Chapter – 3 ကြေးဝါ ခွန်းလွန်တောင်
” ဒေါင် ”
အချိန်အပြောင်းအလဲကြောင့် ကြေးဝါပြားမှ ပီသသောအသံတစ်သံထွက်ပေါ်လာသည်။
ထိုကြေးပြားကို အမှန်တကယ်ပင် ကြေးဝါဖြင့် ပြုလုပ်ထားကြောင်းသေချာသိပြီးနောက် ချူဖုန်းသည် ၎င်းကို အောက်သို့ပြန်ချထားလိုက်သည်။ သူသည်
ပေါင်ချိန်ထောင်ပေါင်းများစွာလေးသော အဖိုးတန်ရှေးဟောင်းကြေးပြားတစ်ခု ဤနေရာတွင်ရှိနေသည်ကို ယုံကြည်ရခက်နေသည်။ ဤကိစ္စသည် ပေါ့သေးသေးမဟုတ်။
ဤသတင်းသာပြန့်နှံ့သွားလျှင် အကြီးအကျယ်အုတ်အော်သောင်းနင်းဖြစ်သွားကြပေလိမ့်မည်။
” ဘုရင်မ ” နှင့် ” အနောက်ဘက်ဒေသ ” ဟူသော စာလုံး ၂ လုံးကို ကြေးပြားပေါ်တွင် မြင်ရသည်။ ရှေးဟောင်းစာလုံးများသည် ရိုးရှင်းပြီး တန်ဆာဆင်ထားခြင်းမရှိသော်လည်း လူတစ်ဦး၏စိတ်အာရုံကို လွယ်လင့်တကူဖမ်းစားနိုင်သော ထူးခြားဆန်းကြယ်သည့်အရာများဖြစ်ကြသည်။ သို့သော် ထိုစာလုံးများကို စတင်အသုံးပြုခဲ့ကြသောခေတ်သည် ပဟေဠိတစ်ခုအနေဖြင့်သာ ရှိနေသေး၏။
” ဒါကို ဘယ်သူက ခွန်းလွန်တောင်မှာ မြှုပ်ထားခဲ့ပါလိမ့် ”
ချူဖုန်း ကြေးပြားကိုခေါက်ကြည့်သောအခါ သတ္တုတုန်ခါသံများဆက်တိုက်ထွက်လာသည်။ ကံမကောင်းစွာဖြင့်ပင် သူသည် ရှေးဟောင်းသုတေသနပညာရှင်မဟုတ်သဖြင့် ၎င်းကိုမည်သို့အကဲဖြတ်ရမည်မှန်း မသိချေ။
” လွန်ခဲ့တဲ့ရှေးနှစ်ပေါင်းများစွာတုန်းက ဒီနေရာမှာ ခမ်းနားကြီးကျယ်တဲ့ကြေးဝါယဥ်ကျေးမှုတစ်ခု ထွန်းကားခဲ့ပုံပဲ ” သူသည် တွေးတောရင်းပြောနေသည်။
ခွန်းလွန်းတောင်တွင် ဒဏ္ဍာရီဇာတ်လမ်းများစွာရှိသော်လည်း ချူဖုန်းသည် ဘယ်သောအခါကမှ အယူသည်းမှုများကို မယုံကြည်ခဲ့သူဖြစ်၍ ဘုရင်မ နှင့် အနောက်ဘက်ဒေသ ဟူသော စာလုံး ၂ လုံးကို မြင်တွေ့ပြီးသည့်နောက်တွင်ပင် သူသည် ဒဏ္ဍာရီဇာတ်လမ်းများကို မယုံသင်္ကာဖြစ်နေဆဲပင်။
အကယ်၍ အနောက်ဘက်ဒေသ၏မိခင်ဘုရင်မ အမှန်တကယ်တည်ရှိခဲ့သည်ဆိုလျှင်ပင် သူမသည် ရှေးခေတ်က အင်အားကြီးမားသော မျိုးနွယ်စုခေါင်းဆောင်တစ်ဦးသာဖြစ်ပြီး ဤကြေးပြားသည်လည်း ရှေးဟောင်းအမွေအနှစ်တစ်ခုသာ ဖြစ်နိုင်သည် ဟု ချူဖုန်းခံစားမိသည်။
