Chapter – 2 ယဥ်ကျေးမှုလွန် ခေတ်
ဆိုးဆိုးရွားရွားထိတ်လန့်တုန်လှုပ်နေသော ခြံမွေးတိရစ္ဆာန်များသည် ခြံစည်းရိုးမှပင် ကျော်ထွက်လုနီးပါး ကစဥ့်ကလျားဖြစ်နေကြပြီး ပုံမှန်အချိန်များတွင် ကြမ်းကြုတ်ခက်ထန်တတ်သော သိုးထိန်းခွေးများအားလုံးသည်လည်း ကြောက်ရွံ့နေကြဟန်ဖြင့် မြေပေါ်တွင် ဂနာမငြိမ်ဖြစ်နေကြလေသည်။ သိုးထိန်းများသည် အော်ဟစ်ရင်း တိရစ္ဆာန်များကို ထိန်းသိမ်းနိုင်ရန် ကြိုးစားနေကြသည်။
အမျိုးသမီးများသည်လည်း အော်ဟစ်ငိုကြွေးနေသော ကလေးများကို ချော့မြှူရင်းဖြင့် အလုပ်များနေကြလေသည်။
အချို့သိုးထိန်းများက သက်ဝင်ယုံကြည်စွာ တိုင်တည်ဆုတောင်းနေကြသည်။ ထို့နောက်တွင် သူတို့သည် မြင့်မြတ်သောတောင်တန်းဆီသို့ မျက်နှာမူကာ ဒူးတုပ်ထိုင်လိုက်ပြီး ရိုးရာဓလေ့အတိုင်း ရိုသေကိုင်းရှိုင်းစွာကန်တော့လိုက်ကြသည်။
သူတို့၏တဲအိမ်များတွင် ညအိပ်လို၍ အကူအညီတောင်းကြသော လူစိမ်းများ မကြာခဏဖြတ်သွားလေ့ရှိသောကြောင့် ချူဖုန်းရောက်လာသည်ကို သိုးထိန်းများက မအံ့သြကြပေ။
အချိန်အတော်ကြာသောအခါမှသာ ရုန်းရင်းဆန်ခတ်ဖြစ်မှုများ တည်ငြိမ်သွားပြီး မူလအခြေအနေအတိုင်း ပြန်လည်တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
ချူဖုန်းသည် ရေနွေးနွေးလေးဖြင့် ရေချိုးသန့်စင်ပြီးနောက် ခပ်ပြင်းပြင်းရိုးရာထောပတ်လက်ဖက်ရည်ကို ထိုင်သောက်လိုက်ရသောအခါ သူ၏ပင်ပန်းနွမ်းနယ်မှုအားလုံး တဖြည်းဖြည်းပျောက်ကွယ်သွားသလို ခံစားလိုက်ရသည်။ ထို့နောက် သူယူလာသော သကြားလုံးများကို ထိုနေရာမှ ကလေးများအား လက်ဆောင်ပေးခဲ့သည်။
ဤရှက်ရွံ့တတ်သော ကလေးငယ်လေးများ၏မျက်နှာသည် တောင်ပေါ်ဒေသတွင် နေထိုင်ကြသူများ၏ သဘာဝအတိုင်း နီမြန်းနေကြပြီး သူတို့၏အပြုံးများကလည်း ရိုးရှင်းပြီး ဖြူစင်ရိုးသားသည်။ သကြားလုံးများကို ဝေငှပေးပြီးနောက် ပျော်ရွှင်ကျေနပ်နေသော ကလေးများသည် လျင်မြန်စွာလူစုခွဲသွားကြသည်။
ဤနေရာတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များအကြောင်းကို ချူဖုန်းအလွန်သိချင်နေသည်။ ကန္တာရတွင်း၌တွေ့ခဲ့သော ထူးဆန်းသည့် အပြာရောင်ဟီဂန်ဘန်နာပန်းများသည် ဤနေရာတွင်လည်း ပေါက်ရောက်နေသည်လော။
