Switch Mode

Chapter – 1

ပြောင်းလဲခြင်း၏ အစ

Chapter – 1 ပြောင်းလဲခြင်း၏ အစ

သဲသောင်ခုံမြင့်များစွာနှင့် မျက်စိတစ်ဆုံး အဆုံးမဲ့ကျယ်ပြောလှသည့် ကန္တာရကြီးသည် ကြီးကျယ်ခမ်းနားဟန်ရှိသော်လည်း အမှန်တကယ်တွင်မူ အထီးကျန်ဆန်မှုနှင့် ယိုယွင်းပျက်စီးမှု၏ သရုပ်မျှသာဖြစ်သည်။ မကြာခင် နေဝင်တော့မည်ဖြစ်၍ နေမင်းကြီးသည် အနောက်အရပ်သို့ တဖြည်းဖြည်းရွေ့လျားနေပြီး မိုးကုပ်စက်ဝိုင်းတစ်ခွင်တွင်လည်း ကြက်သွေးရောင်သန်းနေလေသည်။

ဝေးကွာလှသောအတိတ်ကာလမှ အရိပ်အယောင်များသည် အချိန်ကာလ၏တိုက်စားမှုကြောင့် ပျောက်ကွယ်သွားခဲ့ရသော်လည်း ရှေးယခင်ကတည်းကတည်ရှိခဲ့သော မြစ်ဝါမြစ်မှာမူ ရေစီးရာလမ်းကြောင်းပြောင်းလဲသွားမှုများမှအပ အခြားအပြောင်းအလဲမရှိပေ။

ချူဖုန်းသည် တစ်ဦးတည်းခရီးသွားနေခြင်းဖြစ်သည်။ သူသည် အဝါရောင်သဲသောင်ပြင်ပေါ်တွင် နွမ်းလျစွာလဲလျောင်းလိုက်ကာ နေဝင်ဆည်းဆာကို ငေးကြည့်နေရင်း မည်သည့်အချိန်တွင် ဤကန္တာရတွင်းမှ ထွက်ခွာနိုင်မည်နည်း ဟု တွေးနေမိသည်။

သူသည် လွန်ခဲ့သောရက်အနည်းငယ်က ဘွဲ့ရခဲ့ပြီး ထိုနေ့တွင်ပင် သူ၏အတန်းဖော်ချစ်သူကောင်မလေးကို နှုတ်ဆက်ခဲ့ရသည်။ ထိုနေ့က သူမသည် သူတို့နှစ်ဦးမှာ ခွဲခွာရမည့်ကံဇာတာပါသူများဖြစ်ကြပြီး ယခု တစ်ဦးကိုတစ်ဦး လက်လွှတ်ရတော့မည့်အချိန်ရောက်ပြီ ဟု ပြောခဲ့သောကြောင့် ထိုတွေ့ဆုံမှုသည် သူတို့နှစ်ဦး၏နောက်ဆုံးတွေ့ဆုံမှုဖြစ်ဟန်ပေါ်သည်။

ထို့ကြောင့် သူသည် ကောလိပ်မှထွက်လာပြီးနောက် စိတ်ပြေလက်ပျောက်ခရီးတစ်ခုထွက်လာခဲ့ခြင်း ဖြစ်၏။

ကန္တာရ၏အဆုံးသတ်ကောင်းကင်ပြင်တွင် ထွန်းလင်းနေသယောင်ထင်ရသည့် ဝင်စပြုနေသော နေလုံးကြီး၏ အလှတရားက ကန္တာရဟင်းလင်းပြင်ကျယ်ကြီးကြားတွင် တည်ငြိမ်အေးချမ်းမှုရောင်ဝါများ ဖြန့်ကျက်ပေးနေသည်။

