Switch Mode

Chapter – 101

ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း ၁၀၀.၁

ငိုကြွေးနေသော ကျန်းဝမ်ချန်သည် ထလာပြီးသည့်နောက် မျက်ရည်များအားသုတ်ကာ ပြောလာတော့သည်။
” ငါ တောင်းပန်ပါတယ်။ သောက်တာများသွားပြီး။ အရင်တုန်းက အကြောင်းတွေ တွေးမိသွားလို့ ဒီလိုမျိုး စိတ်လွတ်သွားမိတာ။ ”
ယဲ့ဖန် သက်ပြင်းချလိုက်မိလေသည်။ သူ၏ အတန်းဖော်ဟောင်းမှာ အတော်ပင် စိတ်မချမ်းမသာ ဖြစ်နေရလေသည်။ ဇနီးသည်နှင့် မမြင်ဖူးသည့် သူ၏ ကလေးအား လွမ်းဆွတ်ကာ စိတ်နှလုံးလည်း ထိခိုက်ကြေကွဲခဲ့ရသည်။ ထိုကြောင့်သာ မထိန်းချုပ်နိုင်တော့ဘဲ ချုံးပွဲချ ငိုချနေရခြင်း ဖြစ်သည်။ ထိုလူများ၏ လှောင်ရယ်ခြင်းကို ခံရပြီးသည့်နောက် ချက်ချင်းပင် ဝမ်းနည်းမှုအား မြိုသိပ်ပြီးနောက် တောင်းပန်ရသည်။ ထိုသို့သောကိစ္စမျိုးသည် မည်မျှ ခံရခက်လိုက်မည်နည်း။
လက်ရှိအချိန်တွင် ကျန်းဝမ်ချန်၏ မျက်နှာတစ်ခုလုံး ဖြူဖျော့နေသည့်အပြင် မျက်လုံးများမှာ ဖောင်းအစ်ကာ ယောင်ယမ်းနေလေသည်။ နှလုံးသားထဲတွင် ဖုံးကွယ်ထားသော ဝမ်းနည်းကြေကွဲမှုသည် ကြည့်ရုံနှင့်ပင် အခြားသူများကို ကူးစက်စေလွယ်သည်။ ယဲ့ဖန်၏ နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် ထိခိုက်သွားပြီးသည့်နောက် တစ်ဖက်လူအား စာနာစိတ်များ ပိုမိုဖြစ်ပေါ်လာတော့လေသည်။ ရိုးရှင်းပြီး အင်မတန်ကိုအနေအေးလှသည့် သူ၏ သူငယ်ချင်းမှာ ယခုကဲ့သို့ အခြေအနေမျိုးထဲ၌ ကျရောက်နေခဲ့သည်။
” ဒုက္ခိတကြီး … မင်းလို အဆင့်အတန်း မျိုးနဲ့ ရန်ဖြစ်ဖို့ ငါတို့ကို ငါတို့ အဆင်မနိမ့်နိုင်ဘူး။ မင်း သေလောက်အောင် ငိုနေရင်တောင် ငါတို့ကိစ္စ မဟုတ်ဘူး။ ဒါပေမယ့် မင်း သူငယ်ချင်းရဲ့ စကားတွေက လွန်လွန်းအားကြီးတယ်။ ငါတို့အကြောင်း သူ့ကို ကောင်းကောင်း သိစေချင်တယ်။ ”
အနီးအနားမှ လူများသည် လှောင်ရယ်ကာ စတင် ပြောဆိုလာကြတော့လေသည်။ ယဲ့ဖန်နှင့် ကျန်းဝမ်ချန်အား အပေါ်စီးမှ ပြောဆိုနေကြသည့်အပြင် ဟန်ဖေးယွီသည် အေးစက်သော အပြုံးနှင့်ပင် လှောင်ရယ်နေခဲ့လေသည်။