တဲအတွင်းမှ သိုးထိန်းအဘိုးအိုသည် ဆံပင်များစွတ်စွတ်ဖြူနေပြီး မျက်နှာတွင်လည်း နက်ရှိုင်းသောအရေးအကြောင်းများက ထင်းနေသည်။ သူသည် အဝေးမှတောင်စဥ်တန်းဆီသို့ ငေးကြည့်ရင်း တစ်စုံတစ်ခုကို ပူပန်စိုးရိမ်နေသည်မှာ သိသာလှပေ၏။
များမကြာမီပင် ဤနေရာ၌ အပြာရောင်မြူခိုးများ ပေါ်ထွက်လာပြီး ဤတောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားကြောင်း ချူဖုန်းမြင်တွေ့လိုက်ရလေသည်။ ထိတ်လန့်နေကြသော ခြံမွေးတိရစ္ဆာန်များသည်လည်း ဆောက်တည်ရာမရယောက်ယက်ခတ်နေကြပြီး ထွက်ပြေးလုနီးပါးဖြစ်နေကြသည်။
သို့သော် ဤနေရာတွင်မူ အပြာရောင်ဟီဂန်ဘန်နာပန်းများကို မမြင်ရဘဲ ဤနေရာရှိမြူခိုးများကလည်း များစွာပို၍ပါးလျပုံပေါ်သည်။
” အဘိုး ဘာလို့တောင်တွေဘက်လှည့်ပြီး ဒူးတုပ်ထိုင်နေတာလဲ ” ချူဖုန်းက မေးလိုက်သည်။
” ဒါက အထွတ်အမြတ်တောင်ရဲ့ ဦးတည်ရာပဲ ” ဟု သိုးထိန်းအဘိုးအိုက ပြန်ဖြေ၏။
ရှေးယခင်ကတည်းက ခွန်းလွန်းတောင်တန်းများကို နတ်ဘုရားတောင်ထိပ်များနှင့် အထွတ်အမြတ်တောင်တန်းများ ဟူ၍ သိကြသည်။
ထိုအကြောင်းကို ” တောင်တန်းနဲ့မြစ်များ၏ ရာဇဝင် ” မှစ၍ ” ဟွိုင်နမ်ဇိ ” နှင့် ” မဟာသမိုင်းပညာရှင်၏ မှတ်တမ်းများ ” အထိ ဂန္တဝင်စာပေအမျိူးမျိုးတွင် မှတ်တမ်းတင်ထားခဲ့ကြသည်။
တောင်ခြေတစ်ဝိုက်ရှိနေရာများတွင် ပါးလျသော အပြာရောင်မြူခိုးအလွှာများသာရှိသော်လည်း ခွန်းလွန်းတောင်တန်းများရှိရာအရပ်တွင်မူ ထူထပ်သိပ်သည်းသော အပြာရောင်မြူခိုးတိမ်တိုက်များရှိနေသည်ကို လူအချို့မြင်ကြရသည်။
ထိုနေရာရှိ မြူခိုးများသည် သိသိသာသာပင် အရှိန်အဟုန်ပြင်းစွာလွင့်မြောနေကြပြီး လင်းလက်တောက်ပနေကြသည်။ နောက်ပိုင်းတွင် ထိုအလင်းရောင်များသည် တိမ်ထူ၍မြူဆိုင်းသောနေရာများကို ဖြတ်ကျော်ပြီး စူးရှစွာထွန်းလင်းတောက်ပနေသည့် အပြာရောင်အလင်းတန်းများကဲ့သို့ဖြစ်လာသည်အထိ အားကောင်းလာသည်။
မျက်စိကျိန်းလောက်အောင် တောက်ပလွန်းသော အပြာရောင်သန်းနေသည့် နေမင်းကြီးသည် ထူထဲလှသောမြူခိုးငွေ့များအတွင်း၌ မျောပါနေသယောင်ပင်။ ခပ်လှမ်းလှမ်းအကွာအဝေးမှမြင်ရသော ၎င်း၏ရောင်ခြည်တန်းများကပင် စူးရှတောက်ပလှသော လျှပ်စီးကြောင်းများသဏ္ဍာန် ဖြစ်နေလေသည်။
ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည့် အပြာရောင်မြူခိုးမြူငွေ့များက ဟိုမှသည်သို့ကခုန်နေသယောင်လွင့်မျောနေသော မြင်ကွင်းသည် အနှိုင်းမဲ့လျှို့ဝှက်ဆန်းကြည်လှပေ၏။
ထို့ကြောင့် အချို့အသက်ကြီးသောသိုးထိန်းများက ဘာမျှများများစားစားမစဥ်းစားတော့ဘဲ ထိုတောင်တန်းများကိုမျက်နှာမူပြီး ရိုသေကိုင်းရှိုင်းစွာဖြင့် ဒူးထောက်ထိုင်၍ ဝတ်ပြုဆုတောင်းကြခြင်း ဖြစ်ကြသည်။
ဤနေရာမှ ထူးဆန်းသောဖြစ်ရပ်သည် အလွန်အံ့အားသင့်ဖွယ်ပင်။ အပြာရောင်မြူခိုးမြူငွေ့များက လွင့်ပါးမသွားဘဲ ကန္တာရအတွင်းကြုံတွေ့ခဲ့ရသည်ထက်ပင် ပိုမိုအားကောင်းလာလေသည်။
” ဘာက ဒီလိုထူးဆန်းတဲ့ဖြစ်ရပ်တွေကို ဖြစ်စေတာလဲ ” ချူဖုန်းသည် လေးလေးနက်နက်စဥ်းစားနေသည်။
တောင်များ၏အနီးတစ်ဝိုက်တွင် မြေငလျင်များလှုပ်ခြင်းကြောင့် ဖြစ်နိုင်သည် ဟူသော ထင်မြင်ချက်တစ်ခုကိုလည်း သူစဥ်းစားမိသေးသည်။
ယခင်အတိတ်ကာလတွင်လည်း တူညီသောထူးခြားဆန်းကြယ်မှုမျိုးများ ဖြစ်ပျက်ခဲ့ဖူးသေးသည်။ ထိုတောင်တန်းဒေသ၌ ထိုဒေသအတွင်းနေထိုင်ကြသူများအား ရည်ရွယ်ဟန်ရှိသော ပုံမှန်မဟုတ်သည့် မိုးကြိုးလျှပ်စီးများ မကြာခဏကျရောက်လေ့ရှိသည်။
တောင်တန်းပေါ်တွင်လှုပ်ခတ်သော မြေငလျင်တစ်ခုသည် တိမ်တိုက်များအတွင်းရှိ လျှပ်စစ်ဓာတ်အားများကို သက်ရောက်မှုရှိစေသည့် သံလိုက်စက်ကွင်းမူမမှန်မှုများကို ဖြစ်စေနိုင်သည်။ ထိုမှတစ်ဆင့် လျှပ်စီးကြောင်းများနှင့် အရောင်အသွေးစုံလင်သောအော်ရာများပေါ်ထွက်လာပြီး ထိုတောင်တန်းဒေသကို ထူးခြားဆန်းကြယ်သော လျှပ်စီးကွင်းပြင်တစ်ခုဖြစ်လာစေခြင်းပင်။
ချူဖုန်းသည် အယူမသည်းသူတစ်ဦးဖြစ်၏။ ဤနေရာတွင် ဖြစ်ပျက်နေသမျှအရာအားလုံးသည် သဘာဝဖြစ်စဥ်တစ်မျိုးသာဖြစ်သည်ဟု သူယုံကြည်ထားသည်။
သို့သော် သူမည်မျှပင်ရှင်းပြနေစေကာမူ သိုးထိန်းအဘိုးအိုက သူ့ကိုမယုံကြည်ပေ။ အဘိုးအိုသည် ချူဖုန်း၏အရိုအသေမဲ့စော်ကားပြောဆိုမှုကို အလွန်ဒေါသထွက်လာပြီး ချူဖုန်းကို တဲထဲမှမောင်းထုတ်လိုက်လေ၏။
စင်စစ် ချူဖုန်းကိုယ်တိုင်ပင် နားလည်ရခက်နေသည့် ကျိုးကြောင်းဆီလျော်စွာ ရှင်းပြရန် အလွန်ခက်ခဲသောအပိုင်းအချို့လည်း အမှန်တကယ်ရှိနေသည်။ ဥပမာအားဖြင့် ကန္တာရထဲတွင် နှစ်လိုဖွယ်အပြာရောင်ပန်းများ မည်ကဲ့သို့ဖူးပွင့်လာသနည်း ဟူသော မေးခွန်းမျိုးဖြစ်သည်။
