Chapter – 23 ကြမ်းကြုတ် ဝက်ဝံ
အဆင့် ၁ ကစားသမားများက ရှီဖုန်းဆီသို့ ပြေးလာနေကြပြီး ရှီဖုန်း၏ အဖွဲ့ရှေ့တွင်လည်း ကစားသမားများဖြင့် သက်ဝင်လှုပ်ရှားလာသည်။
“ဒီလူက တစ်ခုခုတော့ တစ်ခုခုပဲ… မြေအောက်ဘုံကို ဝင်ဖို့အတွက် အဆင့်၁ ကစားသများတွေကိုတောင် ခေါ်သွားချင်နေတယ်… အဆင့် ၂ လက်ရွေးစင်အဖွဲ့တွေတောင် သေပြီးမှ ပြန်လာရတာကို သူ မသိဘူးလား… “
“သူ့ကို ဘယ်သူက ဂရုစိုက်နေမှာလဲ… ငညံ့က ငညံ့ပဲ… ငါတို့က သူတို့လို ကောင်တွေရဲ့ အတွေးတွေကို ဘယ်နားလည်ပါ့မလဲ… “
အဆင့်၂ ကစားသမားများစွာက ရှီဖုန်း၏ အပြုအမူကို တစ်ယောက်ပြီးတစ်ယောက် ကဲ့ရဲ့ကြသည်။ သူတို့အားလုံးက ရှီဖုန်းကို ပြတ်လုံးတစ်ခုသဖွယ် ဖြစ်လာမည်ကို စောင့်ကြည့်ချင်နေကြသည်။
“အဲ့ဒီလူတွေက တော်တော်စိတ်ဝင်စားဖို့ ကောင်းတာပဲ… ငါတောင်မှ သေဆုံးခြင်းသစ်တောကို ရှင်းဖို့ ယုံကြည်ချက် မရှိဘူး… သူတို့က အဆင့်၁ အုပ်စုလောက်နဲ့ ရှင်းချင်နေတယ်… “ကျောက်ယွဲ့ရူက ရှီဖုန်းတို့ဘက်ကို ကြည့်ပြီး နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။ သူမ၏ လေသံထဲတွင် အထင်သေးမှုနှင့် လှောင်ပြောင်မှုများ ပါဝင်နေသည်။
ဂျမ်းတဲလ်စနိုးကတော့ ရှီဖုန်းကို တစ်ချက်သာ ကြည့်လိုက်သည်။ ရှီဖုန်း၏ အပြုအမူများက တည်ငြိမ်မှုနှင့် ယုံကြည်ချက် ရှိမှုကို ဖော်ပြနေသည်။ သူက လှောင်ပြောင်ခံရ၍ စိတ်ဆိုးသွားခြင်း မရှိပေ။ သူ၏ အပြုအမူတိုင်းက ရင့်ကျတ်ပြီး နတ်ဘုရားနယ်မြေမှ ကျွမ်းကျင်သူများနှင့် မကွာခြားလှပေ။ သို့သော်လည်း ရှီဖုန်း၏ ယုံကြည်မှုများက မည်သည့်နေရာက လာသည်ကို နားမလည်နိုင်ချေ။ သေဆုံးခြင်းသစ်တောက အနီရောင်သစ်ရွက်မြို့၏ ပထမဆုံး မြေအောက်ဘုံဖြစ်သည့်အတွက် ကစားသမားများက မြေအောက်ဘုံမှ အခက်အခဲများကို ကြိုတင် မသိနိုင်ကြပေ။ အစည်းအရုံးများမှ လက်ရွေးများစင် အဖွဲ့များတောင် မြေအောက်ဘုံသို့ မဝင်ခင် အဖွဲ့ဝင်များကို သေချာဂရုစိုက်၍ ရွေးချယ်ကြရသည်။ သို့သော်လည်း ရှီဖုန်း၏ အပြုအမူများက အနည်းငယ်မျှပင် အလေးထားခြင်း မရှိဘဲ ကစားသမား ၆ယောက်ပြည့်အောင်သာ စုဆောင်းနေပြီး ထို၆ယောက်ဖြင့် လုံလောက်သည်ဟု တွေးနေဟန် ရသည်။