” ဒီလောကကြီးက တကယ်သေးတာပဲ။ အဲဒီ အပျက်အစီးတွေကြားထဲမှာ မင်းသေသွားပြီလို့ ငါ ထင်ခဲ့တာ။ ဒီနေရာမှာတွေ့ရမယ်လို့ တွေးတောင် မတွေးမိဘူး။ ၂နှစ်အချိန်တောင် ကုန်သွားခဲ့ပြီးနော်။ ဒါအပြင် ငါ မင်းအနားကို ကပ်ပြီးတော့ ရိုက်ခဲ့တဲ့အချိန်ဆိုတာ ဘာမှတောင် မကြာလိုက်သလိုပဲ။ ”
အေးဆေးတည်ငြိမ်မှုအပြည့်ဖြင့် ဝိုင်အရက်အား ငှဲ့ကာ သောက်နေရင်း ယဲ့ဖန်ပြောလိုက်တော့သည်။
” တကယ်ပဲ ဒီလောက ကျဉ်းကျဥ်းလေးထဲမှာ အခုလို စကားမျိုးတွေကို နောက်တစ်ခါကြားနေရတယ်လို့ …။ ငါ ကြားခဲ့တဲ့ နောက်ဆုံး တခေါက်တုန်းက ပြောခဲ့တဲ့သူက သူများကို ထိခိုက်အောင်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ ကိုယ့်ဘာသာကိုယ်ပဲ ထိခိုက်သွားခဲ့တယ်လေ။ ဒီတကြိမ်တော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိချင်လိုက်တာ ။ ”
အကြီးအကဲ ဟန်အကြောင်းကို သူပြောဆိုနေခဲ့ခြင်း ဖြစ်လေသည်။ ဟန်ဖေးယွီ၏ တူညီသောစကားများအား ကြားရချိန်တွင် သူ နှလုံးသားထဲ၌ အမှန်တကယ်ပင် သိချင်စိတ်များ ဖြစ်ပေါ်လာရသည်။
” မင်းက တော်တော်ကြီးကို တည်ငြိမ်ဟန်ဆောင်နေတယ်ပေါ့။ ဒီနေ့ ဘယ်သူမှ မင်းကို လာမကယ်နိုင်ဘူး။ ငါ မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ် ။ ”
ထိုအချိန်တွင် ဟန်ဖေးယွီ မျက်မှောင်ကြုတ်ကာ ထအော်တော့သည်။ သူ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့ပြီး အမူအရာမှာလည်း ကောက်ကျစ်မှု အပြည့်ဖြင့် ဖြစ်နေခဲ့လေသည်။ ဒီအတိုင်းလက်ခံခဲ့ရသော နေ့ရက်နှင့် မြင်ကွင်းများသည် သူ၏ နှလုံးသားထဲ ဆူးတစ်ချောင်းအဖြစ် ရှိနေဆဲပင်။
“ညီငယ်လေး ဟန် .. ဒီကောင် မင်းနဲ့ အငြိုးအတေးရှိခဲ့တယ်ဆိုရင် ငါတို့လက်ထဲကို အပ်လိုက်။ ဒီကောင်ကျိုးပဲ့သွားတဲ့အထိ ငါတို့တွေ့ ရိုက်ပစ်မယ်။ ဘာမှစိတ်မပူနဲ့။ ”
” အဲဒီအမှိုက်သရိုက်က်ရဲ့ စကားတွေက နားကြားပြင်းကပ်စရာ ကောင်းလွန်းတယ်။ ညီငယ်လေးဟန်ကို ဒီလိုမျိုး မပြောဘူးဆိုရင် ဒီကောင်ကို ငါတို့ အလွတ်မပေးနိုင်ဘူး။ ”
လူအချို့တို့သည် တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ ထိုအချိန်၌ပင် ကျန်းဝမ်ချန်က တားဆီးတော့သည်။
