အခန်း (၁) ဆယ့်တစ်နှစ်တိုင်အံစာတုံးခေါက်ခြင်း
[အမည်: ဟန်ကျွယ်]
[အသက်: ၁၁/၆၅]
[ခန္ဓာကိုယ်: မော်တယ်]
【ကျင့်ကြံမှု: မရှိ】
【ကျင့်စဉ်: မရှိ】
【မှော်ပညာပညာ: မရှိ】
【ဆန်းကြယ်စွမ်းအား: မရှိ】
【အသုံးအဆောင်: မရှိ】
[ကျင့်ကြံခြင်းစွမ်းရည်: အလွန်ညံဖျင်း (အံစာတုံးလှည့်ဖို့ နှိပ်ပါ)]
[ကံတရားမှာ အောက်ပါအတိုင်း ဖြစ်သည် (အံစာတုံးလှည့်ဖို့ နှိပ်ပါ)]
【မြေနှင့်သစ်သား စိတ်ဝိဉာဉ်: မြေနဲ့သစ်သား စိတ်ဝိဉာဉ်အမြစ်အား အင်အားကောင်းစေသည်】
【လှံသားတော်: လှံပါရမီ မြှင့်တင်ခြင်း၊ ကိုယ်ကာယကို သန်မာစေသည်]
[ဂိမ်းကို စတင်ဖို့ နှိပ်ပါ]
သူ့ရှေ့မှာရှိတဲ့ အချက်အလက်တွေကို ကြည့်ရှုပြီး ဆယ့်တစ်နှစ်သာရှိသေးတဲ့ ဟန်ကျွယ်ဟာ စိတ်ပျက်သွားပါတယ်။
ကျင့်ကြံခြင်းစွမ်းရည်နဲ့ ကံတရားအထောက်အပံ့ဟာ နေ့တိုင်း အံစာတုံးခေါက်တာနဲ့ ကျပန်း ပြောင်းလဲသွားပါတယ်။ ဒါပေမယ့် အံစာတုံးက တစ်နေ့ကို တစ်ကြိမ်သာ ခေါက်နိုင်ပြီး မနက် ၇ နာရီတိုင်းမှာ အသစ်ပြန်စပါတယ်။
ဟန်ကျွယ် အံစာတုံးခေါက်နေတာ သူမွေးကတည်းကပါ။ အခုဆိုရင် ဆယ်တစ်နှစ်တောင် ကြာခဲ့ပြီဖြစ်ပေမယ့် ဟန်ကျွယ်ဟာ အခုထိ အကောင်းဆုံးပါရမီနဲ့ အကောင်းဆုံး ကံတရားအထောက်အပံ့ကို မရရှိသေးပါဘူး။
“ငါ ဒီအတိုင်းပဲ ဂိမ်းကို စလိုက်သင့်လား”
ဟန်ကျွယ်ဟာ ရုတ်တရက် တွေးလိုက်ပါတယ်။
“ဒီလိုလုပ်တာ မကောင်းသေးပါဘူးလေ”
ကျင့်ကြံသူတွေနေထိုင်တဲ့ ကမ္ဘာကို ရောက်လာမှတော့ သာမန်လူသားအဖြစ်နေရတာ အဆင်မပြေနိုင်ပါဘူး။ ဒီလောက်စုတ်ချာနေတဲ့ အချက်အလက်တွေနဲ့ ဟန်ကျွယ်ဟာ ဘယ်လိုလုပ်ပြီး စွမ်းအားကြီး ကျင့်ကြံသူ ဖြစ်နိုင်မှာလဲ။
ဟန်ကျွယ်ဟာ စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်ချင်တာပါ။
‘ထပ်လှည့်မယ်’
ဟန်ကျွယ်ဟာ ဆုံးဖြတ်ချက်ချကာ လက်မြောက်ပြီး သူ့ရှေ့က အချက်အလက်စာရင်းကို လက်ညိုးထိုးလိုက်ပါတယ်။
ကျင့်ကြံခြင်းစွမ်းရည်က ပြောင်းလဲသွားပါတယ်!
