Switch Mode

Chapter – 24

ငရဲ အော်သံ

Chapter – 24 ငရဲ အော်သံ

ရှီဖုန်းတို့ အဖွဲ့ ဖွဲ့ပြီးနောက်တွင် စောင့်ကြည့်နေကြသော အဆင့်၂ ကစားသမားများက စတင် ရယ်မောလိုက်ကြသည်။

ရှီဖုန်း ခေါ်ထားသည့် ကစားသမားများအားလုံးက အဆင့် ၁ချည်းပဲ ဖြစ်နေခြင်းကြောင့် မဟုတ်ပေ။ အဖွဲ့ထဲရှိ အလုပ်အမျိုးအစားများက ထူးခြားနေ၍ မနေနိုင်ဘဲ ရယ်မောလိုက်ကြခြင်း ဖြစ်သည်။

“ဒီငညံ့ကောင်က တစ်ခုခုတော့ တစ်ခုခုပဲ… ငါတောင်မှ သူ့ကို အားကျလာပြီ… သူတို့က ကိုယ့်ကိုယ်ကို သေကြောင်းကြံနေတဲ့ အဖွဲ့ပဲ… “

“အဲ့ဒီအဖွဲ့က ကျွမ်းကျင်သူကို တစ်ကယ်ပဲ သနားမိတယ်… ဟိုငညံ့ကောင်ကိုတောင် အဖွဲ့ခေါင်းဆောင်အဖြစ် သဘောတူပေးလိုက်ရတယ်… “

ထို့သို့ဖြင့် အဆင့် ၂ ကစားသမားများစွာက စတင်ပြောဆိုလာကြသည်။ တစ်ချို့ဆိုလျှင် ဗိုက်ကိုပင် ကိုင်၍ ကျယ်လောင်စွာ ရယ်မောနေကြသည်။

“လူစိတ်ဝင်စားအောင် လုပ်နေတာ… “ကျောက်ယွဲ့ရူက မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။ သူမက ရှီဖုန်းကို တစ်ချက်သာ ကြည့်ပြီး ပြန်လှည့်လိုက်သော်လည်း သူစိတ်ထဲတွင် အနည်းငယ် ကသိကအောက် ဖြစ်သွား၏။ ယခင်က သူမ သွားသည့်နေရာတိုင်းတွင် လူတိုင်း၏ စိတ်ဝင်စားမှုကို ခံရ၏။ သို့သော်လည်း ယနေ့တွင်တော့ လူတိုင်း၏အာရုံက ငညံ့တစ်ယောက်ဖြစ်သော ရှီဖုန်းဆီသို့သာ ရောက်နေလေသည်။ လူတိုင်းက သူ့ကို လှောင်ပြောင်နေကြသော်လည်း သူက အားလုံး၏ အာရုံကို ဖမ်းစားထားနိုင်သည်။

“ယွဲ့ရူ… ငါတို့လည်း လူ မြန်မြန်စုရအောင်… အချိန်ထပ်ဖြုန်းနေရင် နောက်မှာ ကျန်နေခဲ့လိမ့်မယ်… “ ဂျမ်းတဲလ်စနိုးက စိတ်ထဲတွင် ရှီဖုန်အား ကျွမ်းကျင်သူတစ်ယောက်ဟု ထင်နေသော်လည်း ရှီဖုန်း၏ အဆင့်နှင့် လူစုဆောင်းသည့် နည်းလမ်းများက ကျွမ်းကျင်သူတစ်ယောက်နှင့် လားလားမျှ မတူပေ။ ထို့ကြောင့် ရှီဖုန်းအား အဖွဲ့အစည်းသို့ ဖိတ်ခေါ်လိုသည့် ဆန္ဒလည်း မရှိတော့ချေ။ သူတို့၏ အုရိုဘိုရိုအဖွဲ့အစည်းကား ကျွမ်းကျင်သူများကိုသာ လက်ခံလေသည်။

“ကောင်းပြီ… “ကျောက်ယွဲ့ရူက ရှေ့တွင်ရှိသော ဓားသမားဘက်သို့ ပြန်လည့်ပြီး ရှီဖုန်းအား မကျေမနပ်ဖြစ်သည့်စိတ်ကို တခြားသူဆီသို့ ပုံချလိုက်သည့် လေသံဖြင့် ပြောလိုက်သည်… “အချက်အလက်တွေကတော့ မဆိုးပါဘူး… ဒါပေမဲ့ ငါတို့က ဓားသမားတစ်ယောက်ကို မလိုဘူးဖြစ်နေတယ်… “