” ကြီးမားပြင်းထန်တဲ့မြေငလျင်တွေကြောင့် သံလိုက်စက်ကွင်းမူမမှန်မှုတွေဖြစ်လာတာပြီးတော့ ငလျင်ကြောင့် မြေပေါ်ရောက်လာတဲ့ ကြေးဝါပြားကြီးက လျှပ်စစ်ဓာတ်အားတွေနဲ့ လျှပ်စီးကြောင်းတွေကို ဆွဲဆောင်နိုင်တာဖြစ်နိုင်တယ် ”
ချူဖုန်းသည် ထိုအဖြေကသာ တကယ့်အကြောင်းရင်းဖြစ်ရမည်ဟု တွေးမိသည်။
သူသည် ကြေးပြားတစ်ခုလုံးကို တူးဖော်ပြီး ပို၍အသေးစိတ်ကျကျလေ့လာလိုသော်လည်း ထိုသို့တူးဖော်ရန် မည်သည့်ကိရိယာပစ္စည်းမှ ပါမလာသဖြင့် လက်လျှော့လိုက်ရ၏။
ထိုနေရာတစ်ဝိုက်တွင် တခဏမျှလှည့်ပတ်ကြည့်ပြီးနောက် သူသည် တောင်ပေါ်သို့ဆက်တက်ရန် ဆုံးဖြတ်လိုက်သည်။
တောင်ပေါ်မှ အက်ကွဲကြောင်းများသည် အလွန်နက်ရှိုင်းလှသည်။ ၎င်းတို့၏အတွင်းပိုင်းသည် မှောင်မည်းနေပြီး ထိတ်လန့်တုန်လှုပ်ဖွယ်အပျက်အစီးများစွာကိုလည်း တွေ့ရသည်။
တောင်တက်လမ်းတစ်လျှောက်တွင် လူသွားလမ်းဟူ၍မရှိဘဲ မြေမျက်နှာသွင်ပြင်အနေအထားအရလည်း အန္တရာယ်များလှသော လမ်းခရီးဖြစ်သည်။ ကြီးမားသော ကျောက်တုံးကျောက်စိုင်များသည် လမ်းတစ်လျှောက်လုံးတွင် ကစဥ့်ကလျားပြန့်ကျဲနေပြီး တောင်ပေါ်သို့ဆက်တက်ရန် တဖြည်းဖြည်းပိုပိုခက်လာသည်။
ချူဖုန်းသည် ကျယ်ပြောလှသောတောင်တန်းတစ်လျှောက်တွင် တစ်ဦးတည်းလျှောက်လာရင်း ဤတောင်၏ခမ်းနားကြီးကျယ်မှုများကို အသိအမှတ်ပြုစပြုလာသည်။ ဤနေရာတစ်ဝိုက်မှ ဒဏ္ဍာရီဇာတ်လမ်းများကိုလည်း ထူးထူးခြားခြားအမှတ်ရနေမိသည်။ သူသည် တောင်နှင့် ကောင်းကင်ယံထိစပ်လုနီးပါးဖြစ်နေသည့် ခပ်လှမ်းလှမ်းမှ မြင်ကွင်းကို ငေးကြည့်နေသည်။ ရင်သပ်ရှုမောဖွယ်မြင်ကွင်းတစ်ခုပေတည်း။
သူသည် ကြေးပြားကိုတွေ့ခဲ့သောနေရာမှတစ်ဆင့် တောင်ပေါ်သို့ဆက်တက်လာခဲ့ရာ နောက်ထပ် မီတာ ၁၀၀၀ ကျော်အမြင့်သို့ရောက်နေလေပြီ။ မြေငလျင်လှုပ်ခတ်ပြီးချိန်တွင် တောင်တက်ရသည်မှာ အမှန်တကယ်ခက်ခဲလှသည်။ အချိန်မရွေးပြုတ်ကျလာနိုင်သော လျော့တိလျော့ရဲကျောက်တုံးကျောက်ဆောင်များ၏ အန္တရာယ်ကိုလည်း ထည့်သွင်းစဥ်းစားရပေဦးမည်။
သူ့ရှေ့တွင် မကြာသေးမီက ပြိုကျထားသောတောင်နံရံတစ်ခုရှိနေပြီး မြေကြီးများနှင့် ကျောက်တုံးများလည်း စုပုံနေလေသည်။
ချူဖုန်းသည် အဝေးတစ်နေရာမှ ထူးဆန်းသောအရာတစ်ခုကို မြင်လိုက်ရပြီး အံ့အားသင့်သွား၏။ သူမြင်လိုက်သောအရာကို အတည်ပြုနိုင်ရန် တောင်ပေါ်သို့ လျင်မြန်စွာတက်သွားလိုက်သည်။
” ဟာ ကြေးဝါတွေပဲ ”
သူသည် ပြိုကျနေသောတောင်နံရံအတွင်း၌ အစိမ်းပုတ်ရောင်အကွက်များကို ခပ်ဝေးဝေးကတည်းက မြင်ရသည်။ ထိုအစိမ်းရောင်အကွက်များသည် နေရာသေးသေးလေးတစ်ခုထဲတွင်သာ ရှိနေသည်မဟုတ်ဘဲ ထိုတောင်နံရံတစ်ခုလုံးတွင် ရှိနေခြင်းပင်။
နောက်ဆုံးတွင် သူသည် ထိုနေရာသို့ရောက်လာခဲ့ပြီး ထိုအကွက်များကို ရှင်းလင်းပြတ်သားစွာ မြင်လိုက်ရသည်။
” ငါထင်ထားသလိုပဲ ”
ယခုဖြစ်ရပ်သည် စောစောကသူရှာတွေ့ခဲ့သော ကြေးဝါပြားကြီးထက်ပင် ပို၍အံ့သြစရာကောင်းနေသည်။
ကြီးမားသောတောင်နံရံကြီးပြိုကျသွားပြီးနောက်တွင် တောင်တန်းကြီး၏ အချိန်ကြာမြင့်စွာဖုံးကွယ်ထားသော အမှန်တရားသည် ပေါ်ထွက်လာခဲ့ပေပြီ။
ကျောက်ဆောင်ထူသော တောင်နံရံဆင်ခြေလျှောတွင် အစိမ်းရောင်အကွက်များ ရှိနေသည်။ ရှေးကျပြီးလျှို့ဝှက်ဆန်းကြယ်သောကြေးဝါဗိသုကာလက်ရာတစ်ခုသည် ပြိုကျနေသာတောင်နံရံအတွင်းမှ တဖြည်းဖြည်းထွက်ပေါ်လာ၏။
ကျောက်ဆောင်ထူထပ်သော တောင်နံရံ၏ အတွင်းဘက်၌ ရိုးရှင်းပြီးသီးသန့်ဆန်သောကြေးဝါအဆောက်အဦး ၃ ခုကို တည်ဆောက်ထားသည်။ ထိုအဆောက်အဦးများ၏အချို့အစိတ်အပိုင်းများသည် မြေကြီးထဲတွင် နစ်မြုပ်နေဆဲဖြစ်သော်လည်း အစိတ်အပိုင်းအများစုကိုမူ မြင်နေရပြီဖြစ်သည်။
ဤအဆောက်အဦး ၃ ခု ၏ ပုံစံသည် ရှေးဟောင်းဆန်ပြီး ၎င်းတို့၏ရင်သပ်ရှုမောဖွယ်ကြီးကျယ်ခမ်းနားမှုသည် သမိုင်းကြောင်းတစ်လျှောက် ယဥ်ကျေးမှုဓလေ့ထုံးတမ်းများနှင့် ဆက်စပ်နေဟန်ရှိသည်။
ထိုအဆောက်အဦးများ၏ခေါင်မိုးကို ဖုံးအုပ်ထားသည့် ညီညာသပ်ရပ်သောကြေးပြားအတန်းများကြောင့် အဝေးမှကြည့်လျှင် ၎င်းအဆောက်အဦးများကို အစိမ်းရောင်အကွက်များဖြင့်ဖုံးအုပ်ထားသယောင် ထင်ရခြင်းဖြစ်၏။
ချူဖုန်းသည် အလွန်အမင်းအံ့အားသင့်သွားပြီး စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားနိုင်ရန် ခက်ခက်ခဲခဲကြိုးစားနေရသည်။
ယခုတွေ့ရှိမှုသည် ကြီးကျယ်ပြီး ထူးခြားဆန်းပြားသော မဟာတွေ့ရှိမှုကြီးတစ်ခုဖြစ်သည်။ သူသည် ကြီးမားသောကြေးဝါအသုံးအဆောင်ပစ္စည်းများနှင့် များစွာသောကြေးဝါဗိသုကာလက်ရာများကို ခွန်းလွန်တောင်၏မြေနက်ပိုင်းနေရာများတွင် မြှုပ်နှံထားခြင်းကို တွေ့ရှိခဲ့ရသည်။
ဤအရာများသည် မည်သည့်ခေတ်ကလက်ရာများဖြစ်သနည်း။
ဤအရာများကို မည်သူက တည်ဆောက်ခဲ့သနည်း။
ဤနေရာသည် ရှေးဟောင်းသမိုင်းတွင်ပင် မှတ်တမ်းတင်မထားသော လွန်ခဲ့သောနှစ်ပေါင်းများစွာက
ကြီးကျယ်ခမ်းနားသည့်ကြေးဝါယဥ်ကျေးမှု ထွန်းကားခဲ့သောနယ်မြေတစ်ခုလုံး၏ အမွေအနှစ်များကိုဖုံးကွယ်ထားသောနေရာဖြစ်မည်ဟု ချူဖုန်းယုံကြည်လိုက်သည်။
သို့သော် သူသည်စိတ်ရှုပ်ထွေးနေပြီး တစ်ချိန်တည်းမှာပင် စိုးရိမ်ပူပန်နေသည်။
ယနေ့ခေတ်တွင် ဆီမီကြေးအိုးကို အကြီးမားဆုံးကြေးဝါလက်မှုပညာဟု သိထားကြသည်။ သို့သော် ဤနေရာ၌ကွယ်ဝှက်ထားသည့် ရှေးဟောင်းအမွေအနှစ်များဖြစ်သော ကြေးဝါပြား၊ ကြေးဝါအဆောက်အဦးတို့နှင့် ယှဥ်လျှင် ထိုကြေးအိုးသည် ပို၍သေးငယ်နေလေ၏။
ထို့ပြင် ကြေးအိုးများပြုလုပ်ရခြင်းထက် ထိုကဲ့သို့သောအဆောက်အဦးများဆောက်လုပ်ရခြင်းက ပို၍ခက်ခဲသည်မှာ ယုံမှားဖွယ်ပင်မရှိ။
ကြေးဝါဖြင့်ဆောက်လုပ်ထားသော ဤအဆောက်အဦးများသည် ခမ်းနားကြီးကျယ်မှု၊ တည်ကြည်လေးနက်မှုနှင့် အတန်ငယ်လျှို့ဝှက်ဆန်းကြယ်မှုတို့ကို ထင်ဟပ်စေသည်။
အကယ်၍ ဤရှာဖွေတွေ့ရှိမှုကို တစ်ကမ္ဘာလုံးအား အသိပေးလိုက်လျှင် ယခင်က ဤမျှကြီးမားလှသော ရှေးဟောင်းကြေးဝါပစ္စည်းများကို မည်သူကမျှမတွေ့ရှိခဲ့ဖူးသောကြောင့် ထိုပစ္စည်းများကို တန်ဖိုးမဖြတ်နိုင်သော ရတနာများအဖြစ် သတ်မှတ်ခံရမည်ဖြစ်ပြီး ထူးခြားဆန်းသစ်သော ရှာဖွေတွေ့ရှိမှုကြီးတစ်ခု ဖြစ်ပေလိမ့်မည်။
ချူဖုန်းကဲ့သို့ ပုံမှန်အားဖြင့် တည်ငြိမ်အေးဆေးစွာနေတတ်သူတစ်ယောက်ပင်လျှင် အလွန်အံ့အားသင့်ဖွယ်ကောင်းသော ဤကြေးဝါရုပ်ကြွင်းများကို ရှာဖွေတွေ့ရှိလိုက်သောအခါ မသိစိတ်တွင် အလွန်တရာရင်ခုန်စိတ်လှုပ်ရှားသွားခဲ့သည်။
သူသည် အနည်းငယ်အားစိုက်ပြီး ကြေးဝါတံခါးကိုတွန်းဖွင့်လိုက်သည်။ သတ္တုများပွတ်တိုက်မိသကဲ့သို့ အသံမျိုးထွက်ပေါ်လာပြီး တံခါးလည်းပွင့်သွား၏။
ချူဖုန်းသည် အထဲသို့ချက်ချင်းမဝင်သေးဘဲ အပြင်ဘက်မှနေ၍ တခဏမျှလေ့လာကြည့်ပြီးမှ သတိကြီးကြီးထားကာ အထဲသို့ဝင်လိုက်သည်။ ခြောက်ကပ်နေသော အခန်းအတွင်းပိုင်းသည် အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့်ပရိဘောဂပစ္စည်းမှ မရှိသည့်အခန်းလွတ်ကြီးဖြစ်သည်။
အလားတူပင် အခြားအဆောက်အဦး ၂ ခုတွင်လည်း ထူးခြားမှုတစ်စုံတစ်ရာမတွေ့ရပေ။ ကြမ်းပြင်များနှင့် နံရံများကို တန်ဆာဆင်ထားခြင်းမရှိဘဲ အခန်းလွတ်များသာ ဖြစ်ကြသည်။
အဆောက်အဦးများထဲမှ ပြန်ထွက်လာသောအခါ ချူဖုန်းတွင် ယခင်ကထက် မေးခွန်းများပိုများလာသည်။ ဤအဆောက်အဦးများကို နေအိမ်အဖြစ်အသုံးပြုခဲ့သည်လော သို့တည်းမဟုတ် ဝတ်ပြုဆုတောင်းခြင်းအခမ်းအနားများအတွက် အသုံးပြုခဲ့သည်လော။
ရှေးခေတ်ကလူများသည် ပုံကြီးချဲ့လွန်းလှသည်။
ရှန်မင်းဆက်လက်ထက်က ဆီမီကြေးဝါအိုးကို ရာနှင့်ချီသောကြေးဝါလက်မှုပညာရှင်အများအပြားက အတူတကွခက်ခက်ခဲခဲသွန်းလုပ်ခဲ့ရသည်ဟု သမိုင်းမှတ်တမ်းများတွင် ဖော်ပြထား၏။
ထိုကြေးအိုးကိုပင် ထိုကဲ့သို့သွန်းလုပ်ခဲ့ရပါက ယခုကဲ့သို့ ဧရာမကြေးဝါဗိသုကာလက်ရာမျိုးကို ဆောက်လုပ်ရန်ဆိုလျှင် မည်မျှပင်ခက်ခဲလိမ့်မည်နည်း။
ဤနေရာ၌ အချိန်အတော်ကြာဖြုန်းလိုက်မိသည်ကို သတိပြုမိပြီးနောက် ချူဖုန်းသည် တောင်ပေါ်သို့ဆက်တက်ရန် ဆုံးဖြတ်လိုက်သည်။
