်။
၎င်းတို့သည် အချင်းချင်းတိုက်ခိုက်နေကြစဥ်အတွင်း၌ပင် ပန်းရနံ့ကို တတ်နိုင်သမျှအလုအယက်ရှူရှိုက်နေကြလေသည်။
ဤကြေးဝါတောင်ထိပ်၏ပတ်ပတ်လည်တွင် နှင်းမြူများရစ်ဆိုင်းနေပြီး ထိုနှင်းမြူများအတွင်း၌ ကြယ်ပင်လယ်တစ်စင်းစီးဆင်းနေသကဲ့သို့ ရွှေရောင်အလင်းတန်းများကိုလည်း ရိပ်ခနဲ ရိပ်ခနဲ မြင်တွေ့နေရသည်။ ထိုမြင်ကွင်းသည် အင်မတန်ထူးခြားလှပလွန်းပေစွ။
တိရစ္ဆာန် ၃ ကောင်သည် တလက်လက်တောက်ပနေသော အစိမ်းရောင်အပင်နားသို့ ချဥ်းကပ်လာကြပြီး အစောင့်အရှောက်ခွေးကြီး၏ ကြီးမားလှသောလက်သည်းများက ပန်းပွင့်ကိုဖမ်းဆုပ်မိသွား၏။
ရွှေရောင်ငှက်ကြီးသည် အစောင့်အရှောက်ခွေးဆီီသို့ ထိုးဆင်းလာပြီး လေပွေကဲ့သို့လျင်မြန်သောအဟုန်ဖြင့် ကန်လိုက်သည်။ ၎င်း၏လက်သည်းများက အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေလေသည်။
၎င်းတို့သည် ယခင်က အချင်းချင်းကြောက်ရွံ့နေကြသဖြင့် ထိပ်တိုက်ရင်ဆိုင်ပြီး မတိုက်ခိုက်ခဲ့ကြသော်လည်း ပန်းပွင့်လာသည့်အချိန်၌မူ မည်သည်ကိုမျှဂရုမပြုကြတော့ဘဲ တိုက်ခိုက်ကြတော့သည်။ ၎င်းတို့သည် မည်သည့်နည်းလမ်းနှင့်မဆို ထိုပန်းကိုအရယူကြပေလိမ့်မည်။
ရွှေရောင်ငှက်ကြီးက တောင်ပံခတ်လိုက်သောကြောင့် အစောင့်အရှောက်ခွေး၏လက်အတွင်းမှ ပန်းပွင့်၏ပွင့်ချပ်အချို့သည် တောင်အောက်သို့လွင့်ပါသွားလေသည်။
ထိုပွင့်ချပ်သည် တောင်စောင်းတစ်လျှောက် လျင်မြန်စွာလွင့်မျောလာပြီး မကြာမီပင် ချူဖုန်း၏အနီးသို့ရောက်လာလေ၏။
ချူဖုန်းသည် ပွင့်ချပ်တစ်ခုကို လက်ဖြင့်ဖမ်းယူလိုက်ပြီး ပွင့်ချပ်၏
ကြာရှည်ခံသောမွှေးရနံ့ကြောင့် မူးယစ်သွားလေသည်။ အနီးကပ်လေ့လာကြည့်လိုက်သောအခါ ရွှေရောင်အဆင်းရှိပွင့်ချပ်ပေါ်တွင် လင်းလက်တောက်ပနေသည့်အမှုန်အလွှာတစ်ခုကို မြင်လိုက်ရသည်။
” ဝတ်မှုန်တွေ ”
အရောင်စိုလက်နေသောဝတ်မှုန်အလွှာတစ်ခုသည် ပွင့်ချပ်၏မျက်နှာပြင်ပေါ်တွင် တွယ်ကပ်နေသည်။
