Chapter – 4 သစ်ပင်နှင့် သားရဲများ
အမြင့်တစ်မီတာနီးပါးရှိသော ခွန်းလွန်တောင်ထိပ်၏ အမြင့်ဆုံးနေရာတွင် အထီးတည်းပေါက်ရောက်နေလေသည်။
၎င်း၏အမြစ်များသည် ကြေးဝါထဲ၌ ခိုင်မြဲစွာအမြစ်တွယ်နေသဖြင့် ထိုကြေးဝါသည် အစာအာဟာရများကိုစုပ်ယူနိုင်သောမြေဆီလွှာ ဟုပင်ထင်မှတ်မှားဖွယ်ရှိသည်။ အပင်၏ကိုယ်ထည်သည် စိမ်းဖန့်ဖန့်ဖြစ်ပြီး အလင်းများဖြာထွက်နေကာ အထဲသို့ပင်ထွင်းဖောက်မြင်နိုင်လေသည်။
ပင်စည်သည် လက်ကောက်ဝတ်ပမာဏခန့်လုံးပတ်ရှိ၏။ ထိုအပင်သည် အလွန်မမြင့်မားဘဲ သက်တမ်းနုသေးဟန်ရှိသော်လည်း သက်တမ်းရင့်အပင်တစ်ပင်၏ ကွဲအက်နေသောသစ်ခေါက်များကဲ့သို့သော သစ်ခေါက်များရှိနေသည်။ အကြေးခွံများနှင့်တူသော အပြင်ပိုင်းအသွင်အပြင်က ထိုအပင်ကို ကြံ့ခိုင်သန်မာဟန်ပေါက်စေသည်။
ကလေးငယ်တစ်ဦး၏ အတွင်းသို့ထိုးဖောက်ထိတွေ့နိုင်သော ကျောက်စိမ်းပြားများသဏ္ဍာန်ရှိသည်။ လေအဝှေ့တွင် သစ်ရွက်ပေါ်မှ နှင်းရည်နှင်းစက်လေးများ ခိုတွဲကျလာပုံမှာ ကျောက်စိမ်းပြားပေါ်၌ ပုလဲလုံးလေးများတွဲလွဲခိုနေသကဲ့သို့ပင်။
ဤအပင်၏ ထိပ်တွင် လက်သီးဆုပ်အရွယ်အစားခန့်ရှိသော ပန်းတစ်ပွင့်ဖူးပွင့်နေသည်။ ၎င်းသည် တောင်ကမ်းပါးစွန်းတွင် ပေါက်နေပြီး ငွေရောင်အဆင်းပေါ်တွင် ရွှေရောင်အစက်အပြောက်များ ဖြန်းပက်ထားသကဲ့သို့အသွင်မျိုးရှိကာ ချိုအီသင်းပျံ့သောမွှေးရနံ့များ ကြိုင်လှိုင်လွှမ်းခြုံလျက်ရှိ၏။
ထိုစွဲမက်ဖွယ်အပင်ငယ်သည် အလှဂုဏ်ဝံ့ကြွားနေဟန်ဖြင့် ထိုနေရာ၌ ငြိမ်သက်စွာရှိနေလေသည်။
ချူဖုန်းသည် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း သူရောက်နေသောနေရာမှ ထိုပန်းပင်အနီးသို့ ချဥ်းကပ်ကြည့်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် သူသည် စွန့်စားရန်ဆုံးဖြတ်လိုက်ပြီး ပြိုကျနေသောတောင်နံရံဘက်မှ တွယ်တက်လာသည်။ အသေးငယ်ဆုံးသော အမှားအယွင်းလေးကပင် အသက်ဆုံးရှုံးစေနိုင်သောကြောင့် သူသည် အလွန်သတိကြီးစွာထားနေရသည်။
သူသည် တောင်၏ဆင်ခြေလျှောဘက်မှ ပြန်ဆုတ်လာခဲ့ပြီး အခြားတစ်ဖက်မှကွေ့သွားလိုက်ရာ ပို၍မြင့်သောနေရာတစ်ခုသို့ ရောက်လာခဲ့သည်။ ချူဖုန်းသည် ပန်းပင်ကို မော့ကြည့်လိုက်သည်။
” ကြေးဝါတောင်ပေါ်မှာ ဘယ််လိုဖြစ်လို့အပင်ပေါက်နိုင်ရတာလဲ ” ချူဖုန်းစဥ်းစားရခက်သွား၏။
လျင်မြန်စွာပြောင်းလဲလာသော ကမ္ဘာကြီးသည် တဖြည်းဖြည်းနှင့် ပို၍ပို၍နားလည်ရခက်လာသည်။
ချူဖုန်းသည် ငြိမ်သက်နေသော်လည်း ထူးဆန်းသောအပင်ငယ်နှင့် ဆန်းကြယ်သောကြေးဝါတောင် အကြောင်းကို မျက်မှောင်ကြုတ်ရင်းစဥ်းစားနေသည်။ ၎င်းတို့သည် ပုံမှန်တွေ့မြင်နေကျ မြင်ကွင်းမျိုးမဟုတ်ပေ။