ရေအနည်းငယ်သောက်လိုက်ပြီးနောက် ချူဖုန်းသည် အတော်လေးပြန်လည်လန်းဆန်းလာပြီး ပင်ပန်းနွမ်းနယ်မှုများလည် လျော့သွားသည်။ သူသည် ခန္ဓာကိုယ်ကြံ့ခိုင်သန်မာပြီး အရပ်လည်းရှည်ကာ သက်လုံကောင်းသူတစ်ဦးဖြစ်သည်။
ချူဖုန်းသည် မတ်တပ်ပြန်ရပ်ပြီး အကွာအဝေးကို မှန်းဆကြည့်သည်။ ကန္တာရအဆုံးသတ်နှင့် အလွန်နီးကပ်နေပြီ ဟု ခံစားရသဖြင့် ရှေ့သို့ဆက်သွားရန်ဆုံးဖြတ်လိုက်သည်။
ထို့နောက် သဲသောင်ပြင်ပေါ်တွင် ရှည်လျားသောခြေရာများကို ချန်ထားခဲ့ရင်း အနောက်ဘက်သို့ ဦးတည်လျှောက်လာခဲ့သည်။

သတိပြုမိစရာအကြောင်းရင်းမရှိဘဲ ကန္တာရအတွင်း၌ ဖြစ်တောင့်ဖြစ်ခဲလှစွာ မြူခိုးများဝေနေပေသည်။
ထိုမြူခိုးများသည် အပြာရောင်အရောင်အဆင်းရှိနေပြီး ခရီးသွားသူအား ဆောင်းဦးရာသီ၏အအေးဓာတ်ကို ဖြန်းပက်ပေးလိုက်သယောင်ခံစားရသောကြောင့် ချူဖုန်းအံ့အားသင့်သွား၏။

ထိုမြူခိုးပြာများသည် ဖောက်ထွင်းမမြင်နိုင်လောက်အောင်ပင် ထူထဲသိပ်သည်းလာပြီး မကြာမီအချိန်အတွင်း ကန္တာရဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားလေတော့သည်။
မိုးကုပ်စက်ဝိုင်းနောက်သို့ ဝင်စပြုနေသောနေလုံးကြီးနှင့် ရွှေအိုရောင်သမ်းနေသောတိမ်တိုက်များကပင် အနည်းငယ်ထူးဆန်းနေသယောင်နှင့် တဖြည်းဖြည်း အပြာရောင်သန်းလာပြီး မြင်ကွင်းတစ်ခုလုံးသည် တုန်လှုပ်ချောက်ချားဖွယ်ရာဖြစ်လာသည်။

ချူဖုန်းမျက်မှောင်ကြုတ်လိုက်သည်။ ကန္တာရအတွင်းမှ ရာသီဥတုအခြေအနေသည် မကြာခဏပြောင်းလဲလွယ်ကြောင်း သူသိသော်လည်း ယခုအဖြစ်အပျက်ကမူ ပုံမှန်မဟုတ်ကြောင်း သိသာလှ၏။
သူ့ခြေလှမ်းများကိုရပ်တန့်လိုက်သောကြောင့် အရာအားလုံးတိတ်ဆိတ်ငြိမ်သက်သွားလေသည်။

ကန္တာရအတွင်းသို့ ခရီးမထွက်မီက အချို့သိုးထိန်းများက ဤကန္တာရအတွင်း၌ တစ်ဦးတည်းခရီးသွားလျှင် ထူးဆန်းသောအသံများနှင့် ထူးဆန်းသောမြင်ကွင်းများကို ကြုံတွေ့ရနိုင်ကြောင်း၊ ထိုသို့ကြုံတွေ့ရပါက စိုးရိမ်ရကြောင်း သူ့အား သတိပေးခဲ့ကြဖူးသည်။
သူသည် ထိုစဉ်ကမူ ထိုစကားများကို အရေးမစိုက်ခဲ့ပေ။

အရာအားလုံးက တိတ်ဆိတ်ငြိမ်သက်နေသည်။ အပြာရောင်မြူခိုးများမှတစ်ပါး အခြားမူမမှန်သောအရာများကို မတွေ့ရသောကြောင့် ချူဖုန်းသည် ဤကန္တာရအတွင်းမှ အမြန်ထွက်ခွာနိုင်ရန် ခြေလှမ်းများကိုအရှိန်မြှင့်လိုက်သည်။
မြင်တွေ့နေကျမဟုတ်သော အပြာရောင်နေဝင်ဆည်းဆာသည် အနောက်ကောင်းကင်ကို ၎င်း၏အရောင်အဝါများဖြင့် မှုန်းခြယ်ထားသော်လည်း ထိုရောင်ဝါများသည်ပင် မိုးကုပ်စက်ဝိုင်းပေါ်မှ ကွယ်ပျောက်လုဆဲဆဲဖြစ်နေပေပြီ။