ဓားသမားက ကျောက်ယွဲ့ရူ၏စကားကြောင့် စိတ်ဓာတ်ကျသွားလေသည်။ ကျောက်ယွဲ့ရူ ဆိုလိုချင်သည့် အဓိပွါယ်ကို နားမလည်ဘဲ ဘယ်နေပါ့မလဲ။ ချက်ချင်းပင် သူက ရှီဖုန်းရှိသည့် ဘက်သို့ လှည့်ပြီး အမုန်းတရားများ ပြည့်နေသည့် မျက်လုံးတစ်စုံဖြင့် စိုက်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရှီဖုန်းကတော့ ဘာမှမသိလိုက်ချေ။ သူက သေဆုံးခြင်းသစ်တောထဲသို့ ဝင်ရောက်ရန် စတင်နေလေသည်။

စနစ်။ ။ ကျေးဇူးပြု၍ ခက်ခဲမှုအဆင့် ရွေးချယ်ပေးပါ။

စနစ်။ ။ သာမန်၊ ပြင်းထန်၊ ငရဲ။

ရှီဖုန်းက ငရဲအဆင့်အား ချက်ချင်း ရွေးချယ်လိုက်သည်။ ရုတ်တရက် သေဆုံးခြင်းသစ်တော၏ ရှေ့ရှိ ရွေ့ပြောင်းရေးလမ်းကြောင်းက‌ ခဲရောင်မှ အနက်ရောင်သို့ ပြောင်းလဲသွားလေသည်။ တစ်ချိန်တည်းမှာပင် ပါးစပ်ဟနေသည့် ဦးခေါင်းခွံကိုလည်း ဝိုးတိုးဝါးတား မြင်နိုင်ပေသည်။

ထိုအခိုက်တွင် ရှီဖုန်း၏ အဖွဲ့သားများအားလုံးသည် အသိပေးချက်တစ်ခုကို လက်ခံရရှိလိုက်သည်။

စနစ်။ ။ သင်က ခက်ခဲမှု ငရဲအဆင့်ကို ရွေးချယ်လိုက်ပါသည်။ သေဆုံးသွားခဲ့လျှင် ပြစ်ဒဏ် ၁၀၀% ပေးခံရမည်။

ရုတ်တရက်ဆိုသလိုပင် အဖွဲ့သားအားလုံး၏ မျက်နှာများက ဖြူရော်သွား၏။ ပြစ်ဒဏ် ၁၀၀%ဆိုသည်မှာ သေသွားခဲ့လျှင် သူတို့၏ EXP 20% လျော့ခံရမည်ဆိုသည့် အဓိပ္ပါယ်ဖြစ်သည်။ ထို EXPကို ပြန်ရရန် အချိန် တစ်နာရီ၊နှစ်နာရီခန့် လိုအပ်ပေလိမ့်မည်။

“အစ်ကိုဖုန်း… မှားရွေးလိုက်တာလား… ငါတို့က သာမန်အဆင့် မြေအောက်ဘုံကို ဝင်မှာ မဟုတ်ဘူးလား… “ ဘလက်ကီက ရှီဖုန်းကို မီအောင် လျှောက်လာပြီး တိုးတိုးလေး ကပ်မေးလိုက်သည်။

“မမှားဘူး… ငရဲအဆင့်ကို ရွေးလိုက်တာ… ငရဲအဆင့်ကို မရွေးဘူးဆိုရင် ငါက ဒီလာပြီး ဘာလုပ်ရမှာလဲ… “ ရှီဖုန်းက ခပ်ဆတ်ဆတ် ပြန်ပြောလိုက်သည်။

ပန်းပဲဒီဇိုင်းများ၏ ကျနှုန်းက အလွန်ကို နည်း၏။ သာမန်အဆင့်ကို သွားလျှင် ကျနှုန်းက ၁ရာခိုင်နှုန်းသာ ရှိ၏။ ပြင်းထန်အဆင့်က ၅ရာခိုင်နှုန်း ရှိပြီး ငရဲအဆင့်က ၃၀ရာခိုင်နှုန်း ရှိသည်။ သာမန်အဆင့်ကို တစ်နေ့တွင် အကြိမ် အကန့်အသတ်မရှိ ဝင်နိုင်သော်လည်း မည်သူက ပန်းပဲဒီဇိုင်းကျသည့် အချိန်အထိ အချိန်ကုန်ခံမည်နည်း။ ပြင်းထန်အဆင့်က တစ်ရက်တွင် ၅ကြိမ် ဝင်နိုင်ပြီး ပန်းပဲဒီဇိုင်းကျနှုန်းက ကောင်းသည့်အထဲ မပါပေ။ ငရဲအဆင့်ကတော့ တစ်ရက်ကို တစ်ကြိမ်သာ ဝင်နိုင်ပြီး ပန်းပဲဒီဇိုင်းကျနှုန်း အများဆုံး ဖြစ်သည်။