“ငါ အတွေးလွန်နေတာ နေမှာပါ… သူက အဆင့် ၁ ကစားသမားတစ်ယောက်ပဲ… ဘယ်လိုလုပ် မြေအောက်ဘုံကို ရှင်းနိုင်မှာလဲ… “ ဂျမ်းတဲလ်စနိုးက ရှီဖုန်း၏ အကြောင်းကို ထပ်မတွေးတော့ဘဲ သူမ၏ ကျော့ရှင်းသော ဆံနွယ်များကို ပွတ်သပ်လိုက်သည်။ သူမက သူမ၏လက်ကို ကြည့်လိုက်ရာ ကစားသမားတစ်ယောက်၏ အချက်အလက်ပြဇယားက လက်ပေါ်တွင် ပေါ်လာသည်။
“အဆင့်၂ ဆင့်ခေါ်သူ… မှော်တိုက်ခိုက်မှု ၂၈… HP 150… ခုခံမှု ၈… ရွေ့လျားမှုနှုန်း ၄… ကျရှုံး… နောက်တစ်ယောက်… “
ထိုကစားသမား ထွက်သွားပြီးနောက်တွင် သူ့နောက်မှ ကျိန်စာအသုံးပြုသူက ရှေ့သို့ တက်လာသည်။ ထိုလူက သူ၏အချက်အလက်ပြ ဇယားကို ဂျမ်းတဲလ်စနိုးထံသို့ ပို့လိုက်သည်။
တစ်ခြားတစ်ဖက်တွင် ရှီဖုန်းကလည်း ကစားသမားတစ်ယောက်၏ အချက်အလက်များကို ကြည့်ရှုနေလေသည်။
သူ စုဆောင်းနေသည့် အဆင့် ၁ ကစားသမားများ၏ လက်နက်ကိရိယာများနှင့် အဆင့်များက ဂျမ်းတဲလ်စနိုး စုဆောင်းနေသည့် အဆင့် ၂ ကစားသမားများထက် လွန်စွာ ဆိုးရွားနေသည်။ သို့သော်လည်း သူတို့က ကစားသမားများ ဖြစ်နေဆဲပင်။ သူတို့က သူတို့၏ အခမဲ့စွမ်းရည်အမှတ် ၈မှတ်ကို အစောကတည်းက ပေါင်းထည့်ထားခြင်း မရှိလျှင် သေဆုံးခြင်းသစ်တောကို ၆ယောက် အဖွဲ့ဖြင့် ရှင်းနိုင်ရန် အခွင့်အရေးများ၏။
ဒိုင်းစစ်သည်နှင့် ကာကွယ်သူ(ကာကွယ်သူ စစ်သူရဲကောင်း) များကတော့ သူတို့အမှတ်များကို သန်မာမှုနှင့် လက်နက်ကျွမ်းကျင်မှုများတွင် ထည့်ပေါင်းထားပြီး သွက်လက်မှုတွင် ထည့်မပေါင်းထားကြချေ။ ထို့ကြောင့် သူတို့အားလုံးက ငြင်းပယ်ခံရလေသည်။
“အစ်ကိုကြီး… ကျေးဇူးပြုပြီး ကျွန်တော့်ကို အဖွဲ့ထဲ ထည့်ပေးနိုင်မလား… ကျွန်တော်က အဆင့်၁ ကာကွယ်သူတစ်ယောက်ဆိုပေမဲ့ ကျွန်တော့်မှာ အဆင့် သုည သာမန်အဆင့် အိုင်တမ်တစ်ခု ရှိပါတယ်… ပြီးတော့ အခမဲ့ စွမ်းရည်အမှတ် ၈မှတ်လည်း ရှိပါသေးတယ်… အဲ့ဒီအမှတ်တွေကို အစ်ကိုကြီး လိုချင်တဲ့အတိုင်း ပေါင်းထည့်ပေးနိုင်ပါတယ်… “ ကိုလာအမည်ရှိ လူငယ်တစ်ယောက်က မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်ပြီး အသနားခံလိုက်သည်။