ချူဖုန်းသည် မပြေးရုံတမယ် ခပ်သုတ်သုတ်လျှောက်လာသည်။ ဤကဲ့သို့ထူးဆန်းစိမ်းသက်သောနေရာမျိုးတွင် သူကြာကြာမနေချင်တော့။
တံလျှပ်များသည် အများအားဖြင့် စူးရှတောက်ပသောကန္တာရနေရောင်အောင်တွင်သာ ဖြစ်ပေါ်လေ့ရှိသည်။ ယခုဖြစ်ပေါ်နေသော ထူးထူးဆန်းဆန်းအရာသည် တံလျှပ်မဟုတ်ဘဲ မတူညီသည့်အခြားတစ်မျိုးသာဖြစ်နိုင်သည်။

ရုတ်တရက် အရှေ့ဘက်တစ်နေရာရာတွင် သဲထဲမှတစ်စုံတစ်ခုအရှိန်ပြင်းပြင်းနှင့် ထွက်လာသကဲ့သို့သော အသံမျိုးထွက်ပေါ်လာ၏။
ချူဖုန်းသည် ရုတ်တရက်ခြေလှမ်းများကိုရပ်လိုက်ပြီး မရေမတွက်နိုင်သောအပြာရောင်ပုလဲလုံးများ ပြန့်ကျဲနေသကဲ့သို့ဖြစ်နေသည့် သူ့ရှေ့ရှိ ကန္တာရမြေပေါ်မှ ကြယ်နှင့်တူပြီး ပြိုးပြိုးပျက်ပျက်လက်နေသော အပြာရောင်အပိုင်းအစများကို ငေးကြည့်နေလေသည်။ ၎င်းတို့သည် နေဝင်ဆည်းဆာ၏အလင်းရောင်အောက်တွင်ပင် တဖိတ်ဖိတ်လက်နေကြသည်။

အမှန်စင်စစ် ထိုအပိုင်းအစများသည် အပင်တစ်ပင်၏ အစိတ်အပိုင်းများသာ ဖြစ်ကြသည်။ ၎င်းတို့သည် ကန္တာရအတွင်း ပေါက်ရောက်သော အမြင့် ၁ လက်မခန့်သာရှိသည့် အပင်ပေါက်လေးများဖြစ်ကြပြီး လှပသန့်စင်ကာ အလွန်နှစ်သက်စရာကောင်းလှပေသည်။
အချိန်ခဏအကြာတွင် ဖြိုးဖြိုးဖျောက်ဖျောက်အသံများထွက်ပေါ်လာပြီး ထိုမျက်စိကျိန်းလောက်အောင် တောက်ပသော အပြာရောင်အပင်ပေါက်လေးများသည် လျင်မြန်စွာ တဟုန်ထိုးကြီးထွားလာကြကာ တစ်ပင်နှင့်တစ်ပင်အကြား အကြားအလပ်မရှိအောင်ပင် အရွယ်အစားကြီးမားလာကြလေ၏။

အပြာရောင်သန်းနေသောနေလုံးကြီးသည် မိုးကုပ်စက်ဝိုင်းနောက်သို့ တရွေ့ရွေ့ဝင်ရောက်ပျောက်ကွယ်စပြုလာလေပြီ။ လေထုထဲတွင် မြူခိုးမြူငွေ့များ ပြည့်နှက်လာပြီး အဆုံးအစမရှိကျယ်ပြန့်လှသော ကန္တာရတစ်ခွင်ကိုလည်း ချောက်ချားဖွယ်အပြာရောင်မြူခိုးများကပင် ထူထဲသိပ်သည်းစွာ လွှမ်းခြုံထားပေသည်။

” ဖျောက် ”
ပန်းတစ်ပွင့် ပွင့်လာသံထွက်ပေါ်လာသည်။ နေဝင်ချိန်နှင့် အချိန်ကိုက်ပင် မိုးပြာရောင်ပန်းပင်လယ်ကြီးတွင် ပန်းများပွင့်လန်းလာသည်။
ကန္တာရတွင်း၌ ပွင့်လန်းနေသော ပန်းများအားလုံးသည် အပြာရောင်တလက်လက်တောက်ပနေကြပြီး ထူးခြားဆန်းကျယ်သော အိပ်မက်တစ်ခုအသွင်ဖြစ်နေကာ ကြည့်ရှုသူ၏စိတ်အာရုံကို ဖမ်းစားထားနိုင်လေသည်။