ချူဖုန်းသည် လက်ကိုဆန့်ထုတ်လိုက်ပြီး ပွင့်ချပ် ၄ ခု လုံးကို တစ်ခုပြီးတစ်ခုဆက်တိုက်ဖမ်းယူလိုက်သည်။ ပွင့်ချပ် ၂ ခုသည် မွှေးရနံ့လျော့နည်းပြီး ဝတ်မှုန်ပါဝင်မှုလည်း နည်းပါးသည်။ အခြားပွင့်ချပ် ၂ ခုတွင်မူ ဝတ်မှုန်ပါဝင်မှုများပြားကာ သင်းပျံ့ထုံကြိုင်သော မွှေးရနံ့ရှိလေသည်။ ၎င်းတို့၏မွှေးရနံ့သည် စူးရှပြီး ကြာရှည်စွဲမြဲသောရနံ့မျိုးဖြစ်သည်။
ကြေးဝါတောင်ထိပ်ပေါ်မှ တိရစ္ဆာန် ၃ ကောင်သည် မကြွေကျသေးသော ပွင့်ချပ်များအတွက် ထပ်မံ၍မတိုက်ခိုက်ကြသေးမီ ချူဖုန်းကို အေးစက်စက်မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်။
ချူဖုန်းသည် ထိုအခြေအနေကိုမြင်ရသောအခါ ပွင့်ချပ်များကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်၏။
သို့သော် မကြာမီပင် မူမမှန်သောတစ်စုံတစ်ခုကို သူခံစားလိုက်ရသည်။ သူ့လက်တွင်းမှ ပွင့်ချပ်များသည် ပူနွေးမှုမရှိတော့ဘဲ ခြောက်သွေ့ညှိုးနွမ်းလုနီးပါးဖြစ်နေပြီဟု ခံစားလိုက်မိသည်။ လက်ဖြန့်ကြည့်လိုက်သောအခါတွင်လည်း အမှန်တကယ်ပင် တဖိတ်ဖိတ်တောက်နေသောအလင်းများ မှိန်ဖျော့သွားပြီး ပွင့်ချပ်သည်လည်းခြောက်သွေ့သွားသည်ကို တွေ့လိုက်ရသည်။
ထိုပွင့်ချပ်များသည် အချိန်တခဏအတွင်း ၎င်းတို့၏တောက်ပမှုကိုဆုံးရှုံးလိုက်ရပြီး ညှိုးနွမ်းခြောက်သွေ့နေသောအဝါရောင်အဖြစ်သို့ ပြောင်းလဲသွားကြသည်။
မည်သို့ဖြစ်သွားသနည်း။
ပွင့်ချပ်ငယ်လေးတစ်ခုသည် ဆုပ်ကိုင်ထားရုံမျှဖြင့်ပင် ကြေမွသွားလေ၏။
ချူဖုန်းအံ့သြသွားသည်။ သူသည် အခြားပွင့်ချပ် ၃ ခုကိုလည်း ပစ်ချလိုက်ပြီး ” ငါ ဒါကိုပြန်ပေးလိုက်ပြီ ” ဟု တောင်ဘက်သို့လှည့်ကာအော်ပြောလိုက်သည်။
ထို့နောက် သူသည် ပြတ်သားစွာဆုံးဖြတ်လိုက်ပြီး နောက်သို့ပြန်လှည့်ကာ ပန်းပွင့်အကြောင်းကို ထပ်မံ၍ မစဥ်းစားတော့ဘဲ တောင်အောက်သို့သာ အပြေးပြန်ဆင်းလာခဲ့တော့သည်။
ချူဖုန်းသည် ထိုနေရာမှအလောတကြီးထွက်လာခဲ့သော်လည်း ပွင့်ချပ်များသည် သူ့လက်တွင်း၌ အဘယ်ကြောင့်ညှိုးခြောက်သွားသနည်း ဟု မတွေးဘဲမနေနိုင်ဖြစ်နေသည်။ ထိုသို့ ပြောင်းလဲသွားမှုသည် အလွန်ထူးဆန်းလှပေသည်။