ရှီဖုန်းက အနည်းငယ် အံ့အားသင့်သွား၏။ အခမဲ့စွမ်းရည်အမှတ်များကို ပေါင်းမထည့်ရသေးဘဲ အဆင့်၁သို့ ရောက်နိုင်သည့် ကာကွယ်သူတစ်ယောက် အမှန်တစ်ကယ် ရှိနေလေသည်။ သည်အရာက တစ်ကယ်ကို အံ့အားသင့်စရာ ဖြစ်သည်။ ကာကွယ်သူများက တိုက်ခိုက်မှုစွမ်းအား နိမ့်သောကြောင့် မွန်းစတားများကို သတ်ဖြတ်နိုင်ရန် ခက်ခဲလေသည်။ ထို့ကြောင့် သူတို့က အုပ်စုဖွဲ့ပြီး မွန်းစတားများကို သတ်ကြရသည်။ သူတို့က မွန်းစတားများကို သတ်ဖြတ်ရာတွင် မြန်ဆန်စေရန်အတွက် အမှတ်အနည်းငယ်ကို သန်မာမှုထဲသို့ ပေါင်းထည့်ကြရသည်။ မဟုတ်လျှင် သူတို့က အဆင့်တက်ရသည်မှာ နှေးကွေးသွားပေလိမ့်မည်။
“ကာကွယ်သူ ကိုလာ… “
‘ကိုလာ… ကိုလာ… ‘ ရှီဖုန်းက စိတ်ထဲမှ ရေရွတ်ပြီး ကိုလာ၏မျက်နှာနှင့် ကြံ့ခိုင်သော အရပ်ရှည်ရှည် ခန္ဓာကိုယ်ကို ကြည့်လိုက်ရာ သူ့စိတ်ထဲတွင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်တရက် သူက အတွေးပင်လယ်ထဲသို့ ကျသွားပြီး ကိုလာနှင့် ပက်သတ်သည့် မှတ်ဉာဏ်ကို တွေ့လိုက်ရသည်။
‘ဒါက ကြမ်းကြုတ်ဝက်ဝံပဲ… ‘
ရှီဖုန်းက ထိုနာမည်ကို မှတ်မိသွား၏။ ကြမ်းကြုတ်ဝက်ဝံ၏ နာမည်က ကိုလာဖြစ်သည်။ ကြမ်းကြုတ်ဝက်ဝံသည် ပထမတန်းစား အဖွဲ့အစည်းတစ်ခု ဖြစ်သည့် တောက်ပကြယ်၏ အဓိက ခုခံသူတစ်ယောက် ဖြစ်သည်။ နတ်ဘုရားနယ်မြေဖွင့်ပြီး အစောပိုင်းကာလများတွင် ကိုလာက မအောင်မြင်သေးပေ။ သူက တတိယတန်းစား အဖွဲ့အစည်းတစ်ခု ဖြစ်သည့် ကောင်းကင်သရဖူအဖွဲ့အစည်းမှပင် ထုတ်ပယ်ခံခဲ့ရသည်။ သူက တောက်ပကြယ်အဖွဲ့အစည်းသို့ ဝင်ပြီးနောက်တွင် သူက ရုတ်တရက် နာမည်ကျော်ကြားလာခဲ့သည်။ သူက အဖွဲ့အစည်းထဲတွင် သာမန်အုပ်စုတစ်ခုမှ အဓိကခုခံသူနေရာကနေ လက်ရွေးစင်အဖွဲ့မှ အဓိကခုခံသူတစ်ယောက် ဖြစ်လာခဲ့၏။ သူက စတားမွန်းနိုင်ငံ၏ ကာကွယ်သူအဆင့်ဇယားတွင် အဆင့် ၁၅ ချိတ်လေသည်။ ကိုလာက ခုခံမှုနှင့်တိုက်ခိုက်မှု နှစ်ခုစလုံးကို ကျွမ်းကျင်ခြင်းကြောင့် လူသိများ၏။ ယခု ကိုလာက သူ့အဖွဲ့ထဲသို့ ဝင်ရန် ပြေးလာလိမ့်မည်ဟု ရှီဖုန်းက ဘယ်တုန်းကမှ မတွေးဖူးပေ။ ယခုအချိန်တွင် ကိုလာက ရှက်တတ်သည့် လူတစ်ယောက်အဖြစ်သာ ရှိသေးပြီး နောက်၁၀နှစ်အကြာတွင် ဖြစ်လာမည့် ကြမ်းကြုတ်ဝက်ဝံနှင့် တခြားစီပေ။
ရုတ်တရက် ရှီဖုန်းက အကြံတစ်ခု လိုက်ရသည်။
လက်ရှိတွင် ကြမ်းကြုတ်ဝက်ဝံက ကောင်းကင်သရဖူအဖွဲ့အစည်းကိုပင် မဝင်ရသေးပေ။ သူကသာ ကိုလာကို သူ့အဖွဲ့၏ အဓိကခုခံသူအဖြစ် သိမ်းသွင်းနိုင်လျှင် နောက်လာမည့် မြေအောက်ဘုံများကို ရှင်းလင်းရန် ပိုမိုလွယ်ကူလာပေလိမ့်မည်။
“အစ်ကိုကြီး… မြေအောက်ဘုံထဲကို ရောက်ရင် အစ်ကိုကြီးရဲ့အမိန့်တွေကို သေချာလိုက်နာပါ့မယ်လို့ အာမခံပါတယ်… ကျေးဇူးပြုပြီး ကျွန်တော့်ကို စဉ်းစားပေးပါဦး… “ ကိုလာ၏အသံထဲတွင် တောင်းပန်သည့် အရိပ်အယောင်များ ပါဝင်နေသည်။
ရှီဖုန်းက ကိုလာ၏ စကားကို ကြားပြီး ရယ်မိလုနီးပါးပင် ဖြစ်သွား၏။ ကြီးမြတ်သော ကြမ်းကြုတ်ဝက်ဝံ ဖြစ်လာမည့် ကိုလာက မြေအောက်ဘုံကို ဝင်နိုင်ရန်အတွက် ဤကဲ့သို့ အသံတိုးတိုးဖြင့် ပြောနေရလေသည်။ သို့သော်လည်း ရှီဖုန်းက ရယ်ချင်စိတ်ကို ထိန်းထားလိုက်၏။
ဤနေရာသို့လာသည့် အဆင့် ၁ ကစားသမားများအားလုံးသည် ကံစမ်းသည့် သဘောမျိုးဖြင့် လာခဲ့ကြခြင်း ဖြစ်သည်။ သူတို့ကသာ သေဆုံးခြင်းသစ်တောထဲသို့ ဝင်ရောက်နိုင်ခဲ့ပြီး အိုင်တမ်တစ်ခု၊နှစ်ခုခန့် ရရှိခဲ့လျှင် ထိုအိုင်တမ်များက သူတို့၏ အနာဂါတ် ဖွံ့ဖြိုးမှုကို အထောက်အကူပြုပေလိမ့်မည်။ ထို့အတူ ကြီးမားသည့် အဖွဲ့အစည်းများသို့ ဝင်နိုင်ရန်အတွက် အခွင့်အလမ်းများလည်း ရလာပေလိမ့်မည်။
“ကောင်းပြီ… ငါ မင်းကို အဖွဲ့ထဲ ထည့်ပေးနိုင်တယ်… “ ရှီဖုန်းက လေးနက်စွာဖြင့် ဆက်ပြောလိုက်သည်… “ဒါပေမဲ့… မင်းလို အဆင့်၁ ကစားသမားကို သေဆုံးခြင်းတောအုပ်ထဲ ခေါ်သွားဖို့ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး… မင်းကိုလည်း ငါက သေဆုံးခြင်းသစ်တောထဲမှာ တစ်လျှောက်လုံး တာဝန် မယူပေးနိုင်ဘူး… ပြီးတော့ မင်းက အိုင်တမ်တွေ ရလာခဲ့လျှင် တခြားလက်ရွေးစင် အဖွဲ့တွေနဲ့ ပူးပေါင်းမှာပဲ… အဲ့တော့ ငါက ဘာအကျိုးအမြတ်မှ မရှိဘဲ ကြိုးစားပေးရမှာလား… “
ရှီဖုန်း၏ စကားဆုံးသည်နှင့် အဆင့်၁ ကစားသမားအနည်းငယ်က အထင်သေးသည့် အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ မင်းကရော အဆင့်၁ ကစားသမား မဟုတ်လို့လား။
သို့သော်လည်း ရှီဖုန်းက တခြားသူများ၏ အတွေးကို ဂရုစိုက်မနေဘဲ ဆက်ပြောသည်… “ငါ အမြဲတမ်းအဖွဲ့တစ်ခု ဖွဲ့ချင်တယ်… ငါတို့က အဖွဲ့ဝင်တွေ လိုနေတယ်ဆိုရင်တောင်မှ တည်မြဲမှုကိုပဲ ဦးစားပေမယ်… မင်းက မြေအောက်ဘုံကို ဝင်ချင်တယ်ဆိုရင် ရေရှည်အတွက်ပါ မင်း ပြင်ဆင်ထားသင့်တယ်… မြေအောက်ခန်းရှင်းဖို့အတွက် မင်းကို ခေါ်လိုက်ရင် မင်း လာရမယ်… တခြားကိစ္စတစ်ချို့ကြောင့်ဆိုပြီး မင်း ငြင်းလို့ မရဘူး… ကဲ ဒါဆို မင်းရဲ့ ရွေးချယ်မှုက ဘာလဲ… “
တခြားကစားသမားများသည် ရှီဖုန်း၏ စကားကို ကြားပြီးနောက် ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားကြ၏။
ရှီဖုန်း၏ ရည်ရွယ်ချက်က အလွန်ကို ရှင်းနေသည်။ သူ့အဖွဲ့ထဲသို့ ဝင်ချင်လျှင် အနာဂါတ်၌ တခြားအဖွဲ့များသို့ ဝင်ခွင့်မရှိ။ ထို့အပြင် အဖွဲ့အစည်း(အစည်းအရုံး)များကိုပါ ဝင်ခွင့် မရှိဟု ဆိုလိုခြင်း ဖြစ်သည်။
အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်ခြင်းက ကိုယ်ပိုင်စွမ်းအားကို မြှင့်တင်ရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း လူတိုင်း သိကြသည်။
လက်ရှိတွင် သူတို့က အဖွဲ့အစည်းသို့ ဝင်ရန် အရည်အချင်း မပြည့်မီ ကြသေးပေ။ ထို့ကြောင့် သူတို့က ဤနေရာသို့ လာပြီး အိုင်တမ် တစ်ခု၊နှစ်ခုခန့် ရရှိရန် ကံစမ်းကြခြင်း ဖြစ်သည်။ ထိုမှသာ နောက်ပိုင်း၌ အဖွဲ့အစည်းများကို ဝင်ရောက်နိုင်ကြလိမ့်မည်ဖြစ်သည်။ ယခု မြေအောက်ဘုံကို ဝင်ရန်အတွက် အနာဂါတ်တွင် ကောင်းမွန်သည့် အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်မည့်အခွင့်အရေးကို သူတို့က ဘယ်လိုလုပ် လက်လျှော့နိုင်ပါမည်နည်း။
ကိုလာက ရှီဖုန်းသည် ဤကဲ့သို့ တောင်းဆိုမှုကို ပြောလာလိမ့်မည်ဟု ထင်မထားခဲ့ချေ။ သို့သော်လည်း ရှီဖုန်း၏ တောင်းဆိုမှုက အကျိုးသင့်၊အကြောင်းသင့် ရှိလေသည်။ ကိုယ် ပျိုးထောင်ပေးခဲ့သည့်လူက အမြင့်သို့ ရောက်လျှင် ထားသွားမည်ကို မည်သူကမှ လက်မခံနိုင်ကြပေ။ ရှီဖုန်းက ထိုစကားများကို ပြောသည့်အချိန်တွင် သူ့အား ဆွဲဆောင်သည့်သဘောမျိုး မပါဝင်ပေ။
ထိုအချိန်တွင် ဘလက်ကီက မတ်တပ်ရပ်ပြီး ဒေါသတကြီး ပြောဆိုလိုက်သည်… “မင်းတို့ကောင်တွေ ကိုယ့်ကိုယ်ကိုလည်း ပြန်ကြည့်ကြဦး… အဆင့် ၁ ငညံ့ကောင်တွေပဲ ရှိသေးတယ်… ဒီနေရာမှာ မင်းတို့နဲ့ မြေအောက်ဘုံကို သွားချင်တဲ့လူ တစ်ယောက်မှ မရှိဘူး… ဒါတောင် မင်းတို့က အနာဂါတ်မှာ အဖွဲ့အစည်းတစ်ခုကို ဝင်ပြီး အကျိုးအမြတ်တွေ ခံစားချင်နေတယ်ပေါ့… မင်းတို့ကိုယ် မင်းတို့ ကျွမ်းကျင်သူတွေလို့များ မှတ်နေကြတာလား… ဒါမှမဟုတ် ငါတို့ကို အရူးလုပ်လို့ရမယ် ထင်နေတာလား… “
ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့် ဘလက်ကီ၏ စကားက အဓိပ္ပါယ်ရှိသည်ဟု ကိုလာက တွေးလိုက်သည်။ ဘလက်ကီက အဆင့် ၂ ဖြစ်ပြီး ကြေးအဆင့် အိုင်တမ် ၃ခုပင် ပိုင်ဆိုင်ထား၏။ ထို့ကြောင့် ဘလက်ကီနှင့် ယှဉ်လိုက်လျှင် သူတို့က ငညံ့ကောင်များသာ ဖြစ်၏။ ထို့ကြောင့် သူက မည်သို့ အထွန့်တက်နိုင်ပါမည်နည်း။
“ကျွမ်းကျင်သူအစ်ကိုကြီးရဲ့ ထောက်ပြမှုအတွက် ကျေးဇူးတင်ပါတယ်… ညီလေးက လုပ်ရမည့်အလုပ်ကို ကြိုးကြိုးစားစား လုပ်ပေးပါ့မယ်… “ ကိုလာက ဘလက်ကီအား ကျေးဇူးတင်စကား ဆိုလိုက်သည်။
ဘလက်ကီက ကိုလာဆီမှ ကျေးဇူးတင်စကားနှင့် ကျွမ်းကျင်သူဟု အခေါ်ခံရခြင်းကြောင့် စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။ ယခုအချိန်တွင် သူက အယောင်ဆောင် ကျွမ်းကျင်သူတစ်ယောက်သာ ဖြစ်၏။ သို့သော်လည်း သူက ကျွမ်းကျင်သူဟု အခေါ်ခံရခြင်းကြောင်း နတ်ဘုရားနယ်မြေတွင် အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာချင်သည်။
“ဘလက်ကီ… တစ်ကယ်ကို လှလှပပနဲ့ ပြီးသွားတာပဲ… “ ရှီဖုန်းက ဘလက်ကီအား လက်မထောင်ပြပြီး ချီးကျူးလိုက်သည်။
ဘလက်ကီက ကိုလာကို အလွယ်တကူ လက်ခံလာအောင် ပြောနိုင်လိမ့်မည်ဟု ရှီဖုန်း မထင်မိခဲ့ချေ။ ကိုလာက ဘလက်ကီအား လေးစားမှုအပြည့်ဖြင့် အစ်ကိုကြီးဟုပင် ခေါ်နေလေသည်။
ဘလက်ကီက ရှီဖုန်း၏ စကားကြောင့် ရုတ်တရက် စိတ်ရှုပ်ထွေးလာသည်။ သူလုပ်ခဲ့သည့်အရာက ရှီဖုန်းကို ချီးကျူးလာအောင် မည်သို့လုပ်လိုက်သည်ကို နားမလည်ချေ။ သို့သော်လည်း သူက စိတ်ထဲတွင် ပျော်ရွှင်သွား၏။ အနည်းဆုံးတော့ သူက ရှီဖုန်းအတွက် တစ်ခုခု လုပ်ပေးနိုင်ခဲ့လေပြီ။
နောက်ထပ် ၁၀မိနစ်ကျော် ကြာပြီးနောက်တွင် ရှီဖုန်းက ကစားသမား၆ယောက်ကို စုဆောင်းပြီးသွား၏။ ယခု သူတို့က မြေအောက်ဘုံကို စတင် ရှင်းလင်းနိုင်ပြီဖြစ်သည်။
အပိုင်း ၂၃ ပြီး၏။