၃၀ စင်တီမီတာခန့်သာမြင့်သောပန်းပင်များသည် အပြာရောင်သန္တာကျောက်တန်းများကဲ့သို့ ကြည်လင်တောက်ပနေပြီး ပန်းပွင့်၏ပွင့်ချပ်များကလည်း အလွန်စွဲမက်စရာကောင်းလောက်အောင် ညှို့ယူဖမ်းစားနိုင်ပေသည်။ ဤသို့နူးညံ့သိမ်မွေ့လှသည့် ပန်းပွင့်များကို မြင်တွေ့ရရုံမျှဖြင့်ပင် လူတို့၏စိတ်ဝိညာဉ်ကို ကောင်းစွာဆွဲဆောင်ညှို့ယူထားနိုင်ပေလိမ့်မည်။

ချူဖုန်းသည် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သော်ငြား သူ့နောက်တွင်လည်း ထိုကဲ့သို့သော မိုးပြာရောင်ပန်းပင်လယ်တစ်ခုကို တွေ့လိုက်ရသည်။
သူသည် အလွန်အံ့သြသွားပြီး မည်သည့်ပန်းအမျိုးအစားဖြစ်ကြောင်းသိရရန် အာရုံစူးစိုက်ပြီးကြည့်နေလေသည်။ ထိုပန်းများသည် အနီရောင်ဟီဂန်ဘန်နာပန်းများနှင့် အတော်လေးဆင်တူသည်။ ၎င်း၏ပွင့်ချပ်များသည် ပွင့်ကားပြီး အနောက်ဘက်သို့ တဖြည်းဖြည်းကွေးသွားသည်။ အမှန်တကယ် လှပဆန်းကြယ်သောမြင်ကွင်းတစ်ခုပင်။

သို့သော် အနီရောင်ဟီဂန်ဘန်နာပန်းများသည် အများအားဖြင့် အနီရောင်တောက်တောက်ဖြစ်ကြပြီး ယခုပန်းများကမူ အပြာရောင်ဖြစ်နေသည်။ အပြာရောင်ဟီဂန်ဘန်နာပန်းများအကြောင်းကို ချူဖုန်း တစ်ခါမျှ မကြားဖူးပေ။
ဘာသာတရားအချို့နှင့် ဆက်စပ်နေသော အနီရောင်ဟီဂန်ဘန်နာပန်းအစစ်များသည် ဒဏ္ဍာရီများနှင့် ထူးခြားဆန်းကြယ်မှုများကို ကိုယ်စားပြုသည်။ ချူဖန်းသည် ထိုသို့သောအယူသည်းမှုများကို အယုံအကြည်မရှိသော်လည်း လက်ရှိမြင်ကွင်းကြောင့် စိတ်မသိုးမသန့်ဖြစ်သွားသည်။

မိုးခေါင်ခြင်းကို ထူးထူးခြားခြားခံနိုင်ရည်ရှိသော အပင်အနည်းငယ်သာလျှင် မိုးနည်းပြီးခြောက်သွေ့သောကန္တာရအတွင်း ပေါက်ရောက်ရှင်သန်နိုင်သည်။ စွတ်စိုပြီးအရိပ်ကောင်းသောမြေအနေအထားကိုသာ နှစ်သက်သည့် အနီရောင်ဟီဂန်ဘန်နာပင်အဖို့ ဤသို့သောကန္တာရနေရာမျိုးတွင် ငွားငွားစွင့်စွင့်လှလှပပဖူးပွင့်နေရန်လုံးဝမဖြစ်နိုင်ပေ။

မျက်စိတစ်ဆုံးမြင်မြင်သမျှနေရာတိုင်းတွင် ထိုပန်းများကသာနေရာယူထားသည်။
အပြာရောင်မြူမှုန်များသည်လည်း အဝေးသို့လွင့်ပါးပျောက်ကွယ်သွားပြီး ယခုအချိန်တွင် အဆုံးမဲ့ကန္တာရတစ်ခုလုံးကို အပြာရောင်ဟီဂန်ဘန်နာပန်းများက ဖုံးလွှမ်းထားလေ၏။ အလွန်ထူးခြားဆန်းကြယ်လှပေစွ။