သူ့စိတ်ထဲတွင် ပုံရိပ်တစ်ခုပေါ်လာသည်။ တစ်ခါတစ်ရံတွင် အချို့အရာများကို လေးလေးနက်နက်မတွေးဘဲ လျစ်လျူရှုလိုက်ရန် ထိုသူက သူ့အား ပြောခဲ့ဖူးသည်။ သို့သော် ယခုမူ သူ၏ခံစားချက်များသည် ရှုပ်ထွေးနေပေပြီ။
” လမ်းနံဘေးက ပေါင်းပင်တွေမှာ အရောင်အသွေးစုံလင်ပြီးတောက်ပတဲ့ အသီးအနှံတွေ သီးနေတာကို မြင်ရတဲ့တစ်နေ့ ငါတို့သိထားတဲ့ သာမန်ကမ္ဘာကြီးဟာ အဆုံးသတ်ရောက်ပြီ ”
လင်းနွိုင်တစ်ခါက ပြောခဲ့ဖူးသော စကားများဖြစ်သည်။ သူမ သည် ထိုစကားများကို ပုံမှန်အတိုင်းတည်တည်ငြိမ်ငြိမ်ပြောခဲ့ခြင်းဖြစ်သည်။
ချူဖုန်းနှင့် လမ်းခွဲပြတ်ဆဲစဥ်ကလည်း ထိုအသံအနေအထားအတိုင်းပင်။ သူမ၏အသံသည် အမြင့်တစ်နေရာမှပြောနေသူတစ်ဦး၏ အသံအလား အဝေးတစ်နေရာမှပျံ့လွင့်လာပြီး ဝိုးတဝါးအသံမျိုးဖြစ်သည်။
ဘဝနှင့် ခံစားချက်များအားလုံးသည် ဖြစ်လွယ် ပျက်လွယ် ပြောင်းလဲလွယ်သည် ဟူသော သူမ၏စကားသည် မိမိတို့၏အချစ်ရေးကို ရည်ညွှန်းသည် ဟု ချူဖုန်းထင်ခဲ့သည်။
” သူ့စကားတွေမှာ ပိုပြီးနက်နဲတဲ့အဓိပ္ပာယ်ရှိသေးတာလား ”
ဤကမ္ဘာသည် ယဥ်ကျေးမှုလွန်ခေတ်မှစပြီး လူအများပင် မသိသော အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရသည်။ သို့သော် တကယ့်အမှန်တရားကို သိထားသောလူနည်းစုတော့ ရှိပေလိမ့်မည်။
လင်းနွိုင် မည်သည်ကိုသိထားသနည်း။ မည်မျှအထိသိထားသနည်း။
သူ့အတွေးထဲတွင် လင်းနွိုင်၏ပုံရိပ်ပေါ်လာသောအခါ ချူဖုန်းသက်ပြင်းချလိုက်မိသည်။ သူသည် စိတ်ညစ်ညူးသွားပြီး စိတ်ကသိကအောင့်ဖြစ်သွားသည်။ သို့သော် လူတစ်ဦးသည် နောက်ဆုံးတွင် အခြားလူတစ်ဦးကို လက်လွှတ်ပေးနိုင်အောင် သင်ယူထားသင့်ပါသည်။
သူသည် နောက်တစ်ကြိမ်ခေါင်းမော့ပြီး ကြေးဝါတောင်ထိပ်သို့ ငေးကြည့်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အံ့အားသင့်သွားသည့်အရိပ်အယောင်များ ဖြတ်ပြေးသွားလေ၏။
သူမသည် အမှန်တကယ်ပင် တစ်စုံတစ်ခုကိုရည်ညွှန်းပြောဆိုခဲ့ခြင်းလော။ သူမ၏အတွေးအတိုင်းသာဆိုလျှင် ပုံမှန်ဖြစ်နေသောအရာအားလုံးသည် မကြာမီပြောင်းလဲသွားပေတော့မည်။ ထိုသို့ဆိုလျှင် မူလကတည်းက ထူးဆန်းနေသော ဤသစ်ပင်သည် အဘယ်သို့နည်း။
ဤသစ်ပင်သည် မည်သည့်ပြောင်းလဲမှုမျိုးနှင့်မှ မကြုံတွေ့ရသေးဘဲ သာမန်အပင်များနှင့် ကွဲလွဲမနေသင့်ပေ။
ချူဖုန်း၏ခြေထောက်အောက်တွင် ကျောက်တုံးအချို့ရှိနေသည်။ သူသည် တောင်နံရံ၏အစွန်းတွင် ရောက်ရှိနေပြီဖြစ်ပြီး အရှေ့သို့ဆက်သွား၍မရတော့ပေ။