【ကျင့်ကြံခြင်းစွမ်းရည်: မရှိ】
ငယ်ငယ်ရွယ်ရွယ်နဲ့ မရင့်ကျက်သေးတဲ့ ဟန်ကျွယ်မျက်နှာဟာ ချက်ချင်းပဲ မဲမှောင်သွားပါတယ်။
ဟန်ကျွယ်ဟာ ထပ်နှိပ်လိုက်ပါတယ်!
[အထီးကျန်ကြယ်ရဲ့ကံကြမ္မာ: နှစ်ပေါင်းတစ်ရာ အထီးကျန်စွာ နေရမည်]
‘သေစမ်းဟ’
အထီကျန်ကြယ်ရဲ့ ကံကြမ္မာ။
ဘယ်သူကများ တစ်ယောက်တည်း တစ်ဘဝလုံးနေချင်မှလဲ။
ဟန်ကျွယ်ဟာ ဒေါသထွက်လွန်းလို့ အနားကမြက်တွေကို ကန်ထုတ်ပစ်လိုက်ပါတယ်။
ဆယ့်တစ်နှစ်လုံးလုံး အံစာတုံးခေါက်လာခဲ့ပေမဲ့ ဟန်ကျွယ်ဟာ အခုထိ စိတ်ဝိဉာဉ်အမြစ် ကောင်းကောင်းကို မရသေးသလို ကံတရားအထောက်အပံ့ ကောင်းကောင်းကိုလည်း မရရှိသေးပါဘူး။
“ဒီလိုပုံစံနဲ့ ငါ ဂိမ်းကို စလို့မဖြစ်ဘူး… ငါ ထပ်ခေါက်မယ်… ငါ ဒီထက်ကောင်းတာ မရနိုင်ဘူးဆိုတာ လုံးဝမယုံဘူး”
ဟန်ကျွယ်ဟာ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပါတယ်။ နာရီဝက်ကျော် ကြာပြီးတဲ့ နောက်မှာတော့ ယောက်ယက်ခတ်နေခဲ့တဲ့ ဟန်ကျွယ်စိတ်ဟာ ပြန်လည်ပြီးတော့ တည်ငြိမ်သွားတာပါတယ်။ ဟန်ကျွယ်ဟာ မတ်တပ် ကောက်ရပ်လိုက်ပါတယ်။
ဟန်ကျွယ်က လူဝင်စား တစ်ဦးပါ။ ဟန်ကျွယ်ဟာ အရင်ဘဝတုန်းက ကမ္ဘာမြေပရဲ့ ၂၁ ရာစုမှာ နေထိုင်ခဲ့တာပါ။ အရင်ဘဝတုန်းက ဟန်ကျွယ်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့်မြင့်ကင်ဆာကို ခံစားခဲ့ရပါတယ်။ ဟန်ကျွယ်ဟာ နာကျင်တဲ့ကုထုံးတွေနဲ့ ရောဂါကိုကုသမဲ့အစား အိမ်မှာနေပြီး သေခြင်းတရားကို ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့ပါတယ်။ ဟန်ကျွယ်ဟာ အဲဒီညမှာပဲ နာကျင်မှုတွေကို လျစ်လျူရှူနိုင်ဖို့အတွက် ကျင့်ကြံခြင်းဂိမ်းတစ်ခုကို အွန်လိုင်းမှာရှာပြီး ဆော့ကစားခဲ့ပါတယ်။
ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းဂိမ်းကို ဆော့ကစားရင်း ပျော်ရွှင်လာတာကြောင့် တစ်ညလုံး မိုးလင်းပေါက် ထိုင်ဆော့ခဲ့ပါတယ်။ အရုဏ်တက်လာလို့ ဟန်ကျွယ် တစ်ခဏ အိပ်ငိုက်သွားပြီး မျက်လုံးပြန်ဖွင့်လိုက်တဲ့ အခါမှာတော့ သူဟာ ရှေးဟောင်းကမ္ဘာမှာ ပြန်လည်မွေးဖွားသွားတာကို တွေ့ရှိလိုက်ရပါတယ်။ ဟန်ကျွယ် ပြန်လည်မွေးဖွားတဲ့နေရာကတော့ ကျင့်ကြံခြင်းဂိုဏ်းတစ်ခုဖြစ်တဲ့ ယွီဂျင်ဂိုဏ်းပဲ ဖြစ်ပါတယ်။ ယွီဂျင်ဂိုဏ်းဟာ ရန်ဒေသမှာရှိတဲ့ လက်ယာဂိုဏ်းတစ်ခု ဖြစ်ပါတယ်။
ဟန်ကျွယ်ဟာ ကင်ဆာနောက်ဆုံးအဆင့်ကို ခံစားနေရမှန်း သိလိုက်ရတဲ့နေ့တုန်းက အလွန်အမင်း တုန်လှုပ်ချောက်ချားသွားခဲ့ပြီး ဘဝဟာ အရမ်းအရေးကြီးတယ်ဆိုတာကို ပထမဆုံး ခံစားမိလိုက်ပါတယ်။
ဒါပေမယ့် ဒီဘဝမှာတော့ ဟန်ကျွယ်ဟာ မသေမျိုးဖြစ်လာအောင် လေ့ကျင့်နိုင်ပါတယ်။ ဟန်ကျွယ်ဟာ မသေမျိုးဖြစ်အောင် လေ့ကျင့်နိုင်တာကို သိလိုက်ရတဲ့အခါမှာ တော်တော်လေး အံအားသင့်သွားပါတယ်။ အဲဒီနောက် ဟန်ကျွယ်ဟာ မသေမျိုးဖြစ်အောင် ကျင့်ကြံအားထုတ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဟန်ကျွယ်ဟာ သူများတွေထက် အသက်ရှည်ရှည် နေချင်လို့ပါပဲ။ ဒါပေမယ့် သာမန်လူသားတွေက မသေမျိုး ဖြစ်လာအောင် လေ့ကျင့်အားထုတ်နိုင်စွမ်း မရှိကြပါဘူး။
ဟန်ကျွယ်ဟာ မွေးဖွားကတည်းက ဖိအားကင်းတဲ့ ဘဝမှာ နေထိုင်ခဲ့ပါတယ်။ သူ့မိဘတွေက အကြီးအကဲသံမဏိရဲ့ အစေခံတွေပါ၊ အကြီးအကဲသံမဏိက ယွီဂျင်ဂိုဏ်း အပြင်စည်းက အဂ္ဂိရတ်ဆရာ တစ်ဦး ဖြစ်ပါတယ်။
အဂ္ဂိုတ်ရိတ်ဆရာတွေဟာ အထူးအဆင့်အတန်း ရှိတာကြောင့် အပြင်ဂိုဏ်းထဲမှာ အကြီးအကဲသံမဏိကို ဘယ်သူမှာ မရိုမသေ မဆက်ဆံရဲပါဘူး။ အကြီးအကဲသံမဏိမှာ အစေခံတွေ ဒါဇင်ကျော်ရှိပြီး အကုန်လုံးက သေမျိုးတွေ ဖြစ်ပါတယ်။
အစေခံတွေမှာ စိတ်ဝိဉာဉ်အမြစ် ရှိနေရင်တောင် အကြီးအကဲသံမဏိက သူ့အစေခံတွေကို ကျင့်ကြံဖို့ ခွင့်မပြုထားပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစေခံတွေက သူ့ဆေးပင်တွေကို ခိုးယူ အသုံးပြုမှာစိုးလို့ပါ။ အကြီးအကဲသံမဏိရဲ့ ဆေးပင်တွေက ကျင့်ကြံသူတွေအတွက် အကျိုးကျေးဇူး အများကြီး ပေးပေမယ့် သာမန်လူတွေအတွက်တော့ သိကြားမင်းဆင်းကယ်တောင် ထိုင်ငိုရဲမဲ့ အဆိပ်ပါပဲ။
ဟန်ကျွယ်ရဲ့ အသက်ခြောက်နှစ်မှာပဲ ဟန်ကျွယ့်မိဘတွေဟာ ဟန်ကျွယ့်ကို အကြီးအကဲသံမဏိရဲ့ ဆေးဥယျာဉ်မှာ ထားခဲ့ပြီး ထွက်ပြေးသွားပါတယ်။ ကလေးနဲ့ပြေးရင် အဆင်မပြေမှာ စိုးတဲ့အတွက် ဟန်ကျွယ်ကို ထားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် မကျွေးမွေးချင်တာ၊ တစ်ခြားအကြောင်းအရင်း တစ်ခုခု ရှိနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဟန်ကျွယ်မိဘအရင်းတွေကလွဲလို့ ဘယ်သူမှ အမှန်တရားကို မသိနိုင်ပါဘူး။
အကြီးအကဲသံမဏိက ဒီကိစ္စကို ဂရုမစိုက်ဘဲ ဟန်ကျွယ်ကို သူ့ဆေးပင်တွေ ဂရုစိုက်ခိုင်းပါတယ်။ နှစ်တွေကြာလာတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ဆေားဥယျာဉ်ထဲက ပန်းတွေနဲ့ ဆေးပင်တွေ အကုန်လုံးကို သိနေပြီ ဖြစ်ပါတယ်။
အကြီးအကဲသံမဏိက ဟန်ကျွယ်ကို ဘာမှခက်ခဲအောင် မလုပ်တဲ့အတွက် ဟန်ကျွယ်ဟာ ဆက်ပြီး အံစာတုံးခေါက်ကာ သူ့ကံတရားကို ပြောင်းလဲဖို့ ကြိုးစားပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် အခုအချိန်မှာ ဟန်ကျွယ်ဟာ သာမန်လူတစ်ဦးပါ။ ဒီတော့ အခွင့်အရေးကောင်းကို စောင့်နေတာက ပိုကောင်းပါတယ်။
‘အို… ဆက်ပြီးတော့ ခေါက်အုန်းမှာပဲ၊ ကောင်းကင်ကို အံတုနိုင်လောက်တဲ့ ကံတရားအထောက်အပံ့မျိုးကို အသက်သုံးဆယ်မတိုင်ခင် မရရင်တော့ ရှိတာနဲ့ပဲ စတာပေါ့’
‘သာမန်လူသားကနေ မသေမျိုးဖြစ်အောင် လေ့ကျင့်ရမယ် … သာမန်လူသားကနေ မသေမျိုးဖြစ်အောင် လေ့ကျင့်ရမယ်’
ဟန်ကျွယ်ဟာ တိတ်တဆိတ် တွေးတောနေခြင်း ဖြစ်ပါတယ်။
ဆေးဥယျာဉ်ထဲက အသက်အကြီးဆုံး အစေခံဟာ အသက်ခုနစ်ဆယ် ကျော်ပါပြီ။ သူ့ကို တစ်ခြားအစေခံတွေက အဘိုးကြီးဝမ်လို့ ခေါ်ကြပါတယ်။ အဘိုးကြီးဝမ်ဟာ ငယ်ငယ်ကတည်းက ဒီဆေးဥယျာဉ်မှာ အစေခံလုပ်ခဲ့တာပါ။ အခုတော့ သူဟာ အစေခံအားလုံးရဲ့ ခေါင်းဆောင်ဖြစ်နေပါပြီ။ အစေခံအားလုံးကလည်း အဘိုးကြီးဝမ်ကို ခေါင်းဆောင်အဖြစ် တစ်ညီတညွှတ်တည်း အသိအမှတ် ပြုကြပါတယ်။
ဟန်ကျွယ်ဟာ ထိုင်နေရာကနေထလိုက်ပြီး ဆေးဥယျာဉ်ကို ပြန်ကာ အပင်တွေကို ရေလောင်းပေါင်းသင်တာ မကောင်းတဲ့ အရွက်ခြောက်တွေကို ဖယ်ရှားတာ စတာတွေကို လုပ်ဆောင်ပါတယ်။
ဆေးဥယျာဉ်ဟာ ၂၁ရာစုက ဘောလုံးကွင်းတစ်ကွင်းစာလောက်ကို ကြီးမားပါတယ်။ ဒီမှာရှိတဲ့ အစေခံတိုင်းဟာ သူတို့အလုပ်ကို ဂရုတစိုက် လုပ်ဆောင်ကြပါတယ်။ သူတို့တွေ ပေါ့ဆမိလို့ ဆေးပင်နဲ့ ပန်းပင်တွေကို ထိခိုက်မိရင် အကြီးအကဲသံမဏိက အကြီးအကျယ် ဒေါသထွက်မှာပါ။ နောက်ပြီး တစ်ချို့ဆေးပင်တွေက အကိုင်းအခက် အရွက်ကစလို အမြစ်အထိ တစ်ပင်လုံး အဆိပ်တွေချည်းပါပဲ။
အကြီးအကဲသံမဏိဟာ လွန်ခဲ့တဲ့လက အပြင်ထွက်သွားပါတယ်။ အနည်းဆုံး နှစ်လသုံးလကြာမှ ပြန်လာလိမ့်မယ်လို့ ဟန်ကျွယ် ခန့်မှန်းလိုက်ပါတယ်။ ကျင့်ကြံသူတစ်ဦးအတွက် နှစ်လသုံးလဆိုတဲ့ အချိန်က မျက်တောင်တစ်ခတ်စာတောင် မရှိပါဘူး။
ဆေးဥယျာဉ်မှာ ဟန်ကျွယ်ဟာ စကားသိပ်မပြောတဲ့အတွက် သူငယ်ချင်း မရှိပါဘူး။ ဒါပေမယ့် အဘိုးကြီးဝမ်နဲ့တော့ မကြာခဏ စကားပြောလေ့ရှိပါတယ်။
အလုပ်တွေပြီးသွားတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူ့အိမ်ကို ပြန်ပြီး သူ့ခန္ဓာကိုယ် သန်မာအောင် ဒိုက်ထိုး လေ့ကျင့်ပါတယ်။
နောက်နေ့မနက် မျက်နှာသစ်ပြီးချိန်မှာ ဟန်ကျွယ်ဟာ သစ်သားကုတင်ပေါ်မှာ ထိုင်ရင်း စောင့်ဆိုင်းနေပါတယ်။ ဘာကိုစောင့်နေတာလဲဆိုတော့ အံစာတုံး နောက်တစ်ခါ ခေါက်လို့ရမဲ့ အချိန်ကိုပါ။ အိုက်လန်ဟာ ဒီအံစာတုံး ခေါက်ရတာကို ထီထိုးနေသလို ခံစားနေရပါတယ်။ ကံကောင်းရင် သိန်းသောင်းချီဆုကြီးပေါက်ပြီး ဘဝတစ်ခုလုံး လုံးဝပြောင်းလဲသွားမှာပါ။ ဒါကြောင့်လည်း ဟန်ကျွယ်ဟာ အံစာတုံးခေါက်လို့ရမဲ့အချိန်ကို နေ့တိုင်း စောင့်မျှော်နေရတာပါ။
ဟန်ကျွယ်ဟာ လက်ကို ပွတ်လိုက်ပြီ ပထမဆုံး စိတ်ဝိဉာဉ်အမြစ်ကို ပြောင်းဖို့ အံစာတုံးခေါက်လိုက်ပါတယ်။
【ကျင့်ကြံခြင်းစွမ်းရည်: မရှိ】
ဟန်ကျွယ်ဟာ ဒီစာကြောင်းကိုကြည့်ပြီး ဆွံအသွားပါတယ်။ ဟန်ကျွယ်လက်ဟာ တုန်ယင်လာပြီး ကံတရားအထောက်အပံ့ကို ပြောင်းလဲဖို့ အံစာတုံးခေါက်လိုက်ပါတယ်။ အံစာတုံးဟာ လှည်သွားပြီး မကြာခင်မှာ ရပ်ဆိုင်းသွားကာ ဟန်ကျွယ်ရဲ့ ကံတရားအထောက်အပံ့က အခုလို ထွက်ပေါ်လာပါတယ်။
【ပြိုင်ဘက်ကင်းစစ်သည်တော်: အင်မော်တယ်ရုပ်ရည်၊ ထိပ်တန်းဆွဲဆောင်မှု】
[ကံကြမ္မာဓါးရူး: ထိပ်တန်းဓါးပညာ ပါရမီ၊ ထိပ်တန်းဓါးပညာ နာလည်မှု]
【ကိုယ်ဖော့သိုင်း: ထိပ်တန်း ကိုယ်ဖော့သိုင်းပါရမီ】
[အမတဧကရာဇ် မျိုးဆက်: ဂိမ်းကို စတင်ပြီးနောက် ပြိုင်ဘက်ကင်းကျင့်စဉ်နှင့် အဆင့်မြင့် စိတ်ဝိဉာဉ်ကျောက်တုံး တစ်ထောင် ရရှိပါမည်]
ဟန်ကျွယ်ဟာ ကြောင်သွားပြီး မျက်လုံးပြူးသွားကာ ချက်ချင်းဆိုသလို အံဩတကြီး ဖြစ်သွားပါတယ်။
ကံတရားအထောက်အပံ့လေးခု။
ဒါဟာ ပထမဆုံးအကြိမ် ကံတရားအထောက်အပံ့ လေးခုလုံး ပြောင်းလဲခြင်း ဖြစ်ပြီး ဒီကံတရားလေးခုဟာလည်း အရမ်းအကျိုးရှိပုံ ပေါ်ပါတယ်။
ဟန်ကျွယ်ဟာ ဒါကိုကြည့်လေလေ စိတ်လှုပ်ရှားလေလေပါပဲ ‘ငါအခုဂိမ်းကို စသင့်ပြီလား…’ ဟန်ကျွယ်ဟာ ဂိမ်းစတင်မည်ကို နှိပ်လိုက်ပေမဲ့ ဘာမှမပြောင်းလဲတာကို တွေ့လိုက်ရပါတယ် ‘စလို့မရသေးဘူးဟ’
ဆယ်တစ်နှစ်ကြာ နေ့တိုင်း အံစာတုံးခေါက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ သူကြိုးစားမှုရဲ့ အသီးအပွင့်ကို ခံစားလိုက်ရပါပြီ၊ ဟန်ကျွယ်ဟာာ သူ့ကိုယ်သူ တည်ငြိမ်အောင် ကြိုးစားလိုက်ပါတယ်။ ကျင့်ကြံခြင်းစွမ်းရည် မရှိသေးတာကြောင့် ဟန်ကျွယ်ဟာ ဂိမ်းကိုစလို့ မရသေးပါဘူး။ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းစွမ်းရည်အတွက် အံစာတုံး ထပ်ခေါက်ရအုန်းမယ်လို့ တွေးလိုက်ပါတယ်။
‘နောက်ဆုံးတော့ ငါ့ရဲ့ ခက်ခဲတဲ့ နေရက်တွေ ကုန်ဆုံးသွားပြီ၊ အကောင်းစား ကံတရားအထောက်အပံ့ လေးခုကို ငါရခဲ့ပြီ၊ ငါ့အသက် လေးဆယ်ကျော်ရင်တောင် ဒီကံတရားအထောက်အပံ့တွေနဲ့ဆို ကျင့်ကြံဖို့ နောက်ကျတယ်လို့ ပြောလို့မရဘူး၊ ငါရဲ့ စိတ်ဝိဉာဉ်အမြစ်အတွက် စိတ်အေးလက်အေး အံစာတုံး ခေါက်လို့ရပြီ’
ဟန်ကျွယ်ဟာ သူ့အတွေးနဲ့သူ ဝမ်းသာလုံးဆို့သွားပါတယ်။ ဟန်ကျွယ်ဟာ အံစာတုံးခေါက်လာတာ ဆယ့်တစ်နှစ်ကျော် ရှိခဲ့ပြီမို့ နောက်ထပ် ဆယ့်တစ်နှစ် ထပ်ခေါက်ဖို့က သူ့အတွက် ခက်ခဲတဲ့အရာ မဟုတ်ပါဘူး။
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး မတ်တပ်ရပ်လိုက်ပါတယ်။ အဲဒီနောက် သူ ဒီနေ့ လုပ်ဆောင်ရမယ့် တာဝန်တွေကို စတင်လုပ်ဆောင်ပါတော့တယ်။
ဟန်ကျွယ်နေတဲ့ အိမ်မှာ နောက်ထပ် လူငါးယောက်နေပါသေးတယ်၊ တစ်ခြားသူတွေဟာ မနက်စောစော ကတည်းက အလုပ်သွားလုပ်နေကြပါပြီ။
အစေခံတိုင်းမှာ သူတို့တာဝန်ယူရတဲ့ နေရာတစ်ခုစီ ရှိပြီး ဘယ်သူမှ အမှား မလုပ်ရဲကြပါဘူး။
ဟန်ကျွယ်ဟာ ငယ်သေးတဲ့အတွက် ရိုးရှင်းတဲ့ အလုပ်ငယ်လေးတွေကိုပဲ လုပ်ရပါတယ်။ အကြီးအကဲ သံမဏိကလည်း ဟန်ကျွယ်ကို ကိုယ်ပိုင်တာဝန်ယူရတဲ့ နေရာတစ်ခု ပေးမထားပါဘူး။
ဒီနေ့ နေရောင်ဟာ အရမ်းတောက်ပပြီး လှပနေတယ်လို့ ဟန်ကျွယ် ခံစားလိုက်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကောင်စား ကံတရားအထောက်အပံ့လေးခုကို ရခဲ့တဲ့အတွက် ဟန်ကျွယ်စိတ်ဟာ အရာရာကို အကောင်းမြင်နေပါတယ်။
တစ်ခြားအစေခံတွေဟာ ဟန်ကျွယ်ရဲ့ ပြောင်းလဲမှုကို မရိပ်မိကြပါဘူး။ ဟန်ကျွယ်ဟာ ဂိမ်းကို မစရသေးတဲ့အတွက် ကံတရားအထောက်အပံ့တွေက ဟန်ကျွယ့်အပေါ် သက်ရောက်ခြင်း မရှိသေးပါဘူး။
နေ့လယ်ခင်းမှာ ဟန်ကျွယ်တို့ ဆေးဥယျာဉ်ကို ကျင့်ကြံသူနှစ်ဦး ရောက်လာပါတယ်။ ယွီဂျင်ဂိုဏ်းဟာ အလွန်ကြီးမားပြီး ဆေးဥယျာဉ်ကို တောင်တွေက ဝန်းရံထားပါတယ်။ သာမန်အချိန်မှာ ဂိုဏ်းတပည့်တွေကို ဒီနားလာဖို့ ခွင့်မပြုထားပါဘူး။ အပြင်ဂိုဏ်းက လက်ထောက် အကြီးအကဲပဲ ဆေးပင်တွေကို လာယူဖို့ လေးငါးလခြားပြီး ရောက်လာလေ့ရှိပါတယ်။ ဒီကျင့်ကြံသူနှစ်ဦးဟာ ယောက်ျားတစ်ယောက် အမျိုးသမီးတစ်ယောက်ဖြစ်ပြီး တစ်မူထူးခြားတဲ့ အရှိန်အဝါရှိတာကြောင့် အစေခံတွေဟာ လှမ်းပြီးမကြည့်ပဲ မနေနိုင်ပါဘူး။ ဟန်ကျွယ်လည်း ဆေးဥယျာဉ်တံခါးဝကို လှမ်းကြည့်လိုက်ပါတယ်။
‘တော်တော်ကြည့်ကောင်းတာပဲ’
ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပါတယ်။ ဟန်ကျွယ်တို့လို အစေခံတွေရဲ့ အဝတ်အစားက ညစ်စုတ်သလောက် ကျင့်ကြံသူနှစ်ဦးရဲ့ အဝတ်အစားကတော့ သန့်ရှင်းတောက်ပြောင်နေပါတယ်။
ဟန်ကျွယ်ဟာ သာမန်ကာလျှံကာ သက်ပြင်းချလိုက်ယုံပါ။ ဟန်ကျွယ်ဟာ ဒီကျင်ကြံသူနှစ်ဦးကို မနာလို မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့မှာ အကောင်းစား ကံတရားအထောက်အပံ့ လေးခုတိတိ ရှိနေတာကြောင့်ပါ။ ဟန်ကျွယ်ဟာ ယွီဂျင်ဂိုဏ်းက အပြင်စည်းတပည့်တွေကို မျက်စိထဲ မထည့်တော့ပါဘူး။
“ဒီနေ့ကစပြီး ငါတို့နှစ်ယောက်က အကြီးအကဲသံမဏိရဲ့ ဆေးဥယျာဉ်ကို စောင့်ရှောက်ဖို့ တာဝန်ယူထားတယ်၊ မင်းတို့တွေ ငါတို့နှစ်ယောက်ကို ဂရုစိုက်စရာ မလိုသလို ငါတို့ကျင့်ကြံတာကိုလည်း အနှောင့်အယှက်မပေးနဲ့” အမျိုးသား ကျင့်ကြံသူက အဘိုးကြီးဝမ်ကို ပေါ့ပေါ့ပါးပါး ပြောလိုက်ပါတယ်။
Chapter – 1
ဆယ့်တစ်နှစ်တိုင် အံစာတုံး ခေါက်ခြင်း
? Views, Released on October 30, 2024