” အစ်ကိုတို့ ဒီလို မလုပ်ကြပါနဲ့။ သူက သာမန်လူသား တစ်ယောက်ပဲ။ ပြဿနာမဖြစ်ပါစေနဲ့။ ”
” ဟို ဒုက္ခိတ .. ဝေးဝေးကို သွားလိုက်။ ဒီကိစ္စက မင်းနဲ့ ဘာမှမဆိုင်ဘူး။ ”
အဖွဲ့ထဲမှ တစ်ယောက်သည် စိတ်ပျက်လက်ပျက် အမူအရာဖြင့် ပြောလိုက်ပြီး ဆွဲကာ တွန်းလွှတ်တော့‌ေလသည်။
” မင်းမျိုးနွယ်စု အိမ် ရောက်လာတုန်းက အကြီးအကဲ မာယွမ် ဆိုတာ မင်းကို တန်ဖိုးထားလိုက်တာမှ ရတနာလေးလိုပဲ။ ဒါပေမဲ့ အဆုံးသတ်က ဘာဖြစ်သွားလည်း ကြည့်လိုက်ဦး။ မင်းက ဒုက္ခပင်လယ်ကိုတောင် ကောင်းကောင်း မဖြေရှင်းနိုင်ဘူး။ အဲ့ဒီတော့ ဘာ အသုံးဝင်မှာလည်း ဒီလောက် အချိန်အကြာကြီး ကြာတာတောင် မင်းက နောက်ဆုံး မူလအခြေအနေကို ပြန်ရောက်သွားတယ်။ ”
” ဒုက္ခိတကြီး ဘာမှ မကျေမနပ် ဖြစ်မနေနဲ့။ လျိုယီးယီး .. မင်းကို နေရာတကာ ကာကွယ်ပေးနေတာကြောင့်သာ မဟုတ်ဘူးဆိုရင် တော့လား။ ”
လှောင်ရယ်ကာ ပြောနေခဲ့သည့်အပြင် သူစကားမဆုံးခင်အချိန်မှာတောင် လူတိုင်းက နားလည်နေခဲ့သည်။
” အားလုံးပဲ ငါ တောင်းပန်ပါတယ်။ အကယ်၍ ငါ့ကို မကျေနပ်တာရှိရင် ငါ့ကိုပဲ ပြဿနာရှာပါ။ ငါ့ရဲ့သူငယ်ချင်းကိုတော့ အခက်အခဲဖြစ်အောင် မလုပ်ပါနဲ့။ ”
ကျန်းဝမ်ချန်သည်လည်း သူတို့အား တားဆီးခဲ့ပါတယ်။
” ဒုက္ခိတကြီး မင်းကို မင်း အရေးပါအရာရောက်တဲ့ ကောင်များ ထင်နေတာလား။ ကြည့်ကြည့်လိုက် မင်းကို မင်း ဘာကောင်လို့ထင်နေလဲ။ ”
” ငါတို့ လမ်းကနေ ဖယ်လိုက်စမ်း။ ”
လဲကျတော့မတတ် ဖြစ်နေသော ကျန်းဝမ်ချန်အား ယဲ့ဖန် ခပ်မြန်မြန်ပင် ထူပေးလိုက်ရတော့သည်။
” ဒါဆိုရင် မင်းကရော မင်းကိုမင်း ဘာကောင်လို့ ထင်နေတာလဲ။ ”
” ယဲ့ဖန် အဲဒီလို မလုပ်စမ်းပါနဲ့ကွာ။ ”
ကျန်းဝမ်ချန်သည်လည်း ယဲ့ဖန်အား ခပ်မြန်မြန်ပင် တားဆီးလိုက်တော့သည်။
” မိတ်ဆွေလေးတို့ ငါ တကယ်ပဲ အားနာပါတယ်။ ငါ့ရဲ့သူငယ်ချင်းက သာမန်သေမျိုး လူသားတစ်ယောက်ပါ။ သူ့စကားတွေကို အများကြီး စိတ်ထဲမထားပါနဲ့။ အကယ်၍ မင်းတို့ ငါ့ကို ဒေါသထွက်တယ်ဆိုရင် ငါ့ကိုပဲ လာရိုက်ကြပါ။ သူ့အတွက် ခက်ခဲအောင် မလုပ်ပါနဲ့။ ”