မူးဝေထိုင်းမှိုင်းစေနိုင်သော ရနံ့တစ်မျိုးသည် အဝေးတစ်နေရာမှပျံ့နှံလာသည်။
ချူဖုန်းသည် အာရုံစုစည်းလိုက်ပြီး ထိုပန်းများကိုမထိမိစေရန် အထူးသတိထားကာ ရှေ့သို့ဆက်သွားလိုက်သည်။ ထိုအပင်များသည် မြစ်ဝါမြစ်တွင်မူ မပေါက်ရောက်ကြောင်း ချူဖန်းသတိထားမိသွားသည်။

မြစ်ဝါမြစ်၏ရေစီးကြောင်းသည် အချိန်ကာလတစ်လျှောက် အကြိမ်များစွာပြောင်းလဲခဲ့ပြီး တစ်ကြိမ်တွင် ကန္တာရကြီးကို ဖြတ်သန်းစီးဆင်းခဲ့ဖူးသည်။ သို့သော် ယနေ့အချိန်တွင်မူ လမ်းကြောင်းပြောင်းလဲခြင်းကြောင့် ခြောက်သွေ့နေသည့် မြစ်ကြမ်းပြင်သာ ကျန်ရစ်ခဲ့ပြီး မျက်နှာချင်းဆိုင်မြစ်ကမ်းပါးနှစ်ဖက်လုံးတွင်လည်း မရေမတွက်နိုင်သော အပြာရောင်ဟီဂန်ဘန်နာပန်းများ ပွင့်လန်းနေလေသည်။
နေရောင်လုံးဝ ကွယ်ပျောက်သွားချိန်၌ ထိုပန်းပွင့်များသည် အပြည့်အဝဖူးပွင့်လာကြပြီး မိုးပြာရောင်သမုဒ္ဒရာတစ်ခုအသွင် ဖြစ်လာခဲ့၏။
အမှောင်ထုက ချဉ်းနင်းဝင်ရောက်လာပြီဖြစ်သော်လည်း ပြာလဲ့လဲ့တောက်ပနေသောအလင်းရောင်ကြောင့် ကုန်းမြေတစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်နေရသေးသည်။

ချူဖုန်းသည် မြစ်ဝါမြစ်ကြောင်းဟောင်းတစ်လျှောက်လမ်းလျှောက်သွားရင်း စိတ်ငြိမ်ငြိမ်ထားနိုင်ရန် ခက်ခက်ခဲခဲကြိုးစားနေရသည်။ သူသည် ဤနေရာတွင် လားလားမျှဆက်ပြီးမနေချင်တော့သဖြင့် ခြေလှမ်းသွက်သွက်လျှောက်လာခဲ့သည်။
ကောင်းကင်ပြင်တွင် အမှောင်ထုက တစ်စတစ်စကြီးစိုးလာပြီး နေ့အလင်းရောင်၏အကြွင်းအကျန်လေးများသည်လည်း လုံးဝကွယ်ပျောက်သွားလေတော့သည်။

ဤသို့လှပဆန်းကြယ်သော အပြာရောင်ကန္တာရထဲတွင် ပန်းများစွာ ငွားငွားစွင့်စွင့်ဖူးပွင့်နေကြသော်လည်း မကြာမီအချိန်အတွင်း ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီးနောက် စက္ကန့်ပိုင်းအတွင်း၌ပင် ထိုပန်းများအားလုံးသည် တစ်ပြိုင်နက်တည်းညှိုးခြောက်သွားကြလေသည်။
စွဲမက်ဖွယ်ရာပွင့်ဖတ်များကြွေကျသွားပြီနောက် အပင်တစ်ပင်လုံးညှိုးနွမ်းကြွေလွင့်သွားသည်။ နှစ်ပေါင်းများစွာသောဘဝသက်တမ်းကို ဆုံးရှုံးလိုက်ရသကဲ့သို့ပင် အပင်များသည်လည်း အရောင်အဆင်းမဲ့သွားပြီး အသက်မရှိတော့ဟန်ဖြင့် အဝါရောင်သို့ပြောင်းလဲသွားကြလေ၏။

” ဖောင်း ”
နောက်ဆုံးတွင်မူ ညှိုးခြောက်နေသော ဟီဂန်ဘန်နာပန်းများအားလုံး ပေါက်ကွဲသွားပြီး အမှုန်အမွှားများဖြစ်သွားကြရှာပေပြီ။
ရှင်းပြရန်ခက်ခဲလှသော ထူးထူးဆန်းဆန်းမြင်ကွင်းမျိုးပင်။

ထိုပန်းများ၏အလှတရားသည် မီးရှူးမီးပန်းများ၏ တခဏသာခံသော စွဲမက်ဖွယ်အလှတရားမျိုးနှင့် ဆင်တူသည်။ ၎င်းတို့သည် ကြွေကျပျက်စီးပြီး အမှုန်အမွှားများအဖြစ်သို့ ပြန်လည်ရောက်ရှိရန် သတ်မှတ်ခံထားရပြီးသားအရာများဖြစ်ကြသည်။

အဝါရောင်အမှုန်များသည် ကန္တာရအတွင်းသို့ ကျဆင်းလာပြီး မကြာမီပင် ဆည်းဆာအလင်းရောင်အောက်၌ မခွဲခြားနိုင်အောင် တစ်သားတည်းဖြစ်သွားလေတော့သည်။ အပြာရောင်မြူခိုးများသည်လည်း လွင့်ပါးပျောက်ကွယ်လေပြီ။ ထို့ကြောင့် ကန္တာရအတွင်း၌ ဘာမျှမဖြစ်ခဲ့သကဲ့သို့ပင် ယခင်ကအခြေအနေအတိုင်း တစ်ဖန်တိတ်ဆိတ်ငြိမ်သက်သွားလေတော့၏။

ချူဖုန်းသည် မရပ်နားတော့ဘဲ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လှမ်းလာရင်း ကြယ်စုံည၏အလင်းရောင်အောက်တွင် သဲသောင်ပြင်များစွာကို ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးတွင် သဲကန္တာရအတွင်းမှ ထွက်နိုင်တော့မည့် အရိပ်အယောင်ဖြစ်သော မိုးကုပ်စက်ဝိုင်းနှင့် ထိလုထိခင်မြင့်မားလှသည့် တောင်တန်းများကို လှမ်းမြင်လိုက်ရလေသည်။

ချူဖုန်း ကန္တာရတွင်းမှ ထွက်လာနိုင်ချိန်တွင် အမှောင်ထုက ကြီးစိုးဆဲဖြစ်သည်။ သို့သော် တောင်တန်းများနှင့် သိုးထိန်းတဲများဟုထင်ရသော တောင်ခြေရှိပုံရိပ်သဏ္ဍာန်များကိုမူ ပြတ်ပြတ်သားသားမြင်နိုင်ပေသေးသည်။
ချူဖုန်းသည် ယခုအချိန်တွင် ဘာမျှထူးထူးခြားခြားမဖြစ်ခဲ့သကဲ့သို့ လုံးဝဆိတ်ငြိမ်နေသော သူ့နောက်မှ ကန္တာရကြီးကို တစ်ချက်လှည့်ကြည့်လိုက်သည်။

သူ့ရှေ့ရှိတောင်ခြေမှတဲများတွင် မီးရောင်များလင်းထိန်နေပြီး ဆူညံသံများကိုလည်း ခပ်ဝေးဝေးကတည်းက ကြားနေရသည်။ ထိုနေရာ၌ တစ်စုံတစ်ခုဖြစ်နေဟန်ပင်။
ထို့အပြင် သိုးထိန်းခွေးများ၏ ဟောင်သံများနှင့်အတူ ခြံမွေးတိရစ္ဆာန်များ၏ ကြောက်လန့်တကြားအော်ဟစ်သံများကိုလည်း ကြားနေရသည်။

” ဘာတွေဖြစ်နေတာပါလိမ့် ” ချူဖုန်းသည် ခြေလှမ်းမြန်မြန်လှမ်းလိုက်ပြီး သိုးထိန်းတဲဆီသို့ ချဉ်းကပ်သွားလေသည်။

အပိုင်း ( ၁ ) ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset