ဇမ္ဗူဒီပါ တောင်ကျွန်းသခင်
အပိုင်း – ၉၉.၂
….
ယန်နိုင်ငံတော်ကြီးသည် မြောက်အရပ်မှတောင်အရပ်သို့ မိုင်ပေါင်း နှစ်ထောင်ခန့် ကျယ်ဝန်းသည့်အပြင် အရှေ့မှ အနောက်သို့ မိုင်ပေါင်း သုံးထောင် ကျယ်ဝန်းလေသည်။ ရှေးနယ်မြေများသည် နိုင်ငံကြီး၏ အလယ်ဗဟိုတွင် တည်ရှိသည့်အပြင် မရေမတွက်နိုင်သည့် တောင်ကြောများက ဝန်းရံထားလေသည်။ စိတ်ဝိညာဉ်အပျက်အစီး သုခဘုံနှင့် ကျောက်စိမ်းအိုးသုခဘုံအပါအဝင် မျိုးနွယ်စုကြီး ခြောက်ခုက ရှေ့နယ်မြေ၏ ပတ်ပတ်လည်အား ဝန်းရံထားလေသည်။
ကျောက်စိမ်းအိုး သုခဘုံသည် နတ်ဘုရားတောင်ေကြာများ ပတ်လည် ဝန်းရံခြင်းခံထားရသည့်အပြင် တိမ်များအကြား၌ တည်ရှိနေသည်။ အဝေးမှာကြည့်လျှင် သုခဘုံတစ်ခုသဖွယ် မြင့်မားကာ လှပလွန်းလှပေသည်။
တောင်ထိပ်တံခါးသို့ ယဲ့ဖန် ရောက်ရှိချိန်တွင် သဘာဝတရား၏ လှပသော အငွေ့အသက်များကြောင့် ချက်ချင်းပင် အေးချမ်းသွားလေတော့သည်။ စိမ်းစိုသော တောင်ကြားများ၊ တောင်ကြော လျိုမြောင်များနှင့် စီးဆင်းနေသော မြစ်ချောင်း စမ်းချောင်းကလေးများအပြင် သစ်ပင်ပန်းပင်များနှင့် အသိဉာဏ်မြင့် သားရဲကောင်များကြောင့် ထိုလောကကြီးသည် ပန်းချီကားတချပ်သဖွယ် လှပနေခဲ့သည်။
ကျောက်စိမ်း သုခဘုံ၏ ဂိတ်တံခါးတွင် ထူးဆန်းသော သားရဲကောင် တစ်ကောင် စောင့်ကြပ်နေခဲ့သည်။ နွားတကောင်၏ ခန္ဓာကိုယ်နှင့် ချီလျှင်တစ်ကောင်၏ ဦးခေါင်းကို ပိုင်ဆိုင်ထားသော သတ္တဝါသည် ၈မီတာ မှ ၉ မီတာအထိ ရှည်လျားလေသည်။ ရေအိုင်တစ်ခုထဲ၌ လဲလျောင်းနေခဲ့သည့်အပြင် ယဲ့ဖန်အား ကြီးမားသော မျက်လုံးကြီးများကို ဖွင့်ကာကြည့်လျက် မေးလေတော့တယ်။
” မင်း ဘယ်သူလဲ။ ကျောက်စိမ်းအိုး သုခဘုံကို ဘာလို့လာတာလဲ .. ။ ”
ထိုအချိန်တွင် အနီးအနား ဂိတ်တံခါးမှ စောင့်ကြပ်နေသော တပည့်သားသည် ချက်ချင်း သတိထားမိကာ မေးလာတော့သည်။
” သူငယ်ချင်းကို လာရှာတာပါပဲ။ ”
လျိုယီးယီး၏ နာမည်အား ယဲ့ဖန်ပြောလိုက်ပြီးသည့်နောက် အေစာင့်အကြပ်တပည့်သား၏ အမူအရာမှာ နူးညံ့သွားလေတော့သည်။
” ခဏစောင့်။ သူ့ကို သွားပြီး သတင်းပို့ဖို့ တယောက်ယောက်ကို သွားခေါ်လိုက်ဦးမယ်။ ”
နာရီဝက်ကြာပီးသည်အထိ လျိုယီးယီး ပေါ်မလာခဲ့ပါ။ အဲဒီအစား ခေါင်းတစ်ခေါင်းလုံး ဖြူဖွေးနေသော လူငယ်တဦးသာ ထွက်လာခဲ့တော့လေသည်။ ယဲ့ဖန်အား မြင်မြင်ခြင်း သူ ချက်ချင်းပင် အော်ခေါ်တော့သည်။
” ယဲ့ဖန် … မင်း ရောက်လာတာကိုး။ ”
ယဲ့ဖန်သည် မျက်လုံးပြူးသွားခဲ့ပြီးသည့်နောက် ပျော်ရွှင်မှုအပြည့်ဖြင့် ပြောလာတော့သည်။
” ဒီတော့ မင်းလဲ ကျောက်စိမ်းအိုး သုခဘုံမှာ ကျင့်ကြံနေတာပေါ့။ ”
ရောက်ရှိလာသူသည် သူ၏ အရင် အတန်းဖော်ဟောင်းဖြစ်သူ ကျန်းဝမ်ချန်ပင် ဖြစ်နေခဲ့သည်။ ကျောင်းတွင်သင်ကြားစဉ်ကာလကရော ဘွဲ့ရပြီးသည့်နောက်တွင်ပါ သူသည် အမြဲတမ်း သီးသန့်သာ နေခဲ့လေသည်။
မတက်ကြွသော သဘာဝရှိသည့်အပြင် စကားလည်း ပြောလေ့ပြောထ မရှိချေ။ လူစုလူဝေး များပြားသည့် တွေ့ဆုံပွဲများတွင် သူ ရှိနေသည့်အကြောင်းကို လူ အများမှာ အလွယ်တကူပင် မေ့လျော့နိုင်ကြပေသည်။
” မင်း ပြန်ပြီလို့ ပြောသွားပြီပဲ။ ဂုဏ်ပြုပါတယ် ။”
ယဲ့ဖန်သည် သူ့သူငယ်ချင်းအား ခပ်ဖွဖွရိုက်ကာ ပြောနေတော့သည့်။
” ငါ့ရဲ့ အသားအရည်တွေ အရင်လိုမျိုး အိုမင်းမနေတာပဲ ရှိတော့တယ် ။ ကြည့်ပါဦး ငါ့ ဆံပင်တွေဆို ဖြူနေတုန်းပဲ။ ”
ကျန်းဝမ်ချန် ပြုံးပြရင်းနှင့်သာ ပြန်ပြောလာခဲ့တော့သည်။
” ငါတို့ ခွဲခွာသွားရတုန်းကထက် အခြေအနေ အများကြီးကို ကောင်းမွန်သွားပါတယ်။ အဲ့ဒီတုန်းကဆိုရင် မင်းကအိုမင်းပြီး ရွတ်တွနေတာပဲ။ အခုတော့ ကြည့်ပါဦး .. ဆံပင်ဖြူဖြူနဲ့ လူငယ်လေး ပြန်ဖြစ်နေပြီပဲ။ ”
” ငါတို့ မင်းကို အရမ်း မနာလိုမိတာပဲ။ မင်းကတော့ အရွယ်နုပျိုမှုကို နောက်တကြိမ် ပြန်ခံစားလိုက်ရတယ်။ ”
မှုန်မှိုင်းသော ကျန်းဝမ်ချန်သည်လည်း ပြန်လည် စနောက်တော့သည်။ သူတို့နှစ်ဦး တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်း ရယ်မောနေခဲ့ကြသည့်အပြင် မိတ်ဆွေဟောင်းများအား ပြန်လည်တွေ့ဆုံရသည့်အတွက် အမှန်တကယ်ပင် ပျော်ရွှင်နေခဲ့တော့လေသည်။
ထိုအချိန်တွင် သုခဘုံ ခြောက်ခုသည် လူနှစ်ဦးစီအား ရွေးချယ်ကာ ဖန်းပေါ်နှင့် တခြားသူများအား အညီအမျှ ခွဲဝေယူခဲ့သည်။ ယဲ့ဖန်တစ်ယောက်တည်းသာ ချွင်းချက်အဖြစ်နဲ့ ကျန်ရှိခဲ့လေသည်။
ကျန်းဝမ်ချန်နှင့် လျိုယီးယီးတို့သည် ကျောက်စိမ်းအိုး သုခဘုံတွင် ရွေးချယ်ခံရပြီးသည့်နောက် သုံးနှစ်တိတိ ကျင့်ကြံခဲ့ရသည်။
” ယီးယီးက မျိုးနွယ်စု အကြီးအကဲတွေရဲ့ သဘောအကျဆုံးပဲလေ။ သူ့ရဲ့ အနာဂတ်အလားအလာက တအားကောင်းတယ်။ ဒီတော့ အခု လက်ရှိအချိန် သီးခြားကျင့်ကြံနေတယ်။ လာမယ့် နှစ်ဝက် ဒါမှမဟုတ်ရင် တစ်နှစ်မှာ နွေဦး အသက်စမ်းေချာင်းအဆင့်ကို တတ်တော့မယ်လို့ ပြောတာဘဲ။ ဒီကျင့်ကြံတဲ့ အရှိန်နှုန်းက အတော်ကို ကြောက်စရာကောင်းလွန်းတယ်။ ”
” မင်းလည်း အခြေအနေ မဆုိးဘူးဘဲ။ မင်း အသားအရေက အတော်ကောင်းတာပဲကို။ ”
” ငါကတော့ ယီးယီးနဲ့ ဘယ်ယှဥ်နိုင်မလဲ။ မျိုးနွယ်စုထဲမှာဆိုရင် သာမန်အဆင့်တောင် မဟုတ်ဘူး။ ငါ့ရဲ့ရုပ်ရည် ပြန်ကောင်းလာတယ်ဆိုတာက မဟာအကြီးအကဲကို ယီးယီးက ကူပြီး တောင်းဆိုခဲ့လို့ပဲ။ ”
ယဲ့ဖန်အား သုခဘုံဆီသို့ ကျန်းဝမ်ချန် ခေါ်ဆောင်လာခဲ့လေသည်။ အထဲတွင်တည်ရှိမှုမှာ အင်မတန်ပင် လှပနေခဲ့သည့်အပြင် ကျောက်စိမ်းဖြင့် ထွင်းထုထားသည့် သုခဘုံကြီးတခုနှင့် တူနေခဲ့လေသည်။ အစိတ်အပိုင်း တစ်ခုချင်းစီတိုင်းသည် မြူခိုးများဖြင့် ဝန်းရံခံထားရပြီး တလက်လက် တောက်ပ၍သာ နေခဲ့သည်။ ထိုအပြင် အဝေးမှ ကြည့်လျှင် ကြယ်အလင်းများဖြင့် ပြုလုပ်ထားသော ရေတံခွန်တစ်ခုဖြင့်ပင် တူနေလေသည်။
မြူခိုးအပြည့် ဝေဆိုင်းနေသော တောင်ပေါ်တွင် နန်းတော်များနှင့် ခန်းမဆောင်များ ရှိနေသည်ကို ဝိုးတဝါး လှမ်းမြင်နေခဲ့ရသည်။ နတ်ဘုံ နတ်နန်းပမာ ဆွဲဆောင်နေသည်ကား အားကောင်းလွန်းလှသည်။
အံ့သြစရာ အကောင်းဆုံးအရာသည်ကား တောင်များ အလယ်ရှိ နှင်းဖုံးတောင်တန်း ရှိနေခဲ့သည်။ ထိုနေရာသည် ကျောက်စိမ်းတောင်သားသဖွယ် တောက်ပနေကာ မြက်တပင်မှ မပေါက်ရောက်ပေ။ လုံးဝန်းသော အိုးတစ်လုံးကြီးသဖွယ် တောက်တောက်ပပသာ ရှိနေခဲ့သည်။
” ငါတို့ ခွဲခွာခဲ့ရတာ သုံးနှစ်တောင်ရှိပြီ။ ဒီနေ့တော့ သေချာပေါက် ငါတို့ သောက်မှ ဖြစ်မယ်။ ”
ကျန်းဝမ်ချန်သည် အတော်ပင် ပျော်ရွှင်နေခဲ့ဟန်တူသည်။
” မင်းတို့လို ကျင့်ကြံတဲ့ မျိုးနွယ်စုမှာ အရက်တွေ၊ အသားတွေ ရှိလို့လား။။ ” စိတ်ဝိညာဉ် အပျက်အစီး သုခဘုံ၌ ဖန်းပေါ်နှင့်အတူ နေခဲ့ရစဉ်က နေ့စဉ်ေန့တိုင်း အသီးအရွက်များသာ စားသုံးခဲ့ရလေသည်။ ထိုနေ့များသည် နှိပ်စက်မှုနဲ့ အတော်ပင် တူနေခဲ့သည်။
” မစိုးရိမ်နဲ့။ ဒီမှာ အရက်ကော အသားကော ရှိတယ်။ ကျင့်ကြံတဲ့ လမ်းစဉ်ကို ရောက်လာပြီဆိုတော့ တပည့်သားအသစ်တွေလိုမျိုး အသီးအရွက်ပဲ စားနေစရာ မလိုဘူး။ ”
ကျောက်စိမ်းအိုး သုခဘုံသည် အတော်ပင် ကြီးမားကျယ်ပြန့်လေသည်။ တောင်ကြော အချို့အား ဖြတ်ကျော်ပြီးသည့်နောက် ကျန်းဝမ်ချန်သည် ယဲ့ဖန်အား မက်မွန် ပန်းပွင့်များ ပွင့်လန်းရာ သစ်တောဆီသို့ ခေါ်လာခဲ့တော့သည်။ ထိုနေရာ၌ ပန်းချီကားနှင့် တူညီသော ခန်းမဆောင်ငယ်လေးများ များစွာ ရှိနေခဲ့သည်။
” ကျင့်ကြံတဲ့သူတွေလည်း လူသားတွေပဲလေ။ သူတို့လည်း စိတ်အေးလက်အေး နေဖို့ အချိန်လိုတယ်။ ”
အပြုံးလေးဖြင့် ရှင်းပြကာ သူ ဆက်ပြောလေတော့သည်။
” သာမန်ေသမျိုးတွေရဲ့ လောကနဲ့တော့ ဘယ်တူမလဲ။ ဒီနေရာမှာ ငါတို့ နည်းနည်းပါးပါးပဲ သောက်လို့ ရတယ်။ ငါတို့အစားအသောက်လည်း နည်းတာပေါ့။ ”
” ဒါတွေက မဆိုးပါဘူး။ မဟုတ်ရင် ငါတကယ်ပဲ ကျင့်ကြံသူတွေအားလုံးက ခံစားချက်နဲ့ ဆန္ဒတွေ အားလုံးကို ပယ်ဖျောက်ထားရတယ်လို့ ထင်နေခဲ့တာ။ ”
ခပ်သေးသေး ခန်းမဆောင်လေး တစ်ခုအား ရှာဖွေကာ သူတို့နှစ်ဦး ထိုင်ရင် စားသောက်ကြလေတော့သည်။ ထိုနေရာ၌ သစ်တော်သီး စားပွဲတစ်လုံး ရှိနေခဲ့သည့်အပြင် ခြေေထာက်လေးချောင်းပါသော ထိုင်ခုံများလည်း ရှိနေသေးသည်။ ရှေးပစ္စည်းများနှင့် တူညီကာ ထိုနေရာကြီး တခုလုံးသည် လွန်စွာပင် အနုပညာလက်ရာမြောက်လေသည်။
အစားအသောက် တချို့အား မှာယူကာ သူတို့နှစ်ဦး စတင် စားသောက်ကြလေတော့သည်။ ထူးဆန်းသော လောကကြီးသို့ ရောက်ရှိလာပြီးသည့်နောက် အတန်းဖော်ဟောင်းများနှင့် ပြန်လည် တွေ့ဆုံရခြင်းသည် အတော်ပင် စိတ်ထိခိုက်စရာကောင်းကာ ပြောမကုန်နိုင်သော စကားများလည်း ရှိနေခဲ့သည်။
” ဒီထူးဆန်းတဲ့ လောကကြီးထဲကို ရောက်ကတည်းက ငါ အချိန်အကြာကြီး အိပ်လို့မရဘူး။ ငါ့ရဲ့အိပ်မက် ထဲမှာတောင် အိမ်ကို ပြန်သွားနေမိတယ်။ ငါ့မိဘတွေရော သူငယ်ချင်းတွေ အားလုံးကိုရော အရမ်းသတိရတာပဲ … ။ ”
အမြဲတမ်း ထောင်ထောင်မောင်းမောင်း နေတတ်သော ကျန်းဝမ်ချန်သည် ယနေ့တွင် စကား အများအပြား ပြောနေခဲ့သည်။ လက်ရှိအချိန်တွင် မိသားစုဝင်အား ပြန်တွေ့သည့်အတိုင်း စိတ်လှုပ်ရှားနေကာ ခံစားချက်များ ပွင့်အံ ထွက်လာတော့သည်။
လီရှောင်းမာန်၏ အေးစက်မှုနှင့် ကျန်းဝမ်ချန်၏ စိတ်အားထက်သန်မှုတို့သည် ယဲ့ဖန်အား စိတ်ထိခိုက်စေခဲ့လေသည်။
” ငါတို့ အနာဂတ်မှာ ပြန်ရင် ပြန်လို့ ရမှာပါ .. ။ ”
” ပြန်သွားဖို့ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်မျိုးကို ငါ နောက်ထပ် ထပ်ပြီး မတွေးနိုင်တော့ပါဘူး။ ”
ကျန်းဝမ်ချန် ခေါင်းသာ ခါ နေခဲ့တော့သည်။
” လွန်ခဲ့တဲ့ သုံးနှစ်လုံးလုံး မင်း ဘယ်လိုနေခဲ့လဲ။ စိတ်ဝိညာဥ် အပျက်အစီး သုခဘုံမှာလား၊ သာမာန်သေမျိုး တွေရဲ့ လောကမှာပဲ နေလား။ ငါ ကြားတာကတော့ ဖန်းပေါ် ပျောက်သွားတယ်တဲ့။ ”
အတန်းေဖာ်အား တွေ့ဆုံပြီးသည့်နောက် ယဲ့ဖန် အမှန်တရားကို ပြောပြချင်မိခဲ့သည်။ သို့သော် သူ မလုပ်ခဲ့ပါ။ အတွေးအကြုံများသည် ရှုပ်ထွေးလွန်းလှသည့် အတွက် အမှန်တရားအား ပြောမိခဲ့လျင် နှစ်ယောက်စလုံးအတွက် ပြဿနာများ ဖြစ်ပွားလာနိုင်သည်။ ထို့ကြောင့် ခေါင်းသာ ငြိမ့်နေခဲ့သည်။
” ဖန်းပေါ် ပျောက်သွားတာ အမှန်ပဲ။ ငါလည်း တော်တော်ကြီးကို စိုးရိမ်နေတယ် ။ ဒါကြောင့် စိတ်ဝိညာဉ် အပျက်အစီး သုခဘုံကလည်း ထွက်လာခဲ့တယ်။ အခုတော့ လျှောက်သွားနေရတာပေါ့။ ”
” ငါတို့ ဘဝတွေကလည်း မလွယ်လှပါလား။ သေမျိုးလူသားတွေအတွက်ဆို ပိုလို့တောင် မလွယ်ဘူး။ ကျင့်ကြံတယ်ဆိုတာ မင်း ထင်တာလောက် ကောင်းတဲ့ကိစ္စမဟုတ်ဘူး .. သူငယ်ချင်း။ ပျင်းစရာကောင်းလွန်းတဲ့အပြင် အနာဂတ်မှာလည်း သေရေးရှင်ရေး အခြေအနေကို ငါတို့ ကြုံလာနိုင်တယ်။ ”
” မင်းလည်း သေချာ ဂရုစိုက် ။ ကောင်းကောင်း လေ့ကျင့်ပြီး အပြင်ထွက်တာကို လျော့။ ”
ယဲ့ဖန် သူအား သတိပေးနေခဲ့သည်။
” ငါ ဘယ်နားသွားသွား ကိစ္စမရှိဘူး။ ငါက ထင်ပေါ်တဲ့သူမှ မဟုတ်ဘဲလေ။ အရင်တုန်းကလိုပဲ အခုလည်း ဒီလိုပဲ။ ငါကသာမန် လူတစ်ယောက်အဖြစ်နဲ့ပဲ နေတာပိုကောင်းလိမ့်မယ်။ တစ်နေ့မှာ ဒီနေရာကြီးကနေ သေမျိုးတွေရဲ့ လောကကိုသွားမယ်။ ငါလည်း အေးအေးဆေးဆေး စားသောက်ဆိုင်လေး ဖွင့်ပြီး ဘဝကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေသွားရရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ”
” အဲဒီလောက်ကြီး စိတ်မပျက်စမ်းပါနဲ့။ ” ယဲ့ဖန် နှစ်သိမ့်နေခဲ့သည်။