ဦးဆောင်လာသော လူငယ်သည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားပုံ ရလေသည်။ နောက်ထပ် သူ့ကိုသူ ထိန်းချုပ်မထားတော့ဘဲ ကျန်းဝမ်ချန်၏ အင်္ကျီလည်ပင်းအား စွဲဖမ်းကာ ပြောလာခဲ့တော့သည်။
” လျိုယီးယီးက မင်းကို အမြဲတမ်း ဒီလိုမျိုး ထောက်ပံ့ပေးထားနိုင်မယ်လို့ ထင်နေတာလား။ မင်း မသေချင်ဘူးဆိုရင် ထွက်သွားလိုက်တော့။ ”
” သူ့ကို လွှတ်လိုက် ”
ယဲ့ဖန်သည် ခုံ၌ ထိုင်နေဆဲအချိန် ဖြစ်နေခဲ့သည်။ သူ တချက်လေးတောင် မထဘဲ ဝိုင်အရက်အား ကိုင်ကာ မျက်နှာကို ပက်ချလိုက်လေတော့တယ်။
” မင်း သေချင်နေတာပဲ။ ”
ဦးဆောင်လာသူ၏ အမူအရာသည် ကြောက်စရာကောင်းလွန်းသည့် အသွင်သို့ ပြောင်းသွားပြီးသည့်နောက် ကျန်းဝမ်ချန်အား တွန်းကာ ယဲ့ဖန်အား ပါးရိုက်ရန်လက်ရွယ်လိုက်တော့သည်။
မလှုပ်ရှားပဲ ရှိနေခဲ့သော ယဲ့ဖန်က ထိုသူ၏ လက်အား ထိုင်လျက်နဲ့ပင် ပြန်ဆွဲလိုက်တော့သည်။ ထို့နောက် အားသုံးကာ လက်အား လိမ်ချိုးလိုက်တော့သည်။ တစ်ဖက်လူ၏ လက်ကောက်ဝတ်မှာ ချက်ချင်းပင် ကျိုးသွားပြီးသည့်နောက် ငါးမျှားချိတ်သဖွယ် ကောက်‌ေကွးသွားတော့သည်။ ထို့နောက် ယဲ့ဖန်လက်မြောက်ကာ တစ်ဖက်သူ၏ မျက်နှာအား ရိုက်ချလိုက်လေတော့သည်။
ရိုက်သံမှာ အတော်ကို ကျယ်လောင် လွန်းလှသည့်အတွက် တစ်ဖက်လူ၏ မျက်နှာ ပုံပျက်သွားသည်ကို အားလုံးမြင်လိုက်ရသည်။ သူ၏ သွားများမှာ စားပွဲပေါ်သို့ ကျွတ်ကျလာပြီးသည်နောက် သွေးများလည်း ဆက်တိုက် စီးဆင်းကာ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှစ်မိတာကျော်အထိ လေထဲသို့ လွင့်ထွက်သွားလေတော့သည်။
ထိုသို့သော ရလဒ်များသည် မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။ မြေပြင်၌ ထရပ်ရန် အတော်ပင် ရုန်းကန်ခဲ့ရသည့် သူက အော်လိုက်တော့လေသည်။
” ဒီကောင့်ကို ငါ့အတွက် သတ်ပေးကြစမ်း။ ”
နားများ အူကာ ခေါင်းကလည်း မူး‌ေဝ နေပြီးသည့်နောက် မသဲမကွဲဖြင့် သူ့အော်ဟစ်လာခဲ့သည်။
ဟန်ဖေးယွီသည် ယဲ့ဖန်အကြောင်း အသိဆုံး သူ ဖြစ်နေခဲ့သည်။ ချက်ချင်းပင်နောက်ဆုတ်ကာ တခြားသူများအားသတိပေးတော့သည်။
” အားလုံး သတိထားကြ။ ဒီအမှိုက်သရိုက်ရဲ့ ခန္ဓာကိုယ်က ထူးဆန်းတဲ့အပြင် သူ့ရဲ့အင်အားကလည်း ကြီးလွန်းတယ် ။ သူ လက်ထဲကို မရောက်စေနဲ့။ အဝေးကနေပဲ တိုက်ခိုက်။ လက်နက်တွေကို ထုတ်ယူလာပြီ သူ့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ပစ်။ ”
သူ၏ စကားများမှာ အချိန်‌ေနှာင်းသွားခဲ့ပါပြီ။ ယဲ့ဖန်၏ အရှိန်နှုန်းသည် မြန်ဆန်လွန်းလှသည့်အတွက် အ‌ေရှ့မှ လူအား ဖမ်းဆွဲကာ နှစ်ကြိမ်တိတိ ရိုက်ချလိုက်တော့သည်။ ထိုသူ၏ ပါးစပ်မှာလည်း သွေးများ စီးကျလာကာ နောက်တကြိမ် မလှုပ်ရှားနိုင်ဘဲ ဖြစ်သွားခဲ့ရ‌ေတာ့သည်။
ယဲ့ဖန်၏ အင်အားနှင့် အရှိန်နှုန်းတို့သည် အင်မတန်ပင် ကြောက်စရာ ကောင်းလွန်းလှပါသည်။ သူ၏ လက်ထဲ၌ ဆွဲရမ်းခံလိုက်ရသော လူသည် ချက်ချင်းပင် လွင့်ထွက်ကာ လူသုံးယောက်အား ဝင်တိုက်ပြီးမှ အရှိန် ရပ်သွားခဲ့သည်။ အရိုးများ ကျိုးကြေ ပျက်စီး သွားသံကိုလည်း လူတိုင်း ကြားနေခဲ့ရပါသည်။
” မြန်မြန် နောက်ဆုတ်ကြ။ အနားကို သွားမကပ်နဲ့။ ”
ဟန်ဖေးယွီ ဆက်တိုက် အော်နေခဲ့ရတော့လေသည်။ ထိုအချိန်တွင်မူ မည်သူမျှ သူ၏ သတိပေးချက်ကို မလိုအပ်တော့ပါ။ ယဲ့ဖန်က နူးညံ့သော ကလေးတစ်ဦးရုပ်သွင်ဖြင့် ၁၄ နှစ်သားအရွယ်သာသာ ရှိသည့် လူသားအသွင်ဆောင်ထားသည့် သားရဲကောင်ကြီးသဖွယ် သန်မာလွန်းလှသည်။ ထို့အပြင် တိုက်ခိုက်မှုက ကြမ်းတမ်းလွန်းလှသည့်အတွက် သက်ရှိ လူတစ်ယောက်အား အလွယ်လေးပင် လွင့်ထွက်အောင်လုပ်နိုင်လေသည်။
” ညီငယ်‌‌ေလး ဟန် မင်းပြောတော့ သူက အမှိုက်သရိုက်ဆို ”
“ဘယ်လို အမှိုက်ကများ ဒီလောက်အားကောင်းတဲ့ အစွမ်းအစတွေ ရှိနေတာလဲ။ ”
ကျန်ရှိနေသော သူများသည်လည်း အထိတ်တလန့်ဖြင့် မေးခွန်းထုတ်‌ကြ လေတော့သည်။
” ဒီကောင်က တကယ်အမှိုက်ပဲ။ သူကဘာကိုမှ မလေ့ကျင့်န်ုင်ဘူး။ သူ့ရဲ့အင်အားကပဲ ကြီးနေတာ။ သူ့အနားကို မကပ်ဘူးဆိုရင် အလွယ်လေး သတ်လို့ရတယ်။ ”
ကောက်ကျစ်သော အပြုံးဖြင့် ဟန်ဖေးယွီ‌ ပြုံးပြပြီးသည့်နောက် အားလုံးသည်လည်း သူတို့၏ လက်နက်များအား ထုတ်ယူလာလိုက်တော့သည်။ အစိမ်းရောင်သစ်သား ချိတ်ပိတ်စည်း၊ သံမဏိပေတံကြီးနှင့် ကြက်သွေးရောင် လှံအပြင် နောက်ထပ် မြောက်များစွာသော လက်နက်ကြီးများသည် လေထဲ၌ လွင့်မျောနေတော့သည်။
” မင်းတို့ သူ့ကို သေစေချင်တယ်ဆိုရင် လက်နက်တွေ ထုတ်လာရင် ငါ သူ့ကို လူသားဒိုင်းကာအဖြစ် သုံးဖို့ အသင့်ပြင်ထားပြီးသား”
သူ့အရှေ့မှ လူအား ယဲ့ဖန် ဆွဲပြီး ချက်ချင်းပင် ပြောလိုက်တော့သည်။ ဒုက္ခပင်လယ် ကျင့်ကြံသူများအား ရင်ဆိုင်ရန် သူ၏ အင်အားကို ထုတ်ဖော်ဖို့ မလိုအပ်ခဲ့ပါ။
” မလုပ်နဲ့ အားလုံး စိတ်ထိန်းကြပါဦး။ ”
စိုးရိမ်တကြီးဖြင့် ကျန်းဝမ်ချန် အရှေ့မှဝင်တားတော့လေသည်။
” သူက ငါ့သူငယ်ချင်းတင် မဟုတ်ဘူး ။လျိုယီးယီးရဲ့ သူငယ်ချင်း မင်းတို့တွေ သူ့ကို ဒီလိုလုပ်လို့ မဖြစ်ဘူး။ ”
” ဒုက္ခိတကြီး ငါ လမ်းက ဖယ်စမ်း။ မင်းအခုအချိန်မှာ သူ့ကို ခေါ်လာတာ အသုံးမဝင်ဘူး။ ငါတို့ သူ့ကို သတ်ဖို့ဆိုရင် ငါ့နှလုံးသားထဲကတောင် ဒေါသပြေနိုင်မှာ မဟုတ်ဘူး။ ”
ယဲ့ဖန် ပထမဆုံး ရိုက်လွတ်လိုက်သောသူသည် မြေပြင်မှ ထလာကာ အော်ဟစ်နေခဲ့တော့သည်။
” လျိုယီးယီးက ဒီလောက် အစွမ်းထက်နေလား။ အကယ်၍ သူ ငါတို့ဆီ လာပြီး ပြဿနာရှာဝံ့တယ်ဆိုရင် သေချာပေါက် သူ့ကို ရင်ဆိုင်မယ့်သူတွေ ရှိနေမှာပဲ။ ”
အတော်ပင် စိုးရိမ်ပူပန်နေရှာသော သူ၏ အတန်းဖော်ဟောင်းအား ကြည့်ကာ ယဲ့ဖန် သက်ပြင်းချလိုက်သည်။
” ငါ့သူငယ်ချင်း မင်း နောက်ပြန်ဆုတ်လိုက်။ သူတို့ ငါ့ကို ဘာမှ မလုပ်နိုင်ပါဘူးကွာ။ ”
ထိုစကားများအား ပြောပြီးသည့်နောက် ကျန်းဝမ်ချန်၏ လက်မောင်းအား ဆွဲကာ အဝေးကို လွင့်ပစ်လိုက်လေတော့သည်။
” မင်းတို့တွေ ဘာ ရပ်ကြည့်နေကြတာလဲ။ ဒီကောင်ကို အခု ချက်ချင်း ဆွဲပစ်စမ်း။ ”
လေထဲ၌ လက်နက်ချင်း ထိခိုက်သံများ ထွက်ပေါ်လာပြီးသည့်နောက် စတင်တိုက်ခိုက်ကြလေတော့သည်။ ယဲ့ဖန်မှာ တည်ငြိမ်အေးဆေးနေသည့်အပြင် လက်ထဲမှ လူအား ဆက်တိုက်‌ေဝှ့ရမ်းကာ တားဆီးနေတော့တယ်။
” မင်း ငါ့ကို အသေသတ်နေတာပဲ ”
လက်ရှိအချိန် ယဲ့ဖန် လက်ထဲ၌ ရှိနေသူသည် သတိဝင်လာခဲ့လေပြီ ဖြစ်သည်။ ထို့ကြောင့် အကြိမ်ကြိမ် အော်ဟစ်ကာ ဆက်တိုက် ကျိန်ဆဲတော့လေသည်။ တစ်ဖက်လူမှာ အမှန်တကယ်ပင် လက်မမြန်ခဲ့လျင် ထိုသူမှာ အပိုင်းပိုင်းပြတ်ပြီးလောက်ပြီ ဖြစ်သည်။
” အားလုံး အတူတူ တိုက်ခိုက်ကြ။ ဒီကောင် ငါတို့ကို ဘယ်လောက် တားဆီးနိုင်မလဲ ကြည့်ကြသေးတာပေါ့။ ငါ ဒီကောင်ကို သေချာပေါက် အရှင်လတ်လတ် သေတာထက် ဆိုးတဲ့ ဘဝကို ရောက်စေချင်တယ်။ ”
ဦးဆောင်လာသူမှာ အနီးမှ လူများအား ဆက်တိုက် တိုက်ခိုက်ရန် အမိန့်ပေးနေခဲ့တော့သည်။
” ချန်ဖုန်း … အဲဒီလိုလာပြီး ပြောမနေနဲ့။ ငါမင်း လက်ထဲ သေတော့မလို့ ”
ယဲ့ဖန်၏ လက်ထဲမှ ကျင့်ကြံသူသည် ထိတ်လန့်တကြား အော်ဟစ်နေရင်း အစိမ်းရောင် ချိတ်ပိတ်စည်းဖြင့် ရိုက်ချခံလိုက်ရပြီး သတိလစ်မေ့မျော သွားလေတော့သည်။
ပတ်ဝန်းကျင်မှ လူများသည် ချန်ဖုန်းဟုခေါ်သော လူ၏ စကားအား လိုက်နာကြလေသည်။ ဂရုတစိုက်ဖြင့် သူတို့တိုက်ခိုက်ကြသော်လည်း ယဲ့ဖန် လက်ထဲမှ လူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများဖြစ်ပေါ်လာတော့လေသည်။
ယဲ့ဖန် သူတို့နှင့် အချိန်မဖြုန်းချင်တော့ပါ။ နွေဦး အသက်စမ်းချောင်းအဆင့်သို့ ရောက်ရှိပြီးသည့် ကျင့်ကြံသူတစ်ယောက်သည် ကျင့်ကြံသူများအား သတ်ဖြတ်ရန် အမှန်တကယ်ပင် ရိုးရှင်းလေသည်။
သူ၏ အရှေ့မှ လူအား မြေပြင်သို့ ချကာ အလင်းတန်းတစ်ခု အသွင်ပြောင်းလဲရန် ချန်ဖုန်းဟုခေါ်သော လူကို တိုက်ရိုက်တိုက်ခိုက်တော့လေသည်။ တစ်ဖက်လူ မလှုပ်ရှားနိုင်ခင် အချိန်မှာပင် သူ၏ လက်အား ဖမ်းဆွဲလိုက်တော့သည်။
” အား … ”
ချန်ဖုန်းသည် ထိတ်လန့်တကြားအော်ဟစ်နေရင် နောက်ထပ် တစ်ကြိမ် လူသားဒိုင်းကာအဖြစ် အသုံးချခံရတော့လေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် များပြားသော ဒဏ်ရာများဖြင့် ပြည့်နှက်သွားခဲ့သည်။
ပတ်ဝန်းကျင်မှ လူများသည် ချက်ချင်းပင် အပြစ်မရှိသူအား ထိခိုက်မိသည့် ခံစားချက်ကို ခံစားနေခဲ့ရတော့သည်။ ယဲ့ဖန်ကမူ လျှပ်စီးတန်းတစ်ခုသဖွယ် လှုပ်ရှားကာ ပြေးလွှားနေခဲ့သည့်အတွက် လက်နက်ချင်း ထိခိုက်သည့်အသံများသာ ကြားလိုက်ရပြီးသည့်နောက် အားလုံးတို့သည်လည်း မြေပြင်၌ လဲကျသွားတော့တယ်။