“အစ်ကိုဖုန်း… ဖုန်း… ဘာပြောလိုက်တာလဲ… သေဆုံးခြင်းသစ်တောရဲ့ ငရဲအဆင့်လား… ကျွန်တော်တို့ အဖွဲ့ရဲ့ လူတွေကိုလည်း ကြည့်ပါဦး… သာမန်အဆင့်ကိုတောင် ရှင်းဖို့ ခက်ခဲလိမ့်မယ်… ငရဲအဆင့်ကို ပြောမနေနဲ့တော့… “ ဘလက်ကီက ထိတ်လန့်စွာဖြင့် ပြောလိုက်သည်။

သာမန်အဆင့်ကိုပင် လက်ရွေးစင်အဖွဲ့များစွာက သေဆုံးပြီး ပြန်လာရသည်။ ထိုလူများ၏ ပြောစကားအရ သေဆုံးခြင်းသစ်တောထဲရှိ မွန်းစတားများက အလွန် အစွမ်းထက်လှသည်။ အဆင့်၄ သို့မဟုတ် အဆင့်၅ကို မရောက်သေးလျှင် သေဆုံးခြင်းသစ်တောကို ရှင်းလင်းရန် ခက်ခဲကြောင်း ပြောခဲ့ကြသည်။ ထို့ကြောင့် သူတို့က သေဆုံးခြင်းသစ်တောကို လက်လျှော့ကာ ထွက်သွားခဲ့ကြ၏။

ယခု ငရဲအဆင့်ကို ဝင်သွားပါက အဆင့် ၁ ငညံ့များနှင့် သူတို့အဖွဲ့သည် ကျိန်းသေ ငရဲပြည်သို့ ရောက်သွားကြရလိမ့်မည်ဖြစ်သည်။

“စိတ်အေးအေး ထားစမ်းပါ… ငါက မသေချာရင် မလုပ်ပါဘူး… “ ရှီဖုန်းက ဘလက်ကီ၏ ပခုံးကို ရိုက်ပြီး ယုံကြည်မှုရှိစွာ ပြုံးပြလိုက်သည်။

“ကောင်းပြီး ဒါဆို အထဲကို ဝင်ကြရအောင်… “

ရှီဖုန်းက အဖွဲ့ကို ဦးဆောင်၍ အရင်ဆုံး ဝင်သွားပြီး ဘလက်ကီက သူ့နောက်မှ လိုက်လာသည်။ အဖော်မဲ့နှင်းကတော့ ယောင်လည်လည်ဖြင့် လိုက်ပါသွားပြီး လမ်းအဆုံးထိလျှောက်ရန် စိတ်ကို ပြင်ဆင်ထားလိုက်သည်။

ကျန်၃ယောက်ကတော့ အချိန်တစ်ချို့ကြာသည်ထိတိုင်အောင် တုန့်ဆိုင်းနေလေသည်။

“ငါတို့လည်း အထဲဝင်တာ ပိုကောင်းမယ်… ကျွမ်းကျင်သူကတောင် အထဲကို ဝင်သွားပြီ… ငါတို့လို အဆင့်၁တွေက ဘာလို့ တုန့်ဆိုင်းနေရမှာလဲ… ပြီးတော့ ငါတို့ ဝင်မှာ ငရဲအဆင့်… ပြောရရင် ဂုဏ်ယူစရာတောင် ကောင်းနေပြီ… “ ကိုလာက အားပေးစကား ဆိုလိုက်သည်။

ကျန်နှစ်ယောက်ကလည်း ကိုလာ၏စကားက အဓိပ္ပါယ်ရှိသည်ဟု တွေးကာ မြေအောက်ဘုံထဲသို့ နောက်မှ လိုက်ဝင်ကြသည်။