သူသည် ကြေးဝါအဆောက်အဦးများနှင့် ကြေးဝါပြားရှိသောနေရာတွင်ပင် မရပ်နားတော့ချေ။ သူ့စိတ်ထဲ၌ ဤနေရာမှ ဘေးကင်းလုံခြုံစွာထွက်သွားနိုင်ရန်သာ စဥ်းစားနေသည်။ မြေမျက်နှာသွင်ပြင်ပို၍ညီညာလာသည်နှင့်အမျှ ချူဖုန်း၏ခြေလှမ်းအရှိန်သည်လည်း ပိုမိုလျင်မြန်လာသည်။
ချူဖုန်း တောင်ခြေသို့ရောက်သောအခါ နေဝင်ချိန်သို့ရောက်နေပြီးဖြစ်လေ၏။
ကံကောင်းထောက်မစွာဖြင့် ထူးဆန်းသော သားရဲ ၃ ကောင်သည် တောင်အောက်သို့ဆင်း၍ သူ့နောက်သို့လိုက်မလာဘဲ ၎င်းတို့အချင်းချင်းသာ တိုက်ခိုက်နေကြလေသည်။
ချူဖုန်းသည် ကျန်းမာသန်စွမ်းသူတစ်ဦးဖြစ်သော်လည်း ယခုကဲ့သို့အခြေအနေမျိုးကိုဖြတ်ကျော်လာခဲ့ရသောကြောင့် မောဟိုက်ပင်ပန်းနေပြီး တစ်ကိုယ်လုံးတွင်လည်း ချွေးများစိုရွှဲနေပေသည်။
တောင်ခြေတွင် အချိန်အတန်ကြာထိုင်ပြီး အသက်ဝဝရှူကာ အနားယူပြီးသည့်တိုင် သူ့နှလုံးခုန်သံကိုပြန်ကြားနေရဆဲပင်။ သူသည် အလောတကြီးဖြင့် ရေကိုပါးစပ်နှင့်အပြည့် မော့သောက်ပစ်လိုက်သည်။
ကြီးမားလှသောတောင်တန်းကြီးကို ပြန်ကြည့်လိုက်သောအခါ နားလည်ရန်ခက်သောပဟေဠိတစ်ခုကဲ့သို့ ခံစားရဆဲဖြစ်သည်။
ကြေးဝါပြား၊ လျှို့ဝှက်ဆန်းကျယ်သော ကြေးဝါအဆောက်အဦးများ၊ ကြေးဝါတောင် – ဤဧရာမတောင်ကြီးကို အမှန်တကယ်ပင်ကြေးဝါများဖြင့် ပြုလုပ်ထားခြင်းပင်လော။
ဖြစ်နိုင်မည်ဆိုလျှင် ဤတောင်ကြီးမှ မြေများကိုဖြိုချပစ်လိုက်ပြီး တောင်အတွင်း၌မည်သို့ရှိနေသည်ကို သူကိုယ်တိုင်ကြည့်ချင်လှသည်။
ဤတောင်သည် ခွန်းလွန်တောင်စဥ်တန်း၏ တောင်ထိပ်တစ်ခုမျှသာဖြစ်သည်။ ဒီနေရာဒေသတဝိုက်တွင် မည်သို့သောလျှို့ဝှက်မှုများကို ဖုံးကွယ်ထားသနည်း။
” ငါ မကြာခင်ထွက်သွားရမယ်။ ဟို သားရဲ ၃ ကောင် တောင်အောက်ကိုဆင်းလာရင် တော်တော်အန္တရာယ်များလိမ့်မယ် ”
လွန်ခဲ့သောရက်အနည်းငယ်က လှုပ်ခတ်ထားသောမြေငလျင်ကြောင့် တောင်ပေါ်တွင်အက်ကွဲကြောင်းများစွာ ရှိနေသည်။ တောင်ခြေ၌လည်း ထိုနည်း၎င်းပင်။ ချူဖုန်းသည် ထိုအက်ကွဲကြောင်းများကို သတိထားပြီး ဂရုတစိုက်ရှောင်ဖယ်၍သွားနေရသည်။
သူသည် အက်ကွဲကြောင်းတစ်ခုအတွင်းရှိ ကျောက်တုံးတစ်တုံးကို အမှတ်မထင်သတိပြုလိုက်မိသည်။ ထိုကျောက်တုံးသည် ထူးဆန်းစွာဖြင့် ကုဗပုံဖြစ်နေပြီး ၃ လက်မ အမြင့်ရှိ၏။
ချူဖုန်းသည် ထိုထူးဆန်းသောကျောက်တုံးကို ကောက်ယူလိုက်ပြီး ဆက်လျှောက်လာခဲ့သည်။
လမ်းတစ်လျှောက်၌ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် အားပျော့သောအနွေးဓာတ်တစ်မျိုးစီးဆင်းနေသည်ဟု ခံစားမိနေသော်လည်း ထိုခံစားမှုသည် ထင်ယောင်ထင်မှားဖြစ်နေခြင်းဟုတ်မဟုတ် မသေချာဘဲဖြစ်နေလေသည်။
ထိုအနွေးဓာတ်ကို အာရုံစိုက်လိုက်သောအခါ ၎င်းသည် ပျောက်ကွယ်သွားပြီး သူ အာရုံမစိုက်တော့လျှင် ပြန်၍ပေါ်လာသည်။
၎င်းသည် ထင်ယောင်ထင်မှားဖြစ်မှုတစ်ခုပင်လော။ သို့မဟုတ် ဓာတ်မတည့်မှုတစ်ခုပင်လော။
ချူဖုန်းသည် ထိုသို့ခံစားရသည်မှာ ရောဂါတစ်ခုခုဖြစ်၍လောဟု ချက်ချင်းသင်္ကာမကင်းဖြစ်လာသည်။
” ဒီလက်က စဖြစ်တာပဲ ”
သူသည် ဘယ်ဘက်လက်ကိုဖြန့်လိုက်သည်။ သူသည် ထိုသို့သောခံစားမှုမျိုးကို စတင်၍သတိပြုမိသည်မှာ ဘယ်ဘက်လက်တွင် ဖြစ်သော်လည်း ထိုလက်ပေါ်တွင်မည်သည့်အရာမှ ရှိမနေချေ။
” ပွင့်ချပ် ၄ ရွက်က ငါ့ဘယ်လက်ထဲမှာ ညှိုးခြောက်သွားခဲ့တယ် ”
ချူဖုန်းသည် လမ်းတစ်လျှောက်လုံးတွင် ထိုကိစ္စအကြောင်းကို စဥ်းစားလာခဲ့ပြီး ကိစ္စများသည် ထိုမျှမရိုးရှင်းနိုင်ကြောင်းခံစားမိလာသည်။ ထိုကိစ္စသည် အမှန်တကယ်ပင်ထူးဆန်းလှပြီး ချူဖုန်းကိုစိတ်ကသိကအောင့်ဖြစ်စေသည်။
အဖြူရောင်မြူနှင်းများကြားမှ တလက်လက်တောက်ပနေသော ပန်းပွင့်ချပ်များသည် မည်သူပင်ကြည့်ကြည့် ထူးဆန်းသောကိစ္စပင်ဖြစ်၏။
သူ့နောက်တွင်ရှိနေသော ကြေးဝါခွန်းလွန်တောင်သည် သူ၏နဂိုမူလယုံကြည်ချက်များနှင့် အယူအဆများကို ပျက်ပြားသွားစေပြီး စဥ်းစားတွေးခေါ်စရာများစွာကို ပေးခဲ့သည်။
” ဟို ထူးဆန်းတဲ့သတ္တဝါ ၃ ကောင်တောင် အဲ့ဒီပန်းကိုရဖို့တိုက်ခိုက်နေကြတာဆိုတော့ ပန်းက အန္တရာယ်တော့မရှိနိုင်ဘူး ”
ချူဖုန်းသည် သံသဃဝင်နေသော်လည်း ထိုပန်းက သူ့ခန္ဓာကိုယ်ကိုထိခိုက်စေမည်မဟုတ်ကြောင်း ခံစားမိသည်။ ထိုသို့မဟုတ်ပါက ကြောက်မက်ဖွယ်သားရဲ ၃ ကောင်သည် ထိုပန်းကိုရရှိရန် အချင်းချင်းသတ်ဖြတ်နေကြမည်မဟုတ်ပေ။