ဟန်ဖေးယွီ တစ်ယောက်တည်းကသာ လှုပ်ရှားရုန်းကန် နေရသည့်အပြင် သူ၏ လက်နက်အား ထုတ်ယူကာ ယဲ့ဖန်အား တိုက်ခိုက်တော့သည်။ သို့သော် လက်ရှိအချိန်တွင် သူ၏ ချိတ်ပိတ်စည်းမှာ ယဲ့ဖန်၏ လက်ထဲ၌ ဖမ်းဆွဲခံထားရသည်ကို တွေ့လိုက်ရတော့လေသည်။
ထိတ်လန့်တကြား ဝိညာဉ်လွင့်မတတ် ခံစားလိုက်ရသော ဟန်ဖေးယွီသည်လည်း ချက်ခြင်းပင် လွင့်ထွက်သွားရတော့လေသည်။ ထိုအချိန်တွင် ကြိုးပြတ်သွားသော စွန်တစ်ခုသဖွယ် လေထဲသို့လွင့်ထွက်ပြီးမှသာ မြေပြင်ပေါ်သို့ ပြန်ကျ၍ လာခဲ့သည်။
ဟန်ဖေးယွီ၏ နံရိုး မည်မျှ ကျိုးသွားသည်ကို မသိနိုင်ချေ။ ပါးစပ်အပြည့်‌ေသွးများ ထွက်လာပြီးသည့်နောက် သတိလစ်သွားတော့လေသည်။
အရက်ဆိုင်ငယ်လေးရှေ့တွင် လူတစ်အုပ်မှာ လှဲလျောင်းနေကာ နာကျင်မှုအပြည့်ဖြင့် ငြီးငြူအော်ဟစ်နေကြသည်။ မနီးမဝေးရှိ ကျန်းဝမ်ချန်မှာမူ သူ့မျက်လုံးသူပင် မယုံနိုင်ခဲ့ပါ။
ထိုလူများအား တစ်ယောက်ပြီး တယောက် ယဲ့ဖန် ကောက်ယူကာ ပါးရိုက်ရင်း မေးတော့လေသည်။
” မင်းက လူတွေကို ဒီတိုင်း အနိုင်ကျင့်လို့ ရမယ်လို့ ထင်နေတာလား။ ငါ့လို ကျင့်ကြံလို့မရတဲ့ အမှိုက်သရိုက်ကောင်တောင်မှ မင်းတို့တွေ သွားတွေ အကုန်ကျိုးပြီး မြေပြင်မှာ ခေါင်းစိုက်နေတဲ့အထိ ရိုက်ပစ်နိုင်တယ်။”
ယဲ့ဖန်၏ လက်များမှာ ဆက်တိုက် လှုပ်ရှားနေသည့်အပြင် သူတို့အား သွားကျွတ်သည်အထိ ရိုက်နေခဲ့တော့လေသည်။
အားလုံးက အော်ဟစ် ငိုကြွေးကာ တောင်းပန်နေခဲ့သော်ငြား လက်ရှိ အချိန်တွင် ဟန်ဖေးယွီနှင့် ချန်ဖုန်းတို့ကို အထူးအာရုံစိုက်ကာ ယဲ့ဖန် ရိုက်နှက်ပြီး နေခဲ့လေသည်။ ခွေးသေကောင်ပုတ် ဘဝသို့ရောက်အောင် ပြောင်းပေးချင်သည့်အလား ဆက်တိုက် ကောင်းကောင်း ရိုက်နှက်နေသည့်အတွက် ဟန်ဖေးယွီ၏ မျက်နှာတစ်ခုလုံးမှာ ဖူးယောင်ကာ ဝက်အသွင် ပြောင်းနေခဲ့လေတော့သည်။
” လောကကြီးက တကယ်ကျဥ်းကျဥ်းလေးပဲ .. ။ ”
ရိုက်နှက်ပြီး ပြောနေခဲ့သော ယဲ့ဖန်၏ အသံအား ဟန်ဖေးယွီ ဒေါသထွက်လွန်းသည့်အတွက် သွေးတပွက် အန်ထွက်ကာ သေမတတ်ပင် ဖြစ်နေခဲ့ရတော့သည်။
အပိုင်း ၁၀၀.၁ ပြီး၏။

Comment

Leave a Reply

Options

not work with dark mode
Reset