ချူဖုန်းသည် တိတ်တခိုးသက်ပြင်းချလိုက်သည်။ ဤယဥ်ကျေးမှုလွန်ခေတ်တွင် နားလည်ရန်ခက်ခဲလှသောအရာများစွာရှိနေသည်။ လူများသည် ထိုအကြောင်းအရာများကို အစဥ်အလာအတိုင်းသမားရိုးကျကျရှင်းပြနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ကြသော်လည်း ကမ္ဘာကြီးက ပို၍ပို၍ပင်နားလည်ရခက်လာဟန်ရှိသည်။
ဝေးကွာလှသောအတိတ်ကာလတွင် စစ်ပွဲများက ကမ္ဘာကြီး၏တစ်ဝက်နီးပါးကို ဖျက်ဆီးခဲ့ပြီး ကမ္ဘာမြေကို လွင်တီးခေါင်ဖြစ်လုနီးပါး ပြောင်းလဲစေခဲ့သည်။ ကာလရှည်ကြာစွာ ပြန်လည်ထူထောင်ပြီးနောက် ကမ္ဘာကြီး၏သက်ဝင်လှုပ်ရှားမှုအများစုကို ပြန်လည်ရရှိခဲ့သော်လည်း ယဥ်ကျေးမှုများကို နဂိုမူလအတိုင်း ကောင်းမွန်စွာတည်ဆောက်ရန်ကမူ အလွန်ခက်ခဲလှသည်။
ရှည်ကြာလှသော ဤယဥ်ကျေးမှုလွန်ခေတ်တွင် မရေမတွက်နိုင်အောင်လျှို့ဝှက်ဆန်းကြယ်သော အဖြစ်အပျက်များစွာ ဖြစ်ပျက်ခဲ့သည်။ ၎င်းအဖြစ်အပျက်များကြောင့် နောက်ဆက်တွဲသက်ရောက်မှုများစွာရှိခဲ့သော်လည်း အများစုမှာ မဖြေရှင်းနိုင်သည့် ပဟေဠိတစ်ခုအသွင်ဖြစ်နေဆဲပင်။
နံနက်အရုဏ်တက်ချိန် …
ရဲရဲနီသောနေမင်းကြီးသည် မိုးကုပ်စက်ဝိုင်းပေါ်တွင် ထွက်ပေါ်လာပြီး ခပ်ဝေးဝေးမှတောင်ကုန်းများပေါ်သို့ တောက်ပစွာထွန်းလင်းနေပေသည်။ မြက်ခင်းပြင်များနှင့် တဲများပေါ်သို့ နံနက်ခင်းနေရောင်ခြည်ဖြာကျနေသည့်မြင်ကွင်းသည် အားမာန်များစီးဝင်နေသော ပန်းချီကားတစ်ချပ်ပမာနှယ်။
ချူဖုန်းသည် သူတည်းခိုနေသည့်တဲမှ မိသားစုများကို နှုတ်ဆက်ပြီး တစ်ဖန် ခရီးဆက်ထွက်လာခဲ့သည်။
သူသည် အနောက်ဘက်ကုန်းမြင့်ဒေသများဆီသို့ ဦးတည်ခရီးနှင်လာခဲ့သည်။
လမ်းတစ်လျှောက်၌ အပြာရောင်မြူခိုးများပျံ့နှံ့နေသည့် နေရာဒေသများ အလွန်များပြားလှပြီး သူလာခဲ့သည့်ခရီးလမ်းတစ်လျှောက်လုံးတွင်ပင် ထိုမြူခိုးများ ဖုံးလွှမ်းနေသည်ကို ချူဖုန်းသတိထားမိသွား၏။
” အဲ့တာက လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်တစ်ခုများ ဖြစ်နေမလား ” ချူဖုန်းသည် တစ်ဦးတည်းတီးတိုးပြောရင်း စဥ်းစားနေလေသည်။
ယခင်က ထိုသို့သောအဖြစ်အပျက်များ အကြိမ်အနည်းငယ်မျှဖြစ်ပွားကာ ကြီးမားသောရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော်လည်း ယနေ့အချိန်အထိ တိကျသေချာသောအဖြေတစ်ခုကို ရှာမတွေ့ခဲ့ကြချေ။
တိဗက်တောင်ကုန်းဒေသ၏ ကောင်းကင်ပြင်သည် အထူးသဖြင့် မိုးပြာရောင်အဆင်းရှိပြီး လက်ဖြင့်ပင် ထိကိုင်နိုင်လောက်တော့မည့်အလား ထင်မှတ်ရလေသည်။ မြေပြင်နှင့်နီးကပ်လှသည့် ဝါဂွမ်းစိုင်များကဲ့သို့ဖြူစင်လှသော တိမ်စိုင်တိမ်တိုက်များကြောင့်လည်း ပိုမိုလှပနေတော့သည်။ ကန္တာရများ၊ တောင်တန်းများနှင့် စားကျက်မြေများအားလုံးတို့သည် လောကီရေးရာအဖြာဖြာနှင့် တစ်သီးတစ်ခြားရှိသော မြင့်မြတ်သည့်နေရာတစ်ခုကဲ့သို့ ငြိမ်သက်အေးချမ်းလှပေသည်။
ချူဖုန်းသည် လမ်းတစ်လျှောက်လုံးတွင် ကောလာဟလများစွာကို ကြားခဲ့ရသည်။
အချိူ့သိုးထိန်းများက အထွတ်အမြတ်တောင်တန်း ပြန်လည်ရှင်သန်လာသောကြောင့် မြူခိုးမြူငွေ့များ ဖုံးလွှမ်းနေပြီး အပြာရောင်အလင်းတန်းများ စီးဆင်းနေခြင်းဖြစ်သည်ဟု ဆိုကြသည်။
အချို့က မဟာဗောဓိပင်သည် ကြီးထွားလာပြီး မကြာမီ အသီးများသီးတော့မည် ဟု ဆိုကြသည်။
အချို့ကလည်း ” စစ်မှန်တဲ့ အစောင့်အရှောက်ခွေး မွေးဖွားလာတော့မယ် ” ဟု ဆိုကြပြန်သည်။
ဒေသခံများမွေးမြူထားသော အိမ်မွေးခွေးများသည် စစ်မှန်သောအစောင့်အရှောက်ခွေးများ မဟုတ်ကြပေ။ တောထဲတွင်နေထိုင်ကြသည့် စစ်မှန်သော အစောင့်အရှောက်ခွေးများသည် ကျားများနှင့် ခြင်္သေ့များကိုပင် ယှဥ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ပြောစမှတ်ပြုကြသည်။ နှစ်ပေါင်းတစ်ရာတွင် တစ်ကြိမ်ပေါ်လာတတ်သည့် စစ်မှန်သောအစောင့်အရှောက်ခွေးအကြောင်းကို ဖော်ပြထားသည့် တိကျသေချာသေဒဏ္ဍာရီတစ်ခုရှိသည်။ ထိုအစောင့်အရှောက်ခွေးသည် အလွန်အင်အားကြီးမားပြီး နတ်ဆိုးများကိုပင် အနိုင်ယူနိုင်သည်ဟု ဖော်ပြထားလေသည်။
ရက်ပေါင်းများစွာကြာပြီးနောက် ချူဖုန်းသည် အထွတ်အမြတ်တောင်တန်းအနီးသို့ ရောက်ရှိလာခဲ့၏။
လမ်းတစ်လျှောက်လုံးရှိ မြို့ရွာတိုင်းတွင် အပြာရောင်မြူခိုးမြူငွေ့များ ဖုံးလွှမ်းလျက်ရှိကြောင်း သူသိရှိပြီးဖြစ်သည်။ နောက်ထပ် သမိုင်းဝင်လျှို့ဝှက်ဆန်းကြယ်ဖြစ်ရပ်ဆန်းတစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ်ရှိသည်။
တစ်ချိန်တည်း၌ပင် ထိုအဖြစ်အပျက်၏ နောက်ကွယ်မှအကြောင်းရင်းကို မည်သူမျှရှင်းပြနိုင်မည် မဟုတ်ကြောင်း သိသာထင်ရှားသွားလေသည်။
လူအများစုသည် ၎င်း၏နောက်ဆက်တွဲသက်ရောက်မှုများကိုပင် သိဟန်မတူပေ။
တိဗက်ဒေသ၏ ဆောင်းဦးရာသီသည် ပုံမှန်အားဖြင့် အအေးဓာတ်ကဲတတ်သည်။ သို့သော် ချူဖုန်းသည် လမ်းတစ်လျှောက်တွင် မူမမှန်သောအနွေးဓာတ်တစ်မျိုးကို ခံစားခဲ့ရသည်။
မြေပြင်သည် ရော်ရွက်ဝါများဖြင့် ဖုံးလွှမ်းနေသင့်သော်လည်း ဖုံးလွှမ်းမနေချေ။ သစ်ပင်များပေါ်က ရွက်ကျန်ဟောင်းများသည် ပြန်လည်သန်စွမ်းလာပုံရပြီး ညှိုးနွမ်းကြွေကျခြင်း မရှိတော့ပေ။
ထိုဖြစ်ရပ်သည် ခွန်းလွန်းတောင်နှင့်ပို၍နီးကပ်သော ဒေသများတွင် ပိုမိုထင်ရှားလေသည်။ နွေးထွေးသောဥတုရာသီအောက်တွင် လမ်းတစ်လျှောက်လုံးရှိ သစ်ပင်များ၊ မြက်ပင်များနှင့် ခြုံနွယ်ပိတ်ပေါင်းများအားလုံးသည် အင်အားအပြည့်ဖြင့် တောက်ပနေကြ၏။
ဆောင်းနှောင်းရာသီသည် ၎င်း၏ဝိသေသလက္ခဏာရပ်ဖြစ်သော ချမ်းအေးမှုများပင် မရှိတော့ချေ။
” ရာသီဥတုပူနွေးလာတာဟာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ပြောင်းလဲမှုတွေကြောင့်များလား ” ချူဖုန်းသည် သူ့အတွေးနှင့်သူနစ်မြောနေလေသည်။
နောက်ဆုံးတွင် သူသည် ခွန်းလွန်းတောင်တန်းရှေ့သို့ ရောက်လာပေပြီ။
ချူဖုန်းသည် ထိုတောင်နှင့်ခပ်ဝေးဝေးကတည်းက အဟန့်အတားတစ်မျိုးကို ခံစားလိုက်မိသည်။
အလွန်တရာမြင့်မားလှသော တောင်စဥ်တန်းကြီးသည် ကောင်းကင်ဘုံနှင့်ကမ္ဘာမြေ၏ကျောရိုးသဖွယ် ကြီးကျယ်ခမ်းနားပြီး ရှည်လျားစွာတည်ရှိနေသည်။
ဤရှေးကျသောတောင်တန်းကြီး၏ မတူညီသောခွန်အားနှင့် သန်မာမှုများကို မရေမတွက်နိုင်သော ဒဏ္ဍာရီများနှင့် ရိုးရာပုံပြင်များတွင် ထည့်သွင်းရေးသားထားခြင်းမရှိပေ။
ချူဖုန်းသည် မူလက တိဗက်ဒေသသို့ရောက်ရှိပြီးလျှင် အပြန်ခရီးကိုစတင်ရန်စီစဥ်ထားခဲ့သည်။ သို့သော် ခရီးလမ်းတစ်လျှောက်လုံးတွင် ခွန်းလွန်းတောင်နှင့် ပတ်သက်သည့် မရေမတွက်နိုင်သော ထူးခြားဆန်းပြားအဖြစ်အပျက်များကို ကြားလိုက်ရပြီးနောက်တွင် သူသည် တောင်ပေါ်သို့တက်ပြီး စူးစမ်းလေ့လာလိုစိတ်ပြင်းထန်သွား၏။
” ဒီနေရာဖြစ်လောက်တယ် ”
ချူဖုန်းသည် ဤခရီးလမ်းဆုံးနေရာသို့ရောက်ရှိလာပြီး တောင်ခြေတွင် ရပ်နေလေသည်။ ဧရာမတောင်တန်းကြီးသည် အနောက်ဘက်ကုန်းမြေဒေသ၏ အလွန်ကြီးမားသော ကောင်းကင်ဘုံမြို့တော်တစ်ခုအသွင်ဖြစ်နေပြီး အထူးသဖြင့် ၎င်း၏အကန့်အသတ်မဲ့အားအင်များက အမြင်အာရုံကိုဆွဲဆောင်နိုင်လေသည်။
ဤနေရာသည် ခွန်းလွန်းတောင်၏ သေးငယ်သောအစိတ်အပိုင်းမျှသာ ဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်က အနီးအနား၌ နေထိုင်ကြသူအများအပြားသည် ဤနေရာတစ်ခုလုံးတွင် အပြာရောင်အလင်းများစီးဆင်းနေသည်ကို တွေ့မြင်ခဲ့ကြသည်။ ထို့ကြောင့် ဤရက်များအတွင်း လူအနည်းစုကသာ တောင်၏အနီးတွင် စွန့်စွန့်စားစားသွားလာဝံ့ကြသည်။
ချူဖုန်းသည် တောင်ပေါ်သို့ စတင်တက်ခဲ့သည်။
တောင်သည် မြင့်မားမတ်စောက်ပြီး တောင်တက်လမ်းတစ်လျှောက်တွင်လည်း ကျောက်တုံးကျောက်ဆောင်များ ထူထပ်လှပေသည်။ ဆောင်းဦးရာသီနှောင်းပိုင်း၏သဘာဝအတိုင်း သစ်ပင်ကြီးငယ်များကလည်း လမ်းဘေးဝဲယာ၌ စိမ်းလန်းစိုပြေစွာ ပေါက်ရောက်ကြီးထွားနေကြလေသည်။
” သိပ်မကြာခင်က ငလျင်လှုပ်ခဲ့တာများလား ” ချူဖုန်းသည် အနီးပတ်ဝန်းကျင်ကို စူးစမ်းလေ့လာကြည့်လိုက်၏။
တောင်ပေါ်တွင် အမြင့်တစ်နေရာမှ ပြုတ်ကျလာသော ကျောက်တုံးကြီးများကြောင့် အက်ကွဲရာများဖြစ်နေသည်ကို တွေ့ရပြီး တောင်နံရံများလည်း ပြိုကျနေလေသည်။
ဤတောင်သည်လည်း ထူးဆန်းသောဖြစ်ရပ်များ၏ ရိုက်ခတ်မှုကို ခံခဲ့ရဟန်တူသည်။
” ဒါက ဘာများလဲ ”
ချူဖုန်းသည် စာများရေးထွင်းထားသော ကျောက်ပြားတစ်ခုကိုမြင်လိုက်ရသည်။ ထိုကျောက်ပြားပေါ်မှ စာအများစုသည် ကျောက်ဆောင်များ၏အောက်ဘက်တွင် ရောက်ရှိနေလေသည်။
ငလျင်လှုပ်ပြီးနောက် တောင်၏သေးငယ်သော အစိတ်အပိုင်းများပြိုကျခဲ့ပြီး မြေနက်နက်တွင် မြှုပ်ထားခဲ့ဟန်ရှိသော ဤကျောက်ပြားလည်း ပေါ်ထွက်လာခဲ့ခြင်းဖြစ်၏။
ထိုကျောက်ပြားကို ခြောက်ကပ်နေသည့်ရေညှိများနှင့်တူသော အစိမ်းရောင်အလွှာတစ်ခုက ဖုံးအုပ်ထားလေသည်။
” အနောက်ပိုင်း … ဘုရင်မ …။ ”
ချူဖုန်းသည် စာလုံးများပေါ်မှအမှုန်အမွှားများကို ပွတ်တိုက်ဖယ်ရှားလိုက်သောအခါ ထိုပေါ်တွင် ရေးထိုးထားသော စာလုံး ၂ လုံးကို မြင်လိုက်ရသည်။
ထိုစာလုံးများသည် ရှေးယခင်ကာလများက အိုးများပေါ်တွင် ရေးထွင်းထားလေ့ရှိသော ရှေးဟောင်းပုံစံများဖြစ်ကြသည်။
သာမန်လူများအဖို့ ထိုစာလုံးများကို သတိပြုမိရန် ခဲယဥ်းပေလိမ့်မည်။
ချူဖုန်းသည် အတွေးရေယဥ်ကြောတွင် တခဏမျှမြောနေလေသည်။ အဘယ်ကြောင့် ဤစာလုံး ၂ လုံးရှိနေရသနည်း။
” ဘုရင်မ ” နှင့် ” မိခင် ” ဟူသော စာလုံး ၂ လုံးကို မြင်လိုက်ရသောအခါ ချူဖုန်းသည် အနောက်ပိုင်းဒေသ၏ ရှေးဟောင်းမိခင်ဘုရင်မကို သတိရသွား၏။ သူမသည် အမှန်တကယ်ပင် တည်ရှိခဲ့ပါသည်လော။
” ရှေးရှေးတုန်းကလူတွေက ဒီနေရာကို လာပြီးတော့ အထိမ်းအမှတ်အနေနဲ့ ဒါကို ထားသွားတာဖြစ်နိုင်တယ် ” ချူဖုန်းသည် ခေါင်းယမ်းရင်း ဆက်ပြီးစဥ်းစားနေလေသည်။
” အဲ့တာလည်း မဖြစ်နိုင်ဘူး ”
ခြောက်ကပ်နေသော ရေညှိများသည်အပေါ်ယံမြင်ရသလို မဟုတ်သောကြောင့် ချူဖုန်း ရုတ်တရက်အံ့သြသွားသည်။
” ကြေးနီပြားပဲ ” ဤတွေ့ရှိမှုက သူ၏စိတ်နှလုံးကို ထိတ်လန့်သွားစေသည်။
ဤကြေးပြားကို မြေကြီးထဲတွင် ထောင်စုနှစ်များတစ်လျှောက် နက်ရှိုင်းစွာမြှုပ်နှံထားခဲ့ပြီး ငလျင်ဒဏ်ကြောင့် မြေပေါ်သို့ပေါ်ထွက်လာဟန်ရှိသည်။ ထိုကြေးပြားပေါ်တွင် ရေညှိများလုံးဝမရှိ။
၎င်းကို ကြေးနီဖြင့်သာ ပြုလုပ်ထားခြင်းဖြစ်၏။
သို့သော် ဤမျှကြီးမားလှသောကြေးနီတုံးကြီးကို အမှန်တကယ်မြင်ရခဲလှပေသည်။
” ယင်မင်းဆက်ပျက်သုဥ်းပြီးတဲ့နောက်မှာ တွေ့ရတဲ့ ရှေးဟောင်းဆီမီးကြေးအိုးဟာ ပေါင်နှစ်ထောင်နီးပါး အလေးချိန်ရှိတဲ့ ဒီနေ့ခေတ်ရဲ့ တစ်ခုတည်းသောအကြီးမားဆုံးပစ္စည်းပဲ။ ဒါပေမယ့် ဒီကြေးပြားကြီးက … ”
ချူဖုန်းသည် ကြေးပြားပေါ်တွင် ဖုံးအုပ်နေသော ကျောက်တုံးအချို့နှင့် သဲမှုန်များကို ဖယ်ရှားလိုက်သည်။ ခန့်မှန်းတွက်ချက်မှုများအရ ထိုကြေးပြားသည် အနည်းဆုံး ပေါင်ခြောက်ထောင်အထိ အလေးချိန်ရှိနိုင်သည်။ ထိတ်လန့်အံ့သြစရာကိန်းဂဏန်းများပင်တည်း။ ဤကြေးပြားသည် သေချာပေါက် ရှေးခေတ်မှ ရှားပါးရတနာတစ်ပါး ဖြစ်ပေလိမ့်မည်။
အစိမ်းရောင်အလွှာဖြင့် ဖုံးအုပ်ထားပြီး မြေကြီးထဲတွင် နှစ်ပေါင်းများစွာမြှုပ်နှံထားသည့် တန်ဖိုးကြီးရှေးဟောင်းပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
ချူဖုန်းသည် ထိုပစ္စည်းကို ဤနေရာတွင် စိုက်ထူထားသော အထိမ်းအမှတ်ကျောက်ပြားတစ်ချပ် ဟု ထင်နေခဲ့သော်လည်း ကြေးနီဖြင့်ပြုလုပ်ထားသည်ကို သိလိုက်ရသောအခါ သူ့အထင် မှန် မမှန် မသေချာတော့ပေ။
ရှေးခေတ်ကာလတွင် အထိမ်းအမှတ်တစ်ခုအတွက်နှင့် ဤမျှများပြားလှသောငွေကြေးဥစ္စာများကို မည်သူက သုံးစွဲလိမ့်မည်နည်း။
အပိုင်း ( ၂ ) ပြီး၏။