ထိုစဉ်တွင် ဂျမ်းတဲလ်စနိုးတို့၏ ရှေ့ရှိ နေရာတစ်ဝိုက်ကား လုံးဝ တိတ်ဆိတ်သွား၏။ အဆင့် ၂ ကစားသမားများ အားလုံးက အံ့အားသင့်နေရုံသာမက အလွန်လည်း ထိတ်လန့်နေကြသည်။ အဆင့် ၂ လက်ရွေးစင် အဖွဲ့များပင် သာမန်အဆင့်အား မရှင်းနိုင်ကြသေးပေ။ သို့သော်လည်း အဆင့် ၁ ကစားသမားများ အများဆုံးပါသည့် အဖွဲ့တစ်ဖွဲ့က သေဆုံးခြင်းသစ်တော၏ ငရဲအဆင့်ကို တစ်ကယ်ကြီး ရွေးချယ်သွားခဲ့သည်။

“စနိုး… ငါပဲ အမြင်မှားတားလား… အဲ့တာ ငရဲအဆင့်မလား… “ကျောက်ယွဲ့ရူက မေးလိုက်သည်။

ဂျမ်းတဲလ်စနိုးက ခေါင်းငြိမ့်ပြလိုက်သည်။ သူမ၏ လှပသော မျက်လုံးများက မှိတ်တုတ်တုတ် လင်းနေသည့် ဦးခေါင်းခွံကိုသာ ကြည့်နေပြီး သူမ၏ အမူအရာက လေးလေးနက်နက် ဖြစ်နေသည်။

“အဲ့အကောင်က သာမန်အဆင့်ကို မရှင်းနိုင်မှန်းသိလို့ စိတ်ဓာတ်ကျပြီး ငရဲအဆင့်ကို ဝင်သွားတာနေမယ်… သူတို့ဘယ်လိုသေပြီး ထွက်လာမလဲ ကြည့်ရသေးတာပေါ့… “ကျောက်ယွဲ့ရူက ရယ်မောလိုက်သည်။

“အဲ့တာအတွက် ငါတို့မှာ အချိန်မရှိဘူး… သွားရအောင်… ငါတို့လည်း လူစုပြီးပြီပဲ… “

ဂျမ်းတဲလ်စနိုးက သေဆုံးခြင်းသစ်တောဆီသို့ ဦးတည်လိုက်သည်။ သူမက ခက်ခဲမှုကို သာမန်အဆင့်သာ ရွေးချယ်လိုက်သည်။ သာမန်အဆင့်တွင် မည်သည့်ပြဿနာမှ မတွေ့ရမှသာ ပြင်းထန်အဆင့်သို့ ဝင်ကြမည်ဖြစ်သည်။

သေဆုံးခြင်းသစ်တော၏ မြေအောက်ဘုံတွင် မှောင်မည်းနေသော တောအုပ်တစ်ခု ရှိ၏။ မကြာခဏဆိုသလိုပင် ခြောက်ခြားဖွယ်ရာ လေတိုးသံများ ပေါ်ထွက်လာတတ်ပြီး ကျောချမ်းဖွယ်ရာ ဖြစ်နေလေသည်။

ရှီဖုန်းမှ လွဲ၍ ကျန်သည့် အဖွဲ့သားများအားလုံးက မြေအောက်ဘုံ၏ ဝင်ပေါက်တွင် စု၍ ရပ်နေကြသည်။ သူတို့က ကြောက်မက်ဖွယ်ရာ မွန်းစတားများကို ဆွဲဆောင်မိမည်စိုး၍ တစ်လက်မပင် မရွေ့ရဲကြပေ။

“အစ်ကိုဖုန်း… ငါ့ရဲ့ ကျောကို လေအေးတွေ တိုက်နေတာကို ဘာလို့ ခံစားမိနေတာလဲ… “ ဘလက်ကီက စိုးရိမ်စွာ မေးလိုက်သည်။

“ဘလက်ကီ… မင်းကိုယ်မင်း ကျွမ်းကျင်သူလို့ သတ်မှတ်ထားရင် ကျွမ်းကျင်သူတစ်ယောက်ရဲ့ စိတ်ဓာတ်မျိုး မင်းမှာ ရှိရမယ်… ဒါမှသာ မင်းက ကျွမ်းကျင်သူ အစစ်အမှန်တစ်ယောက် ဖြစ်လာနိုင်မယ်… ဒါက ငရဲအဆင့်ပဲ ရှိသေးတာ… မွန်းစတားတွေက အသိဉာဏ် နည်းနည်းလောက် ပိုမြင့်မယ်… တိုက်ခိုက်ရေးနည်းစနစ်တွေက နည်းနည်းလေး ပိုရှုပ်ထွေးမယ်… ပြီးတော့ သူတို့ရဲ့ တိုက်ခိုက်မှု၊ခုခံမှုနဲ့ HPက တခြားမွန်းစတားတွေထက် နည်းနည်းလောက် သာရုံပါပဲ… တခြားဘာမှ မရှိဘူး… “