ရုတ်တရက်ပြင်းစွာတိုက်ခိုက်လာသော လေပွေလေရူးက ချူဖုန်းကို သူ၏စိတ်ကူးကမ္ဘာထဲမှ နိုးထစေခဲ့သည်။ ချူဖုန်းသည် သူ့ရှေ့မြေပြင်ပေါ်တွင် ခပ်မြန်မြန်ရွေ့လျားလာသောအရိပ်တစ်ခုကို ရုတ်တရက်တွေ့လိုက်သည်။
တစ်စုံတစ်ခုသည် လျင်မြန်စွာချဥ်းကပ်လာလေပြီ။
ချူဖုန်းသည် လျင်မြန်သွက်လက်စွာပင် တုံ့ပြန်လိုက်သည်။ ထိုအရိပ်ကိုရှောင်ရှားရန် သူ၏ကျစ်လျစ်သန်မာသောခန္ဓာကိုယ်နှင့် ဘေးသို့ခုန်လိုက်ပြီး မြေပြင်ပေါ်သို့အကွာအဝေးတစ်ခုအထိ လှိမ့်ချလိုက်သည်။ ထိုသို့လှိမ့်ချနေစဥ်အတွင်း သူ၏ဒူးလေးကိုဆွဲထုတ်လိုက်ပြီး လေးကြိုးကိုအားစိုက်၍ ဆွဲထားသည်။
သူသည် တစ်ဦးတည်းခရီးသွားသူတစ်ယောက်အနေဖြင့် သူ့ကိုယ်သူကာကွယ်ရန် အသုံးပြုနိုင်မည့် လက်နက်တစ်မျိုးကို အမြဲယူဆောင်လေ့ရှိသည်။ ချူဖုန်းသည် သူ၏ခန္ဓာကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး မတ်တပ်ရပ်ကာ လျင်လျင်မြန်မြန်ရွေ့လာနေသောအရိပ်ဆီသို့ ဒူးလေးနှင့် ပစ်လိုက်သည်။
တစ်ချိန်တည်း၌ပင် သူ၏ပစ်မှတ်ကိုလည်း ထင်ထင်ရှားရှားမြင်တွေ့သွားလေသည်။
ချူဖုန်း၏မျက်နှာတွင် အလွန်တရာအံ့အားသင့်သွားဟန်က အထင်းသား။ ထိုသတ္တဝါသည် ၎င်းနှင့်မျိုးတူအခြားသတ္တဝါများထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေလေ၏။
အလျား ၅ မီတာရှိသောတောင်ပံများရှိပြီး ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသည့် ငှက်ကြီးသည် အမြင့်တစ်နေရာမှတစ်ဆင့် ချူဖုန်းဆီသို့ တဟုန်ထိုး ထိုးဆင်းလာသည်။ ချူဖုန်းသည် ထိုငှက်ကြီး၏လက်သည်းများဖြင့် သုတ်ချီခံရလုနီးပါးပင် ဖြစ်သွားသည်။
ဒူးလေးသည် ကျောက်ဆောင်တစ်ခုကို ထိမှန်သွားပြီး ဒေါက်ခနဲမြည်သံနှင့်အတူ မီးပွားများဖြာသွားသည်။ ထိုငှက်ကြီးက လျင်မြန်စွာရှောင်တိမ်းလိုက်သောကြောင့် ဒူးလေးမှ မြှားတံထိပ်ဖူးနှင့် ကပ်သီးလေးလွဲသွားသည်။
တစ်ချိန်တည်းမှာပင် ၎င်း၏ခြေသည်းများနှင့် မြေပေါ်မှ မြေကြီးများနှင့် ကျောက်ဆောင်ကိုကုတ်ဖဲ့ပြီး ထိုးခွဲလိုက်သဖြင့် ကြောက်မက်ဖွယ်ရာလွင့်စင်သံများ ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ၎င်း သည် လေဟုန်ကိုဆန်ပြီး ကောင်းကင်ယံသို့ပျံတက်သွားလေတော့သည်။
ချူဖုန်းသည် ကျောရိုးထဲမှစိမ့်အေးလာပြီး ကြက်သီးမွေးညင်းများထလာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် စိတ်ကူးကြည့်၍ပင် မရနိုင်လောက်သော အန္တရာယ်မျိုးကို ယခုလေးတင် လျင်လျင်မြန်မြန်တုံ့ပြန်လိုက်ရသည်။
ပုံမှန်သိမ်းငှက်များသည် ၎င်းတို့သားကောင်၏ အရိုးများနှင့် ဦးခေါင်းခွံများကို လွယ်လင့်တကူထိုးဆိတ်ဖောက်ခွဲပစ်နိုင်သည်။ ထိုကဲ့သို့သော သားရဲကောင်ကြီး၏သဘာဝခွန်အားကို အလွယ်တကူမှန်းဆနိုင်ပေသည်။ သူသာ ခြေတစ်လှမ်းနောက်ကျခဲ့ပါက အတော်ဆိုးရွားသောအခြေအနေသို့ ရောက်သွားနိုင်သည်။
ချူဖုန်းသည် နောက်သို့ချက်ချင်းပြန်ဆုတ်လာခဲ့သည်။ မြေအနေအထားအရ သူအသာစီးရနိုင်မည့် ကျောက်ဆောင်ကြီးတစ်ခုနောက်တွင် အကာအကွယ်ယူထားလိုက်ပြီး ကောင်းကင်ကို နောက်တစ်ကြိမ် ဒူးလေးနှင့်ချိန်ထားပြီး သတိကြီးစွာ စောင့်ကြည့်နေလေ၏။
ရက်စက်ကြမ်းကြုတ်ဟန်ရှိသောငှက်ကြီးသည် လေထဲမှ ရုတ်တရက်ပြန်လှည့်လာပြီး တောင်နံရံနားသို့ ချဥ်းကပ်လာကာ အားကောင်းသောလေပွေများဖြစ်ပေါ်လာအောင် ပြုလုပ်နေသည်။
ချူဖုန်းသည် ထိုမျှကြီးမားလှသောငှက်ကြီးကို ဘယ်တုန်းကမှမမြင်ဖူးခဲ့ချေ။
၎င်း၏အသွင်အပြင်အရ ၎င်းသည်ရွှေလင်းယုန်တစ်ကောင်နှင့် ဆင်တူသည်။ ၎င်း၏တဖိတ်ဖိတ်လက်နေသော အမွေးအတောင်များသည် အရောင်တင်ဆေးဖြင့် ပြောင်လက်အောင်တိုက်ချွတ်ထားသကဲ့သို့ပင် မည်သည့်အပြစ်အနာအဆာမှမရှိဘဲ ချောမွေ့တောက်ပြောင်နေသည်။ အရွယ်အစားမှာလည်း အံ့သြစရာကောင်းလောက်အောင်ကြီးမားလွန်းလှပြီး ၎င်း၏ရက်စက်ကြမ်းကြုတ်မှုများကို ထင်ဟပ်နေစေသယောင်ပင်။ ထိုရွှေရောင်လင်းယုန်ငှက်၏ မျက်လုံးများသည် သားရဲတစ်ကောင်၏ အရိုင်းဆန်မှုမျိုးဖြင့် တလက်လက်တောက်ပနေလေသည်။
သာမန်လင်းယုန်ငှက်တစ်ကောင်သည် ဤမျှမကြီးမားနိုင်။ ထိုငှက်သည် သေချာပေါက် သန္ဓေပြောင်းသတ္တဝါတစ်ကောင်သာ ဖြစ်ရပေမည်။ ဤသည်မှာ အလွန်မူမမှန်သောဖြစ်ရပ်မျိုးပင်တည်း။
များစွာသော ရှေးဟောင်းမှတ်တမ်းများသည် အတော်လေးချဲ့ကားပြောဆိုထားခြင်းဖြစ်၍ ရှေးခေတ်ကလူများသာဆိုလျှင် ထိုမျှကြီးမားသောငှက်ကြီးကို ဒဏ္ဍာရီလာဧရာမငှက်ကြီးအဖြစ် သတ်မှတ်ကြပေလိမ့်မည်။
အတောင်နှစ်ဖက်ကိုဖြန့်လိုက်ပါက အလျား ၅ မီတာ ရှိသော ငှက်ကြီးတစ်ကောင်ကို ရှာဖွေတွေ့ရှိခြင်းသည် လူအများကြားတွင် ရုတ်ရုတ်သဲသဲဖြစ်သွားစေနိုင်လောက်သည့် ကိစ္စမျိုးဖြစ်၏။
ခွန်းလွန်တောင်တစ်ခုလုံးသည် ဒဏ္ဍာရီများ၊ ရိုးရာပုံပြင်များနှင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သဖြင့် လူအများက ပို၍ပင် ယုံကြည်ကြပေလိမ့်မည်။
ရွှေရောင်ငှက်ကြီးသည် အလွန်ရက်စက်ကြမ်းကြုတ်ဟန်ရှိသည်။ ၎င်းသည် အောက်သို့ချက်ချင်းပြန်မဆင်းလာသော်လည်း ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းနေလေသည်။ ၎င်းသည် တိရစ္ဆာန်တစ်ကောင်၏ အလိုလိုသိစိတ်ဖြင့် ချူဖုန်း ဒူးလေးဖြင့်ချိန်ထားသည်ကို သိဟန်တူသည်။
ချူဖုန်းသည် သွေးညှီနံ့တစ်ခုကို ရုတ်တရက်သတိပြုလိုက်မိသည်။
နှင်းကျားသစ် ၃ ကောင်သည် တောင်ပေါ်သို့ တိတ်တဆိတ်တက်လာခဲ့သည်။ ၎င်းတို့တွင် အေးစက်စက်မျက်လုံးများရှိပြီး ၎င်းတို့၏ချွန်ထက်သောအစွယ်များတွင်လည်း သွေးစသွေးနများပေကျံနေလေသည်။ ၎င်းတို့သည် ယခုလေးတင် အခြားသားကောင်ကို အမဲလိုက်လာခဲ့ခြင်းဖြစ်ကြောင်း သိသာလှ၏။
၎င်းတို့သည် ခန္ဓာကိုယ်ကိုအနည်းငယ်ကွေးထားပြီး ချူဖုန်းအားစိုက်ကြည့်နေကြသည်။ တစ်ချိန်တည်း၌ပင် လေထဲမှရွှေရောင်လင်းယုန်ငှက်ကိုလည်း စိုက်ကြည့်နေကြပြီး ခြိမ်းခြောက်လိုသောဟန်ပန်မျိုးဖြင့် ဟိန်းဟောက်နေကြလေသည်။
ထိုနှင်းကျားသစ် ၃ ကောင်သည် ၎င်းတို့၏အခြားမျိုးနွယ်တူများထက် ပိုမိုကြီးမားသန်မာကြသည်။ ၎င်းတို့၏ ချွန်ထက်လှသော ခြေသည်းလက်သည်းများသည်လည်း စူးရှတောက်ပြောင်နေပြီး အချိန်မရွေးခုန်အုပ်သတ်ဖြတ်ရန် အသင့်ဖြစ်နေဟန်ရှိသည်။
ချူဖုန်း မျက်မှောင်ကြုတ်လိုက်၏။ သူသည် ယခုကဲ့သို့ အန္တရာယ်များသောအခြေအနေမျိုးဖြင့် ကြုံတွေ့ရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ လေထဲတွင် ကြောက်မက်ဖွယ်ရာငှက်ကြီးတစ်ကောင်ရှိပြီး မြေပြင်ပေါ်တွင် သူ့အားချောင်းမြောင်းနေသော ကျားသစ်များရှိသည်။ အနေအထားက အတော်ဘေးကျပ်နံကျပ်ဖြစ်နေလေပြီ။
ရုတ်တရက် နှင်းကျားသစ် ၃ ကောင်သည် ထိတ်လန့်သွားပုံရပြီး အမြီးမှအမွေးများပင်ထောင်လာကြသည်။ ၎င်းတို့သည် မကြာမီပင် ကျောက်တုံးကျောက်ဆောင်များအကြားသို့ ပြေးဝင်သွားကြတော့သည်။
ယခုမူ ထိုနေရာတွင် တိဗက်နွားသိုးကြီးတစ်ကောင် ပေါ်လာခဲ့လေပြီ။ နွားသိုးကြီး၏အနက်ရောင်တောက်ပြောင်နေသော ကိုယ်ထည်သည် တလက်လက်တောက်ပနေပြီး ကြီးမားလှသောဦးချိုများက ကောင်းကင်ပြင်သို့ ညွှန်ပြနေသယောင်ရှိသည်။
ကိုယ်ထည်၏ အလျားသည် ၃ မီတာကျော်ရှိပြီး ကြီးမားတောင့်တင်းသောခန္ဓာကိုယ်နှင့် တုတ်ခိုင်သန်မာသောခြေလက်များလည်းရှိသဖြင့် ထိုနွားသိုးကြီးကို နွားသိုးဘုရင်ဟူ၍ပင် ခေါ်ဆိုနိုင်ပေသည်။ ၎င်းသည် ထိုနေရာတွင် အနက်ရောင်တောင်ကုန်းတစ်ခုကဲ့သို့ ရပ်နေလေ၏။
၎င်း၏တည်ရှိမှုကို ရှာဖွေတွေ့ရှိရန်မဖြစ်နိုင်လုနီးပါးဖြစ်သော ထိုဧရာမတိရစ္ဆာန်ကြီးသည် နှင်းကျားသစ်များကဲ့သို့ တိတ်တဆိတ်ချဥ်းကပ်လာသည်ကို တွေ့လိုက်ရသောအခါ ချူဖုန်းအလွန်ထိတ်လန့်အံ့သြသွားသည်။
ထို့အပြင် နှင်းကျားသစ် ၃ ကောင်သည် ဤနွားသိုးကြီးကိုမြင်ပြီးနောက် ချက်ချင်းပင် ထွက်ပြေးသွားခဲ့ကြသည်။ အလွန်မူမမှန်သောဖြစ်ရပ်ပင်။
အနက်ရောင်နွားသိုးကြီးသည် ကောင်းကင်ပေါ်ရှိ ရွှေရောင်ငှက်ကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် တိတ်ဆိတ်ငြိမ်သက်စွာရပ်နေပြီး ကြေးဝါတောင်ထိပ်ကို ငေးကြည့်နေလေသည်။
ထိုတိရစ္ဆာန် ၃ ကောင်သည် အဘယ်ကြောင့် ဤနေရာတွင်စုဝေးရောက်ရှိနေကြသနည်း။
ချူဖုန်းသည် အလွန်အန္တရာယ်များသော အခြေအနေတစ်ခုထဲတွင် ရောက်နေသည်ကို သိသဖြင့် အဆင်အခြင်မဲ့မလှုပ်ရှားရဲဘဲ အခွင့်ကောင်းကိုစောင့်နေလေသည်။
ထိုစဥ် အဝေးတစ်နေရာမှ သားရဲတိရစ္ဆာန်ပုံရိပ်အချို့ တောင်ပေါ်သို့ပြေးတက်လာသည်ကို မြင်လိုက်ရသည်။
ထိုတိရစ္ဆာန်များသည် အလွန်လျင်မြန်ပြီး တလက်လက်တောက်ပနေသော အဖြူရောင်အစွယ်များရှိကာ ရက်စက်ကြမ်းကြုတ်သည့်အသွင်သဏ္ဍာန်လည်း ရှိသည်။
ထိုဝံပုလွေ ၆ ကောင်သည် အရွယ်အစားအလွန်ကြီးမားပြီး ၎င်းတို့၏မျိုးနွယ်တူများထက်ပင် ပိုမိုကြံ့ခိုင်သန်မာသည်။ ရှေ့ဆုံးမှဝံပုလွေသည် နှင်းကဲ့သို့သော စွတ်စွတ်ဖြူသောအရောင်ရှိပြီး တစ်လုံးထဲသောမျက်လုံးကမူ ခပ်ဖျော့ဖျော့အစိမ်းရောင်ရှိသည်။
၎င်းတို့သည် ချူဖုန်းနှင့် မနီးမဝေးသို့ရောက်လာသောအခါ ခေတ္တခဏရပ်တန့်သွားကြသည်။ အနက်ရောင်နွားသိုးကြီးနှင့် ရွှေရောင်သိမ်းငှက်ကြီးကို တွေ့လိုက်ရသောကြောင့် အတော်စိတ်လှုပ်ရှားသွားပြီး ထိတ်လန့်သွားဟန်ပေါ်သည်။
ထိုဝံပုလွေများသည် ရုတ်တရက် ကျောက်တုံးကျောက်ဆောင်များကို ဖြတ်သန်းပြီး တောင်ထိပ်ပေါ်သို့အပြေးတက်သွားသဖြင့် ငြိမ်သက်တိတ်ဆိတ်နေမှုသည် ပျက်ပြားသွားလေ၏။
တစ်ချိန်တည်း၌ပင် နှင်းကျားသစ် ၃ ကောင်ကလည်းစတင်လှုပ်ရှားကြလေတော့သည်။ ၎င်းတို့သည် လျှပ်စီးကဲ့သို့လျင်မြန်သောအရှိန်ဖြင့် တောင်ထိပ်ဆီသို့တဟုန်ထိုးပြေးသွားကြသည်။
ချူဖုန်းသည် ထိုနေရာမှထွက်သွားရန် ရည်ရွယ်ပြီး အနောက်သို့တဖြည်းဖြည်းဆုတ်လိုက်သည်။
တောင်ထိပ်သို့ ရောက်ရှိရန် အပြိုင်အဆိုင်တိုက်ခိုက်နေကြသော သားရဲတိရစ္ဆာန်တို့၏အဆက်အပြတ်ဟိန်းဟောက်သံများက တောင်ထိပ်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်နေလေ၏။
နှင်းကျားသစ်တစ်ကောင်ရုပ်ပျက်ဆင်းပျက်လဲကျသွားသောအခါ မိုးခြုန်းသံကဲ့သို့ ကျယ်လောင်သောအသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းသည် အဝါရောင်ပုံရိပ်တစ်ခု၏တိုက်ခိုက်မှုကို ခံလိုက်ရပြီး သွေးအိုင်ထဲ၌ အရုပ်ကြိုးပြတ်လဲကျသွားလေသည်။
ထိုတိုက်ခိုက်သူသည် ရုတ်တရက် အခြားတစ်ဖက်မှပေါ်လာပြီး လျှပ်စီးကြောင်းကဲ့သို့ပင် သားရဲတိရစ္ဆာန်အုပ်စုအကြားသို့ လျင်မြန်စွာပြေးဝင်သွားသည်။
၎င်းသည် တိဗက်မျိုးနွယ်ဝင်အစောင့်အရှောက်ခွေးကြီးတစ်ကောင်ဖြစ်သည်။ ၎င်း၏လည်ဆံမွေးများသည် ခြင်္သေ့တစ်ကောင်၏လည်ဆံမွေးများကဲ့သို့ ထူထဲရှည်လျားပြီး ၎င်း၏လက်သည်းများတွင် နှင်းကျားသစ်၏သွေးများစွန်းထင်းနေလေသည်။