နာရီအနည်းငယ်ကြာပြီးနောက် နောက်ဆုံးတွင် တောင်ထိပ်နားသို့ ရောက်လာချိန်၌ သူသည်အလွန်မောပန်းနေပြီးချွေးများလည်း ရွှဲစိုနေလေသည်။ တောင်ထိပ်သို့ရောက်ရန် မီတာအနည်းငယ်မျှသာ လိုတော့သည်။
ချူဖုန်းသည် အရပ်ရှည်သည်။ ကြံ့ခိုင်သည်။ သက်လုံကောင်းသည်။ သို့သော် ယခုကဲ့သို့ကြီးမားလှသောတောင်ကြီးကို တက်ပြီးသောအခါတွင်မူ သူသည်မောပန်းနွမ်းနယ်နေလေ၏။
သူသည် တောင်ထိပ်နားတွင်ရပ်ပြီး အဝေးသို့ငေးကြည့်လိုက်သောအခါ မြင့်မားလှသော တောင်စဥ်တောင်တန်းများနှင့် ကျယ်ပြောလှသောကုန်းမြေများကို မျက်စိတစ်ဆုံးမြင်လိုက်ရသည်။ ထိုမြင်ကွင်းကြောင့် သူကိုယ်သူအလွန်သေးငယ်လှသော အမှုန်အမွှားလေးတစ်ခုကဲ့သို့ပင် ခံစားလိုက်မိသည်။
ချူဖုန်းသည် ကောင်းကင်ပြာကြီးကို မော့ကြည့်လိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏စိုးရိမ်သောကများ၊ ဘွဲ့ထူးဂုဏ်ထူးများနှင့် သိမ်ငယ်ရခြင်းများအားလုံးကို မေ့ပျောက်သွားနိုင်ပြီး သက်သောင့်သက်သာရှိသကဲ့သို့ ခံစားရသည်။ ထိုအရာများသည် အရေးမပါသောအရာများသာ ဖြစ်သည်။
တောင်ထိပ်အမြင့်ပိုင်းသို့ရောက်နေသော်လည်း မြက်ပင်များနှင့် သစ်ပင်များကိုသာ တွေ့နေရပြီး ဆီးနှင်းများကိုမူ မတွေ့ရသဖြင့် ချူဖုန်းသည် စိတ်ရှုပ်ထွေးသွားပြီး ဝေခွဲမရဖြစ်သွားလေ၏။
” မိုးကြိုးပစ်ခံထားရတဲ့ လက္ခဏာတွေ ”
ချူဖုန်းသည် လျှပ်စီးကြောင်းတစ်ခု၏ သင်္ကေတဖြစ်သော မီးလောင်ကျွမ်းနေသည့်အမှတ်အသားအချို့ကို သတိပြုမိလိုက်သည်။ ထိုနေရာအတွင်းရှိ အပင်များအားလုံး လောင်ကျွမ်းပြာကျနေလေပြီ။
ထို့ပြင် အချို့ကျောက်တုံးကြီးများ အက်ကွဲနေပြီး တောင်နံရံ၏အစိတ်အပိုင်းအများအပြားလည်း ပြိုကျနေသည်။
ဤဖြစ်ရပ်က ထူထပ်သိပ်သည်းသောမြူခိုးမြူငွေ့များနှင့် အပြာရောင်အလင်းတန်းများသည် လျှပ်စီးကြောင်းများကြောင့် ဖြစ်လာခြင်းဖြစ်သည် ဟူသော လုရှန်၏အတွေးကို ပိုမိုအားဖြည့်ပေးလိုက်သည်။ ဤနေရာတစ်ခုလုံးပင် လျှပ်စီးကြောင်းများ၏ဒဏ်ကို ခံလိုက်ရသည်။