သူသည် ခေါင်းယမ်းလိုက်ပြီး ထိုအကြောင်းကိုတခဏမျှမတွေးသေးရန် ဆုံးဖြတ်လိုက်ကာ သိုးထိန်းတဲများဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားလေ၏။
အကန့်အသတ်မဲ့ကျယ်ပြန့်သော ကုန်းပြင်မြင့်သည် လရောင်အောက်တွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ ထို့သို့ကျယ်ပြန့်တိတ်ဆိတ်သော မြင်ကွင်းအပြင် ရံဖန်ရံခါတွင် ခပ်ဝေးဝေးမှသားရဲများ၏ဟိန်းဟောက်သံကိုလည်း ကြားနေရသည်။
ချူဖုန်းသည် သိုးထိန်းတဲတစ်ခုတွင် ခေတ္တတည်းခိုနိုင်ရန်ခွင့်တောင်းလိုက်ပြီး နောက်တစ်နေ့တွင်မှ ခရီးဆက်ရန်ဆုံးဖြတ်လိုက်သည်။
သူသည် စောစောကတည်းက ခံစားမိနေသော အနွေးဓာတ်စီးဆင်းမှုကို ခံစားကြည့်ရန် ကြိုးပမ်းကာ စာအုပ်ဖတ်ရင်း ညကို တိတ်ဆိတ်စွာဖြတ်သန်းခဲ့သည်။ ထိုအားပျော့သောအနွေးဓာတ်စီးဆင်းမှုတွင် ပြောင်းလဲမှုတစ်မျိုးမျိုးရှိလာနိုင်သလား ဟူသည်ကိုလည်း သူ သိချင်နေသည်။
” ဟူး ဖြစ်ချင်သလိုသာဖြစ်ပါစေတော့လေ ” ချူဖုန်း သက်ပြင်းရှည်ကြီးချလိုက်သည်။
ချူဖုန်းသည် ဖြစ်နိုင်ချေရှိသောနည်းလမ်းအားလုံးနှင့်ကြိုးစားကြည့်ပြီးနောက် ထိုခံစားချက်သည် သူအာရုံစိုက်လျှင် ပျောက်ကွယ်သွားပြီး သူသတိမထားမိသည်နှင့် ပြန်ပေါ်လာကြောင်း တွေ့ရှိသွားလေသည်။
” ဝတ်မှုန်၊ ဓာတ်ကူပစ္စည်း ” ချူဖုန်းသည် အတိတ်မှတစ်စုံတစ်ခုကိုစဥ်းစားနေဟန်ဖြင့် ထိုစကားများကိုတီးတိုးရေရွတ်နေ၏။
ဘွဲ့ရပြီးစဥ်အခါက ထိုစကားများကို လင်နောင်း သူ့မိသားစုတစ်ဦးကို ပြောနေသည်ကို ချူဖုန်းအမှတ်မထင်ကြားခဲ့ဖူးသည်။ သို့သော် အချိန်အတော်ကြာခဲ့ပြီဖြစ်၍ ဝိုးတဝါးသာမှတ်မိတော့သည်။
သူတို့နှစ်ဦးသည် ထိုအချိန်တွင် ပြတ်ဆဲပြီးဖြစ်သော်လည်း ချူဖုန်းသည် လင်နောင်းကို ကိုယ်တိုင်လိုက်ပို့ပြီး နှုတ်ဆက်စကားဆိုချင်ခဲ့သေးသည်။ သို့သော် သူ့ကိုစိုက်ကြည့်နေသော လင်မိသားစု၏အေးစက်စက်မျက်လုံးများကို မြင်လိုက်ရသောအခါ လက်ပြနှုတ်ဆက်ရုံသာ တတ်နိုင်ခဲ့သည်။