” မင်းတော့ သိမှာ မဟုတ်ဘူး။ ဒါပေမယ့် ကျင့်ကြံသူတွေရဲ့ လောကဆိုတာက အေတာ်ကြီးကို ရက်စက်လွန်းတယ်။ အကယ်၍ ငါ မသွားဘူးဆိုရင် တခြားသူတွေရဲ့လက်ထဲမှာ အေနှးနဲ့အမြန်တော့ သေမှာပဲ။ အချိန်ကျလာရင် ငါလည်း မြစ်ထဲက လှိုင်းတခုလို တိတ်တဆိတ်ပဲပျောက်ဆုံးပြီး သေသွားလိမ့်မယ်။ ဘယ်သူမှလည်း သိလိုက်မှာ မဟုတ်ဘူး။ ဘယ်သူမှလည်း ငါ့အတွက် ငိုကြွေးမှာမ ဟုတ်ဘူး။ ငါ တစ်ယောက်ပဲ လောကကြီးထဲမှာ ငါ မရှိတော့ဘူးဆိုတာ သတိရမှာပေါ့။ ”
ထိုစကားများအား ကြားပြီးသည့်နောက် ယဲ့ဖန်၏ နှလုံးသားသည် အတော်ပင်ထိခိုက်သွားခဲ့ရသည်။ ကျင့်ကြံသူများ၏ လောကထဲသို့ ရောက်ရှိပြီးချိန်မှ သူတို့၏ ရက်စက်ကြမ်းတမ်းမှုများကို ကြုံတွေ့ခဲ့ရသည်။
” ငါ ကြားတာတော့ လင်ကျား၊ ကျိုးယိ၊ ဝမ်ကျစ်ဝမ် နဲ့ လီရှောင်းမာန် အားလုံးက သူတို့မျိုးနွယ်စုထဲမှာ အေတာ်ကြီးကို တန်ဖိုးထားခံရတယ်တဲ့။ ကြည့်ရတာ တချို့လူတွေကတော့ ဘယ်နားသွားသွား သေချာပေါက် အလေးထားခံရမှာပဲ။ ”
ကျန်းဝမ်ချန် သက်ပြင်းချနေပြန်တော့သည်။
သူတို့နှစ်ဦး ဆက်လက် သောက်စားကာ မြောက်မြားစွာသော ကိစ္စများအား ပြောဖြစ်ခဲ့ကြသည်။ ထိုအပြင် လက်ရှိအချိန်နှင့် အတိတ်အချိန်အား နှိုင်းယှဉ်ပြီးသည်နောက် နောက်ဆုံးတွင် ကျန်းဝမ်ချန် အပြည့်အဝ အသိစိတ် လွတ်သွားလေတော့သည်။
စားပွဲပေါ်၌ ခေါင်းအပ်ကာ စတင် ငိုကြွေးရင်း သူ ပြောလာခဲ့လေသည်။
” ငါ တကယ် အိမ်ပြန်ချင်တယ်။ ဒီလောကကြီးထဲမှာ ငါ မနေချင်ဘူး။ ငါထွက်လာတုန်းက ငါ့ဇနီးသည်က ကိုယ်ဝန်ဆောင်နေတာ။ အခု ငါတို့ရဲ့ ကလေးလည်း မွေးပြီးလောက်ပြီ။ သူ ငါ့ကို အလိုအပ်ဆုံးအချိန်မှာ ငါက ဒီလိုမျိုးကြီး ပျောက်ကွယ်သွားပြီး ဒီနေရာကိုရောက်လာရတယ်။ ”
စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်ပြီးသည့်နောက် ကလေးတစ်ယောက်သဖွယ် ငိုကြွေးတော့လေသည်။
“ငါ အရမ်းပြန်သွားချင်တယ်။ အခုအချိန် ငါ့ကလေးက ၂နှစ် ၃နှစ်လောက် ရှိနေလောက်ပြီ။ အိပ်မက်ထဲမှာတောင် သူကိုတွေ့မိတယ်။ ငါ့သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် ငါ ကလေးကို ပွေ့ပြီ နမ်းရှုတ်ချင်သေးတယ် ။ ”
နာကျင်မှုအပြည့်ဖြင့် ကျန်းဝမ်ချန် အော်ဟစ်ငိုကြွေးနေသည်ကို မြင်ရပြီးသည့်နောက် ယဲ့ဖန်၏ နှလုံးသားသည်လည်း ဆူပွက်လောင်မြိုက် လာလေတော့သည်။
” ဘယ်သူများ ငိုနေတာလဲလို့။ အဲဒီ အသုံးမဝင်တဲ့ အဘိုးကြီးဖြစ်နေတာကို ။ ”
မနီးမဝေးနေရာမှ စိတ်ပျက်လက်ပျက်အသံတချို့ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူငယ်တချို့ စိတ်ပျက်လက်ပျက်ဖြင့် သူတို့အနား လျှောက်လာခဲ့လေသည်။
” ဆံပင်တွေ အကုန်ဖြူနေတဲ့ ဒုက္ခိတက ငိုဖို့ စိတ်ရှိသေးတယ်ပေါ့။ ”
” တကယ်ဟာသပဲ ”
ထိုသူတို့သည် အသက်၂၀ ဝန်းကျင်မျှဖြစ်ကာ ကျန်းဝမ်ချန်အား မညာမတာ လှောင်ရယ်နေခဲ့ ကြတော့လေသည်။ ယဲ့ဖန်သည်လည်း သက်ပြင်းသာ ချနေခဲ့လေသည်။ လက်ရှိအချိန်တွင် ကျန်းဝမ်ချန်၏ ဘဝ မည်သို့ဖြစ်နေပြီမှန်း သူနားလည်သွားလေသည်။ ထိုကြောင့် အကြည့်စူးစူးဖြင့် ထိုသူများအား ကြည့်ကာ သူ ပြောလိုက်တော့သည်။
” မင်းတို့ကောင်တွေ ကိုယ့်စကားကို ထိန်းပြောတာ ပိုကောင်းလိမ့်မယ်။ ”
” ဘယ်က ကောင်လဲ။ တခြားသူရဲ့ကိစ္စထဲမှာ ဝင်မပါသင့်ဘူးဆိုတာ မင်း မသိဘူးလား။ ကိုယ့်နေရာကို သိစမ်း။ ”
” မင်းကို မင်း နွေဦးအသက်စမ်းေချာင်း ကျင့်ကြံသူတစ်ယောက်လို့များ ထင်ပြီး လေ လာကျယ်နေတာလား။ ဟာသပဲ။ ”
” အဲဒီ ဒုက္ခိတတစ်ပိုင်း ဖိုးကြီးရဲ့သူငယ်ချင်း ဆိုတာ ဘယ်ပညာရှင်များလဲလို့။ ”
” သိပ်ပြီး ပြုံးမနေနဲ့။ အကယ်၍ လျိုယီးယီးသာ ဒီအကြောင်း သိသွားရင် ထပ်ပြီးပြဿနာရှာလိမ့်မယ်။ ”
” မင်း ဖြစ်နေတာကို။ ”
ထိုအချိန်တွင် အငယ်ဆုံးအသက် ၁၈နှစ် ၁၉နှစ်အရွယ် လူငယ်လေးမှာ ဒေါသတကြီးအမှုအရာဖြင့် ယဲ့ဖန်ကို လှမ်းအော်တော့လေသည်။
” ညီငယ်လေး ဟန် မင်းသူကိုသိလား ။ ”
” သူ့ကို သိတာပေါ့…..ဒီကောင်က မင်းတို့ ကျောက်စိမ်းသုခဘုံက လူ မဟုတ်ဘူး။ သူက ငါတို့ စိတ်ဝိညာဉ်အပျက်အစီး သုခဘုံမှာ နေခဲ့ဖူးတယ်။ ”
ယဲ့ဖန် သက်ပြင်းချလိုက်လေးတော့သည်။ လောကကြီးသည် အမှန်တကယ်ပင် ကျဉ်းမြောင်းလှသည်ဟု သူခံစားလာခဲ့ရသည်။ ဟန်ဖေးယွီကို ထိုနေရာ၌ တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
” ဪ… ဒီလိုလား။ ဒါဆိုရင် ဘာမှ မကောင်းတဲ့ ကောင်ပဲပေါ့။ အသုံးမဝင်တဲ့ လင်းတတစ်သိုက်က အတူတူ ရှိနေကြတာ ပုံမှန်ပဲ။ အဲဒီ ဒုက္ခိတတစ်ဝက်အဖိုးကြီးရဲ့ သူငယ်ချင်းက တကယ်ကို လင်းတပဲပေါ့။ ”
တခြားသော လူငယ်များသည်လည်း လှောင်ရယ်ကြတော့လေသည်။
အပိုင်း ၉၉ .၂ ပြီး၏။
Chapter – 100
? Views, Released on September 1, 2024