အရှေ့မှလမ်းကို ကျောက်တုံးကြီးများက ပိတ်ဆို့ထားသောကြောင့် ချူဖုန်းသည် ဘေးမှကွေ့ပတ်ပြီး ဆက်သွားရသည်။
သို့သော် တောင်ထိပ်၏အခြားတစ်ဖက်မှ ကွေ့ဝိုက်သွားနေစဥ် သူ၏ခန္ဓာကိုယ်သည် ထိုနေရာတွင်ပင် တောင့်တင်းသွားပြီး မျက်လုံးများပါ ကျဥ်းမြောင်းလာလေသည်။ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် အကြီးအကျယ်စိတ်လှုပ်ရှားရခြင်းပင် ဖြစ်၏။
သူသည် ကြေးဝါအဆောက်အဦးများကို ရှာဖွေတွေ့ရှိခဲ့စဥ်ကပင် ယခုကဲ့သို့မတုံ့ပြန်ဖူးပေ။
ပြိုကျနေသောတောင်နံရံတွင် ကြီးမားသောအက်ကွဲကြောင်းတစ်ခုဖြစ်နေပြီး တောင်နံရံ၏အတွင်းဘက်မှသတ္တုများ ပေါ်ထွက်နေလေသည်။
၎င်းသည် ကြေးဝါတောင်တစ်ခုပင်တည်း။
တောင်နံရံ၏အပျက်အစီးများက ဖုံးကွယ်မထားသောနေရာမှမြင်ကွင်းသည် အမှန်တကယ်ရင်သပ်ရှုမောဖွယ်ကောင်းလှပေ၏။
ဤတောင်၏အတွင်းပိုင်းတွင် ကြေးဝါများရှိနေခြင်း ဖြစ်နိုင်သည်။
နေရာသေးသေးလေးပင်မဟုတ်။ မီတာရာနှင့်ချီ၍ဝေးကွာသော တောင်ထိပ်အထိ နေရာဒေသတစ်ခွင်လုံးကို ကြေးဝါဖြင့်ပြုလုပ်ထားခြင်း ဖြစ်သည်။
တောင်တစ်ခုလုံး၏အတွင်းပိုင်းတွင် ကြေးဝါများဖြင့် ပြည့်နှက်နေပြီး အပေါ်မှ မြေကြီးများ၊ ကျောက်တုံးကျောက်ဆောင်များဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။
လုံးဝ စိတ်ကူးကြည့်၍ပင်မရ။
အမှန်တကယ်အတည်မပြုရသေးသော်လည်း အနည်းဆုံးအနေဖြင့် မီတာ ၂၀၀ တောင်ထိပ်ကို ကြေးဝါဖြင့်ပြုလုပ်ထားကြောင်း သေချာနေပေပြီ။ တစ်ကမ္ဘာလုံးကိုအံ့အားသင့်သွားစေနိုင်ရန် လုံလောက်သောကိန်းဂဏန်းတစ်ခုပင်။
ချူဖုန်းသည် ထိတ်လန့်တုန်လှုပ်နေလေသည်။ ခွန်းလွန်တောင်စဥ်တန်း၏ ကြေးဝါတောင်သည် သူ၏အရွယ်အစားနှင့် သမိုင်းကြောင်းဆိုင်ရာအယူအဆများကို ပျက်ပြားသွားစေသည်။
သူသည် လျှို့ဝှက်ဆန်းကြယ်သော ဒဏ္ဍရီများနှင့် ရိုးရာပုံပြင်များကို အမြဲသံသဃဝင်နေခဲ့ပြီး မယုံကြည်ခဲ့ပေ။
သို့သော် သူ့မျက်လုံးရှေ့ရှိထူးဆန်းသောအရာများကိုမူ ရှင်းပြရန်ခက်ခဲလွန်းလှသည်။
၎င်းသည် အားလုံးကို သေချာပေါက်ထိတ်လန့်အံ့သြသွားစေနိုင်သော ရှာဖွေတွေ့ရှိမှုကြီးပင်။
ချူဖုန်းသည် တောင်ပေါ်သို့ဆက်တက်လာခဲ့သည်။ တောင်ထိပ်နှင့် မီတာ ၁၀၀ မျှသာ ဝေးတော့သည်။ ဤနေရာ၏ကြေးဝါမျက်နှာပြင်သည် အတော်မတ်စောက်ပြီး အန္တရာယ်များသောကြောင့် ရှေ့သို့ဆက်သွားရန်ပင် ခဲယဥ်းနေပေပြီ။
တစ်ချိန်တည်း၌ သူသည် လေထဲတွင် ရုတ်တရက်ပျံ့နှံ့လာသော အမွှေးနံ့တစ်မျိုးကို သတိထားလိုက်မိသည်။
သို့သော် ကြေးဝါများဖြင့်ပြုလုပ်ထားသော မြေပြင်သည် အေးစက်နေပြီး မည်သည့်သဘာဝပေါက်ပင်မှမရှိပေ။
ထို့ကြောင့် ချူဖုန်းသည် ဘေးပတ်ပတ်လည်ကို စေ့စေ့စပ်စပ်ရှာဖွေကြည့်လိုက်ပြီး နောက်ဆုံးတွင် ကြေးဝါတောင်ကမ်းပါး၏အစွန်းတွင် ပေါက်နေသော အပင်တစ်ပင်ကို တွေ့လိုက်ရသည်။
၎င်းသည်တောင်ထိပ်ပေါ်တွင် ပေါက်နေခြင်းဖြစ်သည်။ ချူဖုန်းသည် ထိုပန်းကို ပို၍အသေးစိတ်ကျကျလေ့လာလိုသောကြောင့် ထိုပန်းအနီးသို့သွားနိုင်သောလမ်းကို ရှာရန် နောက်ပြန်လှည့်လိုက်သည်။
နောက်ဆုံးတွင် ထိုပန်းအနီးသို့မရောက်သော်လည်း စောစောကထက်ပို၍နီးကပ်ပြီး ပို၍ကောင်းကောင်းမြင်ရသော အခြားလမ်းကြောင်းတစ်ခုကို ရှာတွေ့သွားသည်။
၁၅၀ စင်တီမီတာခန့်မြင့်သော စိမ်းလန်းစိုပြေနေသည့် အပင်ငယ်လေးသည် ကြေးဝါတောင်ကမ်းပါးပေါ်တွင် ခိုင်မြဲစွာအမြစ်တွယ်နေလေသည်။ ထိုအပင်တွင်ပွင့်နေသော ပန်းတစ်ပွင့်သာရှိသည်။
ချူဖုန်းသည် အမှားအယွင်းမရှိသေချာစေရန် နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သည်။ အပင်အောက်တွင်မြေကြီးများမရှိ။ အံ့သြသင့်ဖွယ်အပင်သည် ကြေးဝါတောင်ကမ်းပါးပေါ်၌သာ အမြစ်တွယ်နေခြင်းဖြစ်၏။
ထိုကဲ့သို့သောအဖြစ်အပျက်မျိုးသည် ရှင်းပြ၍မရနိုင်လောက်အောင်ပင် အလွန်ထူးဆန်းလှပေသည်။
သူသည် အပင်ကို ပို၍နီးနီးမြင်နိုင်အောင် အခြားတစ်နေရာသို့ပြောင်းရွှေ့လိုက်ပြီး ကြေးဝါထဲ၌ အမြစ်တွယ်နေသောအပင်ငယ်လေးကို အနီးကပ်ကြည့်ရှုလိုက်သည်။
အခန်း ( ၃ ) ပြီး၏။