သူသည် တခဏမျှမိန်းမောတွေဝေနေပြီးနောက် သူ့နံဘေးမှကျောက်တုံးငယ်လေးကို သတိပြုလိုက်မိသည်။
” ဒီကျောက်တုံးက ဘာလို့ ဒီလောက်သပ်ရပ်ပုံကျနေရတာလဲ ”
သူသည် တဲအိမ်အတွင်း၌ထိုင်လိုက်ပြီး သူကောက်ယူလာခဲ့သော ကျောက်တုံးကိုစူးစမ်းကြည့်နေသည်။ ထိုကျောက်တုံးသည် ကုဗပုံသဏ္ဍာန်ရှိသော်လည်း ထောင့်စွန်းများက ပွတ်တိုက်ထားသကဲ့သို့ပင် အတော်လေးချောမွေ့ပြီး လုံးဝိုင်းနေလေသည်။
အနီကပ်ကြည့်လိုက်သောအခါ ထိုကျောက်တုံး၏မျက်နှာပြင်တွင် ပုံသဏ္ဍာန်အချို့ရှိနေသည်ကို ချူဖုန်းမြင်လိုက်ရသည်။ ၎င်းတို့သည် အတော်မှိန်ဖျော့သဖြင့် ဂရုတစိုက်မကြည့်လျှင် သတိပြုမိနိုင်မည်မဟုတ်ပေ။
” ဒါတွေက သဘာဝအတိုင်းဖြစ်နေတာလား ဒါမှမဟုတ် လက်နဲ့ထွင်းထားတာလား ”
သူသည် ခွန်းလွန်တောင်ခြေ၌ရှိနေစဥ်က များများစားစားမစဥ်းစားဘဲ ဤကုဗပုံကျောက်တုံးကို ရည်ရွယ်ချက်မရှိကောက်ယူလာခဲ့ခြင်းဖြစ်သည်။ သူသည် လမ်းတစ်လျှောက်လုံးတွင် အတွေးများပျံ့လွင့်နေသဖြင့် ထိုကျောက်တုံးအား သယ်ဆောင်လာသည်ကို မေ့မေ့ပျောက်ပျောက်ဖြစ်နေလေသည်။
ယခုမှပင် ထိုကျောက်တုံးသည် အတော်ကလေးထူးခြားနေသည်ကို သူ သတိထားမိတော့သည်။
ချူဖုန်းသည် ထိုကျောက်တုံးကို သန့်ရှင်းသွားအောင် သေချာဆေးကြောလိုက်ပြီး မီးအိမ်အောက်တွင် ထပ်၍လေ့လာကြည့်နေသည်။
၎င်းသည် ၃ လက်မခန့်မြင့်သော အညိုရင့်ရောင်ကျောက်တုံးတစ်တုံးဖြစ်ပြီး ၎င်း၏မျက်နှာပြင်တစ်ခုလုံးအပေါ်တွင် နွယ်ခက်သဏ္ဍာန်ပုံများ မထင်မရှားပါရှိသည်။ ထိုရှေးကျသောပုံသဏ္ဍာန်များသည် သဘာဝအလျောက်ဖြစ်နေသော အမှတ်များဖြစ်ဟန်ရှိသည်။
” ဒါက ရှေးဟောင်းမျိုးနွယ်စုတစ်စုကျကျန်ခဲ့တဲ့ အသုံးအဆောင်ကျောက်တုံးတစ်ခုများလား ” ချူဖုန်း ခန့်မှန်းကြည့်နေသည်။
သူသည် ထိုကျောက်တုံးကို လှည့်ပတ်ကြည့်နေရင်း လေထဲသို့မြှောက်လိုက်သောအခါ ထိုကျောက်တုံးသည် လည်သွားပြီး တိတ်ဆိတ်သောညအချိန်တွင် ပေါက်ကွဲသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာလေ၏။
အခန်း ( ၅ ) ပြီး၏။