ထိုအစောင့်အရှောက်ခွေးကြီးသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ခြေတစ်လှမ်းခုန်လိုက်ရုံမျှဖြင့်ပင် အတော်ဝေးဝေးသို့ရောက်နိုင်ပေ၏။
အရပ်မျက်နှာတိုင်းတွင် သွေးများစွန်းထင်းနေပြီး ဝံပုလွေများ၏နာကျင်စွာ အော်ဟစ်သံများကိုလည်း ကြားနေရသည်။ ဝံပုလွေတစ်ကောင်သည် လည်မျိုကိုအကိုက်ခံလိုက်ရပြီး အောက်ဘက်သို့ ဆွဲခါပစ်ချခံလိုက်ရသည်။
အခြားတစ်ကောင်သည် လေထဲသို့လွင့်စင်သွားပြီး ကြီးမားလှသော ကျောက်ဆောင်ကြီးတစ်ခုနှင့် တိုက်မိသွားကာ သတိလစ်မေ့မြောသွားလေသည်။
” အဲ့တာက ကောလာဟလတွေထဲက စစ်မှန်သောအစောင့်အရှောက်ခွေးကြီးပဲ ” ချူဖုန်း အလွန်အံ့အားသင့်သွား၏။
ဒေသခံများ၏ပြောစကားအရ အစောင့်အရှောက်ခွေးများသည် တောတွင်း၌သာ နေထိုင်ကြပြီး ကျားများနှင့် ကျားသစ်များကိုပင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ဆိုကြသည်။ အစောင့်အရှောက်ခွေးအရေအတွက်မှာ နည်းပါးလှပြီး လူသားများ၏မျက်စိရှေ့သို့လည်း ရောက်လာခဲလှသည်။
ယခုမြင်တွေ့နေရသော အစောင့်အရှောက်ခွေးကြီးသည် ကောလာဟလစကားများထက်ပင် ပို၍အင်အားကြီးသေးသည်။ ၎င်းသည် လျှပ်စီးကဲ့သို့လျင်မြန်သောအရှိန်အဟုန်ဖြင့် သားရဲတိရစ္ဆာန်အုပ်စုထဲသို့ ဝင်ရောက်သွားပြီး ကျားသစ်တစ်ကောင်နှင့် ဝံပုလွေနှစ်ကောင်ကို မျက်စိတစ်မှိတ်အတွင်း သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
၎င်းသည် အစောင့်အရှောက်ခွေးများ၏ဘုရင် သို့မဟုတ် ၎င်းထက်ပင်ပို၍ အင်အားကြီးမားသောတစ်စုံတစ်ရာဖြစ်ရမည်ဟု ခန့်မှန်းမိလိုက်သည်။
ထိုအစောင့်အရှောက်ခွေးကြီးသည် နောက်တစ်ကြိမ်ခုန်အုပ်လိုက်ပြီး ၈ မီတာကျော်အကွာအဝေးထိရောက်သွားလေသည်။ ထို့နောက် ၎င်း၏လက်သည်းများကို ဝက်ဝံတစ်ကောင်၏ခွန်အားမျိုးနှင့်လှုပ်ရှားလိုက်ရာ ဝံပုလွေ၏မျက်လုံးတစ်ဖက်သည် ထွက်ကျလာပြီး ထိုဝံပုလွေလည်းလဲကျသွားလေတော့သည်။
ပြီးနောက် ၎င်းသည် နောက်ထပ်နှင်းကျားသစ်တစ်ကောင်ပေါ်သို့ ခုန်အုပ်လိုက်ပြန်လေသည်။ ၎င်းတို့သည် မြေပြင်ပေါ်တွင် လူးလိမ့်ကာ ဒေါသတကြီးတိုက်ခိုက်ကြပြီး ကြောက်မက်ဖွယ်ရာ အော်ဟစ်ဟိန်းဟောက်နေကြလေ၏။
နောက်ဆုံးတွင် နှင်းကျားသစ်သည် လည်မျိုကိုအခဲခံလိုက်ရပြီး သွေးအိုင်ထဲ၌လဲကျသွားလေတော့သည်။ ၎င်းအဖို့ အသက်ဆက်ရှင်ရန် မဖြစ်နိုင်တော့ကြောင်း သိသာလှသည်။
အစောင့်အရှောက်ခွေးကြီးကမူ ယခုတိုင်ဒဏ်ရာစိုးစင်းမျှ မရသေးဘဲ လည်ပင်းတစ်ဝိုက်ရှိ ခြင်္သေ့ကဲ့သို့လည်ဆံမွေးများက ယိမ်းခါနေလေသည်။ ၎င်းသည် အရွယ်အစားအလွန်မကြီးမားသော်လည်း ဒဏ္ဍာရီလာခြင်္သေ့တစ်ကောင်ကဲ့သို့ ခန့်ညားသောအသွင်ရှိပြီး ကျန်ရှိနေသေးသောသားရဲများကို ထပ်မံ၍ခုန်အုပ်တိုက်ခိုက်နေလေသည်။
ချူဖုန်းသည် ထိုကဲ့သို့အင်အားကြီးမားပြီး ကြောက်မက်ဖွယ်ကောင်းသော အစောင့်အရှောက်ခွေးကြီးတစ်ကောင်ရှိနေသည်ကို မယုံကြည်နိုင်ဖြစ်နေသည်။ ၎င်းသည် အချိန်ခဏအတွင်း သားရဲအုပ်စုကြီးတစ်စုလုံးကို သုတ်သင်ရှင်းလင်းပြီးလုနီးပါးဖြစ်နေလေပြီ။
နောက်ဆုံးကျန်သော နှင်းကျားသစ်သေဆုံးသွားပြီး မျက်လုံးတစ်ဖက်နှင့်ဝံပုလွေခေါင်းဆောင်သည်လည်း ဤနေရာမှ အသက်ရှင်လျက်လွတ်မြောက်နိုင်ရန်သာ ရည်ရွယ်လျက် တောင်အောက်သို့ အလျင်အမြန်ထွက်ပြေးသွားလေ၏။
သို့သော် မကြာမီမှာပင် အစောင့်အရှောက်ခွေးကြီးက ၎င်းကိုဖမ်းမိသွားလေသည်။ သွေးဆာနေသောအစောင့်အရှောက်ခွေးကြီးသည် ထိုဝံပုလွေ၏လည်ပင်းကို ပြတ်လုနီးပါးကိုက်ဖြတ်လိုက်လေသည်။
ထို့ကြောင့် ကြောက်မက်ဖွယ်သားရဲ ၉ ကောင်လုံးသည် အချိန်တခဏအတွင်းသေဆုံးသွားကြလေသည်။
ချူဖုန်းသည် သူ၏ဒူးလေးကို ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ ဤနေရာသည် အတော်အန္တရာယ်များသောကြောင့် ဤတစ်ကြိမ်တွင် သူသည် သတိကြီးကြီးထားကာ နိုးနိုးကြားကြားဖြစ်နေလေသည်။
အစောင့်အရှောက်ခွေးကြီးသည် ပြန်လည်ငြိမ်သက်သွားသည်။ ၎င်း၏ခန္ဓာကိုယ်သည် အခြားတိရစ္ဆာန်တို့၏သွေးများဖြင့် ရွှဲရွှဲစိုနေလေသည်။ ၎င်းသည် တောင်ထိပ်ပေါ်မှ အပင်ငယ်လေးကို ငေးကြည့်နေလေ၏။
၎င်းသည် အရွယ်အစားအလွန်မကြီးမားသော်လည်း အမှန်တကယ်ကြောက်မက်ဖွယ်ကောင်းလွန်းလှသည်။ သားရဲတို့၏သွေးများပေကျံနေသော အဝါရောင်သားမွေးများက ၎င်း၏ခွန်အားဗလကြီးမားမှုအတွက် သက်သေသာဓကများပင် ဖြစ်ပေတော့သည်။
ဤဖြစ်ရပ်တစ်ခုလုံးအတွင်း အနက်ရောင်နွားသိုးကြီးသည် မူလနေရာတွင်ပင် ငြိမ်သက်စွာရပ်နေပြီး ကြေးဝါတောင်ထိပ်မှ အပင်ငယ်လေးကို ငေးကြည့်နေလေသည်။ ၎င်းသည် အနီးအနားတွင်ဖြစ်ပွားခဲ့သောတိုက်ပွဲ၌ လုံးဝဝင်မပါဘဲ မူလနေရာမှ ရွေ့ပင်မရွေ့ချေ။
ရွှေရောင်ငှက်ကြီးသည် ၎င်း၏အောက်ဘက်ရှိ မြေပြင်သို့စူးစိုက်ကြည့်နေရင်း ကောင်းကင်ယံတွင် လှည့်ပတ်ပျံသန်းနေဆဲဖြစ်သည်။
ထူးဆန်းသောသက်ရှိ ၃ ကောင်သည် လူသားအသိဉာဏ်ရှိနေသကဲ့သို့ပင် ငြိမ်သက်စွာရှိနေကြသည်။ ၎င်းတို့၏ပစ်မှတ်သည် တောင်ထိပ်ပေါ်မှအပင်ငယ်လေးဖြစ်ကြောင်း ထင်ရှားလှသည်။ သို့သော် တစ်စုံတစ်ခုကို စောင့်မျှော်နေဟန်ဖြင့် မည်သူတစ်ဦးတစ်ယောက်ကမှ မလှုပ်ရှားကြပေ။
ထိုသတ္တဝါ ၃ ကောင်သည် အလွန်ထူးဆန်းနေသောကြောင့် ချူဖုန်းလည်း အတော်အံ့သြနေလေသည်။
အခန်း ( ၄ ) ပြီး၏။