ရှီဖုန်းက စဉ်းစားလိုက်သော်လည်း ထပ်ပြောစရာ မကျန်တော့သည်ကို ခံစားမိလေသည်။

ရုတ်တရက်ဆိုသလိုပင် အဖွဲ့သားတိုင်းက ရှီဖုန်းအား အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

မြေအောက်ဘုံထဲတွင် တိုက်ခိုက်မှုနှင့် HP အနည်းငယ် ကွာခြားသွားသည်နှင့် တစ်ဖွဲ့လုံး သေဆုံးသွားနိုင်သည်။ ရှီဖုန်းကတော့ ရိုးရှင်းစွာပင် ရှင်းပြသွားသည့်အပြင် မွန်းစတားများက ‘အသိဉာဏ် နည်းနည်းလောက် ပိုမြင့်မယ်’ ဆိုသည့် စကားကို လွယ်လွယ်ကူကူ ပြောသွားခဲ့သည်။ နတ်ဘုရားနယ်မြေရှိ မွန်းစတားများသည် အသိဉာဏ် အနည်းငယ် ပိုမြင့်ရုံဖြင့် သူတို့၏ တိုက်ခိုက်မှု၊ ခုခံမှုနှင့် HPက မပြောင်းလဲလျှင်တောင်မှ သူတို့၏အစွမ်းက ၂ဆ၊ ၃ဆခန့် တိုးလာလေသည်။

“ကောင်းပြီ… ကောင်းပြီ… တခြားဟာတွေ တွေးမနေကြနဲ့တော့… မင်းတို့ကို ဒီမြေအောက်ဘုံအတွက် နည်းဗျူဟာ ရှင်းပြပေးမယ်… သေချာနားထောင်ပါ… မင်းတို့ သေချာ မလိုက်နာနိုင်ရင် မင်းတို့တွေ ဒီထဲမှာ သေဆုံးသွားရလိမ့်မယ်… “ ရှီဖုန်းက လက်ကို ဝေ့ရမ်းပြီး မြေအောက်ဘုံကို အောင်မြင်စွာ ရှင်းလင်းနိုင်ရန်အတွက် နည်းဗျူဟာကို ရှင်းပြရန် ပြင်လိုက်သည်။

ရုတ်တရက် မှောင်မည်းနေသော တောအုပ်အတွင်းမှ လေပြင်းတစ်ချက် တိုက်ခတ်လာပြီး သစ်ပင်များက ပြင်းထန်စွာ လှုပ်ယမ်းသွား၏။

“အဝူး… အဝူး… အဝူး… “

လေပြင်းလာပြီးနောက် ကြောက်မက်ဖွယ်ဟိန်းသံများက တောအုပ်တစ်ခုလုံး ဆူညံသွား၏။ များပြားလှသော ငှက်များကလည်း ကြောက်လန့်စွာဖြင့် ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည်။

ဘလက်ကီနှင့် တခြားသူများက ခြောက်ခြားဖွယ်အရှိန်အဝါကြောင့် မှင်သက်သွားကြ၏။

သူတို့သည် အသက်၂၀ ဝန်းကျင်သာ ရှိသေးသည့် လူငယ်များသာ ဖြစ်သည်။ သေရေးရှင်းရေးအခြေအနေ မပြောနှင့် ကြီးကြီးမားမား အခက်အခဲများကိုပင် မကြုံတွေ့ဖူးပေ။ နှလုံးတစ်ခုလုံး ပေါက်ထွက်သွားနိုင်သည့် ဟိန်းသံကို ယခုမှ ပထမဦးဆုံး ကြုံဖူးခြင်း ဖြစ်သည်။ ထိုဟိန်းသံကား လူသားတို့၏ နှလုံးသားကို ပို၍ ထိတ်လန့်တုန်လှုပ်စေသည်။

“ဒါက ငါတို့ သတိထားသင့်တဲ့ အရာပဲ… “ ရှီဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

ငရဲအဆင့်နှင့် ပြင်းထန်အဆင့်၏ အကြီးမားဆုံး ကွာခြားချက်သည် ဤဟိန်းသံ ဖြစ်၏။

ထိုဟိန်းသံသည် နာမည်အတိအကျ မရှိသော်လည်း ယခင်ဘဝမှ ကစားသမားများကတော့ “ငရဲအော်သံ” ဟု ခေါ်ကြသည်။

အပိုင်း ၂၄ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset